Categories
ကျန်းမာရေး စကားလက်ဆောင် လူမှုရေး

။ အိုလာရင် ဘာတွေပြင်ဆင်ထားရမလဲ ? ။

၁။ အိုဖေါ် ( လင် မယား အို )
၂။ အို သိုက် ( နေအိမ် )
၃။ အို စာ ( ငွေကြေး )
၄။ အို ရေး ( ကျန်းမာရေး )
၅။ အို စိတ် ( စိတ်နေ စိတ်ထား )
ကျွန်တော်တို့အားလုံး အိုရမဲ့လူတွေကြီးကြီးပါ။

။ ခုမအိုသေးပေမဲ့ ဖတ်ထားရင် (သိထားရင်) ကိုယ့်အတွက် ကာကွယ်ဖို့ပြင်ဆင်ချိန်ရသလို၊ ကိုယ့် မိဘတွေအတွက် ဆန်းစစ်ဆင်ခြင်လို့ ရနိုင်ပါတယ်။ အကြံလည်းပေးလို့ရတာပေါ့။ အိုလာရင် ဘာတွေပြင်ဆင်ထားသင့်သလဲ၊ ဘာသာရေး ရှုထောင့်ကနေမဟုတ်ပဲ လက်တွေ့ဘ၀ရှုထောင့်ကနေ ဆွေးနွေးကြည့်ရအောင်…. ။

၁။ အိုဖေါ်
။ လင်အိုမယားအိုမေတ္တာကောင်းမွန်နေဖို့လိုပါတယ်။ အရင်တုန်းက ချစ်ခဲ့ကြပေမဲ့ အသက်ကြီးလာတော့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မရတာမျိုးမဖြစ်သင့်ဘူး။ ယော့က်ျားက သားဘက်၊ မိန်းမကသမီးဘက်ပိုရပ်တည်တာမျိုး မဖြစ်ရဘူး။ ငယ်ရွယ်တုန်းက လင်မယားဆိုပေမဲ့ အိုလာရင် အဖေါ် မွန်ဖြစ်ဖို့၊ ရပ်တည်ချက်တူညီဖို့အလွန်အရေးကြီးပါတယ်။

။ငယ်ငယ်တုန်းကတော့ ယောက်ျားက ပိုက်ဆံရှာ၊ ယောက်ျား အင်အားကောင်းတော့ အပြင်မှာပွေချင်တိုင်းပွေ၊ သောက်စားချင်တိုင်း သောက်စား၊ အိမ်ကမိန်းမကို ခိုင်းဖတ်လိုသဘောထားပြီးအော်လိုက်ငေါက်လိုက် လုပ်တဲ့ ယောက်ျားမျိုးဟာ၊ အိမ်ထောင်သက် အနှစ် ( ၂၀ ) နောက်ပိုင်းမှာ သားသမီးတွေ ကြီးလာရင် သားသမီးများက အမေဘက်က ရပ်တည်တာ ခပ်များများဆိုတော့ အရင်က ခံခဲ့သမျှ ပြန်ဆပ်ရတတ်တယ်။ ဒါကြောင့် ကိုယ်အသက်ကြီးတဲ့အခါကိုယ့်မိန်းမက ကိုယ့်ကို တကယ်ကောင်းစေချင်ရင်ကိုယ်က သူတို့အပေါ် အရင်ကောင်းထားရတယ်။

၂။ အိုသိုက်
။ နေဖို့ထိုင်ဖို့ အိမ်တစ်လုံးရှိထားဖို့လိုပါတယ်။ အဲဒီအိမ်ကိုလည်း မသေမချင်း ထိန်းထားဖို့လိုပါလိမ့်မယ်။ ကိုယ်က မကြာမီသေတော့မယ်ဆိုပြီး စောစောစီးစီးထုခွဲပြီး အမွေ ခွဲမပေးလိုက်နဲ့၊ ကိုယ်နေဖို့ပျောက်သွားနိုင်တယ်။ မပျောက်သွားတာတောင်မှ သားသမီးမျက်နှာ (သို့) ချွေးမနဲ့ သမက်မျက်နှာကြည့်ပြီး အသက်ရှင်ရတာမတန်ဘူး။

၃။ အိုစာ
။ အိုစာမင်းစာကို ဆိုလိုပါတယ်။
ရွှေဖြစ်ဖြစ်၊ ပိုက်ဆံဖြစ်ဖြစ် ကိုယ့်အတွက်ကိုယ်ချန်ထားရတယ်။
သားသမီး စီးပွားရေးလုပ်ဖို့ အရင်းအနှီး မရှိဘူးဆိုပြီးအကုန်ထုတ်မပေးလိုက်နဲ့၊ အားလုံးပေးလိုက်ရင် အိမ်ကဆင်းသွားရနိုင်တယ်။
အချစ်ရဲ့သဘာ၀ဟာ နောင်မျိုးဆက်ကိုပဲ ဆင့်ပွားပါတယ်။ သားသမီးကို ချစ်တယ်ဆိုတာ သတ္တဝါတိုင်းရဲ့မွေးရာပါ သဘာဝဖြစ်ပါတယ်။ မိဘကိုရိုသေတယ်ဆိုတာ ဘာသာရေးအဆုံးအမနဲ့သွန်သင်ယူရတယ်။ မွေးမြူ ယူရပါတယ်။ အဲဒါကြောင့် မသေချာတတ်ဘူး။ မိဘများဟာ သားသမီး (၁၀) ယောက်ကို ‘အပြုံးမပျက်’ ကျွေးမွေးနိုင်ပေမဲ့၊ သားသမီး (၁၀) ယောက်ဟာ မိဘနှစ်ပါးကို ‘စူပုတ်လောက်အောင်’ ကျွေးမွေးရတယ် ဆိုတဲ့စကားပုံတစ်ခုကို ကြားဖူးပါတယ်။ ဒါကြောင့် မအိုသေးခင်မှာ ကိုယ့်အတွက် အိုစာချန်ပါ။

၄။ အိုရေး
။ အိုတဲ့အခါမှာ ရှိတဲ့ကျန်းမာရေးကိုအတိုကောက်ရေးလိုက်တာပါ။ အိုလာရင် ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ရတယ်။ မနက်တိုင်းလမ်းလျှောက်တာမျိုး အဖွဲ့လိုက်လေ့ကျင့်ခန်းလုပ်တာမျိုးပါ၀င်သင့်ပါတယ်။ ကောင်းကောင်းမလျှောက်နိုင်ရင်လည်း လှုပ်ရှားနိုင်သမျှအတတ်နိုင်ဆုံး ကိုယ်လက်လှုပ်ရှားပေးသင့်ပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးကောင်းမွန်ခြင်းဟာကိုယ့်အတွက်သာမဟုတ် သားသမီးများအတွက်ပါ။ လာဘ်တစ်ပါးဖြစ်ပါတယ်။ သူတို့တွေ ကိုယ့်အတွက် သိပ်မပူရရင်သူတို့အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်လို့ရတာပေါ့။

၅။ အိုစိတ်
။ အိုလာရင် စိတ်နေစိတ်ထားမှန်မှန်ကန်ကန် ထားတတ်ဖို့လိုပါတယ်။
ကိုယ်အသုံးမကျတော့ဘူးဆိုပြီး မသိမ်ငယ်သင့်ပါဘူး။ သေခြင်းတရားကို တွေးတောပြီး ကြောက်မနေသင့်ပါဘူး။ မမေ့မလျော့ နေထိုင်သင့်ပါတယ်။ တစ်ရက်အသက်ရှင်ရင် တစ်ရက်အမြတ်ပဲ၊ တန်အောင်အသက်ရှင်ရမယ်ဆိုတဲ့ စိတ်မျိုးမွေးမြူ ရပါမယ်။ ကျန်းမာရေးအဆင်ပြေရင် အလှူပွဲတွေ၊ ကူညီမူ၊ လှုပ်ရှားမူတွေ၊ ဘာသာရေးပွဲတွေကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါ၀င်လှုပ်ရှားသင့်ပါတယ်။ စိတ်ဓါတ်ရွှင်လန်းပြီး သန့်သန့် ပြန့်ပြန့် နေထိုင်သင့်ပါတယ်။

အသက်ကြီးသူများအားလုံး ကျန်းမာချမ်းမြေ့ နိုင်ကြပါစေ။
Credit to Thandar Han
Posted by Kopholamin lay

။ အိုတဲ့အကြောင်းစာကို ဒီနေ့ဖတ်ဖြစ်တာပါ။ ကိုယ့်ကိုယ်ကိုတော့ မအိုသေးဘူးလို့ ထင်နေမိတာပဲ။ လူတွေပြောကြတဲ့အိုခြင်းဟာ အိုချင်ကြတဲ့သူတွေက ပြောဆိုနေကြတာပါ။ တကယ်တော့ အိုခြင်းအရာဟာ ရှိနေပြီးသားတရားတစ်ပါးမို့ ရှာနေလို့မလိုပါဘူး။ အမြဲတမ်းအိုနေတာပါပဲ။

။ အသက်ငယ်ငယ်လေးနဲ့ ဆံပင်တွေဖြူတာ၊ သွားတွေကြွေတာ၊အသားအရေတွေ တွန့်လိပ်၊ တွန့်လိမ်နေတာဟာ အသစ်အသစ်တိုင်းရုပ်တွေရဲ့အားလုံးရင့်ရော်မှု​တွေပါပဲ။ မြင်နေရတာကို အိုနေတယ်လို့ထင်နေကြတာပါ။ တကယ်အမှန်ကတော့ အိုတယ်အိုတမ်းဆိုတာ စိတ်နဲ့သာသိအပ်တဲ့ မနောဝိညေယျတရားပါပဲ။

။ အိုခြင်းဆိုတာ မီးတစ်ပါးပါပဲ။ ဖြေးဖြေးလောင်နေတာနဲ့အမြဲလောင်နေတာနဲ့ပဲ မတူတာပါ။ လောင်နေတာတော့အမှန်ပါပဲ။ ဇရာမီးတောင်ကိုယ်တွင်းလောင်နေရပြီဆိုတာကိုပဲ အိုတဲ့သဘောဖြစ်နေပါပြီ။

။ ကိုင်း ” ဇရာကို ဘယ်လိုအိုလည်း မအိုသေးဘူး ကိုယ့်ရဲ့စိတ်နဲ့” ပဲ ဘဝကိုရပ်တည်နိုင်ကြဖို့ တရားကိုပဲ အဖော်ပြုကြပါစို့ရယ်လို့ပဲ ။

ဘုန်းအဲးခိုး
(၁၅.၄.၂၀၂၁) ရက်နေ့။

Loading

Categories
နိုင်ငံရေး ဗုဒ္ဓဘာသာ အထွေထွေဗဟုသုတ

။ ဘူတန်နိုင်ငံကိုရောက်ဖူးလား ။

။ ဘူတန်နိုင်ငံကိုရောက်ဖူးကြလားပါ။ ဘူတန်နိုင်ငံမှာ အမျိုးသား ၃၀% လောက်ဟာဘုန်းကြီးတွေဖြစ်ပြီး ၁၀ နှစ်အတွင်း တစ်နိုင်ငံလုံးမှာအမှုတစ်မှုပဲရှိခဲ့ပါတယ်။

။ အဲ့ဒီ အမှုကလည်း ဘုန်းကြီးကျောင်းထဲကိုဖိနပ်စီးပြီး ဝင်မိတာပါတဲ့။

။ ဘူတန်ဟာ World Map of Happiness ကမ္ဘာ့ပေ့်မှာ အပျော်ရွှင်ဆုံးနိုင်ငံများမြေပုံမှာ ပဉ္စမနေရာကိုယူခဲ့တာပါ။ ဘူတန်နိုင်ငံရဲ့ နယ်နိမိတ် အကျယ်အဝန်းက ၄သောင်း ၇ထောင် ကီလိုမီတာ ပတ်လည်ပဲရှိပါတယ်။ လူဦးရေပေါင်း ၆သိန်း ၇သောင်းကျော်သာ ရှိပြီး ဘူတန်လူမျိုး (၅ဝ%)နီပေါလ်လူမျိုး (၃၅%)နဲ့ ကျန်လူမျိုး (၁၅%) နဲ့နေထိုင်ကြတယ်။ (၇၅%) က ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး (၂၅%)က ဟိန္ဒူဘာသာတွေဖြစ်ကြတယ်။

။ အေဒီ ၁၉ဝ၇ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ တိုင်းပြည်ဖြစ်လို့ မြို့တော်က (Thimphu )ဖြစ်တယ်။

။ ဘူတန်နိုင်ငံရဲ့မြို့ကြီးမြို့ငယ်တွေမှာ လမ်းမှာတောင်းရမ်းသူမရှိဘူး။ လမ်းကျဉ်း လမ်းငယ်တွေမှာ မိန်းမရွှင်တွေမရှိဘူး။ ဆေးသမားတွေ မရှိဘူး။ တောင်ကြီးတောင်ငယ် အလျှိုလျှိုနဲ့ ဝိုင်းရံထားတဲ့နိုင်ငံမှာ ခမ်းနားတဲ့ အဆောက်အအုံတွေကိုမမြင်နိုင်သလို စုတ်ပြတ်ပြီး မိုးမလုံလေမလုံတဲ့ အိမ်ငယ်မျိုးလည်း မတွေ့ရဘူး။ အရက်ဆိုင်လည်း မရှိဘူး။
မြို့တော် (Thimphu ) မှာ နိုင်ငံတကာနဲ့ ဆက်သွယ်နိုင်တဲ့အင်တာနက်ဆိုင်ပေါင်း များစွာရှိတယ်။

။ ဘူတန်က နေထိုင်ကြတဲ့ အမျိုးသား အမျိုးသမီးတွေအားလုံးဟာ ရိုးရာဝတ်စုံကိုသာဝတ်ဆင် ကြတယ်။ အမျိုးသားတွေက (gol) လို့ခေါ်တဲ့ဒူးထိရှည်လျှားတဲ့ဝတ်စုံတစ်ထည်ကို ဝတ်ဆင်ကြပြီး အမျိုးသမီးတွေက (kira) လို့ခေါ်တဲ့ ခြေမျက်စိထိဖုံးတဲ့ ဝတ်စုံ ၃ ထည်ကို ဝတ်ဆင်ကြတယ်။

။ ဘူတန်က ကလေးလူကြီးမကျန်၊ ကုန်သည်၊ ကျောင်းသား၊ လက်လုပ်လက်စားတွေကို မေးကြည့်တဲ့အခါ သူတို့ဆီက တူညီတဲ့ စကားတစ်ခွန်းကို ကြားခဲ့ရတယ်။

။ အဲဒီစကားက “ကျွန်တော်တို့ ကျေနပ်တယ်၊
ရောင့်ရဲတင့်တိမ်တယ်” ဆိုတဲ့ စကားပဲဖြစ်တယ်။

။ ရိုးရာဝတ်စုံနဲ့ ဘူတန်ဘုရင် ( Jigme Singye Wangchuck ) က မိမိရဲ့တိုင်းပြည်ကို အပျော်ရွှင်ဆုံး တိုင်းပြည်အဖြစ် တည်ထောင်နိုင်ခဲ့သူပါပဲ။

။ Jigme Singye မင်းသားဟာ ခမည်းတော် နတ်ရွာစံပြီးတဲ့နောက် (၁၇) နှစ်အရွယ်နဲ့ ဘုရင်ဖြစ်လာခဲ့သူပါ ကမ္ဘာ့အသက်အငယ်ဆုံး ဘုရင်ဖြစ်လာခဲ့သူပါ။ ဘုရင် Jigme ဟာ အမေ့ရင်ခွင်မှာ ပျော်ပိုက်တဲ့အရွယ် ရှစ်နှစ်သားမှာပဲ အိန္ဒိယကို ပညာသင်ဖို့ ရောက်ခဲ့တယ်။

။ (၁ဝ) နှစ်သားမှာ အင်္ဂလန်နိုင်ငံကို ရောက်ရှိပြီး (၁၄)နှစ်မှာ အောက်စဖို့ တက္ကသိုလ်ကို တက်ရောက်ခဲ့တယ်။

။ ဘူတန်တိုင်းပြည်မှာ စစ်တပ်မမွေးဘူး။ လက်နက်အားမကိုးဘူး။ လူတန်းစားမရွေး ဘဲ ပြည်သူတိုင်းအခမဲ့ကျောင်းတက်ခွင့်၊ ဆေးကုသခွင့်ရှိတယ်။

။ ဘူတန်မှာ စာတတ်သူတွေက တစ်တိုင်းပြည်လုံးမှာ ၉၇% ရှိပြီး နိုင်ငံခြားထွက် ပညာသင်တွေထဲမှာ ၉၉%ဟာ ဘွဲ့ရပြီးနောက် တိုင်းပြည်ကို ပြန်လာကြသူတွေဖြစ်တယ်။

။ ဘူတန်က တစ်တိုင်းပြည်လုံး ဆေးလိပ်မသောက်ရလို့ တားမြစ်ထားတဲ့ တိုင်းပြည်ဖြစ်တယ်။ တစ်တိုင်းပြည်လုံးရဲ့ ဆေးလိပ်သောက်နှုန်းဟာ ၁% ပဲရှိခဲ့တယ်။

။ ပလပ်စတစ်အိတ် ဝင်ခွင့်ကိုလည်းပိတ်ပင်ထားတဲ့ နိုင်ငံဖြစ်တယ်။

။ ဘူတန်နိုင်ငံရဲ့ ပတ်ဝန်းကျင်မှာ ၇၂% က သစ်တောတွေဖြစ်ပြီး အာရှနိုင်ငံမှာ ပထမဆုံးသော သစ်တောမပြုန်းတီး နိုင်ငံဖြစ်တယ်။ ၂၆% ကို ပြည်သူတွေအပန်းဖြေတဲ့ပန်းခြံအဖြစ် ထားရှိခဲ့တယ်။

။ ရေအားလျှပ်စစ်ကို အသုံးပြုပြီး တစ်တိုင်းပြည်လုံး ၇၁% မီးအပြည့်အဝ ရရှိတဲ့နိုင်ငံဖြစ်တယ်။

။ သူတို့ လူမျိုးတွေကို နိုင်ငံခြားသား အထူးသဖြင့် ဗုဒ္ဓဘာသာ မဟုတ်သူတွေနဲ့ အိမ်ထောင်ပြုခွင့် မပေးပါဘူး။

။ ဘူတန် ဘုရင်ဟာ ၂၀ဝ၈ ခုနှစ်တုန်းကမှ သူ့သဘောနဲ့သူ သက်ဦးဆံပိုင် ဘုရင်စနစ် ကနေ စည်းမျဉ်းခံ ဘုရင်စနစ် ကို ပြောင်းလဲ ပေးခဲ့တာ ဖြစ်ပါတယ်။ စည်းမျည်းခံ ဘုရင်စနစ်ဖြစ်ပြီး ဘုရင်မှာ မိဖုရားတစ်ပါးသာ ရှိပါတယ်။

။ ပုံပြင်ဆန်ဆန် အချစ်ဇတ်လမ်းလေးလည်း ရှိပါတယ်။ အဲဒါကတော့..တစ်နေ့ ၁၇ နှစ်အရွယ် အိမ်ရှေ့မင်းသားဟာ တိုင်းခန်းလှည့်လည်တဲ့အခါမှာ ၇နှစ်သမီးအရွယ်မိန်းကလေးတစ်ယောက်က သူ့ကိုခေါ်သွားဖို့ ပြောပါတယ်။

။ အဲဒီအခါ မင်းသားက “ မင်းလည်း အရွယ်ရောက်အိမ်ထောင်မရှိတဲ့အခါ ငါလည်း အိမ်ထောင် မပြုရသေးရင် လာခေါ်မယ်” လို့ ကတိပေးခဲ့ပါတယ်။ နောင်တစ်ချိန် မင်းသားက အသက် (၃၁) နှစ် မိဖုရားက (၂၁) နှစ်အရွယ်မှာ ကတိအတိုင်း လက်ထပ်ခဲ့ပါတယ်။

။ ဘူတန်ဘုရင်လိုပဲ ကိုယ်လည်းငယ်ငယ်ကစဉ်းစားခဲ့ဖူးတယ်။ မိမိနေထိုင်တဲ့တိုင်းပြည်ကိုပေါ့။ ခုတော့ ဒီမိုကရေစီတိုင်းပြည်ဖြစ်သွားတော့ စိတ်ကူးခဲ့တာတွေ အားလုံးအလွဲပါပဲ။ မလွဲတာကတော့ ရဟန်းဖြစ်သွားလို့ပါပဲလေ။

အဲးခိုး( ၁၃.၄.၂၀၂၁) ရက်နေ့နံနက်။

Featured image: His Majesty With His People | His Majesty Jigme Khesar Namgy… | Flickr

Loading

Categories
စကားလက်ဆောင်

။ နွေဦးသစ်စ ပထမလ ။

။ အမှတ်မထင်
မထင်မှတ်ဘူး
သည်နွေဦးချိန်
ရွယ်စူးစိတ်တွေ သည်နွေမိန်။

။ မိန်လတပေါင်း
အားသစ်လောင်းစ
မြညောင်းသာယာ
သည်ချိန်ခါသည်
ရင်လွှာတမ်းတမ်း သည်နွေချိန်။

။ ရွှန်းရရွန်းရွှန်း
ကြည်သစ်လန်း၍
ပန်းပန်းနွမ်းနွမ်း
ခရီးကြမ်းလည်း
မနွမ်းရင်မှာ သည်လအိမ်။

။ နွေဦးသစ်သစ်
သည်လသစ်မှာ
နေ့သစ်အားသစ် ပိုင်နိုင်စေ။

အဲးခိုး (၁.၄.၂၀၂၁) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ တရားလက်ဆောင် ။

ညီညွတ်မျှတစွာ အသက်မွေးမြူပါ။

မတရားမှု မပြုပါနှင့်။

မတရားခြင်းကို ရွံမုန်းပါစေ။

မတရားသူကို လက်မတွဲပါနှင့်။

ယုတ်မာသူများနှင့်လည်း

အတူတူမနေပါနှင့်။

ဥာဏ်ရည်ဥာဏ်သား

ထက်မြက်ပါစေ။

တောင်ကလေးဆရာတော် (တောမှီရဟန်း – အဲခိုး)

Loading

Categories
စကားလက်ဆောင် ပညာရေး

။ မကြာမီ ။

။ စိန်ပန်းနီနီ
မကြာမီချိန်
ပွင့်သီလန်းတော့မည်။

။ စိန်ပန်းပွင့်ပြီ
ကျောင်းဖွင့်မည်ပေါ့
စိတ်လည်ရောက်ပြီ ကျောင်းတော်ဆီ။

အဲးခိုး(၂၈.၃.၂၀၂၁)

Loading

Categories
စကားလက်ဆောင်

။ မေတ္တာဓာတ် ။

နေ့နေ့ညည
မေတ္တာဓာတ်ကို
ဝေငှပေးဖို့ မမေ့နှင့်။

တောင်ကလေးဆရာတော် (အဲးခိုး)

Loading

Exit mobile version