လူတို့၏သဘောသည် စွဲလမ်းကြီးကြ၏။ တိုင်းပြည်၊ နိုင်ငံ၊ နယ်မြေ ဟူသောရပိုင်ခွင့် အကျိုးတရားကို အမျိုးမျိုး တောင်းဆိုရလိုကြ၏။
(ငြိမ်းချမ်းမှုနှင့် သင့်မြတ်မှု-စာမျက်နှာ၂၈၊ တောမှီရဟန်း)
ပြိုလဲ
ယနေ့ နိုင်ငံရေးအကြောင်းကို လေ့လာကြည့်ရင် နိုင်ငံတကာ စုပေါင်းလုပ်ဆောင်တဲ့ နိုင်ငံရေးအင်အားတွေ ကြီးထွားလာတာကို တွေ့ရတယ်။ အကျဘက်ကျတဲ့ နိုင်ငံရေးက အများအပြား တွေ့ရပေမယ့် ကျယ်ကျယ်ပြန့်ပြန့် တက်ရောက်လာတဲ့ နိုင်ငံရေးမူဝါဒက မများသလောက် ဖြစ်နေတာကို တွေ့ရတယ်။ ပိတ်ဆို့ပိတ်လှောင်တဲ့ နိုင်ငံရေးမူဝါဒစနစ် ကတော့ ပိတ်ထားလို့မရတော့ဘဲ တံခါးကြီးတစ်ချပ်ပွင့်လာတဲ့ ပုံစံလိုဖြစ်နေတယ်။ ခွဲခြားတဲ့ နိုင်ငံရေးစနစ်ကတော့ ပြိုလဲကျကုန်ပါပြီ။
နိုင်ငံရေးမူလိုလို ငြိမ်းချမ်းရေးမူလိုလို
နိုင်ငံရေးလောကမှာ အသားရောင်ခွဲခြားတဲ့ နိုင်ငံရေးလောက (လူမျိုးခွဲခြားတဲ့ နိုင်ငံရေးလောက) ဖြစ်ပေါ်ခဲ့ဖူးတယ်။ အသားအရောင် ခွဲခြားမှုလုပ်တဲ့ နိုင်ငံရေးဟာ ကြမ်းတမ်းမှု များပြားတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာ အနေအထားပါ။
(၁) နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့
(၂) နိုင်ငံတကာ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုအဖြစ်၊
ဖြစ်လာရင် “မလိုက်နာမနေရ” ပြဋ္ဌာန်းချက်(အမိန့်) ထားပြီး .
(က) လူမှုရေးပိတ်ဆို့မှု
(ခ)လက်နက်ပိတ်ဆို့မှု
(ဂ) ဘက်ပေါင်းစုံ ပိတ်ဆို့မှုဒဏ်များကို နိုင်ငံတကာက ကြားဝင်ခဲ့ရတာတွေ ရှိခဲ့တယ်။ (တောင်အာဖရိက သမ္မတနိုင်ငံရေးကို လေ့လာပါ။)
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံဟာ “နိုင်ငံတော်အထက်အစိုးရပြုမှု’ (Supra-State Govermance)ဟာ အဓိကဇာတ်ဆောင်ကြီးတစ်ခုလို ဖြစ်လာတယ်။ ဒီနိုင်ငံရေးသဘောတရားမှာ
(၁) လူသားချင်းစာနာရေး စွက်ဖက်မှု အပါအဝင်၊
(၂) လူ့အခွင့်အရေးနယ်ပယ်ထဲမှာလည်း ပါဝင်ပတ်သက်နိုင်တယ် ဆိုတဲ့ နိုင်ငံတကာ နိုင်ငံရေးဇာတ်ဆောင်မှုကြီးဟာ ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့ သူလည်း ရှိပါတယ်။
ဥပမာ – အားနည်းနေတဲ့ အမျိုးသားနိုင်ငံတွေကို အားကောင်းလာအောင်၊ ငြိမ်းချမ်း ရေးထူထောင်ဖို့အတွက် လွယ်ကူအောင်၊ ဒီမိုကရေစီနိုင်ငံရေး တည်ဆောက်ဖို့အတွက် နိုင်ငံ တော်အချုပ်အခြာအာဏာ တည်စေအောင် ဆိုပြီး နိုင်ငံရေးဖြစ်ရိုးဖြစ်စဉ်တွေကို သင့်လျော်တဲ့ အခန်းကဏ္ဍမှာ လူသားချင်းစာနာရေးအတွက် စွက်ဖက်မှုလမ်းကြောင်း ဆိုပြီး နိုင်ငံရေးမူ လိုလို၊ ငြိမ်းချမ်းရေးမူလိုလိုနဲ့ ပဋိပက္ခဖြစ်တဲ့ တိုင်းပြည်တွေမှာ ခံစားရတာတွေ ရှိတယ်။
လိုရင်းပဋိပက္ခတွေကိုသာ ဖြေရှင်းပေးသင့်
တကယ်တော့ ပဋိပက္ခဖြစ်တဲ့ တိုင်းပြည်ဟာ နိုင်ငံတကာအသိုင်းအဝိုင်း နိုင်ငံရေး ဇာတ်အိမ်ထဲကို ရောက်အောင် တွန်းပို့တဲ့ ဇာတ်ဆောင်သူတွေရဲ့ လုပ်ရပ်ပါပဲ။
(၁) လူမျိုးတုံးသတ်ပွဲ၊
(၂) အစီအစဉ်တကျ အဓမ္မပြုကျင့်မှ၊
(၃) အဓမ္မလုပ်အားစေမှု၊
(၄) အသက်အန္တရာယ်ပေးရောဂါကြီးများနှင့် အတင်းအကျပ် နေရာပြောင်းရွှေ့မှု
(၅) လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအား ခြိမ်းခြောက်မှုများအဖြစ် မှတ်ယူထားကြတာဖြစ်တဲ့အတွက် တိုင်းပြည်တစ်ပြည် မှာ အထက်က အင်္ဂါရပ်များနဲ့ ညီညွတ်ရင် မလိုက်နာမနေရ ဘက်ပေါင်းစုံ ပိတ်ဆို့မှုများဝိုင်း ပြီးလုပ်ကြတယ်။ ဒီလုပ်ရပ်ဟာ အစီအစဉ်တကျ ဆောင်ရွက်လုပ်ကိုင်တာဖြစ်လို့ ပဋိပက္ခဖြစ်တဲ့ တိုင်းပြည်၊ ဒီမိုကရေစီတည်ဆောက်မယ့် တိုင်းပြည်တွေမှာ ကျဆုံးရသလို ဖြစ်နေတယ်။ တကယ်တော့ နိုင်ငံရေးအရဆိုရင် နိုင်ငံတကာအမျိုးသားညီညွတ်ရေးအသင်းအနေနဲ့ လိုရင်း ပဋိပက္ခတွေကိုသာ ဖြေရှင်းပေးသင့်တယ်။ တချို့တိုင်းပြည်တွေမှာ ဒီမိုကရေစီ ကျရှုံးရတဲ့ ကြားက ကြားဝင်ရောက်စွက်ဖက်မှု များပြားနေတဲ့အခါ ရိုးရိုးနိုင်ငံရေးဖြစ်ရိုးဖြစ်စဉ် ဖြစ် တတ်တဲ့ ပဋိပက္ခတွေကို ဝိုင်းဝန်းဖြေရှင်းပေးရေးအတွက်မဟုတ်ဘဲ ဝိုင်းဝန်းရှုပ်ထွေးရေး လုပ်သလို ဖြစ်နေတာကို တွေ့ရတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ပိုပြီး ထိတွေ့ ခံစားရတာကို တွေ့ရတယ်။
ထာဝရငြိမ်းချမ်းရေး
ယနေ့မျက်မှောက်ကာလမှာ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ အလွန်အမင်း လေးစားမှု ရှိကြတာဖြစ်တဲ့အတွက် တစ်ပြည်နဲ့တစ်ပြည် မင်းမူ ရန်စစ်ခင်းနိုင်ကြတဲ့ခေတ် လည်း မရှိတော့တာကြောင့် စစ်ဖြစ်ဖို့ ခဲယဉ်းလှပါတယ်။ ပြည်တွင်းပဋိပက္ခလောက်သာ စစ်ဆင်စစ်ပွဲလေးတွေ ဖြစ်တယ်။ ပြည်တွင်းပဋိပက္ခသာဖြစ်တဲ့စစ်ပွဲဟာ နိုင်ငံတကာ ငြိမ်းချမ်း ရေးနဲ့ လုံခြုံရေးတွေကို မခြိမ်းခြောက်နိုင်ပါ။ ဒီပဋိပက္ခဟာလည်း ဖြစ်ရိုးဖြစ်စဉ်ဖြစ်နေတတ်တဲ့ သဘောတရားပါပဲ။ နိုင်ငံတိုင်းမှာ “ထာဝရငြိမ်းချမ်းရေး (Perpetual Peace)” ရှိကြမယ် ဆိုရင် ပဋိပက္ခတွေ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါ။ စစ်မက်ကင်းဝေးတဲ့ ငြိမ်းချမ်းရေး၊ သို့မဟုတ် ဒီမိုကရေစီငြိမ်းချမ်းရေး ဖော်ဆောင်လိုကြတဲ့သူတွေဟာ လူမှုဘဝနိုင်ငံရေး(ခေါ်) ဒီမိုကရေစီပြန့်ပွားရေးမရှိရင် နိုင်ငံတကာငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ထာဝရငြိမ်းချမ်းရေး တွေ မရနိုင်ပါ။
လူသားများ လုံခြုံရေး
နိုင်ငံရေးဆိုတာ အယူအဆလွဲမှားလို့ မရပါ။ စဉ်းစားဆင်ခြင်ချက်များရတဲ့ အကြောင်း အရာတွေပါ။ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာရေးကို ဝင်ရောက်စွက်ဖက်ရေး လုပ်နိုင်တဲ့ ဥပဒေဟာ လူသားများ လုံခြုံရေးကို ချိုးဖောက်နေသလို ဖြစ်မနေဘူးလား။ ဝင်ရောက်စွက်ဖက်နိုင်တဲ့ဥပဒေ၊ စွက်ဖက်ခွင့်ပြုတဲ့သူတွေဟာ လူသားလုံခြုံရေးကို ချိုးဖောက် တဲ့ အခွင့်အရေးပေးနေသလို ဖြစ်မနေဘူးလား။ လုံခြုံရေးပြဿနာဟာ အလွန်အရေးကြီး ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ အခွင့်အာဏာထားတဲ့ လုံခြုံရေးကို ပိတ်ဆို့အရေးယူတာ၊ စစ်ရေးအရ အရေးယူတာ၊ ငြိမ်းချမ်းရေးအရ အရေးယူတာ၊ ခြိမ်းခြောက်မှုအရ အရေးယူ တာတွေဟာ သူတစ်ပါးပြည်တွင်းရေးကို ဝင်ရောက်တဲ့ ရည်မှန်းချက်ရှိကြလို့ပဲ။ နိုင်ငံရေး ပြဿနာကို ပဋိပက္ခပြဿနာထပ်ဆင့်မှ လုပ်ကြတာကြောင့် မမှန်ဘဲ မှားတဲ့ကိစ္စကို ပိုပြီး မှားအောင် လုပ်နေတာဟာ ငြိမ်းချမ်းရေးမဟုတ်ပါ။ နိုင်ငံရေးမဟုတ်ပါ။ လူသားတွေရဲ့ လုံခြုံရေးကို အကြွင်းမဲ့ အမျိုးတုံးရေးလို ဖြစ်နေတယ်။
ပြည့်မီတဲ့နိုင်ငံရေး မဟုတ်ပါ
ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းနိုင်ရန် ပိတ်ဆို့အရေးယူရေးနဲ့ လုပ်လို့မရပါ။ ဝင်ရောက်စွက်ဖက်မှုလည်း လုပ်လို့မရပါ။ လူသားတွေကို မခြိမ်းခြောက်ပါနဲ့။ ကြောက်အောင် လန့်အောင် မလုပ်ပါနဲ့။ ခြိမ်းခြောက်ခြင်း၊ ကြောက်အောင်လုပ်ခြင်းဟာ ဒုက္ခပွားခြင်းပါပဲ။ ဒုက္ခမပွားအောင် ခြိမ်းခြောက်မှုလျှော့ကြပါ။ နှိပ်စက်မှု၊ သတ်ဖြတ်မှု မလုပ်ပါနဲ့။ နေရာတကာ မှာ ဝင်ရောက်စွက်ဖက်မှု လုပ်နိုင်တဲ့နိုင်ငံရေးမူဟာ လူသားတွေ လက်ခံကျင့်သုံးတဲ့မူ မဟုတ်။ လူသားများ ရေးဆွဲထားတဲ့မူ မဟုတ်။ နိုင်ငံတစ်နိုင်ငံ (တိုင်းပြည်တစ်ပြည်)ဟာ “အချုပ်အခြာ ရှိကြစမြဲပါ။ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့်ရှိတဲ့ တိုင်းပြည်ဟာ “အချုပ် အခြာအာဏာ” မဟုတ်ပါ။ ငြိမ်းချမ်းရေးအတွက်အန္တရာယ်ပါ။လုံခြုံရေးအတွက်အန္တရာယ်ပါ။အပြည်ပြည်ဆိုင်ရာကျင့်သုံးတဲ့ဥပဒေကို ချိုးဖောက်ပြီး ဝင်ရောက်စွက်ဖက်ရေးအတွက် ပြည့်မီတဲ့ နိုင်ငံရေး မဟုတ်ပါ။
နိုင်ငံရေးလူသားတွေ
အရှင်တို့ဟာ ကျရှုံးတဲ့ နိုင်ငံတွေရဲ့ ပြည်သူတွေ မဟုတ်ပါ။ နိုင်ငံရေးသြဇာအာဏာ ကစားပွဲတွေရဲ့ ကစားကွက်တွေထဲက သားကောင်တွေ မဟုတ်ပါ။ လူ့အခွင့်အရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ကင်းမဲ့နေခြင်းရလဒ်ကို ငါတို့အတွက် မဟုတ်လို့ မရပါ။ နိုင်ငံရေး ဆော့ကစား ကြတဲ့ကြိုးဝိုင်းထဲက လူတွေ မဟုတ်ပါ။ အကြမ်းမဖက်ရေးကို ဗြောင်ဆန့်ကျင်တဲ့သူတွေမို့ ငါတို့ရဲ့ ခံယူချက်တွေကို ငါတို့ကိုယ်တိုင်က မလိုက်နာမနေရသော ဆုံးဖြတ်ချက်ဖြစ်သော၊ ချိုးဖောက်မှု မရှိသော နိုင်ငံရေးလူသားတွေပါ။
လူမှုရေးပိတ်ဆို့ဒဏ်ခတ်မှု ရှောင်
ယနေ့ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံတိုင်းလိုလိုဟာ ကျင့်ဝတ်ပိုင်းတွေ တိမ်းညွတ်နေကြ တယ်။ အရင်းရှင်သမားဘက်ကို ဦးညွှတ်နေကြတယ်။ အနိမ့်ဆုံးသူတွေကို ရိုက်ခတ်မှု လုပ်နေကြတယ်။စုပေါင်း တုံ့ပြန်မှုလုပ်တဲ့အခါ တလှုပ်လှုပ်တခါခါ ဖြစ်နေတဲ့ နိုင်ငံရေးကို ဘာမူတွေကို လုပ်တဲ့ နိုင်ငံရေးလဲ ဆိုတာကို မေးလိုက်ချင်ပါတယ်။ တရားသဖြင့် မလုပ်၊ တရားသဖြင့် မထိန်းချုပ်နိုင်၊ တရားသဖြင့် မလိုက်နာနိုင်တဲ့ နိုင်ငံရေးဟာ ချိုးဖောက်မှု အပေါက်တွေ ဆုံးဖြတ်မှုမကုန်နိုင်လောက်အောင် ဖြစ်နေကြပြီ မဟုတ်လား။ တကယ့် နိုင်ငံရေးစစ်စစ်လုပ်တာ ဟုတ်သေးရဲ့လား။ သိမ်းပိုက်ထားခြင်း၊ ခွဲခြားထားခြင်း၊ အချိန်မဲ့ အောင် ခတ်ထားခြင်းဟာ နိုင်ငံရေးမဟုတ်ပါ။ နိုင်ငံရေးဆိုတာ ပြတ်ပြတ်သားသား လူ၊ မူ မခွဲခြားဘဲ လုံးဝ ပူးပေါင်း၊ စုပေါင်းလုပ်ဆောင်ရေးပဲ မဟုတ်လား။ “လူမှုရေးပိတ်ဆို့ဒဏ်ခတ်မှု” ဆိုတာ လူသားအခွင့်အရေးကို ကျဆုံး(ကျရှုံး)သွားအောင် လုပ်တဲ့ အလုပ်တွေပဲ။ ဒီအလုပ်ကို လုပ်လို့ အောင်မြင်တဲ့နိုင်ငံရေး ယနေ့ချိန်ထိ မတွေ့ရသေးပါ။
ပုံသွင်းတဲ့ ပန်းပုရုပ်လို
ပြည်သူ့ဒီမိုကရေစီလို့ ပြောနေသော နိုင်ငံရေးမှာ လူမှုရေးပိတ်ဆို့ဒဏ်ခတ်မှု ပါဝင် ပါသလား။ လွတ်လပ်တဲ့နိုင်ငံရေး ဆိုတာ အယူအဆ အတွေးအခေါ်မပါဘဲ ဒီမိုကရေစီ အရည်အသွေး တက်မလာပါ။ ဒီမိုကရေစီအရည်အသွေးဟာ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခြင်းဟာ အဓိကပါ။ လွတ်လပ်ခြင်းဟာ လွတ်လပ်မှုကို အာမခံပါတယ်။ လူ့အခွင့်အရေးကို လည်း လေးနက်စေပါတယ်။ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခြင်းကို တိုးတက်အောင်မြင်လိုရင် တရားဥပဒေစိုးမိုးမှု (Rule of law) ရှိရမယ်။ တရားဥပဒေ စိုးမိုးမှုမရှိရင် လွတ်လပ်သော ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ပါ။ အခွင့်အရေးနဲ့ ရပိုင်ခွင့်ကောင်းကို လိုချင်ရင် ဒီမိုကရေစီကို ပိတ်လှောင်မှု မလုပ်ရပါ။ လွတ်လပ်ယဉ်ကျေးမှု ရောက်အောင် ဒီမိုကရေစီစနစ်ကို အာမခံ ချက် ထားရမယ်။ အာမခံချက်ဆိုတာ လွတ်လပ်ခွင့်ပေးမှုပါပဲ။ အဆင်သင့် မဖြစ်သေးတဲ့ လွတ်လပ်ခွင့်ကို ရပိုင်ခွင့်မပေးရပါ။ ရပိုင်ခွင့်ဆိုတာ ချိုးဖောက်ဖျက်ဆီးမှု လွယ်ကူတာကြောင့် ဒီမိုကရေစီကို ဆန့်ကျင်ပါတယ်။ လွတ်လပ်သော အတွေးအခေါ်ကို တွေးခေါ်တဲ့သူတွေက လွတ်လပ်မှုမရှိတဲ့ ဒီမိုကရေစီကို မနှစ်သက်ကြပါ။ လွတ်လပ်ပြန်တော့လည်း “မြည်းတွေလို ကိုယ့်ကိုယ်ကိုယ် စောင်းဝင်တိုက်နိုင်မယ်” မလိုဖြစ်နေတယ်လို့ ပလေတို (အတွေးအခေါ်ရှင်) က ပြောပြခဲ့ဖူးတယ်။ အရှင်ကတော့ ဒီမိုကရေစီဟာ လက်တွေ့ကျကျနဲ့ စဉ်းစားရင်မျှ နိုင်ငံရေးသာပုံသွင်းတဲ့ ပန်းပုရုပ်လိုပါပဲ။
မာန်မုန်းမထား ရန်မုန်းမပွားကြဖို့
ယနေ့ နိုင်ငံတိုင်းလိုလို နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေးအခွင့်အရေးတွေ အားလုံး နီးပါး လွတ်လပ်မှု ရလိုကြတယ်။ လွတ်လပ်မှုကို အခြေခံဥပဒေနဲ့ ပြဋ္ဌာန်းထားတာတောင်မှ ဒီထက်လွတ်လပ်မှုတွေ ရှိရင် လိုချင်သေးတယ်။ လွတ်လပ်မှုသက်သက်ကို လိုချင်ကြတယ်။ တရားမပါတဲ့ လွတ်လပ်မှုလား၊ ဥပဒေမလိုတဲ့ လွတ်လပ်မှုများလား မပြောတတ်ပါ။ စိတ်ကြိုက်လွတ်လပ်မှု၊ စိတ်ကြိုက်ရည်ရွယ်ချက် လွတ်လပ်မှုကို လိုချင်နေကြတာကြောင့် လွတ်လပ်ခွင့်ပေးနိုင်တဲ့ ဒီမိုကရေစီနိုင်ငံရေး အခွင့်အရေးကို အခွင့်အရေးဆိုင်ရာ ဥပဒေတွေနဲ့ ပြဋ္ဌာန်းပေးရတာပေါ့။ အခွင့်အရေးရတိုင်း ပေးတိုင်းလည်း အခွင့်အရေးကို တန်ဖိုးမထား တတ်ရင် တရားဥပဒေမပါတဲ့ လွတ်လပ်မှု အခွင့်အရေးတွေ ဖြစ်မယ်။ တရားဥပဒေမပါတဲ့ လွတ်လပ်မှုဟာ လူကျင့်ဝတ်တရားတွေ ဖျက်ဆီးတယ်။ လွတ်လပ်မှုဂုဏ်တွေ ဖျက်ဆီးတယ်။အခြေခံ လူ့အခွင့်အရေးတွေကို အန္တရာယ်ဖြစ်စေတယ်။ လွတ်လပ်ပြည့်ဝပွင့်လင်းသော အခွင့်အရေးများ၊ လွတ်လပ်ခွင့်များ အမှန်တကယ် ဒီမိုကရေစီကို လိုချင်ရင် မာန်မုန်းမထား ရန်မုန်းမပွားကြဖို့ ဖြစ်ပါတယ်။
လူ့အခွင့်အရေးနဲ့ လွတ်လပ်ခြင်းကို တိုးတက်အောင်မြင်လိုရင်
တရားဥပဒေစိုးမိုးမှု (Rule of law) ရှိရမယ်။
တရားဥပဒေ စိုးမိုးမှု မရှိရင်
လွတ်လပ်သော ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ပါ။
အခွင့်အရေးနဲ့ ရပိုင်ခွင့်ကောင်းကို လိုချင်ရင်
ဒီမိုကရေစီကို ပိတ်လှောင်မှု မလုပ်ရပါ။
ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၅၇-၂၆၂၊ အဝိဟိံသာနိုင်ငံရေး (၃၂)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။