ဝန်တိုခြင်း၊ စဉ်းလဲခြင်းသဘောကို အကြွင်းမရှိ ပယ်နုတ်ပါ။
ကိလေသာ အမြစ်ပြုတ်အောင် ပယ်နုတ်ပါ။
ကိလေသာအမြစ်ကို ထွေးအန်ပြီး ပညာရှိဖြစ်အောင် ကြိုးစားပါ။
မှန်သော ဆုံးဖြတ်ခြင်း
လောကမှာ သစ္စာရှိရမယ်။ တရားရှိရမယ်။ ညှဉ်းဆဲမှု မရှိဘဲ သီလကိုယ်ကျိုးကို စောင့်စည်းနိုင်ရမယ်။ မိမိကိုယ် ကာယိန္ဒြေကို ထိန်းထိန်းသိမ်းသိမ်း ရှိရမယ်။ အကျိုးမဲ့၊ အချည်းနှီးအလုပ်ကို အဝိဟိံသာနိုင်ငံရေးပုဂ္ဂိုလ်တွေ ဘယ်တော့မှ မလုပ်။ အကျင့်ကောင်း ရုံလေးနဲ့ သူတော်စင်ပါလို့ သတ်မှတ်လို့ မရ။ သီလအကျင့် ဟုတ်ပေမယ့် မစောင့်ထိန်း မကျင့်ကြံဘဲ နေရင် ယုံကြည်ရသူ မဖြစ်။ အမြဲပဲ ချွတ်ယွင်းတဲ့စကားကို မပြောမဆိုပါနဲ့။ လိုချင်မက်မောမှုဟာ ပြည့်စုံခြင်းအရာ မဟုတ်။ နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာတဲ့သူဟာ ဆုံးဖြတ်ရမည့်သဘော (ကိစ္စ= အကြောင်း) မကြာခဏ တွေ့ရတတ်မယ်။ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ရင် နိုင်ထက်စီးနင်းတဲ့ ဆုံးဖြတ်ချက် မဖြစ်ရ။အလျင်စလို (မြန်မြန်ဆန်ဆန်) မဆုံးဖြတ်ရ။ တရားသည့်အတိုင်း ဆုံးဖြတ်ရမည်။ အဆုံးအဖြတ်ဆိုတာ မှန်သောအကြောင်းနဲ့ မမှန်သော အကြောင်းနှစ်ပါးသာ အရင်းခံ ဖြစ် တယ်။ နိုင်ငံရေးလောကသားတွေဟာ အများကို အများနဲ့ ဆုံးဖြတ်တတ်တဲ့အကျင့် ရတတ် တယ်။ အမှားကိုလည်း အမှန် ဆုံးဖြတ်မိတတ်တာတွေ ရှိတယ်။ တရားသော အဆုံးအဖြတ် ဆိုတာ ဆုံးဖြတ်ပေးသူက တရားမရှိရင် တရားဆုံးဖြတ်သူ မဖြစ်ပါ။ အမှန်တရားကို လက်ခံ ကျင့်သုံးသူဖြစ်မှသာ၊ သို့မဟုတ် တရားစောင့်စည်းသူ ဖြစ်မှသာ ချွတ်ယွင်းချက်မရှိ မှန်သော ဆုံးဖြတ်ခြင်း ဖြစ်မယ်။ယုံကြည်ရသူ မဖြစ်။ အမြဲပဲ ချွတ်ယွင်းတဲ့စကားကို မပြောမဆိုပါနဲ့။ လိုချင်မက်မောမှုဟာ ပြည့်စုံခြင်းအရာ မဟုတ်။နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာတဲ့သူဟာ ဆုံးဖြတ်ရမည့်သဘော (ကိစ္စ= အကြောင်း) မကြာခဏ တွေ့ရတတ်မယ်။ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ရင် နိုင်ထက်စီးနင်းတဲ့ ဆုံးဖြတ်ချက် မဖြစ်ရ။
* ငြိမ်းချမ်းရေးဦးတည်ရာလမ်းကြောင်း
အမှန်တရားကို လက်ခံကျင့်သုံးတဲ့ အရှင်တို့ဟာ ဘေးဖြစ်တဲ့ အလုပ်ကို မလုပ်ပါ။ ရန်မလုပ်ပါ။ ကြောက်ရွံ့မှု ကင်းစေတဲ့သူပါ။ အပြစ်ဖြစ်တရားကိုလည်း အမြဲ ငြိမ်းအောင် နေမယ်။ မကောင်းမှုကို ဘယ်တော့မှ မလုပ်ပါ။ တရားနှင့် မညီညွတ်သော အကျင့်ကို မကျင့်ပါ။ မဆောက်တည်ပါ။ မကောင်းမှုကို ပယ်နုတ်သောသူ ဖြစ်အောင်နေမယ်။ လောက ကို ဉာဏ်နဲ့ကြည့်၍ ဆင်ခြင်ပြီး နေမယ်။ မိမိအပေါ် မတော်မတရားမှု ပြုလာရင် ဆိတ်ဆိတ် မနေပါ။ ကြမ်းတမ်းမှုဖြင့် မတုံ့ပြန်ပါ။ အမြတ်တရားကို ကျင့်သူ ဖြစ်အောင် နေမယ်။ ညှဉ်းဆဲခြင်းကို ဘယ်တော့မှ မလုပ် (မပြု)။ အရှင်တို့ရဲ့ ရည်မှန်းချက် အဆုံးအစွန်ဟာ အကျင့်ကောင်းရုံ မဟုတ်ပါ။ အကြားအမြင်များရုံ မဟုတ်ပါ။ တည်ကြည်ရုံ မဟုတ်ပါ။ ငြိမ်းချမ်းရေးရရုံ မဟုတ်ပါ။ အရှင်တို့ရဲ့ဘဝ ရည်မှန်းချက်လမ်းဟာ ဆင်းရဲအဆုံး ဖြစ်ပါ တယ်။ လူတိုင်း စင်ကြယ်ရန်အတွက် မိမိရဲ့ ကိုယ်ပိုင်ဉာဏ်စဉ်နဲ့ အကျိုးအားလုံးကို ဆောင် ရွက်နေခြင်းပဲ ဖြစ်ရမယ်။ ဒီလမ်းမှတစ်ပါး အခြားရွေးစရာမရှိ။ မမှန်တဲ့လမ်းကို မသွားပါ။ အကြမ်းဖက်မှု မမြင်နိုင်တဲ့လမ်းကိုပဲ သွားမယ်။ ဆူးငြောင့်ကင်းတဲ့လမ်းဟာ အဝိဟိံသာ လမ်းပါ။ လမ်းမှန်ပါ။ လူမှုဘဝနိုင်ငံရေးလမ်းပါ။ ကိုယ်တိုင် ကြိုးစားတဲ့သူဟာ မမှန်သော လမ်းကို ဘယ်တော့မှ မရောက်(မမြင်)ပါ။ မိမိစိတ်ရဲ့ အညစ်အကြေးကို အမြဲတမ်း ရှို့မြှိုက်တဲ့ သူဟာ အနှောင်အဖွဲ့ မရှိ။ လွတ်ငြိမ်းမှုနဲ့ ချမ်းသာတယ်။ ငြိမ်းချမ်းရေး (အကြမ်းမဖက်ရေး) ဦးတည်ရာလမ်းကြောင်းဟာ လုပ်ဆောင်တဲ့ အညစ်အကြေး ကင်းစင်ခြင်းပါပဲ။
မပြည့်မစုံ နေရခြင်းကို ဆင်းရဲခြင်းလို့ မမြင်
အရှင်တို့ဟာ ဉာဏ်ခွန်အားနဲ့ ပြည့်စုံတဲ့သူတွေပါ။ ပျင်းရိထိုင်းမှိုင်းတဲ့သူ မဟုတ်။ ထကြွလုံ့လကြီးတဲ့သူတွေပါ။ ကိုယ်၊ နှုတ်၊ စိတ်သုံးပါးလုံးကို မကောင်းမှုမလုပ်။ စိတ်ကောင်း အာရုံကို အားထုတ်ပွားများမယ်။ ဆုတ်ယုတ်ခြင်းအလုပ် မလုပ်။ တိုးပွားခြင်း၊ အေးချမ်းခြင်း၊ ငြိမ်းချမ်းခြင်းသာ လုပ်မယ်။ မိမိကိုယ်မိမိ အကောင်းဘက်ကို သိမ်းသွင်းမယ်။ ကောင်းမှုကို ပွားမယ်။ မကောင်းမှုကို ခုတ်ဖြတ်မယ်။ အညစ်အကြေး ကပ်ငြိတဲ့စိတ်နဲ့ မနေ။ ထူးထူး ထွေထွေ မကြံစည်ဘဲ နေမယ်။ ယစ်မူးမေ့လျော့ခြင်းကို မလုပ်။ တွယ်တာကပ်ငြိတဲ့စိတ်နဲ့ မနေ။ အကြောင်းထူးကို သိအောင်နေမယ်။ စောင့်စည်းလျက်နေမယ်ဆိုတဲ့ အဝိဟိံသာနိုင်ငံရေး စိတ်ဓာတ်နဲ့ နိုင်ငံရေးကို ဦးတည်ချက်လုပ်ရင် မြန်မာပြည်ကြီးဟာ ကြီးကျယ်မြင့်မြတ် ပြန့်ပြောကြွယ်ဝချမ်းသာတဲ့ တိုင်းပြည်ကြီး ဖြစ်လာမှာပဲ။ အရှင်တို့ရဲ့ တိုင်းပြည်ဟာ သူတစ်ပါး ဆင်းရဲခြင်း မဖြစ်စေရပါ။ ရန်အဖြစ်နဲ့ မဆက်ဆံပါ။ မာနမထောင်လွှားပါ။ မေ့မေ့လျော့လျော့ နဲ့ မနေပါ။ ငြိမ်းချမ်းရေးကို စွန့်ပစ်မထားပါ။ အကြမ်းမဖက်သော တိုင်းပြည်ပါ။ လူမျိုးပါ။ အကြမ်းဖက်တဲ့လူမျိုးဟာ မြန်မာပြည်သူ မဟုတ်ပါ။ လူမှုရပ်ဝန်းအပေါ် နယ်စည်းမဲ့ခြား လူသား မဟုတ်ပါ။ တိုင်းပြည်နိုင်ငံ သိက္ခာရှိတဲ့လူမျိုးပါ။ အသက်ကို ကွပ်မျက်၍ ဆင်းရဲ အောင် ပြုသော လူမျိုး မဟုတ်ပါ။ အတားအဆီးကို ပယ်သတ်တဲ့ လူမျိုးပါ။ စိုးရိမ်မှု၊ ဆင်းရဲမှုကို ငြှိမ်းသတ်တဲ့ လူမျိုးပါ။ အခါခပ်သိမ်း (အမြဲတမ်း) နိုးကြားတဲ့ လူမျိုးပါ။ ကောင်းစွာ နိုးကြားတဲ့သူတွေပါ။ နေ့နေ့ညည ကိုယ်၊ စိတ် ပွားများနိုးကြားတဲ့သူတွေပါ။ စည်းစိမ်ဥစ္စာကို စွန့်လွှတ်သူ၊ စွန့်ကြဲသူများ ဖြစ်ကြပါတယ်။ သူတော်ကောင်းအကျင့်တရားနဲ့ မွေ့လျော်တဲ့သူတွေပါ။ မပြည့်မစုံ နေရခြင်းကို ဆင်းရဲခြင်းလို့ မမြင်ပါ။ သဘောထားခြင်း မတူညီတဲ့သူနဲ့လည်း ပေါင်းသင်းဆက်ဆံတဲ့သူတွေပါ။ မကောင်းသဖြင့် ကျင်လည်တဲ့သူ မဟုတ်။
သဒ္ဓါတရားပြည့်ဝသော ပြည်သူ
အရှင်တို့ဟာ အခြံအရံစည်းစိမ်ကို မက်မောသောသူ မဟုတ်။ အပူဇော်ခံသူ မဟုတ်။ မတရားမလုပ်။ ထင်ရှားအောင်လုပ်သူ မဟုတ်။ မပျင်းရိသောသူ၊ မိမိကိုယ်မိမိ ဆုံးမသောသူ။ အများကို ချမ်းသာမှု ပေးသောသူတွေပါ။ လုပ်ပါလျက်နဲ့ မလုပ်ပါဘူးလို့ ပြည်သူတွေကို မလိမ်သောသူပါ။ မဟုတ်မမှန်သူ မဟုတ်ပါ။ မကောင်းမှုကို အမြဲ စောင့်စည်းတဲ့သူပါ။ သဒ္ဓါတရားပြည့်ဝသော ပြည်သူအဖြစ် ခံယူကြတဲ့သူတွေပါ။ ကြောက်ရွံ့ထိတ်လန့်တဲ့သူတွေ မဟုတ်ပါ။ အပြစ်ဒဏ်ကို ရှောင်လွှဲမယ့်သူ မဟုတ်ပါ။ ငရဲရခြင်းအလုပ်၊ ငရဲခံခြင်းအလုပ်ကို မလုပ်ပါ။ မကောင်းသဖြင့် မကျင့်သုံးပါ။ လျော့ရဲပေါ့ဆမှုလည်း မနေပါ။ ညစ်နွမ်းတဲ့အကျင့်၊ ယုံမှားမှုတွေးတောစရာဖြစ်တဲ့ အကျင့်တွေနဲ့ မနေပါ။ အကျိုးမကြီးတဲ့အလုပ်တွေ မလုပ်ပါ။ မြဲမြံသော ကတိနဲ့ ရပ်တည်မယ်။ နောင်အခါပူပန်ရမယ့် အလုပ်မျိုး မလုပ်ပါ။ အခွင့်အခါ ကောင်းကို မဖျက်ဆီးပါ။ ရှက်စရာမဟုတ်ရင် ဘယ်တော့မှ မရှက်ပါ။ ကြောက်ဖွယ် မဟုတ်ရင်လည်း မကြောက်ပါ။ အပြစ် မဟုတ်၊ ကြောက်စိတ် မဟုတ်ရင် ဘယ်တော့မှ မတုန်လှုပ်ပါ။ နောက်မဆုတ်တတ်ပါ။
အဝိဟိံသာနိုင်ငံရေးကို ဖျက်ဆီးတဲ့သူတွေ
အရှင်တို့ဟာ ကျရောက်လာတဲ့တာဝန်ကို မတုန်မလှုပ်ဘဲ ပြင်ဆင်ရန်မလို၊ တာဝန် ကျေမည့်သူတွေပါ။ ကျူးလွန်စော်ကားသောသူကို ယဉ်ယဉ်ကျေးကျေးပဲ ဆက်ဆံမယ့်သူပါ။ ယဉ်ကျေးခြင်းဟာ မြတ်ခြင်း ဖြစ်ပါတယ်။ ယဉ်ကျေးသောကြောင့် လိုရာပန်းတိုင် မရောက်ဘဲ မရှိပါ။ ယနေ့ကမ္ဘာမှာ ပြင်းထန်တဲ့သူတွေ “ခေတ်မရှိပါ”။ သူတို့တစ်တွေ အခွင့်အရေး အခွင့်အလမ်း ခဲယဉ်းသွားပါပြီ။ အာရုံလိုက်စားရာနောက်ကို ကျက်စားခဲ့ရပြီး စိတ်ကိုလည်း သင့်တင့်စွာ နှလုံးမသွင်းနိုင်တော့ပါ။ မေ့မေ့လျော့လျော့ နေကြရတဲ့သူတွေဖြစ်ရပြီး အကုသိုလ် စိတ်ကျွံနေသူဖြစ်ပြီး ကံသုံးပါး ထုတ်နုတ်နိုင်တဲ့သူ မဟုတ်။ အကယ်၍ ဒီထက် ပိုမိုက်မယ် ဆိုရင် ကျင်လည်ရသူ အဖြစ်ဆုံးမည် မဟုတ်။ ကျင်လည်ပြေးသွားရသူဖြစ်ပြီး မကောင်းမှ တိုးပွားသောသူအဖြစ်နဲ့ နာမည်ကျော်နေကြရပြီ။ ထိုသူတွေဟာ အဝိဟိံသာနိုင်ငံရေးကို ဖျက်ဆီးတဲ့သူတွေပဲ ဖြစ်တယ်။
အကြမ်းမဖက်ခြင်းဖြင့် လမ်းပြမယ်
အရှင်တို့ဟာ နှိပ်စက်ခြင်းကို သုတ်သင်မယ့်သူတွေပါ။ အခက်အခဲကို ရင်ဆိုင်နေ မယ့်သူတွေပါ။ ပြဿနာကို တရားနဲ့ဖြေရှင်းမယ့်သူတွေပါ။ အညံ့ခံခြင်း လူသား မဟုတ်ပါ။ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းသွားမယ့်သူတွေပါ။ အလှဆုံးတရားနဲ့၊ အမြတ်ဆုံး တရားနဲ့ အစဉ်အမြဲ နှလုံးသွင်းကြမယ့်သူတွေပါ။ ပေးဆပ်မှုကို အလကားဖြင့် မပေးဆပ်ပါ။ အသက်ရှင်သတ္တဝါတွေကို သေကျေပျက်စီးအောင် မလုပ်ပါ။ အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး အားထုတ်ခြင်းနဲ့ တိုင်းပြည်ကို တည်ထောင်မဲ့သူတွေပါ။ တက္ကသိုလ်ကို ထောင်ဖြစ်အောင် မလုပ်ပါ။ ကျောင်းကို အိမ်ဖြစ်အောင် မလုပ်ပါ။ ပြီးပြည့်စုံခြင်းဘဝရောက်အောင် ကြိုးစား မယ်။ စိုးမိုးနိုင်ခြင်းအကျင့်ကို မျှတအောင်နေမယ်။ တိုက်ဖျက်ခြင်းအားကို အကြမ်းမဖက် ခြင်းဖြင့် လမ်းပြမယ်။ ညကို နေ့အဖြစ် မသတ်မှတ်။ “အကြမ်းဖက်အပေါ်စီးစစ်ပွဲ” အဖြစ်အခွင့်ကောင်းယူတဲ့ ယှဉ်ပြိုင်မှုကို အားမပေးပါ။ အကြမ်းဖက်မှု နှိမ်နင်းရေး ခေါင်းစဉ်တပ်ပြီး အကြမ်းဖက် မီးအငွေ့အသက်ပေးတဲ့ ပါဝါငြင်းခုံမှု မူဝါဒကို မထောက်ခံပါ။ အင်အားကြီး နယ်ချဲ့တဲ့စနစ်ကိုလည်း ဝိုင်းပြီးမကူပါ။ ဒေသတစ်ခု(တိုင်းပြည်တစ်ပြည်) လွှမ်းမိုး ခြယ်လှယ် တဲ့မူဝါဒကိုလည်း လက်မခံပါ။ အသိဉာဏ်လွတ်ဗဟိုပြုတဲ့ မူဝါဒထားသူကိုလည်း ဂုဏ် မယူပါ။ မချီးမွမ်းပါ။ ကမ္ဘာကြီး ပြောင်းလဲပစ်မယ့် ရှေ့ပြေးအာရုံထားတဲ့ တိုးဝှေ့ပြိုင်ဆိုင်တဲ့သူ တွေကိုလည်း မဆက်ဆံပါ။ ကမ္ဘာကြီးကို အပိုင်းပိုင်း ကျိုးပဲ့စေမယ့် ပြုမူမှုထားတဲ့သူနဲ့လည်း လက်မတွဲပါ။ အင်အားကြီးသူတွေရဲ့ အကျိုးစီးပွားကိုလည်း မိတ်ဖွဲ့၊ ပေါင်းစည်း မလုပ်ပါ။
ရန်ငြိုးကြီးတဲ့ ရန်ပုံကမ္ဘာကြီး မဖြစ်အောင်
အရှင်တို့ဟာ အကျင့်သီလ ပျက်ပြားတဲ့သူနဲ့ မပေါင်းပါ။ ဆဲရေးတဲ့သူ၊ ညှဉ်းဆဲတဲ့ သူတွေနဲ့ မပေါင်းသင်းပါ။ မဆက်ဆံပါ။ အရှင်တို့ကို နိုင်ခဲ့တဲ့သူ စည်းစိမ်ပျက်အောင် လုပ်ခဲ့တဲ့သူ ဖြစ်ပါစေ ရန်ငြိုးမထားပါ။ ငြင်းခုံခိုက်ရန် မဖြစ်ပါ။ ပြေငြိမ်းနိုင်တဲ့အရာပါ။ ရန်ငြိုးမထားရင် ဘယ်ရန်မှ မရှိပါ။ အရှင်တို့တိုင်းပြည်ဟာ ရန်သူမဖွဲ့၊ မိတ်မပျက်ဘဲ ဆဲရေး၊ ညှဉ်းဆဲ၊ ရန်ငြိုးမထားတဲ့ ငြိမ်းအေးတဲ့ တိုင်းပြည်ပါ။ မတင့်တယ်တဲ့ အပြုအမူကို မိမိလည်းမပြု၊ သူတစ်ပါးကိုလည်း မပြုစေပါ။ သဒ္ဓါ၊ လုံ့လ အားကြီးသောသူ ဖြစ်အောင် ကြိုးစားပြီး နှိပ်စက်ဖိစီးတဲ့ နိုင်ငံရေးမူဝါဒကို အဖန်ဖန် ရှုပြီး နေမယ်။ စောင့်စည်းထိန်းချုပ်ပြီး နေမယ်။ မထိုက်တန်တဲ့နိုင်ငံရေးကို ဘယ်သူမှ မပြုရပါ။ ပြုခွင့်လည်း မပေးနိုင်ပါ။ ဆဲရေး၊ ညှဉ်းရေး၊ ရန်တုံ့၊ ရန်ဖွဲ့၊ ရန်ငြိုးကြီးတဲ့ ရန်ပုံကမ္ဘာကြီး မဖြစ်အောင် လူနေကမ္ဘာကို တည်ဆောက်ပေး မယ်။ အရှင်တို့ဟာ မှားယွင်းတဲ့ အာရုံရှိတဲ့သူတွေနဲ့၊ ကြံစည်တဲ့သူတွေနဲ့ မပေါင်းဖက်ပါ။ မကောင်းစိတ်ထားသူနဲ့ မပေါင်းပါ။ စိုးရိမ်ရသော၊ ပူပန်ရသော၊ ညစ်နွမ်းရသော မကောင်းမှ ကို (အလုပ်ကို) မလုပ်ပါ။ ဝမ်းမြောက်ရသော၊ နှစ်သက်ရသော အလုပ်ကိုသာ လုပ်မယ်။ ကိုယ်တိုင်မကျင့်ကြံဘဲ မေ့လျော့ပေါ့တန်နေတဲ့သူနဲ့ အကြောင်းမဆက်ပါ။ အရှင်တို့ဟာ အမြဲမပြတ် မတွန့်မဆုတ် လုံ့လအားထုတ်သူ ဖြစ်ရမယ်။ မမေ့သူ ဖြစ်အောင် နေမယ်။ စူးစမ်းဆင်ခြင်မယ်။ စောင့်ရှောက်ထိန်းသိမ်းမယ်။ နိုးကြားမယ်။ ဆုတ်ယုတ်ခြင်းကို ကာကွယ် မယ်။ စိတ်ကို ဖြောင့်အောင် ထားမယ်။ စိတ်ကိုဆုံးမမယ်။ ယဉ်ကျေးသောစိတ်နဲ့ နေမယ်။ ချမ်းသာဆင်းရဲ အလုပ်ကို မခွဲခြားဘဲ လုပ်မယ် (ဆောင်ရွက်မယ်)။
အမှန်သစ္စာတရားစောင့်ထိန်းတဲ့နိုင်ငံရေး
အရှင်တို့ မြန်မာပြည်သူတွေဟာ အမှန်တရားနဲ့ အကြမ်းမဖက်မှုတရား နှစ်ပါးကို ရိုသေစွာ စောင့်ထိန်းနိုင်ကြမယ်ဆိုရင် ဝမ်းသာပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှုရကြမှာ သေချာပါ တယ်။ ဘယ်အရာမဆို မိမိစိတ်ဓာတ်ကို လွယ်လွယ်ကူကူမကျဖို့ အရေးကြီးတယ်။ အကြမ်း မဖက်တဲ့ နိုင်ငံရေးနည်းဟာ စိတ်ဓာတ်ခိုင်မြဲတည်ငြိမ်နေဖို့ အရေးကြီးပါတယ်။ မိမိခံစားရတဲ့ အရာရာတိုင်းကိုလည်း သည်းခံခြင်းစိတ်နဲ့ ဖြေသွားဖို့ မမေ့ရပါ။ လူတစ်ယောက်စိတ် နာကျင် (နာကြည်း)မှု များရင် မိမိစိတ်ကို ပိုပြီး စောင့်ရှောက်၊ ထိန်းသိမ်းရမယ်။ အားငယ်သွားအောင် မနေရ။ အလိုမတူရတဲ့ ခံစားရတဲ့ဝေဒနာ ဖြစ်တာကြောင့် ဒေါသပွားပြီး ခေတ္တခံစားရတဲ့ သဘောပါ။ ဒီသဘောတရားကို ကိုယ်တွေ့ နားလည်သွားပြီးတဲ့အခါ ပါဝင်တာဝန်ယူရမယ့် စိတ်ကျေနပ်မှုရှိတဲ့ အကြမ်းမဖက်တဲ့ နိုင်ငံရေးအလုပ်ကို ဆက်၍သာ လုပ်ပါ။ ဒီနိုင်ငံရေးဟာ အများချမ်းသာတဲ့ နိုင်ငံရေးပါ။ အများကို ပြုပြင်သွားတဲ့နိုင်ငံရေးပါ။ ယနေ့ ကမ္ဘာအရပ်ရပ်ကို သုံးသပ်ကြည့်ရင် သဘာဝအကြောင်းတရားကြောင့် အသက်သေကျေရတာ နည်းပါတယ်။ လူတွေအပြုအမူကြောင့် အသက်သေကျေရမှု များပါတယ်။ သတ္တဝါတွေဟာ လူတွေသနားမှ ချမ်းသာမှု ရကြသလိုပဲ၊ လူသားတွေကို သနားကြင်နာမှုထားတဲ့ အကြမ်းမဖက်တဲ့ အမှန် သစ္စာတရား စောင့်ထိန်းတဲ့ နိုင်ငံရေးကို လူတိုင်းကိုပေးမှ ချမ်းသာမှု ရကြမယ်။ ယနေ့ လူတွေ လက်ခံကျင့်သုံးကြတဲ့ နိုင်ငံရေးမူဝါဒတိုင်းဟာ လူ့စိတ်ကို ပြောင်းလဲ စေတတ်တဲ့ မူးယစ်တဲ့ နိုင်ငံရေးမူဝါဒတွေ ပါဝင်နေတယ်။ အပြစ်ရှိခြင်း၊ မကောင်းကျိုးပေးခြင်း သင်္ကေတအမှတ်အသားပါတဲ့ နိုင်ငံရေးမူဝါဒတွေပဲ။ ဒီမူဝါဒလမ်းစဉ်ဟာ ရန်ကို အကာအကွယ်ပေးမယ့် မူဝါဒမဟုတ်။လူ့စိတ်ဓာတ်ကို မတရားမှုပြုဖို့ နှိုးထတဲ့ မူဝါဒတွေ ပါ။ လောဘ၊ ဒေါသ၊ မောဟတရား ကင်းကင်းထားပြီး ငြိမ်းငြိမ်းချမ်းချမ်း လုပ်လို့ရတဲ့ နိုင်ငံရေး ရှိပါတယ်။ အဲဒီနိုင်ငံရေးကို စိတ်ဝင်စားကြရင် အကြမ်းမဖက်တဲ့ အဝိဟိံသာ နိုင်ငံရေး လုပ်ရမယ်။ သစ္စာတရားကို ရိုသေခြင်းကြောင့် ထွန်းတောက်မယ့် လူမှုဘဝနိုင်ငံရေး စနစ်ကို လူ့စိတ်တိုင်း စိမ့်ဝင်နိုင်ကြပါစေ။
အကြမ်းမဖက်ခြင်းတရားကို ရိုသေစွာ စောင့်ထိန်းနိုင်ကြမယ် ဆိုရင်
ဝမ်းသာပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှု ရကြမှာ သေချာပါတယ်။
ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၂၇-၂၃၂၊ အဝိဟိံသာနိုင်ငံရေး (၂၇)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။