Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂၆)

နိုင်ငံရေးလောကဟာ ကောက်ရင်ကောက်၊ ဖြောင့်ရင်ဖြောင့် အရှိတရား 
အတိုင်း ရှုမြင်ရမည်။ မမြင်စွမ်းနိုင်သည့် အယူအဆကို ခေတ္တပယ်ထား 
ရမည်။

နိုင်ငံရေးအလေ့အကျင့် အားနည်းလျှင်

လူဟာ လက်တွေ့ဘဝကို ယုံကြည်တယ်။ နောက်ပြန်ဆွယ်ရေးကို ပယ်သတ်ရမယ်။ တိုးတက်ရေးကို ဦးတည်ရမယ်။ တွေဝေစေခြင်း၊ တက်ကြွစေခြင်းကို သုံးတတ်ရမယ်။ ဘာဖြစ်လို့ လက်တွေ့ (ကိုယ်တွေ့)ကို ယုံကြည်ရပါသလဲ။ လက်တွေ့သဘောဟာ ယုံကြည် ရတဲ့သဘော ဖြစ်လို့ပါပဲ။ ယုံကြည်မှုအပြည့်အဝ ရတဲ့သဘောဟာ လက်တွေ့ဆန်လို့ပါပဲ။ ယနေ့ မြန်မာပြည်သူတွေဟာ နိုင်ငံရေးနည်းပညာတွေ အခုမှ ထိတွေ့ဖြစ်တာပါ။ ထိတွေ့ရုံ လေးနဲ့ နှစ်သက်မှုတွေ မရကြသေးပါ။ အလုံးစုံ မယုံကြည်တတ်သေးပါ။ နိုင်ငံရေးသဘော တရားဟာ တကယ်ယုံလို့ တကယ်လုပ်ပြန်တဲ့အခါ နောက်ပြန်ဆွဲမှုတွေ၊ ရှေ့တိုးမှုတွေအမျိုးမျိုး ပရိယာယ်များလေတော့ ငြိမ်းအေးတဲ့ လူ့အဖွဲ့အစည်းဖြစ်တဲ့ မြန်မာတွေ နိုင်ငံရေးလေ့လာမှ စိတ်ကုန်မြန်တာကို တွေ့ရတယ်။ ဒီလိုဖြစ်ရတာဟာ အလေ့အကျင့် (အကျင့်မပါ) မရှိသေး လို့ပါပဲ။ တဖြည်းဖြည်းနဲ့ လေ့ကျင့်ပေးရမှာပါပဲ။ နိုင်ငံရေးအလေ့အကျင့် အားနည်းတဲ့လူမျိုး ဟာ သည်းခံခြင်း နည်းပါးတတ်တာကို တွေ့ရတယ်။

နယ်စည်းမဲ့လူမှုဘဝဖြစ်စဉ်

သည်းခံခြင်း အလေ့အကျင့်ဟာ လူမှုဘဝနိုင်ငံရေးပညာရပ်ကို သင်ယူမှ တန်ဖိုး ရှိကြောင်း သိနိုင်တယ်။ ဘာသာတရားအရ သည်းခံခြင်းဟာ မြတ်တယ်လို့ ဆိုထားပါတယ်။အမြတ်ဆုံး အကျင့်တရားဟာ သည်းခံခြင်းပါပဲ။ သည်းခံခြင်းတရားကို အစထားပြီး ကမ္ဘာမှာ ရှိကြတဲ့လူသားတွေရဲ့ ပြုမူဆောင်ရွက်ချက် ကျယ်ပြန့်မှုသဘောကို လေ့လာမှတ်ထားသင့် တယ်။ “ကမ္ဘာ့ပြန့်ပွားရေးဖြစ်စဉ်” သဘောတရားကို လေ့လာရင် လူထုနဲ့ဆိုင်တဲ့ ကျယ်ပြန်ပုံ၊ ဈေးကွက်၊ ဆက်သွယ်ရေး၊ လူမှုဘဝ၊ နိုင်ငံရေး၊ အုပ်ချုပ်မှု၊ ပတ်ဝန်းကျင်၊ ဆက်ဆံရေး စတဲ့ ပြန့်ပွားလာပုံတွေဟာ လူသားအားလုံးရဲ့ ဘဝဖြစ်စဉ် ဖြစ်လာတယ်။ ဒီပြန့်ပွားဖြစ်စဉ်” မဖြစ်ခင်က တိုင်းပြည်တစ်ပြည်နဲ့တစ်ပြည် အပြန်အလှန် ဆက်ဆံရေးဟာ နယ်နိမိတ် ခြားထား ပေးတယ်။ နက်ရှိုင်းတဲ့လူမှုဘဝ ဆက်ဆံရေးကို ထူထောင်ကြတယ်။ အံ့သြလောက်ပါတယ်။ ဒီနေ့ခေတ်ရောက်လာတဲ့အခါ တိုင်းပြည်တစ်ပြည်နဲ့တစ်ပြည်ဟာ နယ်ချင်းခြားထားတဲ့ နိမိတ် တွေကို အကြားအခတ်မထားတော့ဘဲ နယ်စည်းရိုးတွေ ဖွင့်ထားပြီး လူမှုဘဝဆက်ဆံရေးကို လွတ်လွတ်လပ်လပ် ထားလာကြတယ်။ နိုင်ငံရေးသဘောတရားကို လေ့လာတဲ့သူတွေက “နယ်စည်းမဲ့လူမှုဘဝဖြစ်စဉ်” ဆိုပြီး ပြောင်းလဲခေါ်ဆိုလာတာကို တွေ့ရတယ်။

မတွဲချင်ဘဲ တွဲရတဲ့ နိုင်ငံရေး

ဒီ‘နယ်စည်းမဲ့ လူမှုဘဝဖြစ်စဉ်ဟာ လူမှုရပ်ဝန်းနယ် စည်းခြားထားတဲ့ တိုင်းပြည် တွေအတွက် ယနေ့ အန္တရာယ်များလာတယ်။ အပြည်ပြည်ဆိုင်ရာ လူမှုရပ်ဝန်းက လူမှုဆက်ဆံ ရေးကို နယ်စည်းမဲ့အဖြစ် ချီတက်နေပြီ။ ဒေသမဖွံ့ဖြိုးသေးတဲ့ တိုင်းပြည်ငယ်တွေက အခုမှ “ဒီမိုကရေစီ၊ ဒီမိုကရေစီ” ကြွေးကြော်စ ဖြစ်နေသေးတယ်။ ဒီသဘောတရားနှစ်ခုဟာ ဝိရောဓိ ဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်နေတာကို တွေ့ရမယ်။ နယ်စည်းမခြားထားတဲ့ လူမှုကွန်ရက်ကြောင့် မြန်မာပြည်ဟာ ၁၉၈၈ ခုနှစ်မှစပြီး လူမှုရပ်ဝန်းပြဿနာဖြစ်လာတယ်။ ဒီလူမှုရပ်ဝန်းဟာ မိမိတိုင်းပြည်ရဲ့ စည်းနယ်နိမိတ်ဒေသနဲ့ ပြည်တွင်းဒေသတွေမှာလည်း လူမှုရပ်ဝန်းကြောင့် နေရင်းဒေသလူမျိုးစုတွေ လူမှုရပ်ဝန်း နယ်စည်းမဲ့ထဲရောက်သွားပြီး ထိန်းသိမ်းလာခဲ့တဲ့ လူ့ယဉ်ကျေးမှုတွေလည်း ပျောက်လာတယ်။ အတားအဆီး၊ နယ်စည်း `ထားတဲ့စနစ်ကိုလည်း လူထုတွေက နှစ်သက်ရွံမုန်းလာတယ်။ စိတ်ကုန်လာတယ်။ ဒီနယ်စည်း မခြား နယ်စည်းမဲ့လူမှုရပ်ဝန်းကြောင့် နိုင်ငံရေးရပ်ဝန်းက အမျိုးမျိုး ဝင်ရောက်တွဲလာပြီး မတွဲချင်ဘဲ တွဲရတဲ့ နိုင်ငံရေးရပ်ဝန်းတွေ ဖြစ်လာတာကို တွေ့ရတယ်။ ဒီလို ဖြစ်လာတာကို နိုင်ငံရေး သုံးသပ်တဲ့သူတွေက ဒါဟာ “ကမ္ဘာ့ပြန့်ပွားဖြစ်စဉ်”ပဲလို့ တင်စားခေါ်ဆိုလိုက်ကြ တယ်။ ဒီလို အရောရောအနှောနှောတဲ့ “ပြန့်ပွားဖြစ်စဉ်”ကို မလိုချင်ကြတဲ့ ပြည်သူတွေက ခေတ်နောက်ကျတယ် ဆိုပြီး ပြစ်တင်ရှုတ်ချကြတယ်။ အချိန်အခါ ဘောင်ပျက်ပြီး ချက်ချင်း ပေါ်လာတဲ့ ဒီလိုရပ်ဝန်းမျိုးကို လူနေကမ္ဘာကြီးဟာ စည်းကမ်းမဲ့ထားတဲ့ လူမှုကမ္ဘာကြီးများ ဖြစ်လာလေမလား တွေးမိတယ်။ စည်ကမ်းမဲ့(မရှိ) နယ်စည်းမဲ့တဲ့ တွေးခေါ်မှုဟာ တစ်ကမ္ဘာလုံး သက်ရာက်လာနေပါပြီ။ ဒီလို ခေတ်ပြိုင်တဲ့ လူမှုရပ်ဝန်းကို ခြယ်လှယ်တတ်သူ အုပ်စု သမားတွေရဲ့ အကြံအစည်တစ်ခုခု စိတ်ကူးယဉ်တဲ့ နိုင်ငံရေးစည်းမဲ့တစ်မျိုးပါပဲ။ ဒီတွေးခေါ်မှ ဟာ ယခုချိန်မှာ ဆိုးတဲ့ အကျိုးသက်ရောက်မှုတွေ တဖြည်းဖြည်း အဖြေထွက်လာတာကို တွေ့ရတယ်။

ကွက်ကျားရပ်ဝန်းဆိုးကျိုးများ

မြန်မာပြည် နိုင်ငံရေးနယ်ထဲကို ဒီပြန့်ပွားဖြစ်စဉ်” သဘောတရား ဝင်လာကတည်း ကိုက တိုင်းပြည်အုပ်ချုပ်ရေး၊ စီမံရေး၊ လူမှုရေးတွေ ထိပါးလာတာကို တွေ့ရတယ်။ ဒီနိုင်ငံရေး သဘောတရားဟာ အခြားသော သဘောတရားတွေနဲ့ ရောနှောပြီး ဝင်ပူးကပ်နေတာကြောင့် ဒီမိုကရေစီနိုင်ငံရေးနယ်ပယ်ထဲမှာလည်း ဝင်ရောက် နေရာယူသွားတာကို တွေ့ရတယ်။ ဒီသပ်လျှိုတဲ့ နိုင်ငံရေးသဘောတရားကို သိမ်းသွင်းဆွဲဆောင် အဓိကဇာတ်ဆောင်ကတော့ အကျိုးဆောင် လူမှုရပ်ဝန်းလုပ်တဲ့သူတွေပါပဲ (အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း)။ ဒီသဘော တရားများ လူမှုရပ်ဝန်းမှာ ကြီးထွားလာမှုများလာရင် လူတွေဟာ ပင်ပန်းမှုတွေကို အားမထုတ် ကြတော့ဘဲ ရလွယ်၊ သုံးလွယ်၊ နေလွယ်တဲ့ “အလွယ်ရ ရပ်ဝန်းကမ္ဘာကြီး ဖြစ်လာမယ်။ နယ်စည်းမထားတဲ့စနစ်ကြောင့် တိုင်းပြည်ရဲ့ထိပ်ခေါင် အချုပ်အခြာအာဏာကိုလည်း ဥပဒေ မဲ့စွာ ပြုမူလာမယ်။ ပြည်သူတွေ လေးစားတန်ဖိုးထားရမယ့် နိုင်ငံရေးအခြေခံဥပဒေတွေကို လည်း လေးစားတန်ဖိုးထားစရာမလိုတဲ့ သဘောမျိုးနဲ့ မက်လုံးပြက်လုံးတွေ သိမ်းသွင်းလာတာ ကို တွေ့ရတယ်။ ဒီလိုတန်ဖိုးမဲ့တဲ့ လောကစည်းစိမ်ကို အမြတ်ဆုံးစည်းစိမ်အဖြစ်နဲ့ ပြည်သူတွေ အမှတ်မှားအောင်လုပ်ပြီး အကုသိုလ်အရင်းအမြစ် များပြားလာအောင် ကြဲချပျိုးချထားလို့ ဆက်စပ်တဲ့လူမှုရေး၊ နိုင်ငံရေးရပ်ဝန်းအားလုံး ဒုက္ခတွေ တစ်ဆက်တည်း ကျရောက်နိုင်တယ်။ စုပေါင်းဂေဟစနစ်နဲ့ အကျိုးမပေးခင် ကွက်ကျားရပ်ဝန်းဆိုးကျိုးများ အရင်ခံစားရမှာတော့ သေချာတယ်။ အရှင်က ဒီလိုမျိုး ဝေဖန်ပြစ်တင်လိုက်တာကို ကျေနပ်မှုမရှိရင် နိုင်ငံရေးရပ်ဝန်း၊ လူမှုရေးရပ်ဝန်းဟာ နောင် နှစ်နှစ်ဆယ် မကြာပါ။ “အလွယ်ရ ကမ္ဘာ့ဆင်းရဲခြင်းရပ်ဝန်း ဖြစ်မလာဘူး ဆိုရင် လောင်းကြေးထပ်စရာမလိုအောင် မှန်သွားလိမ့်မယ် ဆိုတာကို အရှင် ရေးသားတဲ့ ဤစာနဲ့ သက်သေပြနိုင်ပါလိမ့်မယ်။ ဒါကြောင့် နယ်စည်းမခြား နိုင်ငံရေးရပ်ဝန်းနဲ့ နယ်စည်းမခြားထား လူမှုရေးရပ်ဝန်းတွေဟာ ကမ္ဘာ့အုပ်ချုပ်မှုဘောင်အတွင်းထဲကို ဝင်အောင် အေဂျင်စီမှတစ်ဆင့် စုပေါင်းပြီး လိုက်လုပ်နေကြရပြီ မဟုတ်လား။

တိုင်းပြည်အတွက် အမျိုးသားရေးပြဿနာ

နယ်ခြားမဲ့မှု၊ စည်းကမ်းမဲ့မှု များပြားလာတဲ့အခါ အလုပ်နဲ့ဆိုင်တဲ့ ကိစ္စတွေအားလုံးဟာ ချက်ချင်းလက်ငင်း အဖြေရနိုင်တယ်။ လူထုဆက်သွယ်တဲ့ နည်းပညာတွေ တစ်ဆက် တည်း ကြီးထွားလာတာကြောင့် နယ်စည်းပိုင်းခြားထားတဲ့ တိုင်းပြည်တွေဟာ ဒီနည်းပညာ တိုးတက်မှုကြောင့်နဲ့ပဲ (ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်မှုကြောင့်) လုပ်ငန်းတွေ ပြိုကျလာတယ်၊ (ပြိုလာတယ်)။ ဒီပုံဒီနည်းမဖြစ်အောင် လိုက်လျောမှုပုံစံနဲ့ ထိန်းကျောင်းပေးရတဲ့အခါ ကုန်ကျမှု တွေ၊ အခက်အခဲတွေ အများကြီး ဖြစ်လာတယ်။ ကော်ပိုရေးရှင်းတွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့ အစည်းတွေလည်း ဒီလို နယ်စည်းမခြားတဲ့ “ကမ္ဘာ့ပြန့်ပွားရေးဖြစ်စဉ်” ပုံစံပါ လိုက်ပြီး လုပ်လာတဲ့အတွက် မြန်မာပြည်နယ်စပ်တွေမှာ လူမှုရေးရပ်ဝန်း တဖြည်းဖြည်း ဝင်ရောက်လာ တယ်။ တားရင်လည်း လူ့အခွင့်အရေး၊ မတားပြန်လည်း မိမိတို့ရဲ့တိုင်းပြည်အတွက် အမျိုးသား ရေးပြဿနာ အလွန်များပြားစွာ ဆုံးရှုံးကုန်မှာ ဖြစ်သည့်အတွက်ကြောင့် “ကမ္ဘာ့ပြန့်ပွားရေး ဖြစ်စဉ်”ရဲ့ ထူးခြားချက်ဟာ မြန်မာတွေ သတိထားရမယ်။ ဖြစ်ပျက်မယ့်အတူတူ ဖြစ်ချင်တာ ဖြစ်၊ ပျက်ချင်တာပျက်၊ မက်ကွက်၊ ထိန်းကွက်တွေ မထားတော့ဘဲ လွှတ်ထားလိုက်ရင်ပဲ ဖြေလျှော့မှုတစ်ခုတော့ ရသွားမယ်။ လူသားချင်း စာနာမှုသဘောအရ အညွန့်တုံး ပျက်စီးသွား ကြရတော့မယ့် လူမှုရပ်ဝန်းဖြစ်စဉ်ကို တွေးကြည့်လိုက်ရင် စိတ်မကောင်းစရာပါပဲ။

တက်ခေတ်၊ ဆုတ်ခေတ်အထဲမှာ မြန်မာ့နိုင်ငံရေးစနစ်

မြန်မာလူမျိုး၊ မြန်မာပြည်သူတွေဟာ မိမိရဲ့တိုင်းပြည် နယ်နိမိတ်စည်းကို ထိုးဖောက် ဝင်ရောက်လာတဲ့ လူမှုရပ်ဝန်းကို ဘယ်လိုသဘောမျိုး ထားကြမလဲ။ လူမှုဘဝစံနှုန်းကို လူ့အခွင့်အရေးနဲ့ သတ်မှတ်နေကြတဲ့ ဒီခေတ်ကြီးမှာ မိမိရဲ့ နိုင်ငံရေးဖြစ်စဉ်ကို စုစည်းအား ကောင်းတဲ့ နည်းစနစ်ဖြစ်အောင် ပုံဖော်မှုအဆင့်ဆင့် လုပ်ပြရမယ်။ ဆိုရှယ်လစ်၊ ဒီမိုကရေစီ၊ ကွန်မြူနစ် စတဲ့ နိုင်ငံရေးမူဝါဒတွေဟာ “ကမ္ဘာ့ပြန့်ပွားရေးဖြစ်စဉ်” နောက်ကွယ်က ရောက် သွားပါပြီ။ “နွားလှည်းစီး၍ ဧဝရက်တောင်ထိပ်သို့ တက်အံ့” ဆိုတဲ့ စိတ်ကူးယဉ် အများပြ နိုင်ငံရေးစနစ်ကို ချီးမွမ်းတဲ့ခေတ်လည်း မဟုတ်တော့ တက်ခေတ်၊ ဆုတ်ခေတ်အထဲမှာ မြန်မာ့နိုင်ငံရေးစနစ်ကို မျိုးဆက်အများအတွက် ဘယ်လိုပုံစံနဲ့ လုပ်ထားပေးမလဲ။ ဒါမှမဟုတ် နောင်လာနောက်အရေး သဘောမျိုးနဲ့ပဲ ထားမလား ဆိုတဲ့ တိုင်းပြည်အရေးကို ပူပူနွေးနွေး စဉ်းစားပြီး လုပ်ပေးရတော့မယ်။ “ကမ္ဘာ့ပြန့်ပွားရေးဖြစ်စဉ်”ဟာ နေရာအနှံ့အပြားက ပြန့်ပွား လာခဲ့တာကြောင့် ရောက်ရာအရပ်တိုင်းမှာ “ရုံး”ဖြစ်နေတယ်။ အိမ်ကရုံး၊ ရုံးကအိမ် ဖြစ်လာ တယ်။ ဒီလို လျင်မြန်တဲ့ နယ်စည်းမထား လူရပ်ဝန်းကြောင့် တိုင်းပြည်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းဥပဒေတွေဟာ ဝေဝါးလာတယ်။ နိုင်ငံကျော်လွန်တဲ့ နယ်စည်းမထားတဲ့ လူမှုရပ်ဝန်း ခေတ်ကြီးဟာ လူမှုဘဝထဲကို ရောက်လာပြီး မိမိတို့ အမျိုးသားရေး ယဉ်ကျေးမှုလက္ခဏာတွေ မှိန်ပျပျ ဖြစ်သွားနိုင်တယ်။

အတုယူလွယ်သောအကျင့် ရှိတာကြောင့်

ယနေ့ လူတွေဟာ တွေးခေါ်ပုံ ပြောင်းလဲလာတယ်။ တိုင်းပြည်တစ်ပြည်နဲ့ တစ်ပြည် ကို နယ်ခြားကန့်သတ်ထားတာကို မမြင်တော့ဘဲ တစ်ဆက်တစ်စပ်တည်း လူမှုဘဝအဖြစ် မြင်တယ်။ နယ်အကွာအဝေးမဲ့ပြီး အချိန်ကာလကိုလည်း “ချက်ချင်း”သဘော ဖြစ်လာတယ်။ ကောင်းကင်နဲ့ မြေပြင် အပြန်အလှန် မှတ်တမ်းပြုနိုင်တယ်။ သိခွင့်၊ မြင်ခွင့် အတိုင်းအဆ ပမာဏ ကျယ်ပြန့်လာတာကြောင့် တစ်နိုင်ငံချင်း နယ်ခြားစည်းထားဖို့ ခက်ခဲလာတယ်။ အနာဂတ်ကာလမှာ ကောင်းကင်ကြည့်၍ ရုပ်ရှင်ကားတစ်ကား ပြသဖို့ ကြိုးစားကြပြီ။ ယခုလက်ရှိ ဖြစ်စဉ်အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် မြန်မာပြည်လူမှုရပ်ဝန်း၊ နိုင်ငံရေး ဖြစ်စဉ်ရပ်ဝန်း၊ ပြောင်းလဲဖြစ်စဉ်ရပ်ဝန်းတွေ အားလုံးဟာ မှုန်ဝါးဝါးနဲ့ အလိုအလျောက် ပျောက်သွားမှာ စိုးရိမ်ရတယ်။ များသောအားဖြင့် မြန်မာတွေဟာ အတုယူလွယ်သော အကျင့် ရှိတာကြောင့် “ချက်ချင်း အချိန်ကိုသုံးပြီး နောက်လာမယ့် မျိုးဆက်များ ပို၍ခံစားရမယ့်အဖြစ် ကို ကြိုတင် ပြင်ဆင်ထားပေးရမယ်။

ဥပမာ-

(၁) ခေတ်ပြိုင်ကမ္ဘာကြီးသည် ပိုင်နက်နယ်မြေ၊ နယ်ခြား စည်းမထားလာသောအခါ မိမိတိုင်းပြည်ကို မည်သို့ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လိုပါသနည်း။
(၂) မိမိ အမျိုးသားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုကို မည်သို့ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မည်နည်း။
(၃) ပိုင်နက်နယ်မြေစည်း ကန့်သတ်ချက် ထားရှိပါလျက် ကမ္ဘာ့ရေးရာ အပြည်ပြည် ဆိုင်ရာမြေပုံပေါ်တွင် နယ်ခြားမဲ့ဒေသသစ်များ တိုးလာခဲ့လျှင် မိမိတို့ပိုင်နက်ကို နယ်ခြားမဲ့ ဒေသသစ်တွင် ပြောင်းရွှေ့ပါဝင်မည်လား။
(၄) မဖြစ်မနေ လုပ်ရမည်။ နားလည်လက်ခံရမည်။ ခေတ်နှင့်ညီသည် ဟူ၍ သတ်မှတ်ဖော်ပြပါက အင်အားကြီးနိုင်ငံတစ်ခုခုက စီမံမှုအတိုင်း လိုက်လုပ်ရမည်ဟု စေ့ဆော် ဟောပြောလျှင် မိမိတိုင်းပြည်ကို မဖြစ်မနေ “ကမ္ဘာ့ပြန့်ပွားရေးဖြစ်စဉ်” တိုင်းပြည်တွင် ပါဝင်ပတ်သက်မည်လား။
(၅) နယ်ခြားစည်းမဲ့ ကမ္ဘာကြောင့် တစ်ခုတည်းသော ဆိုင်ရာ တန်းတူမှု၊ ညီမျှမှု၊ စည်ပင်မှု၊ ငြိမ်းချမ်းမှုများ အမှန်တကယ် ရှိနေလျှင် “ကမ္ဘာ့ပြန့်ပွားရေးဖြစ်စဉ်”တွင်၊ ကွဲပြား ခြားနားနေသော လူ့ယဉ်ကျေးမှုကမ္ဘာတွင် မိမိတို့ မြန်မာလူမျိုးများ၊ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည်ဖြင့် မြန်မာပြည်အတွက် ပို၍တန်ဖိုးမြင့်လာမည်ဟု ယူဆပါသလား။ အပြည်ပြည်ဆိုင်ရာ လူမှုဘဝဟာ တက်၊ ကျအပေါ်မှာ သုံးသပ်ရတာ ဖြစ်တာကြောင့် –

(က) နေရာတိုင်းမှာ တူညီတဲ့အတိုင်းအတာသာ ရှိမယ်။ အပြည့်အဝတော့ တွေ့ကြုံ ခံစားရမှာ မဟုတ်ပါ။
(ခ) ယဉ်ကျေးမှု ရောမွှေပေါင်းစပ်မှုဟာ တစ်ဆက်တည်းနဲ့ လွယ်လွယ်လေးနဲ့ ပြောင်းလဲမယ့် ဖြစ်စဉ် မဟုတ်ပါ။
(ဂ) ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးဟာ ပိုင်နက်နယ်မြေ၊ နယ်နိမိတ် အဆုံး သတ်မှုကို အဆုံးသတ်နိုင်အောင် မလုပ်သေးပါ။
(ဃ) တစ်ခုတည်းသော မောင်းနှင်အားအဖြစ်နဲ့ နားလည်လက်ခံ၍ မရနိုင်ပါ။ (င) အလုံးစုံ ရနိုင်သော အခွင့်အလမ်းနည်းတစ်ပါး မဟုတ်ပါ။

အရှင်တို့ တိုင်းပြည်ဟာ “ကမ္ဘာ့ပြန့်ပွားရေးဖြစ်စဉ်ထဲမှာ ရောယှက်ခြင်း အပြောင်း အလဲ ဖြစ်စဉ်ထဲက လုံးဝ ပြောင်းလဲမည် မဟုတ်ပါလို့ပဲ ပြောပါရစေ။

လောကနှင့် မိတ်ဖွဲ့ခြင်း
တကယ်တော့ ငါဟာ
လောကဓံရဲ့ ပစ်မှတ်တွေကို
ထိတွေ့ခံစားနေရမယ့်
လူတစ်ယောက်ပါ ။
ဒါ မုန်းလို့၊ ချစ်လို့
ရှုံးလို့၊ ပြုံးလို့ မရဘူး။

အချိန်အခါ ဘောင်ပျက်ပြီး ချက်ချင်း ပေါ်လာတဲ့ ဒီလိုရပ်ဝန်းမျိုးကို လူနေကမ္ဘာကြီးဟာ စည်းကမ်းမဲ့ထားတဲ့ လူမှုကမ္ဘာကြီးများ ဖြစ်လာလေမလား တွေးမိတယ်။ စည်းကမ်းမဲ့ (မရှိ) နယ်စည်းမဲ့တဲ့ တွေးခေါ်မှုဟာ တစ်ကမ္ဘာလုံး သက်ရောက်လာနေပါပြီ။ ဒီလိုခေတ်ပြိုင်တဲ့ လူမှုရပ်ဝန်းကို ခြယ်လှယ်တတ်သူ အုပ်စုသမားတွေရဲ့ အကြံအစည်တစ်ခုခု စိတ်ကူးယဉ်တဲ့ နိုင်ငံရေးစည်းမဲ့တစ်မျိုးပါပဲ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၂၁-၂၂၆၊ အဝိဟိံသာနိုင်ငံရေး (၂၆)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.