Categories
စကားလက်ဆောင်

။ နံနက်ခင်းချိန် သြဝါဒကထာ (စကား) ။

။ ထင်တိုင်းမကြဲနှင့်။
။ မြင်တိုင်း မသဲနှင့်။
။ အကဲခတ်တတ်ပါစေ။
။ အလွဲမများပါနှင့်။
။ စိတ်ထဲရှိသမျှ ဆင်ခြင်တတ်ပါစေ။
။ အသိအမြင် မြင့်ပါစေ။
။ အတွေးအခေါ် မနိမ့်ပါနှင့်။
။ အချိန်အခါကို လေ့လာပါ။
။ မိမိအချိန်ကို တန်ဖိုးဖြတ်ပါ။
။ လေလွင့်ယိမ်းပါး အာမများနှင့်။
။ ဖြုန်းသုံးအပြစ်ထူသူ မဖြစ်ပါနှင့်။
။ အားကိုးအားထားရသူ ဖြစ်ပါစေ။
။ သင်သာ ဆရာဖြစ်ပါစေ။
တောင်ကလေးဆရာတော်
( ၄ . ၃ . ၂၀၁၉ )ရက်နေ့။

Loading

Categories
စကားလက်ဆောင် သမိုင်းရေးရာ

အမေရိကန်ရှိ၊ ကုလသမဂ္ဂရုံးတွင် ရေးထိုးခဲ့သည့် အမှတ်တရမှတ်တမ်းစာ။

ငြိမ်းချမ်းရေးကို
လိုလားနှစ်သက်သည်။
သတ္တဝါများအားလုံး ငြိမ်းချမ်း
သာယာပါစေ။

အဲခိုး
မြန်မာပြည်
ကရင်ပြည်
24/6/2018

ဓာတ်ပုံ ။ ။ အဲးခိုး
အမေရိကန်ရှိ၊ ကုလသမဂ္ဂရုံးချုပ်
(File:Panorama of the United Nations General Assembly, Oct 2012.jpg – Wikipedia)

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းစကား ။

။ မေတ္တာဖွေးဖြူ ၊ သင်းလှိုင်ကြူ ၊ ကြည်ဖြူအေးမြစေ, ဆိုတဲ့ မေတ္တာပေးဆုပေးသည့်ကဗျာဆောင်ပုဒ်လေးကို ယနေ့နံနက်ခင်းချိန်မှာ ရွတ်ဖတ်ပူဇော်ပြီး တပည့်ဒါယကာအယောက်တိုင်းဆီကို မေတ္တာဝေငှပေးလိုက်ပါပြီ။

။ မိုးလင်းလာတော့ အလုပ်ကစပြီပေါ့။ အလုပ်နဲ့လူ မအားကြတော့ နိုးတာနဲ့ အလုပ်စတာပါပဲ။ ရှိပြီးအလုပ်လုပ်ရသလို မရှိသေးတဲ့အလုပ်တွေ ကြံစည်စိတ်ကူးနေကြရတာပါပဲ။ အဆင်ပြေသူက အေးအေးချမ်းချမ်း အိပ်ယာထရတာပေါ့။ မပြေသူကတော့ တစ်ညပါတ်လုံး လူးကာလှိမ့်ကာ လှည့်ကာနဲ့ မပျော်ရဘဲအိပ်ကြရတာပေါ့။ အကြွေးများသူဖြစ်ရင် ပိုဆိုးနေပေါ့။

။ အင်းပါလေ…. လူဘဝမှာ တကယ်တမ်းတော့ အဟုတ်အမှန်ရယ်လို့ မမြင်ကြသေးရင် အမှန်ကိုမြင်သိဖို့ မလွယ်ကူပါဘူး။ သူသူငါငါ အခက်အခဲတွေနဲ့မို့ ခက်ခဲသလောက် ခက်ခဲကြတာပါပဲ။ အဲဒါကြောင့် မိုးလင်းလာကြပြီးဆိုရင် သည်နေ့ ဘယ်လိုအခက်အခဲများ မြင်ရတွေ့ရဦးမည်လဲပေါ့။ တွေးမိကြလေမှာပါပဲ။ မတွေ့ပါစေနဲ့လေ။

။ သည်နေ့ ဒါယကာတွေအားလုံးကို ”ဘယ်လိုဘယ်လို ခက်ခဲပိုလည်း စိတ်ကိုစိတ်ကို မတိုနဲ့” ဆိုတဲ့ နံနက်ခင်းစကားလေးကို နှလုံးသွင်းပြီး အေးမြရင်မှာ ပြည့်ပါစေ။ နှလုံးစိတ်ဝမ်းအေးမြကြည်သာကြပါစေ။

တောင်ကလေးဆရာတော်
(၂၅-၁၁-၁၇) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ နှိပ်စက်ခြင်း ။

။ ရုပ်တရားက မတရားစွာ မရှိပါဘူး အချိန်မှန်
ပုံမှန်လေးနဲ့ ခန္ဓာကို နှိပ်စက်သွားပေါ့။

။ စိတ်ကလေးက ပုံမှန်လေးနဲ့လိုက်သိသွားရင်
အသိတစ်သိ သိနိုင်ပြီ။

တောမှီရဟန်း

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ

။ နှစ်တစ်ရာတိုင်ပါ့မည်လား ။

ပထမအရွယ်၊ မွေးဖွားခြင်းမှ အသက်(၁၀)နှစ်အထိ (ပမှာ နှံ့နှေး)

ပထမအရွယ်သည် အသိတရားတွေနှံ့နှေးနေသေးတယ်။ ဒုတိယအရွယ် ဆယ်စုနှစ်တစ်ခုအတွင်း (၁၁နှစ်မှ ၂၀နှစ်အတွင်းက သိပ်ပျော်ဖို့ကောင်းဖို့အရွယ်ပါ) အရွယ်လဲကောင်းတုန်းပျော်ရွှင်တုန်း အမုန်းလဲများပါတယ်။ အချစ်ဆုံးလဲများပါတယ်။ အသက်(၂၀)အရွယ်လေးမှာတော့ ပြောစရာလိုသေးလား။ များစွာပြင်ဖို့ဆင်ဖို့လှအောင်ပြင်ဖို့မလိုပါဘူး။ မှန်ရဲ့လား။ ပျော်ရွှင်စရာကောင်းတဲ့အရွယ်လေးတွေ၊ လှတုန်း၊ ပတုန်း ပျော်ရွှင်တုန်းပါပဲလေ။ နှစ်ပေါင်း(၂၀)အတွင်း ဆောင်ပုဒ်ကတော့ … 


ဒုတိယအရွယ်၊ အသက်(၁၁)နှစ်မှ (၂၀)နှစ်အထိ (ဒု ပျော်ရေး)

ဒုတိယအရွယ်မှာ ပျော်ရွှင်စရာကောင်းတဲ့ လောကရောက်လာတော့ ဒီအရွယ်လေးကို ရခဲ့ကြပြီးပါပြီ လွန်လာခဲ့ကြပြီလား။ ပြန်လိုချင်သေးလို ရလို့လား။ မရတော့ပါဘူး။ ပျော်ရွှင်တဲ့အရွယ်လွန်သွားပါပြီ၊ အဲဒီအရွယ်လွန်သွားတော့ အချစ်ဆိုတာကို နားလည်လာပြီ။ အချစ်ဆိုတဲ့ဝေါ်ဟာရရဲ့ တဖြေးဖြေးချဉ်းကပ်သွားတာ တတိယအရွယ်ဝင်လာတယ်။ အဲဒီအရွယ်က အဆင်းတွေလှပတဲ့အရွယ်ပါ။ အဆင်းလှတယ်ဆိုတာ ရောဂါကင်းမှပေါ့၊ အဆင်းလှတယ် မလှဘူးဆိုတာက အရွယ်နဲ့မဆိုင်ဘူး။ ဘာနဲ့ဆိုင်ပါသလဲ ကျန်းမာရေးနဲ့ဆိုင်ပါတယ်။ အရွယ်ဆိုတဲ့စကားကို ဘယ်လိုဘဲ ထည့်ပြီးတော့သုံးနေနေ ကံ၊ စိတ်၊ ဥတု၊ အဟာရ အကြောင်းတရားနှင့်မညီညွတ်ဘူးဆိုရင် အရွယ်လဲသုံးလို့မရပါဘူး။ ကံ၊ စိတ်၊ ဥတု၊ အဟာရအကြောင်းတရားနဲ့ မညီညွတ်ရင် ပထမအရွယ်ဘဲဖြစ်ဖြစ်၊ ဒုတိယအရွယ်ဘဲဖြစ်ဖြစ်သုံးလို့မရပါဘူး။ ဘာတွေချွတ်ယွင်းမှားပါလဲ။ ကံ၊ စိတ်၊ ဥတု၊ အဟာရ (၄)မျိုးထဲမှ တစ်မျိုးမျိုးမှားရင် ဘယ်အရွယ်တွေဘဲရရ ဘာမှ သုံးလို့မရပါဘူး။ အကုသိုလ်ချွတ်ယွင်းသွားရင် အဲဒီပုဂ္ဂိုလ်ဟာ ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ဘဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့မှ အဆင်မပြေပါဘူး။ 

ကံနဲ့ပတ်သက်လာရင်တော့

အတိတ်၊ ပစ္စပ္ပုန်၊ အနာဂတ်ကာလ(၃)ပါးနဲ့ အကျိုးပေးပါတယ်။ ပထမ အရွယ်မှာကံမကောင်းလို့၊ ဒုတိယအရွယ်မှာ ကျန်းမာရေးပြန်ကောင်းသွားတာတွေရှိပါသည်။ ဟုတ်ရဲ့လား။ ကံနဲ့ပတ်သက်လာရင်တော့ ပစ္စပ္ပုန်လောကမှာ ကံတရားကို ပြုပြင်သွားမယ်ဆိုရင် အဆင်းလှတဲ့ဘဝတွေကို ရသွားနိုင်ပါတယ်။ တစ်ချို့ကလေးသူငယ်လေးတွေ ပထမအရွယ်မှာ ကျန်းမာရေးမကောင်းလို့ ကုသလိုက်ရင်း ဒုတိယအရွယ်လွန်မြောက်လို့ တတိယအရွယ်မှာ ကံကောင်းပြီ အဆင်းတွေကအစလှပလာပါတယ်။ လှပလာတာရှိပါတယ်။ အချို့ကလေးတွေများကျတော့ ငယ်ငယ်ရွယ်ရွယ်မှာ ထက်ထက်မြက်မြက်လေးထင်ရတယ်။ အသက်(၂၀)ကျော်လာရော ဘိန်းစားသမား၊ မြင်းဆေးသမား မူးယစ်သားကောင်တွေဖြစ်သွားတတ်ကြတယ်။ ကံတရားရဲ့သဘောဟာ ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် အရွယ်တစ်ပါးပါးမှာ သူကလိုက်ပြီးတော့ ချွတ်ယွင်းမှာဘဲ။ တစ်ချိန်လုံးကောင်းမယ်လို့မထင်ပါနဲ့။ စိတ်ဆိုတာ မပြုပြင်ရင် တစ်သက်လုံးအကျင့်ပါသွားတာပါပဲ။ ဥတုမှာနှစ်မျိုးရှိတယ်။ အပြင်ဥတုနှင့်အတွင်းဥတုတို့ဖြစ်ပါတယ်။ အပြင်ဥတုကတော့ ကိုယ်ပြောင်းလိုက်ရွှေ့လိုက် နေပြီးနေလို့ရတယ်။ ခန္ဓာမှာရှိတဲ့အတွင်းဥတုကတော့ဉာဏ်နဲ့ပဲ ဆင်ခြင်ပြီး နေရတော့မှာပါ။ အဟာရက ဦးနှောက်နဲ့ဆိုင်တယ်။ ဒါပေမဲ့ စက်ကွင်းထဲမှာ မိရင်တော့ အဟာရလဲ အဆိပ်ဖြစ်သွားတော့တာပါပဲ။

ဒုတိယအရွယ်ပြီးသွားပါပြီ။


တတိယအရွယ် အသက်(၂၁)မှ (၃၀)အထိ။ (တသွေး အဆင်းလှ)

သည်ဘယ်လိုအရွယ်လို့ သတ်မှတ်ပါသလဲ။ တတိယအရွယ်သည် အသက်(၂၁)မှ (၃၀)နှစ်ထိ ဆယ်စုနှစ်တစ်ခု သတ်မှတ်ထားပါတယ်။ အဲဒီအရွယ်ဟာ သိပ်ချော၊ သိပ်လှ အဆင်းလှပတဲ့အရွယ်ဖြစ်ပါတယ်။ အဲဒီအရွယ်မျိုးလဲဖြတ်သန်းပြီးကြပါပြီ။ 


စတုတ္ထအရွယ် အသက်(၃၁) မှ (၄၀)နှစ်ထိ (စမှာ ခွန်အား)

ခွန်အားတွေ အရမ်းပြည့်ဝတဲ့အရွယ်ဖြစ်ပါတယ်။ ခန္ဓာမှာရှိတဲ့ ကာယခွန်အား၊ ဉာဏ်စွမ်းအားတွေ အပြည့်အဝရှိပြီးတော့ လူတိုင်းလူတိုင်း အလုပ်လုပ်ကိုင်နိုင်သောအရွယ်တစ်ခုဖြစ်တယ်။ အပင်ပမ်းမခံနိုင်ဘူးလား။ လိုချင်တိုင်းမလုပ်နိုင်ဘူးလား။ ကံ၊ စိတ်၊ ဥတု၊ အဟာရအကြောင်းတရား(၄)ပါးနဲ့ညီညွတ်ရင်တော့ လုပ်နိုင်ကြ

ပါတယ်။ လူတစ်ယောက်ဖြစ်လာပြီးဆိုရင် အခြေခံအကြောင်းတရား(၄)ပါးနှင့် ညီညွတ်အောင်နေထိုင်သွားကြပါ။ အဲ့ဒီအကြောင်းတရား(၄)ပါးကတော့ 

၁။ ကံတရားကောင်းအောင်နေရပါမယ်။ 

၂။ စိတ်တရားကောင်းအောင်နေရပါမယ်။ 

၃။ ဥတုကောင်း၊ သင့်မြတ်သောနေရာမှာ နေထိုင်ရပါမယ်။ 

၄။ အဟာရနဲ့ ပတ်သက်ပြီး အသက်ရှည်တာ၊ ကျန်းမာတာ အဟာရနဲ့ ပတ်သက်လို့ အဟာရ ကောင်းအောင်နေရပါမယ်။

စတုတ္ထအရွယ်သည် ခွန်အားအကောင်းဆုံး၊ ဉာဏ်အကောင်းဆုံးအရွယ်ဖြစ်တဲ့အတွက် ဓနစည်းစိမ်ဥစ္စာတွေ ရှာဖွေစုဆောင်နိုင်တဲ့အရွယ်ဖြစ်ပါတယ်။ 


ပဉ္စမအရွယ် အသက်(၄၀)မှ(၅၀)နှစ်ထိ (ပဉ္စ ဉာဏ်ပွား) 

ဒီအရွယ်ရာက်လာပြီးဆိုရင် ဆင်ခြင်တတ်တဲ့စိတ်၊ တရားဘာဝနာအားထုတ်ကောင်းတဲ့အရွယ်လို့ခေါ်ပါတယ်။

အဲ့ဒီအရွယ်မှာ ဘာတွေရှိပါသလဲ။ ဉာဏ်အားတွေ၊ ပညာအားတွေ ကောင်းနေတာပေါ့။ (၅၀)ထိတော့ ဉာဏ်အားတွေ၊ ဆင်ခြင်တုံတရားတွေ၊ ရင်ကျက်မှုတွေပြည့်စုံတဲ့အရွယ်ဖြစ်ပြီးပေါ့။


ဆဌမအရွယ် အသက်(၅၁)မှ (၆၀)နှစ်အထိဟာ (ဆကာ ဆုတ်ယုတ်လာ)

တဖြေးဖြေးဆုတ်ယုတ်လာပါပြီး၊ မျက်စိတွေမှုန်လာမယ်။ နားတွေလေးလာပါမယ်။ အာရုံခြောက်ပါးလုံးဟာ ချို့ယွင်းစပြုလာပါပြီး၊ ဆုတ်ယုတ်နေပါပြီ။ မိမိမျက်နှာကို မှန်ပေါ်တွင်ကြည့်ကြည့်လိုက်ရင် သိသာလာပါတယ်။ ရုပ်ခန္ဓာကိုယ်ကြီးက အလှအပတွေမပြင်ဆင်နိုင်တော့ ဆံပင်တွေဖြူ၊ သွားတွေကျိုးစပြုလာပါပြီး။


သတ္တမအရွယ် အသက်(၆၁)မှ (၇၀)နှစ်ထိ (သတ္တ ရှေ့ကိုင်း)

ဒီအရွယ်မှာ ခန္ဓာဟာ အရှေ့ကို တဖြေးဖြေးခြင်း မသိမသာ ကိုင်းလာပါပြီ။ ဉာဏ်ရည်၊ ပညာရည်၊ သမထ ဝိပဿနာအရာ တွေ ဆုတ်ယုတ်လာပါပြီ။ ခန္ဓာကလဲဟိုကဖောက်ပြန်၊ ဒီကဖောက်ပြန်တတ်တဲ့အရွယ်ပေါ့။


အဌမအရွယ် အသက်(၇၁)မှ (၈၀)နှစ်ထိ (ဌ ကုန်းဆိုင်း)

ခါးတွေကုန်းကျတဲ့အရွယ်ပါပဲ။ ခန္ဓာကိုယ်က ဘာမှသုံးလို့မရတော့ပါဘူး။ အရိုးတွေပွတက်လို့ ထိလို့မရတော့ပါဘူး။ ထိတာနဲ့ကျိုးတော့တာပါပဲ။

နဝမအရွယ် အသက်(၈၁)မှ (၉၀)နှစ်အရွယ် (န၀ ထိုင်းတွေဝေလာ)

နဝမအရွယ် သက်တမ်းသည် ဘယ်ကိုမှမသွားနိုင်တော့တဲ့အရွယ်ပါ။ လှဲလျောင်းနေရတဲ့အရွယ်ပါပဲ။ ပညာရည်လဲ ထိုင်းလာတယ်။ ခန္ဓာကိုယ်တွေ ဖောက်ပြန်လာတယ်။ မျက်လုံးတွေ၊ နားတွေ ထိုင်းလာပြီ နောက်ဆုံးကျတော့ လဲလျောင်းအရွယ်ပေါ့။


ဒသမအရွယ် အသက်(၉၀)မှ (၁၀၀)နှစ်အရွယ် (ဒသ လဲလျောင်းဘဝပြောင်း)

ဒီအရွယ်မှာ လဲလျောင်းအရွယ်ဘဲဖြစ်ပါတော့တယ်။ နှစ်တရာတိုင်ပါ့မည်လား။ နှစ်ပေါင်းတရာတိုင်ပါ့မည်လား။ 

ဒါယကာတွေ မိမိတို့ကိုယ့်ကိုကို ပြန်စဉ်စားကြပေါ့။ နှစ်ပေါင်းတစ်ရာတိုင်ပါ့မလား။ မထင်ပါဘူး။ မှန်ရဲ့လား။ အရွယ်သုံးဖြာအကြောင်းဟောနေတာမဟုတ်ဘူးနော်။ အရွယ်ဆယ်ဖြာကို နှိုင်းယှဉ်ပြီးတော့ အမြဲတမ်းသာ မေတ္တာစိတ်နဲ့နေဖို့လိုပါတယ်။ ဘယ်လိုဘဝမျိုးပဲရောက်ရောက် ဘယ်အရွယ်ပဲရောက်ရောက် မေတ္တာစိတ်နဲ့နေပါ။ မေတ္တာမပျက်ပါနဲ့။ တကယ်လက်တွေ့နေကြတော့။ 

ဤသြဝါဒထူးကိုနာယူရတဲ့အချိန်ကစပြီး ပထမအရွယ်မှ ပဉ္စအရွယ်အကြားဖြစ်တဲ့ ယခုပစ္စုပ္ပန်ကာလမှာဘဲ ဈာန်၊ မဂ်ဖိုလ်တရားများပွားများပြီ မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ္တိတရားတော်မြတ်ကို မျက်မှောက်ပြုနိုင်ကြပြီးလျှင် နှစ်တစ်ရာတိုင်ကြပါစေ။ 


Feature Image: Life silhouette | Free SVG

Loading

Categories
စကားလက်ဆောင်

။ ငါတို့ကမ္ဘာလေး ငြိမ်းစေချင် ။

။ အစဉ်အလာမေတ္တာတရား
လူသားတိုင်း တန်ဖိုးထားရင်
စစ်ပွဲဆိုတာ မရှိဘူး။

။ လူတိုင်းမေတ္တာ
မြတ်နိုးကြရင်
မတရားခြင်း မရှိဘူး။

။ လူတိုင်း သစ္စာ
မြဲမြံကြရင်
ဒေါသနေရာ မရှိဘူး။

။ အချင်းချင်းသာ
ချစ်ကြပါရင်
စစ်ခင်းစရာ မရှိဘူး။

(ကရင်ပြည်နယ်၊ မဲတဝေါဒေသမှ စစ်ပွဲကို ရည်ညွှန်းပါသည်။)

တောင်ကလေးဆရာတော် (ခေတ္တ/ အမေရိကန်ပြည်ထောင်စု)

Loading

Categories
စကားလက်ဆောင်

။ အေးရိပ်သာ ။

။ တကယ်တော့
အေးရိပ်သာဆိုတာ
ရင်ထဲက
အညစ်အကြေးကင်းနေတာကို
ပြောတာပါ။

။ အေးရိပ်သာဆိုတာ
ကျောင်းမဟုတ်
နားခိုရာမဟုတ်
တည်းခိုရာမဟုတ်
စိတ်ချမ်းသာရတာကို
အေးရိပ်သာပါပဲ။

တောင်ကလေးဆရာတော်
ခေတ္တ/ အမေရိကန်ပြည်ထောင်စု
(၂၀-၉-၁၆) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

ကြာအင်းတောင်ပေါ်တွင် သံဃာတော် ၁၀၃၅ ပါးအား တောင်ကလေးဆရာတော်နှင့် အလှူရှင်များ ဆွမ်းဆန်စိမ်းလောင်းလှူ (၂၀၁၆)

ဘားအံ၊ ၂၀၁၆၊ မေလ ၂၁ (စနေနေ့)

တောင်ကလေးဆရာတော် အရှင်ပညာသာမိ (တောမှီရဟန်း) ၏ သာသနာပြုနယ်မြေဖြစ်သော ကရင်ပြည်နယ်၊ ဘားအံမြို့တော် ကျက်သရေဆောင် ကြာအင်း တောင်စေတီတော်မြတ်ကြီးတွင် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပခဲ့ရာ ၁၃၇၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ နံနက် ၅ နာရီတွင် မဟာ ပဋ္ဌာန်းဒေသနာတော်မြတ် ရွတ်ဖတ်ပူဇော်ခြင်းဖြင့် စတင်ခဲ့ပြီး ကဆုန် လပြည့်နေ့ (ဗုဒ္ဓနေ့) နံနက် ၅ နာရီထိ ၅ ရက်တိုင်တိုင် ရွတ်ဖတ် ပူဇော်ကြသည်။

ကဆုန်လပြည့်နေ့ နံနက် ၅ နာရီတွင် ပဋ္ဌာန်းသိမ်းအောင်ပွဲ ပြုလုပ်ကာ စေတီတော်မြတ်အား ဗုဒ္ဓါဘိသေကမင်္ဂလာ အနေကဇာ တင်ခြင်းနှင့် ဗုဒ္ဓပူဇနိယပူဇော်ခြင်း အစီအစဉ်များကို တောင်ကလေး ဘ/ကကျောင်းအုပ်ဆရာတော် ဦးဥတ္တမနှင့် ကြာအင်း တောင်ဆရာတော် ဦးသောဘိတ ဦးဆောင်သော သံဃာတော်အရှင်မြတ်များက ပူဇော်တော်မူကြသည်။ ယင်းနောက် နံနက် ၇ နာရီတွင် တောင်ကလေးဆရာတော် အရှင်ပညာသာမိနှင့် အလှူရှင်များက ရဟန်း၊ ရှင်သာမဏေ စုစုပေါင်း ၁၀၃၅ ပါးတို့အား ဆွမ်းဆန်စိမ်း၊ ဆေးနှင့် လှူဖွယ်ဝတ္ထုများ လောင်းလှူကြည်ညိုပူဇော်ကြသည်။

ဇွဲကပင်မျိုးတင့်လေး

မူလသတင်းရင်းမြစ် ။ ။ ကြာအင်းတောင်ပေါ်တွင် သံဃာတော် ၁၀၃၅ ပါးအား တောင်ကလေးဆရာတော်နှင့်အလှူရှင်များ ဆွမ်းဆန်စိမ်းလောင်းလှူ | မြန်မာသံတော်ဆင့် သတင်းစာ (wordpress.com)

Loading

Categories
စကားလက်ဆောင်

။ တောရပ်ရွာကြွပါလေ ။

။ မိဘကိုခွာ
ကျောင်းရောက်လာတော့
ကျမ်းစာဖြာဖြာ သင်အံပေါ့။

။ ငယ်စာအခြေ သင်လို့နေသည်
ကျမ်းတွေစာတွေ စုံပေပေါ့။

။ ပါဠိဘာသာ မြန်မာစာနှင့်
သိတာမသိတာ သင်ရကြာတော့
ရင်မှာပင်ပန်းဖြစ်ရပေါ့။

။ ဆွမ်းမပြည့်စုံ ခြေစုံလှည့်လည်
အိမ်မယ်များများ လှည့်၍သွားလည်း
အရှင်ဘုရား ကန်တော့ဆွမ်း။

။ မိုးရွာနေလျှင်..
မိုးစိုသင်္ကန်း ခြေတွေလှမ်းပေါ့
ပင်ပန်းစိတ်နွမ်းကိုယ်မလန်း။

။ နေပူလျှင်လည်း…
ချွေးစိုသင်္ကန်း ဆွမ်းခံပန်းတော့
ကျောင်းခမ်းပြန်တော့ခြေမပေါ့။

။ စာကတစ်ဖက် စားတစ်ဖက်ပေါ့
ခက်ခဲကာလ တစ်ချိန်ကလျှင်
ဖြစ်ရဘဝ အဝဝကို
ပြောပြရင်လည်း ယုံဘူးပေါ့။

။ ယနေ့ကာလ..
ကျောင်းလေးသာသာ နေရပါလည်း
ရင်မှာအမြဲ ငယ်အကဲကို
ဆင်းရဲမာန်မူ မမေ့သူပါ
ငါဟူမာန ဘယ့်မရှိ။

။ ထိုကြောင့်….
ခုခေတ်အခါ ရဟန်းမှာဖြင့်
လိုရာအပြည့် ဖြည့်အပြည့်နှင့်
လိုသည့်အရာ ပြည့်စုံပါလည်း
ပညာမမက် ကျမ်းမတက်လို့
ကျောင်းထွက်ပြန်လာများကြတော့။

။ ခုခေတ်သာသနာ….
ထီးထမ်းလမ်းလျှောက် သားတိုးပေါက်ပြီး
ဟိုရောက်သည်ကြွ စာမရဘဲ
လှလှပပနေရတော့။

။ မြင်ကြည့်ပါကြ …
ခုချိန်ခုခါ ရှင်တို့ရွာမှာ
ကျမ်းစာပြီးမြောက် ထေရ်မြတ်ပျောက်၍
မပေါက်ကျမ်းရှင် ကျောင်းထိုင်ရှင်ဖြစ်
ရှိရှင်နှင့်သာ ကိုးရပေါ့။

။ ပညာတတ်မွန် ရဟန်းမွန်များ
မြို့ရံမြို့ရပ် နေထိုင်ကြလို့
ရပ်ရွာအရပ် အရှင်ရှား။

။ လျှောက်ကြားတော်မူ….
တောတောင်မြေခြား ရပ်တစ်ပါးသို့
အများဒါယကာ ပင့်လျှောက်ပါသည်
တောရွာသာသနာ…
ပြုပါစေလေ အရှင်တွေ
ဂုဏ်ပြုဝမ်းသာပါရစေ။

တောမှီရဟန်း
(၁၈-၅-၁၆) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားပြုစုသော သူ့အသက်ကိုချစ်ပါလေ စာအုပ်မှ ရသတဏှာ

လွန်လေပြီးသောအခါ မြတ်စွာဘုရားအလောင်းတော်သည် ဗာရာဏသီမင်း ဖြစ်တော်မူစဉ် မင်းဥယျာဉ်၌ သဉ္ဇယ မည်သောသူကို ဥယျာဉ်မှူး ခန့်ထားလေ၏။

ထိုအခါ သမင်တစ်ကောင်သည် တောမှလာ၍ ထိုဥယျာဉ်၌ မြက်နုတို့ကိုစား၏။ ဥယျာဉ်မှူးသည် ထိုသမင်ကို မခြောက်မလှန့်မူ၍ ယဉ်ပါးအောင်ပြု၏။ ဥယျာဉ်၍ဖြစ်သော ပန်းသစ်သီးများကို မင်းကြီးအား ဆက်သရန် နန်းတော်သို့ဝင်၍ မင်းအား ထိုသမင်အကြောင်းကိုပြော၏။ သင်ရအောင် ဖမ်းယူနိုင်ပါမည်လော ဟုမေးရာ ပျားရည် လုံလောက်စွာရပါလျှင် ဖမ်းနိုင်ပါ၏။ နန်းတော်တွင်းသို့ ဝင်အောင်ပင် တတ်နိုင်ပါ၏ ဟုလျှောက်၏။

ပျားရည် လုံလောက်စွာရ၍ ဥယျာဉ်သို့ ပြန်ရောက်လေသော် ထိုသမင်စားရာဌာန၌ မြက်နုတို့ကို ပျားရည်ဆွတ်လူး၍ထား၏။ သမင်သည် ပျားရည်လူးသောမြက်ကိုစား၍ ပျားအရသာ၌ စွဲလန်းသောအခါ တောသို့မပြန်ဘဲ ဥယျာဉ်ထဲမှာသာနေ၍ တခြားမြက်ကိုမစားနိုင် ပျားရည်လူးသော မြက်ကိုသာစား၏။

ထိုအခါ နန်းတောထဲသို့သွင်းရန် မင်းကြီးအား ပြောကြား၍ လမ်းတလျှောက်၌ စိမ်းရှင်သော သစ်ကိုင်းသစ်ခက်တို့ကို ကာရံစေပြီးလျှင် ဥယျာဉ်မှူ းသည် ပျားရည်လူးသော မြက်စိမ်းတို့ကို ကိုင်ယူ၍ သမင်ကိုပြလျက် ရှေ့က သွားလေရာ သမင်သည် နန်းတော်တွင်းသို့ ရောက်လေ၏။ ထိုအခါ များစွာသော လူတွေကိုမြင်၍ ကြောက်လန့်ခြင်း ပြင်းစွာ ဖြစ်သဖြင့် ထိုမှ ဤမှ မရပ်မတည် ပြေး၍ နေ၏။ မင်းကြီး မြင်တော်မူလတ်သော် သနားခြင်းဖြစ်ပြီးလျှင် ရသတဏှာ၏ အပြစ်ကို မြင်တော်မူ၍ မင်းပရိတ်သတ်အပေါင်းအား ဤသို့ ပြောကြားပေ၏။

ပညာရှိစကား ကြားရဖူးသည်ကား ရသာရုံတို့ထက် လွန်၍ ယုတ်မာသောတရားသည် မရှိ။ တိုက်အိမ် ဘုံနန်း စသည်တို့ထက်လည်းကောင်း၊ သားမယားစသော ချစ်ကျွမ်းဝင်သူတို့ထက်လည်းကောင်းရသာရုံတို့သည် သာလျှင် ထောင်သောင်းမက အဆများစွာ သာလွန်ထူးကဲ၍ ယုတ်မာလှကုန်၏။ တောရပ်ဂနိုင် မြိုင်ကြီးအတွင်း၍ မှီတင်းနေထိုင်သော သမင်ပျံကို ဥယျာဉ်မှူ း သဉ္ဇယသည် ပျားရည် ဟူသော ရသာရုံတို့ဖြင့် မိမိအလိုသို့ ဆောင်နိုင်ပါ၏။

အဘယ်ကြောင့် ရသာရုံ ရသတဏှာတို့သည် အယုတ်မာဆုံးဖြစ်ကြသနည်း။ အိမ်ရာတိုက်တာဘုံနန်းဗိမာန်တို့၌ ခင်တွယ်သော အာဝါသတဏှာသည်လည်း တခြားတစ်ပါးသော တဏှာတို့ထက် ယုတ်မာလှ၏။ သားမယား ဆွေမျိုးညာတကာတို့၌ ခင်တွယ်သော တဏှာသည်လည်း အခြားတစ်ပါးသော တဏှာတို့ထက် ယုတ်မာလှ၏။ လျှာအရသာတို့၌ ခင်တွယ်သော ရသတဏှာသည်မူကား ထိုတဏှာတို့ထက်ပင် အဆအရာမက အဆအထောင်မက ယုတ်မာလှ၏။ အဘယ်ကြောင့်နည်း ဆိုသော် အိပ်နေဆဲကို ချန်လှပ်၍ တစ်နာရီမျှ အပြတ်မခံနိုင်ဘဲ အမြဲသုံးဆောင်ရခြင်းကြောင့် လည်းကောင်း၊ အစာအာဟာရမှတစ်ပါး အသက်ကို စောင့်ရှောက်နိုင်သော ဝတ္ထုဟူ၍ တစ်စုံတစ်ခုမျှ မရှိသော အသက်မွေးမှုကြီးဖြစ်နေသောကြောင့်တည်း။

“ အာဝါသတဏှာ ” ၊ “ ညာတိမိတ္တသန္ထဝတဏှာ ” တို့ထက် အဆရာထောင်မက ကြီးကျယ်လှ၏ ဟူသော စကား၌ ပေါရိသာဒမင်းသည် ရသတဏှာ အတွက်နှင့် တိုင်းပြည် နိုင်ငံ ဘုံနန်းဗိမာန်တို့ကို လည်းကောင်း၊ မောင်းမမိဿ ံ၊ မိဖုရား သားတော် သမီးတော် ဆွေတော်မျိုးတော် အလုံးစုံကိုလည်းကောင်း စွန့်ပစ်၍ ရသတဏှာ၏ ကျွန် လုပ်၍နေရ၏။ ရသတဏှာ လွန်ကဲမှုနှင့်စပ်သော ဇာတ်နိပါတ် ဝတ္ထုသက်သေ အများရှိ၏။

အိပ်နေဆဲကိုချန်လှပ်၍ တစ်နာရီမျှ အပြတ်မခံနိုင်ဘဲ အမြဲမှီဝဲသုံးဆောင်ရခြင်း ဆိုသည်ကား ထမင်းအစာအာဟာရ ကိစ္စများလည်းတစ်နေ့လျှင် ၂-ထပ် သို့မဟုတ် ၁-ထပ် နေ့စဉ် မြဲကြရ၏။ တစ်နေ့တစ်ရက်မျှ အလပ်မခံနိုင်ကြ၊ ထမင်းနပ်တို့၏အကြား၌ မုန့်ပဲ သစ်သီးခဲဖွယ် အလှော်အကြော်၊ အဖျော်အရည် အရက်မျိုးရှိတိုင်း တွေ့တိုင်းစားကြရ၊ သောက်ကြရသေး၏။ လက်ဖက်ဆေးကွမ်းတို့မှာ ခံတွင်း၌ မပြတ်ဝါးရန်၊ ငုံရန်၊ သောက်ရန်၊ ရှုရန် အမြဲရှိကြစေရ၏။

ဤသို့လျှင် လျှာခံတွင်းမည်သည် သာယာဖွယ် အာရုံ၊ သာယာဖွယ် တဏှာနှင့် တစ်နာရီမျှ အပြတ်မခံနိုင်ကြသော ဌာနဖြစ်၏။ ကျန်ရှိသော မျက်စိအရာ နားအရာ စသည်တို့မှာကား သာယာဖွယ်သော အဆင်း၊ အသံ၊ အစရှိသော အာရုံ သာယာခြင်း တဏှာတို့နှင့် တစ်ရက်မက တစ်လမက တစ်နှစ်မကပင် အပြတ်ခံနိုင်ကြကုန်၏။ ထိုကြောင့် ရသတဏှာသည် အကြီးအကျယ်ဆုံးသော တဏှာဖြစ်၏ ဟူဆိုသည်။

အသက်မွေးမှုကြီး ဖြစ်နေကြသည်ဟူသောစကား၌ လောကတွင် အသက်မွေးမှုသည် အရေးအကြီးဆုံးဖြစ်၏။ ရေသတ္တဝါ အနန္တ၊ ကုန်း သတ္တဝါ အနန္တတို့မှာ ထိုအမှုကြီးသည် အချုပ်အချာ ဖြစ်၏။

အသက်မွေးမှု ဟူသည်မှာလည်း ကဗဋ္ဌီကာရ အစာအာဟာရဖြည့်စွမ်းမှုကြီးပေတည်း။ ထိုကဗဋ္ဌီကာရ အစာအာဟာရဖြည့်စွမ်းမှုကြီးသည် အသက်ကို ပွားစီးစေခြင်း၊ ရသတဏှာကို ပွားစီးစေခြင်း အကျိုး ၂-ပါးကို အမြဲဆောင်ရွက်ပေ၏။ ဤသို့လျှင် အသက်မွေးမှုသည် တခြားတစ်ပါးသော အမှုခပ်သိမ်းတို့ထက် အဆတစ်ရာမက၊ အဆတစ်ထောင်မက၊ အဆအသောင်းအသိန်းမက ကြီးကြယ်လှသော အမှုကြီး ဖြစ်သောကြောင့် ရသတဏှာသည်လည်း ခပ်သိမ်းသော တဏှာဟူသမျှတို့ထက်အဆအရာ၊ အထောင်၊ အသောင်း၊ အသိန်းမက ကြီးကျယ်လှသော တဏှာကြီး ဖြစ်လေသည်။

ထိုရသတဏှာသည် အဘယ်မျှလောက် ယုတ်မာမှု၊ အကျိုးမဲ့မှု ကြီးကျယ်သနည်းဟူမူကား၊ အသက်ကို ပွားစီးစေခြင်း ကိစ္စသည်လည်း အလွန်အလွန် ကြီးကျယ်သော ဒုစရိုက်နယ်ကြီး တစ်ပါး ဖြစ်၏။ ရသတဏှာ တိုးတက်ပွားစီးခြင်း ကိစ္စသည်လည်း အလွန် ကြီးကျယ်သောဒုစရိုက်နယ်ကြီးတစ်ပါးဖြစ်၏။

ဤငါတို့ ဗုဒ္ဓဘာသာနိုင်ငံမှာပင် နွားသတ်ရုံ၊ သားသတ်ရုံတို့၌ နွားကောင်ရေပေါင်း၊ သားကောင်ကောင်ရေပေါင်း၊ ကြက်ကောင်ရေပေါင်း၊ ငှက်ကောင်ရေပေါင်း တစ်နေ့တစ်ရက်အတွင်းမှာပင် အသောင်းများစွာသေဆုံးရာ၏။ တစ်လတစ်လအတွက်မှာပင် အသိန်းများစွာ သေဆုံးရာ၏။ ဤရသတဏှာ၏ စက်ကြီးပင်တည်း။ ကမ္ဘာပေါ်ရှိ ဘီးလူးသဘက်တို့၏ အတတ်ကြောင့် ကပ်ရောဂါကြီးတွေ ဖြစ်ပေါ်နေခြင်းသည်လည်း ဤတဏှာစက်ကြီးပင်တည်း။

သေဆုံးကြရာ၌လည်း သေဆုံးကြသော သတ္တဝါတို့၏ ခန္ဓာကိုယ်တို့၌ ရှိနေကြသော အသားအသွေး ရသာရုံတို့သည် အတွင်းရန်သူတို့ပေတည်း။ ထိုရသာရုံတို့သည် သတ်သောသူတို့ကိုလည်း တွင်တွင်သတ်အောင် နှိုးဆော်ကုန်၏။ စားသောသူများကိုလည်း တွင်တွင်စားအောင်နှိုးဆော်ကုန်၏။ ဥပမာ အသီးအရွက် စားကောင်းသော သစ်ပင်တို့မှာ အသီးအရွက်သည် အတွင်းရန်သူဖြစ်၏။ အသီးအတွက် အရွက်အတွက် အနှုတ်အချိုင်ခံရ၏။ အသီးအရွက် မစားကောင်းသော သစ်ပင်သည် ချမ်းသာ၏။

ဤဥပမာကဲ့သို့ ရေသတ္တဝါ အနန္တ၊ ကုန်းသတ္တဝါ အနန္တတို့မှာ အသက်လွတ်အစာ အာဟာရစားကြသူ အလွန်နည်းပါး၏။ နိုင်ရာနိုင်ရာ ဖမ်းယူ၍ စားကြသူအလွန်များ၏။ ဤရသတဏှာ၏ စက်ကြီးပင်တည်း။ အဘယ်မျှလောက် နည်းပါးသည် အဘယ်မျှလောက် များပြားသည်ဟူမူ- ဤအရာ၌ မဟာဝဂ္ဂသံယုတ်တွင်လာသော နခသိခသုတ် ဒေသနာကို ထုတ်ဖော်ပြဆိုရာ၏။

ထိုသုတ် ဒေသနာတော်၏ အချုပ်ကို အနည်းငယ်မျှ ပြပေးအံ့။

မြတ်စွာဘုရားသည် လက်သည်းတော် အဖျား၌ မြေမှုန့်ကို တင်ထား၍ ရဟန်းတို့ကို မေးတော်မူ၏။ ရဟန်းတို့- ငါ၏လက်သည်းဖျားမှာ တင်ထားသော မြေမှုန့်စုနှင့် မဟာပထဝီအပြင်မှာရှိသော မြေမှုန့်စုသည် အဘယ်ကများသနည်းဟု မေးတော်မူ၏။ ရဟန်းတို့က လက်သည်းတော်ဖျား၌ တင်ထားသော မြေမှုန့်စုက အလွန်နည်းပါးလှသောကြောင့် မဟာပထဝီမြေပြင်မှာ ရှိနေသော မြေမှုန့်စုက အလွန်များပြားလှပါကြောင်းလျှောက်ကြကုန်၏။ ထိုအခါ ဤသို့ဟောတော်မူ၏။

ဤသတ္တလောကကြီး၌ သူ့အသက်သတ်မှုမှ ကြဉ်ရှောင်သူသည် လက်သည်းတော်ဖျားမှာ တင်ထားသော မြေမှုန့်စုကဲ့သို့ အလွန် နည်းပါ၏။ သူ့အသက်ကို သတ်မှုမှ မရှောင်ကြဉ်သူသည် မဟာပထဝီ မြေပြင်မှာရှိနေသော မြေမှုန့်များကဲ့သို့ များပြား၏ဟု ဟောတော်မူ၏။ အဒိန္နာဒါန် စသည်တို့မှာလည်း ဤနည်းတူ ဟောတော်မူ၏။

ဤဒေသနာတော်များကို ထောက်၍ အသက်သတ်လွတ် အစာအာဟာရကို စားကြသူ ဘယ်မျှလောက် နည်းပါးသည် နိုင်ရာနိုင်ရာ စားကြသူ ဘယ်မျှလောက် များပြားသည်ဟု သိနိုင်ရာ၏။ ဤသည်လည်းရသဏှာစက်ကြီးပင်တည်း။ ဤတွင်လည်း နိုင်ရာနိုင်ရာ စားကြသူများတွင် အသက်လွတ်စားရန်မရှိ၍ အသက်ရှိကို စားရသူများလည်းရှိရာ ရေသတ္တဝါများကိုမြော်လေ။ အသက်သတ်လွတ်စားရန်ရှိလျက်နှင့် ရသတဏှာအတွက် အသက်ရှိကို စားကြသူသည် အလွန်များ၏။ ကုန်းသတ္တဝါ များကိုမြော်လေ။ ဤသို့လျှင် တစ်လောကလုံး ဒုစရိုက်တောကြီး ဖြစ်နေသည်။ ရသတဏှာ ယုတ်မာမှုကြီးပေတည်း။

ထိုကြောင့် ဤအသက်မွေးမှုကြီး၊ ရသတဏှာ မွေးမှုကြီး ၂-ပါးသည် အလွန်ကြီးကျယ်သော ဒုစရိုက်နယ်ကြီး၂-ပါးဖြစ်ကြောင်း၊ အလွန်ယုတ်မာသော တဏှာကြီးဖြစ်ကြောင်း ထင်ရှား၏။ သေကြသည့်အခါ၌လည်း သုဂတိဘဝ၌ ဖြစ်သော သတ္တဝါသည် လက်သည်းတော်ဖျား၌တင်ထားသော မြေမှုန့်ကဲ့သို့ အလွန်နည်းပါး၏။ အပါယ်၌ ဖြစ်ရသော သတ္တဝါသည် မဟာပထဝီ မြေပြင်ကြီးမှာ ရှိနေသော မြေမှုန့်စုကဲ့သို့ အလွန်များပြား၏ဟု သုတ်ဒေသနာတော်များစွာ လာရှိပြန်၏။

ဤဒေသနာတော်များကို ထောက်၍ အပါယ်သို့ ကျရောက်လေသော သတ္တဝါ ဟူသမျှသည် သုဂတိဘဝသို့ ပြန်ရောက်ဖို့ အလွန်ခဲယဉ်းကြောင်း၊ ဘဝတစ်သောင်းနှင့်လည်း ပြန်နိုင်ခွင့်မရှိ၊ ဘဝတစ်သိန်းနှင့်လည်း ပြန်နိုင်ခွင့်မရှိ။ များစွာသော ကျောက်တုံး ကျောက်ခဲတို့ကို သမုဒ္ဒရာရေပြင်မှာ ပစ်ချလိုက်ရာ အောက်သို့သာ နှစ်မြှပ်သွားကြကုန်သကဲ့သို့ ထိုသတ္တဝါတို့သည် တစ်ဘဝထက် တစ်ဘ၀ နစ်မြှုပ်၍သာသွားကြကြောင်းကို သိနိုင်ရာ၏။

ဤအရာ၌ ၎င်းမဟာဝဂ္ဂသံယုတ်၌ပင် လာရှိသော “လိပ်ကန်း” ဥပမာ- ‘ ကာဏကစ္ဆပေါပမသုတ်’ ကိုလည်း ကြည့်ရာ၏။ ဤအလုံးစုံသည်ကား ရသတဏှာသည် ခပ်သိမ်းသော တဏှာတို့ထက် အဆသိန်းသောင်းလွန်ကဲကြောင်း၊ ယုတ်မာကြောင်းကို ဖွင့်ဆိုနိုင်ပေသော ‘ ဝါသမိဂဇာတ် အဋ္ဌကထာ ’ စကားကို ထင်ရှားစေရန် ဝေဖန်ဖော်ပြချက်ပေတည်း။

ယခုအခါ၌ ထိုရသတဏှာသည် ရဟန်းတော်တို့ဘောင်မှာ မင်းမူ၍နေကြ၏။ မင်းမူပုံကား လူတို့မှာ နေ့စဉ် ဟင်းကောင်းကျွေးကောင်းစားနိုင်ကြသူ အလွန်နည်းပါး၏။ အထိုက်အလိုက်နှင့် ပြီးကြသူများ၏။ ရဟန်းတော်တို့မှာ တတ်နိုင်သူတို့က လှူ ဒါန်းကြသည်ဖြစ်၍ နေ့စဉ်ဟင်းကောင်း ကျွေးကောင်း စားရသူများ၏။ မကောင်းလျှင် မစားနိုင်ကြသူများ၏။ ဘုန်တန်ခိုးကြီးလေလေ ဟင်းကောင်းကျွေးကောင်း၊ အစားကောင်းအသောက်ကောင်း ပြည်စုံလေလေဖြစ်၏။ သက်သတ်ဟင်း မပါလျှင်မစားနိုင်သူများ၏။

လောက၌ အာရုံအပေါင်းတို့တွင် ရသာရုံသည် အယုတ်မာဆုံးဖြစ်၏။ သူတစ်ပါး၏အသက်ကို ထိခိုက်သည်ဖြစ်၍ အကြီးအကျယ်ဆုံးအကျိုးမဲ့ကြီး ဖြစ်သည်ဟု ပြဆိုခဲ့သော ပါဠိအဋ္ဌကထာများနှင့် ဘယ်လိုနေကြမည်မသိဟု သံဝေဂယူကြဖို့ ကောင်းလှ၏။

ရသတဏှာတွင်လည်း လူတို့၏ အသက်သခင် စည်းစိမ်သခင်ဖြစ်ကြကုန်သော နွားသတ္တဝါ-ကျွဲသတ္တဝါတို့၏ အသားတို့၌ စွဲလန်းသော တဏှာသည် အယုတ်မာဆုံး ရသာတဏှာမျိုးစုတွင် အတုမရှိသော ဘုရင်ချုပ်ကြီး ဖြစ်ပေ၏။ “ နကိ ရတ္တိ ရသေဟိ ပါပိယော ” ဟူသော ဂါထာပဒကို နှုတ်တက်၍ ရကြဖို့လည်း ကောင်းလှ၏။

အထက်၌ ပြဆိုခဲ့သည့်အတိုင်း ဒုစရိုက်နယ် အပါယ်နယ်ကြီးဖြစ်ချေ၍ အယုတ်မာဆုံး ဖြစ်သော ဤရသတဏှာကြီးသည် ယခုအခါ ရဟန်းတော်များဘောင်မှာ မင်းမူ၍ နေရခြင်း၊ ရဟန်းတော်များ ဖြစ်လျက် တဏှာတကာတို့တက် အယုတ်မာဆုံးကြီးဖြစ်သော ရသတဏှာကြီး၏ ကျွန်ဖြစ်၍ နေကြရခြင်း သည်လည်း ဝမ်းနည်းဖွယ်ကောင်းလှ၏။

ဤကား- ဣဏပရိဘောဂအရာ တဏှာခြောက်ပါးတို့တွင် ရသတဏှာသည် အယုတ်မာဆုံးကြီး ဖြစ်ကြောင်း၊ ဒုစရိုက်နယ်ကြီး အပါယ်နယ်ကြီးဖြစ်ကြောင်း ပါဠစိအဋ္ဌကထာ လာရှိသည့်အတိုင်း ထုတ်ဖော်၍ ပြဆိုခြင်းပေတည်း။ (လယ်တီ ပုစ္ဆာအဖြေပေါင်းချုပ်)။

Loading

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး