Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂၄)

သူတစ်ပါး၏ အကျိုးစီးပွားအတွက်ကြောင့် မိမိ၏ အကျိုးစီးပွားကို မဆုတ်ယုတ်ပါစေနှင့်။ မိမိ၏ အကျိုးစီးပွားအတွက် မိမိ၏ အကျိုးစီးပွားကို တိုးပွားအောင် အားထုတ် လုပ်ကိုင်ပါ။

အတောင်ကျွတ်တဲ့ ကြိုးကြာအို

နိုင်ငံရေးသမားဟာ ညည်းတွားလာပြီဆိုရင် အရှိန်ကုန်တဲ့မြားလို၊ အတောင်ကျွတ်တဲ့ ကြိုးကြာအိုလိုပဲ ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်း မစောင့်ရှောက်ဘဲ နေကြတာကို တွေ့ရတယ်။ ဒီလို အကျိုးစီးပွားမရှိတဲ့အလုပ်ကို လွယ်လွယ်လေးနဲ့ အလွှမ်းမိုးခံလိုက်ရင် မိမိကိုယ်တိုင်ပဲ အကျိုးမဲ့သွားတယ်။ ကိုယ့်ကိုယ်ကိုယ် ပျက်စီးအောင် လုပ်တဲ့သူဟာ ပညာမဲ့သူပဲ ခေါ်ရမှာပါ။ ပညာမဲ့တဲ့သူဟာ များသောအားဖြင့် ယုတ်မာတယ်။ ယုတ်မာတဲ့သူဟာ ကောင်းတဲ့အယူ (အတွေးအခေါ်)တွေ မရှိပါ။ အယူဝါဒမကောင်းရင် တရားသဖြင့် အသက်မမွေးမြူပါ။ ကောင်းတဲ့သူတွေရဲ့ စကားကိုလည်း မနာယူပါ။

နောက်ပြန်လှိုင်း

မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲဟာ ထူးထူးခြားခြား ပြောင်းလဲနေသလို ထင်ရ ပေမယ့် ဖြောင့်ဖြောင့်မတ်မတ် သေသေသပ်သပ်တော့ ပြောင်းလဲပုံ မပေါ်ပါ။ အပြောင်းအလဲ တစ်ခုဟာ ဖောက်ပြန်တဲ့ နောက်ပြန်မှုတွေ ဖြစ်လာတတ်တယ်။ နိုင်ငံရေးနောက်ပြန်လှိုင်း (Political Reverse Wave) ဟာ အေဒီ ၁၉၂၂-၄၂ (ပထမ နောက်ပြန်လှိုင်း)နဲ့ အေဒီ ၁၉၅၈-၇၅ ခုနှစ် (ဒုတိယ နောက်ပြန်လှိုင်း) ဖြစ်ပေါ်ခဲ့ဖူးတယ်။ ပထမ နောက်ပြန်လှိုင်း တုန်းက ဒီမိုကရေစီလမ်းကြောင်း သွေဖည်သွားတာတွေ၊ အစဉ်အလာ အာဏာရှင်စနစ်များ၊ရက်စက်တဲ့ ပါတီအာဏာရှင်များ တစ်ကျော့ပြန်လိုက်လို့ လက်ဝဲကဲတဲ့သူတွေ မြူးနေတာပေါ့။ ဒုတိယ နောက်ပြန်လှိုင်းရောက်တော့ အာဏာရှင်စနစ်၊ စစ်တပ်စိုးမိုးမှုစနစ်၊ ဗျူရိုကရက်တစ် တွေ တင်းပြည့်ကျပ်ပြည့် လှိုင်းထန်နေတာပေါ့။ နောက်ပြန်လှိုင်း နိုင်ငံရေးခရီးဟာ တချို့ လက်အောက်ခံ တိုင်းပြည်ငယ်တွေက “လူမှုဘဝနိုင်ငံရေး” ကျင့်သုံးမှုလုပ်တာတွေ ပေါ်လာ တာ ရှိနေတယ်။ အကောင်းနဲ့ အဆိုး ဒွန်တွဲတဲ့သဘောပါ။

ဒီမိုကရက်တစ်အစိုးရကြောင့်

ဒွန်တွဲတဲ့ သဘောတရားတစ်ခုကို ပြောပြမယ်။

ဥပမာ ယနေ့ ကျင့်သုံးနေကြတဲ့ “ဒီမိုကရေစီစနစ်”ဟာ –

(၁) လွတ်လပ်ခွင့် အားကောင်းရင် ဒီမိုကရေစီ မြင့်တက်တယ်။
(၂) လွတ်လပ်ခွင့် အားနည်းရင် ဒီမိုကရေစီ နိမ့်ကျတယ်
ဆိုတဲ့ သဘောမျိုးပါ။ (လွတ်လပ်ခွင့် မရှိရင် ဒီမိုကရေစီမရှိတဲ့ သဘောပါ) တစ်ဦးချင်း အခွင့်အရေးနဲ့ လွတ်လပ်ခွင့် ရထားရင်တော့ စည်းကမ်းမဲ့တဲ့ လွတ်လပ်ခွင့်တွေ၊ လွန်ကျွံတဲ့သဘောတွေ တွေ့ရမယ်။ နောက်ဆုံး လွတ်လပ်ခွင့်နဲ့ပဲ အလွဲသုံးမှုတွေ လုပ်လာမယ်။ အဲဒီလို ဖြစ်လာရင် အစိုးရဟာ ဒီမိုကရက်တစ် ဖြစ်ရမယ်။ ပြည်သူတွေအပေါ် အကြမ်း မဖက်ဘဲ ပျော့ပျောင်းညင်သာသိမ်မွေ့တဲ့ နိုင်ငံရေးမူဝါဒသဘောကို သွားရမယ်။ အဲဒီလို ဒီမိုကရက်တစ်အစိုးရကြောင့် ဒီမိုကရေစီမူဝါဒတွေ တည်မြဲနေတာပါ။

ဒီမိုကရက်တွေ ဘဝင်မြင့်လွန်းရင်

ဒီမိုကရေစီမူဝါဒတည်မြဲ (ခိုင်မြဲ) လိုကြတဲ့ တိုင်းပြည်တွေဟာ –
(၁) အတိုက်အခံနဲ့
(၂) အမြင်မတူသူများအတွက် လမ်းကြောင်းထားရပါတယ်။

အလျှော့၊ အတင်း လမ်းကြောင်းထားကြတာကြောင့် အကြမ်းဖက်နိုင်မယ့် အခွင့် အလမ်းတွေ မပေါ်လာနိုင်ပါဘူး။ ပေါက်ကွဲမှုတွေ ဖြစ်မလာနိုင်ပါဘူး။ လူတွေကတော့ ဒီမိုကရေစီပျံ့နှံ့မှုဟာ ကမ္ဘာ့ငြိမ်းချမ်းရေး ပျံ့နှံ့မှုပါပဲ ဆိုပြီးတော့ တင်စားကြတယ်။ ဒီမိုကရေစီ တိုင်းပြည်တွေဟာ အာဏာရှင်တိုင်းပြည်တွေနဲ့ စစ်မဖြစ်ခဲ့တာ မရှိပါ။ စစ်ဖြစ်ခဲ့တဲ့စနစ်ဟာ ငြိမ်းချမ်းရေး ဘယ်လိုဖြစ်နိုင်မလဲ ဆိုတာ စဉ်းစားရင် သိနိုင်ပါတယ်။ ဒီမိုကရက်တစ်ကမ္ဘာ မရှိရင် အကြမ်းဖက်မလွတ်မြောက်နိုင်ပါဘူး။ ခေတ်သစ်ကမ္ဘာဟာ ဒီမိုကရက်တစ်ဦးဆောင်တိုင်းပြည်ဖြစ်မှငြိမ်းချမ်းမယ်။ဒါကြောင့်ဒီမိုကရေစီနိုင်ငံရေးမူဝါဒကျင့်သုံးတတိုင်းပြည် တိုင်းဟာ ဘဝင်မြင့်လို့မရပါ။ ဒီမိုကရက်တွေ ဘဝင်မြင့်လွန်းရင် ဒီမိုကရေစီအဖွဲ့အစည်းတွေ အခက်အခဲ အကျပ်အတည်း ဖြစ်တတ်တယ် ဆိုတာ သိထားရမယ်။

ဒီမိုကရေစီလှိုင်း ကူးပြောင်းခါစ

ကမ္ဘာ့နိုင်ငံတွေကို လေ့လာပါ။ ဒီမိုကရေစီမူဝါဒဘက်ကို ကူးပြောင်းလာမှု များလာ ရင် ဒီမိုကရေစီလှိုင်းတွေ ထလာတတ်ပါတယ်။ ဒီမိုကရေစီလှိုင်းထရင် ပဒေသရာဇ်တွေ၊ ဘုရင်စနစ်တွေ၊ ဖက်ဆစ်စနစ်တွေ၊ ကိုလိုနီတွေ၊ တစ်ပါတီကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေ၊ စစ်အုပ်ချုပ်ရေးစနစ်တွေ တုန်တုန်လှုပ်လှုပ် ဖြစ်နေတတ်တယ်။ ကူးပြောင်းမှု လှိုင်းကြီးထရင် တော်လှန်ရေးတွေ၊ ဆန့်ကျင်ဘက်တွေ၊ လှုပ်ရှားမှုတွေအမျိုးမျိုး တွေ့ရတတ်တယ်။ ယခု မြန်မာပြည်မှာလည်း ဒီမိုကရေစီလှိုင်း ကူးပြောင်းခါစအချိန် ဖြစ်တာကြောင့် လှိုင်းမကြီး (လှိုင်းမထန်)ဖို့ လိုပါတယ်။ လှိုင်းထတော့မယ်။ ညင်သာတဲ့လှိုင်း ဖြစ်ဖို့ လိုပါတယ်။ ညင်သာတဲ့လှိုင်း မဖြစ်ရင် (၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၄၁၇၊ ၄၁၈(က)(ခ) နဲ့ မိရင်တော့) ဒီမိုကရေစီအခွင့်အရေးနဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးတစ်ရပ်ရပ်တော့ ဆုံးရှုံးဖို့ သေချာတယ်။ အဲဒီလို အကြိမ်များများ မူလအခွင့်အရေး ဆုံးရှုံးမှုများတဲ့ တိုင်းပြည်များ ဟာ ဒီမိုကရေစီ ဆန့်ကျင်ဘက်လှိုင်းလုံးကြီးတွေ ထန်လာပြီး ဒီမိုကရေစီနိုင်ငံရေး ကျဆုံး သွားတတ်ပါတယ်။ ဒီအတက်အကျသဘောတရားကို နားမလည်ရင် ဒီမိုကရေစီနိုင်ငံရေး ချည်းပဲ အကောင်းဆုံး ဖြစ်နေတယ်လို့ပဲ ထင်နေကြတယ်။ ကျင့်သုံးမှုမရှိတဲ့ မူဝါဒတွေဟာ အောင်မြင်မှု မရသလို အောင်မြင်မှုမရှိတဲ့မူဝါဒဟာ လှိုင်းထလွန်းရင် အခွင့်အရေး ဆုံးပါး သွားတတ်ပါတယ်။

ဖြစ်နိုင်ခြေသဘော

နိုင်ငံရေးသဘောတရားဟာ
(၁) ဖြစ်နိုင်ခြေသဘောတရား probable
(၂) အဖြစ်နိုင်ဆုံး သဘောတရား most possible
ဒီတရားနှစ်ပါးနဲ့ လေ့လာသုံးသပ်နိုင်ပါတယ်။ ယနေ့ မြန်မာပြည် ဒီမိုကရေစီ လမ်းကြောင်းဟာ နိုင်ငံတကာဆက်ဆံရေးတွေ၊ အာဏာခွဲဝေမှုတွေ၊ လူမှုအဖွဲ့အစည်းအပေါ် အကျိုးဖြစ်ထွန်းမှုတွေ ဘာတွေများ ပြောင်းလဲသွားသလဲ။ ဒါမှမဟုတ် အကျိုးအမြတ်ကိုယ်စီ (ဟောက်တိုင်း) ရကြရဲ့လားစတဲ့ ဖြစ်နိုင်ခြေသဘောတရားတွေကို လေ့လာကြည့်ရင် မြင်နိုင် ပါတယ်။ ဖြစ်နိုင်ခြေရှိ မရှိ ဆိုတာလည်း ကျင့်သုံးလိုက်နာတဲ့ လူထုအပေါ်မှာ မူတည်ပါ တယ်။ ကျင့်သုံးမှုမပြုတဲ့ လူထုဖြစ်ရင်တော့ ဖြစ်နိုင်ခြေမရှိ သင်္ကေတတစ်ခုနဲ့ မှတ်သားနိုင်ပါတယ်။

အဖြစ်နိုင်ဆုံးသဘော 

အဖြစ်နိုင်ဆုံးသဘောတရားနဲ့ သုံးသပ်ကြည့်ရင် မြန်မာလူထုဟာ ဒီမိုကရေစီကို စိတ်ဝင်စားမှု အများဆုံး ရှိကြတာကြောင့် ဖြစ်နိုင်ခြေ ရှိတယ်။ အဖြစ်နိုင်ဆုံး ဖြစ်တယ်လို့ သတ်မှတ်နိုင်တယ်။ ဒီမိုကရေစီနိုင်ငံရေးလမ်းကြောင်းပေါ်ကို တက်လာပြီဆိုရင် ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်အုပ်စုကို အရေးမစိုက်ဘဲ မရပါ။ သတိပြုရသေးတယ်။ စီးပွားရေး ပြောင်းလဲ လာရင် နိုင်ငံရေးပုံစံ ပြောင်းလဲလာတာပဲ။ ဒီမိုကရေစီဆိုတာ စီးပွားရေး ရေခံမြေခံ နေရာ ကောင်းရတယ်။ စီးပွားရေးမကောင်းဘဲ ဒီမိုကရေစီတိုင်းပြည် တည်ထောင်ရင် ဆန္ဒပြပွဲ သက်သက်ပဲ အချိန်ကုန်သွားမယ်။

ဆန္ဒပြပွဲနဲ့ အချိန်ကုန်တဲ့ ဒီမိုကရေစီနိုင်ငံတွေဟာ-
စီးပွားရေးဓနကြွယ်ဝမှု၊
ဈေးကွက်စီးပွားရေးကောင်းစားမှု၊
စနစ်ဟောင်းများ ပျက်သုဉ်းမှု၊
အရင်းရှင်အားကောင်းမှု၊
လူလတ်တန်းစားအလွှာ အားကောင်းမှု၊
ပညာရေးမြင့်မားမှု၊
ယဉ်ကျေးမှုအားကောင်းမှု၊
ပညာတတ်အုပ်စု အားကောင်းမှ
စတဲ့ အကြောင်းတရားတွေ အားရှိမှာ မဟုတ်ပါ။

အဲဒီလို အကြောင်းမကောင်းတဲ့ အပြောင်းအလဲများတဲ့ တိုင်းပြည်ဟာ –
(က) လူမှုအခြေခံအားနည်းတာတွေ၊
(ခ) ခေါင်းဆောင်များ အစွန်းရောက်ပေါ်လစီ မကျွတ်တာတွေ၊
(ဂ) စီးပွားရေးဆုတ်ယုတ်တာတွေ၊
(ဃ) စစ်ပွဲကြီးများတာတွေ ဖြစ်ပြီး နိုင်ငံရေး သံသရာလည်ခံနေရတယ်။ ဒီအတွက် သင်ခန်းစာတွေ ယူထားသင့်တယ်။

ခေါင်းဆောင်မဖြစ်ထိုက်သူ

ဒီမိုကရေစီအစိုးရဟာ အစွန်းရောက်တဲ့သူ၊ အဂတိလိုက်စားတဲ့သူ၊ တည်ငြိမ်မှုကို လက်မခံတဲ့သူ ပါလာရင် ခရီးမတွင်ကျယ်ပါ။ ဖြုတ်ချမှု၊ ဝင်စွက်မှု၊ ဖိအားပေးမှုကြောင့် ရွေးကောက်ပွဲ ခဏ ခဏ ခဏ ခဏ လုပ်ရတယ်။ တစ်လှည့်စီစနစ်ကြောင့ကျွံနစ်ကုန်တာပဲ။ဒီလိုကျွံနစ်ရတာဟာခေါင်းဆောင်တဲ့သူ ညံ့ဖျင်းလို့ပါပဲခေါင်းဆောင်ညံ့ဖျင်းရင် အာဏာသိမ်းမှု(ခဏ ခဏ) ဖြစ်ပွားတတ်တယ်။ အာဏာသိမ်းတယ် ဆိုပေမယ့် ဒီမိုကရေစီ အတွေ့အကြုံ ရှိပြီးသား တိုင်းပြည်ဖြစ်ရင်တော့ မစိုးရိမ်ရပါ။ ပွင့်သစ်စ ဒီမိုကရေစီတိုင်းပြည်သာ ဖြစ်မယ်ဆိုရင်တော့ မူလပြန်တတ်တယ်။ (မူလကလာတဲ့ နိုင်ငံရေးပေါ်လစီအတိုင်း ပြန်ဖြစ်တတ် တယ်) အဲဒီလိုမျိုး ပြန်ဖြစ်သွားတဲ့ တိုင်းပြည်ဆိုရင် ညံ့ဖျင်းတဲ့ ခေါင်းဆောင်တွေရဲ့ အဖြစ်က တိုင်းပြည်အတွက် တရားခံအစစ် ဖြစ်သွားကြတာပဲ။ တွေဝေသူ၊ ညံ့ဖျင်းတဲ့သူတွေဟာ ခေါင်းဆောင်မဖြစ်ထိုက်တာ အမှန်ပါပဲ။

ခေါင်းဆောင်သူရဲ့ အရည်အချင်း

တိုင်းပြည်အုပ်ချုပ်တဲ့သူဟာ နိုင်ငံရေးအာဏာ ဆုတ်ယုတ်ကျဆင်းမှု မရှိအောင် ထိန်းသိမ်းနိုင်ရမယ်။ တည်ငြိမ်ရင့်ကျက်ရမယ်။ စီးပွားရေး မထိုင်းမှိုင်းအောင် ထိန်းသိမ်းပေး ရမယ်။ အခက်အခဲမများဖို့ နေတတ်ရမယ်။ ကျင့်သုံးတဲ့ နိုင်ငံရေးမူဝါဒကို ချင့်ချိန်တတ်ရ ) နှင့်လို မယ်။ ကွာခြားချက်သိရမယ်။ မူနဲ့လူ နှစ်မျိုးကို တွေဝေညံ့ဖျင်းမှု မရှိ(မဖြစ်)အောင် ပြင်ဆင် တတ်ရမယ်။ လဲလှယ်မှုတတ်ရမယ်။ အကွက်အကွင်း ဖြည့်စွက်တတ်ရမယ်။ စကားနဲ့တရား (နိုင်ငံရေးသဘော) သဘောကို လက်တွေ့ကျရမယ်။ ကျင့်သုံးနိုင်တဲ့ဥပဒေကို ကျင့်သုံးစေပြီး ကျင့်သုံးအပ်တဲ့ ဥပဒေကို မဆုတ်ယုတ်အောင် ပြဋ္ဌာန်းပေးတတ်ရမယ်။ ပဋိပက္ခပေါ်ရင် ခေါင်းအေးအေးထားပြီး ဖြေရှင်းတတ်ရမယ်။ ပြဿနာဖန်တီးသူကို အရင်းအမြစ် နားလည် ရမယ်။ ဝိရောဓိ (ဆန့်ကျင်မှု) အရင်းအမြစ်ကို ဆက်စပ်တဲ့ ကွန်ချာစက်ဝန်းကျွမ်းကျင်ရမယ်။ သုံးသပ်မှု၊ ဆင်ခြင်မှ မြဲရမယ်။ အလုပ်နဲ့တူသူ ဖြစ်အောင် လုပ်တတ်ရမယ်။ အလုပ်မများသူ ဖြစ်အောင် နေတတ်ရမယ်။ မြင်ရာ၊ ကွယ်ရာ၌ အထင်သေးမှု ပြုမူချက်များ ရှောင်ရှားတတ် ရမယ်။ အကျင့်သဘောကို အလုပ်သဘောမဖြစ်ဖို့ စီမံမှု လိမ္မာရမယ်။ အပြုသဘောကို သေချာမှု၊ ဟုတ်မှန်မှ ရှုမြင်တတ်ရမယ်လို့ ခေါင်းဆောင်သူရဲ့ အရည်အချင်းအချို့ကို တွေ့ရ တယ်။ (အရည်အသွေးအချို့ကို တွေ့ရတယ်)

ပြည်သူတွေ တာဝန်ကျေပွန်ပါ

နိုင်ငံရေးမူဝါဒတစ်မျိုးဟာ ကျင့်သုံးမှုမတတ်ရင် နောက်ပြန် (ဘက်ပြန်)တတ်တယ်။ နိုင်ငံရေးချဲ့ကားတာတွေ၊ အတိုက်အခံတွေ ခြိမ်းခြောက်တာတွေ၊ တစ်ဖက်သတ် ပြုမူမှုတွေ သတိထားရတယ်။ အဲဒီ ပြုမူချက်ဟာ နောက်ပြန်နိုင်တဲ့ နိုင်ငံရေးပဲ။ နိုင်ငံရေးစနစ်ဟာ အားနည်းခြင်း မရှိရပါ။ မှားယွင်းမှု မရှိရပါ။ အတုအယောင် မပါရပါ။ ညံ့ဖျင်းတဲ့အုပ်ချုပ်မှု မဖြစ်ရပါ။ အာဏာသုံး မလွန်ရပါ။ အခွင့်ထူးခံ စီးပွားရေးသမားတွေကို ထိန်းနိုင်ရမယ်။ ငွေများ တရားနိုင် မဖြစ်ရ။ နိုင်ငံသား တာဝန်မယူဘဲ ခေါင်းဆောင်တွေကို အုပ်ချုပ်ရေးမှာမပါရ။ မိသားစုအကျိုးစီးပွားလုပ်သူ မပါရ။ မိမိအသိုက်အဝန်းကြည့်တဲ့သူ မပါရ။ ကျွမ်းကျင်မှ မရှိတဲ့သူတွေ မပါရပါ။ ယောင်မှားမှားလုပ်တတ်သူ၊ တိမ်းညွတ်လွယ်သူ၊ တစ်ပိုင်းသမား (အာဏာရှင်တစ်ပိုင်း၊ စီးပွားရေးတစ်ပိုင်း) မပါဝင်အောင် သတိပြုရမယ်။ ဒီပုဂ္ဂိုလ်တွေဟာ ဝယ်လိမ် (မဲဝယ်၊ မဲလိမ်) ဖောက်ပြန်တဲ့သူတွေပါ။ ဒီသူတွေ နိုင်ငံရေးဝင်ခွင့်ရလေသမျှ ကာလပတ်လုံး “နိုင်ငံသား”စစ်စစ်ဖြစ်တဲ့ပြည်သူတွေ နိုင်ငံရေးထဲမှာ ဝင်ရောက်နိုင်မှာ မဟုတ်ပါ။ ရွေးကောက်ပွဲမှာ ပြည်သူတွေ မိမိတာဝန်ကို ကျေပွန်ဖို့ လိုပါတယ်။

စံပြနိုင်ငံ မဖြစ်ပါ

ဒီမိုကရေစီကျင့်စဉ်နဲ့ ကျင့်သုံးတဲ့ နိုင်ငံရေးဟာ များသောအားဖြင့် ပြည်သူတွေရဲ့ အသံကို နားထောင်စေတယ်။ (နားထောင်ခိုင်းတယ်) အသံကြောင့် ဖားသေနိုင်ငံရေးမဖြစ်တဲ့ ပုံစံပါ။ နိုင်ငံရေးထဲကို လူထုတွေ ဘယ်လောက် ပူးပေါင်းပါဝင်ကြသလဲ၊ ဘယ်လောက် စိတ်ဝင်စားကြသလဲ ဆိုတာ အမြဲတမ်း ထိတွေ့နေရမယ်။ ထိတွေ့မှု မရှိတဲ့ နိုင်ငံရေးဟာ အရည်အချင်း မတက်ပါ။ အရည်အချင်းမတက်ရင် လိုအပ်ချက်ရှိပြီ ဆိုတာကို သိထားရမယ်။ ဒီမိုကရေစီနိုင်ငံရေးဟာ “ပြည်သူတွေ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေ ဘယ်လောက် ကာကွယ် ပေးနိုင်သလဲ” ဆိုတဲ့ စံနှုန်းနဲ့ထားတဲ့ အဆုံးအဖြတ်ပါပဲ။ အဆုံးအဖြတ်မရှိတဲ့ ဒီမိုကရေစီ (လူမှုဘဝနိုင်ငံရေး) ဟာ စံပြနိုင်ငံမဖြစ်ပါ။ စံပြမဖြစ်ရင် ဒီမိုကရေစီကို မယုံကြည်တော့ပါ။ ယုံကြည်မှုပျောက်ကွယ်ရင် ကျင့်သုံးမှုလည်း ပျောက်တယ်။ ကျင့်သုံးမှုမရှိရင် ပျက်သုဉ်းမှုပဲ အဖြေ ရှိတော့တယ်။ ဒီအဖြေဟာ ဒီမိုကရေစီ မဖြစ်ထိုက်သူ (မရထိုက်သူ)တွေရဲ့ လုပ်ရပ် ပါပဲ။ ဆင်းရဲတဲ့တိုင်းပြည်တွေ ဒီမိုကရေစီ နောက်ပြန်ဖြစ်သွားကြတာဟာ ဒီသဘောတရား ရောက်သွားလို့ပါပဲ။

အမြတ်ထုတ်စားတဲ့ နိုင်ငံရေး

ဒီမိုကရေစီတိုင်းပြည်တိုင်းမှာ စီမံအုပ်ချုပ်မှု၊ ထိန်းကျောင်းမှု တော်ရမယ်။ ထိထိမိမိကျွမ်း ကျင်ရမယ်။ မတော်မကျွမ်းကျင်ရင် အကြမ်းဖက်မှုတွေ၊ စီးပွားပျက်မှုတွေ တွေ့ရတတ်တယ်။ စီမံအုပ်ချုပ်မှု မတော်ရင် မတိုးတက်ပါ။ မတိုးတက်ရင် မထိန်းနိုင်ပါ။ အကျင့်ပျက် လာဘ် ပေးမှု၊ လာဘ်ယူမှု၊ လာဘ်စားမှုတွေ များပြားပြီး မျက်နှာလိုက်မှု၊ မသမာမှု၊ ကိုင်တွယ်ဖို့ ပျက်ကွက်မှုတွေ များပြားလာတယ်။ အကျင့်ပျက်တဲ့ အဆိပ်တွေ တက်ပြီး ရှုပ်ထွေးလာတယ်။ တည်ငြိမ်မှု ဘေးမကင်းမှုတွေများလာပြီးညံ့ဖျင်းတဲ့အုပ်ချုပ်ရေးစနစ်တွေထလာတယ်။နိုင်ငံရေးအမြင်မရှိတစရိုက်သမားတွေ ကြီးစိုးလာပြီး လူ့အဖွဲ့အစည်း အကျိုးတွေ အားနည်းလာတယ်။ ကန့်သတ်ပိတ်ပင်မှုများ ပေါ်လာတယ်။ ကိုယ်ကျိုးတွက် ဈေးကွက်ပြိုင်တဲ့သူ၊ခေါင်းပုံဖြတ် အမြတ်ကြီးစားတဲ့သူတွေ များပြားလာတယ်။ အစိုးရသူကိုယ်တိုင်က အပြုအမူ ကြမ်းတမ်းလာပြီး သံသယစိတ်ကြီးလာတယ်။ နိုင်ရှုံးအပြတ် စိန်ခေါ်မှုတွေ ဖြစ်လာတယ်။ တစ်ဖက်စောင်းနင်း မညီမျှမှု၊ ထက်အောက် မှီခိုကင်းမှု၊ လက်သပ်မွေးမှု၊ ဖိနှိပ်မှုတွေ ဖောက်ပြန်တဲ့ လုပ်ရပ်တွေ ပေါ်လာပြီး သူ့ထက်ငါ အာဏာလုပွဲတွေ ကြဲကြတယ်။ မူလ ရည်ရွယ်ချက်များ ပျောက်ကွယ်ပြီး တိုင်းပြည်အပေါ် အမြတ်ထုတ်စားတဲ့ နိုင်ငံရေး ဖြစ်လာ တယ်။ (အမြတ်ထုတ်ခြင်းကို မဆိုလိုပါ)

ကောင်းမွန်တဲ့ ပြည်သူ့လူ့အဖွဲ့အစည်း

ယနေ့မြန်မာပြည်ဟာ လူထုနဲ့ အုပ်ချုပ်သူအကြား နိုင်ရာစားတဲ့ လူ့အဖွဲ့အစည်းတွေ ပေါ်လာပြီလား။ စွမ်းရည်ထက်မြက်တဲ့ လူ့အဖွဲ့အစည်းတွေ ဖြစ်လာကြပြီလား။ အခြေခံ စီးပွားရေးအတွက် ခိုင်မာတောင့်တင်းနေကြပြီလား။ ရင်းနှီးမြှုပ်နှံသူများ အခွင့်အရေးနဲ့ အခွင့်အလမ်းတွေ စနစ်ကျပြီလား ဆိုတဲ့ မေးခွန်းတွေကို မေးကြည့်ရင် အဖြေများ အမျိုးမျိုး ကြားရဦးမှာပဲ။ မြန်မာပြည်မှာ လူထုတွေ မချမ်းသာပေမယ့် ရိုးသားမှုရှိရင် အာဏာနဲ့ အခွင့်ထူးခံသမားတွေ၊ နိုင်ငံတော်ထံ ခိုးဝှက်တဲ့သူတွေ၊ ခေါင်းပုံဖြတ်သူတွေ၊ ဥပဒေလိမ်လည် တဲ့သူတွေ မပေါ်လာနိုင်ပါ။ ဒါကြောင့် ယနေ့ မြန်မာပြည်သူတွေဟာ တက်ကြွတဲ့ “နိုင်ငံရေး ရပ်ဝန်းအဖြစ် ခံယူကြပြီး ကောင်းမွန်တဲ့ ပြည်သူ့လူ့အဖွဲ့အစည်းဖြစ်အောင် ကြိုးစားရမယ်။ အပြစ်ပေးခံရမယ့်သူတွေကို ပြည်သူတွေ ထိန်းကျောင်းပေးနိုင်ရင် လုပ်နိုင်တဲ့ နိုင်ငံရေး ဖြစ်လာပြီ ဆိုတာကို သေချာစွာ မှတ်သားရမယ်။

မြန်မာပြည် နိုင်ငံရေးအပြောင်းအလဲဟာ
ထူးထူးခြားခြား ပြောင်းလဲနေသလို ထင်ရပေမယ့်
ဖြောင့်ဖြောင့်မတ်မတ် သေသေသပ်သပ်တော့ ပြောင်းလဲပုံ မပေါ်ပါ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၀၇-၂၁၃၊ အဝိဟိံသာနိုင်ငံရေး (၂၄)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.