၁။ အိုဖေါ် ( လင် မယား အို )
၂။ အို သိုက် ( နေအိမ် )
၃။ အို စာ ( ငွေကြေး )
၄။ အို ရေး ( ကျန်းမာရေး )
၅။ အို စိတ် ( စိတ်နေ စိတ်ထား )
ကျွန်တော်တို့အားလုံး အိုရမဲ့လူတွေကြီးကြီးပါ။
။ ခုမအိုသေးပေမဲ့ ဖတ်ထားရင် (သိထားရင်) ကိုယ့်အတွက် ကာကွယ်ဖို့ပြင်ဆင်ချိန်ရသလို၊ ကိုယ့် မိဘတွေအတွက် ဆန်းစစ်ဆင်ခြင်လို့ ရနိုင်ပါတယ်။ အကြံလည်းပေးလို့ရတာပေါ့။ အိုလာရင် ဘာတွေပြင်ဆင်ထားသင့်သလဲ၊ ဘာသာရေး ရှုထောင့်ကနေမဟုတ်ပဲ လက်တွေ့ဘ၀ရှုထောင့်ကနေ ဆွေးနွေးကြည့်ရအောင်…. ။
၁။ အိုဖေါ်
။ လင်အိုမယားအိုမေတ္တာကောင်းမွန်နေဖို့လိုပါတယ်။ အရင်တုန်းက ချစ်ခဲ့ကြပေမဲ့ အသက်ကြီးလာတော့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မရတာမျိုးမဖြစ်သင့်ဘူး။ ယော့က်ျားက သားဘက်၊ မိန်းမကသမီးဘက်ပိုရပ်တည်တာမျိုး မဖြစ်ရဘူး။ ငယ်ရွယ်တုန်းက လင်မယားဆိုပေမဲ့ အိုလာရင် အဖေါ် မွန်ဖြစ်ဖို့၊ ရပ်တည်ချက်တူညီဖို့အလွန်အရေးကြီးပါတယ်။
။ငယ်ငယ်တုန်းကတော့ ယောက်ျားက ပိုက်ဆံရှာ၊ ယောက်ျား အင်အားကောင်းတော့ အပြင်မှာပွေချင်တိုင်းပွေ၊ သောက်စားချင်တိုင်း သောက်စား၊ အိမ်ကမိန်းမကို ခိုင်းဖတ်လိုသဘောထားပြီးအော်လိုက်ငေါက်လိုက် လုပ်တဲ့ ယောက်ျားမျိုးဟာ၊ အိမ်ထောင်သက် အနှစ် ( ၂၀ ) နောက်ပိုင်းမှာ သားသမီးတွေ ကြီးလာရင် သားသမီးများက အမေဘက်က ရပ်တည်တာ ခပ်များများဆိုတော့ အရင်က ခံခဲ့သမျှ ပြန်ဆပ်ရတတ်တယ်။ ဒါကြောင့် ကိုယ်အသက်ကြီးတဲ့အခါကိုယ့်မိန်းမက ကိုယ့်ကို တကယ်ကောင်းစေချင်ရင်ကိုယ်က သူတို့အပေါ် အရင်ကောင်းထားရတယ်။
၂။ အိုသိုက်
။ နေဖို့ထိုင်ဖို့ အိမ်တစ်လုံးရှိထားဖို့လိုပါတယ်။ အဲဒီအိမ်ကိုလည်း မသေမချင်း ထိန်းထားဖို့လိုပါလိမ့်မယ်။ ကိုယ်က မကြာမီသေတော့မယ်ဆိုပြီး စောစောစီးစီးထုခွဲပြီး အမွေ ခွဲမပေးလိုက်နဲ့၊ ကိုယ်နေဖို့ပျောက်သွားနိုင်တယ်။ မပျောက်သွားတာတောင်မှ သားသမီးမျက်နှာ (သို့) ချွေးမနဲ့ သမက်မျက်နှာကြည့်ပြီး အသက်ရှင်ရတာမတန်ဘူး။
၃။ အိုစာ
။ အိုစာမင်းစာကို ဆိုလိုပါတယ်။
ရွှေဖြစ်ဖြစ်၊ ပိုက်ဆံဖြစ်ဖြစ် ကိုယ့်အတွက်ကိုယ်ချန်ထားရတယ်။
သားသမီး စီးပွားရေးလုပ်ဖို့ အရင်းအနှီး မရှိဘူးဆိုပြီးအကုန်ထုတ်မပေးလိုက်နဲ့၊ အားလုံးပေးလိုက်ရင် အိမ်ကဆင်းသွားရနိုင်တယ်။
အချစ်ရဲ့သဘာ၀ဟာ နောင်မျိုးဆက်ကိုပဲ ဆင့်ပွားပါတယ်။ သားသမီးကို ချစ်တယ်ဆိုတာ သတ္တဝါတိုင်းရဲ့မွေးရာပါ သဘာဝဖြစ်ပါတယ်။ မိဘကိုရိုသေတယ်ဆိုတာ ဘာသာရေးအဆုံးအမနဲ့သွန်သင်ယူရတယ်။ မွေးမြူ ယူရပါတယ်။ အဲဒါကြောင့် မသေချာတတ်ဘူး။ မိဘများဟာ သားသမီး (၁၀) ယောက်ကို ‘အပြုံးမပျက်’ ကျွေးမွေးနိုင်ပေမဲ့၊ သားသမီး (၁၀) ယောက်ဟာ မိဘနှစ်ပါးကို ‘စူပုတ်လောက်အောင်’ ကျွေးမွေးရတယ် ဆိုတဲ့စကားပုံတစ်ခုကို ကြားဖူးပါတယ်။ ဒါကြောင့် မအိုသေးခင်မှာ ကိုယ့်အတွက် အိုစာချန်ပါ။
၄။ အိုရေး
။ အိုတဲ့အခါမှာ ရှိတဲ့ကျန်းမာရေးကိုအတိုကောက်ရေးလိုက်တာပါ။ အိုလာရင် ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ရတယ်။ မနက်တိုင်းလမ်းလျှောက်တာမျိုး အဖွဲ့လိုက်လေ့ကျင့်ခန်းလုပ်တာမျိုးပါ၀င်သင့်ပါတယ်။ ကောင်းကောင်းမလျှောက်နိုင်ရင်လည်း လှုပ်ရှားနိုင်သမျှအတတ်နိုင်ဆုံး ကိုယ်လက်လှုပ်ရှားပေးသင့်ပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးကောင်းမွန်ခြင်းဟာကိုယ့်အတွက်သာမဟုတ် သားသမီးများအတွက်ပါ။ လာဘ်တစ်ပါးဖြစ်ပါတယ်။ သူတို့တွေ ကိုယ့်အတွက် သိပ်မပူရရင်သူတို့အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်လို့ရတာပေါ့။
၅။ အိုစိတ်
။ အိုလာရင် စိတ်နေစိတ်ထားမှန်မှန်ကန်ကန် ထားတတ်ဖို့လိုပါတယ်။
ကိုယ်အသုံးမကျတော့ဘူးဆိုပြီး မသိမ်ငယ်သင့်ပါဘူး။ သေခြင်းတရားကို တွေးတောပြီး ကြောက်မနေသင့်ပါဘူး။ မမေ့မလျော့ နေထိုင်သင့်ပါတယ်။ တစ်ရက်အသက်ရှင်ရင် တစ်ရက်အမြတ်ပဲ၊ တန်အောင်အသက်ရှင်ရမယ်ဆိုတဲ့ စိတ်မျိုးမွေးမြူ ရပါမယ်။ ကျန်းမာရေးအဆင်ပြေရင် အလှူပွဲတွေ၊ ကူညီမူ၊ လှုပ်ရှားမူတွေ၊ ဘာသာရေးပွဲတွေကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါ၀င်လှုပ်ရှားသင့်ပါတယ်။ စိတ်ဓါတ်ရွှင်လန်းပြီး သန့်သန့် ပြန့်ပြန့် နေထိုင်သင့်ပါတယ်။
အသက်ကြီးသူများအားလုံး ကျန်းမာချမ်းမြေ့ နိုင်ကြပါစေ။
Credit to Thandar Han
Posted by Kopholamin lay
။ အိုတဲ့အကြောင်းစာကို ဒီနေ့ဖတ်ဖြစ်တာပါ။ ကိုယ့်ကိုယ်ကိုတော့ မအိုသေးဘူးလို့ ထင်နေမိတာပဲ။ လူတွေပြောကြတဲ့အိုခြင်းဟာ အိုချင်ကြတဲ့သူတွေက ပြောဆိုနေကြတာပါ။ တကယ်တော့ အိုခြင်းအရာဟာ ရှိနေပြီးသားတရားတစ်ပါးမို့ ရှာနေလို့မလိုပါဘူး။ အမြဲတမ်းအိုနေတာပါပဲ။
။ အသက်ငယ်ငယ်လေးနဲ့ ဆံပင်တွေဖြူတာ၊ သွားတွေကြွေတာ၊အသားအရေတွေ တွန့်လိပ်၊ တွန့်လိမ်နေတာဟာ အသစ်အသစ်တိုင်းရုပ်တွေရဲ့အားလုံးရင့်ရော်မှုတွေပါပဲ။ မြင်နေရတာကို အိုနေတယ်လို့ထင်နေကြတာပါ။ တကယ်အမှန်ကတော့ အိုတယ်အိုတမ်းဆိုတာ စိတ်နဲ့သာသိအပ်တဲ့ မနောဝိညေယျတရားပါပဲ။
။ အိုခြင်းဆိုတာ မီးတစ်ပါးပါပဲ။ ဖြေးဖြေးလောင်နေတာနဲ့အမြဲလောင်နေတာနဲ့ပဲ မတူတာပါ။ လောင်နေတာတော့အမှန်ပါပဲ။ ဇရာမီးတောင်ကိုယ်တွင်းလောင်နေရပြီဆိုတာကိုပဲ အိုတဲ့သဘောဖြစ်နေပါပြီ။
။ ကိုင်း ” ဇရာကို ဘယ်လိုအိုလည်း မအိုသေးဘူး ကိုယ့်ရဲ့စိတ်နဲ့” ပဲ ဘဝကိုရပ်တည်နိုင်ကြဖို့ တရားကိုပဲ အဖော်ပြုကြပါစို့ရယ်လို့ပဲ ။
ဘုန်းအဲးခိုး
(၁၅.၄.၂၀၂၁) ရက်နေ့။