။ မနေ့က
တနေ့က
တပည့်ရဟန်းတပါး
သိက္ခာချပြီး
လူပြုလိုက်ပါပြီဆိုတဲ့
သူ့သတင်းကိုကြားကြားချင်းပါပဲ
ရုတ်တရက် မနောဓာတ်က
တစ်ခဏမျှ
ကမ္ဘာကြီးက
တစ်ဖက်ကျစောင်းသွားသလိုပဲ
ခံစားရမိပါလေရဲ့။
။ ရှင်သာမဏေတစ်ပါးဖြစ်ဖို့
မခဲယဉ်းပေမယ့်
ရှင်သာမဏေတစ်ပါးမြဲဖို့
ခုခေတ်ကာလမှာ
ပိုလိုများခက်ခဲလေမလားပါပဲ။
။ သည်ထက်သည်ထက်မက
ပိုပိုပြီးခက်ခဲတာက
ရဟန်းတစ်ပါးမြဲဖို့
ရဟန်းတစ်ပါးသာသနာတော်မှာ
ပျော်ပိုက်ဖို့က
ပိုပိုများခဲယဉ်းလေပြီလားပါပဲ။
။ တပည့်ဖြစ်သူကတော့
သာသနာ့ဝန်ထမ်းဘဝမှ
လူ့ဘဝဝန်ထမ်းလောကသို့
ရောက်နေပြီးဆိုတော့
သာသနာ့ဝန်ထမ်းကာလက
ဒါယကာတွေရဲ့ငြိုငြင်မှုဒဏ်တွေတော့
လွတ်ကျွတ်သွားပြီပေါ့။
။ သာသနာ့ဝန်ထမ်းချိန်က
ပရိယတ္တိပညာရေးကတစ်ဖက်
ပဋိပတ်အကျင့်ရေးကတစ်ဖက်
ပဋိပက္ခခွဲခြားဆက်ဆံခံရတာက
တစ်ဖက်သတ်ဆိုတော့
လောကီရေးစွက်ဖက်ခံစားရတာလည်း
အာပတ်ဖြေလို့ မပြီးနိုင်လောက်အောင်ပါပဲ။
။ လူထွက်လူပြုသွားပြန်တော့လည်း
အများကြားမှာ မျက်နှာငယ်လေးနဲ့
မဝံ့မရဲလူအများကြားမှာ
အဲဒီအဖြစ် ဖြစ်ရတာလည်း
ခံစားဖူးမှ သိကြတာပါ။
။ မိဘဆွေမျိုး
ရဟန်းအမ
ရဟန်းဒါယကာတွေကတော့
နှမြောတသရပေါ့။
။ မိဘနှစ်ပါးရဲ့ရင်လွှာမှာတော့
ရွာဦးကျောင်းမှာ
ဆွမ်းတော်ခံယူဖို့
ဆွမ်းခံကြွရောက်လာကြတဲ့
သံဃာအတန်းကိုကိုကြည့်နေရင်းနဲ့ပဲ
ရင်ထဲမှာမိုးတွေရွာပေါ့။
။ ဪမိဘဆိုတာ
သားသမီးဝတ်ရှိကြပေမို့
သားသမီးတွေအတွက်
သူတော်ကောင်းအမွေကိုပဲ
ဝတ္တရားကျေချင်ကြတယ်မဟုတ်လား?
ခုတော့ သားရဟန်းက
မနေ့က
တနေ့က
ဟိုနေ့ကပဲ
လူပြုခဲ့ပြီဆိုတော့
ကြည်ညိုရပါသော
စေတနာအရင်းခံစိတ်တွေက
မိဘနှစ်ပါးအဖို့ အပူမီးဗျာပါကြွယ်ပေါ့။
။ ဒီနေ့လည်း
မမျှော်လင့်ပဲ
သီလရှင်တစ်ပါးကလည်း
လူပြုဖို့လာလျှောက်ကြားသောအခါ
ဘုရားသာသနာကို
သီလရှင်လည်း မမြဲ
ဖိုးသူတော်လည်း မမြဲ
ရသေ့တွေလည်း မမြဲ
သာမဏေတွေလည်း မမြဲ
ရဟန်းတွေလည်း မမြဲကြတော့ရင်
သာသနာ့ရွှေရောင်နေ့
တစ်နေ့နေ့
တမြေ့မြေ့ပဲ
တမ်းတရမယ့်နေ့တွေပဲ
ဖြစ်ကြရလေမလားပါပဲ။
။ သည်နေ့တော့
ရင်ဝယ်မမြေ့
မချမ်းမြေ့ဘူး
ဘယ်နေ့ သာသနာလင်းတော့မယ်။
( ဓာတ်ပုံကို ယူသုံးပါသည်။ ခွင့်ပြုပါရန်။)
တောမှီရဟန်း
(၂၁.၃.၂၀၂၂) ရက်နေ့နံနက်။)