။ မအိုခင်က
အိုရမှာကို သိပ်ကြောက်တယ်။
။ မနာခင်က
နာရမှာကိုစိုးရိမ်တယ်။
။ မသေခင်က
သေရမှာကို လန့်ကြတယ်။
။ အို နာ သေ ဘေး
ကိုယ့်အရေးကို
ကြောက်တွေးလန့်လည်း အလကားပဲ။
တောင်ကလေးဆရာတော် (တောမှီရဟန်း – အဲးခိုး)
။ မအိုခင်က
အိုရမှာကို သိပ်ကြောက်တယ်။
။ မနာခင်က
နာရမှာကိုစိုးရိမ်တယ်။
။ မသေခင်က
သေရမှာကို လန့်ကြတယ်။
။ အို နာ သေ ဘေး
ကိုယ့်အရေးကို
ကြောက်တွေးလန့်လည်း အလကားပဲ။
တောင်ကလေးဆရာတော် (တောမှီရဟန်း – အဲးခိုး)
။ ခေတ်ကာလက အပြစ်ကျူးလွန်သူ များကြသည်။
။ အပြစ်ကို အပြစ်ပါလို့ မသိကြ။ မမြင်ကြတော့။
။ ပို၍မွေ့ပျော်နေကြ၏။
။ အပြန်ပြန်အထပ်ထပ် မှားနေကြသည်။
။ အမှားဟူ၍မသိကြ။
။ မိုက်မဲမှုလည်း ကမ်းကုန်နေကြသည်။
။ အကျင့်ကောင်းသည်ကိုလည်း အလေးမစိုက်ကြ။
။ သူသူငါငါ အရှက်မဲ့နေကြသည်။
။ ရိုသေခြင်း ဂါရဝတရား မထားကြတော့။
။ ကျေးဇူးကန်းနေကြသည်။
။ တရားအမှန်ကို မသိ၍မတရားများဖြင့် စွပ်စွဲပြောဆိုနေကြသည်။
။ အပြစ်ကို မကြောက်တတ်ဘဲ အပြစ်ကို ကိုးကွယ်နေကြသည်။
။ ကောင်းမှုဒါနပြုရာလည်း အကျိုးတောင့်တမှု မှားနေကြသည်။
။ မြင့်မြတ်သည့်အဆုံးအမကိုလည်း လက်မခံကြ။
။ အသိပညာဉာဏ်တရားများ လျော့ပါးနေကြပြီ။
။ လိမ်မာဖို့သာ စိတ်ကိုပြုပြင်သင့်လေသည်။
တောင်ကလေးဆရာတော်
(၅ – ၂ – ၂၀၁၆ ရက်နေ့။)
ခေါင်းဖြတ်ချင်သူ
သုခဝေဒနာ၊ စိမ့်ရည်ဖြာသည့်
ရသာမြိန်ရွှမ်း၊ အစိမ့်မွှန်းက
သွန်းသွန်းဆူကြွ၊ ထိုသုခကို
ပိယဟူသား၊ အချစ်ပွား၍
ခြောက်ပါးဝေဒနာ၊ မြိန်ယှက်စွာကို
လွယ်ကာမနှေး၊ လိုတိုင်းပေးသည်
သူဌေးရတနာ၊ ပမာအလား
ကြင်မယားနဲ့၊ ဝတ်စားရွှေငွေ
လယ်မြေလုပ်ခင်း၊ ထမင်းဘောဇဉ်
သဘင်ပွဲလမ်း၊ အခန်းခန်းတည်း
ပန်းမျိုးနံ့သာ၊ အဖြာဖြာလျှင်
ရူပါရမ္မဏ၊ စသည့်အပုံ
ပဉ္စာရုံနှင့်၊ ခြောက်စုံဖဿ
စက္ခုစသား၊ ဒွါရခြောက်မည်
အကြည်အလင်း၊ ကိုယ်တွင်းဓာတ်စု
အစုစုလျှင်၊ ဗဟုဘေဒါ
များပြားစွာသည်၊ ဓမ္မာရမ္မဏ
ကာမဝတ္ထု၊ အစုအပုံ
ခြောက်အာရုံ ၊ ခုံတမင်မင်
ခင်တများများ၊ နေ့စဉ်ပွား၍
တရားအချက်၊ သဘောနက်ကို
အိပ်မက်တွင်မျှ၊ မမြင်ကြဘဲ
ကာမထောင်တွင်း၊ ခန္ဓာကင်းသည်
ခြောက်သင်းတဏှာ စွမ်းရည်တည်း။
(လယ်တီဆရာတော်၊ ပဋိစ္စသမုပ္ပါဒ်ဒီပနီ၊ အပိုဒ် -၇)
ရှင်သာမဏေဘဝက ကျက်မှတ်ခဲ့ဘူးတဲ့ ဆရာတော်ကြီးရဲ့ သံဝေဂတရားကဗျာတွေထဲက အကြိုက်နှစ်သက်ဆုံး ကဗျာတစ်ပိုဒ်ပါ။ ကံတရားအစစ်မှာ မျက်စိရှေ့တင်ရှိနေပါလျှက် အရှာရခက်သလို ရှိနေကြတဲ့ ပုထုဇဉ် လူသားတွေကို ရှင်းခနဲ၊ လင်းခနဲမြင်အောင် ပြလိုက်တဲ့ကဗျာလေးပါ။ သိအောင်မြင်အောင် နှိုက်နှိုက်ချွတ်ချွတ် လေ့လာကြဖို့ဝေးလို့ အိပ်မက်တောင် ယောင်လို့ မမက်ကြပါဘူးတဲ့။
“ကာမဘုံသား ဆုံလည်နွား ဆိုတဲ့အတိုင်း ထောင်ကြီးနဲ့တူတဲ့ ကာမဘုံကြီးထဲမှာပဲ ဘဝတဏှာရဲ့ အကြိုက်ကိုလိုက်ပြီး ဒီတဏှာရဲ့ အစီးအပွားကိုပဲ အားထုတ်ပြီး လုံ့လပြုုုကြ၊ တဏှာတွေတန်းလန်းနဲ့ပဲ ဘဝကို နိဂုံးချုပ်ကြ၊ ဒုက္ခပင်လယ်ကြောမှာ မျောနေကြတာပဲ မဟုတ်လား။ ” ဘဝတာတိုတိုမှာ အရသာချိုချိုရှာရင်း အချိန်ကုန်ကြမယ်” ဆိုတဲ့ စကားဟာ မက်မောစရာကောင်းသယောင်ယောင်နဲ့ ကြောက်စရာကြီးပါလား ဆိုတာကို ပုထုဇဉ်တွေ မရိပ်စားမိကြပါဘူး။
ဗုဒ္ဓ ဟောကြားခဲ့တဲ့ သစ္စာတရား ဟာ ဆံချည်တစ်မျှင် အပ်တစ်ထောက်စာတောင် မလွဲဘူး။ ကောင်းမှုကုသိုလ်တွေ လုပ်တော့မယ်ဆိုရင် ပတ်ဝန်းကျင်အနှောက်အယှက်ရှိတတ်သလို မိမိစိတ်ရဲ့ မလုံခြုံမှု အနှောက်အယှက်လည်း ရှိနေတတ်ပါတယ်။ သံဝေဂဉာဏ် သတိအသိနဲ့ ယှဉ်ပြီး ဆင်ခြင်ကြဖို့ပါ။ စစ်မှန်တဲ့တရားကိုသိမှ ကျင့်မှပဲရင့်သန်တဲ့ ဘဝပါရမီဆိုတာက ဖြစ်လာစမြဲပါ။ ဓာတ်ခံရအောင် အလေ့အကျင့်ကောင်းတွေ များများလုပ်ပေးပါလို့ တိုက်တွန်းချင်တာပါ။ ဒီနေရာမှာ အထူးပြောချင်တာကတော့ ယောဂီ အကြောင်းပါပဲ။ ယောဂီ ဆိုတာရိုးသားဖို့ အရေးကြီးပါတယ်။ မရိုးသားရင်တရားမရနိုင်ပါဘူး။
ယောဂီအင်္ဂါ ၅- ပါး
“ယုံကြည်” ဆိုတာက ဗုဒ္ဓဘုရားရှင်အပေါ်မှာရော၊ ဟောကြားတော်မူခဲ့တဲ့ တရားတော်မြတ်တွေကိုရော မမှိတ်မသုံ မဝေမဝါးဘဲ ယုံကြည်အားထားဖို့ကို ဆိုတာပါ။ ကျန်းမာဆိုတာက တရားကိုအားထုတ်နိုင်လောက်အောင် ကျန်းမာရေးနဲ့ ပြည့်စုံရမယ်။ ဒီနေရာမှာ တွေ့တတ်တာက ယောဂီကိုယ်တိုင်က ကျန်းမားရေးချို့ယွင်းနေတာမျိုး၊ မကျန်းမာမမာဘူးလို့ စိတ်ကထင်မြင်ပေမယ့် တရားအားထုတ်လိုက်တဲ့အခါမှာ ထင်ထားတာထက်တောင် ဒေါင်ဒေါင်မြည်အောင် ကျန်းမာနေတာ၊ ကျန်းမာလာတာတွေကို တွေ့ရတတ်ပါတယ်။
ယနေ့ကမ္ဘာမှာ နာမည်ကျော်နေတဲ့ အိန္ဒိယနိုင်ငံက ဝိပဿ နာဆရာကြီး ဂိုအင်ကာဟာ ဆရာကြီးဦးဘခင်ဆီမှာ တရားအားထုတ်ခဲ့ရတာဟာ ကျန်းမာရေးချိုယွင်းလို့ပါ။ ယခုတော့ ဆရာကြီးဟာ ကျန်းမာရေးကောင်းသလောက် ထိရောက်အောင်မြင်နေတဲ့ ဝိပဿ နာတရားပြဆရာကြီး ဖြစ်နေပါပြီ။ “စိတ်ဖြောင့်စွာ”နှင့် ဆိုတာက ယောဂီဟာ ရိုးသားမှု ရှိရပါမယ်။ ယောဂီ အချောင်သမား၊ ယောဂီ အတုအယောင်၊ ယောဂီညာ၊ ယောဂီဖြီး မဖြစ်ဖို့လိုပါတယ်။ အတွေ့အကြုံထဲက တစ်ချို့ကိုပြောချင်ပါတယ်။
တရားအလုပ်ကို လုပ်ကြတဲ့အခါမှာ ဘယ်ဉာဏ်စဉ်က ဘယ်လိုခံစားရတယ်။ ဘယ်ဉာဏ်စဉ်က ဘယ်လို အရိပ်နိမတ်တွေ ပြတယ်ဆိုတာကို တချို့ယောဂီတွေက သိနေပါတယ်။ စာတွေ့အရရော၊ တစ်ဆင့်စကားအရပေါ့လေ။ အဲဒီတော့ အညံ့မခံချင်တဲ့ သဘောနဲ့ အာကျမခံစိတ် ဖြစ်လာပြီး မဖြစ်တာကို တကယ်ဖြစ်လေသယောင်ယောင် လုပ်ကြံ ပြောတတ်ကြပါတယ်။ မသိတာကိုသိလေသယောင်ယောင် ပြောတတ်ကြပါတယ်။
တစ်ချို့ကြတော့ သူများထိုင်သလို ထိုင်ပါတယ်။ ကမ္မဋ္ဌာန်းသင်ပြသလို လုပ်ပါတယ်။ ဒါပေမယ့် တစ်ရက်၊ ဆယ်ရက်စတဲ့ကြာလို့တောင်မှ ဘာမှမထူးခြားပါဘူး။ ဆရာသမားတွေကို အားနာလာပါတယ်။ မျက်နှာပူလာပါတယ်။ အတူတူလုပ်ကြတဲ့ သူတွေကိုလည်း ရှက်လာပါတယ်။ ဒီတော့ မထူးဘူးဆိုပြီး သူများပြောသလိုပြော၊ သူများခိုင်းသလိုပြော၊ စာထဲကအတိုင်း ပြောဆိုတာတွေ ဖြစ်ကုန်ကြပါတယ်။ ကမ္မဋ္ဌာန်းဆရာမေးရင် ကိုယ့်မှာဖြစ်သလောက်၊ သိသလောက်ပဲ ပြောပြစေချင်ပါတယ်။
ဒီလိုပြောမှကောင်းတယ်၊ ဒီလိုပြောမှ တရားရတယ်လို့ သိထားတော့ ဒီလိုပဲ ပြောချလိုက်တာတွေ၊ တရားစခန်းက တရားရှင်ကြီးအဖြစ် ခပ်တည်တည်ကြီးနဲ့ ထွက်သွားကြတာတွေ အများကြီး တွေ့ဖူးကြုံဖူး ကြပါတယ်။ တကယ်လုပ်ပါ။ တကယ်လုပ်တဲ့ သူဟာ ကိုယ့်ဘာသာ အသိဆုံးပါ။ ဘယ်သူကမှ ဘယ်အဆင့် ရောက်ပြီ လို့ “စံ” သတ်မှတ်မပေးနိုင်ပါ။ တရားအားထုတ်တဲ့ကိစ္စမှာ အမှတ်ပေးလက်မှတ် ပေးသလိုမျိုး လုပ်လို့မဖြစ်နိုင်ပါ။
တတိယအချက်ဖြစ်တဲ့ “လွန်စွာအားထုတ်” ဆိုတာက ကုသိုလ်တရားတွေ များလာအောင် လုံ့လဝီရိယရှိကြဖို့ ဆိုလိုတာပါ။ အမှန်လုပ်ရင် အကုသိုလ်အလိုလို နည်းပါးသွားစမြဲပါ။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄ ပါးစလုံးမှာ အကုသိုလ်ဖြစ်မနေဖို့၊ ကုသိုလ်အမြဲ ဖြစ်နေဖို့ ထားရတဲ့ဝီရိယကို လွန်စွာအားထုတ်ဖို့ ဆိုလိုတာပါ။ ထိုင်ပြီး အားထုတ်နိုင်ချိန်မှာတော့ ငြိမ်သက်လို့ပါပဲ။ ထိုင်ရာက ထသွားတော့ အချင်းချင်း စကားပြောကြ၊ အိပ်နေကြရင် ရှုပွားမှုမှာ သတိလက်လွတ်သွားတာပါပဲ။ အကုသိုလ်ဝင်တာပါပဲ။ တစ်ကြိမ်လောက်ပဲ အားထုတ်ပြီး ကျင့်တဲ့အချိန်တွေမှာ စိတ်တွေပျံ့လွင့်ပြီး ဗာဟိရအမှုတွေလုပ်၊ စိတ်တွေ ထွေပြားနေကြမယ်ဆိုရင်လည်း အကုသိုလ်ဝင်တာပဲ။
ဒါကြောင့် လွန်စွာအားထုတ်ဆိုတဲ့ ဝီရိယဟာ ဣရိယာပုထ် ၄ ပါးစလုံးမှာ ကုသိုလ်နဲ့ပဲ နေဖို့၊ တရားနဲ့သတိနဲ့နေဖို့ ရည်ညွန်းတာဖြစ်ပါတယ်။ “နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်” ဆိုတာက နာမ်နဲ့ ရုပ်နဲ့ အဖြစ်အပျက်ကို နိယာမမြင်နိုင်တဲ့ ဉာဏ်ပညာကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ဘွဲ့ထူးဂုဏ်ထူးတွေကို ဆိုလိုတာမဟုတ်ပါ။ ရုပ်နှင့်နာမ်တို့ရဲ့ ဖြစ်ပျက်နှစ်ဝကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာရေးသုံးပါးတင်ရှုနိုင်တဲ့ ဉာဏ်ရည်မျိုးကို ရလာရင်တော့ ဒီပုဂို္ဂလ်ကို ပေးစရာဘွဲ့ထူးမရှိတော့ဘူးလို့ ပြောရမှာပါ။ သိပ် အဖိုးတန်လွန်းတဲ့ အလုပ်ဆိုတာထင်ရှားလွန်းလို့ပါ။ အဲဒီ အင်္ဂ ါငါးပါးပြည့်စုံမှ မဂ်ရဖို့ နီးစပ်ပါလိမ့်မယ်။
မြတ်ဗုဒ္ဓ ရဲ့ ဂုဏ်တော်တရားတော်တွေကို ယုံကြည်ဖို့ မိမိကိုယ်တိုင်အားထုတ်တဲ့ တရားအပေါ်မှာယုံကြည်ဖို့ သဒ္ဒ ါတရားထက်သန်ဖို့၊ တရားအားထုတ်နိုင်လောက်အောင် ကျန်းမာဖို့၊ စိတ်ထားဖြူစင်ဖြောင့်မတ်ဖို့ ဒါကတော့ ယောဂီကိုယ်တိုင် မွေးယူကျင့်ကြံယူမှ ရနိုင်တဲ့ကိစ္စပါ။ ယောဂီတွေဟာဝီရိယရှိရမယ်။ အချိန်ကျလာရင် ပျင်းရိနေတာတွေ၊ စိတ်မပါသလိုလို လုပ်နေတာတွေကိုရှောင်ကြဉ်ကြရပါတယ်။
ဖြစ်ချုပ်ဉာဏ်မြင်ဆိုတဲ့ နာမ်နဲ့ရုပ်နဲ့ အဖြစ်အပျက်ကို သိမြင်နိုင်စွမ်းရှိတဲ့ ပညာကလည်း လုပ်ယူလို့ဘယ်တော့မှ မရနိုင်ပါ။ ပဋိသန္ဓေပါ။ ပညာပါ။ အတိတ်က ကုသိုလ်ကံအကြောင်းတွေ အများကြီးပါဝင်နေပါတယ်။ မေ့လျော့ပေါ့ဆခြင်းဟာ သေခြင်းတရားနဲ့ လက်တွေ့ဆိုရင် စွမ်းနိုင်သူတွေ နည်းပါးတယ်။ တွေဝေမိန်းမောတာတွေ၊ ကြောက်လန့်တကြား စိုးရိမ်ချောက်ချားတာတွေ ဖြစ်တတ်ပါတယ်။ ဘဝကူးကောင်းဖို့ အလွန်ခဲယဉ်းပါတယ်။ ခနာကိုယ်ကို ဉာဏ်နဲ့ရှုကြ၊ ဆင်ခြင်ကြပြီး သဒ္ဒါ စေတနာ ဖြူစင်မှန်ကန်ဖို့ လိုအပ်ပါတယ်။
ဇွဲကပင်မှ ခြိမ်းခြောက်သံ
ဇွဲကပင်တောင်ပေါ်မှာ အဓိဋ္ဌာန် ဝင်ခဲ့ပါတယ်။ အဓိဋ္ဌာန်ရက်ကို ၉ ရက်သတ်မှတ်ပါတယ်။ အဓိဋ္ဌာန်ရက် မပြည့်ခင် ရှစ်ရက်နေ့မြောက်ညမှာ တောင်တစ်ခုလုံး ထူးထူးခြားခြား ငြိမ်သက်နေတာကို သတိထားမိပါတယ်။ ခါတိုင်းဆိုရင် ကျေးငှက်ကလေးတွေ အိပ်တန်းပြန်လာကြပြီဆိုရင် ညံမစဲကြားရတယ်။ ဒီညမှာတော့ သစ်ရွက်လှုပ်သံ၊ လေတိုးတဲ့ အသံတွေကလွဲလို့ တိတ်ဆိတ်နေပါတယ်။ တစ်ချက် တစ်လေတော့ စေတီတော်မြတ်ရဲ့ ဆည်းလဲသံကြားရပါတယ်။ စေတီတော်မြတ်ရဲ့ ရင်ပြင်တော်ပေါ်မှာ အာနာပါနာ နုဿ တိကမ္မဋ္ဌာန်း စီးဖြန်းပွားများပါတယ်။ အထူးခြားဆုံးကတော့ အရှင်ရဲ့ခန္ဓာကိုယ်ဟာ ထုရိုက်ထားသလိုပဲ မခံမရပ်နိုင်လောက်အောင် နာကျင်တဲ့ဝေဒနာ ခံစားရပါတယ်။
ခန္ဓာမှာရှိတဲ့ ဓာတ်ကြီးလေးပါး ဖောက်ပြန်မှုတွေကို သတိမလွတ်စေဘဲ သည်းခံစိတ်နဲ့ ရှုမှတ်နေပါတယ်။ ဖောက်ပြန်တဲ့ ရုပ်သဘော၊ ရွေ့လျား၊ လှုပ်ရှားတတ်တဲ့ စိတ်သဘော သို့မဟုတ် နာမ်သဘောကို သတိကပ်ပြီး ရှုမှတ်နေပါတယ်။
ခုလို ပြင်းပြင်းထန်ထန် ဝေဒနာခံစားရတာကို ပဲခူးတိုင်း၊မင်းလှမြို့၊ ဝေဠုဝန်စာသင်တိုက်၊ ပဓာနနာယက ဆရာတော်ကြီးရဲ့ သြဝါဒကို သတိရပြန်မိပါတယ်။
“ပရိယတ်ဆိုတာ သင်ကြားနာယူရတာကွဲ့၊ ပဋိပတ်ဆိုတာကတော့ ကိုယ်တိုင် ကျင့်ကြံအားထုတ်ရတဲ့အလုပ်ပဲ။ ဝေဒနာကို မကျော်လွှားနိုင်ရင် အောင်မြင်မှု နည်းပါးပြီဆိုတာ သတိကြပ်ကြပ်ထား၊ တရားများများထိုင်၊ များများရှုပါ။ ဒါမှ အကျိုးရှိမယ်။ တရားအားထုတ်ပြီဆိုရင်လည်း “တရားရရင်ရ၊ မရရင်သေ ” ဆိုတဲ့ စိတ်ဓာတ်မျိုးလည်း ထားရတယ်။ အရိုးပဲကြေကြေ အရေပဲခန်းခန်း ကြိုးပမ်းအားထုတ်ရမယ်၊ ကိလေသာကုန်ခမ်းရေး မဟုတ်လား”
ကမ္မဋ္ဌာန်းဖြုတ်ပြီး နားနေတဲ့အချိန်မှာ ဆုံးမခဲ့ဖူးတဲ့ ဆရာတော်ကြီးတွေရဲ့ သြဝါဒ စကားတော်တွေကို စဉ်းစားပြီး နေတတ်တဲ့အကျင့်ရှိပါတယ်။ ဂုဏ်တော်တွေ၊ သံဝေဂဉာဏ်ကဗျာတွေလည်း နှလုံးအိမ်ထဲမှာသွင်းပြီး ပွားများလေ့ရှိပါတယ်။ ဝါးကျည်ေတောက်တစ်ခုကို ခေါင်းအုံးလုပ်ပြီး လျောင်းနေပါတယ်။ လျောင်းရာကနေ ပြန်ထိုင်လိုက်မယ်လို့ လုပ်တဲ့အခါ ထိုင်လို့မရဘဲဖြစ်နေပါတယ်။ တစ်ဦးတစ်ယောက်ကဖိထားသလို လေးလေးကန်ကန်ကြီးနဲ့ ခံစားရပါတယ်။ ဟိုဘက်ဒီဘက် နေရာအပြောင်းအရွှေ့ ကြိုးစားကြည့်ပေမဲ့ မရပါ။ ကြာလေလေးလာလေ ဖြစ်နေပါတယ်။ နောက်ဆုံးဘာမှလှုပ်ရှားလို့မရပါ။ ဆရာတော်ကြီးတွေပြောခဲ့ဖူးတဲ့ ဝေဒနာဆိုတာ ဒါတွေများလား၊ အကြောအချဉ်တွေ ရပ်ဆိုင်းပြတ်တောက်ကုန်ပြီလို့တောင် ထင်မိတယ်။
ကိုယ့်ကိုယ်လည်း “ငါ သရဏဂုံပျက်သွားပြီလား” လို့ ထင်မိပါတယ်။ ဗုဒ္ဓစာပေမှာတော့ သရဏဂုံပျက်စီးတဲ့ အကြောင်းတရားနှစ်ပါးပြပါတယ်။
၁။ တစ်ခြားသောဘာသာအယူဝါဒကို ပြောင်းလွဲယုံကြည်ကိုးကွယ်ခြင်းနဲ့
၂။ ကွယ်လွန်သေဆုံးခြင်းတို့ပဲ ဖြစ်ပါတယ်။
အယူဝါဒ ပြောင်းလဲလိုက်လို့ သရဏဂုံပျက်သွားရင် မိစ္ဆ ာ၊ ဒိဋ္ဌိ၊ တဏှာစတဲ့ ကိလေသာတွေ တိုးပွားလာလို့ အပြစ်များလှပါတယ်။ သေဆုံးသွားလို့ ပျက်တာမျိုးကတော့ အပြစ်မရှိပါဘူး။ ဒီလိုပါပဲ မိမိဆောက်တည်ထားတဲ့ သရဏဂုံကိုညစ်နွမ်း ညှိုးနွမ်း ညှိူးရော် စေတဲ့ အကြောင်းတရား လေးပါးရှိပါသေးတယ်။ အဲဒါတွေက …
၁။ ရတနာသုံးပါးရဲ့ ဂုဏ်များကို မသိခြင်း၊
၂။ ရတနာသုံးပါးရဲ့ ဂုဏ်များကို အသိမှားခြင်း၊
၃။ ရတနာသုံးပါးကို ယုံမှား သံသယရှိခြင်း၊
၄။ ရတနာသုံးပါးကို မရိုမသေ၊ မလေးမစားခြင်း၊ တို့ပဲဖြစ်ပါတယ်။
သရဏဂုံ ညစ်နွမ်းသွားခဲ့ရင် ကြီးကျယ်ကောင်းမွန်တဲ့ ကောင်းကျိုးတွေရမှာ မဟုတ်ပါ။ (ခုဒ္ဒကပါဋ္ဌ၊ ဋ္ဌ၊ ရ )
ဒါတွေသိထားတဲ့ အရှင်ဟာ ကိုယ့်ကိုယ်ကို သရဏဂုံ ပျက်လေပြီလားလို့ စိုးရိမ်သွားခဲ့မိတာပါ။ ခနာကိုယ်လှုပ်ရှားလို့ မရတော့တဲ့အခါမှာ အေးစက်နေတဲ့ လက်အေးကြီးတစ်ဘက်က အရှင်ရဲ့ဦးခေါင်းကို အသေအချာ မိမိရရလာပြီး ဖိကိုင်ပါတယ်။ သံမံတလင်းနဲ့ တစ်ချက်ကိုင်ဆောင့်ခံထိတယ်။ ကြောက်စိတ်ဝင်သွားတယ်။ နောက်တော့မှ ကြောက်စိတ်ထက် သည်းခံခွင့်လွှတ်တဲ့ စိတ်ကိုပဲ အလေးကဲထားလိုက်ပါတယ်။ လှုပ်ရှားလို့မရအောင် ဖိထားတဲ့ကြားက နားဝကိုကပ်ပြီး ခြိမ်းခြောက် ကြုံးဝါးသွားပါသေးတယ်။
အသံက မာရေကြောရေ ရှိပါတယ်။ အရှင်က သရဏဂုံ သုံးပါးကိုပဲ ပွားများပါတယ်။ ငါဖြစ်နေတာ၊ ငါခံစားနေရတာတွေဟာ အိပ်မက် မဟုတ်ပါလား၊ စိတ်လှည့်စားနေတာတွေ မဟုတ်ပါလားဆိုတာကို သိတော့ဖိနှိပ်ခံထားနေရင်းက ဗုဒ္ဓဂုဏ်တော်၊ သရဏဂုံသုံးပါးကို ကြည်ညိုပွားများနေပါတယ်။ ကြာလာတဲ့အခါ တဖြည်းဖြည်းနဲ့ ပေါ့လာပါတယ်။ လှုပ်ရှားလို့ ရသွားပါတယ်။ လှုပ်လို့ မရတဲ့အချိန်က ဗုဒ္ဓဂုဏ်တော်ကို ပွားများနေတဲ့ အချိန်မှာ ရေစက်၊ ရေပေါက်တွေ ရုတ်တရက်လာပြီး စင်ထိတဲ့အခါ ပိုပြီးတော့ကြောက်မိပါတယ်။အရှင်ဟာ လူ့ဘဝကိုလူမှန်းသိတတ်တဲ့အရွယ်ကစပြီး ကံငါးပါးကို မလွန်ကျူးခဲ့ဘူးပါ။ သစ္စာကိုလည်းပြုမိလိုက်ပါတယ်။
ခေါင်းကိုကိုင်ထားတဲ့ လက်အေးကြီးရဲ့ရန်က လွတ်သွားပြီဆိုတော့ ထထိုင်လိုက်ပါတယ်။ စိတ်ထဲမှာ တစ္ဆေ သရဲဆိုတာ အမှန်ရှိပါတယ်။ ခု ဖြစ်နေတာတွေဟာ ဘယ်လိုအကျိုးဆက်တွေ၊ အကြောင်းဆက်တွေပါလိမ့်၊ အတွေးချာချာလည်နေပါတယ်။ တကယ်တော့ အရှင်တို့အတွေ့အကြုံဟာ နက်နဲလှတဲ့ နာမ်လောက အကြောင်းတွေကို နားမလည်နိုင်သေးပါ။
စိတ်အေးချမ်းသွားလို့ ပြန်လည် ဆန်းစစ်လိုက်တဲ့အခါကျမှ မိမိရဲ့ အားနည်းချက်ကို သိလိုက်ပါတယ်။ အဲဒါကတော့ ” မေတ္တာဘာဝနာ” အားနည်းချက်ပါပဲ။ အဓိဋ္ဌာန်တရားဘာဝနာ ပွားများအားထုတ်မယ့်သူဟာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို အလေ့အကျင့်ခိုင်ခိုင်မာမာ ထူထောင်ထားရပါတယ်။ ဒါမှ နိက္ခမပါရမီဓာတ် ပြည့်စုံမယ်။
နိက္ခမပါရမီဓာတ်ကို လိုလားတောင့်တကြတဲ့ သူဟာမေတ္တာ ဘာဝနာတရားကို နက်နက်နဲနဲ အလေးထားပြီး မပေါ့မဆ၊ မမေ့မလျော့ဘဲလုပ်ကြရမယ်။ သီလရှိ မရှိ စမ်းသပ်တာ မဟုတ်ပေမယ့် ဆိုင်ရာပိုင်ရာ နယ်မြေနဲ့ စကားပြောလာပြီဆိုရင် မေတ္တာဘာဝနာအားနည်းလို့ကတော့ စိတ်မခိုင်ဘဲ ရူးသွားနိုင်ပါတယ်။ တရားကြောင့်ရူးသွားတာမဟုတ်ပါ။ အပ ကပေးတဲ့ အစွဲအလန်းကြောင့်ပါ။ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရား လေးပါးဟာ လူကို ပြုပြင်စီရင်စေတဲ့သဘောရှိပါတယ်။ ဒီတရားရှိနေပါလျက် ဒါတွေကို လိုအပ်သေးလို့လား စောဒက တက်ချင်တက်ကြပါလိမ့်မယ်။ ဓူတင်ဆောက်တည်နေတဲ့ပုဂို္ဂလ်၊ ဗုဒ္ဓဂုဏ်တော်ပွားများနေတဲ့ပုဂို္ဂလ်တွေကို ဖမ်းစားခြောက်လန့်တတ်တဲ့ တစ္ဆေ၊ သရဲတွေ (ခြောက်လန့်တာတွေ) တွေ့ကြုံခဲ့ဖူးပါသလားလို့ မေးကြည့်လိုက်ပါ။ အဖြေတစ်ခုရပါလိမ့်မယ်။
အရှင်တို့ရဲ့ဆရာတော်ကြီးက ” ယုံကြည်ချက်နဲ့ စိတ်ဓာတ်ရေးရာရဲ့ အဓိကကျပုံကို မမေ့ကြပါနဲ့ ” ဆိုတဲ့စကားကို အမှတ်ရမြဲဖြစ်ပါတယ်။ အနန္တ ငါးပါး ဂုဏ်ကျေးဇူးတရားကို မပေါ့မဆဘဲ ယုံကြည်ကြဖို့နဲ့ ပေါ့ပေါ့တန်တန်မထားဖို့ဖြစ်ပါတယ်။ ဒီနေ့တွေ့ကြုံရတဲ့ အဖြစ်မျိုးဟာ စိတ်ကူးထဲမှာတောင်မထည့်ခဲ့ဘူးပါ။ စိတ်ကူးထဲမှာ မရှိခဲ့ဘူးတဲ့ ခုလိုအဖြစ်မျိုးကို တောရဆောက်တည် တရားအားထုတ်သွားကြမယ့် အရှင်သူမြတ်တွေအတွက် သတိထားစရာ အချက်တစ်ရပ်ပါပဲ။ ဒီလို မဖြစ်အောင် …
၁။ မေတ္တာဘာဝနာ ပွားစီးဖို့မပျက်နဲ့
၂။ ရုပ်၊ နာမ် နှစ်ပါးကို ဖြစ် ပျက်ရှုဖို့ မမေ့ဘဲ
၃။ မိမိခန္ဓာကို တရားနဲ့အပ်နှံဖို့ မမေ့ဖို့ဘဲ ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးများဆိုင်ရာ ယဉ်ကျေးမှုအခြေခံဥပဒေ၏ လက္ခဏာများ – အဲးခိုး
ပြည်ထောင်စုနိုင်ငံရေးစနစ်သည် ခေါင်းဆောင်ဖြစ်ရေး သို့မဟုတ် ခေါင်းဆောင်တင်ရေး မဟုတ်။ ဦးဆောင်ကောင်းရေး သို့မဟုတ် စွမ်းနိုင်သူများကျင့်သုံးရေး ဖြစ်သည်။ နိုင်ငံရေးပါတီတစ်ရပ်ကဲ့သို့ ရပ်တည်သော နိုင်ငံရေး မဟုတ်။ လူမျိုးရေးအမြင် သတ်မှတ်မှုရှိသော်လည်း ခွဲခြားသတ်မှတ်ခြင်း (သတ်မှတ်မှု) မရှိ။ လူမျိုးစုံပြည်သူတို့၏ထောက်ခံမှုပြု ရသော နိုင်ငံရေးစနစ်ဖြစ်သည်ကြောင့် ပြည်ထောင်စုနှင့် ပြည်နယ်များ အကြား ဥပဒေပြုရေး အာဏာများကို ခွဲဝေအပ်နှင်းမှုပြုရမည် . . .
● အရင်းခံနိုင်ငံရေးပြဿနာ
မြန်မာပြည်သည် (မြန်မာနိုင်ငံတွင်)
(၁) ဒီမိုကရေစီအခွင့်အရေး ဆိတ်သုဉ်းသည့် ပြဿနာနှင့်
(၂) တိုင်းရင်းသားလူမျိုးတို့၏ တန်းတူအခွင့်အရေးဆုံးရှုံးသည့် ပြဿနာ (နှစ်ပါး၊ နှစ်မျိုး)တို့ကြောင့် အခြေခံ ဥပဒေပြုရန် ခက်ခဲနေသည်ဟု သုံးသပ်ထားကြသည်။
မြန်မာပြည်သည် စစ်အုပ်ချုပ်ရေး စနစ်အောက်တွင် လွတ်မြောက်ရုံသာရှိ သေးသည်။ အခြေခံဥပဒေတစ်ခု (တစ်မျိုး) တည်တံ့ခိုင်မြဲနိုင်ရန်အတွက် အစိုးရတစ်ရပ်၏ အာဏာကို ပြည်သူတို့၏ ဆန္ဒသဘောထားအပေါ်၌သာ အခြေခံတည်ဆောက်ရမည် ဖြစ်သည်ကြောင့် ပြည်ထောင်စုမူ သို့မဟုတ် ပြည်ထောင်စုစနစ်ဖြင့် အခြေခံဥပဒေတစ်ရပ် တည်ဆောက်နိုင်ရန် (ရေးဆွဲနိုင်ရန်) အခြေခံ ဥပဒေရေးရာ နှီးနှော ဖလှယ်မှုမပြုလုပ်ဘဲ အခြေခံဥပဒေကောင်းထွက်ပေါ်လာမည်မဟုတ်ဟု (ဤအရှင်သည်) ယူဆသည်။
● ယဉ်ကျေးမှုဆိုင်ရာဥပဒေ
အခြေခံဥပဒေတစ်ရပ်၌ ဝါဒရေးရာနှင့်ပတ်သက်သော ဥပဒေများ မပါဝင်ရန် (မပါရန်) လို၏။ သမိုင်းပြဥပဒေ စကားလည်းများစွာ မပါဝင်ရန်လို၏။ ခေတ်ကာလ(မျက်မှောက်) အထင်အရှားဖြစ်စဉ် ဖြစ်ရပ်များနှင့် အတူလွယ်ကူစွာပြောင်းလဲ ပြုပြင်နိုင်သော အခြေခံဥပဒေ အမျိုးအစား ဖြစ်အောင် (ရောက်အောင်) ပြုစုရန်လို၏။ တစ်မျိုးသားလုံးတို့၏ မူဝါဒသဘောထားများဆန်ပြီး ပြောင်းလဲပြုပြင်မရသော အခြေခံဥပဒေမျိုး မဖြစ်ရန် ရှောင်ကြဉ် အပ်၏။ ရှုထောင့်အမျိုးမျိုးတို့မှ အခြေပြုနိုင်မည့် ဥပဒေဖြစ်သည် ဆိုသော်ငြားလည်း မိမိတစ်မျိုးသားလုံးတို့နှင့် သက်ဆိုင်နိုင်သည့် ခေတ်စနစ်ဥပဒေဖြစ်ရန်လည်းလို၏။ လူမျိုး သဘောထား၊ ဝါဒသဘောထား၊ အခြေခံမထားသော ဥပဒေမျိုးများဖြစ်ပါက ပြည်ထောင်စု စနစ်ဖြင့်ပြသော ယဉ်ကျေးမှုဆိုင်ရာ ဥပဒေမျိုးကို ပြုစုရေးသားရန် လို၏။ မြန်မာပြည်တွင် ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်သော တိုင်းပြည်ဖြစ်သည်ကြောင့် ယဉ်ကျေးမှုဆိုင်ရာ ဥပဒေများရေးဆွဲ အတည်ပြုရန်သင့်၏။
● ဝေဖန်သုံးသပ်ခြင်း
ဤအရှင်သည်
(၁) ၁၉၄၇ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
(၂) ၁၉၇၄ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်
(၃) ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသုံးစောင်(သုံးကျမ်း)စလုံး၌ အချိန်များစွာယူ၍ လေ့လာသုံးသပ်ပါသည်။
အခြေခံဥပဒေ(၁) (၃)သည်။ လူထုသို့ အာဏာလွှဲပြုနိုင်ရန် ရေးဆွဲသော အခြေအနေဥပဒေဖြစ်သည်ကြောင့် ချို့ယွင်းမှု၊ လိုအပ်မှုများစွာရှိသည်။ (၂)ဖြစ်သော ဥပဒေသည်တစ်ပါတီစနစ်ဖြင့် ရေးဆွဲသော ဥပဒေဖြစ်သည်ကြောင့် ကျင့်သုံးဆောက်တည်၍ မရသောဥပဒေ ဖြစ်သည်။ အာဏာလွှဲပြုနိုင်သော ဥပဒေကျမ်း၂စောင် (နှစ် စောင်)မှ အမှတ်(၃) ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမှတ်(၁) ၁၉၄၇ ခုနှစ် ဥပဒေထက် သာလွန် သည်ကို မြင်ရသည်။ ပြုစုရေးအဖွဲ့၏ အားနည်းခြင်း၊ သုံးသပ်မှုအားနည်းခြင်း၊ လွတ်လပ်၍ပြုစုရခြင်း မဟုတ်ခြင်း၊ ပြည်ထောင်စုစနစ်ကို အခြေခံသော ယဉ်ကျေးမှု (နိုင်ငံရေး) ဥပဒေ ဖြစ်အောင် မပြုစုနိုင်ခြင်း၊ ညီလာခံသို့ တက်ရောက်သော အစုအဖွဲ့များ၏ ဥပဒေဆိုင်ရာ ကျွမ်းကျင်မှု မရှိခြင်းတို့ကြောင့် ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်သော အခြေခံဥပဒေမဖြစ်လာခြင်းဖြစ်သည်။
● ပြည်ထောင်စုဒီမိုကရေစီ တိုင်းပြည်
မြန်မာပြည်သည် တိုင်းရင်းသားလူမျိုးများ ပေါင်းစုံနေထိုင်၍ ပြည်ထောင်စု စနစ်ဖြင့် တည်ထောင်သော တိုင်းပြည်ဖြစ်သည်။ ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ထောင်သော တိုင်းပြည်ဖြစ်ခြင်းကြောင့် ပထဝီနယ်မြေ သည်လည်း ပြည်ထောင်စုစနစ်ကို အခြေခံသော ပြည်နယ်များဖြစ်သည်။ တိုင်းရင်းသားလူမျိုးတို့၏ ထူးခြားသော အမှတ်အသားများကို ဖျောက်ဖျက်၍ မရဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ စုပေါင်းတည်ဆောက်ထားသော ပြည်ထောင်စုစနစ်တိုင်းပြည်ကြီးဖြစ်သည်။ ပြည်ထောင်စုဖွဲ့စည်းရေးမူဖြင့် တန်းတူရည်တူ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိသော ပြည်ထောင်စု အမျိုးသားရေးမူကို တည်ထောင်သော တိုင်းပြည်ဖြစ်သည်ကြောင့်လည်း ကမ္ဘာပေါ်တွင် ထင်ရှားသော ပြည်ထောင်စု ဒီမိုကရေစီတိုင်းပြည်တစ်ပြည်ဖြစ်သည်။
● ပွင့်လင်းစွာရေးဆွဲရန်
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ၏ တည်ထောင်သော တိုင်းပြည်သည် (တိုင်းပြည်တွင်)
(၁) ပြည်ထောင်စုအစိုးရ
(၂) ပြည်ထောင်စုလွှတ်တော်
(၃) ပြည်နယ်/တိုင်းအစိုးရ
(၄) ပြည်နယ်/တိုင်းလွှတ်တော်
စသည်ဖြင့်ထားရှိပြီး ပြည်ထောင်စုနိုင်ငံရေးယဉ်ကျေးမှုကို ကျင့်သုံးဆောက်တည်လာ၍ ကမ္ဘာပေါ်တွင် ဟန်ပြမဟုတ်သော နိုင်ငံရေးဖြစ်ကြောင်း မြင်တွေ့ရသည်။ လူသားတို့၏ ဂုဏ်သိက္ခာကိုတန်ဖိုးထား သည်ကြောင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးစုံစနစ်ဖြင့် ကျင့်သုံး သော မြန်မာပြည်နိုင်ငံရေးစနစ်သည် ကျယ်ပြန့်သောတိုင်းရင်းသားများစွမ်းရည်သတ္တိအပေါ်၌ အခြေတည်ပါသည်။ အရည်အချင်းရှိခြင်းသည်သာ အမြင့်ဆုံးသော ခေါင်းဆောင်အဖြစ်၌ တည်နေသည်ကြောင့် ပြည်ထောင်စုယဉ်ကျေးမှုဆိုင်ရာ တရားဥပဒေကို အခြေခံဥပဒေ၌ ပွင့်လင်းစွာရေးဆွဲနိုင်ရန် အရေးကြီးသည်။ တူညီသော ကာကွယ်စောင့်ရှောက်မှုရှိရမည်။
ပြည်ထောင်စုနိုင်ငံရေးစနစ်သည် ခေါင်းဆောင်ဖြစ်ရေး သို့မဟုတ် ခေါင်းဆောင်တင်ရေးမဟုတ်။ ဦးဆောင်ကောင်းရေးသို့မဟုတ် စွမ်းနိုင်သူများကျင့်သုံးရေး ဖြစ်သည်။ နိုင်ငံရေးပါတီတစ်ရပ်ကဲ့သို့ ရပ်တည်သော နိုင်ငံရေး မဟုတ်။ လူမျိုးရေး အမြင်သတ်မှတ်မှု ရှိသော်လည်း ခွဲခြားသတ်မှတ်ခြင်း (သတ်မှတ်မှု) မရှိ။ လူမျိုးစုံပြည်သူတို့၏ ထောက်ခံမှုပြုရသော နိုင်ငံရေးစနစ်ဖြစ်သည်ကြောင့် ပြည်ထောင်စုနှင့် ပြည်နယ်များအကြား ဥပဒေပြုရေး အာဏာများကို ခွဲဝေအပ်နှင်းမှုပြုရမည်။ (ပြုထားသည်) ဥပဒေပြုခြင်းအာဏာများကို ကန့်သတ်ခြင်းမထား ရ။ ပြည်ထောင်စု ကို အာဏာလွှဲအပ်ထားခြင်း မရှိရ။ အာဏာခွဲဝေရေးစနစ် ကို ပြည်ထောင်စုဥပဒေစနစ် အတိုင်း ခွဲဝေကျင့်သုံးရမည်။ ဥပဒေခွဲဝေ ကျင့်သုံးရေးအာဏာကို ပေးထားသည်ဆို သော်ငြားလည်း ဗဟိုဦးစီးချုပ်ကိုင်မှု မူကို လက်ခံကျင့်သုံးခြင်းမရှိရ။ ပြည်ထောင်စုနိုင်ငံအဖြစ် စုစည်းနေထိုင် မည့်စနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုစနစ်ကို တည်ဆောက် ကြရန်ဖြစ်သည်ကြောင့် ဥပဒေ လွှမ်းမိုးမှုအောက်၌ တူညီသောကာကွယ်စောင့်ရှောက်မှု ရှိရမည်။
● လွတ်လပ်သော တရားစီရင်ရေး မထိခိုက်ရ
ပြည်ထောင်စုစနစ်ဖြင့် တည်ထောင်သော နိုင်ငံရေးစနစ်သည် တရားစီရင်ရေးအာဏာသည် ဥပဒေပြုရေး အာဏာနှင့် စီမံခန့်ခွဲရေးအာဏာ မပတ်သက်ရန်လိုသည်။ (မပတ်သက်ရ) သီးခြားစွာ (စီ) ထားရမည်။ ပြည် ထောင်စုလွှတ်တော်၏ ဥပဒေပြုပြဌာန်းချက်များနှင့် အညီ ပြည်ထောင်စုတရားရုံးများ ဖွဲ့စည်းရမည်။ တရား သူကြီးများသည် လွတ်လပ်စွာ တရားစီရင်ခွင့်ရှိရမည်။ တရားဥပဒေကို တာဝန်ခံရမည်။ တင်ကူးကြံရွယ်ခြင်းဖြင့် ဥပဒေ ချိုးဖောက်ခြင်းမရှိရ။ တရားသူကြီး၏ တရားစီရင်ခွင့် ရှိသော်လည်း တရားစီရင်ရေးဆိုင်ရာ လုပ်ဆောင်ချက်အများကို အရေးယူတရားစွဲဆိုခံရမည်။ တရားသူကြီးများသည် မိမိတို့၏ရာထူးနေရာအတွက်နှင့် လွတ်လပ်စွာ တရားစီရင်နိုင်ငံရေးအတွက် ဥပဒေပြဋ္ဌာန်းလျက်ကာကွယ်ပေးရမည်။ အရေးပေါ်ကာလအတွင်းမည်သို့သော အရေးပေါ်ကာလ အခြေအနေ အောက်တွင်မဆို တရားစီရင်ရေးအာဏာသည် တရားရုံးများတွင်သာ ရှိရမည်။ အထူးတရားရုံးများဖွဲ့စည်း၍ တရားစီရင်ခြင်းများမရှိစေရ။ လွတ်လပ်သော တရားစီရင်ရေးစနစ်ကို မထိခိုက်စေရ။ ပြည်သူလူထုကို တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုပြုရမည်။
● အပ်နှင်းမှုထားပေးရမည်
တည်ငြိမ်အေးချမ်းရေးနှင့် လူ့အခွင့်အရေးများ ပြည့်ဝစွာခံစားနိုင်ရန် ဥပဒေလွှမ်းမိုးရေး (Rule of Law) ၌ အရေးကြီးသည်။ ဥပဒေလွှမ်းမိုးရေး၏အခြေခံများ မည်သူမျှ ဥပဒေ၏အထက်၌ မရှိရေးဖြစ်သည်။ အစိုးရ အဖွဲ့အစည်းဖြစ်စေ၊ မည်သည့် အုပ်ချုပ်ရေးအာဏာပိုင်ဖြစ်စေ၊ ဥပဒေ၏အထက်၌မရှိရ။ အားလုံး ညီညွတ်စွာ တန်းတူရည်တူဥပဒေ၏ လွှမ်းမိုးမှုကို လက်ခံကျင့်သုံးရမည်။ ဥပဒေကို လေးစားလိုက်နာရမည်။ တစ်ဦး တစ် ယောက်သည် ဥပဒေ၏ အထက်၌ရှိနေလျှင် နိုင်ငံသားတစ်ဦးချင်းစီ၏ လွတ်လပ်မှုအတွက်အာမခံ ချက်ရှိ တော့မည်မဟုတ်။ ထို့ကြောင့် ဥပဒေလွှမ်းမိုးရေးကို အစိုးရနှင့် အုပ်ချုပ်ရေး အာဏာပိုင်များသည် အခြေခံဥပဒေ ပြဌာန်းချက်များကို လေးစားလိုက်နာရန် ဥပဒေ နှင့် အညီ ပြုမူလုပ်ဆောင်ရန် တာဝန်ရှိသည်။ နိုင်ငံသားများသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းပါရှိသောမိမိတို့၏ အခွင့်အရေးကို ထိပါးခြင်းခံရလျှင် ပြည်ထောင်စုတရားရုံးသို့ တိုင်တန်းခွင့်ရှိသည်။ ယင်းအတွက် စီရင်ပိုင်ခွင့်အာဏာကို ပြည်ထောင်စု တရားရုံးတော်များသို့ အပ်နှင်းမှုထားပေးရမည်။
● တိုင်းပြည်အုပ်ချုပ် ရေးတာဝန်ရှိသူများ
ဥပဒေလွှမ်းမိုးရေး၏ အခြေခံအဖြစ် လွတ်လပ်၍ ရွေးကောက်ပွဲများရှိလာသည်။ တိုင်းပြည်တစ်ပြည်တွင် လွတ်လပ်၍ ရွေးကောက်ပွဲများမရှိလျှင် အာဏာရှင်များ အစဉ်တစ်စိုက်ကြီးစိုး၍ အာဏာရနေမည်။ ယင်းပုဂ္ဂိုလ်တို့ကြောင့် ပြဋ္ဌာန်းသော ဥပဒေများလည်း အာဏာလွှမ်းမိုးသော ဥပဒေဖြစ်မည်။ (ဥပမာ မြန်မာပြည်စစ်အုပ်ချုပ် ရေးကာလများကို ကြည့်ရှုနိုင်သည်။ လေ့လာနိုင်သည်။) တိုင်းပြည်အုပ်ချုပ်ရေးသည် စစ်တပ်မဟုတ်။ စစ်တပ်သည် တိုင်းပြည်ကာကွယ်ရေးသာ တာဝန်ရှိသည်။ ဥပဒေလွှမ်းမိုးမှုကို လက်ခံရမည်။ တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ကို လူထုကိုယ်စားလှယ်များသာ ဖြစ်ရမည်။ ပြည်ထောင်စုကာကွယ်ရေးဝန်ကြီးကို ပြည်ထောင်စုတပ်မတော်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသူ မည်သူ့ကိုမျှ ခန့်အပ်ခြင်းမရှိရ။ စစ်ဦးစီးချုပ်သည် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခြင်းမရှိရ။ လူထုအုပ်ချုပ်ရေး လွှမ်းမိုးမှုသဘောတရားကို ကျင့်သုံးခြင်းဖြစ်သည်ကြောင့် လူထုကိုယ်စားလှယ်သည်သာ တိုင်းပြည်အုပ်ချုပ်ရေး တာဝန်ရှိသည်။
● ပါတီစုံစနစ်မှန်လျှင်
နိုင်ငံရေးစနစ်သည် ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်ဟု မှန်လျှင် နိုင်ငံရေးပါတီများကို လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်၊ နိုင်ငံရေးတွင် လွတ်လပ်စွာပါဝင်ဆောင်ရွက်ခွင့်ရှိစေရန် အာမခံ၍ ဥပဒေနှင့်အညီ ပြဋ္ဌာန်းမှုပြုပေးရမည်။
(၁) ရုပ်သိမ်းခွင့်မရှိသော အခြေခံအခွင့်အရေးများအဖြစ် လွတ်လပ်စွာတွေးခေါ်ခွင့်၊ ယုံကြည်ခွင့်ရှိစေရမည်။
(၂) အခြေခံလွတ်လပ်ခွင့်များအဖြစ် ထုတ်ဖော်ပြောဆိုခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ သတင်းဖြန့်ချိခွင့်ရှိရမည်။
(၃)လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းတည်ထောင်ခွင့်နှင့် ပါဝင်ခွင့်ရှိရမည်။
(၄) နိုင်ငံရေးရာ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခွင့်၊ ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်၊ ရွေးချယ်တင် မြှောက် ပိုင်ခွင့်ရှိရမည်ဟု ပြဋ္ဌာန်းပေးရမည်။
● နိဂုံး
လွတ်လပ်သော တိုင်းပြည်တစ်ပြည်၌ လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ်
(က) နိုင်ငံရေး
(ခ) အုပ်ချုပ်ရေး
(ဂ) စီမံခန့်ခွဲရေး အာဏာတို့ကို လက်တွေ့ကျင့်သုံးနိုင်ရေးအတွက် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် (နိုင်ခွင့်) ရှိသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (သို့မဟုတ်) ပြည်ထောင်စုနိုင်ငံရေးစနစ်ဖြင့်တည်သော တိုင်းရင်းသားလူမျိုးများဆိုင်ရာ ယဉ်ကျေးမှုဥပဒေကို ရေးဆွဲအတည် ပြု ပြဋ္ဌာန်းပေးနိုင်ရန် မျှော်လင့်ပါသည်။
နိုင်ငံရေးညီမျှမှုသာ အရေးကြီးပါသတည်း။
တောမှီရဟန်း (အဲးခိုး)
(၁၅.၁၂.၂၀၁၅)
Featured Image: Lokal_Profil, CC BY-SA 2.5 https://creativecommons.org/licenses/by-sa/2.5, via Wikimedia Commons
။ ငယ်ငယ်က အကြောင်းကို ပြန်ပြောရင် မယုံနိုင်စရာပါပဲ။ တတ်နိုင်ဘူးလေ။ သိချင်တဲ့သူတွေကမေးတော့ မိမိအကြောင်းကို ပြောပြရတာပါပဲ။ မိမိအကြောင်းကို ပေးမသိရဲတဲ့သူတွေက အုပ်လို့ဖုံးလို့ပေါ့။ ကိုင်း… ကိုရင့်ဖိုးသူလေးအကြောင်းကို ပြောပြလိုက်ပါပြီ။
။ ကိုရင့်လေးမဖြစ်ခင် အတန်းကျောင်းမှာပညာသင်ယူခဲ့စဉ်က ”သူ” အဆုံးနာမယ်ရတဲ့ကျောင်းသားကျောင်းသူတွေအထဲက ကျော်သူ၊ နန်းအေးသူ၊ ဖိုးသူဆိုပြီးတော့ သူသုံးသူအမည်ရကြတဲ့သူ အထဲက ”ဖိုးသူ” ဆိုတဲ့နာမယ်ဟာ ငယ်ငယ်က နာမယ်ပါပဲ။ ဒီနာမယ်ကို အဘိုးက မှည့်ပေးတာပါ။ ကျောင်းနေနာမယ်က ”ကိုသူ” ပါ။
။ ကျောင်သားငယ်ဘဝက နာမယ်နဲ့လူနဲ့လိုက်ပါတယ်။ တစ်ကျောင်းလုံးနာမယ်ကြီးလို့ ကိုသူဆိုတဲ့နာမယ်ကို ဘယ်သူမှမခေါ်ကြဘဲ ဖိုးသူဆိုတဲ့နာမယ်ကိုပဲခေါ်ကြတယ်။ ကျောင်းနေတဲ့အချိန်က အသက်အလွန်ငယ်ပါသေးတယ်။ မိဘတွေက ကျောင်းပျော်အဖြစ်ထားရာကနေ ကျောင်းတက်မြဲတာကြောင့် ကျောင်းပညာရေးကို အလွန်စိတ်ဝင်စားတယ်။ အရွယ်နဲ့မလိုက်အောင် ကျောင်းပညာကို စိတ်ဝင်စားလွန်းလို့ အသက်အငယ်ဆုံးကျောင်းသားထဲက အတန်းပိုင်ဆရာကြီးတွေက အသားပေးအားပေးခဲ့ပေါ့။
။ ဟုတ်ပါတယ်။ အတန်းမှာပြဋ္ဌာန်းထားတဲ့စာတွေကို အလွတ်ရနေတာကြောင့် ဆရာကြီးတွေက မကြာခဏဆိုသလို ဆရာရှေ့ကို ခေါ်ပြီး အလွတ်စာ ဖတ်ပြစေတယ်။ သင်္ချာတွက်ချက်ရာမှာလည်း နှုတ်တွက်၊ စိတ်တွက် အမျိုးမျိုး ဆရာက စမ်းသပ်တယ်။ စာဆိုတဲ့နေရာမှာ အဖြတ်အတောက်မမေ့ အထောက်မလို ရွတ်ဆိုနိုင်လို့ ဆရာကြီးကိုယ်တိုင်က မုန့်ဖိုးပေးပါတယ်။ ဆယ်ပြားပေါ့ကွယ်။
။ မုန့်ဖိုးငွေဆယ်ပြားဆိုတာ ခုခေတ်ကလေးတွေ မမြင်ဖူးကြပါဘူး။ ရယ်စရာကြီးပေါ့။ ဒါပေမယ့် ဟိုခေတ်က ငွေဆယ်ပြားဟာ ဘိတ်မုန့် (ဘိန်းမုန့်) နှစ်ချပ် (နှစ်ခု) ရတယ်။ ကြံပိုင်းဆိုရင်နှစ်ပိုင်းပေါ့ကွယ်။ ကျောင်းသားကျောင်းသူတိုင်း နေ့တိုင်းမုန့်မဝယ်စားနိုင်ကြပါဘူး။ ဖိုးသူလေးတို့ကတော့ မိဘတွေက တတ်နိုင်တော့ နေ့တိုင်းမုန့်ဖိုး တစ်မတ် (နှစ်ဆယ့်ငါးပြား) ရနေကြပေါ့။ ဒါပေမယ့် ဝယ်စားဖို့မလိုတော့ စုဗူးထဲကို ပုံမှန်ထည့်နေပေါ့။ စုဗူးထဲက အကြွေစေ့လေးများလာရင် စုဗူးဖောက်ပြီး ကျောင်းအတွက်လိုရာသုံးပေါ့။ မိဘတွေဘာမှ ပေးစရာမလိုပါဘူး။
။ ခုခေတ်ကလေးတွေက ကား၊ ဆိုင်ကယ်ကျောင်းသွားကြလို့ပါပဲ။ စက်ဘီးနင်းပြီးကျောင်းတောင်မတက်ချင်ကြဘူးလေ။ ဒါက သူ့ခေတ်နဲ့သူပေါ့။ ခေတ်အသုံးအဆောင်မြင့်မားလာတော့ ကုန်ကျမှုတွေများနေပေါ့။ မတတ်နိုင်တဲ့မိဘတွေက စိတ်ဆင်းရဲပေါ့။ မသိတတ်တဲ့ သားသမီးတွေကြောင့် တစ်ချို့မိဘတွေဟာ စိတ်ဝေဒနာတွေရကြပြီး မိမိကိုယ်ကို စီရင်သွားကြတဲ့အဖြစ်တွေ အများကြီးမြင်ကြရပေါ့။
။ ခုခေတ်ဆရာနဲ့အရင်ခေတ်ဆရာတွေ မတူကြပါ။ ဒီခေတ်ဆရာတွေက ခေတ်မီပညာတတ်ကြလို့ အသုံးအဆောင်ပစ္စည်းတွေက အားလုံးခေတ်ပညာတတ်ပစ္စည်းတွေပါပဲ။တပည့်တွေကိုလည်း ပညာတော်အောင်သင်ပြနိုင်ကြသလို ထူးချွန်ထက်မြက်အောင်လည်း အတတ်သင်ပေးနိုင်ပါတယ်။ ပညာကိုစိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသူတွေဆိုရင်တော့ အထူးပြောစရာမလိုတော့အောင်ပါပဲ။
။ ဒါကြောင့် ယခင်နဲ့ယခု ပညာရေးဟာ အလွန်ကွာခြားနေတာကြောင့် ယခုခေတ်ပညာရေးကို ပိုမိုတတ်မြောက်ကြဖို့ လိုပါတယ်။ ဖိုးသူလေးတို့ခေတ်တုန်းကလိုတော့ ပြန်မတွေးပါနှင့်ဦးပါပဲ။ ခေတ်အတတ်ပညာရပ်ကို သင်ယူလေ့လာဆည်းပူးအားထုတ်ကြတဲ့ ကျောင်းသားကျောင်းသူလေးတွေဟာ မိမိရည်ရွယ်ချက်ထားတဲ့ပညာရပ်ကို ရအောင်အားထုတ်ရယူဖို့ တိုက်တွန်းပါတယ်။
။ ဖိုးသူလေးတို့လို ခေတ်အတတ်ပညာ၊ ခေတ်ကာလပညာ၊ ခေတ်အမြူးပညာရပ်တွေကို ငယ်ငယ်က ပြီးပြည့်စုံအောင်မသင်ကြားခဲ့ရလို့ ဒီခေတ်ပညာရပ်တွေကို မနည်းပဲလိုက်ရပါတယ်။ မလိုက်နိုင်သည့်အဆုံး အိုကုန်းကွနေပြီလို့ စိတ်ပျက်ပေါ့ကွယ်။ စိတ်ဓာတ်တော့ မကျပါဘူး။
။ ကိုင်း… ပညာလိုချင် ခေတ်အမြင်ကို သင်သည်မည်သို့ရအောင်သင်ယူကြရမည်လဲ ဆိုတာကို ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းအားထုတ်သင်ယူကြဖို့ စေတနာစေတသိက်နဲ့တိုက်တွန်းပါတယ်။ ပညာအားလုံးတတ်ကြပါစေ။
။ တောင်ကလေးဆရာတော် (၁၄/၁၂/၂၀၁၅) ရက်နေ့။
Featured Photo: Free photo Burma Child Asia Schoolboy School Monk Myanmar – Max Pixel
တောမှီရဟန်း (တောင်ကလေးအေးရိပ်သာ – ဘားအံ)
။ စာရေးဆရာတစ်ယောက်ရဲ့အမည်ကို (ကလောင်နာမည်ကို) အမျိုးမျိုးရွေးကြတဲ့အထဲက အရှင်လည်းပဲ တစ်ပါးအပါအဝင်ပဲပေါ့။ အရှင့်ရဲ့ကလောင်အမည်ကတော့ မေးမြန်းကြလိုက်တာများ မပြောပြနိုင်လောက်အောင်ပါပဲ။ ဘာကြောင့်များပါလိမ့်။
။ ကိုင်း….စာဖတ်တဲ့ပရိသတ်တွေကို “အဲးခိုး” ဆိုတဲ့အဓိပ္ပါယ်ကို သိကြရအောင် လေ့လာမှတ်သားကြပါစေလေ။
။ (၂၁၃) လက်ျာကျွန်းတည့်၊ ထက်ဝန်းပတ်ဝုတ်
သမုဒ်ရစ်ခွေ၊ ပင်သပြေနှင့်
လူ့ဘောင်လူနေ၊ လူ့ရပ်မြေလည်း
မသွေမှန်ဘိ၊ သုံးထောင်ယှိလျက်
ရေတိရံရှောင်း၊ မြေနားဍောင်းဟု
သောင်းဇမ္ဗူဒီ၊ မြရည်ညီသား
မဟီ ကုဏ္ဍလာ၊ သုန္ဒရာထက်
တေဇာတက်တုန်း၊ ဘက်မနှုန်းအောင်
ဘုန်းနှင့်လက်ရုန်း၊ စိန်နှစ်လုံးသို့
ရွယ်ကျုံးရည်တိုင်၊ တောက်တောက်ပိုင်းလျက်
ကွန့်လှိုင်းဘုန်းရောင်၊ လက်ရုံးပြောင်သည်
သားမောင်ဒါလီ၊ ချစ်ကြိုးသီ။
။ ဤသို့စသား၊ များလှတုံစွာ
မင့်းရေးရာကို၊ ပြည်လာပြည်တဲး
လူဖြင်ပြဲးကို၊ ဝမ်းထဲးထွေပြား
ကြံစိတ်ပြားပြီး၊ ဆန်းပြားဖြာဖြာ
နီးသို့ဖျာလျက်၊ မင်္ဂလာနန်းတွင်း
မတ်ခပင်းနှင်၊ မင်းတို့ပြကတေ့
တနေ့သုံးယံ၊ ညီလာခံ၍
ဝန်းရံသဘင်၊ ရွှေဘုံပြင်ဝယ်
တိုင်ပင်မပျင်း၊ ခါမကင်းဘဲး
စိုင်းပြင်းအလေ့၊ မှန်မရွေ့လင့်
မမေ့မလျော့၊ မင်းကဉ်ကြော့လျှင်
ပေါ့ပေါ့သိပ်သိပ်၊ ဟူသောအခြင်း
သဘောရင်းကို၊ မင်းတို့ရေးရာ
ဤလေးဖျာတွင်၊ သေချာခပ်နှိပ်
ရွှေတံဆိပ်သို့၊ သိပ်သိပ် သိမ်မွေ့
ကြံစည်လေ့လော၊ စေ့စိပ်သေချာ
မပေါ့ရာဘူး၊ ကြီးစွာခွန်အား
ကိုယ်ကားတောင့်နှယ်၊ အစွယ်ငင်းငင်း
မာန်ပြင်းမုန်ဝေ၊ တောနေပေါက်ထီး
မာတငါကြီးလျက်၊ ချည်းနှီးချို့တဲ့
ဉာဏ်မဟဲ့ကြောင့်၊ ခေါင်းမဲ့တုံးတုံး
ဗုဇွန်လုံးမှ၊ ရှုံးခဲ့ညွန်တွင်း
နစ်သေလျှင်း၏၊ ရေမင်းနဂါး
ပေါက်စားလုစွာ၊ ကေသရာမူ
ပညာကြံထံ၊ နှံစုတ်ငှက်နှင့်
ပေါင်းဘက်၍လျှင်း၊ တိုင်ပင်တုံရှောင်း
ကြံကောင်းကြံရာ၊ ကြံမိပါ၍
ချမ်းသာရလျှင်း၊ သေဘေးကင်း၏။
“သားမင်းရွှေစင်၊ ဤပုံပြင်ကို
ဝမ်းတွင်စွဲး၍၊ စံတည်မွေ့လော့”။
“ထိုရွေ့များစွာ၊ သတ္တဝါကား
ခန္ဓာရင့်တိုင်း၊ စိတ်ရုန့်ရိုင်း၏
ပိတ်ထိုင်းမောဟ၊ မိုက်တွင်းကျ၍
အန္ဓပုထုဇဉ်၊ ဉာဉ်မယှဉ်ဘူး
ပျိုစဉ်တဏှာ၊ အို မိစ္ဆာနှင့်
ပညာကင်းဘိ၊ သတိကင်းပ
ဉာဏ်ကာန်းစွကြောင့်၊ သတ္တဝါအလေ့
မငြီးငွေ့ဘူး”၊ ဘုန်းဟေ့ဘုရင်
ငါ ဘခင်မူ၊ တောဝင်ယခု
ရဟန်းပြု၍၊ စတု ဗြဟ္မ
ဝိဟာရဖြင့်၊ အတ္တဟိတ
ကိုယ်ကျိုးမျှသာ၊ နေ့ညဆော်နှိုး
အားထုတ်ကြိုးပိမ့်၊ တိုင်းကျိုးပြည်ကျိုး
သူ့အကျိုးကိုအဲးခိုး (အဲးခိုး) မသံတို့ပြီဘူး။
(၄၄) ဆိုတဲ့ မဟာအတုလကာရီ၊ မဃဒေဝလင်္ကာသစ်၊ တတိယပိုင်း၊ ပုတ္တောဝါဒခဏ်းရဲ့ “အဲးခိုး” ဆိုတဲ့ရှေးဟောင်းမြန်မာတွေရဲ့စကားပါ။
လေ့လာမှတ်သားကြသူများ “တိုင်းကျိုးပြည်ကျိုး၊ သူ့အကျိုးကို၊ အဲးခိုးမသံတို့ပြီဘူး” ဆိုတဲ့ အားထုတ်မှုဖြင့် အမိမြန်မာပြည်ကြီးကို “အဲးခိုး” တို့လိုပဲ ချစ်ခင်မြတ်နိုး တည်ဆောက်ပြုပြင်ကြပါစို့။
တောင်ကလေးဆရာတော် (အဲးခိုး)
(၁၃.၁၂.၂၀၁၅) ရက်နေ့။
မိသားစုကို နိုင်နိုင်နင်းနင်း ထိန်းသိမ်းပါ
ကြီးပွားတိုးတက်အောင်လုပ်
ပြီးလျှင်
တိုင်းပြည်အတွက် အလုပ်လုပ်ပါ
တောင်ကလေးဆရာတော်
(၇.၁၂.၂၀၁၅)
ဂုဏ်တော်ရှုပွားတယ်ဆိုတာ ဗုဒ္ဓါနုဿတိပါပဲ။
သုဘူတိထေရ အပါဒါန်မှာ သမထဘာဝနာတို့မှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓနုဿတိကိုပွားများကြပါ။
ဤဗုဒ္ဓါနုဿတိပွားများရင် အလိုဆန္ဒရှိသမျှ ပြည့်စုံလိမ့်မည်လို့ ဘုရားရှင် အထင်အရှား ဟောကြားခဲ့ပါတယ်။
ဂုဏ်တော်ကိုရှုပွားလိုသူတွေဟာ——
၁။ မိမိကြည်ညိုလေးမြတ်ရာ ဘုရားဆင်းတုတော်၊ ဒါမှမဟုတ်ဘုရားပုံရှေ့မှောက်မှာ ရိုသေစွာထိုင်ပြီး ဘုရားရှိခိုးပါ။
၂။ ကမ္မဋ္ဌာန်းထိုင်နိုင်ပါတယ်။
အမျိုးသမီးများကတော့ တစောင်းထိုင်နိုင်ပါတယ်။ ကိုယ်ကိုမတ်မတ်ထားပြီးကြွက်သားများကို လျော့ချပါ။ ခြေနှစ်ဘက် မထပ်စေဘဲ ရှေ့နောက်ချထားပြီး သက်သက်သာသာ ဖြစ်အောင်ထိုင်ပါ။
၃။ မြတ်စွာဘုရားရဲ့ ရုပ်ပုံတော်ကို မျက်စိထဲမှာ စွဲအောင် ကြည့်ပြီးမျက်စိမှတ်ကာ ဂုဏ်တော်များကို ဆင်ခြင်ပါ။
ရွတ်ပွားပါ။
ပုံတော်ကို ဂုဏ်တော်လွှမ်းခြုံပါ။
ပုံတော်ကို ဂုဏ်တော်သွင်းပါ။
အရဟံ = မြတ်စွာဘုရားဟာ တစ်ထောင့်ငါးရာ ကိလေသာတို့ ဝါသနာဓလေ့ အထုံငွေ့မျှ မဝေ့မသမ်းအောင် ကင်းဝေးစင်ကြယ်တော်မူလို့ လူနတ်ဗြဟ္မာတို့ရဲ့ ပူဇော်အထူးကို ခံယူထိုက်ပေတယ်။
သမ္မာသမ္ဗူဒ္ဓေါ = မြတ်စွာဘုရားဟာ အလုံးစုံသောတရားတို့ကို ဆရာမကူ သယမ္ဘူ ဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင် သိမြင် တော်မူပါပေတယ်။
ဝိဇ္ဖာစရဏသမ္ပန္နော = ဝိဇ္ဖာဉာဏ်သုံးပါး၊ ရှစ်ပါး၊ အကျင့်စရဏတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူပါပေတယ်။
သုဂတော = မြတ်စွာဘုရားဟာ မှန်ကန်အကျိုးရှိတဲ့ စကားကိုသာ ဆိုတော်မူတတ်ပါပေတယ်။
လောကဝိဒူ = သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကတို့ကို အကြွင်းအကျန်မရှိ ဉာဏ်ဖြင့် ထွင်းဖောက်ပြီး သိမြင်တော်မူပါပေတယ်။
အနုတ္တ ရောပုရိသဓမ္မသာရတိ = မြတ်စွာဘုရားဟာ မယဉ်ကျေးကြတဲ့လူ၊ နတ်၊ တိရစ္ဆာန်များကို ယဉ်ကျေးအောင်ဆုံးမတတ်တဲ့ အတုမဲ့ အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူပါပေတယ်။
သတ္တာဒေဝမနုဿာနံ = မြတ်စွာဘုရားဟာ သတ္တဝါများအား သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီး နိဗ္ဗာန်သို့ ဆိုက်ရောက်အောင် သွန်သင်ညွှန်ပြတတ်တဲ့ လူနတ်တို့ရဲ့ ဆရာတစ်ဆူ ဖြစ်တော်မူပါပေတယ်။
ဗုဒ္ဓေါ = မြတ်စွာဘုရားဟာ သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင် ထိုးထွင်သိမြင်ပြီး သူတစ်ပါးတို့အားလည်း သိစေတော်မူတတ်ပါပေတယ်။
ဘဂဝါ = မြတ်စွာဘုရားဟာ ဣဿရိယ၊ ဓမ္မ၊ ယသ၊ သီရိ၊ ကာမ၊ ပယတ္တ ဆိုတဲ့ ဘုန်းတော်ခြောက်စုံနှင့် ပြည့်စုံတော်မူပါပေတယ်။
အဲသလို ပါဠိကို စိတ်က ရွတ်ရင်း အဓိပ္ပါယ်ကို ထင်မြင်သွားအောင် ဆင်ခြင်ပါ။
စိပ်ပုတီးကို အသုံးပြုရမှ ကျေနပ်အားရတယ် ဆိုရင်လဲ ဂုဏ်တော်တစ်ပါး နှလုံးသွင်းပြီးတိုင်း ပုတီးတစ်လုံးချပါ။
၄။ အရေးကြီးတာက လက်နဲ့စိပ်ပုတီးမှာ အာရုံမထားမိဖို့လိုပါတယ်။
ဂုဏ်တော်မှာ အာရုံထားပါ။
၅။ နေ့စဉ် ပုတီး ၃- ပတ်၊ ၅ – ပါတ်၊ ၇ – ပါတ်၊ ၉ – ပါတ် နိုင်သလောက် အဓိဋ္ဌာန်ပြီး မှန်မှန်စိပ်သွားပါ။
ဒီလိုမှမဟုတ်ဘဲ နေ့စဉ်နာရီဝက်၊ ၁-နာရီ၊ ၂-နာရီ စွမ်းနိုင်သလောက်ရှုပွားပါ။
အထိုင်ကြာလို့ ညောင်းညာ ကိုက်ခဲလာရင် ခြေပြင်ပြီး ထိုင်လို့လဲရပါတယ်။
ပြင်ထိုင်တဲ့အခါမှာလဲ ဂုဏ်တော်ကိုသာ အာရုံပြုထားဖို့ မမေ့ပါနဲ့။
အကောင်းဆုံးကတော့ အိပ်တဲ့အခါမှာကော ထိုင်တဲ့အခါ ရပ်တဲ့အခါ သွားတဲ့အခါ ခပ်သိမ်းတို့မှာ နှုတ်ရော စိတ်ရော ရိုသေမြတ်နိုးစွာ ပွားများကြည်ညိုနေကြပါ။
ဂုဏ်တော်ပွားတဲ့အခါ နှုတ်နဲ့ရွတ်တာ စိတ်နဲ့ရွတ်တာ ပုတီးကိုင်တာ ဆိုတာတွေဟာ အဓိကမကျပါဘူး။ နှုတ်နဲ့ပွားရင်း အရှိန်ကောင်းရင် စိတ်နဲ့ပွားပါ။ အပြန်ပြန် အလှန်လှန် လေ့ကျင့်ပွားများပါ။
နည်း (၃) နည်း
ဂုဏ်တော်ရှုပွားရာမှာ ကုသိုလ်ရတဲ့နည်း၊ သမာဓိရတဲ့နည်း၊
ဥပစာရဈာန်ရတဲ့နည်းရယ်လို့ ၃-မျိုး ရှိပါတယ်။
ခဏတစ်ဖြုတ် ပွားများသူတွေဟာ ကုသိုလ်ပဲရမှာပါ။
နံနက် ၁ နာရီ ၊ ည ၁- နာရီ အဲသလို ဝတ္တရားထားပြီး မှန်မှန် ပုတီးစိပ် မှန်မှန် ပွားများရင်တော့ ကုသိုလ်လဲရ၊ သမာဓိလဲ ဖြစ်ပါလိမ်မယ်။
ပုတီးနဲ့ ပွားများတာဟာ ကာယကံနဲ့ လှုပ်ရှားနေတာမို့ ဥပစာရ စျာန်ရတဲ့အထိ ပေါက်မြောက်မယ် မထင်ပါဘူး။
ဈာန်ဆိုတာ မနောကံသက်သက်မျှ ဖြစ်ပါတယ်။
ပုတီးကိုလွှတ်၊ နှုတ်ကရွတ်ဆိုတာကိုရပ်ဆိုင်းပြီး မိမိနှစ်သက်တဲ့ ဘုရားဂုဏ်တော်တစ်ပါးပါးမှာ သတိနဲ့စိတ်ကို ကပ်ထားပါ။
နှလုံးသွင်းနေစဉ်မှာ သတိမလွတ်ပါစေနဲ့ အပြင်ကိုစိတ်မရောက်သွားပါစေနဲ့။
စိတ်ကိုဂုဏ်တော်မှာပဲ ကပ်ထားပါ။
သမာဓိ တဖြေးဖြေးတက်လာပါလိမ့်မယ်။ ဆိတ်ငြိမ်ရာမှာ ဇွဲကောင်းကောင်းနဲ့ ရှေ့သမာဓိ နဲ့ နောက်သမာဓိဆက်မိအောင် ကြာရှည်စွာ ပွားများအားထုတ်ရင်း နီဝရဏတရားတွေကို ဖြတ်ကျော်ပြီး ဥပစာရ သမာဓိကို ရောက်ပါတယ်။ ဒီသမာဓိကိုပဲ ဥပစာရဈာန်လို့ ခေါ်တာပါ။
ဓာတ်ကမ္မဋ္ဌာန်း ဒါမှမဟုတ် အာနာပါနဿတိနဲ့ ဥပစာရသမာဓိ ထူထောင်ပြီး ဗုဒ္ဓါနုဿတိနဲ့ ဥပစာရသမာဓိထူထောင်ပြီး ဗုဒ္ဓါနုဿတိကို ရှုပွားရင်တော့ ဒီဈာန်ကို ပေါက်ရောက်နိုင်ပါတယ်။
တောင်ကလေးဆရာတော်(တောမှီရဟန်း) ရေးသားပြုစုသော
ဗုဒ္ဓဂုဏ်တော်နှင့်ကိုယ်တွေ့ဖြစ်ရပ်ဆန်းစာအုပ်မှ ထုတ်နှုတ်ပူဇော်ပါသည်။
။ မနေ့က
မြင်ရတဲ့မြင်ကွင်းလေးတစ်ခု
မိသားစုအဆင်မပြေမှုပါ
ရှိစု, မရှိစု မိသားစုမို့လေးပေါ့
ပူမှုရယ်က ဆယ်ကုဋေပါပဲ။
။ ငယ်ငယ်ရွယ်ရွယ်လေး
အိမ်ထောင်သည်ပြုအတွေးကြောင့်
ဘာရယ်လို့မသိတတ်သေးတဲ့သူတို့အရွယ်
ကလေးလေးတပွေ့ပွေ့တဖက်ဖက်
အနှီးမလုံတဲ့ ပိတ်သားလေးနဲ့
ကိုယ်မလုံ ကလေးလေးဘဝကို
မြင်ရရင်မှာ အသဲကွဲလုမတတ်လောက်အောင်ပါပဲ။
။ သည်အရွယ်လေး
ကလေးမိခင် မဖြစ်သင့်သေး
ဒါတွေအတွေး မရောက်ဖြစ်ခဲ့
ငယ်ငယ်လေးနဲ့ မိခင်လောကရောက်ခဲ့ရ။
။ မိခင်လောက မိခင်သောကများရလို့
အားမကိုးရတဲ့ လင်သားတစ္ဆေက
ပေတေတေ အရိုက်အပုတ်တွေနဲ့
သူငါရှေ့ နောက်မဆုတ်တတ်
မြင်ရတဲ့ လူမှုမိသားစုအထုပ်ကို
စိတ်ပြုတ်လု မတတ်ပါပဲ။
။ နေရာတကာ
အချေးအငှားလေးနဲ့
နေဖို့နေရာ တဲစုတ်ဘေးမှာ
သည်ကလေး သည်မိခင် သည်ဖခင်
ဘယ်သူမှ မခင်မင်ကြ
မချစ်ကြလေတော့
ကျမျက်ရည် နှလုံးထိခိုက်။
။ ငယ်ရွယ်ချိန် မေ့
ကြီးချိန် ပိုမေ့နေရတဲ့
သူတို့ရဲ့အလှအပကို
တိုင်းပြည် မမဲ့
ပညာတွေ မမဲ့ဖို့
သူတို့ဘဝကို
ဘယ်သူတွေ ကယ်ကြမလဲ
ဘယ်သူတွေပို့ကြမလဲ။
။ “ပြည်အရေး အမြဲတွေးတဲ့
မြန်ပြည်သွေးအပေါင်း
ဘေးရန်များကင်းစေရေး” ကို
မေတ္တာရေး အတွေးသန့်သန့်နဲ့
ဖေးမလို့ ချိန်တန်ပြီပေါ့။
။ နောက်ဆုံး……….
သည်ကလေး
သည်မိခင်
သည်ဖခင်တွေကို
ဘယ်သူကယ်မ မြတ်ကြမယ်
ဘယ်သူကယ်မ ထကြမယ်
ဘယ်သူကယ်မ ရကြမယ် ဆိုတာကို
ပြည်တော်ကို လှည့်ကြည့်ကြဦး။။
တောမှီရဟန်း (အဲးခိုး)
နိဒါန်း
။။။။။။။။။။။။။။။။။။။။
။ တာဝန်ဆိုတာ မလုပ်လို့မဖြစ် လုပ်ရတာဟာ ” တာဝန် ” ပါ။ အချိန်ရှိသမျှ အမြဲတမ်းလုပ်ရမှာက ” ဝတ္တရား ” ပါ။ ဒီတာဝန်နဲ့ ဝတ္တရားနှစ်ပါးကို တာဝန်ဆိုတာ ဝတ္တရားထက် ပိုအရေးကြီးပါတယ်။ ဝတ္တရားပျက်ကွက်တဲ့လူတစ်ယောက်အတွက် များများမနစ်နာပါဘူး။ တာဝန်ပျက်ကွက်ရင်တော့ တစ်မျိုးသားလုံးနဲ့ တစ်နိုင်ငံလုံးနစ်နာပျက်စီးတတ်ပါတယ်။
ဥပဒေအာဏာဆိုတာ
။။။။။။။။။။။။။။။။။။။။။။။။။။။
။ တိုင်းပြည်ရှိတဲ့နိုင်ငံသားဟာ အရေးအကြီးဆုံးတာဝန်မှာ တိုင်းပြည်ရဲ့ဥပဒေကို ရိုသေလေးစားလိုက်နာဖို့ပါပဲ။ သိဖို့ပါပဲ။နိုင်ငံတော်ရဲ့ဥပဒေဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့သဘောအရ ပြဋ္ဌာန်းထားတာမဟုတ်ဘဲ နိုင်ငံသားတိုင်း ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံ့ကိုယ်စားလှယ်မှာပါဝင်တဲ့ ဥပဒေပြုလွှတ်တော်က ပြုလုပ်ပြဋ္ဌာန်းထားတဲ့ ဥပဒေပါပဲ။ ဥပဒေပြုလွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေဟာ (ဥပဒေ အာဏာဟာ) နိုင်ငံသားထံမှဆင်းသက်လာတာဖြစ်တာကြောင့် နိုင်ငံသားတိုင်း ထိန်းသိမ်းလိုက်နာကျင့်သုံးရသည့်တာဝန် ရှိကြပါတယ်။
ပြင်ဆင်, ဖျက်သိမ်း
။။။။။။။။။။။။။။။။။။။။။။။။
။ ဥပဒေဆိုတာ အများကောင်းကျိုးအတွက်ပါ။ရိုသေလေးစားတန်ဖိုးထားရင်ထားသလို အဖိုးတန်ပါတယ်။ သို့မဟုတ် ဥပဒေက နိုင်ငံသားတွေကိုဆန့်ကျင်မှု ဖြစ်လာခဲ့ရင် ၊ လိုက်နာကျင့်သုံးဖို့ မလျော်ခဲ့ရင် အဲဒီဥပဒေကို ပြင်ဖို့ (သို့မဟုတ်) ဖျက်သိမ်းဖို့ ဥပဒေပြုလွှတ်တော်မှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုကြပြီး လိုအပ်ပါက ပြင်ဆင်ပေးရမယ်။ ဖျက်သိမ်းပေးရမယ်။
အတွက်အားလုံး
။။။။။။။။။။။။။။။။။။။။။
။ ကိုင်း
မြန်မာပြည် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူပြည်သားတွေအတွက် လိုက်နာကျင့်သုံးဖို့ လျော်, မလျော် ပြည်သူတွေ သိထားကြရမယ်။ ပြည်သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို သေသေချာချာ မလေ့လာထားကြတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူအားလုံးအတွက် ကောင်းကျိုးဖြစ်, မဖြစ်ဆိုတာကို သိထားရမယ်။ အကယ်၍ အကျိုးမရှိတဲ့အခြေခံဥပဒေဖြစ်ရင်
(က) ပြင်ဆင်လိုက ပြင်ဆင်နိုင်ရမယ်
(ခ) ဖျက်သိမ်းလိုက ဖျက်သိမ်းနိုင်ရမယ်။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို မြင်ဆင်, ဖျက်သိမ်းမလုပ်နိုင်ကြတာကြောင့် တိုင်းပြည်အတွက်, ပြည်သူလူထုအတွက် နစ်နာနေကြရပါတယ်။
နိဂုံး
။။။။။။။။။။။
။ (၁) တာဝန် ရှိသည့်ပြည်သူများ
(၂) ဝတ္တရားရှိသည့်ပြည်သူများ ဘယ်လိုမျိုး အခြေခံဥပဒေကို ပြင်ဆင်, ဖျက်သိမ်းနိုင်ကြမလဲ။ အများကောင်းကျိုး ဥပဒေက ဘယ်လို ဥပဒေမျိုးပါလဲ? လေ့လာသိမြင်သင့်ပါပေတယ်။
ရင်ကိုအေးမြပါစေသား (အဲးခိုး)
Featured image: Compare and Contrast Duty and Responsibility – ppt video online download (slideplayer.com) by Kallie Dryden