Categories
စကားလက်ဆောင်

။ မြန်မာနှင့်ပတ်သက်၍ သူ့စကား ။

။ မြန်မာပြည်ကို သူရောက်ခဲ့တယ်။ သူ့ရဲ့မိသားစုရာဇဝင်သမိုင်းက အထင်အရှားရှိခဲ့တယ်။ သူရဲ့ဝန်ကြီးချုပ်လုပ်ခဲ့စဉ်က မြန်မာနဲ့သူဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ လူတိုင်းအသိပါပဲ။ ဒါပေမဲ့ နိုင်ငံရေးဟာ ပုဂ္ဂိုလ်ရေး သို့မဟုတ် သင်းဖွဲ့ဂဏရေးနဲ့ပတ်သက်လာရင် အစွဲပြုကြီးကြတဲ့သူတွေက ဒေါသအမျက်တွေ မထိန်းသိမ်းနိုင်ကြတာများပါတယ်။

။ အာဘေးကွယ်လွန်သွားခဲ့ပေမယ့် သူ့ရဲ့ဘဝစက်ဝန်းအိမ်က သမိုင်းအိမ်ကျယ်ထဲမှာ အကြွင်းမဲ့ကျန်ရှိနေမှာပါ။ ပေးဆပ်သူတွေရဲ့ဘဝဟာ အမြတ်ဆုံးကိုပဲ ပေးဆပ်ကြရတာများပါတယ်။ အာဘေးရဲ့ပေးဆပ်မှုဟာ ဂျပန်ပြည်သူပြည်သားအတွက်သက်သက်သာမဟုတ်ဘဲ အာရှသားပြည်သူပြည်သားတွေအတွက်လည်း သင်ခန်းစာသတိပေးနေသလိုပါပဲလို့ မြင်မိပါလေရဲ့။

။ ကမ္ဘာ့နိုင်ငံရေးဟာ အာရှကမ္ဘာအတွက် မကြာမီပြောင်းလဲမှုတွေ ရှိလာကြတော့မည်လားပါ။ အာရှရေးရာလေ့လာသုံးသပ်ကြတဲ့သူတွေ ပိုသိမှာပါ။ ဘာပဲပြောပြော ဂျပန်ပြည်နိုင်ငံရေးဂယက်ဟာ ခုလိုထလာရင် အာရှနဲ့ဖစိဖိတ်ဒေသလုံခြုံရေးစည်းဟာ ပြန်လည်ဆန်းစစ်သင့်နေပါပြီလို့ မြင်မိပါလေရဲ့။

။ ဒီနေ့မနက်တော့ ဤမျှသာပဲ ကျေနပ်ကြပါ။ အရှင်တို့မြန်မာပြည်လည်းပဲ ဘေးကင်းရန်ကွာ စိတ်ချမ်းသာဖို့ အရေးကြီးနေပါပြီ။
(စာနှင့်ဓာတ်ပုံများကို ယူသုံးပါသည်။)

အဲးခိုး
(၉.၇.၂၀၂၂) ရက်နေ့နံနက်။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အိုတော့ မကပ်။
။ နာတော့ မလှ။
။ ပူပန်တော့ မငြိမ်။
။ စိုးရိမ်တော့ မသိ။
။ နာကြည်းတော့ မချိ။
။ ကြင်နာတော့ မသက်သာ။
။ ရင်နာတော့ အမြင်တို။
။ ပစ်ထားတော့ ပူဆွေး။
။ ဝေးကြတော့ ပိုမေး။
။ နီးကြတော့ မီးပြ။
။ ခုကျတော့ အမှားအမှန်သိပြီလား။

တောင်ကလေးဆရာတော်
(၉.၇.၂၀၂၂) ရက်နေ့ နံနက်ခင်း။)

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး

။ နွေဦးချယ်ရီ ။

။ နွေရောက်တော့
ချယ်ရီတွေပွင့်ပေါ့
ချယ်ရီမြေမှာ
ချယ်ရီချစ်သူတစ်ယောက်
သည်နေ့
ချယ်ရီ့မြေမှာ ခလေပေါ့။

။ အမှတ်တမဲ့
မထင်ခဲ့တဲ့အရာတွေ
ရုတ်တရက်
ဖြစ်ပျက်ခဲ့တဲ့ချယ်ရီတွေ
ရီဝေဝေ ရီဝေပေါ့
သည်နေ့တော့
ချယ်ရီမြေ ကျမျက်ရည်။

။ အော် ….
လူ့ဘုံမှာ
လူ့ကမ္ဘာမှာ
ငြိမ်းချမ်းရာ
အေးမြရာ
ချမ်းသာရာ
အရာရာတိုင်းရဲ့
စွန့်လွှတ်ရာဝိညာဉ်ချုပ်သွားခဲ့တဲ့
ချယ်ရီမြေ
ချယ်ရီချစ်သူတစ်ယောက်
သူ့ရဲ့အကြောင်းကို
အာရှရဲ့ကမ္ဗလာမှာ
တစ်မိုးအောက်မှာ
သူတစ်ယောက်သာ
မြင်ဖူးတော့သည်
ရင်နာရပြီ ချယ်ရီမြေ
ကြေကွဲရပြီ ချယ်ရီရေ
ရီဝေရပြီ ချယ်ရီနွေ။

အဲးခိုး
(၈.၇.၂၀၂၂) ရက်နေ့ညချမ်းချိန်။)
(ဓာတ်ပုံများကို ယူသုံးပါသည်။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ စိတ်တိုင်းကျ မရှိ။
။ လုပ်တိုင်း မအောင်နိုင်။
။ ဖြစ်တိုင်း မလှပ။
။ ရှိတိုင်း မပြည့်စုံ။
။ သိတိုင်း အမှန်မဟုတ်။
။ ရောက်တိုင်း မပြီးနိုင်။
။ မြင်တိုင်း မသိနိုင်။
။ ခင်တိုင်း ထာဝရမဟုတ်။
။ ချစ်တိုင်း အမြဲမတည်။
။ ရှုံးတိုင်း အနိမ့်ချည်းမဟုတ်။
။ လောကမှာ ဖြစ်တည်ပျက်သာ အမှန်။

တောင်ကလေးဆရာတော်
(၈.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အသက်ရှင်သန်ချိန်
။ အရွယ်ကောင်းသည့်ချိန်
။ အချိန်မလေးစားရင်
။ အနေမဆင်ခြင်ရင်
။ အလုပ်လက်မဲ့ရင်
။ အနား အားထားရသူ မရှိရင်
။ အနီး ကူသူ မရှိရင်
။ အမွေခံသူ မရှိရင်
။ အစေအပါးဘဝ ရောက်ခဲ့ရင်
။ ဘဝသစ်သစ်၊ကံသစ်သစ်၊ဖွင့်လှစ်တတ်ပါစေ။

တောင်ကလေးဆရာတော်
(၇.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ပေးဆပ်စရာရှိရင် ပေးဆပ်လိုက်ပါ။ ဝမ်းမနည်းပါနှင့်။
။ ရယူစရာရှိရင်လည်း မယူဘဲ ကျေနပ်လိုက်ပါ။
။ နိုင်စရာရှိရင်လည်း အနိုင်မယူဘဲ ခွင့်လွှတ်လိုက်ပါ။
။ ပေးကမ်းစရာရှိရင်လည်း လှိုက်လှိုက်လှဲလှဲ ပေးကမ်းလိုက်ပါ။
။ လှူဒါန်းစရာရှိရင်လည်း စေတနာမပျက် လှူဒါန်းပါ။
။ နေစရာမရှိရင်လည်း မိမိနေရာကို ပေးလိုက်ပါ။
။ စားစရာမရှိရင်လည်း မိမိအစားအစာကို ပေးစားလိုက်ပါ။
။ လုပ်ကျွေးသူမရှိရင်လည်း မိမိကိုယ်တိုင် လုပ်ကျွေးပါ။
။ အများတကာအတွက် မိမိအသက်ကို စွန့်မြဲပါစေ။ စွန့်ရဲပါစေ။
။ သူတစ်ပါးက မိမိကိုအထင်မကြီးမိပါစေနှင့်။
။ သူတစ်ပါးကို ဘယ်တော့မှ မနှစ်နာစေပါနှင့်။
။ သူတစ်ပါးရဲ့အကျိုးကို ဘယ်တော့မှ မဖျက်ဆီးပါစေနှင့်။
။ လောကကို မိမိနှင့်အတူတူသာ အေးအတူပူအမျှ အမြဲဖြစ်ပါစေ။

တောင်ကလေးဆရာတော်
(၆.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ ယနေ့နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ကြင်နာသနား
စိတ်ကောင်းထား
မထားစိတ်ယုတ်မာ။

။ ရောင့်ရဲတင်းတိမ်
စိတ်ထဲငြိမ်
ငြိမ်ငြိမ်နေရမှာ။

။ ပူအေးဥတု
နိုင်အောင်ပြု
ဥတုနိုင်ရမှာ။

။ တရားဘာဝနာ
မြဲလေ့လာ
ဖတ်ပါလေ့လာပါ။

။ ဘုရားဂုဏ်တော်
မြဲပူဇော်
ကော်ရော်မပျက်နေထိုင်ပါ။

တောင်ကလေးဆရာတော်
(၅.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အသစ်အဆန်းကို ဆင်ခြင်။
။ စနစ်ဟောင်းကို သုံးသပ်။
။ အကျင့်ကောင်းကို လိုက်နာ။
။ တရားမဲ့မှုကို မတွေး။
။ ပွားများမှုကို အောက်မေ့။
။ အယူပြောင်းမှုကို သတိပြု။
။ အမူအကျင့်ကို ပြင်ဆင်။
။ ဖြစ်ပျက်ခြင်းကို နှလုံးသွင်း။
။ သတ္တဝါကို သနားကြင်နာ။
။ မိမိကိုယ်ကို အားထား။
။ မေ့မေ့ပျောပျောက် မနေ။
။ ကြံ့ခိုင်ကျန်းမာ လေ့ကျင့်။
။ စိတ်ရင်းရွှင်လန်း လန်းဆန်း။
။ နေ့စဉ်သင်ခန်း ထားပါစေ။

တောင်ကလေးဆရာတော်
(၄.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
စကားလက်ဆောင် ဗုဒ္ဓဘာသာ လူမှုရေး အလှူဒါန

။ မှာခဲ့ပါရစေ ။

။ ငါသေသောခါ၊ ငါ့မသာကို
တန်ဆာပြုပြင်၊ ပွဲကြီးယင်၍
သဘင်ကချေ၊ ဆို ငို တွေနှင့်
ငွေကြေးကုန်ကျ၊ မပြုကြနှင့်
ဘာမျှအကျိုးမရှိပါ။

။ ရွှေ ငွေရောင်တောက်၊ မဏ္ဍပ်ဆောက်၍
အံ့လောက်စဖွယ်၊ အသွယ်သွယ်လျှင်
မဖွယ်မရာ၊ မပြုပါနှင့်
သံသာ ပစ္စုပ်၊ အကျိုးယုတ်​၏။

။ ငှက်ပျော လက်ပံ၊ ပုံသဏ္ဌာန်ဟု
စိတ်နာမ်ကင်းကွာ၊ ဤခန္ဓာကို
တော်ရာဌာန၊ ဆောင်ယူကြလျှက်
ပြာချသင်္ဂြိုဟ်လိုက်ပါလေ။

။ ဈာပနသဘင်၊ ပျာချစဉ်ဝယ်
ရှုဆင်ပွားကြ၊ အသုဘဟု
နှစ်ဝနာမ်ရုပ်၊ ခွဲခြားထုတ်၍
ချုပ်ပျက်တင်ကာ၊ ဘာဝနာကို
နှစ်သာရပိုင်၊ ရယူနိုင်မှ
ဆုတ်ကိုင်ဖြည့်ဆည်း
နိဗ္ဗာန်နီးမည် …
ဘုန်ကြီးမှာခဲ့ပါရစေ။

သန်လျင် (ကရင်ဆိပ်ဆရာတော်)

။ သည်နေ့ ဖတ်မိလိုက်တဲ့ သံဝေဂလင်္ကာကဗျာတစ်ပုဒ်ပါ။ ရေးသားမှာကြားခဲ့တဲ့အရှင်က အလွန်ပြတ်သားလို့ ဖတ်ရှု့ဆင်ခြင်ရတာလည်း နှလုံးသွင်းရလွယ်ကူပါတယ်။ ဒီခေတ်ဒီအခါမှာ အကျော်အမော်တွေကများတော့ ကွယ်လွန်အနိစ္စရောက်ရင် (ဘုန်းတော်ကြီးဖြစ်ရင် ) အကုန်အကျများများပြုပြီး စည်စည်ကားကားပြုလုပ်နိုင်ကြတာကို မျက်စိထဲမြင်ယောင်မိလို့ပါပဲ။

။ အသုဘရုပ်အလောင်းကို ကမ္မဋ္ဌာန်းရှု့ကြတာမဟုတ်ဘဲ အသုဘချဖို့ပွဲလုပ်နေကြတာလည်း မရှားပါပဲ။ အစဉ်အဆက်ကျင်းပလာခဲ့ကြတဲ့ အထိမ်းအမှတ်ပွဲတော်အလားပါပဲ။ ကကြရွှင်ကြပျော်နေကြလို့ တီးကြခုန်ကြပျော်နေကြလို့နဲ့ ဆိုင်းဝိုင်း၊တီးဝိုင်း အစုံအလင်ပါပဲ။ ရှေးခေတ်က သာဓုကီဠန( သူတော်စင်များပျော်ရွှင်သည့်ပွဲ) လို့ သတ်မှတ်ခဲ့ကြပေမယ့် လူတွေက တကယ့်ကိုပျော်ရွှင်ပျကြတဲ့ ပွဲလမ်းသဘင်ကြီးလိုပါပဲ။

။ ဘုန်းတော်ကြီးဈာပနပွဲတွေမှာ မြင်ရတဲ့ဈာပနပွဲတွေဟာ ရွှေရောင်ငွေရောင်တောက်တဲ့ ပြာသာဒ်ဆောင်ကြီးငယ်တွေ ၊ ဇော်ဂျီ အနီအနက် အဖြူအဝါတွေ ကလို့ခုန်လို့ စုံလို့ပါပဲ။ ဧယင်ကျူးတဲ့အဖွဲ့၊ကခုန်တဲ့အဖွဲ့တွေကလည်း များစွာပါပဲ။ ဧယင်ကျူး မကျူးရလို့ စိတ်ဆိုးမာန်ဆိုးကြတဲ့သူတွေရှိကြသလို ကကြခုန်ကြတဲ့ပျော်ရွှင်ကြတဲ့သူတွေကလည်း မကရမခုန်ရမပျော်ကြရလို့ စိတ်ဆိုးမာန်ဆိုးကြတဲ့သူတွေလည်း အရှိရှိပါပဲ။

။ ကိုင်း……
ပြောပြချင်တာကတော့ ငွေကြေးကုန်ကြ၊ကျိုးမမြတ်တဲ့ ကုန်ကျပွဲတွေကို နည်းနည်းလျော့ရင်တော်မည်လားပါပဲ။
(မည်သည့် ဈာပနပွဲကိုမျှ မရည်ရွယ်ပါ)

အဲးခိုး
(၃.၇.၂၀၂၂) ရက်နေ့နံနက်)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ လက်ရှိဘဝကို အပြစ်မမြင်ပါနှင့်။
။ နောက်ဘဝကိုလည်း မတောင်းတနှင့်။
။ ဉာဏ်အမြင်ဓာတ် အားကောင်းပါစေ။
။ ကံအသစ်ပြု ဖြူစင်ပါစေ။
။ စိတ်အသစ်ပြု လှပပါစေ။
။ မနောအလျင် ကြည်သစ်ပါစေ။
။ စေတနာပြု ဖွေးနုပါစေ။
။ မေတ္တာဝေပြု ကြည်နုအေးစေ။
။ နေ့စဉ်ကောင်းမှု ပြုသစ်လှစေ။
။ တည်ကြည်ငြိမ်းချမ်း ဆင်ခြင်နေစေ။
။ ခဏတိုင်း နှလုံးအေးမြစေ။
။ ဖြစ်ပျက်တရား မြဲစွာပွားနေ။
။ အေးမြမြ နေ့ညနေတတ်စေ။

တောင်ကလေးဆရာတော်
(၃.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး