။ မေတ္တာဖွေးဖြူ ၊ သင်းလှိုင်ကြူ ၊ ကြည်ဖြူအေးမြစေ, ဆိုတဲ့ မေတ္တာပေးဆုပေးသည့်ကဗျာဆောင်ပုဒ်လေးကို ယနေ့နံနက်ခင်းချိန်မှာ ရွတ်ဖတ်ပူဇော်ပြီး တပည့်ဒါယကာအယောက်တိုင်းဆီကို မေတ္တာဝေငှပေးလိုက်ပါပြီ။
။ မိုးလင်းလာတော့ အလုပ်ကစပြီပေါ့။ အလုပ်နဲ့လူ မအားကြတော့ နိုးတာနဲ့ အလုပ်စတာပါပဲ။ ရှိပြီးအလုပ်လုပ်ရသလို မရှိသေးတဲ့အလုပ်တွေ ကြံစည်စိတ်ကူးနေကြရတာပါပဲ။ အဆင်ပြေသူက အေးအေးချမ်းချမ်း အိပ်ယာထရတာပေါ့။ မပြေသူကတော့ တစ်ညပါတ်လုံး လူးကာလှိမ့်ကာ လှည့်ကာနဲ့ မပျော်ရဘဲအိပ်ကြရတာပေါ့။ အကြွေးများသူဖြစ်ရင် ပိုဆိုးနေပေါ့။
။ အင်းပါလေ…. လူဘဝမှာ တကယ်တမ်းတော့ အဟုတ်အမှန်ရယ်လို့ မမြင်ကြသေးရင် အမှန်ကိုမြင်သိဖို့ မလွယ်ကူပါဘူး။ သူသူငါငါ အခက်အခဲတွေနဲ့မို့ ခက်ခဲသလောက် ခက်ခဲကြတာပါပဲ။ အဲဒါကြောင့် မိုးလင်းလာကြပြီးဆိုရင် သည်နေ့ ဘယ်လိုအခက်အခဲများ မြင်ရတွေ့ရဦးမည်လဲပေါ့။ တွေးမိကြလေမှာပါပဲ။ မတွေ့ပါစေနဲ့လေ။
။ သည်နေ့ ဒါယကာတွေအားလုံးကို ”ဘယ်လိုဘယ်လို ခက်ခဲပိုလည်း စိတ်ကိုစိတ်ကို မတိုနဲ့” ဆိုတဲ့ နံနက်ခင်းစကားလေးကို နှလုံးသွင်းပြီး အေးမြရင်မှာ ပြည့်ပါစေ။ နှလုံးစိတ်ဝမ်းအေးမြကြည်သာကြပါစေ။
တောင်ကလေးဆရာတော်
(၂၅-၁၁-၁၇) ရက်နေ့။