Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ လိုရာပြည့်ပါစေ ။~~~~~~~~~~~~~

။ ဘုန်းကြီးကျောင်းသား
၁) စောဖြိုးဝေ
၂) စောအယ်ထူး
၃) စောထူးထူး( သွေးလင်းထက်) သုံးဦး
ကုသိုလ်ရွယ်စူး ကောင်းမှုပြုကြပါသည်။
လိုရာဆုထူးပြည့်ကြပါစေ။

တောင်ကလေးဆရာတော်
(၄.၉.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ နှစ် ၄၀ ပြည့် အမှတ်တရ ။

။ အေဒီ ၁၉၈၂ ခုနှစ်ကစပြီး တပည့်များစွာအတွက် လောကီပညာနဲ့လောကုတ္တရာပညာများ ကြိုးစားအားထုတ်ပေးခဲ့ပါတယ်။ ယနေ့ သက်တော်(၆၅) နှစ်ရောက်ခဲ့ပေမယ့် တပည့်တွေအတွက် အခြေခံပညာရေး ကြိုးစားဆောင်ရွက်အားထုတ်လမ်းညွှန်ပေးနေဆဲပါပဲ။

။ သက်တော်ကြီးရင့်လာလို့ ပယ်ထားရတဲ့အချက်အလက်တွေလည်း များစွာရှိလာနေလို့ ( ဒေါ်မာမာအေး ပြောခဲ့သလို မောင်အရင်လိုမဟုတ်တော့ဘူး, ဆိုသလိုပါပဲ) အိုခြင်းရှိတဲ့ရုပ်နဲ့ အိုလာရတဲ့ရုပ်တွေအကြောင်း ကိုယ်တိုင်အသိပါပဲ။

။ ငယ်ရွယ်သောကာလနဲ့ခုကာလနဲ့က တစ်ခြားဆီပါပဲ။ ဒါပေမဲ့ လူတိုင်းတော့ မတူညီကြပါ။ ရုပ်တရားရဲ့ဖြစ်တည်နေမှုဟာ အိုသောခါမှပိုနားလည်မိတယ်။ နေ့စဉ်အသုံးပြုရတဲ့ပစ္စည်းတစ်ခုဟာ အသုံးပြုဖန်များရင် ပျက်စီးလာနေသလို ခန္ဓာရုပ်မှာလည်း အိုနာနေမှုနဲ့ ပြောင်းလဲဖောက်ပြန်လာတယ်။

။ တရားရစရာတွေတော့ အများကြီးပါပဲ။ စွန့်လွှတ်ရတာတွေ၊စွန့်ခွာရမှာတွေ၊စွန့်ပစ်ရတာတွေ၊စွန့်ပယ်ရမှာတွေ တဖြေးဖြေးပဲသိမြင်လာတော့ အမှားနဲ့အမှန်တွေရဲ့အဖြေဟာ သိလာတော့တာပါပဲ။

။ လိုရင်းပြောလိုတာက နှစ်(၄၀) ကျော်တိုင်တိုင် တပည့်တွေကို ပညာတွေပေးပြီး ခုချိန်ထိတိုင် အနားမယူသေးဘဲ မြတ်သောပညာရေး ပေးအပ်ဝေငှနေဆဲပါပဲ။ တပည့်တွေသာ ပညာမယူကြဘဲ ရှိနေကြတာပါ။ ပေးသူဆရာက နှလုံးသားမှာ စေတနာအပြည့်အဝရှိနေဆဲပါပဲ။

။ ကိုင်း တပည့်တွေအားလုံး ပညာကိုဘယ်သူမှခိုးယူလို့မရဘူးဆိုတာကို တပည့်တွေကို ဆုံးမခဲ့ဘူးပြီးပါပြီ။ ” ပညာလိုချင်၊ပျင်းစိတ်ပြင်၊တန်းဝင်ဖြစ်အောင်လုပ်’ လို့တိုက်တွန်းပါရစေ။

တောင်ကလေးဆရာတော်
(၂၃.၈.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ သင် သိပါတယ် ။~~~~~~~~~~~~~

။ စေတနာမပါရင်
အရာရာမှာမပြည့်စုံနိုင်သလို
စေတနာကပဲ
အရာခပ်သိမ်းကို
သိမ်းကျုံးပါတယ်။

။ ကိုင်း
သင့်ရဲ့စေတနာအရင်းအမြစ်က
သင့်အတွက်ထက်
ဘယ်သူ့အတွက်ကို
ပို၍တန်ဖိုးထားပါသလဲ?
သင် သိပါတယ်။

( ဓာတ်ပုံကို ယူသုံးပါသည်။)

တောင်ကလေးဆရာတော်
(၁၁.၈.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ နိဗ္ဗာန်ရောက်မှ ငြိမ်းတယ် ။

~~~~~~~~~~~~~~~~~~~

ချက်ချင်းပျောက်သွားတယ်

။ ဘယ်ပုံဘယ်နည်း ဖြစ်နေသလဲဆိုရင်

ဘဝအသစ် ဖြစ်တယ်ဆိုတာ

ပဋိသန္ဓေစိတ်ကလေးက စဖြစ်တယ်။

စိတ်ကလေးက တစ်ကြိမ်တည်းပဲ

ဘာမှကြာတာ မဟုတ်ဘူး။

တစ်စက္ကန့် ဆယ်ပုံပုံ တစ်ပုံလည်း မကြာဘူး။အပုံတစ်ရာပုံလို့ တစ်ပုံလည်း မကြာဘူး။ပဋိသန္ဓေစိတ်ကလေး ဖြစ်ပြီး ချက်ချင်း ပျောက်သွားတယ်။

ဖြစ်ပြီးပျက်သွားပြီ

။ အဲဒီနောက်မှာ ပဋိသန္ဓေစိတ်က

ဖြစ်ပွား လာတဲ့ ဘဝင်စိတ် ဖြစ်တယ်။ဘဝင်စိတ်ကလည်း အဲဒီအတိုင်းပဲ။ ဘာမှကြာတာ မဟုတ်ဘူး။ စိတ်ဆိုတာ ဥပါဒ်, ဌီ, ဘင် ဆိုတဲ့အမည်တပ်ပြီးပြောလို့ရှိရင် ဖြစ်တာနဲ့ တည်တာနဲ့ ပျက်တာနဲ့ အဲဒီလောက်မြန်တယ်။ ဖြစ်ပြီး ပျက်သွားပြီ။

ပျောက်သွားရင်သေတာပဲ

။ ဘဝင်ဆိုတာ ဘဝရဲ့အစိတ်အပိုင်း၊

အဲဒီစိတ်တွေ မပြတ်ဖြစ်နေသမျှကာလပတ်လုံး အသက်ရှင်နေတယ်လို့ ဆိုရတယ်။

အဲဒီစိတ်တွေ အစဉ်ပြတ်သွားပြီး

နောက်ထပ် မဖြစ်လာဘူးဆိုရင် သေတာပဲ။

သေတယ်ဆိုတဲ့ နောက်ဆုံးစုတိစိတ်ဟာ

အဲဒီဘဝင်စိတ်ပဲ၊ ဘဝင်စိတ် ပျောက်သွားရင် သေတာပဲ။

ဘဝင်စိတ်ပြန်ဖြစ်တယ်

။ ဘဝင်စိတ်ကလေး ဖြစ်ပြီး ပျောက်တယ်။

နောက်ထပ် ဖြစ်ပြီး ပျောက်သွားပြန်တယ်။

အဲဒီလို ဆက်ခါ ဆက်ခါ ဖြစ်နေရင်းက

မြင်စရာရှိတဲ့အခါ ဘဝင်စိတ်အစဉ်က

တက်ကြွပြီး အိပ်ပျော်ရာက နိုးလာသလို

ဆင်ခြင်တဲ့စိတ် ဖြစ်တယ်။ဆင်ခြင်တဲ့စိတ်

ပျောက်သွားတော့ မြင်သိစိတ် ဖြစ်တယ်။

မြင်သိစိတ်ပြီးတော့ လက်ခံတဲ့စိတ်၊

စဉ်းစားတဲ့စိတ်၊ဆုံးဖြတ်တဲ့စိတ်၊

အဲဒီက နောက် ဇောစိတ် ခုနစ်ကြိမ်၊တဒါရုံ နှစ်ကြိမ်၊ အဲဒီလို စိတ်တွေ အဆက်မပြတ် ဖြစ်သွားတယ်။ အဲဒါကို “တစ်ဝီထိ” ခေါ်တယ်။ အဲဒီ ဝီထိဆုံးသွားရင် စိတ်တွေ

အားလျော့သွားတာပဲ။ စိတ်တွေ အားလျော့သွားတော့ ဘဝင် ပြန်ကျသွားတယ်။ ဘဝင်စိတ် ပြန်ဖြစ်တယ်။

သေတယ်လို့ခေါ်တယ်

။ အဲဒီလို မြင်လိုက်, ကြားလိုက်, နံလိုက်, စားလိုက်, တွေ့ထိလိုက်, အာရုံအထူးတွေ သိသိပြီးတော့ အဲဒီစိတ်တွေ ဆုံးသွားတာနဲ့

ဘဝင်စိတ်တွေဖြစ်တယ်။ တစ်ဆက်တည်း ဖြစ်နေတာ။ နေ့ရောညရော အများကြီးပေါ့။

တစ်စက္ကန့်အတွင်း စိတ်တွေ အကြိမ်ပေါင်းများစွာ ဖြစ်နေတယ်။ အဲဒီလိုဖြစ်နေရင်းနဲ့ နောက်ဆုံး သေရတော့မယ်ဆိုတော့

နောက်ဆုံးစိတ်ကလေးဖြစ်တယ်။ဘဝင်စိတ်ပါပဲ စုတိစိတ်ခေါ်တယ်။အဲဒီစိတ်ကလေး ချုပ်ပျောက်သွားတော့ စိတ်အသစ် မဖြစ်လာတော့ဘူး။ အဲဒီ အခါ သေတယ်လို့ ခေါ်တယ်။

အကုသိုလ်ကံကအကျိုးပေးပြန်တယ်

။ စိတ်ပျောက်တိုင်း ပျောက်တိုင်း

ရုပ်တွေလည်း ပျောက်လိုက်နေတာပဲ။စိတ်အသစ်တွေ ဖြစ်နေ သလို ရုပ်တွေလည်း ဆက်ပြီးတော့ အသစ်အသစ်တွေ ဖြစ်နေတာ။ အဲဒါကို “တစ်ဘဝ’လို့ ခေါ်တယ်။အမှန်စင်စစ်ကတော့ ရုပ်နာမ်အစဉ်တွေ

ဆက်ခါ ဆက်ခါ ဖြစ်နေတာပဲ။ပုဂ္ဂိုလ် သတ္တဝါလည်း မရှိပါဘူး။ နောက်ဆုံးစိတ်ကလေး ပျောက်သွားလို့ စိတ် အသစ်ကလေး မဖြစ်တာကို သေတယ်ဆိုရတာပဲ။သေတော့ ပြီးရော့လားဆို မပြီးသေးဘူး,

မိမိပြုထားတဲ့ ကုသိုလ်ကံ အကုသိုလ်ကံက

အကျိုးပေးပြန်တယ်။

အာရုံနိမိတ်တွေပေါ်လာတယ်

။ အကျိုးပေးဆိုတာ အားကောင်းတဲ့ကံ

ပေါ်လာတာ ပါပဲ။ ကံဆိုတာ မိမိပြုထားတဲ့ အမှုပေါ့။ ဒါမှမဟုတ် ကံပြုစဉ် အခါက တွေ့ခဲ့တဲ့ အာရုံနိမိတ် ပေါ်လာတယ်။ကမ္မနိမိတ် ခေါ် တယ်။ဒါမှမဟုတ် ဂတိနိမိတ် ပေါ်လာတယ်။ ကံက အကျိုးပေးတော့ ဖြစ်ရမယ့်

ဘဝအခြေအနေကို ဂတိနိမိတ် ခေါ် တယ်။

အိပ်မက် မက်သလိုပဲတဲ့။အာရုံနိမိတ်တွေ

ပေါ်လာတယ်။

စုတိစိတ်ဆုံးတာနဲ့

။ အဲဒီလို ကံ, ကမ္မနိမိတ်, ဂတိနိမိတ် သုံးခုထဲက တစ်ခုခုကို စွဲပြီးတော့ စွဲနေရင်းနဲ့နောက်ဆုံး စုတိစိတ်ကလေး ပြတ်သွားတာကိုး။ ပြတ်သွားပြီးတော့ အဲဒီစွဲတဲ့အာရုံကို အာရုံပြု ပြီး စိတ်အသစ်ကလေး ဌာနအသစ်မှာ ဖြစ်တယ်။ အဲဒီစိတ်ကို ပဋိသန္ဓေစိတ်လို့ ခေါ်တယ်။ ရှေ့ဘဝက စုတိစိတ် ပျောက်တာနဲ့ ဘ၀အသစ်၌ ပဋိသန္ဓေစိတ် ဖြစ်တာဟာကာလအခြား မရှိဘူး။ရှေ့စိတ်နောက်စိတ် ဆက်ရက်ပဲ။အခုမသေခင်အတွင်း စိတ်တစ်ခုပြီးတစ်ခု ဆင့်ခါဆင့်ခါ ဖြစ်နေရာမှာ အခြား မရှိသလိုပဲ စုတိစိတ်ဖြစ်ပြီးနောက် ပဋိသန္ဓေစိတ် ဖြစ်တာပဲ၊ ဒါပေမယ်လို့ သူဖြစ်တာဟာ ပထမကိုယ့်သန္တာန်မှာ ဆက်ပြီးတော့ ဖြစ်တာ မဟုတ်ဘူး။ ကံအားလျော်စွာ တခြားဌာနမှာ သွားဖြစ်တာ။ဝေးချင်ဝေး နီးချင်နီး ချက်ချင်းဖြစ်တာပဲ။

အခြားလည်း မရှိဘူး။စုတိစိတ် ဆုံးတာနဲ့

ပဋိသန္ဓေစိတ် ဖြစ်တာပဲ။

ဘဝသစ်မှာ

။ တရားထူးကို မသိရင် ရုပ်နာမ်အစဉ်က မငြိမ်းဘူး။ ပဋိသန္ဓေကနေပြီး တစ်ဘဝလုံး

စိတ်တွေ မပြတ်ဖြစ် သွားတယ်။

နောက်ဆုံးကျ စုတိစိတ်ရောက်ပြန်ပြီ၊

သေခါနီး စွဲတဲ့အာရုံကလေး အာရုံပြု ပြီးတော့ ဘဝသစ်မှာ ပဋိသန္ဓေစိတ် ကလေး ဖြစ်ပြန်ပြီတဲ့။

ဖြစ်တဲ့အခါလည်းဖြစ်တယ်

။ အဲဒီလိုချည်း ဖြစ်နေတာ၊ ကံအားလျော် စွာ

ငရဲဖြစ်တဲ့အခါလည်း ဖြစ်၊တိရစ္ဆာန်ဖြစ်တဲ့အခါလည်း ဖြစ်၊ ပြိတ္တာဖြစ်တဲ့အခါလည်း ဖြစ်၊အသူရကယ်ဖြစ်တဲ့အခါလည်း ဖြစ်၊

လူ့ဘဝဖြစ်တဲ့အခါလည်း ဖြစ်၊နတ်ဘဝဖြစ်တဲ့အခါလည်း ဖြစ်၊နတ်ပြည်ခြောက်ထပ်ဌာနတွေ ဖြစ်တဲ့အခါလည်း ဖြစ် ဈာန်ရလို့ရှိရင် ဗြဟ္မာပြည်မှာဖြစ်တဲ့အခါလည်း ဖြစ်တယ်။

သံသရာဆင်းရဲ

။ နောက်ဆုံးတစ်နေ့ကျ ဖြစ်ရာဘဝမှာ

အိုရတယ် နာရ တယ်, သေရတယ်။ သေပြီးလို့ရှိရင် ဘဝသစ် ဖြစ်ပြန်တယ်။ အဲဒီလို ဆင်းရဲတွေ တွေ့နေရတယ်။ အဲဒါ သံသရာဆင်းရဲတွေ တဲ့။

သံသရာလို့ခေါ်

။ သံသရာဆိုတာ ရုပ်နာမ်အစဉ်၊ပဋိသန္ဓေက နေပြီး တော့ စုတိစိတ်တိုင်အောင် စိတ်တွေအစဉ်မပြတ် ဖြစ်တယ်။ အဲဒီစုတိစိတ်က ပြတ်သွားပေမယ်လို့ နောက်ထပ် ပဋိသန္ဓေ စိတ်က နေပြီးတော့တစ်ဘဝလုံး ဖြစ်သွားပြန်ရော။ အဲဒီလို စိတ်အစဉ်တွေ မပြတ်ဖြစ်နေရာကို သံသရာလို့ ခေါ်တယ်။

ရုပ်နာမ်အစဉ်တွေပြတ်စဲသွားတဲ့အခါ

။ တရားအားမထုတ်လို့ တရားထူးကို မသိလို့ရှိရင် ဒီရုပ်နာမ်အစဉ်က ဘယ်တော့မှ မငြိမ်းဘူး။ကိလေသာ ရှိနေရင် တစ်ဘဝကသေရင်

တစ်ဘဝဖြစ် တစ်ဘဝကသေရင် တစ်ဘဝ ဖြစ်၊ ရုပ်နာမ်အစဉ်တွေ မပြတ် ဖြစ်သွားနေတာ။ တရားအားမထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာ

ရုပ်နာမ်အစဉ်သံသရာကြီးက ရှည်တယ်။

တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာ ရဟန္တာဖြစ်ပြီးတော့ ရုပ်နာမ်အစဉ်တွေ ပြတ်စဲသွား

တယ်၊ ပြတ်စဲသွားတဲ့အခါ နိဗ္ဗာန် ရောက်တာပဲ။

ကြောက်စရာ

။အဲဒီတော့ ရုပ်နာမ်အစဉ်တွေ မပြတ်ဖြစ်နေတာ ဒီဘက်ကမ်းပဲ။ဒီဘက်ကမ်းမှာ အိုရမယ်၊နာရမယ်၊သေရမယ်၊စိုးရိမ်ပူဆွေးရမယ်၊ငိုကြွေးရမယ်၊ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ

အမျိုးမျိုးတွေလည်း ဖြစ်ရမယ်။ ဘဝတိုင်း

ဘဝတိုင်း ဒီဆင်းရဲတွေကို တွေ့နေရမယ်။

ဒါကြောင့် ဒီဘက်ကမ်းဆိုတဲ့ ရုပ်နာမ်

အစဉ် သံသရာဟာ ဆင်းရဲတွေနဲ့ ကြောက်စရာကောင်းတယ်။

တခြားနည်းနဲ့မငြိမ်းဘူး

။ ရုပ်နာမ်အစဉ်တွေ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ဟာ

ဟိုဘက်ကမ်း တဲ့၊ တရားနှလုံးသွင်းအားထုတ်လို့ ကိလေသာတွေ ကင်းသွားပြီးတဲ့ ရဟန္တာပုဂ္ဂိုလ်မှာစွဲလမ်းမှု မရှိတော့ ကံကလည်း အကျိုး မပေးဘူး။ပရိနိဗ္ဗာန်ဆုံးသွားတာနဲ့ နောက်ထပ်ဘဝအသစ် ရုပ်နာမ်ခန္ဓာတွေ မဖြစ်လာတော့ဘူး။ ဆင်းရဲခပ်သိမ်း အကုန် ငြိမ်းတာ၊ဒီပုံ ဒီနည်းဖြင့်သာ ငြိမ်းတာ၊ တခြားနည်းနဲ့ မငြိမ်းဘူး။

ဒီလိုဟောကြတယ်

။ ဗုဒ္ဓဘာသာအပြင်ဘက်က ဘာသာခြားတွေက ဘယ့် နှယ်ဟောထားသလဲဆိုရင်

ဘုရားသခင်က ဖန်ဆင်းတယ်။ဘုရားသခင်ကို ကိုးကွယ်နေလို့ရှိရင်

ဘုရားသခင်က ကောင်းကင်ကို ကယ်တင်တယ်။ကောင်းကင်ဘုံမှာ ရောက်ပြီးတော့ မအို မနာ,မသေ အမြဲတည်နေရတယ်တဲ့ ဒီလိုဟောကြတယ်။

ဘဝအသစ်ဖြစ်ရင်

။ ဒါ ယုံကြည်ပြီးတော့ အဲဒီဘာသာဝင်တွေက သဘောကျတယ်။ သူတို့ယုံတဲ့အတိုင်း

တကယ်ရှိ မရှိကို ဆင်ခြင်ကြည့် နိုင်တယ်။

ရုပ်နာမ်တွေဟာ ဖြစ်ရင် ပျက်ရတာချည်းပဲ၊

ဖြစ်ပြီးမပျက်တာ ဘယ်ဟာမှ မရှိဘူး။

ကောင်းကင်ဘုံဆိုတာ တခြား မဟုတ်ဘူး,

နတ်ဘုံဖြစ်မှာပေါ့။သူက ကာမဂုဏ်အာရုံတွေ ခံစားနေနိုင်တာပဲ၊အဖိုအမတွေ အစုံရှိတာပဲ။ကာမဂုဏ်တွေ ခံစားနေရတာကို

ချမ်းသာနေတာလို့ သူတို့က ဒီလိုပြောတယ်။

အဲဒီနတ်ဘုံမှာလည်း သေရတာပါပဲ။

ဗြဟ္မာဘုံမှာလည်း သေရ တာပဲ။ ဘဝအသစ်ဖြစ်ရင် သေရတာချည်းပဲ။

နိဗ္ဗာန်ရောက်မှငြိမ်းတယ်

။ အဲဒီတော့ ဘဝသစ် ဖြစ်ကတည်းက

အဲဒီဘဝဆိုင်ရာ ဖြစ်တဲ့ ဆင်းရဲတွေ

ခံစားရတော့မယ်ဆိုတာ သေချာတယ်။

အဲဒီတော့ ဆင်းရဲတွေ ငြိမ်းတာက

နိဗ္ဗာန်ဆိုတဲ့ ဟိုဘက်ကမ်းပဲ။

နိဗ္ဗာန်ရောက်မှ ငြိမ်းတယ်။

( မဟာစည်ဆရာတော်ဘုရားကြီး)

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ အတ္တာနံ ဥပမံကတွာ ။

~~~~~~~~~~~~~~~~

။ ကိုယ်နှင့်လည်းစာ
သတ္တဝါကို
ကြင်နာလှစေ
သူ့အသက်ကို ချစ်ပါလေ။
( ရှင်မဟာရဋ္ဌသာရ)
(၅.၈.၂၀၂၅) ရက်နေ့။

Loading

Categories
ကရင်လူမျိုး စကားလက်ဆောင် ပညာသာမိ

။ ချည်ဖြူဖွဲ့မင်္ဂလာတော်နေ့ ။

~~~~~~~~~~~~~~~~~~~~

( မင်္ဂလာ လာခုဂ်ခါင်.စူး )

။ လှပကြည်ဖြူ
စိတ်ရင်းဖြူကြ
ချည်ဖြူမင်္ဂလာ ဝါခေါင်လ။

။ မြတ်မေတ္တာနေ့
မြတ်ဓလေ့မို့
ပျော်မွေ့မင်္ဂလာ ဝါခေါင်လ။

။ ဘေးကင်းရန်ကွာ
စိတ်ချမ်းသာစေ
သူငါဆုပေး ဝါခေါင်လ။

။ ကရင့်မျိုးနွယ်
လှမျိုးကြွယ်သည်
တင့်တယ်ပေါင်းစည်း ဝါခေါင်လ။

( ဝါခေါင်လပြည့် ကရင်အမျိုးသား ချည်ဖြူဖွဲ့မင်္ဂလာနေ့သို့ ရည်စူးဖွဲ့ဆိုပါသည်။)

တောင်ကလေးဆရာတော်
(၃.၈.၂၀၂၅) ရက်နေ့ ။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၃၅)

နိုင်ငံရေးကို ယုံကြည်ချက်ထားမှန်ရင် ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေး လူသားအတွက် တည်ဆောက်ပေးနိုင်ပါတယ်။

ဘယ်ကျင့်စဉ်ရောက်မှ လွတ်မြောက်နိုင်မလဲ

ယနေ့ ကမ္ဘာမှာ နိုင်ငံရေးမျက်နှာစာတွေ အမျိုးမျိုး ပြောင်းလဲလာပါပြီ။ ငြိမ်းချမ်း ရေးနဲ့ လွတ်မြောက်ရေးအတွက် နားလည်လာကြပါပြီ။ ငြိမ်းချမ်းတဲ့ လောကသားဘဝ ရောက်အောင် (ရပိုင်ခွင့်၊ ခံစားပိုင်ခွင့် ရောက်အောင်) လွတ်လပ်ခွင့်၊ မျှတခွင့်၊ ညီမျှခွင့်တွေ ကို စနစ်ကျကျ နေထိုင်စားသောက်နိုင်ကြပြီ။ လွတ်လပ်မှုကို အလိုရှိကြတဲ့ အသိစိတ်ဟာ အကျင့်ကောင်း၊ အကျင့်မြတ်တရား ရရန်(ရဖို့) အခြေခံရပိုင်ခွင့်လို့ ခေါ်နိုင်ပါတယ်။ လူတွေ ဟာ မလေးစားခြင်းကို အလွန် ရွံမုန်းကြပါတယ်။ လေးစားမှုရှိခြင်းကို တန်ဖိုးထားကြတယ်။ လူတွေ တန်ဖိုးထားတဲ့အရာတိုင်းဟာ ဘယ်အရေးမဆို မြင့်မားမှုဖြစ်လာတာပါပဲ။ လူမှုဘဝကို ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေးကျင့်စဉ် မပါရင် ဆင်းရဲခြင်း လွတ်ကင်းနိုင်မှာ မဟုတ်ပါ။ ဆင်းရဲခြင်းကို အလိုရှိခြင်းကြောင့် ဆင်းရဲမှုကင်းခြင်း မရနိုင်ပါ။ ဆင်းရဲခြင်း လွတ်မြောက် သော ဘဝဟာ ဘယ်ကျင့်စဉ်ရောက်မှ လွတ်မြောက်နိုင်မလဲ ဆိုတာ စဉ်းစားမိကြမှာပါ။

အမြတ်ဆုံးစိတ်ဓာတ်နဲ့ လုပ်ကျွေးတဲ့သူ

ဒီနေ့ ယုံကြည်စိတ်တွေ ထားပြီး နိုင်ငံရေးအလုပ်တွေ စုပေါင်းပြီး လုပ်နေကြတယ်။ ပစ္စည်းရဖို့၊ ဥစ္စာတိုးဖို့၊ ရာထူးကြီးဖို့၊ ဂုဏ်သတင်းကျော်ဖို့ မဟုတ်တဲ့ ရည်ရွယ်ချက်ထားတဲ့ နိုင်ငံရေးကို အများအကျိုးတာဝန်ကို ဦးဆောင်လုပ်နေတဲ့သူအဖြစ် သတ်မှတ်နေပြီ ဆိုကြ ပါစို့။ မိမိရဲ့လုပ်ငန်းတာဝန်ဟာ ပြည်သူ့ရေးရာ ဖွံ့ဖြိုးဖူလုံရေးအတွက် လုပ်ခဲ့ရတဲ့အလုပ်ကို လုပ်နေရပြီလို့ မှတ်ပါ။ အလွန် ကံကောင်းခြင်းကြောင့် ပြည်သူ့အကျိုးကို သယ်ဆောင် အားထုတ်ရသူအဖြစ် ဖြစ်ပြီလို့သာ မှတ်ပါ။ မွန်မြတ်တဲ့ စွန့်လွှတ်နစ်နာခံခြင်း အမျိုးမျိုးနဲ့ လုပ်ဆောင်ရတဲ့ ဘဝပါရမီနိုင်ငံရေးကို ကျေနပ်မှုပေါင်းစိတ်တွေ၊ ဝမ်းမြောက်အားရမှုပေါင်း စိတ်တွေ၊ ဖြစ်ခွင့်ကြုံရတဲ့ ဘဝရှိသူလို့ မှတ်ယူထိုက်ပါတယ်။ ယနေ့ ကမ္ဘာ့ဖြစ်စဉ်တွေကို ကြည့်ရင် တင်းမာမှုတွေ၊ တိုက်ခိုက်မှုတွေ၊ မကျေနပ်မှုတွေ၊ သိမ်းပိုက်မှုတွေ အလွန်ခေတ်ထ၊ ခေတ်စားလာတဲ့ကာလမှာ မိမိ ကိုယ်ပိုင်အတတ်ပညာရပ်နဲ့ လူထုအားအလုပ်အကျွေးပြုခွင့် ရခဲ့တာဟာ အမြတ်ဆုံးစိတ်ဓာတ်အစွမ်းတွေ ရခဲ့တယ်လို့ပဲ မှတ်ရမယ်။ ဆင်းရဲချမ်းသာ အများသူငါ အလုပ်အကျွေးခွင့်ကို အမြတ်ဆုံးစိတ်ဓာတ်နဲ့ လုပ်ကျွေးမှုရခဲ့တာကြောင့် လူမှုဘဝ နိုင်ငံရေးလောကအတွက် ကောင်းကျိုးလိုရာဆန္ဒများ အထွတ်အထိပ်သို့ ရောက်သွားပါပြီ။

လိုအင်မှု မပြည့်စုံလို့

သတ္တဝါတွေအကျိုးကို အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားတဲ့သူဟာ အလွန် ရှားပါးပါတယ်။ ယနေ့ ထိပ်တန်းရောက်တဲ့သူတွေကို ကြည့်ပါ။ အရည်အချင်း ပြည့်ဝလို့သာ ထိပ်တန်းရောက်နေကြတာပါ။ ထိပ်တန်းမရောက်ဘဲ သတ္တဝါတွေရဲ့ အကျိုးကို မသယ်ပိုးနိုင် ပါ။ ဘဝများစွာ မသယ်ပိုးနိုင်ပါ။ ဘဝများစွာ၊ သတ္တဝါများစွာ၊ အကျိုးများစွာ အရည်အချင်း အပြည့်အဝနဲ့ ကြိုးစားလုပ်ဆောင် အားထုတ်နိုင်တဲ့သူဟာ ငြိမ်ချမ်းရေးကို ပေးသူ၊ လွတ် မြောက်ရေးကို တည်ဆောက်ပေးတဲ့သူလို့ ဆိုနိုင်ပါတယ်။ ယနေ့ ကမ္ဘာ့လူသား (သတ္တဝါ) တွေဟာ ပြိုင်ဆိုင်မှု၊ မမျှတမှု၊ မိမိကိုယ်စိတ်တွေကို မထိန်းသိမ်းနိုင်မှု ဖြစ်နေကြတာဟာ လိုအပ်ချက်မြားမြောင်မှု ရှိကြလို့ပါ။ လိုအပ်ချက်များ၊ လိုအင်မှုများ မပြည့်စုံလို့ လိုရာအားလုံး မပြီးမြောက်နိုင်ပါ။ ချို့ယွင်းချက်များစွာ ဖြစ်နေရခြင်းအပေါ် သတ္တဝါတွေအမျိုးမျိုး ဖြစ်ပျက် မဆုံး ဖြစ်နေကြရတာပါ။

ဆင်းရဲမှုအားလုံးကို လွတ်ကင်းဖို့

အရှင်တို့ နေထိုင်တဲ့ မြန်မာပြည်ဟာ သီလကင်းမဲ့တဲ့ တိုင်းပြည် မဟုတ်ပါ။ အတ္တဝါဒ အယူရှိကြတဲ့တိုင်းပြည် မဟုတ်ပါ။ အာဏာတန်ခိုးကြီးချင်တဲ့တိုင်းပြည် မဟုတ်ပါ။ သီလ (ကိုယ်ကျင့်) စင်ကြယ်ရေးအဖြစ် တည်ထောင်ထားတဲ့ တိုင်းပြည်ဖြစ်လို့ ငြိမ်းချမ်းသော တိုင်းပြည်ကြီးတစ်ပြည်ပါ။ အကျင့်ကောင်းတရားနဲ့ အခြေခံထားတာကြောင့် အရာရာ ပြည့်စုံ သော တိုင်းပြည်တစ်ပြည်ပါ။ လူသားကောင်းကျိုးပြုအလုပ်ကို စုပေါင်းလုပ်ကိုင်ခွင့် (လုပ် ကိုင်မှု)ကို ရကြတဲ့ မြန်မာပြည်သားတွေဟာ မိမိရဲ့ တိုင်းပြည်ကို အရာခပ်သိမ်း ပြည့်စုံမှု၊ ပြည့်ဝသော တိုင်းပြည်ကြီး၊ အခြံအရံအားလုံးကို မည်သို့ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတာကို ဆင်ခြင်စဉ်းစားကြပါ။ အရှင်တို့ဟာ မစုရုံးနိုင်လို့၊ မစုစည်းနိုင်လို့၊ မပေါင်း ဖက်နိုင်ကြလို့၊ မရိုသေနိုင်ကြလို့၊ မမြတ်နိုးနိုင်ကြလို့၊ မုန်းတီးမှုအာဃာတစိတ်တွေနဲ့ နေထိုင် ကြလို့ မဟုတ်ဘဲ ခပ်သိမ်းသော အရာဝတ္ထု ဟူသမျှ (အားလုံး)ကို လိုလိုလားလား စွန့်လွှတ် လေ့ကျင့်ထားကြတဲ့သူတွေပါ။ လူသားကောင်းမှု၊ လူသားကောင်းကျိုးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့သူဟာ မိမိရဲ့ ရပိုင်ခွင့် အခွင့်အရေးအားလုံးကို စွန့်လွှတ်ရမယ်။ စွန့်လွှတ်ရတဲ့ ဒီလိုဘဝမျိုးကို အားထုတ်ကြိုးစား လုပ်ကိုင်ရမယ်။ ဒီလိုဘဝမျိုး ကြိုးစားအားထုတ်ခွင့် ရကြတာဟာ ဆင်းရဲမှုအားလုံးကို လွတ်ကင်းဖို့ပဲ ဖြစ်ပါတယ်။

ယှဉ်ပြိုင်လို့ အောင်မြင်တဲ့အလုပ်

ဆင်းရဲမှုအမျိုးမျိုးကို သနားခြင်းတရားနဲ့ ဖြည့်ဆည်းပေးရမယ့်အလုပ်ဟာ လူသား အားလုံးတို့နဲ့ သက်ဆိုင်ပါတယ်။ ဆင်းရဲရေးကို အရေးဆိုတဲ့သူတွေကို သနားကြင်နာမှုအရေးနဲ့ အရေးပြိုင်ဆိုင်ရမှာပဲ။ ထိပ်တိုက်ရင်ဆိုင်ရေးမဟုတ်တဲ့ သည်းခံရေးနဲ့ ပြိုင်ဆိုင်ရင် အနိုင်လို့ မဆိုတဲ့အောင်မြင်မှု ရကြမှာပါပဲ။ ယှဉ်ပြိုင်လို့ အနိုင်ရတဲ့ အလုပ်ဟာ နိုင်ငံရေးလောကမှာ မရှိပါဘူး။ ယှဉ်ပြိုင်လို့ အောင်မြင်တဲ့အလုပ်ပဲ ရှိပါတယ်။

မအောင်မြင်စရာ မရှိပါ

ရင်ဆိုင်ယှဉ်ပြိုင်ခြင်းလို့ ဆိုရပေမယ့် လူသားကောင်းမှု၊ လူသားကောင်းကျိုးလုပ်ငန်း အတွက်နဲ့ ရင်ဆိုင်ယှဉ်ပြိုင်ရတဲ့အလုပ်ဟာ ဂုဏ်ပြုချီးမွမ်းစရာ အလုပ်ပါ။ ရန်ပွဲအလုပ်မဟုတ် ပါ။ တိုက်ခိုက်ဆန့်ကျင်တဲ့ပွဲ မဟုတ်ပါ။ ကောင်းမြတ်သော အကျိုးတူ ပူးပေါင်းလုပ်ဆောင်တဲ့ အလုပ်ကို အရည်အချင်းပါပါနဲ့ ရွေးကောက်မှုပြု ခံယူလိုတာကြောင့် ဒီလူမှုဘဝနိုင်ငံရေး လမ်းစဉ်ကို ရွေးယူပြီး လူသားကောင်းကျိုးလိုရာဆန္ဒတစ်ခုတည်းမှ အခြားဘာမှ မရည်ရွယ်ပါ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာပြည်နိုင်ငံရေးကို ပြုစုပျိုးထောင်လုပ်ကြမယ်ဆိုရင် မအောင်မြင် စရာ မရှိပါ။

လူမှုဘဝနိုင်ငံရေးသာ အဓိက

လူသားအချင်းချင်းကို ဒုက္ခပေးမယ့် အရေးဟာ နိုင်ငံရေး မဟုတ်ပါ။ နိုင်ငံရေးဟာ ဒုက္ခပ္ပားခြင်း၊ ရန်တိုက်ခြင်း၊ အမုန်းစွက်ခြင်း၊ ကျွန်ပြုခြင်း၊ မငြိမ်းချမ်းခြင်း၊ မလွတ်မြောက် ခြင်း မဟုတ်ပါ။ ကြမ်းတမ်းမှု ဟူသမျှဟာ နိုင်ငံရေးမဟုတ်။ ငြိမ်းချမ်းရေးနဲ့ လွတ်မြောက် ရေးသာ နိုင်ငံရေးလို့ ဆိုနိုင်ပါတယ်။ နိုင်ငံရေးမှန်ရင် “လူမှုဘဝနိုင်ငံရေးသာ အဓိကနိုင်ငံရေး ဖြစ်ပါတယ်။ “လူသားကောင်းမှု လူသားကောင်းကျိုး” နိုင်ငံရေးဟာ ဒုက္ခပွားရေး၊ ရန်တိုက်ရေး၊ အမုန်းစွက်ရေး၊ ကျွန်ပြုရေး၊ မငြိမ်းချမ်းရေး၊ မလွတ်မြောက်ရေးကို ဘယ်တော့မှ မပြုပါ။ လူသားကောင်းမှု၊ လူသားကောင်းကျိုးနိုင်ငံရေးဟာ ကိုယ်ကျိုးအားလုံး စွန့်လွှတ်ရမှ ရနိုင်တယ်။ ပညာဦးစီးမှ အောင်မြင်တယ်။ ဉာဏ်ဦးစီးမှ သိတယ်။ အမှားပယ်ဖျောက်မှ နားလည်တယ်။ အသိအမြင်မမှန်တဲ့သူဟာ “လူမှုဘဝနိုင်ငံရေး ကို သိမြင်မှာ မဟုတ်ပါ။ မှားတဲ့ ဆုံးဖြတ်ချက်ဟာ လူသားတွေအတွက် အန္တရာယ်များပါတယ်။ အန္တရာယ်များတဲ့ နိုင်ငံရေးဟာ လူသားကောင်းမှု လူသားကောင်းကျိုး” နိုင်ငံရေး မဟုတ်။

ရှေးခေတ် မြန်မာ့အမျိုးသားကောင်းတွေရဲ့ ပုံရိပ်

မြန်မာပြည်နိုင်ငံရေးသမိုင်းစာမျက်နှာဟာ နောင်တမရစရာ၊ သံဝေဂ မမှတ်နိုင်စရာ မရှိပါ။ ခက်ခဲတဲ့လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးကို စုပေါင်းလုပ်ဆောင်နိုင်ကြပြီးမှ အာဃာတ အမုန်းအပွားတရားတွေ ထားကြပြီး ကလဲ့စားချေမှု၊ ဒေါသမူ စိတ်ပွားများမှ များပြားခြင်း ကြောင့် အမျိုးသားကောင်းမှု အမျိုးသားကောင်းကျိုးတရားတွေ မမြင်ကြတော့ဘဲ အကျိုးမဲ့တဲ့ ပြုမူချက်တွေဟာ မြင်ကွင်းအလယ်မှာ အထင်အရှား တွေ့မြင်ခဲ့ကြရပြီ။ ဒီမြင်ကွင်းကျယ်ဟာ ယနေ့ တိုင်းပြည်အကျိုးကို ရွက်ဆောင်အားထုတ်ကြတဲ့ အမျိုးကောင်းသားများဟာ နောင်တ မှတ်တိုင်ထားကြရမယ်။ ဘဝမှတ်တိုင်ပြုထားရမယ်။ အမျိုးချစ်လို့ တိုင်းပြည်ချစ်လို့ လွတ်လပ် ရေး၊ ငြိမ်းချမ်းရေးတွေကို ရယူပိုင်ဆိုင်မှ ရောက်အောင် အသက်ပေး စွန့်လွှတ်အနစ်နာခံတဲ့ ရှေးခေတ် မြန်မာ့အမျိုးသားကောင်းတွေရဲ့ ပုံရိပ်ကို ကြည့်ရင် ကြည်လင်အေးမြသန့်စင်တဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို မြင်ရတိုင်း သတိတရ လွမ်းဆွတ်လို့ မဆုံးပါပဲ။

လွတ်လပ်ရေးအတွက် သမိုင်းဝင်စကား

ဒီနေရာမှာ အလျဉ်းသင့်၍ ပြည်သူ့လွတ်လပ်ရေးအတွက် သမိုင်းဝင်စကား အချို့ကို ထည့်သွင်းရွတ်ဆိုခဲ့ပါမယ်။ (တင်ပြပါတယ်)
“ငါတို့သည် တိုင်းရင်းသားတို့၏ ဘိုးဘွားပိုင်ပစ္စည်း ဖြစ်သော မြန်မာပြည်ကြီးကို ပြန်ပိုင်ရေးနှင့် မြန်မာတိုင်းရင်းသားတိုင်း မိမိ ကောင်းကျိုး၊ ဆိုးကျိုးကို မိမိတို့ဘာသာ ဖန်တီးနိုင်ခွင့်ရရှိရေးတို့အတွက် ကျောင်းသားခေါင်းဆောင်များ၊ သခင်များ၊ ကျောင်းဆရာ များ၊ မျိုးချစ်ပုဂ္ဂိုလ်များထံမှ လက်ရွေးစင်များကို ရွေးချယ်၍ ၁၉၃၉ ခုနှစ်ကပင် စတင်၍ လျှို့ဝှက်ရေးပါတီတစ်ခုဖြင့် တည်ထောင်ခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့စနစ်ကိုလည်း ငါတို့ တော်လှန်ခဲ့သည်။ ဖက်ဆစ်ဂျပန်များ မြန်မာပြည်တွင် အခြေစိုက် အမြစ်မတွယ်အောင် လျှို့ဝှက်ရေးလုပ်ငန်းများဖြင့် ငါတို့ပင် တိုက်ခဲ့ကြသည်”

“(ငါတို့သည်) အခြေအနေပြောင်းလဲသည့်အလျောက် ငါတို့၏နည်းနှင့် ပရိယာယ်ကို အပြန်အလှန် အကျိုးနှင့်အကြောင်း ဝေဖန်သောနည်းအရ ထိုးထွင်းဖန်တီးရမည်။ လျှို့ဝှက် လုပ်ကြံရေး၊ လက်နက်ကိုင်အန်တုရေး၊ အကြမ်းပုန်ကန်ရေးတို့ကို လုံးဝ စွန့်ပစ်ရမည်”
“ငြိမ်းချမ်းရေးကို ရှာနေသော ကမ္ဘာကြီးတွင် အကြမ်းမဖက်သော နိုင်ငံရေးများဖြင့် ငါတို့၏ လွတ်လပ်ရေးကို ရှာကြံရမည်။ လူထုအာဏာလွှမ်းမိုးသော ကမ္ဘာကြီးတွင် လူထု တိုက်ပွဲဖြင့် အောင်ပွဲယူကြရမည်’’

၁။ ထာဝစဉ်ငြိမ်းချမ်းရေး။ ။ မြန်မာပြည်နှင့်တကွ ကမ္ဘာကြီးမှ အဓမ္မစနစ် နိုင်ရာစား ဝါဒကြီး ကွယ်ပျောက်၍ သာတူညီမျှ ကမ္ဘာ့ဒီမိုကရေစီညွန့်ပေါင်း အိမ်ထောင်စုကြီး တည်ထောင်ရေး။
၂။ တိုင်းပြည်လွတ်လပ်ရေး။ ။ မြန်မာပြည်သည် မြန်မာတိုင်းရင်းသားတို့၏ ဘိုးဘွားပိုင်ပစ္စည်း ဖြစ်သည့်အတိုင်း မြန်မာတိုင်းရင်းသားများ ပြန်ပိုင်ရေး။
၃။ လူမျိုးလွတ်လပ်ရေး။ ။ မြန်မာတိုင်းရင်းသားတို့၏ ကောင်းကျိုး၊ ဆိုးကျိုးကို မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်ခွင့် ရရှိရေး။
၄။ ပြည်သူ့လွတ်လပ်ရေး။ ။ ပြည်သူတိုင်း ရသင့်ရထိုက်သော ပြည်သူ့အင်အား ရရှိ၍ အခွင့်အရေး ကျပ်ပြည့်တင်းပြည့် ခံစားခွင့်ရရှိရေး” (ရည်ရွယ်ချက် – ၄ မျိုး)

 “ငါတို့သည် အပြန်အလှန် အကျိုးနှင့် အကြောင်း ဝေဖန်သောနည်းအရ အချိန် အခါနှင့် ဒေသအလျောက် နည်းနှင့်ပရိယာယ်ကို ထိုးထွင်းဖန်တီးမည့် ထိုးထွင်းဖန်တီးသမား ဖြစ်ကြသည်။ ငါတို့ ပါတီဝင်များ၏ လက်သုံးစကားများမှာ “ငါမှန်လျှင် လိုက်လော့၊ ငါ မှားလျှင် ပြင်လော့” ဆိုသော စကားပင် ဖြစ်သည်။ ဤစကားကို ငါတို့ ကျင့်သုံးမည်ဖြစ်၍ ငါတို့အား စေတနာဖြင့် ဝေဖန်ခြင်း၊ ပြင်ဆင်ခြင်းကို ငါတို့သည် အမြဲ လက်ခံမည်”

“ငါတို့ကား အသက်နှင့် စည်းစိမ်ကို စွန့်လှူ၍ တို့တိုင်းပြည်အား ပူဇော်ခံသူများ ဖြစ်သည်။ နယ်ချဲ့စနစ် ညှဉ်းပန်းမှု၊ ဖက်ဆစ်ဓားပြတို့၏ ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် နပန်းလုံးခဲ့သူများ ဖြစ်သည်။ တိုင်းပြည် လွတ်လပ်ရေးတို့အတွက် ငါတို့၏ အသက်ပေါင်း များစွာ ကျဆုံးခဲ့၏။ သို့သော် ငါတို့ကား မတုန်လှုပ်၊ လျှို့ဝှက်စွာ လုပ်ကိုင်ရမည့်အချိန်တွင် လျှို့ဝှက်ရေးပါတီအဖြစ် ဘယ်လောက်ကြီးလေးသော ဘေးအန္တရာယ်ဖြစ်စေ ငါတို့ မတွန့် မဆုတ်ခဲ့လေပြီ။ ငါတို့သည် မိမိတို့အလုပ်နှင့်ပတ်သက်၍ တစ်ဆိတ်ကို တစ်အိတ်လုပ်သူများ မဟုတ်။ ငါတို့၏ စေတနာ၊ ငါတို့၏ သဘောထားကို အလုပ်ဖြင့် ပြဖို့သာဖြစ်သည်”

“ထို့ကြောင့် မြန်မာပြည်အနှံ့အပြား ဖွဲ့စည်းပြီး ရှိနေကြသော ငါတို့၏ ပါတီဝင် များကို အတိအလင်းလုပ်ငန်းများဖြင့် ပြည်သူတို့အကျိုးကို မားမားမတ်မတ် ရှေ့ဆောင်၍ တိုးတက်ရေးအစဉ်အတိုင်း ချီတက်ကြရန် ငါတို့ ဆင့်ဆိုသည်။ အယူသီးမှုကို စွန့်ပယ်၍(-)ဝါဒကို ကာလဒေသနှင့် လျော်ညီအောင် ထိုးထွင်းဖန်တီးလိုသော လက်ဝဲ ဂိုဏ်းသားများအား ငါတို့ ဖိတ်ခေါ်သည်။ ငြိမ်းချမ်းရေးလိုလားသူ၊ ကိုယ့်တိုင်းပြည်ကို ပြန်လိုသူ၊ မိမိတို့ ကောင်းကျိုး၊ ဆိုးကျိုးကို မိမိတို့ကိုယ်တိုင် ဖန်တီးလိုသူ၊ တိုင်းရင်းသားမျိုးချစ်မှန်သမျှကို ငါတို့ ဖိတ်ခေါ်သည်။ငါတို့နှင့် စုရုံးကြလော့။ ငါတို့သည် တိုးတက်ရေးအစဉ်အတိုင်း ထိုးထွင်းဖန်တီး၍ ချီတက်ကြကုန်အံ့”

(၄င်းတို့၏ မူဝါဒ) အတိတ်ကာလများက မြန်မာအမျိုးသားကောင်းများ ဆောင်ရွက်

လုပ်ကိုင်လာခဲ့တဲ့  –
–  ထာဝစဉ်ငြိမ်းချမ်းရေး၊
– တိုင်းပြည်လွတ်လပ်ရေး၊
– လူမျိုးလွတ်လပ်ရေး၊
– ပြည်သူ့လွတ်လပ်ရေး အားထုတ်ကြိုးပမ်းမှု ဆောင်ရွက်လုပ်ကိုင်ထားခဲ့တဲ့ ပြည်သူ့ ကောင်းမှု၊ ပြည်သူ့အကျိုးနှင့် “လူသားကောင်းမှု၊ လူသားကောင်းကျိုး” နိုင်ငံရေးကို မည်မျှ ကြိုးပမ်းအားထုတ်ခဲ့ရသလဲ ဆိုတာ သိမြင်နိုင်လောက်ပါပြီ။
“အပြစ်မရှိသူ အပြစ်မခံရ၊ အခွင့်အရေး မရသော အုပ်ချုပ်ရေး မဖြစ်စေရ။ ထောင်(အကျဉ်း)များမှာ လောကငရဲ မဖြစ်စေရ။ မိုက်မဲနေသူများကို အသိဉာဏ် အလင်း ရောင် ပေးရာ ဖြစ်စေရမည်” ဆိုတဲ့ မြန်မာပြည် နိုင်ငံရေးအမျိုးသားကောင်းတို့ရဲ့ ရည်ရွယ် ချက် ကျင့်စဉ် နည်းလမ်းကောင်းကို အစဉ်ထာဝရလေးစား တန်ဖိုးထားရမှာ ဖြစ်ပါတယ်။
နိုင်ငံရေးဟာ ဒုက္ခပွားခြင်း၊ ရန်တိုက်ခြင်း၊ အမုန်းစွက်ခြင်း၊ ကျွန်ပြုခြင်း၊ မငြိမ်းချမ်းခြင်း၊ မလွတ်မြောက်ခြင်း မဟုတ်ပါ။ ကြမ်းတမ်းမှု ဟူသမျှဟာ နိုင်ငံရေး မဟုတ်ပါ။ ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေးသာ နိုင်ငံရေးလို့ ဆိုနိုင်ပါတယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၇၈-၂၈၃၊ အဝိဟိံသာနိုင်ငံရေး (၃၅)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂၅)

လူဖြစ်ရင်-
-အချိုးနှိမ် အနှိပ်စက်ခံရသောဘဝသို့ လည်းကောင်း၊ 
-ကျွန်အပြုခံရသောဘဝသို့ လည်းကောင်း၊
-မုန်းတီးစက်ဆုပ်ခံရသောဘဝသို့ လည်းကောင်း၊
– အပစ်ပယ်ခံဘဝသို့ လည်းကောင်း
ကျရောက်စေသည့် အခြေအနေအားလုံးကို တွန်းလှန်ဖြိုဖျက်ရေးသည် (တာဝန်ရှိသူ တစ်ယောက်အနေဖြင့်) မလွဲမသွေ (မုချ) ပြုလုပ်ရမည့်အရေး ဖြစ်သည်။

မာ့က်စ် (MARXISM )

ဖန်တီးရှင် –

အထက်က စာပိုဒ်ကလေးဟာ လူတွေကို သတိပေးတဲ့ စာပိုဒ်တစ်ပိုဒ်လေးပါ။ လူ့သမိုင်းစဉ် တိုးတက်အောင် လူတွေကပဲ ဖန်တီးရမှာပါ။ လူဟာ အသိဉာဏ်စွမ်းရည်တွေ အပြည့်အဝရှိပါတယ်။ သဘာဝလောကနဲ့ မိမိရဲ့ပတ်ဝန်းကျင်ကို ပြင်ဆင်နိုင်တဲ့သူပါ။ ရယူ နိုင်တဲ့သူပါ။ စွမ်းဆောင်နိုင်တဲ့သူပါ။ ကောင်းအောင်လည်း ဖန်တီးနိုင်တယ်။ ဆိုးအောင်လည်း ဖန်တီးနိုင်တယ်။ အဆိုး၊ အကောင်းဖြစ်အောင် လူတွေကပဲ လုပ်ကြတာပါ။ သို့သော် သဘာဝမှာ ရှိတဲ့ဖြစ်ပျက်မှုကိုတော့ လူတွေ မကျော်လွှားနိုင်ပါ။ လူနဲ့ ဖန်တီးထားတဲ့ အရာခပ်သိမ်းဟာ သဘာဝက မဖန်တီးပေးနိုင်ပေမယ့် သဘာဝလွန်ကဲရင် လူရဲ့စွမ်းရည်သတ္တိတွေလည်း ပျောက် သွားတာပါပဲ။ လူ့စွမ်းရည်၊ လူ့ဂုဏ်သိက္ခာအမှန်ကို ဖော်ပြနေတာဖြစ်လို့ ယနေ့ လူတွေ ဖန်တီးပြုလုပ်ကြတဲ့ ဒီမိုကရေစီနိုင်ငံရေးအကြောင်းကိုလည်း လူတွေ ပြန်ပြီး လေ့လာစူးစမ်း ရပြီ မဟုတ်လား။ စနစ်တစ်ခု ခေတ်စားအောင် လုပ်ထားရင် အဲဒီစနစ်ရဲ့ သမိုင်းဖြစ်စဉ် အဆုံးမရောက်ခင်  တောင့်တလိုလားစမ်းသပ်မှု သက်သက်နဲ့ပဲ ဖြစ်ပျက်မဆုံး နိုင်အောင်ပါ။

လူတန်းစားကွဲပြားမှု

လူတွေဖြစ်လာရင် လူတန်းစားအမျိုးမျိုး ဖြစ်လာရမှာက ဓမ္မတာပါပဲ။ လူတန်းစား ဆိုတာ အရင်းအနှီး၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုအပေါ်မှာ သတ်မှတ်နေကြတာပါ။ အဲဒီလို သတ်မှတ်မှုလုပ်တွေ ထားကြလို့သာ “လူတန်းစားကွဲပြားမှု” (ပဋိပက္ခ) ဖြစ်လာတာပါ။

 အဲဒီ ပဋိပက္ခကြောင့် –

(၁) ဓနရှင်က ဓနမဲ့သူအပေါ် ခြယ်လှယ်တယ်၊ လွှမ်းမိုးမှု လုပ်တယ်။ 
(၂) ပညာရှိက ပညာမဲ့သူအပေါ် ခြယ်လှယ်တယ်၊ လွှမ်းမိုးမှု လုပ်တယ်။
(၃) အာဏာရှိက အာဏာမဲ့သူအပေါ် ခြယ်လှယ်တယ်၊ လွှမ်းမိုးမှုလုပ်တယ်။ 
ဒီလို ခြယ်လှယ်မှုကြောင့် လူတန်းစားကွဲပြားပြီး စား၊ ဝတ်၊ နေရေးစတဲ့ ရုပ်ပိုင်း ဆိုင်ရာ လိုအပ်ချက်၊ နာမ်ပိုင်းဆိုင်ရာ ပြီးပြည့်စုံမှုတွေ လုံလုံလောက်လောက် မရကြတော့တာပဲ ဖြစ်တယ်။ အဲဒီလို မရကြတာကြောင့် ဆင်းရဲခြင်း၊ ကြေကွဲခြင်း၊ မခံစားနိုင်တဲ့ အာရုံတရား တွေ ပိုမိုများပြားလာတာပါ။ ဒီလို ဖြစ်စဉ်သဘောမျိုးကို မရှိအောင် လူတန်းစားမထားသော (လူတန်းစားမဲ့သော) လူမှုရေးအတွက် လူထုကြီးတစ်ရပ် (အဖွဲ့အစည်းတစ်ရပ်) ဖြစ်လာအောင် လူကပဲ ကြိုးစားရမယ်။ လူဆိုတာ မိမိဘဝသာယာအောင် ဘယ်တန်ခိုးရှင်ထံကိုမှ ဆုတောင်းအားကိုးလို့ မရပါ။ ညွတ်ကျိုးအားကိုးစရာလည်း မလိုပါ။ မိမိဘဝအတွက် ကျရောက်လာသော ဖြစ်စဉ်ကိုသာ ပြုပြင်ရမယ်။ သဘာဝပတ်ဝန်းကျင်ရော လူမှုပတ်ဝန်းကျင်ပါ လူချင်း ပေါင်းပြီး တော်လှန်ပြုပြင်ယူရမယ်။ လူတွေကြိုးစားမှုနဲ့ နောက်ဆုံး ဓနစည်းစိမ် ပေါများပြီး စိတ်ရှိတိုင်း ခံစားနိုင်တဲ့ လူမှုအဖွဲ့အစည်း ဖြစ်လာအောင် ဆိုတဲ့ စိတ်ကူးယဉ်မှုဟာ လူတိုင်း ရှိကြမှာပါပဲ။ ကိုယ်တွေ့နဲ့ ဆိုရင်တော့ အသက်တွေပါ လဲသွားကြတယ်။

လူမှုစနစ်

လူဆိုတာ-
(၁) သဘာဝလောကနဲ့
(၂) လူ့လောက (တရား)
သဘောတရားနှစ်မျိုးကို လေ့လာသုံးသပ်နိုင်တယ်။လူ့အဖွဲ့အစည်းနယ်ပယ်တစ်ခုဟာ အကြောင်းအရာများ၊ ပြဿနာများ၊ အရာဝတ္ထုများ ပြောင်းလဲပုံ၊ ပြောင်းလဲနည်းလေးကို လေ့လာရင် အဆင့်ဆင့် သိမြင်လာနိုင်ပါတယ်။လူ့လောကဖြစ်စဉ် အကြောင်းအရာထဲက နိုင်ငံရေးအကြောင်းအရာနဲ့ စတင်ခဲ့တဲ့ လူအုပ်စုနိုင်ငံရေးနဲ့ စပြီး နိုင်ငံရေးနဲ့ပဲ ပြီးဆုံးကြတဲ့ သဘောတရားတွေ တွေ့နိုင်ပါတယ်။ အဲဒီလို စတင်လိုက်တဲ့ကိစ္စ (အကြောင်း) တစ်ခုကြောင့် ဖြစ်ခြင်းအတူ၊ ပျက်ခြင်းအတူဖြစ်ကြတဲ့ လူ့လောကကို အခြေခံအကြောင်းရင်းက “လူမှုစနစ်”ပါပဲ။

လူမှုစနစ်(လူ့လောက) တစ်ခုဟာ
(၁) ဆင်းရဲငတ်မွတ်မှု၊
(၂) မမျှတမှု၊
(၃) မတည်ငြိမ်မှု၊
(၄) မအေးချမ်းမှု၊
(၅) အသိဉာဏ်ပညာကျဆင်းမှု၊
(၆) ဘဝမလုံခြုံမှု

စသည်ဖြင့် များပြားလာနေရင် (ကွာဟမှု များပြားနေရင်) ပြဿနာအမျိုးမျိုးအဖုံဖုံ ဖြစ်လာမှာပါပဲ။ ဒီပြဿနာကို ရှင်းနေရခြင်းကြောင့် လူမှုဘဝလောကမှာ သာယာစရာမရှိပါ။ ဘာကြောင့်  ဒီပြဿနာပေါ်ပေါက်လာခဲ့ရသလဲ ဆိုရင် ဒီနိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်များ ဆိုးရွားမှုနဲ့ ဆုတ်ယုတ်မှုကြောင့်ပါပဲ။ ဒီစနစ်ဆိုး၊ စနစ်ယုတ်များကို ပြုပြင်ပြောင်းလဲနိုင်ရင် လူမှုစနစ်တစ်ခု အထက်တန်းရောက်ဖို့ အဟန့်အတား များစွာ ဖြတ်သန်းမှု လုပ်ရမှာပါပဲ။ အောင်မြင်ရေးတစ်ခု တည်ဆောက်လိုတဲ့ လူမှုအဖွဲ့အစည်းတစ်ခုဟာ ဆန့်ကျင်ဘက် အပြန် အလှန် (အနုလောမ-ရှေ့သွား၊ ပဋိလောမ-နောက်ပြန်) ရှိရမယ်။ ဆန့်ကျင်ဘက် အပြန် အလှန် မရှိတဲ့ လူမှုဘဝနိုင်ငံရေးစနစ်ဟာ (လူမှုစနစ်ဟာ) လူမှုစနစ်ကို မတည်ဆောက်နိုင်ပါဘူး။ လူမှုစနစ်ကို မတည်ဆောက်ပေးနိုင်တဲ့ နိုင်ငံရေးစနစ်ကို မြန်မာပြည်မှာ အချိန်လေး ကြာမြင့် ခဲ့တယ်။

အရင်းမဲ့တော်လှန်ရေး

လူမှုစနစ်တစ်ခုဟာ ပုံစံတစ်ခုတည်းနဲ့ မရပ်တည်ပါ။ ကြွယ်ဝမှုနဲ့ ဆင်းရဲမှု၊ ကောင်းမှု နဲ့ မကောင်းမှုများ ဒွန်တွဲစမြဲပါ။ မကောင်းမှု၊ ဆိုးမှု အားကောင်းချိန်မှာ အဲဒီစနစ်အောက် ရောက်ကြရသူ အားလုံးဟာ ဘေးအမျိုးမျိုး ရောက်ကြရစမြဲပါ။ ဒီလို စနစ်ဆိုး ရောက်သွား ရတာဟာ အရင်းရှင်စနစ် လွှမ်းမိုးသွားပြီး အရင်းရှင်အစိုးရ ဖြစ်သွားလို့ပါပဲ။ အဆိုးဘက်ကို ဦးတည်သွားတဲ့ လူမှုစနစ်တစ်ခုကို အခြားသော လူယဉ်ကျေး ပညာတတ်အလွှာ သမားများနဲ့ အခြေခံလူတန်းစားများက စုပေါင်းကြပြီး အဆိုးဖက်တွယ်တဲ့ စနစ်ထဲကို ဝင်ရောက်ပူးပေါင်း (ပေါင်းစည်းဖက်တွယ်) လိုက်ကြမယ်ဆိုရင် (အဆိုးထုတ်လုပ်တဲ့စနစ်) အဆိုးအောင်မြင်တဲ့ စနစ်ဟာ လျင်မြန်စွာ ရပ်ဆိုင်းသွားမှာပဲ။ နိုင်ငံရေးအရ အဆိုးမြင်တဲ့ ဝါဒီသမားတွေနဲ့မပူးပေါင်းဘဲ ငြိမ်နေရင် ဆိုးသူ (ဆိုးမှု)တွေက ပိုကဲလာပြီး ဒုက္ခလည်း ပိုကဲလာမှာပဲ။ မြန်မာတွေက ဒီလိုနိုင်ငံရေးလှည့်ကွက်၊ မြှုပ်ကွက်၊ ထင်ကွက်၊ ဟာကွက်တွေကို စိတ်ရှည်ရှည် မသုံးသပ်နိုင်ကြဘဲ ဖြောင့်ဖြောင့်ဆန့်ကျင်တတ်တဲ့ အကျင့်ကြောင့်၊ တစ်နည်းအားဖြင့် ရဲရဲ လုပ်ရဲသောကြောင့် အပြောင်းအလဲတွေ သိသိသာသာ ပြောင်းလဲသွားတာပါ။ ဒီလို ပြောင်းလဲ သွားအောင် အကွက်ချပြီး ထိန်းကျောင်းတဲ့စနစ် မပါပေမယ့် မြန်မာ့လူ့လောကစနစ် ပြောင်းလဲ သွားတာဟာ အရင်းမဲ့ တော်လှန်ရေးတစ်ရပ်ဖြစ်စဉ် အောင်ပွဲပါပဲ။ ဒီလို အဖြေရသွားတဲ့ လူမှုစနစ်တစ်ခုကို ရာစုနှစ်ဆယ် ကာလထဲမှာပဲ ပေါ်ထွန်းလာခဲ့တာပါ။

အမြတ်ဆုံးသတ္တဝါ

လူ့လောက၊ လူ့ဘဝ တည်ငြိမ်မှုတော့ ရကြပြီ။ သဘာဝလောကနဲ့ ဖြေရှင်းရတဲ့ ပြဿနာကတော့ အမြဲတမ်း ရှိနေဦးမယ်။ လူ့ဘဝ၊ လူ့လောကစနစ် ရသွားပေမယ့် သဘာဝ လောကနဲ့ ပြိုင်ဆိုင်ရသေးတဲ့ လူဘဝကြီးဟာ မပင်ပန်းဘဲ မရှိပါ။ ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံနိုင်တဲ့ သတ္တဝါထဲက လူသားသတ္တဝါဟာ အမာဆုံး၊ အခိုင်ဆုံး သတ္တဝါပါပဲ။ အမြတ်ဆုံး သတ္တဝါပါလို့လည်း တင်စားခေါ်ဆိုလောက်ပေရဲ့။

မြန်မာ့လူ့ဘောင်

လူမှုစနစ်ဟာ တည်ငြိမ်နေတာ မဟုတ်။ ပြောင်းလဲ လည်ပတ်နေပါတယ်။ ပြောင်းလဲ လည်ပတ်နေတဲ့သဘောကို ကြည့်ပြီး ရန်ဘက်ဖြစ်စဉ် မဟုတ်တဲ့ လူမှုစနစ်နဲ့ တွဲပေါင်းကြ ပြီး အနှစ်သာရ ပြည့်ဝတဲ့ “လူမှုဘဝနိုင်ငံရေးကို စုပေါင်းထိန်းကျောင်းတဲ့စနစ်နဲ့ နေရမယ်။ ဆုတ်ခြင်း၊ တက်ခြင်း သဘောတရားကို ကြည့်ပြီး ဆုတ်၊ တက် နှစ်ခုကြားမှာ တည်ငြိမ်မှ ရအောင် နိုင်ငံရေး (ဒိုင်ယာရီ) မှတ်တမ်းကို သေချာလုပ်ထားရမယ်။ နိုင်ငံရေး (ဒိုင်ယာ လက်တစ်) အဆင့်ဆင့် ပြောင်းလဲပြုပြင်ကြမယ့် နက်ရှိုင်းတဲ့မိမိရဲ့ နိုင်ငံရေးစနစ်ကို ခွဲခြမ်း စိတ်ဖြာပြီး အပြန်အလှန် (ပြောင်းလဲမှုမရှိတဲ့) ပေါင်းစည်းကြတဲ့စနစ်နဲ့ (လူယဉ်ကျေးတွေရဲ့ လုပ်တဲ့ အလုပ်မျိုးနဲ့) မြန်မာပြည်နိုင်ငံရေးစနစ်ကို လမ်းပြမြေပုံ ထားရမယ်။ သင်ကြားမှု လုပ်ပေးရမယ်။ တက်ကြွလှုပ်ရှားတဲ့ နိုင်ငံရေးစနစ်ကို ရှောင်ပြီး မြန်မာ့လူ့ဘောင်မှာ မြှုပ်နှံ ထားရမယ်။

လူထုအတွက် အကျိုးမရှိ

နိုင်ငံရေးဆိုတာ သင်ယူတာထက် ကိုယ်တွေ့ဆန်ဖို့ လိုပါတယ်။ ကိုယ်တွေ့မပါတဲ့ နိုင်ငံရေးဟာ မှားကွက်တွေ များပြီး ခက်ခဲမှုတွေ တွေ့ရတတ်တယ်။ အမှားချောင်းပြီးအမှတ်ပေါင်းတဲ့သူ၊ မာယာများတဲ့သူ၊ လှည့်ကွက်များတဲ့သူ၊ ပြကွက်များတဲ့သူ (နိုင်ငံရေး သမား)တွေဟာ နိုင်ငံရေးသမား မဟုတ်ပါ။ နိုင်ငံရေးဆိုတာ မတရားလုပ်တဲ့သူကို မတရား လုပ်တဲ့သူ၊ ဟန်ဆောင်သူကို ဟန်ဆောင်သူလို့ပဲ မြင်ရမယ်။ မတရားသူကို မတရားမှန်း သိပါလျက်နဲ့ ရှောင်လွှဲမှု လုပ်ကြမယ်ဆိုရင် အယောင်များတဲ့ နိုင်ငံရေးပဲ ဖြစ်မယ်။ အယောင် များ၊ အမှောင်များတဲ့ နိုင်ငံရေးဟာ လူထုအတွက် အကျိုးမရှိပါ။

ပြည်သူသာ အခရာ

လူထုအတွက် အကျိုးမများတဲ့နိုင်ငံရေးကို မြန်မာပြည်မှာ အတိတ်က ခံစားခဲ့ဖူး ကြပြီ။ ပစ္စုပ္ပန်မှာ အလွှမ်းမိုးမခံတော့ဘဲ အနာဂတ်ကာလကိုလည်း ပန်းတိုင်မရှိအောင် လုပ်ရမယ်။ နိုင်ငံရေးလုပ်တဲ့သူဟာ ဖိနှိပ်မှုပြင်းထန်တဲ့ နိုင်ငံရေးကို ခံစားခဲ့ဖူးမှ (ခံစားတတ်မှ) လှုပ်ရှားမှု အဓိပ္ပာယ်ရှိမယ်။ အဓိပ္ပာယ်ရှိတဲ့ အလုပ်လုပ်မှ တန်ဖိုးရှိမယ်။ လွယ်ကူစွာရတဲ့ အရာဟာ တန်ဖိုးမရှိပါဘူး။ ဒီထက် ကောင်းတဲ့အရာ ရှိသေးရင်လည်း တန်ဖိုးမရှိပါဘူး။ ဒါကြောင့် နိုင်ငံရေးဆိုတာ ပြည်သူဟာ အခရာပဲ။ ပြည်သူက သြဇာပဲ။ ပြည်သူက အင်အား ပဲ။ ခက်ခက်ခဲခဲရတဲ့အရာဟာ အလွန်တန်ဖိုးရှိပါတယ်။

ပြည်သူ့အစိုးရ မဟုတ်

အချို့သောအစိုးရတွေဟာ ပြည်သူကို လက်အောက်ခံသားအဖြစ် ထားပြီး ဖိနှိပ်မှု၊ ချုပ်ချယ်မှုအမျိုးမျိုး လုပ်တယ်။ အာဏာကို ပြည်သူထဲက မယူဘဲ ရှိတဲ့(ရတဲ့) အာဏာအတိုင်း ပြည်သူကို မထီမဲ့မြင်လုပ်တယ်။ စော်ကားတယ်။ ထိခိုက်အောင် လုပ်တယ်။ လေးစားတန်ဖိုး မှုမထားဘဲ ကျွန်သားများလို ပြည်သူကို ပြုမူဆက်ဆံတယ်။ ဥပဒေကို လေးစားမှု မရှိဘဲ ပြုထားတဲ့ ကတိကဝတ်တွေ ပျက်တယ်။ အများပြည်သူအကျိုးကို ဖျက်ဆီးတယ် ဆိုတဲ့ အစိုးရဟာ ဆန့်ကျင်ဆန္ဒပြစရာ မလိုပါ။ အလိုအလျောက်နဲ့ အရှက်ရပြီး ပျောက်ကွယ်သွား မယ်။ လူ့အဖွဲ့အစည်း လူ့အသိုက်အမြုံ၊ လူသားတို့မိသားစုကို အနိုင်ယူ၊ ဖျက်ဆီး၊ နှောင့်ယှက် သမှုပြုတဲ့ အစိုးရဟာ ပြည်သူ့အစိုးရ မဟုတ်ပါ။ ပြည်သူကို တန်ဖိုးမထားတဲ့ အစိုးရပဲ။ ဥပဒေကို ချိုးဖောက်ရန် ဝန်မလေးသော အစိုးရ၊ ဥပဒေကို ချိုးဖောက်ရဲသော အစိုးရဟာ “လူမှုဘဝနိုင်ငံရေး (ဒီမိုကရေစီ)” ကို ဖျက်ဆီးတာပဲ။

ပြည်သူ့ခေါင်းဆောင်

တိုင်းပြည်တစ်ပြည်မှာ ခေါင်းဆောင်သူက စာရိတ္တအရင်းအမြစ် မြတ်ရမယ်။ အာနိသင်ကောင်းရမယ်။ ဖက်ပြိုင်သူများကို ရဲဝံ့စွာ ယှဉ်ရဲရမယ်။ အရာခပ်သိမ်း ဖျတ်လတ်ရမယ်။ ပွင့်လင်းရမယ်။ တာဝန်မဲ့ မနေသူ ဖြစ်ရမယ်။ အရာဟူသမျှ ဖြေရှင်းရဲသူ ဖြစ်ရမယ်။ အဲဒီလို ခေါင်းဆောင်မျိုးဟာ “ပြည်သူ့ခေါင်းဆောင်”လို့ ခေါ်ထိုက်မယ်။ “ပြည်သူ့ခေါင်းဆောင်” အမည်ကင်ပွန်းတပ်ပြီး အဂတိလိုက်စားသူကို လက်သပ်မွေး၊ အကျင့်ကျွံသူကို မွေးစား၊ အောက်ခြေလူထုကို မတူမတန် ဆက်ဆံ၊ အပြောင်းအလဲ ခဏ ခဏ လုပ်၊ ဆိုးရွားတဲ့ အုပ်ချုပ်သူကို မြှောက်ပင့်၊ အခြေခံလူမှုပြဿနာကို ထိုးဆွတဲ့ ပြည်သူ့ခေါင်းဆောင်ဟာ ဆိုးရွားတဲ့ အခြေခံ ပြဿနာတွေနဲ့ပဲအချည်းနှီးဖြစ်သွားတယ်။ပြည်သူ့ခေါင်းဆောင်ဆိုတာစေ့စပ်ခြင်းအတတ်ပညာ၊အပေးအယူလုပ်ခြင်းအတတ်ပညာ၊ ပြည်သူ့စွမ်းအား မြှင့်တင်ခြင်း အတတ်ပညာ ကျွမ်းကျင်ရမယ်။

ပြည်သူတွေက

(၁) ကိုယ်ပိုင်ယုံကြည်ချက်များ ဖော်ထုတ်ခြင်း၊
(၂) လုပ်ပိုင်ခွင့်များ တောင်းဆိုခြင်း
စတဲ့ စွမ်းရည်နှင့် လုပ်ပိုင်ခွင့် မြှင့်တင်တောင်းဆိုတဲ့အခါ ပြည်သူ့ခေါင်းဆောင်ဟာ ဦးဆောင် လမ်းညွှန်တတ်ရမယ်။ ထောက်ပြချက်တတ်ရမယ်။ ဥပမာ – ပြည်သူလူထုများ လိုလားတောင့်တချက် အရ အစိုးရရဲ့ ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှုမရှိရင် ပြည်သူ့ ခေါင်းဆောင်လုပ်တဲ့သူက လူထုလိုလားချက်ကို သိရမယ်။ အာနိသင်သက်ရောက်မှုရှိအောင် တည့်မတ်ပေးရမယ်။

ရေငုံနှုတ်ပိတ်နေခြင်းကြောင့်

ဒီမိုကရေစီ ကူးပြောင်းပြီးတဲ့ တိုင်းပြည်ဟာ ပြည်သူ့စွမ်းအား မြှင့်တင်ရေးအတွက် အခွင့်အရေး၊ အခွင့်အလမ်းပေးရမယ် (နိုင်ငံသားဖြစ်တဲ့ ပြည်သူပြည်သားတွေကို လုပ်ပိုင်ခွင့် အခွင့်အရေးပေးရမယ်)။ လုပ်ပိုင်ခွင့် အခွင့်အရေး မြင့်မြင့်မားမား ပိုင်ဆိုင်နိုင်ရန် ဥပဒေ ပြဋ္ဌာန်းပေးရမယ်။ ဥပဒေပြဋ္ဌာန်းပေး၍ ပြည်သူက သဘောပေါက်နားမလည်ရင် ဦးဆောင်သူ အစိုးရက အကောင်အထည် ဖော်ပြပေးရမယ်။ ဥပမာ- လယ်ယာမြေဥပဒေ ပြဋ္ဌာန်းပေးလိုက် ပေမယ့် လယ်လုပ်သူ လယ်သမားများအခွင့်အရေး၊ အခွင့်အလမ်း မဆုံးရှုံးအောင် အစိုးရ ကိုယ်တိုင်က ထိန်းသိမ်းပေးရမယ်။ စောင့်ရှောက်ပေးရမယ်။ များသောအားဖြင့် ဒီမိုကရေစီ ကူးပြောင်းစ တိုင်းပြည်တိုင်းမှာ နိုင်ငံရေးသမားတွေ ရေငုံနှုတ်ပိတ်နေခြင်းကြောင့် ဆုံးရှုံးမှု များပြားတာကို တွေ့ရတယ်။

ဒီမိုကရေစီအရင်းအမြစ်
ဒီမိုကရေစီတိုင်းပြည်မှန်ရင် –

(၁) ပြည်သူ့အခွင့်အရေးများ၊
(၂) နိုင်ငံရေး အခွင့်အရေးများကို အစိုးရက အာမခံခြင်း၊ လေးစားလိုက်နာခြင်းက အဓိကဖြစ်တယ်။ အစိုးရလုပ်သူကိုယ်တိုင်က အဓိကကျတဲ့အခြေအနေကို မသိ၊ နားမလည်ဘဲ လျစ်လျူရှုနေလိုက်ရင် ဒီမိုကရေစီဖြစ်ထွန်းမှု အညွှန်းကိန်းများ ဘယ်လိုမျိုးပဲ ပြည့်စုံပြည့်စုံ “ပိုးသာကုန် မောင်ပုံစောင်းမတတ်” ဆိုတဲ့ ဆိုညွှန်းချက်စကားပုံနဲ့ တူညီသွားမယ်။ ဒီမိုကရေစီ မှန်ရင် ပြည်သူတွေရဲ့ ပါဝင်မှု၊ ပြည်သူ့အခွင့်အရေး၊ ပြည်သူ့ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်နဲ့ပဲ ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက် မရရင် ဒီမိုကရေစီ ဒဏ်ရာရပြီလို့သာ မှတ်ရမယ်။

အရှင်တို့ရဲ့ တိုင်းပြည်ဟာ ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ကို မည်မျှ မြင့်မားလာကြပြီလဲ။ ကိုယ်တိုင်ဘဝ၊ ကိုယ်တိုင်ဖန်တီး၊ ကိုယ်တိုင်စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ချက် အရင်းအမြစ်များ ရုပ်ပိုင်းဆိုင်ရာ အဆင့်အတန်း၊ ပညာရေးအဆင့်အတန်း၊ လူမှုဘဝအဆင့်အတန်း မည်မျှ မြင့်တက်လာကြပြီလဲ။

ဒီမိုကရေစီရဲ့ အရင်းအမြစ်သဘော ဖြစ်တဲ့ –

(၁) စီးပွားရေးအရင်းအမြစ်၊
(၂) ပညာရေး အရင်းအမြစ်၊
(၃)လွတ်လပ်စွာ တွေးခေါ်မှု၊ ယူဆမှု၊ ကြံစည်မှု၊ စိတ်ကူးမှု၊ အရည်အသွေး၊ နိုင်ငံရေးမှာ ပါဝင်မှု အရင်းအမြစ်တွေကော ရကြ၊ ရှိကြပြီလား။

နိုင်ငံရေးလုပ်တဲ့သူဟာ ဖိနှိပ်မှုပြင်းထန်တဲ့ နိုင်ငံရေးကို
ခံစားခဲ့ဖူးမှ (ခံစားတတ်မှ) လှုပ်ရှားမှု အဓိပ္ပာယ်ရှိမယ်။ 
အဓိပ္ပာယ်ရှိတဲ့ အလုပ်လုပ်မှ တန်ဖိုးရှိမယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၁၄-၂၂၀၊ အဝိဟိံသာနိုင်ငံရေး (၂၅)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂၄)

သူတစ်ပါး၏ အကျိုးစီးပွားအတွက်ကြောင့် မိမိ၏ အကျိုးစီးပွားကို မဆုတ်ယုတ်ပါစေနှင့်။ မိမိ၏ အကျိုးစီးပွားအတွက် မိမိ၏ အကျိုးစီးပွားကို တိုးပွားအောင် အားထုတ် လုပ်ကိုင်ပါ။

အတောင်ကျွတ်တဲ့ ကြိုးကြာအို

နိုင်ငံရေးသမားဟာ ညည်းတွားလာပြီဆိုရင် အရှိန်ကုန်တဲ့မြားလို၊ အတောင်ကျွတ်တဲ့ ကြိုးကြာအိုလိုပဲ ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်း မစောင့်ရှောက်ဘဲ နေကြတာကို တွေ့ရတယ်။ ဒီလို အကျိုးစီးပွားမရှိတဲ့အလုပ်ကို လွယ်လွယ်လေးနဲ့ အလွှမ်းမိုးခံလိုက်ရင် မိမိကိုယ်တိုင်ပဲ အကျိုးမဲ့သွားတယ်။ ကိုယ့်ကိုယ်ကိုယ် ပျက်စီးအောင် လုပ်တဲ့သူဟာ ပညာမဲ့သူပဲ ခေါ်ရမှာပါ။ ပညာမဲ့တဲ့သူဟာ များသောအားဖြင့် ယုတ်မာတယ်။ ယုတ်မာတဲ့သူဟာ ကောင်းတဲ့အယူ (အတွေးအခေါ်)တွေ မရှိပါ။ အယူဝါဒမကောင်းရင် တရားသဖြင့် အသက်မမွေးမြူပါ။ ကောင်းတဲ့သူတွေရဲ့ စကားကိုလည်း မနာယူပါ။

နောက်ပြန်လှိုင်း

မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲဟာ ထူးထူးခြားခြား ပြောင်းလဲနေသလို ထင်ရ ပေမယ့် ဖြောင့်ဖြောင့်မတ်မတ် သေသေသပ်သပ်တော့ ပြောင်းလဲပုံ မပေါ်ပါ။ အပြောင်းအလဲ တစ်ခုဟာ ဖောက်ပြန်တဲ့ နောက်ပြန်မှုတွေ ဖြစ်လာတတ်တယ်။ နိုင်ငံရေးနောက်ပြန်လှိုင်း (Political Reverse Wave) ဟာ အေဒီ ၁၉၂၂-၄၂ (ပထမ နောက်ပြန်လှိုင်း)နဲ့ အေဒီ ၁၉၅၈-၇၅ ခုနှစ် (ဒုတိယ နောက်ပြန်လှိုင်း) ဖြစ်ပေါ်ခဲ့ဖူးတယ်။ ပထမ နောက်ပြန်လှိုင်း တုန်းက ဒီမိုကရေစီလမ်းကြောင်း သွေဖည်သွားတာတွေ၊ အစဉ်အလာ အာဏာရှင်စနစ်များ၊ရက်စက်တဲ့ ပါတီအာဏာရှင်များ တစ်ကျော့ပြန်လိုက်လို့ လက်ဝဲကဲတဲ့သူတွေ မြူးနေတာပေါ့။ ဒုတိယ နောက်ပြန်လှိုင်းရောက်တော့ အာဏာရှင်စနစ်၊ စစ်တပ်စိုးမိုးမှုစနစ်၊ ဗျူရိုကရက်တစ် တွေ တင်းပြည့်ကျပ်ပြည့် လှိုင်းထန်နေတာပေါ့။ နောက်ပြန်လှိုင်း နိုင်ငံရေးခရီးဟာ တချို့ လက်အောက်ခံ တိုင်းပြည်ငယ်တွေက “လူမှုဘဝနိုင်ငံရေး” ကျင့်သုံးမှုလုပ်တာတွေ ပေါ်လာ တာ ရှိနေတယ်။ အကောင်းနဲ့ အဆိုး ဒွန်တွဲတဲ့သဘောပါ။

ဒီမိုကရက်တစ်အစိုးရကြောင့်

ဒွန်တွဲတဲ့ သဘောတရားတစ်ခုကို ပြောပြမယ်။

ဥပမာ ယနေ့ ကျင့်သုံးနေကြတဲ့ “ဒီမိုကရေစီစနစ်”ဟာ –

(၁) လွတ်လပ်ခွင့် အားကောင်းရင် ဒီမိုကရေစီ မြင့်တက်တယ်။
(၂) လွတ်လပ်ခွင့် အားနည်းရင် ဒီမိုကရေစီ နိမ့်ကျတယ်
ဆိုတဲ့ သဘောမျိုးပါ။ (လွတ်လပ်ခွင့် မရှိရင် ဒီမိုကရေစီမရှိတဲ့ သဘောပါ) တစ်ဦးချင်း အခွင့်အရေးနဲ့ လွတ်လပ်ခွင့် ရထားရင်တော့ စည်းကမ်းမဲ့တဲ့ လွတ်လပ်ခွင့်တွေ၊ လွန်ကျွံတဲ့သဘောတွေ တွေ့ရမယ်။ နောက်ဆုံး လွတ်လပ်ခွင့်နဲ့ပဲ အလွဲသုံးမှုတွေ လုပ်လာမယ်။ အဲဒီလို ဖြစ်လာရင် အစိုးရဟာ ဒီမိုကရက်တစ် ဖြစ်ရမယ်။ ပြည်သူတွေအပေါ် အကြမ်း မဖက်ဘဲ ပျော့ပျောင်းညင်သာသိမ်မွေ့တဲ့ နိုင်ငံရေးမူဝါဒသဘောကို သွားရမယ်။ အဲဒီလို ဒီမိုကရက်တစ်အစိုးရကြောင့် ဒီမိုကရေစီမူဝါဒတွေ တည်မြဲနေတာပါ။

ဒီမိုကရက်တွေ ဘဝင်မြင့်လွန်းရင်

ဒီမိုကရေစီမူဝါဒတည်မြဲ (ခိုင်မြဲ) လိုကြတဲ့ တိုင်းပြည်တွေဟာ –
(၁) အတိုက်အခံနဲ့
(၂) အမြင်မတူသူများအတွက် လမ်းကြောင်းထားရပါတယ်။

အလျှော့၊ အတင်း လမ်းကြောင်းထားကြတာကြောင့် အကြမ်းဖက်နိုင်မယ့် အခွင့် အလမ်းတွေ မပေါ်လာနိုင်ပါဘူး။ ပေါက်ကွဲမှုတွေ ဖြစ်မလာနိုင်ပါဘူး။ လူတွေကတော့ ဒီမိုကရေစီပျံ့နှံ့မှုဟာ ကမ္ဘာ့ငြိမ်းချမ်းရေး ပျံ့နှံ့မှုပါပဲ ဆိုပြီးတော့ တင်စားကြတယ်။ ဒီမိုကရေစီ တိုင်းပြည်တွေဟာ အာဏာရှင်တိုင်းပြည်တွေနဲ့ စစ်မဖြစ်ခဲ့တာ မရှိပါ။ စစ်ဖြစ်ခဲ့တဲ့စနစ်ဟာ ငြိမ်းချမ်းရေး ဘယ်လိုဖြစ်နိုင်မလဲ ဆိုတာ စဉ်းစားရင် သိနိုင်ပါတယ်။ ဒီမိုကရက်တစ်ကမ္ဘာ မရှိရင် အကြမ်းဖက်မလွတ်မြောက်နိုင်ပါဘူး။ ခေတ်သစ်ကမ္ဘာဟာ ဒီမိုကရက်တစ်ဦးဆောင်တိုင်းပြည်ဖြစ်မှငြိမ်းချမ်းမယ်။ဒါကြောင့်ဒီမိုကရေစီနိုင်ငံရေးမူဝါဒကျင့်သုံးတတိုင်းပြည် တိုင်းဟာ ဘဝင်မြင့်လို့မရပါ။ ဒီမိုကရက်တွေ ဘဝင်မြင့်လွန်းရင် ဒီမိုကရေစီအဖွဲ့အစည်းတွေ အခက်အခဲ အကျပ်အတည်း ဖြစ်တတ်တယ် ဆိုတာ သိထားရမယ်။

ဒီမိုကရေစီလှိုင်း ကူးပြောင်းခါစ

ကမ္ဘာ့နိုင်ငံတွေကို လေ့လာပါ။ ဒီမိုကရေစီမူဝါဒဘက်ကို ကူးပြောင်းလာမှု များလာ ရင် ဒီမိုကရေစီလှိုင်းတွေ ထလာတတ်ပါတယ်။ ဒီမိုကရေစီလှိုင်းထရင် ပဒေသရာဇ်တွေ၊ ဘုရင်စနစ်တွေ၊ ဖက်ဆစ်စနစ်တွေ၊ ကိုလိုနီတွေ၊ တစ်ပါတီကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေ၊ စစ်အုပ်ချုပ်ရေးစနစ်တွေ တုန်တုန်လှုပ်လှုပ် ဖြစ်နေတတ်တယ်။ ကူးပြောင်းမှု လှိုင်းကြီးထရင် တော်လှန်ရေးတွေ၊ ဆန့်ကျင်ဘက်တွေ၊ လှုပ်ရှားမှုတွေအမျိုးမျိုး တွေ့ရတတ်တယ်။ ယခု မြန်မာပြည်မှာလည်း ဒီမိုကရေစီလှိုင်း ကူးပြောင်းခါစအချိန် ဖြစ်တာကြောင့် လှိုင်းမကြီး (လှိုင်းမထန်)ဖို့ လိုပါတယ်။ လှိုင်းထတော့မယ်။ ညင်သာတဲ့လှိုင်း ဖြစ်ဖို့ လိုပါတယ်။ ညင်သာတဲ့လှိုင်း မဖြစ်ရင် (၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၄၁၇၊ ၄၁၈(က)(ခ) နဲ့ မိရင်တော့) ဒီမိုကရေစီအခွင့်အရေးနဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးတစ်ရပ်ရပ်တော့ ဆုံးရှုံးဖို့ သေချာတယ်။ အဲဒီလို အကြိမ်များများ မူလအခွင့်အရေး ဆုံးရှုံးမှုများတဲ့ တိုင်းပြည်များ ဟာ ဒီမိုကရေစီ ဆန့်ကျင်ဘက်လှိုင်းလုံးကြီးတွေ ထန်လာပြီး ဒီမိုကရေစီနိုင်ငံရေး ကျဆုံး သွားတတ်ပါတယ်။ ဒီအတက်အကျသဘောတရားကို နားမလည်ရင် ဒီမိုကရေစီနိုင်ငံရေး ချည်းပဲ အကောင်းဆုံး ဖြစ်နေတယ်လို့ပဲ ထင်နေကြတယ်။ ကျင့်သုံးမှုမရှိတဲ့ မူဝါဒတွေဟာ အောင်မြင်မှု မရသလို အောင်မြင်မှုမရှိတဲ့မူဝါဒဟာ လှိုင်းထလွန်းရင် အခွင့်အရေး ဆုံးပါး သွားတတ်ပါတယ်။

ဖြစ်နိုင်ခြေသဘော

နိုင်ငံရေးသဘောတရားဟာ
(၁) ဖြစ်နိုင်ခြေသဘောတရား probable
(၂) အဖြစ်နိုင်ဆုံး သဘောတရား most possible
ဒီတရားနှစ်ပါးနဲ့ လေ့လာသုံးသပ်နိုင်ပါတယ်။ ယနေ့ မြန်မာပြည် ဒီမိုကရေစီ လမ်းကြောင်းဟာ နိုင်ငံတကာဆက်ဆံရေးတွေ၊ အာဏာခွဲဝေမှုတွေ၊ လူမှုအဖွဲ့အစည်းအပေါ် အကျိုးဖြစ်ထွန်းမှုတွေ ဘာတွေများ ပြောင်းလဲသွားသလဲ။ ဒါမှမဟုတ် အကျိုးအမြတ်ကိုယ်စီ (ဟောက်တိုင်း) ရကြရဲ့လားစတဲ့ ဖြစ်နိုင်ခြေသဘောတရားတွေကို လေ့လာကြည့်ရင် မြင်နိုင် ပါတယ်။ ဖြစ်နိုင်ခြေရှိ မရှိ ဆိုတာလည်း ကျင့်သုံးလိုက်နာတဲ့ လူထုအပေါ်မှာ မူတည်ပါ တယ်။ ကျင့်သုံးမှုမပြုတဲ့ လူထုဖြစ်ရင်တော့ ဖြစ်နိုင်ခြေမရှိ သင်္ကေတတစ်ခုနဲ့ မှတ်သားနိုင်ပါတယ်။

အဖြစ်နိုင်ဆုံးသဘော 

အဖြစ်နိုင်ဆုံးသဘောတရားနဲ့ သုံးသပ်ကြည့်ရင် မြန်မာလူထုဟာ ဒီမိုကရေစီကို စိတ်ဝင်စားမှု အများဆုံး ရှိကြတာကြောင့် ဖြစ်နိုင်ခြေ ရှိတယ်။ အဖြစ်နိုင်ဆုံး ဖြစ်တယ်လို့ သတ်မှတ်နိုင်တယ်။ ဒီမိုကရေစီနိုင်ငံရေးလမ်းကြောင်းပေါ်ကို တက်လာပြီဆိုရင် ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်အုပ်စုကို အရေးမစိုက်ဘဲ မရပါ။ သတိပြုရသေးတယ်။ စီးပွားရေး ပြောင်းလဲ လာရင် နိုင်ငံရေးပုံစံ ပြောင်းလဲလာတာပဲ။ ဒီမိုကရေစီဆိုတာ စီးပွားရေး ရေခံမြေခံ နေရာ ကောင်းရတယ်။ စီးပွားရေးမကောင်းဘဲ ဒီမိုကရေစီတိုင်းပြည် တည်ထောင်ရင် ဆန္ဒပြပွဲ သက်သက်ပဲ အချိန်ကုန်သွားမယ်။

ဆန္ဒပြပွဲနဲ့ အချိန်ကုန်တဲ့ ဒီမိုကရေစီနိုင်ငံတွေဟာ-
စီးပွားရေးဓနကြွယ်ဝမှု၊
ဈေးကွက်စီးပွားရေးကောင်းစားမှု၊
စနစ်ဟောင်းများ ပျက်သုဉ်းမှု၊
အရင်းရှင်အားကောင်းမှု၊
လူလတ်တန်းစားအလွှာ အားကောင်းမှု၊
ပညာရေးမြင့်မားမှု၊
ယဉ်ကျေးမှုအားကောင်းမှု၊
ပညာတတ်အုပ်စု အားကောင်းမှ
စတဲ့ အကြောင်းတရားတွေ အားရှိမှာ မဟုတ်ပါ။

အဲဒီလို အကြောင်းမကောင်းတဲ့ အပြောင်းအလဲများတဲ့ တိုင်းပြည်ဟာ –
(က) လူမှုအခြေခံအားနည်းတာတွေ၊
(ခ) ခေါင်းဆောင်များ အစွန်းရောက်ပေါ်လစီ မကျွတ်တာတွေ၊
(ဂ) စီးပွားရေးဆုတ်ယုတ်တာတွေ၊
(ဃ) စစ်ပွဲကြီးများတာတွေ ဖြစ်ပြီး နိုင်ငံရေး သံသရာလည်ခံနေရတယ်။ ဒီအတွက် သင်ခန်းစာတွေ ယူထားသင့်တယ်။

ခေါင်းဆောင်မဖြစ်ထိုက်သူ

ဒီမိုကရေစီအစိုးရဟာ အစွန်းရောက်တဲ့သူ၊ အဂတိလိုက်စားတဲ့သူ၊ တည်ငြိမ်မှုကို လက်မခံတဲ့သူ ပါလာရင် ခရီးမတွင်ကျယ်ပါ။ ဖြုတ်ချမှု၊ ဝင်စွက်မှု၊ ဖိအားပေးမှုကြောင့် ရွေးကောက်ပွဲ ခဏ ခဏ ခဏ ခဏ လုပ်ရတယ်။ တစ်လှည့်စီစနစ်ကြောင့ကျွံနစ်ကုန်တာပဲ။ဒီလိုကျွံနစ်ရတာဟာခေါင်းဆောင်တဲ့သူ ညံ့ဖျင်းလို့ပါပဲခေါင်းဆောင်ညံ့ဖျင်းရင် အာဏာသိမ်းမှု(ခဏ ခဏ) ဖြစ်ပွားတတ်တယ်။ အာဏာသိမ်းတယ် ဆိုပေမယ့် ဒီမိုကရေစီ အတွေ့အကြုံ ရှိပြီးသား တိုင်းပြည်ဖြစ်ရင်တော့ မစိုးရိမ်ရပါ။ ပွင့်သစ်စ ဒီမိုကရေစီတိုင်းပြည်သာ ဖြစ်မယ်ဆိုရင်တော့ မူလပြန်တတ်တယ်။ (မူလကလာတဲ့ နိုင်ငံရေးပေါ်လစီအတိုင်း ပြန်ဖြစ်တတ် တယ်) အဲဒီလိုမျိုး ပြန်ဖြစ်သွားတဲ့ တိုင်းပြည်ဆိုရင် ညံ့ဖျင်းတဲ့ ခေါင်းဆောင်တွေရဲ့ အဖြစ်က တိုင်းပြည်အတွက် တရားခံအစစ် ဖြစ်သွားကြတာပဲ။ တွေဝေသူ၊ ညံ့ဖျင်းတဲ့သူတွေဟာ ခေါင်းဆောင်မဖြစ်ထိုက်တာ အမှန်ပါပဲ။

ခေါင်းဆောင်သူရဲ့ အရည်အချင်း

တိုင်းပြည်အုပ်ချုပ်တဲ့သူဟာ နိုင်ငံရေးအာဏာ ဆုတ်ယုတ်ကျဆင်းမှု မရှိအောင် ထိန်းသိမ်းနိုင်ရမယ်။ တည်ငြိမ်ရင့်ကျက်ရမယ်။ စီးပွားရေး မထိုင်းမှိုင်းအောင် ထိန်းသိမ်းပေး ရမယ်။ အခက်အခဲမများဖို့ နေတတ်ရမယ်။ ကျင့်သုံးတဲ့ နိုင်ငံရေးမူဝါဒကို ချင့်ချိန်တတ်ရ ) နှင့်လို မယ်။ ကွာခြားချက်သိရမယ်။ မူနဲ့လူ နှစ်မျိုးကို တွေဝေညံ့ဖျင်းမှု မရှိ(မဖြစ်)အောင် ပြင်ဆင် တတ်ရမယ်။ လဲလှယ်မှုတတ်ရမယ်။ အကွက်အကွင်း ဖြည့်စွက်တတ်ရမယ်။ စကားနဲ့တရား (နိုင်ငံရေးသဘော) သဘောကို လက်တွေ့ကျရမယ်။ ကျင့်သုံးနိုင်တဲ့ဥပဒေကို ကျင့်သုံးစေပြီး ကျင့်သုံးအပ်တဲ့ ဥပဒေကို မဆုတ်ယုတ်အောင် ပြဋ္ဌာန်းပေးတတ်ရမယ်။ ပဋိပက္ခပေါ်ရင် ခေါင်းအေးအေးထားပြီး ဖြေရှင်းတတ်ရမယ်။ ပြဿနာဖန်တီးသူကို အရင်းအမြစ် နားလည် ရမယ်။ ဝိရောဓိ (ဆန့်ကျင်မှု) အရင်းအမြစ်ကို ဆက်စပ်တဲ့ ကွန်ချာစက်ဝန်းကျွမ်းကျင်ရမယ်။ သုံးသပ်မှု၊ ဆင်ခြင်မှ မြဲရမယ်။ အလုပ်နဲ့တူသူ ဖြစ်အောင် လုပ်တတ်ရမယ်။ အလုပ်မများသူ ဖြစ်အောင် နေတတ်ရမယ်။ မြင်ရာ၊ ကွယ်ရာ၌ အထင်သေးမှု ပြုမူချက်များ ရှောင်ရှားတတ် ရမယ်။ အကျင့်သဘောကို အလုပ်သဘောမဖြစ်ဖို့ စီမံမှု လိမ္မာရမယ်။ အပြုသဘောကို သေချာမှု၊ ဟုတ်မှန်မှ ရှုမြင်တတ်ရမယ်လို့ ခေါင်းဆောင်သူရဲ့ အရည်အချင်းအချို့ကို တွေ့ရ တယ်။ (အရည်အသွေးအချို့ကို တွေ့ရတယ်)

ပြည်သူတွေ တာဝန်ကျေပွန်ပါ

နိုင်ငံရေးမူဝါဒတစ်မျိုးဟာ ကျင့်သုံးမှုမတတ်ရင် နောက်ပြန် (ဘက်ပြန်)တတ်တယ်။ နိုင်ငံရေးချဲ့ကားတာတွေ၊ အတိုက်အခံတွေ ခြိမ်းခြောက်တာတွေ၊ တစ်ဖက်သတ် ပြုမူမှုတွေ သတိထားရတယ်။ အဲဒီ ပြုမူချက်ဟာ နောက်ပြန်နိုင်တဲ့ နိုင်ငံရေးပဲ။ နိုင်ငံရေးစနစ်ဟာ အားနည်းခြင်း မရှိရပါ။ မှားယွင်းမှု မရှိရပါ။ အတုအယောင် မပါရပါ။ ညံ့ဖျင်းတဲ့အုပ်ချုပ်မှု မဖြစ်ရပါ။ အာဏာသုံး မလွန်ရပါ။ အခွင့်ထူးခံ စီးပွားရေးသမားတွေကို ထိန်းနိုင်ရမယ်။ ငွေများ တရားနိုင် မဖြစ်ရ။ နိုင်ငံသား တာဝန်မယူဘဲ ခေါင်းဆောင်တွေကို အုပ်ချုပ်ရေးမှာမပါရ။ မိသားစုအကျိုးစီးပွားလုပ်သူ မပါရ။ မိမိအသိုက်အဝန်းကြည့်တဲ့သူ မပါရ။ ကျွမ်းကျင်မှ မရှိတဲ့သူတွေ မပါရပါ။ ယောင်မှားမှားလုပ်တတ်သူ၊ တိမ်းညွတ်လွယ်သူ၊ တစ်ပိုင်းသမား (အာဏာရှင်တစ်ပိုင်း၊ စီးပွားရေးတစ်ပိုင်း) မပါဝင်အောင် သတိပြုရမယ်။ ဒီပုဂ္ဂိုလ်တွေဟာ ဝယ်လိမ် (မဲဝယ်၊ မဲလိမ်) ဖောက်ပြန်တဲ့သူတွေပါ။ ဒီသူတွေ နိုင်ငံရေးဝင်ခွင့်ရလေသမျှ ကာလပတ်လုံး “နိုင်ငံသား”စစ်စစ်ဖြစ်တဲ့ပြည်သူတွေ နိုင်ငံရေးထဲမှာ ဝင်ရောက်နိုင်မှာ မဟုတ်ပါ။ ရွေးကောက်ပွဲမှာ ပြည်သူတွေ မိမိတာဝန်ကို ကျေပွန်ဖို့ လိုပါတယ်။

စံပြနိုင်ငံ မဖြစ်ပါ

ဒီမိုကရေစီကျင့်စဉ်နဲ့ ကျင့်သုံးတဲ့ နိုင်ငံရေးဟာ များသောအားဖြင့် ပြည်သူတွေရဲ့ အသံကို နားထောင်စေတယ်။ (နားထောင်ခိုင်းတယ်) အသံကြောင့် ဖားသေနိုင်ငံရေးမဖြစ်တဲ့ ပုံစံပါ။ နိုင်ငံရေးထဲကို လူထုတွေ ဘယ်လောက် ပူးပေါင်းပါဝင်ကြသလဲ၊ ဘယ်လောက် စိတ်ဝင်စားကြသလဲ ဆိုတာ အမြဲတမ်း ထိတွေ့နေရမယ်။ ထိတွေ့မှု မရှိတဲ့ နိုင်ငံရေးဟာ အရည်အချင်း မတက်ပါ။ အရည်အချင်းမတက်ရင် လိုအပ်ချက်ရှိပြီ ဆိုတာကို သိထားရမယ်။ ဒီမိုကရေစီနိုင်ငံရေးဟာ “ပြည်သူတွေ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေ ဘယ်လောက် ကာကွယ် ပေးနိုင်သလဲ” ဆိုတဲ့ စံနှုန်းနဲ့ထားတဲ့ အဆုံးအဖြတ်ပါပဲ။ အဆုံးအဖြတ်မရှိတဲ့ ဒီမိုကရေစီ (လူမှုဘဝနိုင်ငံရေး) ဟာ စံပြနိုင်ငံမဖြစ်ပါ။ စံပြမဖြစ်ရင် ဒီမိုကရေစီကို မယုံကြည်တော့ပါ။ ယုံကြည်မှုပျောက်ကွယ်ရင် ကျင့်သုံးမှုလည်း ပျောက်တယ်။ ကျင့်သုံးမှုမရှိရင် ပျက်သုဉ်းမှုပဲ အဖြေ ရှိတော့တယ်။ ဒီအဖြေဟာ ဒီမိုကရေစီ မဖြစ်ထိုက်သူ (မရထိုက်သူ)တွေရဲ့ လုပ်ရပ် ပါပဲ။ ဆင်းရဲတဲ့တိုင်းပြည်တွေ ဒီမိုကရေစီ နောက်ပြန်ဖြစ်သွားကြတာဟာ ဒီသဘောတရား ရောက်သွားလို့ပါပဲ။

အမြတ်ထုတ်စားတဲ့ နိုင်ငံရေး

ဒီမိုကရေစီတိုင်းပြည်တိုင်းမှာ စီမံအုပ်ချုပ်မှု၊ ထိန်းကျောင်းမှု တော်ရမယ်။ ထိထိမိမိကျွမ်း ကျင်ရမယ်။ မတော်မကျွမ်းကျင်ရင် အကြမ်းဖက်မှုတွေ၊ စီးပွားပျက်မှုတွေ တွေ့ရတတ်တယ်။ စီမံအုပ်ချုပ်မှု မတော်ရင် မတိုးတက်ပါ။ မတိုးတက်ရင် မထိန်းနိုင်ပါ။ အကျင့်ပျက် လာဘ် ပေးမှု၊ လာဘ်ယူမှု၊ လာဘ်စားမှုတွေ များပြားပြီး မျက်နှာလိုက်မှု၊ မသမာမှု၊ ကိုင်တွယ်ဖို့ ပျက်ကွက်မှုတွေ များပြားလာတယ်။ အကျင့်ပျက်တဲ့ အဆိပ်တွေ တက်ပြီး ရှုပ်ထွေးလာတယ်။ တည်ငြိမ်မှု ဘေးမကင်းမှုတွေများလာပြီးညံ့ဖျင်းတဲ့အုပ်ချုပ်ရေးစနစ်တွေထလာတယ်။နိုင်ငံရေးအမြင်မရှိတစရိုက်သမားတွေ ကြီးစိုးလာပြီး လူ့အဖွဲ့အစည်း အကျိုးတွေ အားနည်းလာတယ်။ ကန့်သတ်ပိတ်ပင်မှုများ ပေါ်လာတယ်။ ကိုယ်ကျိုးတွက် ဈေးကွက်ပြိုင်တဲ့သူ၊ခေါင်းပုံဖြတ် အမြတ်ကြီးစားတဲ့သူတွေ များပြားလာတယ်။ အစိုးရသူကိုယ်တိုင်က အပြုအမူ ကြမ်းတမ်းလာပြီး သံသယစိတ်ကြီးလာတယ်။ နိုင်ရှုံးအပြတ် စိန်ခေါ်မှုတွေ ဖြစ်လာတယ်။ တစ်ဖက်စောင်းနင်း မညီမျှမှု၊ ထက်အောက် မှီခိုကင်းမှု၊ လက်သပ်မွေးမှု၊ ဖိနှိပ်မှုတွေ ဖောက်ပြန်တဲ့ လုပ်ရပ်တွေ ပေါ်လာပြီး သူ့ထက်ငါ အာဏာလုပွဲတွေ ကြဲကြတယ်။ မူလ ရည်ရွယ်ချက်များ ပျောက်ကွယ်ပြီး တိုင်းပြည်အပေါ် အမြတ်ထုတ်စားတဲ့ နိုင်ငံရေး ဖြစ်လာ တယ်။ (အမြတ်ထုတ်ခြင်းကို မဆိုလိုပါ)

ကောင်းမွန်တဲ့ ပြည်သူ့လူ့အဖွဲ့အစည်း

ယနေ့မြန်မာပြည်ဟာ လူထုနဲ့ အုပ်ချုပ်သူအကြား နိုင်ရာစားတဲ့ လူ့အဖွဲ့အစည်းတွေ ပေါ်လာပြီလား။ စွမ်းရည်ထက်မြက်တဲ့ လူ့အဖွဲ့အစည်းတွေ ဖြစ်လာကြပြီလား။ အခြေခံ စီးပွားရေးအတွက် ခိုင်မာတောင့်တင်းနေကြပြီလား။ ရင်းနှီးမြှုပ်နှံသူများ အခွင့်အရေးနဲ့ အခွင့်အလမ်းတွေ စနစ်ကျပြီလား ဆိုတဲ့ မေးခွန်းတွေကို မေးကြည့်ရင် အဖြေများ အမျိုးမျိုး ကြားရဦးမှာပဲ။ မြန်မာပြည်မှာ လူထုတွေ မချမ်းသာပေမယ့် ရိုးသားမှုရှိရင် အာဏာနဲ့ အခွင့်ထူးခံသမားတွေ၊ နိုင်ငံတော်ထံ ခိုးဝှက်တဲ့သူတွေ၊ ခေါင်းပုံဖြတ်သူတွေ၊ ဥပဒေလိမ်လည် တဲ့သူတွေ မပေါ်လာနိုင်ပါ။ ဒါကြောင့် ယနေ့ မြန်မာပြည်သူတွေဟာ တက်ကြွတဲ့ “နိုင်ငံရေး ရပ်ဝန်းအဖြစ် ခံယူကြပြီး ကောင်းမွန်တဲ့ ပြည်သူ့လူ့အဖွဲ့အစည်းဖြစ်အောင် ကြိုးစားရမယ်။ အပြစ်ပေးခံရမယ့်သူတွေကို ပြည်သူတွေ ထိန်းကျောင်းပေးနိုင်ရင် လုပ်နိုင်တဲ့ နိုင်ငံရေး ဖြစ်လာပြီ ဆိုတာကို သေချာစွာ မှတ်သားရမယ်။

မြန်မာပြည် နိုင်ငံရေးအပြောင်းအလဲဟာ
ထူးထူးခြားခြား ပြောင်းလဲနေသလို ထင်ရပေမယ့်
ဖြောင့်ဖြောင့်မတ်မတ် သေသေသပ်သပ်တော့ ပြောင်းလဲပုံ မပေါ်ပါ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၀၇-၂၁၃၊ အဝိဟိံသာနိုင်ငံရေး (၂၄)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
စကားလက်ဆောင် ပညာသာမိ

။ ကျောင်းတော်မြတ်သို့ ။

။သဘာဝကျကျ
နေကြရသည်
ချမ်းမြပါသော ကျောင်းတော်မြတ်။

။ ကိုယ်စိတ်ဣန္ဒြေ
သိမ်မွေ့ပေသည်
အမွေရကြ ကျောင်းတော်မြတ်။

။ မြတ်စွာဗုဒ္ဓ
ပရိယတ်တည်
ဓမ္မသိကြ ကျောင်းတော်မြတ်။

။ ကြည်နူးအေးရိပ်
တိတ်ဆိတ်ပါသည်
တည်ကြည်အေးမြ ကျောင်းတော်မြတ်။

။ ဤကျောင်းတော်မြတ်
ရောက်ခဲ့ကြသည်
သတိရအောက်မေ့ ကျောင်းတော်မြတ်။

တောမှီရဟန်း
(၃၁.၇.၂၀၂၅) ရက်နေ့။

Loading