နိဒါန်း
။ မြတ်ဗုဒ္ဓသာသနာတော်မြတ်သည် ဩစတြေးလျားတိုက်မှာ ထွန်းကားလာမယ်လို့ မအိပ်မက်ခဲ့ပါဘူး။ ခုတော့ ဩစတြေးလျားတိုက်မှာ ဗုဒ္ဓဘာသာအခြေတည်ခန့်တည်တံ့လာနေပါပြီ။
မဲလ်ဘုန်း
။ မဲလ်ဘုန်းမြို့ဟာ ဩစတြေးလျနိုင်ငံ ၊ ဗစ်တိုးရီးယား ပြည်နယ်ရဲ့ မြို့တော် ရဲ့လူဦးရေ အများဆုံးမြို့ဖြစ်ပြီး ဩစတြေးလျနိုင်ငံမှာလည်း ဒုတိယမြောက် လူဦးရေအများဆုံး မြို့ဖြစ်တယ်။ ဗစ်တိုးရီးယား ပြည်နယ်ရဲ့ တောင်ဘက်၊ ဩစတြေးလျတိုက်ရဲ့အရှေ့တောင်ဘက်ရှိ ယာရာယာရာမြစ်ရဲ့ မြစ်ဝ၊ ပို့ဖိလစ် ပင်လယ်အော်ရဲ့ကမ်းခြေပေါ်မှာ တည်ရှိပါတယ်။ အကျယ်အဝန်းကတော့ ၇၁၄ စတုရန်းမိုင် ရှိပါတယ်။
ဆိပ်ကမ်း
။ ပို့ဖိလစ် ပင်လယ်အော်ဟာ ပုံသဏ္ဌာန် အားဖြင့် အချိုးအစားကျတယ်။ ကမ်းရိုးဟာ တစ်ဖက်မှာ ၃၁ မိုင် ရှည်လျားပြီးတော့ တစ်ဖက်မှာ မိုင် ၂ဝ ရှိတယ်။ ဒါပေမဲ့မဲလ်ဗုန်းကမ်းခြေဟာ ဆစ်ဒနီကမ်းခြေလိုမျိုး သဘာဝ ရှုခင်းသိပ်ပြီးမလှပါဘူး။ ဆစ်ဒနီဆိပ်ကမ်းလို သဘာဝအားဖြင့်လှပတဲ့ဆိပ်ကမ်း မဟုတ်တော့ ပြုပြင်ထားရတဲ့ဆိပ်ကမ်းပေါ့။
အဓိက
။ ယခုအခါ မဲလ်ဘုန်းဆိပ်ကမ်းဟာ ပေ ၆၂, ဝဝဝ မျှရှည်လျားကျယ်ပြန့်လို့ သင်္ဘောအဝင်များစွာ ဆိုက်ကပ် နိုင်တယ်။ပင်လယ်ရပ်ခြား၊ ပြည်နယ် အချင်းချင်း ကုန်ပစ္စည်းများတင်ဆောင်ပို့ချခြင်းကို မဲလ်ဘုန်းဆိပ်ကမ်းမှာ အများဆုံး ပြုလုပ်လာလို့ မဲလ်ဘုန်း ဆိပ်ကမ်းဟာ ဩစတြေးလျတိုက်ရဲ့အဓိကဆိပ်ကမ်း ဖြစ်လာတယ်။
မဲလ်ဘုန်းမြို့မြင်ကွင်း
။ မဲလ်ဘုန်းမြို့ဟာ လွန်ခဲ့တဲ့နှစ် ၁ဝဝ ကျော်ကကမှ တည်ထောင်တဲ့မြို့ဖြစ်လို့ပါ။ မြို့က အလွန်ကိုပဲ ခေတ်မီပါတယ်။ လမ်းတွေကို မြို့တည်စကတည်းက စံနစ်တကျ အကွက်ကျကျဖြစ်အောင် စီမံထားတယ်။ လမ်းတွေဟာ ၉၉ ပေ ကျယ်ကျယ်နဲ့ ကိုက် ၂၂ဝခြားပြီးတော့ တစ်လမ်းချိုးပါတယ်။ မြို့တွင်းထဲရှိတဲ့လမ်းတွေမှာ စတုဂံကွက်တွေဖြစ်တယ်။
လမ်းများ
။ လမ်းအမည်တွေ ပေးတဲ့အခါမှာလည်း မြို့တည်ရေးမှာ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေရဲ့အမည်တွေကို အစွဲပြုပြီးတော့ မှည့်ခေါ်ထားကြတာပေါ့။ လမ်းကျယ်တွေကြားမှာလည်း ဆိုင်တွေရုံးတွေရှိသည့်လမ်းကျဉ်းများလည်း ရှိတယ်။တစ်ဖက်တစ်ချက်မှာ သစ်ပင်တွေ အစီအရီ ပေါက်နေပြီးပေ ၂ဝဝ မျှ ကျယ်တဲ့လမ်းမကြီးတွေလည်းရှိတယ်။
အဆောက်အအုံ
။ မြို့ကြီးဖြစ်တာနဲ့အညီပါပဲ အစိုးရ ရုံးကြီးတွေ၊ ဆိုင်ကြီးတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘုရားရှိခိုး ကျောင်းတွေ၊ပြတိုက်၊ စာကြည့်တိုက်၊ ဇာတ်ရုံ၊ ရုပ်ရှင်ရုံတွေ စတဲ့ထည်ဝါ ခန့်ညားတဲ့ တိုက်တာ အဆောက်အအုံတွေလည်း အမြောက်အမြားပါပဲ ။
စစ်ဘေးကင်း
။ လက်ရှိ ရာစု နှစ်ဦးပိုင်းက မဲလ်ဘုန်းမြို့မှာ အဆောက်အအုံတွေကို ၁၃၂ ပေ အမြင့် အထိသာ ဆောက်လုပ်ရမည်လို့ ကန့်သတ်ချက် ထုတ်ပြန်ထားခဲ့ကြပေမယ့် အေဒီ ၁၉၅ဝ ပြည့်နှစ်လယ် လောက်က ပေ ၂၃ဝ အမြင့်ရှိတဲ့ အစိုးရရုံးကို အရှေ့ဘက် မဲလ်ဘုန်းမှာ ဆောက်လုပ်ဖို့ စီမံ စိုင်းပြင်းပြီးတော့ စိန့်ကီလဒါမှာ ပေ ၂၅ဝ အမြင့် ရှိတဲ့မိုးမျှော်တိုက် နှစ်ဆောင်တွဲကို ဆောက်လုပ်ခြင်းဖြစ်တာနဲ့ ကန့်သတ်ချက်ကို ပြင်ဆင်လိုက်ပေးလိုက်ရတယ်။
တိုက်တာ အဆောက် အအုံတွေအပြင် မြို့ထဲမှာ ဥယျာဉ်ပန်းခြံ ကစားကွင်းတွေလည်း များစွာပါပဲ။ မဲလ်ဘုန်းမြို့ဟာ ကမ္ဘာစစ်တွေရဲ့ဒဏ်ကို မခံခဲ့ရပါဘူး။
ထုတ်ကုန်
။ ဒီလိုကြီးကျယ်ခမ်းနားတဲ့မဲလ်ဘုန်းမြို့ဟာ စီးပွားရေးအားဖြင့်လည်း ဖွံ့ဖြိုးပြီးစည်ကားနေတယ်။ စက်မှုလက်မှုထွန်းကားသော မြို့ပါ။ မဲလ်ဘုန်းမြို့မှာ အထည်ကြီးစက်ပစ္စည်းတွေနဲ့ လယ်ယာထွက်ပစ္စည်းတွေ ထုတ်လုပ်ပါတယ်။စက်ပစ္စည်းမှာ မော်တော်ကား၊ လေယာဉ်ပျံ၊ မီးရထားပစ္စည်းတွေ၊ဓာတ်အားပေးစက်ရုံ တန်ဆာ ပလာတွေ၊သံမဏိထည်တွေ၊ လယ်ယာ စိုက်ပျိုးရေး ကိရိယာတွေ၊ မြေသယ်စက်၊ မြေတူးစက်၊ ဓာတ်ပစ္စည်း ကိရိယာတွေ စတဲ့အထည်ကြီး စက်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါ့ပြင်ဂျုံ၊ဂျုံမှုန့်၊ နို့ထွက်ပစ္စည်းတွေ၊သစ်သီးသစ်နှံ၊ နွားမှ ရရှိတဲ့ပစ္စည်းတွေ၊ သိုးမွေး၊ အထည်အလိပ်၊ စက္ကူ စတဲ့ပစ္စည်းအမျိုးစုံလည်းထွက်ပါတယ်။
အချက်အချာ
။ မဲလ်ဗုန်းမြို့ရဲ့မြို့လယ်မှာ စက်မှုလက်မှု လုပ်ငန်းအမျိုးမျိုးစုဝေရာဌာနဖြစ်လို့ ၈၅ ရာခိုင်နှုန်းသော လုပ်ငန်းတွေရဲ့တည်ရာဌာနဖြစ်တယ်။ မဲလဗုန်းမှ စက်မှုလက်မှုပစ္စည်းတွေဟာ ဗစ်တိုးရီးယားပြည်နယ်ထွက် ပစ္စည်းအနက် ၈၅ ရာခိုင်နှုန်းဖြစ်လျက်၊ ဩစတြေးလျတိုက်မှ စက်မှုလက်မှု ပစ္စည်းအနက် ၂၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ မဲလ်ဘုန်းမြို့ဟာ သယ်ယူပို့ဆောင် ရေးမှာ အချက်အချာဌာနဖြစ်တယ်။
ပို့ဆောင်ရေး
။ မြို့ရဲ့မြောက်ဘက် ကီလမိုတောင်ကြားဟာ အရှေ့နဲ့အနောက် ကုန်းပြင်မြင့်တွေကို ခြားထားပြီးတော့ ဝိတိုရိယ မြောက်ပိုင်းနဲ့ နယူးဆောက်ဝေးပြည်နယ်တွေအထိပေါက်ရောက်တဲ့မီးရထားလမ်းနဲ့မော်တော်ကားလမ်း တွေရဲ့တည်ရာဖြစ်တယ်။ ပြည်တွင်းပြည်ပကုန်ပစ္စည်းတွေကို မဲလဗုန်းဆိပ်ကမ်းမှ တင်ချပို့ဆောင်ရလို့ပဲ အရေးပါသော မြို့ဖြစ်တယ်။
မြို့တည်ထောင်သူ
။ မဲလ်ဘုန်းမြို့ကို အေဒီ၁၈၄၇ ခုနှစ်မှာ တည်ထောင်ခဲ့တယ်။ တည်ထောင်ရာမှာ ဩစတြေးလျတိုက်မှ အခြားမြို့ကြီးတွေလို အစိုးရက ကမကထပြုပြီးတည်ထောင်ခဲ့တာမဟုတ်ပါဘူး။ တက်စမေးနီးယားကျွန်းမှာ ရောက်ရှိနေသူတွေဟာ နွား စားကျက်များရှာဖွေဖို့အတွက် ဗတ်စ ရေလက်ကြားကို ကူးသန်းကျော်ဖြတ်လာကာ မဲလ်ဘုန်းတည်ရှိရာကို ရောက်ရှိလာကြတာပါ။ ဒီနေရာကို ကူးသန်းလာသူတွေကို ခေါင်းဆောင်တဲ့သူမှာ ဂျွန်ဗက်စမန်ဖြစ်တယ်။ သူတို့တွေဟာ အေဒီ ၁၈၃၅ ခုနှစ် မေလမှာ ဆိုက်ရောက်ကြတယ်။ သူတို့ဟာ တိုင်းရင်းသားတွေထံမှ မြေဧက ၆ဝဝ,ဝဝဝ ကို စောင်များ၊ ရဲတင်း၊ ပုဆိန်၊ ဂျုံနဲ့အခြား ကုန်ပစ္စည်တွေကိုပေးပြီး လဲလှယ်ခြင်းနဲ့ ဝယ်ယူကြတယ်။ ပထမဦးဆုံး အစိုးရက ဗက်စမန်တို့ လူစုကို အစိုးရ အမိန့်မရဘဲ အစိုးရမြေကို ကျူးကျော်ကြောင်းစွပ်စွဲပေမင့်လည်း နောက်ပိုင်းကျတော့ အသိအမှတ်ပြုပြီး ခွင့်ပြုပေးခဲ့တယ်။
ဂုဏ်ပြု
။ အဲလိုနဲ့ပဲ လူတွေကတစ်ဖွဲဖွဲ ရောက်လာကြ လို့ အိမ်ယာတွေ တည်ထောင်ကြတာနဲ့ပဲ မဲလ်ဘုန်းမြို့ကြီးဖြစ်ပေါ်လာခဲ့တယ်။ “မဲလ်ဗုန်း”ဟူသော အမည်ဟာ မြို့ကိုတည်ထောင်စဉ်က ဗြိတိသျှ အစိုးရကို ခေါင်းဆောင်သည့် နန်းရင်းဝန်လော့ဒ်မဲလ်ဘုန်း ကိုဂုဏ်ပြုလို့ မှည့်ခေါ်ထားတာဖြစ်တယ်။
အခေါ်အဝေါ်
။ ရှေးဦးကာလက မြို့သစ်ကို ဗက်တမေးနီးယား၊ ဂလဲလို့ခေါ်ကြပြီး တိုင်းရင်းသားတွေရဲ့အခေါ် က ဗာရာရင်း၊ ဗဲရင်းကို မူတည်ပြီးတော့ ဗဲယားဟိ၊ ဗဲယားပို့၊ ဗဲယားဗရလို့ အမျိုးမျိုးခေါ်ဝေါ်ခဲ့ကြပါသေးတယ်။
အခြေချသူများ
။ မဲလ်ဘုန်းမှာ နေထိုင်တဲ့လူဦးရေမှာ အေဒီ ၁၉၅၈ ခုနှစ် သန်ကောင်စာရင်းအရ ၁,၇၂၆,၁ဝဝ ရှိတယ်။ ဒီဘက်ခေတ်မှာတော့ မဲလ်ဘုန်းဟာ လူဦးရေထူထပ်လာပါတယ်။ အဲဒီအထဲက မြန်မာပြည်တိုင်းရင်းသားကရင်လူမျိုးလည်း ပါဝင်ပြီး အထူးသဖြင့် မဲလ်ဘုန်းမြို့၊ ဝယ်လ်ဘီအရပ်မှာ အခြေချနေထိုင်ကြပါတယ်။
နိဂုံး
။ ဩစတြေးလျားတိုက်၊ မဲလ်ဘုန်းရောက်ကရင်တိုင်းရင်းသား၊ ဗုဒ္ဓဘာသာဝင်အများစုက မကြာမီသူတို့ရဲ့ ကိုးကွယ်ရာသာသနာ့မြေဟာ ရေစက်သွန်းချလှူဒါန်းကြတော့မယ်ဆိုတဲ့သတင်းကို ကြားမိလို့ အထူးဝမ်းသာကြည်နူးလို့မဆုံးအောင်ပါပဲ။
တောမှီ ရဟန်း
(၃.၄.၂၀၂၂) ရက်နေ့ညနေခင်း။