ဒေါသသမား
သေပြန်တော့လည်း
ဆင်းဆင်းရဲရဲ။
Uncategorized
ဒေါသသမား
သေပြန်တော့လည်း
ဆင်းဆင်းရဲရဲ။
။ မိုးချုပ်နေဝင်
သူငါမြင်သည်
နေဝင်ပြီးနောက် အမှောင်စ။
။ အမှောင်ပျောက်ကွယ်
အလင်းနယ်ဆီ
ချိန်လည်ပြန်စ အလင်းရ။
။ ဘဝလီလီ
ကျင်လည်ကူးခပ်
ရပ်မနားကြ
သုခဒုက်ခ
များကြသူငါ
တဏှာလှေလေး သူငါနှင်။
။ သူသူငါငါ
ဆုံကြပါသည်
သူငါများစွာ
ခွဲကြပါသည်
မေတ္တာမျှမျှ ခွဲကြဦး။
အဲးခိုး(၁၂.၅.၂၀၂၄) ရက်နေ့နံနက်။
မာတာ ယထာ နိယံပုတ္တ၊
မာယုသာ ဧကပုတ္တမနုရက္ခေ။
ဧဝံပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။ ( ပါဠိဘာသာ )
အနက်ဖွင့်ဆိုချက်( မြန်မာဘာသာ )
မာတာ၊မိခင်သည်။
ဧကပုတ္တံ၊တစ်ယောက်တည်းသော။
နိယံပုတ္တံ၊မိမိရင်နှစ် အလွန်ချစ်သောသားကို။
အာယုသာ၊အသက်ဖြင့်။
အနုရက္ခေယထာ၊အမြဲမပြတ်( အမြဲမကွာ) စောင့်ရှောက်သကဲ့သို့။
ဧဝမ္ပိ၊ဤအတူလည်း။
သဗ္ဗဘူတေသု၊အလုံးစုံသောသတ္တဝါတို့၌။
အပရိမာဏံ၊အပိုင်းအခြား အတိုင်းအတာမရှိ။
မာနသံ၊မေတ္တာနှင့်ယှဉ်သောစိတ်ကို။
ဘာဝယေ၊ဖြစ်စေရာ၏။( ပွားများရာ၏။)
မြန်မာစကားပြေအနက်
မိခင်ဟာ
တစ်ယောက်တည်းသောသားကို
အသက်ဖြင့်
အမြဲမကွာ
စောင့်ရှောက်ထားသလို
ဤအတူ( ဤလိုပဲ)
သတ္တဝါတွေအားလုံးအပေါ်
အခြားမဲ့
အတိုင်းအဆမရှိ
မေတ္တာစိတ်ကိုဖြစ်စေရပါတယ်။
မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓောစ တိရိယဉ္စ၊
အသမ်ဗာဓံ အဝရေမ’မသပတ်တံ။(ပါဠိဘာသာ)
အနက်ဖွင့်ဆိုချက်( မြန်မာဘာသာ)
ဥဒ္ဓံ၊အထက်ဘုံ၌လည်းကောင်း။
အဓောစ၊အောက်ဘုံ၌လည်းကောင်း။
တိရိယဉ္စ၊အလယ်ဘုံ၌လည်းကောင်း။
သဗ္ဗလောကသ္မိံ၊အလုံးစုံသောလောက၌။
အပရိမာဏံ၊အတိုင်းအတာ အပိုင်းအခြားမရှိသော။
မေတ္တံ၊မေတ္တာနှင့်ယှဉ်သော။
မာနသံစ၊စိတ်ပိုလည်းကောင်း။
အသမ္ဗာဓံ၊ အပိုင်းအခြားကင်း ကျဉ်းမြောင်းခြင်းမရှိသည်ကို။
အဝေရံ၊ဒေါသဟူသော အတွင်းရန်မရှိသည်ကို။
အသပတ္တံ၊နှိပ်စက်တတ်သော အပြင်ရန်မရှိသည်ကို။
ကတွာ၊ပြု၍။
ဘာာဝယေ၊ပွားများရာ၏။( အကြိမ်ကြိမ်ဖြစ်စေရာ၏)
မြန်မာစကားပြေအနက်
။ အထက်ဘုံဖြစ်ဖြစ်
အောက်ဘုံဖြစ်ဖြစ်
အလယ်ဘုံဖြစ်ဖြစ်
လောကအားလုံး၌
အပိုင်းအခြား မထားဘဲ
ကျဉ်းမြောင်းသည့်စိတ် မရှိဘဲ
အတွင်းအပြင်ဒေါသ မရှီဘဲ
မေတ္တာနဲ့ယှဉ်သည့်စိတ်နဲ့
ထားရှိပြီး
( မတ်ေတာထား)
ပွားများရမယ်။
မေတ္တာမပို့ရသူ
။ မတျတောဘာဝနာ
ပွားများတဲ့သူဟာ
၁) လိင်မတူတဲ့သူကို
မေတ္တာမပွားရပါ။
ပွားများရင်
ရာဂဖြစ်တတ်တယ်။
၂) သေသူကို
မေတ္တာမပွားရပါ။
ပွားခဲ့သော်
ဥပစာရဈာန်
အပ္ပနာဈာန်မရနိုင်။
မေတ္တာပို့ရသူ
။ မေတ္တာပွားပြီး
မေတ္တာပို့ရင်
၁) မိမိကိုယ်မိမိ
၂) မိမိလေးစားအပ်သူ
(ဆရာ/ဆရာမ)
၃) မိမိအလွန်ချစ်ခင်သောသူ
၄) မမုန်းမချစ်အလယ်အလတ်ဖြစ်သူ
၅) ရန်သူ
ဤပုဂ္ဂိုလ်တွေကို
မေတ္တာပွား
မေတ္တာပို့နိုင်တယ်။
။ ပထမ
မိမိကိုယ်ကို
မေတ္တာပို့ပါ။
ကိုယ်ချင်းစာပြီး
ဆရာသမားတွေရဲ့
သီလဂုဏ်စသည်တို့ကို
အာရုံပြု၍
မေတ္တာပို့ပါ။
အလွန်ချစ်ခင်တဲ့မိတ်ဆွေ
မချစ်မမုန်းတဲ့သူ
ရန်သူဖြစ်ခဲ့တဲ့သူတွေကို
မေတ္တာပွား
မတ်ေတာထား
မေတ္တာပို့ပါ။
။ ဖော်ပြသော
ပုဂ္ဂိုလ်တွေကို
တန်းတူညီမျှ
မေတ္တာပို့လို့ရရင်
မေတ္တာနယ်ပယ်
အပိုင်းအခြားပျောက်၍
အပိုင်းအခြား
မရှိတော့သော
( မေတ္တာ အသမ္ဗာဓ)အဆင့်ကို
ရောက်သွားမယ်။
။ မေတ္တာအသမ္ဗာဓရောက်မှ
မေတ္တာအစစ်အမှန်ဖြစ်မယ်။
ဒါကြောင့်
> ဘယ်လိုမုန်းမုန်း၊ကိုယ်မမုန်း၊ချစ်ဆုံးချစ်မြဲပါ။
> ငြိုငြင်ပြစ်တင်၊မချစ်ခင်၊အစဉ်ခွင့်လွှတ်ပါ။
> ရန်ရှာပြုမူ၊ပြစ်မယူ၊ကြည်ဖြူခွင့်လွှတ်ပါ။
> နစ်နစ်နာနာ၊ပြုမူပါလည်း၊ကြည်သာရွှင်ပြ၊စိတ်ထားလှ၊လှလှပပ ခွင့်လွှတ်ပါ။
တောင်ကလေးဆရာတော်
(၁၀.၅.၂၀၂၄) ရက်နေ့နံနက်ခင်း။
။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ နကိဉ္စိ။
ဗျာရောသန ပဋိဃသည၊
နာညမညဿ ဒုက္ခမိစ္ဆေယျ။( ပါဠိဘာသာ)
အနက်( မြန်မာဘာသာ)
ပရော၊တစ်ပါးသောသူသည်။
ပရံ၊တပါးသောသူကို။
န နိကုဗ္ဗေထ၊ကောက်ကျစ်စဉ်းလဲခြင်း၊လှည့်ပတ်ခြင်းမပြုပါစေလင့်။
ကတ္ထစိ၊မည်သည့်အရပ်၊မည်သည့်နေရာ၌မဆို။
ကိဉ္စိ၊တစ်ဦးတစ်ယောက်ယောက်သောသူကို။
နာတိမညေထ၊မောက်မာထောင်လွှားသောအားဖြင့် မထေ( မထီ) မဲ့မြင် မပြုပါစေလင့်။
ဗျာရောသနာ၊( ဗျာရောသနာယ) ကိုယ်,နှုတ်နှစ်ပါးတို့ဖြင့် ထိခိုက်စော်ကား မပုတ်ခတ်ခြင်းဖြင့်လည်းကောင်း။
ပဋိဃာသညာ၊( ပဋိဃာသညာယ) ဒေါသစိတ်ဖြင့်လည်းကောင်း။
အညမညဿ၊အချင်းချင်း၏။
ဒုက္ခံ၊ကိုစိတ်ဆင်းရဲခြင်းကို။
မ ဣစ္ဆေယျ၊အလိုမရှိပါစေလင့်။
ဆင်ခြင်ရန်ဆောင်ပုဒ်( ကဗျာ)
၁) တစ်ယောက်နှင့်တစ်ယောက်၊စိတ်ရင်းကောက်၊ကောက်ကျစ်စဉ်းလဲမပြုရာ။
၂) တစ်ယောက်နှင့်တစ်ယောက်၊စိတ်ရင်းဖြောင့်၊ဖြိုးမောက်ချမ်းသာရာ။
၃) မည်သည့်နေရာ၊မောက်မာတာ၊ရှောင်ခွာရမည်သာ။
၄) ဘယ်ဟာမဆို၊မောက်မာပို၊ပြုကိုမပြုရာ။
၅) ကိုယ်, နှုတ်နှစ်ပါး၊ထိစော်ကား၊မိုက်မှားမပြုရာ။
၆) ဒေါသစိတ်ထန်၊ချင်းချင်းမာန်၊ရှောင်ရန်ပွားမေတ္တာ။
စကားပြေ
။ တစ်ယောက်နဲ့တစ်ယောက်
မရိုးမသားသောအားဖြင့် ကောက်ကျစ်စဉ်းလဲတာလုပ်ရင်
မေတ္တာမဲ့ခြင်းပါပဲ။
။ တစ်ယောက်နဲ့တစ်ယောက်
ဘယ်နေရာမဆို
မထီမဲ့မြင်ပြုတာ
ကိုယ်ထိလက်ရောက်ပဲဖြစ်ဖြစ်
နှုတ်နဲ့ပြောဆိုမိတာပဲဖြစ်ဖြစ်
ဒေါသစိတ်နဲ့ပဲဖြစ်ဖြစ်
အချင်းချင်း
ကိုယ်စိတ်နှစ်ပါး
မချမ်းသာအောင်
ဆင်းရဲအောင်လိုလားတာတွေလည်း
မေတ္တာတရားခေါင်းပါးတာပါပဲ။
။ ဒါကြောင့် စဉ်းလဲတာ
မထီမဲ့မြင်မပြုတာ
ကိုယ်ထိလက်ရောက်
စိတ်လိုက်မာန်ပါ
နှုတ်စကားနဲ့
တစ်ဦးနဲ့တစ်ဦး
ဆင်းရဲအောင်မပြုလုပ်တာဟာ
မေတ္တာချစ်ခြင်းလိုသတ်မှတ်ရမယ်။
။ သည်လိုစိတ်ဓာတ်ရှိတဲ့သူဟာ
မေတ္တာရှိသူလို့ခေါ်လို့ရမယ်။
ဒါကြောင့်
သည်လိုစိတ်ဓာတ်နဲ့
တောင့်တခြင်းဟာ
မေတ္တာနယ်ထူးလို့ဆိုရမှာပါပဲ။
။ မေတ္တာမတုံးဘဲ
မေတ္တာနှလုံးသားနဲ့
အချင်းချင်းဘေးပြုခြင်းတို့ကို
ရှောင်ရှားနိုင်ကြပါစေလေ။
တောင်ကလေးဆရာတော်
(၉.၅.၂၀၂၄)ရက်နေ့နံနက်ခင်း။
။ စာရှုသူတွေကို
အထူးသဖြင့်
သည့်နေ့အတွက်
၁) (သဗ္ဗေသတ္တာ သုခိနော ဟောန္တု။)
သဗ္ဗေသတ္တာ၊ အလုံးစုံသောသတ္တဝါတို့သည်။
သုခိနော ၊ကိုယ်ခန္ဓာကျန်းမာ၍ ချမ်းသာခြင်းရှိကြကုန်သည်။
ဟောန္တု၊ဖြစ်ကြပါစေကုန်သတည်း။
၂) (သဗ္ဗေသတ္တာ ခေမိနော ဟောန္တု။)
သဗ္ဗေသတ္တာ၊ အလုံးစုံသောသတ္တဝါတို့သည်။
ခေမိနော၊ဘေးရန်အန္တရာယ်ကင်းကြကုန်သည်။
ဟောန္တု၊ဖြစ်ကြပါစေကုန်သတည်း။
၃) ( သဗ်ဗသေတ်တာ သုခိတတ်တာ ဘဝန်တု။)
သဗ္ဗေသတ္တာ၊ အလုံးစုံသောသတ္တဝါတို့သည်။
သုခိတတ္တာ၊ချမ်းသာခြင်းရှိသောစိတ်ရှိကြကုန်သည်။
ဘဝန္တု ၊ မုချမသွေ ဖြစ်ကြပါစေကုန်သတည်း။
။ သည်နေ့ ဤရွေ့ဤမျှ
စေလွှတ်အပ်သော
မေတ္တာဓာတ်ကြောင့်
အရှေ့နှင့်အနောက်
တောင်နှင့်မြောက်
အရပ်ဒေသ
အသီးသီးအသက၌
၁)ထိတ်လန့်စိုးရွံ့သောသူပုဂ္ဂိုလ်။
၂)ထိတ်လန့်စိုးရွံ့ခြင်းမရှိသောပုဂ္ဂိုလ်။
၃)ခန္ဓာရှည်လျားသောသတ္တဝါ။
၄)ခန္ဓာကြီးမားသောသတ္တဝါ။
၅)) ခန္ဓာကိုယ် မတိုမရှည် မကြီးမငယ် အရွယ်အလတ်စားရှိသောသတ္တဝါ။
၆) ပုကွ နိမ့်တိုသောခန္ဓာကိုယ်ရှိသောသတ္တဝါ။
၇) သေးငယ် မှုံမွားသောသတ္တဝါ။
၈) ဆူဖြိုးသောသတ္တဝါ။
၉) မြင်ဖူးသောသတ္တဝါ။
၁၀) မမြင်ဘူးသောသတ္တဝါ။
၁၁) အရပ်ဝေး၌နေကြကုန်သောသတ္တဝါ
၁၂) အရပ်နီး၌နေကြသောသတ္တဝါ။
၁၃) နောင်မဖြစ်တော့ဘဲ ဖြစ်ပြီးသောသတ္တဝါ။
၁၄) နောက်ဖြစ်ရန် ဘဝကိုရှာကြသောသတ္တဝါ။
၁၅) အလုံးစုံသောသတ္တဝါ အပေါင်းတို့သည်။
(သုခိတတ္တာ၊ကိုယ်စိတ်နှစ်ဖြာ၊ကျန်းမာချမ်းသာရှိကြကုန်သည်။
ဘဝန္တု ၊ ဖြစ်ကြပါစေကုန်သတည်း။)
တောမှီရဟန်း
(၈.၅.၂၀၂၄) ရက်နေ့နံနက်)
See Translation
။ အိမ်ထောင်ပြုကြလို့
လင်မယားချင်း
ရန်မဖြစ်ကြတာ
သဝန်မတိုကြတာ
နားကိုက်ပါးကိုက်
အကြိုက်တူကြတာ
မတူကြတာ
စသဖြင့် စသဖြင့်ပေါ့
မဖြစ်ကြတာမရှိပါဘူးတဲ့လေ။
။ မနေ့က
တပည့်မလေးတစ်ယောက်
ကျောင်းကိုပြန်ရောက်လာလို့
မျက်ရည်လည်ရွဲပြီး
ပါးပြင်ကျယ်ကြီးပေါ်မှာ
မိုးလုံးတမျှ စီးဆင်းနေပေါ့။
။ ” ကဲ ကဲ
တပည့်မရေ
ဘာတွေများ
အသဲတွေထဲက
အလောင်အကျွမ်းတွေ
ဖြစ်နေရတာလဲ?
မေးပါတယ်။
။ တပည့်က
အသံမထွက်နိုင်
အတောမသတ်နိုင်
တရှုံ့ရှုံ့တတွတွနဲ့
ရှိုက်ကြီးတငင်နဲ့ပဲ
ငိုနေတော့တာပါပဲ။
။ ငိုနေတော့
ဘာအကျိုးရှိလို့ပါလဲ
ပြောစရာရှိတာပြောပေါ့
မေးနေတာလေလို့
အကြိမ်ကြိမ်မေးတော့မှပဲ။
။ ” တပည့်တော်မ”
” ဆိုပါ ၊ ဘာပြောမလဲလို့”
“တပည့်တော်မ
အမျိုးသားနဲ့
ခွဲလိုက်ကြပါပြီဘုရား” တဲ့။
။ ” အမျိုးသားနဲ့
လမ်းခွဲကြတာ
တည်တည်ငြိမ်ငြိမ်
မဖြစ်ဘဲနဲ့
ဘာလို့များအဲဒီလောက်ထိ
အသည်းအသန်ကြီး
အသည်းအထန်နဲ့
ငိုရတာလဲ?
တည်တည်ငြိမ်ငြိမ်လေးနဲ့
လျှောက်ပေါ့ကွယ်”
မိန့်ပြီးတာနဲ့ပဲ။
။ ” တပည့်တော်မကို
သီလရှင်ပြန်ဝတ်ခွင့်ပြုပါဘုရား
ကလေးတွေကမေမေဖေဖေတွေနဲ့
ထားခဲ့လိုက်ပါပြီဘုရား”
ဆိုပြီးကြားမိလိုက်တာနဲ့ပဲ
ကြားရသူအရှင့်အဖို့
(သောကောရောကော
ဝိနဿတု) မဖြစ်ပါ။
။ အော်
အိမ်ထောင်ပြုကြတယ်ဆိုတာ
မူလရည်ရွယ်ချက်က
ဘာတွေများပါလဲနော်။
။ ချစ်ကြဖို့
သံယောဇဉ်ရှိကြဖို့
စောင့်ရှောက်ထိန်းသိမ်းကြဖို့
သေတစ်ဖန်သက်တစ်ဆုံးတိုင်အောင်
ရိုးမြေကျသည့်တိုင်အောင်
ချစ်ခြင်းများစွာနဲ့
ချစ်ကြင်နာကြဖို့
မြတ်နိုးကြတာတွေ
မဟုတ်ဘူးလားလို့
တွေးမိပါလေရဲ့။
။ ခဏချင်း
စဉ်းစားမိလို့အပြီးမှာ
” ကဲ အငိုတိတ်တော့
ငိုခြင်းဆိုတာ
ထာဝရဥစ္စာတစ်ပါးပါပဲ
အငိုရှာရင်ငိုရမပေါ့
တပည့်ရယ်
ပြက်ရယ်ပြုတယ်လို့တော့
မထင်မိပါနဲ့။
။ မင်းတို့ဆရာလည်း
ဒီအချစ်နဲ့
ဒီအမုန်းတွေနဲ့
ဒီလောကမှာ
ဘဝတဏှာကြောင့်
တမ်းတငိုကြွေးခဲ့ရတာ
ဒီအသက်ဒီခန္ဓာ
ဘဝဘဝါပါပဲလေ” ။
။ ” အေး
ပြောပြမယ်
ဒီစကားလေးတစ်ခွန်းတော့
နားထောင်ကြည့်လိုက်ပါ။
။ အိမ်ထောင်ဆိုတာ
ဘဝလောကမှာ
အကြီးဆုံးသော
ထောင်ကြီးတစ်ထောင်ဖြစ်လို့
အရည်အချင်းနဲ့
အပြည့်အဝ
အပြည့်အစုံ
အစုံအညီ
မရှိရင်တော့
ငိုပွဲဆင်
ငိုပွဲဝင်
ငိုမြဲပင်ပေါ့တပည့်ရယ်” ။
။ ကိုင်း တော်ပြီ….
ဆံချ
ဝတ်ရုံဝတ်
သီလခံယူ
ဘုရားဝတ်ပြု
ကမ္မဋ္ဌာန်းထိုင်
ဘာဝနာပွား
သင်္ခါရုပေက္ခာဉာဏ်ပွား
တည်တည်ငြိမ်ငြိမ်နဲ့
နေပေတော့တပည့်ရေ
နေတော့လို့ …….။
တောမှီရဟန်း
(၅.၅.၂၀၂၄) ရက်နေ့။
မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်
။ လွတ်လပ်ရေးနေ့ (အင်္ဂလိပ် Independence Day)သည်
နှစ်စဉ် ဇန်နဝါရီလ (၄)ရက်နေ့ ဖြစ်သည်။
။ မြန်မာနိုင်ငံသည်
၁၉၄၈-ခုနှစ်
ဇန်နဝါရီလ (၄)ရက်နေ့တွင်
စစ်မှန်သောလွတ်လပ်ရေး
ကိုရရှိခဲ့သည်။
နယ်ချဲ့တိုင်းတစ်ပါးတို့၏
စိုးမိုးအုပ်ချုပ်မှုအောက်မှ
လွတ်မြောက်လာခဲ့သော
တိုင်းပြည်နိုင်ငံများတွင် အချုပ်အခြာအာဏာပိုင်
လွတ်လပ်သောနိုင်ငံအဖြစ်သို့
ရောက်သည့်နေ့ကို
“လွတ်လပ်ရေးနေ့”ဟူ၍
အသိအမှတ်ပြုထားကြသည်။
။ လွတ်လပ်ရေးနေ့
အင်္ဂလိပ်: Independence Day
ကမ္ပည်းစိုက်ထူ
။ ခရစ်နှစ် ၁၉၄၈ ခုနှစ်
ဇန်နဝါရီလ ၄ ရက်
မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ်
ပြာသိုလဆုတ် (၉ )ရက်
တနင်္ဂနွေနေ့ကား
မြန်မာနိုင်ငံသည်
လုံးဝလွတ်လပ်သော
အချုပ်အခြာအာဏာပိုင်
သမ္မတနိုင်ငံတော်အဖြစ်သို့
ကောင်းစွာရောက်ရှိသောနေ့
ဖြစ်လေသည်။
။ ထိုနေ့သည်
ပြည်ထောင်စု
မြန်မာနိုင်ငံသားများအဖို့
ထူးမြတ်သော
နေ့တစ်နေ့ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအနှံ့အပြားရှိ
မြို့ရွာများတွင်
ထိုနေ့ကို
မှတ်တမ်းတင်သော
မော်ကွန်းကျောက်စာတိုင်များ
စိုက်ထူကြပြီးလျှင်
အောက်ပါအတိုင်း
ကမ္ဗည်း ရေးထိုးထားကြသည်။
“ ဂြီသက္ကရာဇ် တစ်ထောင့်သုံးရာကိုးခုနှစ်၊ ပြာသိုလဆုတ် (၉)ရက်၊ တနင်္ဂနွေနေ့အား ဤငါတို့မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ် အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာရောက်သတည်း။ ”
ဆင်ယင်ကျင်းပ
။ မြန်မာနိုင်ငံ အောက်ပိုင်း၌
နှစ်ပေါင်း ၁ဝဝ မျှ
မြန်မာနိုင်ငံ အထက်ပိုင်း၌
နှစ်ပေါင်း ၆ဝကျော်မျှ
နိုင်ငံခြားသားတို့၏
အချုပ်အခြာကို
ခံခဲ့ကြရပြီးနောက်
မြန်မာခေါင်းဆောင်ကြီးများ၏
အမျိုးမျိုးသော
ကြိုးပမ်းမှု တို့ကြောင့်
ရရှိခဲ့သော ဤလွတ်လပ်ရေးကို
တည်တံ့ခိုင်မြဲစေရန်နှင့်
ပြည်ထောင်စုကြီး
တိုးတက်ဖွံ့ဖြိုးစေရန်မှာ
ပြည်ထောင်စုသားအားလုံး၏
တာဝန်ဖြစ်သည်နှင့်အညီ
နှစ်စဉ်နှစ်တိုင်း
သတိရ ကြစေရန်
သတိပေးနှိုးဆော်သည့်အနေဖြင့်
နှစ်စဉ်ထိုနေ့တွင်
လွတ်လပ်ရေးနေ့
အထိမ်းအမှတ်ပွဲများ
ဆင်ယင်ကျင်းပကြ၏။
ဘွဲ့ထူးဂုဏ်ထူး
။ ထိုအထိမ်းအမှတ်ပွဲများတွင် များသောအားဖြင့်
လွတ်လပ်ရေး ကျောက်တိုင်၌
စုဝေးကြ၍
ပြည်ထောင်စုတည်မြဲရေး
တိုးတက်ရေးကို
မမေ့ မလျော့ဆောင်ရွက်ရန်
အဓိဋ္ဌာန်များပြုလေ့ရှိကြသည်။
။ ပျော်ပွဲရွှင်ပွဲနှင့်
ပြပွဲ ပြိုင်ပွဲအမျိုးမျိုးကိုလည်း
တစ်ခမ်းတစ်နား
ဆင်ယင်ကျင်းပကြ၍
အစိုးရကလည်း
နိုင်ငံ၏တာဝန်ကို
ထူးချွန်စွာထမ်းဆောင်သူတို့အား
ဘွဲ့ထူး ဂုဏ်ထူးနှင့်
ဆုလာဘ်များ
ပေးအပ်ချီးမြှင့်လေသည်။
” လွတ်လပ်ရေးနေ့
တို့မမေ့ပြီ
တို့ရှေ့ကောင်းခြင်းရောက်ပါစေ” ဟု
အဓိဋ္ဌာန်ပြုပါသတည်း။
အဲးခိုး
(၃.၁.၂၀၂၄) ရက်နေ့။
။ လူတစ်ယောက်ရဲ့အကြောင်းကို
အားလုံးမသိနိုင်သလို
နှစ်တစ်နှစ်ရဲ့အကြောင်းကို
အားလုံးမသိနိုင်ပါဘူး။
။ နှစ်ဟောင်းရဲ့အဖြစ်ကို
အမျိုးမျိုးဖြစ်နေသလို
နှစ်သစ်အဖြစ်သည်လည်း
အမျိုးမျိုးဖြစ်နေမှာပါပဲ။
။ နှစ်ဟောင်းကသင်ခန်းစာတွေက
နှစ်သစ်မှာ ပြန်မရတော့သလို
နှစ်သစ်ကသင်ခန်းစာတွေလည်း
နှစ်ဟောင်းကိုပြန်မပေးပါဘူး။
။ နှစ်သစ်ကူးတော့
နှစ်ဟောင်းကို
လွမ်းတဲ့သူ
မုန်းတဲ့သူ
နှမြောတသတဲ့သူ
တမ်းတတဲ့သူ
နှစ်သက်တဲ့သူ
မနှစ်သက်တဲ့သူ
နှုတ်ဆက်သူ
နှုတ်မဆက်သူ
အမျိုးမျိုးအဖုံဖုံပါပဲ။
။ နှစ်ဟောင်းက
မိမိရဲ့အကြောင်းကို
ပြန်ပြောင်းပြီး
ဘယ်လိုပဲအောက်မေ့အောက်မေ့
တမ်းတတမ်းတ
သတိဘယ်လိုပဲရရ
မရရပါ
ဖြစ်ပျက်ခဲ့တဲ့အဟောင်းတွေက
မိမိအတွက်သင်ခန်းစာပဲလေ။
။ နှစ်သစ်မှာ
မိမိအတွက်ရမည့်သင်ခန်းစာက
ဘာလဲဘယ်လဲဆိုတာ
ရေရေရာရာ
မသိရပေမယ့်
သမုဒယသစ္စာ
ဒုက္ခသစ္စာတွေကလွဲရင်
သည်ထက်ပို၍
မရှိပါဘူး။
။ အကြင်နာပို
ရင်နာပိုရတာတွေ
မနာလိုရတာတွေ
အပိုတွေ
အလိုတွေ
ဒုနဲ့ဒေးက
မနက်ဖြန်
သို့မဟုတ်
ဘယ်သောခါပါပဲဆိုတာ
သင့်အတွက် သင်ခန်းစာပါ ။
။ အဆင်ပြေလည်း ဒုက္ခ
မပြေလည်း ဒုက္ခမို့
ဒုက္ခပေးမည့်အရာက
အသက်ရှင်လေသမျှပါပဲ။
။ ဒါကြောင့်
၂၀၂၄ ခုနှစ်
နှစ်သစ်မှာ
” အပြစ်မယူ
မငြူစူဘူး
ကြည်ဖြူတွဲလက်
မေတ် တာ ဆက် ၍
စဉ်ဆက်ကမ္ဘာ
တိုင်ပါစေလေ
ကောင်းဆုချွေသည်
ကောင်းထွေစည်လျက်တိုးစေသော်”ဟု
ဆုမြတ်ပတ္ထနာပြုပါသည်
ဆုလာဘ်ခါခါစုပါစေ။
တောင်ကလေးဆရာတော်
(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၃၁) ရက်၊ တနင်္ဂနွေနေ့နံနက်။)
။ သည်နေ့ ဆက်ကပ်လှူဒါန်းသောဆွမ်းအလှူရှင်များကိုကြည့်လိုက်ရင် မမြဲခြင်းတရားသဘောအရ လှူသူမမြဲ၊ ယူသူမမြဲဆိုတဲ့အတိုင်းပါပဲ ဆွမ်းဒါယိကာမကြီးတစ်ဦးတည်းသာကျန်နေတော့ခြင်းကိုမြင်တွေ့ရတဲ့ဒီဓာတ်ပုံဟာ ကောင်းမှုကုသိုလ်ကိုအချိန်ပြခြင်းမြေပုံပါပဲ။
။ ဆွမ်းတော်ဘုဉ်းပေးကြတဲ့အရှင်တွေကလည်း ယနေ့မျက်မှောက်ကာလမှာတော့ တစ်ပါတည်းသာကျန်နေတော့ခြင်းကြောင့်လည်း တရားသဘောအရ အနိစ္စရဲ့ဖြစ်တည်မှုတွေပါပဲ။
။ အသက်ကရှည်ကြသူ၊တိုကြသူတွေကြောင့် ဒုက္ခများသူ၊နည်းသူစသဖြင့် အဖြေတွေများစွာဖြစ်လာပါတယ်။ တစ်နေ့တစ်ချိန်က အတူတကွသီတင်းအတူနေထိုင်ကြပေမယ့် ယခုကျတော့ ဝေးကြပျောက်ပြယ်ကြလို့ ကြယ်များကြွေကျနေသလိုပါပဲ။
။ သေနေ့စေ့တော့ သေကြ၊နေနေ့ရှိတော့ နေကြလို့ လောကမှာ အတက်အဆင်း၊အဆင်းအတက်တွေပါပဲ။ သူ့အလုပ်နဲ့သူ၊ သူ့အပုပ်နဲ့သူပါပဲ။ ဘယ်မှာလဲ အလကားဆိုတာ မရှိပါဘူး။ ဖြစ်ခြင်းတရားနဲ့ဖြစ်ကြောင်းတရားတွေနဲ့ပဲ ဘဝနယ်ကြီးချဲ့ထွင်နေကြတယ်မဟုတ်လား။
။ ပြုကြတဲ့ကံတွေ၊ ဖြစ်လာကြတဲ့စေတနာတွေ၊ ရလာကြတဲ့အကျိုးတရားတွေ မကုန်နိုင်ပေါ့။ မဆုံးနိုင်ပါပဲ။ ကံ,စေတနာအထောက်အမအားကောင်းလို့ ဒီဘဝအတွက်နဲ့နောင်ဘဝအတွက်တွေပါ အကျိုးဆက်တွေ ပေးလို့ကိုမဆုံးပါပဲ။
။ ပြုကြတဲ့ကံတွေအထဲက သန့်ရှင်းစင်ကြယ်တဲ့ကံအမှုတွေ လုပ်ဖြစ်ကြရဲ့လားပါပဲ။ ပြုမိကြတဲ့ကံက အဖြူအမည်းမသဲကွဲဘဲ ပြုမိသလိုနဲ့ပဲ အကျိုးပေးမှုတည်ငြိမ်နေမှာမဟုတ်ဘဲ ဟုတ်နိုးနိုးနဲ့ အကျိုးပေးချင်သလိုသာရမယ်ပေါ့။ ဒါကြောင့် ကံကိုပြုပြင်၊ စေတနာစင်ကြယ်ပါစေလို့ အမြဲလိုလိုပြောဖြစ်ပါတယ်။
။ နားထဲ၊ နှလုံးအိမ်ထဲဘဝင်မကျတဲ့သူတွေက ” အပြောတွေပါ၊ အပလေ၊ အပလာ၊အပလီ၊ အပလိန်း၊ အပြိန်း တွေပါ” ဆိုပြီး မကောင်းမှုဟစ်ကြော်ကြတဲ့ ထော်လော်ကန့်လန့်သမားတွေရဲ့ ဆဲဆိုခံခဲ့ရတဲ့အဖြစ်ကလည်း ဒီအရှင်ပါပဲ။ ဝဋ်မြစ်ဝဋ်နွယ်တွေက များလျားစွာများရှိနေခဲ့လို့ပဲနေမှာပါ။ ခုချိန်ထိတိုင်ထုချေလို့ကို မကုန်နိုင်အောင်ပါပဲ။
။ လိုရင်းကုန်ကုန်ပြောရရင်တော့ ဆွမ်းဝိုင်းထဲမှာ တစ်ပါးတည်းသာကျန်နေတော့တဲ့အရှင်က ဒီဆွမ်းဝိုင်းရဲ့အမှတ်တရက တစ်နေ့တစ်ချိန်ကဖြစ်နေခဲ့ပေမဲ့ ယနေ့အချိန်ထိ အနက်အဓိပ္ပာယ်ကောက်လို့ မကုန်နိုင်မခမ်းနိုင်သေးပါဘူး။ ဆွမ်းဒါယကာတွေက မသိပေမယ့် ရဟန်းတော်တို့ကိုလှူဒါန်းခဲ့ကြတဲ့ဒီဆွမ်းရဲ့အကျိုးဟာ ဒါယကာကြီး ဦးသုခရိုက်ပြတဲ့ရုပ်ရှင်ထဲက ဆွမ်းတော်တစ်နပ်ရဲ့အကျိုးပြမြေပုံပါပဲ။
။ ဒါကြောင့် လောကမှာ ဒါနနဲ့ပတ်သက်လာရင် နည်းများမဆို ကုသိုလ်ကံပြုနိုင်ကြလို့ အကုသိုလ်ကံကိုမပြုမိကြဖို့ ဆင်ခြင်ဉာဏ်ပြည့်စုံရမယ်။ ရဟန်းစားသောဆွမ်းတစ်နပ်ကြောင့် မိမိဘဝက ကြီးကျယ်စွာဒုက္ခမပေးသွားဘူးဆိုတာကိုနားလည်ရင်( သိရင်) မိမိပြုဖူးသောကုသိုလ်ကံကို အကြိမ်ကြိမ်အဖန်ဖန်( အခါခါ) အောက်မေ့လျက် ” ကုသိုလ်ပြုကံ၊ ကိုယ်ပိုင်ဉာဏ်၊ အမှန်အကျိုးအမြတ်” ပါကြောင်း မြတ်ဗုဒ္ဓက ချီးမြှင့်ဆုံးမဩဝါဒပေးခဲ့ပါတယ်လေ။
။ ရဟန်းတစ်နပ်
ဆွမ်းကပ်ခဲ့သူ
အပူကင်းကွာ
ငြိမ်းချမ်းသာကြောင်း
ပြောင်းလဲဘဝ
သုခရိပ်ငြိမ်
နိဗ္ဗာန်အိမ်သို့
တည်ငြိမ်အိမ့်အိမ့် ရောက်ရလိမ့်။
တောမှီရဟန်း
(၈.၇.၂၀၂၃) ရက်နေ့နံနက်။)