Categories
နိုင်ငံရေး

။ နောင်နှစ်ခါ တန်ဆောင်မုန်း လှည့်ကြည့်ပါဦး ။

။ မနေ့က
မြင်ရတဲ့မြင်ကွင်းလေးတစ်ခု
မိသားစုအဆင်မပြေမှုပါ
ရှိစု, မရှိစု မိသားစုမို့လေးပေါ့
ပူမှုရယ်က ဆယ်ကုဋေပါပဲ။

။ ငယ်ငယ်ရွယ်ရွယ်လေး
အိမ်ထောင်သည်ပြုအတွေးကြောင့်
ဘာရယ်လို့မသိတတ်သေးတဲ့သူတို့အရွယ်
ကလေးလေးတပွေ့ပွေ့တဖက်ဖက်
အနှီးမလုံတဲ့ ပိတ်သားလေးနဲ့
ကိုယ်မလုံ ကလေးလေးဘဝကို
မြင်ရရင်မှာ အသဲကွဲလုမတတ်လောက်အောင်ပါပဲ။

။ သည်အရွယ်လေး
ကလေးမိခင် မဖြစ်သင့်သေး
ဒါတွေအတွေး မရောက်ဖြစ်ခဲ့
ငယ်ငယ်လေးနဲ့ မိခင်လောကရောက်ခဲ့ရ။

။ မိခင်လောက မိခင်သောကများရလို့
အားမကိုးရတဲ့ လင်သားတစ္ဆေက
ပေတေတေ အရိုက်အပုတ်တွေနဲ့
သူငါရှေ့ နောက်မဆုတ်တတ်
မြင်ရတဲ့ လူမှုမိသားစုအထုပ်ကို
စိတ်ပြုတ်လု မတတ်ပါပဲ။

။ နေရာတကာ
အချေးအငှားလေးနဲ့
နေဖို့နေရာ တဲစုတ်ဘေးမှာ
သည်ကလေး သည်မိခင် သည်ဖခင်
ဘယ်သူမှ မခင်မင်ကြ
မချစ်ကြလေတော့
ကျမျက်ရည် နှလုံးထိခိုက်။

။ ငယ်ရွယ်ချိန် မေ့
ကြီးချိန် ပိုမေ့နေရတဲ့
သူတို့ရဲ့အလှအပကို
တိုင်းပြည် မမဲ့
ပညာတွေ မမဲ့ဖို့
သူတို့ဘဝကို
ဘယ်သူတွေ ကယ်ကြမလဲ
ဘယ်သူတွေပို့ကြမလဲ။

။ “ပြည်အရေး အမြဲတွေးတဲ့
မြန်ပြည်သွေးအပေါင်း
ဘေးရန်များကင်းစေရေး” ကို
မေတ္တာရေး အတွေးသန့်သန့်နဲ့
ဖေးမလို့ ချိန်တန်ပြီပေါ့။

။ နောက်ဆုံး……….
သည်ကလေး
သည်မိခင်
သည်ဖခင်တွေကို
ဘယ်သူကယ်မ မြတ်ကြမယ်
ဘယ်သူကယ်မ ထကြမယ်
ဘယ်သူကယ်မ ရကြမယ် ဆိုတာကို
ပြည်တော်ကို လှည့်ကြည့်ကြဦး။။

တောမှီရဟန်း (အဲးခိုး) 

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး

။ တာဝန်နှင့် ဝတ္တရား ။

နိဒါန်း

။။။။။။။။။။။။။။။။။။။။

။ တာဝန်ဆိုတာ မလုပ်လို့မဖြစ် လုပ်ရတာဟာ ” တာဝန် ” ပါ။ အချိန်ရှိသမျှ အမြဲတမ်းလုပ်ရမှာက ” ဝတ္တရား ” ပါ။ ဒီတာဝန်နဲ့ ဝတ္တရားနှစ်ပါးကို တာဝန်ဆိုတာ ဝတ္တရားထက် ပိုအရေးကြီးပါတယ်။ ဝတ္တရားပျက်ကွက်တဲ့လူတစ်ယောက်အတွက် များများမနစ်နာပါဘူး။ တာဝန်ပျက်ကွက်ရင်တော့ တစ်မျိုးသားလုံးနဲ့ တစ်နိုင်ငံလုံးနစ်နာပျက်စီးတတ်ပါတယ်။

ဥပဒေအာဏာဆိုတာ

။။။။။။။။။။။။။။။။။။။။။။။။။။။

။ တိုင်းပြည်ရှိတဲ့နိုင်ငံသားဟာ အရေးအကြီးဆုံးတာဝန်မှာ တိုင်းပြည်ရဲ့ဥပဒေကို ရိုသေလေးစားလိုက်နာဖို့ပါပဲ။ သိဖို့ပါပဲ။နိုင်ငံတော်ရဲ့ဥပဒေဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့သဘောအရ ပြဋ္ဌာန်းထားတာမဟုတ်ဘဲ နိုင်ငံသားတိုင်း ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံ့ကိုယ်စားလှယ်မှာပါဝင်တဲ့ ဥပဒေပြုလွှတ်တော်က ပြုလုပ်ပြဋ္ဌာန်းထားတဲ့ ဥပဒေပါပဲ။ ဥပဒေပြုလွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေဟာ (ဥပဒေ အာဏာဟာ) နိုင်ငံသားထံမှဆင်းသက်လာတာဖြစ်တာကြောင့် နိုင်ငံသားတိုင်း ထိန်းသိမ်းလိုက်နာကျင့်သုံးရသည့်တာဝန် ရှိကြပါတယ်။

ပြင်ဆင်, ဖျက်သိမ်း

။။။။။။။။။။။။။။။။။။။။။။။။

။ ဥပဒေဆိုတာ အများကောင်းကျိုးအတွက်ပါ။ရိုသေလေးစားတန်ဖိုးထားရင်ထားသလို အဖိုးတန်ပါတယ်။ သို့မဟုတ် ဥပဒေက နိုင်ငံသားတွေကိုဆန့်ကျင်မှု ဖြစ်လာခဲ့ရင် ၊ လိုက်နာကျင့်သုံးဖို့ မလျော်ခဲ့ရင် အဲဒီဥပဒေကို ပြင်ဖို့ (သို့မဟုတ်) ဖျက်သိမ်းဖို့ ဥပဒေပြုလွှတ်တော်မှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုကြပြီး လိုအပ်ပါက ပြင်ဆင်ပေးရမယ်။ ဖျက်သိမ်းပေးရမယ်။

အတွက်အားလုံး

။။။။။။။။။။။။။။။။။။။။။

။ ကိုင်း

မြန်မာပြည် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူပြည်သားတွေအတွက် လိုက်နာကျင့်သုံးဖို့ လျော်, မလျော် ပြည်သူတွေ သိထားကြရမယ်။ ပြည်သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို သေသေချာချာ မလေ့လာထားကြတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူအားလုံးအတွက် ကောင်းကျိုးဖြစ်, မဖြစ်ဆိုတာကို သိထားရမယ်။ အကယ်၍ အကျိုးမရှိတဲ့အခြေခံဥပဒေဖြစ်ရင်

(က) ပြင်ဆင်လိုက ပြင်ဆင်နိုင်ရမယ်

(ခ) ဖျက်သိမ်းလိုက ဖျက်သိမ်းနိုင်ရမယ်။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို မြင်ဆင်, ဖျက်သိမ်းမလုပ်နိုင်ကြတာကြောင့် တိုင်းပြည်အတွက်, ပြည်သူလူထုအတွက် နစ်နာနေကြရပါတယ်။

နိဂုံး

။။။။။။။။။။။

။ (၁) တာဝန် ရှိသည့်ပြည်သူများ

(၂) ဝတ္တရားရှိသည့်ပြည်သူများ ဘယ်လိုမျိုး အခြေခံဥပဒေကို ပြင်ဆင်, ဖျက်သိမ်းနိုင်ကြမလဲ။ အများကောင်းကျိုး ဥပဒေက ဘယ်လို ဥပဒေမျိုးပါလဲ? လေ့လာသိမြင်သင့်ပါပေတယ်။

ရင်ကိုအေးမြပါစေသား (အဲးခိုး)

Featured image: Compare and Contrast Duty and Responsibility – ppt video online download (slideplayer.com) by Kallie Dryden

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ

အနေမမြတ်ရင်သေတတ်မှာ မဟုတ်ဘူး

တစ်နေ့ ‘ကိုယ်လဲသေရဦးမှာပဲ’ ဆိုတာ ခုကတည်းကသိထားပြီးဖြစ်ပါတယ်။

ရှောင်လွှဲလို့မရတဲ့ ဒီလမ်းအတွက်အသက်သာဆုံး နည်းကောင်းကိုရှာဖွေထားဖို့ အရေးကြီးပါတယ်။

မအို၊ မနာ၊ မသေခင် ရှင်နေစဉ်မှာ မိဘကိုလုပ်ကျွေး။
ဘဝလည်း အေးမြအောင် စိတ်ဓာတ်မြင့်မြင့်ထားမှ တော်မယ်လို့ခံယူလိုက်မိပါတယ်။

ဘဝနေညိုချိန် မရောက်ခင် အင်အားရှိရှိ လုပ်ကိုင်နိုင်တုန်းမှာ ဒါန၊ သီလ၊ ဘာဝနာတွေ လုပ်ထားဖို့၊ ကိုယ်ခံအားကောင်းဖို့ အရေးကြီးပါတယ်။

‘အနေမမြတ်ရင် သေတတ်မှာမဟုတ်ဘူး’

ဆိုတဲ့စကားဟာ လူသားအားလုံးကို မီးမောင်းထိုးပြတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။

တောမှီရဟန်း၏ ကိုယ်တွေ့ဖြစ်ရပ်ဆန်းစာအုပ်မှ…

Loading

Categories
စာအုပ်ကောက်နုတ်ချက်များ ဗုဒ္ဓဘာသာ

။ တရားရှာကိုယ်မှာ တွေ့ပါသတဲ့ ။

သူလိုငါလို လူဖြစ်လာကြ၊ သူလိုငါလို နေထိုင်သွားကြပြီး
သူလိုငါလို ငါလိုပဲ ရခဲတဲ့ဘဝကို
အဆုံးရှုံးခံပြီး ကြွေသွားကြတော့မှာလား။

မိရိုးဖလာ ကိုးကွယ်မှုတွေ၊ ဘယ်သူ့ကိုမှ အကျိုးမပြုတဲ့ ယုံကြည်မှုတွေ၊
ပ, သ ပူဇော်မှုတွေနဲ့ ဘဝကို ရေစုန်မျှောပစ်ကြတော့မှာလား။

ကိုယ့်ကိုယ်ကို ဆန်းစစ်ပြီး လက်တစ်ကမ်းမှာ ရှိနေတဲ့ အစစ်အမှန်၊ အမွန်မြတ်ဆုံးဖြစ်တဲ့ ရတနာကို မိမိရရ ဆုပ်ကိုင်နိုင်ဖို့ အချိန်တန်ပါပြီ။

‘တရားရှာ ကိုယ်မှာ တွေ့ပါသတဲ့’

တောမှီရဟန်း၏ ကိုယ်တွေ့ဖြစ်ရပ်ဆန်းစာအုပ်မှ…

Loading

Categories
စကားလက်ဆောင်

။ ပုံပြင်ကလေးနဲ့ ထိုသစ်ပင် ။

။ နေခြည်နုအေးတဲ့ထိုနေ့
မိုးကောင်းကင်က တိမ်ပြာလေးပေါ့
လောကအားလုံးတိတ်ဆိတ်ငြိမ်သက်
သဘာဝကျတဲ့အချိန်အခါနဲ့
ဓမ္မဖြစ်စဉ်ပြတဲ့ သစ်ပင်လေးတစ်ပင်။

။ သူ့မှာ
သံယောဇဉ်
အနုသယ
ကိလေသာ
မာန်မာန
အဝိဇ္ဇာ စတဲ့တရားတွေမရှိဘဲ
အဝိညာဏက (အသက်မရှိ)
အဝိုင်းအဝန်းလေးပါ။

။ သို့သော်
သူ့မှာ အဲဒီတရားတွေကင်းလို့
လောကအတွက် တင့်တယ်လေခြင်းပဲလို့
ထင်ရလေရဲ့။

။ ဆိုလိုက်ကြပါစို့
လူမှာ လူလိုအတ္တ
သူ့မှာ လူလိုအတ္တ
မာနတွေ
အတ္တတွေ မရှိတာတော့ အမှန်ပဲ။

။ ဒါပေမယ့်
အဝိညာဏက
ပင်ရုပ်ဖြစ်ရလည်း
သရုပ်မပျက်
သရုပ်ကွဲအောင်
နေပြသေပြရသေးတယ်လေ။

။ ဒီနေ့တော့
ဒီနေ့အဖို့တော့
သစ်ပင်အိုချောက်
အသက်ပျောက်ခဲ့ရလည်း
သူ့မှာ အလှအတ္တကလေးက
လောကအတွက် အကျိုးဆက်နေရင်
သူသူငါငါ
ဘယ်သူဘယ်ဝါ
ပုံပြင်လေးတော့ရှိစမြဲပဲလေ
အတ္တသစ်ပင်လေးလား
မာနသစ်ပင်လေးလား
သူ့အကြောင်းနဲ့သူ့ပုံပြင်ပေါ့
ဒီနေ့တော့ သစ်ပင်ချောက်လေး
သူ့ပုံပြင်ပေါ့။

တောင်ကလေးဆရာတော် (အဲးခိုး)
ခေတ္တ USA , ဝီလျံမြို့ကလေး။
၁၇-၉-၂၀၁၅ ရက်နေ့။

Loading

Categories
နိုင်ငံရေး အခြား

ဥပဒေအရည်အသွေး – အဲးခိုး

ဥပဒေအရည်အသွေး –တောမှီရဟန်း

 တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိ သည်”” ဟူသော အဓိက ပိုင်ရှင်ကဲ့သို့ ဆိုထားသည်ကြောင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် တပ် မတော် တာဝန်ရှိသူများ လက်ခံခြင်းမရှိပါက ပုဒ်မ ၄၃၆(က) (ခ) တွင် မည်သို့ပင်ဆိုစေ ပြင်ဆင်ရန် ရနိုင်မည်မဟုတ်…

နိဒါန်းအရည်အချင်းပြည့်မီသော နိုင်ငံရေးစနစ်များတွင် ဥပဒေစိုးမိုးရေး၌ ပါဝင်သည်။ နိုင်ငံရေးဆိုင်ရာ အခွင့် အရေး၊ ပြည်သူ့ လွတ်လပ်ရေးနှင့် နိုင်ငံရေး တန်းတူညီမျှမှုရှိရန် နိုင်ငံတော်အာဏာကို အလွဲသုံးမှု အန္တရာယ်များ မရှိ စေရန် ဥပဒေစိုးမိုးရေးသည် နိုင်ငံရေးစနစ်၏အရည်အသွေးဖြစ်သည်။

တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်”” ဟူသော

အဓိက ပိုင်ရှင်ကဲ့သို့ ဆိုထားသည်ကြောင့်

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်

တပ်မတော်တာဝန်ရှိသူများ

လက်ခံခြင်းမရှိပါက

ပုဒ်မ ၄၃၆(က) (ခ) တွင် မည်သို့ပင်ဆိုစေ ပြင်ဆင်ရန် ရနိုင်မည်မဟုတ်…

ဥပဒေပြုခြင်းစနစ်

နိုင်ငံတစ်ခု၌ ပိုင်ဆိုင်ကြသော အချုပ်အခြာအာဏာကို

(၁) ဥပဒေပြုရေးအာဏာ၊

(၂) အုပ်ချုပ်ရေးအာဏာနှင့်

(၃) တရားစီရင်ရေးအာဏာဟူ၍ ခွဲခြား(ခွဲခြမ်း)ထားသည်။ ဥပဒေပြုရေးသို့ မဟုတ် ဥပဒေပြုခြင်းကို နိုင်ငံရေး အာဏာ ၏ပင်စည်မူလရေသောက်မြစ်ဖြစ်၏။ အာဏာကြီးသုံးရပ်တို့တွင် ဥပဒေပြုရေးအာ ဏာကိုကျင့်သုံးရန် လွှတ်တော်ကို အပ်နှင်း ထားသည်။ မြန်မာပြည်နိုင်ငံရေးစနစ်အရ ဥပဒေပြုခြင်းစနစ်ကို ပြည်ထောင်စု လွှတ် တော်ကို အပ်နှင်းထားသည်။ ဥပဒေပြုခြင်းတွင် ဥပဒေသစ်များတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြု ခြင်း၊ ပြဋ္ဌာန်းခြင်း၊ ပယ်ဖျက်ခြင်းစသည်တို့ဖြင့် ပါဝင်သည်။

တစ်နည်း – အပြန်အလှန်ထိန်း ကျောင်းသောစနစ်အရ

(က) အုပ်ချုပ်ရေးတာဝန်ခံ- သမ္မတ။

(ခ) ဥပဒေပြုရေးတာဝန်ခံ-လွှတ်တော်။

(ဂ)တရားစီရင်ရေးတာဝန်ခံ- ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ကို ခွဲဝေအပ်နှင်း၍ ကျင့်သုံးသည်။ နိုင်ငံရေး သုံးသပ် သူတို့က ယင်းတို့သည် အာဏာရှင်သုံး ယောက်ဖြစ်မလာနိုင်။ တစ်ဦးတည်း အာ ဏာရှင်စနစ်ကိုလည်း တားမြစ်ပြီးဖြစ် သည်။ သမ်္မတဦးဆောင်သောပြည်ထောင် စုအစိုးရနှင့် ဝန်ကြီးချုပ်ဦးဆောင်သော ပြည်နယ် တိုင်းအစိုးရအဖွဲ့ ထားရှိခြင်းဖြင့် ပြည်ထောင်စုစနစ် ပီပြင်မှုရှိသည်ဟု နိုင်ငံ ရေးလေ့လာသူတို့ကဆိုသည်။

အလေးထားဆောင်ရွက်ရမည်

ခေတ်အချိန်အခါပြောင်းလဲနေ၍ ဥပဒေအရပ်ရပ်သည်လည်း ခေတ်ချိန်ခါနှင့် မလျော်ညီသော ဥပဒေများဖြစ်လာ တတ် သည်။ ဤသို့ဖြစ်လာသောအခါ ပြင်ဆင် လိုခြင်း၊ ဖြည့်စွက်လိုခြင်း၊ ဖျက်သိမ်းလို ခြင်းများဖြစ်လာ တတ် သည်။ ခေတ်ပြောင်းခြင်းသည် ဥပဒေအရာ၌လည်း ပြောင်းပေးရသော သဘောရှိသည်ကြောင့် ပြည်ထောင် စုစနစ်ဖြင့် တည်ထောင်ထားသော တိုင်း ပြည်များအလေးထားရမည်။ ဒီမိုကရေစီ နိုင်ငံရေးစနစ်အရ မိမိတစ်မျိုး သားလုံးအရေးကို (သို့မဟုတ်) အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လိုလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်သတိ ပြုရမည်။ ဥပဒေဟောင်းများ ပြင်ဆင်ခြင်း၊ ဥပဒေသစ် များ ပြဋ္ဌာန်းခြင်း သည် ပြည် ထောင်စုစနစ် တည်ထောင်သော တိုင်းပြည်များ အလေးထားဆောင် ရွက်ရမည့် နိုင်ငံရေး ကျင့်သုံးမှုဖြစ်သည်။

မြင်နိုင်သည်

ဥပဒေပြုခြင်းစနစ်သည် မြန်မာပြည်တွင် လွှတ်တော်နှစ်ရပ်ဖြင့်ဦးဆောင်သော (ပြည်ထောင်စုလွှတ်တော်) ဥပ ဒေပြုခြင်း စနစ်ကိုကျင့်သုံးသည်။ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးကို တာဝန်ယူ၊ တာဝန်ခံ ရသည်။ ပြည်ထောင်စုလွှတ်တော်က အကြွင်းမဲ့ ဥပဒေပြုရေးကို တာဝန်ယူ၊တာဝန်ခံရသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တရားစီရင်ရေးကို တာဝန်ယူ၊ တာဝန်ခံရသည်။ နိုင်ငံရေးစနစ်အရ အချုပ်အခြာ အာဏာ သုံးရပ်လုံးကို တစ်ဦးတစ်ယောက်တည်းဖြင့် ချုပ်ကိုင်မှုပြုထားလျှင် အာဏာရှင်စနစ်ဘက် သို့ ရှေးရှု ရောက် သွားနိုင်သည်ကြောင့် အာဏာယစ် မူးခြင်း၊ အာဏာတည်မြဲခြင်းရန်မှ လွတ်ကင်းရန်(တားမြစ်ရန်) အာဏာကြီး သုံးရပ်ကို တစ်ဌာနစီ အလျားလိုက် ပိုင်းခြားသတ် မှတ်ထားရသည်။ ဤသို့သာ မရှေးရှုနိုင် သော နိုင်ငံရေးသည် တိုင်းပြည်အတွက် အန္တရာယ်များသည် မြန်မာနိုင်ငံရေး အ ကြောင်းကိုလေ့လာပါက ဖြစ်ရပ်မှန် များမြင် နိုင်သည်။

၂၀၀၈ခုနှစ် အခြေခံဥပဒေကပြသည်

မြန်မာပြည် ဥပဒေပြုရေးနှင့်စပ်လျဉ်း၍ ဥပဒေပြုမှုအာဏာကို

၁။ အမျိုးသားလွှတ်တော်၊

၂။ ပြည်သူ့လွှတ်တော်၊

၃။ ပြည်နယ်လွှတ်တော်၊

၄။ တိုင်းဒေသကြီးလွှတ်တော်၊

၅။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့တွင် ဥပဒေပြုရေး အာဏာခွဲဝေအပ်နှင်း ထားသည်ကို တွေ့ရသည်။ ဤသို့ ဥပဒေ ပြုခွင့် အာဏာရပ်ပေးထားမှု (ခွဲဝေမှု)ပြု ထားသည်ဆိုသော်လည်းကျင့်သုံးဆောက် တည်နိုင်မည့် ဥပဒေ တစ်ရပ်ဖြစ်လာနိုင်ရန်။ ပြည်ထောင်စုလွှတ်တော်က ချုပ်ထိန်းထားသည်ကို တွေ့ရသည်။ မြန်မာပြည်တွင် တိုင်း ရင်းသားလူမျိုးများဖြင့် တည်ထောင်သော ပြည်ထောင်စုတိုင်းပြည် ဖြစ်သည်ကြောင့် တိုင်းရင်းသား လူမျိုးများ အချုပ်အခြာအာဏာကို ကိုယ်ပိုင်ပြဋ္ဌာန်း နိုင်ခွင့်ကို ကန့်သတ်ချုပ်ချယ်သော ဥပဒေ တစ်ရပ်အဖြစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် (အခြေခံဥပဒေက)ပြသည်။

ပြင်ဆင်ရန် ရနိုင်မည်မဟုတ်

၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ခွင့်ရှိသော အခွင့်အရေးနှင့် ပတ်သက်၍ ယင်း၏ အခန်း(၁၂)၊ ပုဒ်မ ၄၃၆ -ပုဒ်မခွဲ(က)အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ““ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ”” ဟူသော စကားရပ်ဖြင့်လည်းကောင်း၊

(ခ) အရ““ထောက်ခံဆန္ဒမဲဖြင့်သာ”” ဟူသော စကားရပ်ဖြင့်လည်းကောင်းဥပဒေ ပြင်ဆင်နိုင်ခွင့်စကားရပ်၌ လုပ်ထုံး လုပ်နည်းအကျိုးမဲ့စေသော သို့မဟုတ် တားမြစ်ခြင်းစကားရပ် အကြွင်းမဲ့ပါရှိခြင်းကြောင့် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေများ ပြင်ဆင်နိုင်ခွင့် အလားအလာမရှိပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တည်ဆဲ ဥပဒေ များကို ပါတီများလိုက်နာကြရမည် ဖြစ်ခြင်း။ တစ်နည်းပါတီများသည် နိုင်ငံတော်၏ ကျေးဇူး သစ္စာတော်ကို စောင့် သိရိုသေရန်တာဝန်ရှိခြင်း၊တစ်နည်းပါတီများသည် တာဝန်ကြီးသုံးပါးဖြစ်သော

(က) ပြည်ထောင်စုမပြိုကွဲရေး၊

(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊

(ဂ) အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရ မည် ဖြစ်သည်ကြောင့် ၂၀၀၈ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေများ ပြင်ဆင်နိုင်ရန် တရား ဝင်ဖွဲ့စည်းထားသောပါတီများလည်းအခြေ ခံဥပဒေပါမူကို လွတ်လပ်စွာပြင်ဆင်နိုင်ခွင့် ရရန်မလွယ်ကူပေ။ ပြည်သူပြည်သားများက ““နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦး ဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်”” ဟူသောပုဒ်မ၆၊ ပုဒ်မ ခွဲ(စ)ကို အမြဲတစေ သိထားကြသည်ကြောင့် တပ်မတော်၏ အစဉ်အလာလုပ်ရပ် များကို ကြောက်ရွံ့နေကြသည်။ အမျိုးသားနိုင်ငံ ရေး၌ တပ်မတော်အစဉ်တစိုက် ဦးတည် ပါဝင်ရေးဖြစ် သည် ကြောင့် ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ)အရ ““တပ်မတော်သည် နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့် ရှောက် ရန် အဓိကတာဝန်ရှိသည်””ဟူသော အဓိက ပိုင်ရှင်ကဲ့သို့ ဆိုထားသည်ကြောင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရန်တပ်မတော်တာဝန်ရှိသူများ လက်ခံခြင်းမရှိပါက ပုဒ်မ ၄၃၆(က) (ခ) တွင် မည်သို့ပင်ဆိုစေ ပြင်ဆင်ရန် ရနိုင်မည် မဟုတ်။

လေးစားတန်ဖိုးမြတ်နိုးသင့်

၂၀၀၈ခုနှစ်၊ မေလ ၁၀ရက်နှင့် ၁၄ရက်တို့တွင် မြန်မာပြည်တစ်ဝန်းလုံးရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၇၂၈၈၈၂၇)ဦး အနက်ဆန္ဒမဲပေးသူဦးရေ (၂၆၇၇၆၆၇၅)ဦး (၉၈ ဒသမ၁၂)ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ကြပြီး ထောက်ခံဆန္ဒမဲ ပေးသူ ၂၄၇၆၄၁၂၄ဦး (၉၂ဒသမ၄၈)ရာခိုင်နှုန်းအရ ဖွဲ့စည်းပုံအ ခြေခံဥပဒေကို (၂၉၊၅၊၂၀၀၈)ရက်နေ့တွင် အတည်ပြု ထားသော ပြည်သူ့ဥပဒေသည် ယခုအချိန်တွင် ပြင်ဆင်နိုင်ရန် နည်းအမျိုးမျိုးစီစဉ် သုံးသပ်နေကြပါ သော်လည်း အဓိက တာဝန်ထားရှိကြသော တပ်မတော်က လက်ခံနိုင်ခွင့်မရှိ လျှင် ပြည်သူ့ဥပဒေ သို့ မဟုတ် ပြည်ထောင်စုနို င်ငံရေးစနစ် ဥပဒေ ဖြစ်လာမည်မဟုတ်။ စစ်ဥပဒေသာတည် ရှိနေဦးမည်။ ဤသဘောတရားကို တိုင်း ကျိုးပြည် ဝန်များထမ်းဆောင်နေကြသော လွှတ်တော်အမတ်မင်းများသည် မည်ကဲ့သို့ ထိတွေ့ ဆက်ဆံ အား ထုတ်ကြရမည်ကို ပြည်သူတို့၏ ဆန္ဒကိုလေးစား တန်ဖိုးထားသင့် သည်။ ပြည်သူ့ကိုယ်စားလှယ်အစစ် အမှန်ဖြင့် ပြင်ဆင်သော ဥပဒေတစ်ရပ် ဖြစ်ပေါ်လာစေရေး အတွက် ပြည်သူ့ကောင်းကျိုးတို့ကို လိုလား နှစ်သက် ကြသော ပြည်သူ့ကိုယ်စားလှယ်အမတ်မင်းများ အခြေခံ ဥပဒေပုဒ်မ(၈)ကို လေးစားတန်ဖိုးမြတ်နိုး သင့်ကြ သည်။

ရွေးချယ်အသုံးချမှုပြုထား

လွတ်လပ်သော ဥပဒေတစ်ရပ် (ဥပဒေတစ်ခု) တည်ထွန်းနိုင်ရန်အတွက် နိုင်ငံရေးပါတီများကိုင် စွဲထား သောအာဏာများဖြင့် ဥပဒေပြုခွင့်ကိစ္စရပ်များကို ဝင်ရောက် မခြယ်လှယ်သင့်။ ပြည်သူ့ အကျိုးစီးပွားကို ဦးတည်၍ ဆောင်ရွက်သင့်၏။ သြဇာအရှိန်အဝါ၊ အရေးအရာရပိုင်ခွင့်တို့ဖြင့် ပြည်သူ များမျှော်လင့်သော ဥပဒေများ ပြင်ဆင်နိုင် မည်မဟုတ်။ ပြည်ထောင်စုအရေးဟု ဆိုပေငြားလည်း တစ်ဦးတစ်ယောက် စိုးမိုး နိုင်ရန်ပြည်သူ့ဆန္ဒဖြင့် ရေးဆွဲတည်ဆောက်မည့် ဥပဒေဖြစ်ပေါ်နိုင်မည်မဟုတ်။ အုပ်စိုးလိုသူ တစ်ဦး တစ်ယောက်၏ ဆန္ဒဖြင့်လည်း တိုင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုရေးဆွဲ၊ပြင်ဆင်နိုင်မည်မဟုတ်။ ပြည်သူ့ ရပိုင်ခွင့်သို့မဟုတ် ပြည်သူတို့၏အခွင့်အရေး ဖြစ်သော ဥပဒေတစ်ခုတွင် ဒီမိုကရေစီအစိုး ရများရှိနေလျှင်လည်း လွယ်လင့်တကူ ပြင်ဆင်ရေးဆွဲနိုင်ကြမည် မဟုတ်။ ထို့ အတူ အာဏာရှင်များ၏ ရေးဆွဲထားသော ဥပဒေသည် ထင်တိုင်း ရေးဆွဲထားသည်ေ ကြာင့် ပြင်ဆင် ရန်(ရေးဆွဲရန်)ခက်ခဲမည် မမဖြစ်၏။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေ့လာကြည့်ပါက မည်မျှပြု ပြင်ရန် ခက်ခဲနေသည်ဆိုသည်မှာ ထင်ရှား စွာမြင်နိုင်ပါသည်။ အခြေခံ ဥပဒေများရေး ဆွဲ(ရေးသွင်း)ထားမှုအားလုံးလိုလိုပင် ဆန့်ကျင်ဥပဒေစကားရပ်များ ရွေးချယ်အသုံး ချမှုပြုထား ကြသည်ကို တွေ့မြင်နိုင်သည်။

ရန်သူအတွက်ဥပဒေ

ပြည်သူ့ကိုယ်စားပြုသော ဥပဒေမှန် လျှင် –

၁။ ရှေ့သို့မျှော်မှန်းကြည့်နိုင်ရမည်။ ပွင့်လင်းရမည်။ ရှင်းလင်းရမည်။

၂။ အနှိုင်းယှဉ်ခံနိုင်ရမည်။ တည်ငြိမ် ရမည်။

၃။ တည်ငြိမ်သောဥပဒေမှ စီးဆင်းမှု ဖြစ်ရမည်။

၄။ တရားစီရင်ရေးလွတ်လပ်မှုကို အာမခံပေးနိုင်ရမည်။

၅။ တရားစီရင်ရေးမူများကို ထိန်းနိုင် ရမည်။

၆။ တရားဥပဒေအခွင့်အာဏာများ ကို ထိန်းသိမ်းပေးရမည်။

၇။ ဥပဒေကြောင်းမှ သွေဖည်ခြင်းကို ထိန်းကျောင်းနိုင်ရမည်ဟု ဆိုထားသည်။ ပြည်သူ့ဥပဒေ ဟု ပေါ်ထွက်လာသော-

(က) ၁၉၄၇ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊

(ခ) ၁၉၇၄ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊

(ဂ) ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟူသော မြန်မာပြည်အုပ်ချုပ်မှုအခြေ ခံဥပဒေတို့တွင်

(၁) မြန်မာပြည်နိုင်ငံရေးဆိုင်ရာ အခွင့် အရေး၊ လွတ်လပ်မှုများနှင့်အစိုးရ တစ်ရပ်ကို အာမခံမပေးနိုင်ခြင်း၊

(၂) လူဦးရေအားလုံး၏ပြည်သူ့ အခွင့်အရေးတို့ကို ကိုင်စွဲထားရန်အခွင့်အလမ်း မပြည့်ဝခြင်းနှင့်၊

(၃) အစိုးရနှင့် ပြည်သူတာဝန်ခံမှုနှင့် တာဝန်ယူမှုဆိုင်ရာ ထိန်းချုပ်မှုမရှိနိုင်ခြင်း တို့ကြောင့် အဟောသိကံ ဖြစ် ရသော ဥပဒေများဖြစ်သည်။

““ငါနှင့် ငါ့မိသားစုများအတွက် လိုချင်မှု ဟူသမျှ အကုန်ရစေ။ ငါ့ရန်သူအတွက် ကိုတော့ဖြင့် ဥပဒေအတိုင်းပေး ရမည်”” ဟူသောစကား မကြားရပါလို၏ ပြည်သူတို့ရဲ့။

Photo by Wesley Tingey on Unsplash

Loading

Categories
ပညာရေး

ကရင်စာပေအက္ခရာ ဖြစ်ပေါ်လာပုံ

တောမှီရဟန်း (တောင်ကလေးအေးရိပ်သာ – ဘားအံ)

ကရင်လူမျိုးတို့သည်နေထိုင်လာခဲ့သော မက်ဆိုပိုတေးမီးယားဒေသနှင့် ရှိနလွင်ပြင်မြစ်နှစ်မွာဒေသတွင် ကရင်လူမျိုးတို့သည် စာရေးခြင်းအတတ်ပညာကို တတ်မြောက်ခဲ့ကြပြီဟု သမိုင်းသုတေသီတို့က ဆိုကြ၏။

အစောဆုံးကမ္ဘာ့စာပေဘီစီ (၄၀၀၀)နှင့် (၃၀၀)ခန့်တွင် ဆူမာရီးယန်းလူမျိုးသည် မျှားသွားပုံ အက္ခရာနှင့် စာရေး၍ အီဂျစ်လူမျိုးတို့သည် အရုပ်စာဖြင့် ကမ္ဘာ့ပေါ်တွင် အစောဆုံးစာရေးနည်း ရေးသားကြသည်ကို သမိုင်းပညာရှင်တို့ကဆို၏။

ကမ္ဘာ့အနှံ့ဆူမားရီးယန်းလူမျိုးတို့သည် ကျူနီဖေါင်းစာရေးနည်းကို ဆီမိုက်အနွယ်ဝင် ဘက်ဘီလုံးနီးယန်းလူမျိုးနှင့် အဆီးနီးယန်းလူမျိုးတို့က ဘီစီ (၂၅၀၀)ခန့်တွင် လက်ခံရယူခဲ့ပြီး ၎င်းတို့ထံမှ တစ်ဆင့် အင်ဒိုဥရောပအနွယ်ဖြစ်သော ဟစ်တိုက်နှင့် ပါရှန်းလူမျိုးတို့ထံမှ ဘီစီ (၁၅၀၀) နှင့် (၆၀၀)ခန့်တွင် အသီးသီးပြန့်နှံ့ခဲ့သည်။

အနောက်ဆီမင်းတစ်အနွယ်သည် ဖီနီရှန်ကုန်သည်များထံမှတစ်ဆင့် ဂရိလူမျိုးတို့က စာရေးနည်း အတတ်ပညာကို ဘီစီ (၉၀၀)ရာစုခန့်တွင် ရရှိကြပြီးလျှင် ဂရိတို့ထံမှတစ်ဆင့် လက်တင်၊ ပြစ်သစ်၊ ဂျာမန်စသော ဥရောပဘာသာစပေများ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပေသည်။ ၁၅-ရာစုနှင့် စာပုံနှိပ် အတတ်ပေါ်ပေါက်လာခြင်းနှင့် သာသနာပြုပုဂိုလ်တို့၏ ကြိုးပမ်းအားထုတ်မှုကြောင့် စာရေးခြင်းအတတ်သည် ကမ္ဘာ့အနှံ့အပြားပျံ့နှံ့ခဲ့ပေ၏။

အာရှရောက်စာပေအက္ခရာအရှေ့တောင်အာရှနိုင်င့များဖြစ်သည့် အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါလ်၊ တိဗက်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့၏ အသုံးပြုလျှက်ရှိသော အက္ခရာများမှာ အိန္ဒိယနိုင်ငံ၏ ဘီစီ (၇)ရာစုနောက်ပိုင်းတွင် ထွန်းကားလာသည့် ဗြဟ္မီအက္ခရာများဖြစ်၏။

ဆိမိတစ်အက္ခရာမှ ဗြဟ္မီအက္ခရာ

ဗြဟ္မီအက္ခရာသည် ဘီစီ (၈၉၀)ခန့်က ဖီနီရှန်ကျောက်စာများတွင် တွေ့မြင်ရသော မြောက်ပိုင်း ဆိမိတစ်အက္ခရာမှ ဆင်းသက်လာခဲ့ကြောင်းတွေ့ရှိရသည်။ ၎င်းတို့အက္ခရာများကို မက်ဆိုပိုတေးမီးယားဒေသမှရှိသော လူမျိုးစုများက ယူဆောင်လာခဲ့ရာမှ ဘီစီ (၃)ရာစုခန့်က အသောကဘုရင်ကျောက်စာများကို ရေးထိုးထားသော အချိန်မှစ၍ ဗြဟ္မီအက္ခရာဟု အမည်တွင်လာခဲ့ခြင်းဖြစ်၏။

မြန်မာနိုင်ငံရှိ အက္ခရာ

မြန်မာနိုင်ငံတွင် ယနေ့ရေးသားသောအက္ခရာသည် အိန္ဒိယနိုင်ငံ ဘီစီ (၆)ရာစုခန့်တွင် စတင်ထွန်းကားခဲ့သော ဗြဟ္မီအက္ခရာပွားများဖြစ်ခဲ့ကြောင်း ပညာရှင်တို့က လက်ခံကြသည်။ အေဒီ (၄)ရာစုနှစ်ခန့်က သရေခေတ္တရာ ပျူလူမျိုးတို့ ရေးသားလျှက်ရှိသော အက္ခရာသည် အိန္ဒိယမြောက်ပိုင်းသုံး -ကဒမ္ဘ-အက္ခရာ-ဖြစ်ကြောင်း ပညာရှင်များက လက်ခံကြသည်။

(ခင်ဘကုန်း – ရွှေပေချပ် (၂၀) ကို လေ့လာပါ)

ကရင်လူမျိုး ပလ္လဝအက္ခရာ

ကရင်တို့သည် မက်ဆိုပိုတေးမီးယားဒေသရှိ ရှိနလွင်ပြင် မြစ်နှစ်မွှာဒေသမှ ရေးသားတတ်မြောက်သော စာပေကို မြန်မာနိုင်ငံသို့ ရောက်ရှိသောအခါ အက္ခရာသစ်များရေးသားတီထွင်လာ၍ မူလရေးသားသော -ဆိမိတစ်အက္ခရာ- ကို အသုံးမပြုတော့ဘဲ -ပလ္လဝအက္ခရာ-ကို ဆန်းသစ်တီထွင်ကာ ရေးသားလာခဲ့ကြသည်ဟု စာပေအက္ခရာသမိုင်းပညာရှင်တို့က ဆိုကြ၏။

မွန်နှင့်ကရင် အက္ခရာတူကြ

ကရင်တို့သည် မြန်မာနိုင်ငံတွင်ရောက်ရှိနေထိုင်သောအခါ ကရင်တို့ရေးသားသော -ပလ္လဝအက္ခရာ-ဖြင့်ပင် မွန်လူမျိုးတို့သည်လည်း ၎င်းအက္ခရာစာနှင့် ရေးသားခဲ့ကြသည်ကိုတွေ့ရသည်။

ဘုရင်ရေးသော အက္ခရာ

ပလ္လဝအက္ခရာ-ဆိုသည်မှာ အိန္ဒိယနိုင်ငံတွင် ရှေးအကျဆုံး အသုံးပြုသော -ဗြဟ္မီအက္ခရာ-မူကွဲဖြစ်ပါသည်။ အိန္ဒိယနိုင်ငံတွင် ဂုတ္ထဘုရင် အုပ်ချုပ်စဉ် ဂုတ္ထအက္ခရာ၊ ကဒမ္ပဘုရင်အုပ်ချုပ်လျှင် ကဒမ္ပအက္ခရာ၊ ပလ္လဝဘုရင်အုပ်ချုပ်လျှင် ပလ္လဝအက္ခရာသုံးကြောင်း သုတေသီတို့က ဆိုကြ၏။

အထက်မြန်မာနိုင်ငံ စာပေအင်အားစာအုပ်က ယနေ့ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ တိုင်းရင်းသားအားလုံးတို့ရဲ့ ရေးသားတဲ့စာပေဟာ -ပလ္လဝအက္ခရာ-တွေပါဘဲ၊ ဒီအက္ခရာဟာ အိန္ဒိယကုန်သည်ထံမှ တစ်ဆင့် မြန်မာတိုင်းရင်းသားများလက်ထဲကို ရောင်ခဲ့တယ်လို့ သမိုင်းပညာရှင်တွေကဆိုတယ်။

မြန်မာနိုင်ငံမှာ ရေးသားတဲ့စာပေအများစုဟာ အက္ခရာသုံးတဲ့ သမိုင်းနဲပကြည့်ရင် ရခိုင်ပြည်နယ် ဘက်မှာ -ဂုတ္ထအက္ခရာ-နဲ့ သက္ကဋဘာသာကျောက်စာတွေမှာ တွေ့ရှိရပါတယ်။ ဟန်လင်းဘက်မှာက -ဂုတ္ထအက္ခရာ-နဲ့ ပျူဘာသာကျောက်စာတွေ တွေ့၇တယ်။ မြန်မာနိုင်ငံ -ဂုတ္ထအက္ခရာ-ဝင်ရောက်လာတာဟာ အေဒီ (၄၀၀)ထက်မစောဘဲ (၆၀၀)ထက် နောက်မကျဘူးလို့ သမိုင်းပညာရှင်တွေပြောပါတယ်။

သရေခေတ္တရာပျို့မှာရှိတဲ့ ပျူလူမျိုးတွေက ကဒမ္ပအက္ခရာသုံးတယ်။ (ဟန်လင်းပျူက – ဂုတ္ထအက္ခရာသုံးတယ်) သထုံနဲ့ မုတ္တမဘက်က မွန်လူမျိုးနဲ့ ကရင်လူမျိုးတို့မှာတော့ -ပလ္လဝအက္ခရာ-နဲ့ ခရစ်အေဒီ (၇၀၀)လောက်က စတင်ပြီးတော့ အသုံးပြုတယ်လို့ ခန့်မှန်းကြတယ်။ ဒီထက်စောရင်လည်း စောနိုင်တယ်။

ကရင်များကလည်း အဲဒီခေတ်လောက်ဘဲ ကရင်စာကို ပလ္လဝအက္ခရာနဲ့ ကရင်အသံထွက်အတိုင်းပွားပြီတော့ သုံးတယ်လို့ အချို့သုတေသီများက ဆိုတယ်။

ကျောက်စာမှတ်တမ်းတွေကို ကြည့်ရင်…

(၁) အနိရုဒ္ဒါ(အနော်ရထာ) ဘုရင်ဟာ ခရစ်နှစ် အေဒီ (၁၀၄၇-၇၇) နှစ်မှာ ဘုရင်မှတ်တမ်းကို သက္ကဋ၊ ပါဠိဘာသာရေးတဲ့စာနဲ့ ရေးမှတ်တယ်။

(၂) ကျန်စစ်သား(ထီးလှိုင်ရှင်)ဟာ ခရစ်နှစ်အေဒီ (၁၀၄၄-၁၁၁၃) ခုနှစ်မှာ မွန်ဘာသာနဲ့ မှတ်တမ်းတင်ထားပါတယ်။

(၃) အလောင်းစည်(၁) ဟာ ခရစ်နှစ်အေဒီ (၁၁၁၃-၁၁၆၃) ခုနှစ်မှာ ပါဠိဘာသာနဲ့ မှတ်တမ်းတင်ထားပါတယ်။

(၄) ရာဇကုမာရ(ကျန်စစ်သား) ရဲ့ သားဟာ ခရစ်နှစ်အေဒီ (၁၁၁၃) ခုနှစ်မှာ ပါဠိ+မွန်+ပျူ+ဗမာ(၄)မျိုးပါတဲ့ မြတ်စေတီကျောက်စာကို ပလ္လဝအက္ခရာနဲ့ ရေးထိုးထားပါတယ်။

(၅) နရပတိစည်သူမင်းဟာ ခရစ်နှစ်အေဒီ (၁၁၇၄-၁၂၁၉) ခုနှစ်မှာ ဗမာ (မြန်မာ)ဘာသာနဲ့ မှတ်တမ်းတင်ထားပါတယ်။

ရှေးဟောင်း ကရင်လူမျိုးတွေရဲ့ ရေးသားတဲ့ ပလ္လဝအက္ခရာဟာ မွန်လူမျိုးနဲ့ တပြိုင်တည်းအသုံးပြုခဲ့တယ်ဆိုတာကိုတော့ ခန့်မှန်းလို့ရပါတယ်။

ယနေ့ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးများအားလုံး ရေးသားတတ်ကြတဲ့ -မြန်မာစာ-ဟာ ခရစ်နှစ်အေဒီ (၁၁၁၃) ခုနှစ်လောက်မှ အစောဆုံးပေါ်ပေါက်လာတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

မွန်စာပေဟာ ခရစ်နှစ်အေဒီ (၁၀၄၄) ခုနှစ်မှာ သားတော်စောလူမင်း ခေတ်အဆုံး (၁၀၈၄) အေဒီ အထိနှင့် ကျန်စစ်သားမင်းလက်ထက် ခရစ်နှစ် အေဒီ (၁၀၈၄ မှ ၁၁၁၃)အေဒီနှစ်အထိ မွန်ဘာသာအစွမ်းကုန် ထွန်းကားသော အခါသမယလို့ ပါမောက္ခဒေါက်တာလု(စ်)က ဆိုပါတယ်။

ခရစ်နှစ်အေဒီ (၁၁၁၃ မှ ၁၁၇၃) ခုနှစ် အထိဟာ နှစ်ပေါင်း (၆၀)အတွင်း -မွန်စာပေနဲ့ မြန်မာစာပေ ကူးပြောင်းရေးကြားကာလ- လို့ မှတ်ယူကြတယ်။

နရပတိစည်သူမင်းလက်ထက် ခရစ်နှစ်အေဒီ (၁၁၇၄-၁၂၁၁)နှစ်အတွင်းမှာ မြန်မာစာပေ အရေးအသားဟာ ထီးသုံးနန်းသုံးဖြစ်လာခဲ့ပြီး အဲဒီအချိန်ကို မြန်မာဘာသာ အစွမ်းကုန်ထွန်းကားသော အခါသမယလို့ ပါမောက္ခဒေါက်တာလု(စ်)က ဆိုပါတယ်။

ယေဓမ္မာတွင် ပါသောစာ

အေဒီ (၄၀၀-၆၀၀) ခန့်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့ဟောင်း (ဝေသာလီမြို့ဟောင်း) တောင်ခါးပန်းမှ တွေ့ရှိသော -ယေဓမ္မာ-ပါစာသည် အိန္ဒိယအရှေ့မြောက်ပိုင်းမှ ဂုတ္ထမင်းအက္ခရာဖြစ်ပြီး သက္ကဋဘာသာဖြင့်ရေးသည်။

အေဒီ (၅၀၀-၆၀၀) ခန့်တွင် သရေခေတ္တရာကုန်းဘောင်ခေတ်တွင် တူးဖေါ်ရရှိသော ရွှေလွှာချပ် (၂၀) -ယေဓမ္မာ-ပါသောစာသည် ပျူအက္ခရာ (သို့မဟုတ်) ပလ္လဝအက္ခရာပါဠိဘာသာဖြင့်ရေးသည်။

အေဒီ (၅၀၀-၆၀၀) ရာစု ထိုင်းနိုင်ငံတောင်ပိုင်း ပရပထုံစေတီတော်ကြီးအနီး ကျောက်တုံးနှစ်ခုပေါ်တွင် -ယေဓမ္မာ-ဂါထာနှစ်ခုပါသော ပလ္လဝအက္ခရာဟာ မွန်ဘာသာဖြင့်ရေးသားသည်။

အစောဆုံးကရင်စာပေ

ကရင်လူမျိုးတို့ ရေးသားထားသောစာတွင် အစောဆုံး ရေးသားထားသောပေစာမှာ မြန်မာသက္ကရာစ် (၁၀၀၀- ၁၂၀၀) ခုနှစ်ခန့်လောက်က ရေးသားခဲ့သည်ဟု ဆို၏။ တနည်း (၁၈၇၃) ခုနှစ်က ကရင်ပေစာ စတင်ထွက်ပေါ်လာခဲ့။

ကရင်စာပေ (၅) မျိုး

၁။ လ်ုဝါ် (လဝိုက်) ကဗျာ

၂။ လင်္ကာ (လင်ကာ) အလင်္ကာ

၃။ သုပတ် (သလပတ်) စကားပြေအကျယ်

၄။ အ်ုခဝ့် (အခေါ့) အနက်အဓိပ္ပါယ်

၅။ လိက်အိင်း (လိုက်အိန်း) စကားပြေအကျဉ်း ဟူ၍ (၅)မျိုးရှိ၏။

အေဒီ (၁၈၃၂) ခုနှစ်သို့ ရောက်သောအခါ စကောကရင်ဘာသာဖြင့် အမေရိကန် နှစ်ခြင်းသာသနာပြု ရောက်လာသော ဒေါက်တာဂျွန်နသန်ဝိတ်က ပလ္လဝအက္ခရာ (တနည်းအားဖြင့်) မြန်မာအက္ခရာစာလုံးများကို အသုံးပြု၍ စကောကရင်အသံထွက် စာရေးနည်းကို တီထွင်ပေးခဲ့၏။ ထိုနောက် အေဒီ (၁၈၃၅)ခုနှစ်သို့ ရောက်သောအခါ ၎င်းပုဂိုလ်ကပင် ဂရိနှင့် ရောမအက္ခရာများကိုအသုံးပြုပြီး ပိုးကရင်အသံထွက် စာရေးနည်းကို တီထွင်ပေးခဲ့သည်။ ။

တောမှီရဟန်း (တောင်ကလေးအေးရိပ်သာ – ဘားအံ)

Featured image: Major subgroups of the Sino-Tibetan language family (original file User:Qrfqrmodifications User:KanguoleCC BY-SA 3.0, via Wikimedia Commons)

Loading

Categories
နိုင်ငံရေး အခြား

အဲးခိုး၏ ဘားအံမှရန်ကုန်သို့ ဆောင်းပါး (၂၂.၅.၂၀၁၅)

အင်းအလယ်ထဲကိုဝင်ရောက်ပြီး ငါးကန်တူး၊ မြေပြင်လွှာပြောင်းအောင် လုပ်ထားကြလို့ အလွန်လှပတဲ့ ရွှေရောင် ပြ သဘာဝမိုးကာလ ပန်းချီကားအလှကတော့ သွားပေါ့ ပြည်သူတို့ရယ်။ အလွန်လှပတဲ့ စိတ်သရုပ်ကို အေးမြစေ တဲ့နေရာတွေကို ပုံပြောင်းအောင် နေရာ တိုင်းမှာလုပ်ရင် လူသားတွေ အသက်ရှည်စွာ အနာမဲ့ရေး၊ ရန်ဘေးတွေ ကင်းနိုင်ကြမှာ မဟုတ်ကြောင်း စီးပွားရေးသောင်းကျန်းတဲ့ သူတွေ သိထားဖို့လို …

● ယခင်တစ်ပတ်မှအဆက်

● ရွှေရောင်ပြတောင်တန်း သိပါတယ်

ကျိုက်က္ကော်အလွန် ဘီးလင်းမြို့အစ ကုန်းအဆင်း ကင်းစခန်းရှေ့မှာ စည်းကမ်း မဲ့စွာအတင်းမောင်း (အပြင်း) နှင်လာတဲ့ အဖွဲ့အစည်း(တစ်ခု) ကားတစ်စီးနဲ့ ဆုံပြန်တယ်။ ကားမောင်းတာ မကျွမ်းကျင်လို့ ကားလမ်း အလယ် မှာ ခွမောင်းနေပြီး အရှင်တို့ကားကို ဝင်ရောက်ပြီးအောင်းတော့ မလိုပါပဲ။ လမ်းဘေးမှာရပ်လိုက်ပြီး သူတို့ကား ကို ဦးစားပေးလိုက်ပါတယ်။ ကားပေါ် ကြည့်လိုက်ရင်ပဲ ပြောက်ကျားအဝတ်အစားနဲ့ လက်နက်ကြီးငယ် အပြည့် အစုံပါပဲ။ ပြည်သူတွေက လက်နက်ကိုင် အဖွဲ့အစည်းတွေကို ကြောက်ရတဲ့အထဲ အခုလိုမျိုး မကြာမကြာမြင်ရ ရင် ထိတ်လန့်ကြလေမှာပဲ။ အရင်တုန်းက ပေါ်တာဖမ်း ဖြတ်လေးဖြတ်နဲ့ ရွာပျက်ရ၊ ပြောင်းရတဲ့အဖြစ်ကို ရွှေ ရောင်ပြတောင် တန်းတစ်လျှောက်က ပြည်သူတွေ (တိုင်းရင်းသားတွေ) စစ်အနိဋ္ဌာရုံ ခံစားခဲ့ရတာကို ရွှေရောင် ပြတောင်တန်းဟာ သိပါတယ်။ ဒါတွေပဲလားမက ပြည်သူအချင်းချင်း ရန်တိုက်ပေးတဲ့ မဆလနိုင်ငံရေး အညှဉ်း တွေကြောင့် ရက်စက်စွာ ကွယ်လွန်သေဆုံးခဲ့ကြရတဲ့ အရှင်တို့ပြည်သူတွေရဲ့ဘဝကို ပြန်မြင်ယောင်မိပါလေရဲ့။ တစ်ပြည်တည်းနေ၊ တစ်ရေတည်းသောက်၊ တစ်စိတ်တည်း မထားနိုင်ကြတဲ့ မဆလနိုင်ငံရေးလမ်းစဉ်ဟာ အထူးသဖြင့် ဆင်းရဲတဲ့ပြည်သူတွေ အခံရဆုံးပါပဲ။ ဒီစကားမှားရင် အရှင့်ကို ကြိုက်သလို စီရင်နိုင်ပါတယ်။…

● သွားပြန်ပြီ

ဘီးလင်းမြို့အစကို ဝင်လာလိုက်တာနဲ့ ကြည်လင်အေးမြတဲ့ ရွှေရောင်ပြတောင်ညိုတန်းကို လှပစွာမြင်ရတယ်။ နွေ၊ မိုး၊ ဆောင်း၊ သုံးပန်လှလှပနေတဲ့ ဒီသဘာဝရှုခင်းဟာ ခုတော့အရုပ်ဆိုးတဲ့ ပုံတွေ တွေ့မြင်လာခဲ့ရလေပြီ။ အထူးသဖြင့် မိုးဥတု (မိုးရာသီ)ဆိုရင် ရွှေရောင်ပြတောင်တန်း (တောင်ညိုတန်း)ပေါ်ကစီးကျလာတဲ့ စမ်း ရေပြင် ဟာ အင်းပြင်ရေဖြစ်လာပြီး စစ်တောင်းမြစ်ကတစ်ဆင့် မုတ္တမပင်လယ်ကွေ့ထဲကို စီးဆင်းသွားကြတဲ့ စိမ်းရေ သန့် ရေချိုချောင်းရေပြင်ဟာ မြန်မာ့ပင်လယ်ပြင်ကို သာယာလှပအေးချမ်းစေတာ အမှန်ပါပဲ။ အခုတော့ အရုပ် ဆိုးတဲ့ ပုံတွေမြင်လာခဲ့ရလို့ စိတ်ပျက်စရာပေါ့ ပြည်သူတို့ရယ်။ အင်းအလယ်ထဲကိုဝင်ရောက်ပြီး ငါးကန်တူး၊ မြေပြင်လွှာပြောင်းအောင် လုပ်ထားကြလို့ အလွန်လှပတဲ့ ရွှေရောင်ပြသဘာ၀ မိုးကာလပန်းချီကား အလှက တော့သွားပေါ့ ပြည်သူတို့ရယ်။ အလွန်လှပတဲ့ စိတ်သရုပ်ကိုအေးမြစေတဲ့ နေရာတွေကို ပုံပြောင်းအောင် နေရာ တိုင်းမှာလုပ်ရင် လူသားတွေ အသက်ရှည်စွာ အနာမဲ့ရေး၊ ရန်ဘေးတွေ ကင်းနိုင်ကြမှာ မဟုတ်ကြောင်း စီးပွား ရေး သောင်းကျန်းတဲ့သူတွေ သိထားဖို့လိုပါတယ်။ ပြည်နယ်အစိုးရ အဖွဲ့အစည်းတွေလည်း တာဝန်ရှိကြလို့ ပြည်သူ့အပန်းဖြေနေရာတွေ မပျက်စီးအောင် ထိန်းသိမ်းပေးနိုင်ဖို့ တိုက်တွန်းပါတယ်။

● ရွှေရောင်ပြကို သွားကြည့်ပါ

ရွှေရောင်ပြတောင်ဆိုလို့ ရွှေရောင်ဆရာတော်ကြီးကို မြင်ဖူး၊ ဖူးဖူးကြပါသလား။ သထုံမြို့နယ်အဆုံး ဘီးလင်းမြို့ နယ်အဝင် (ဘားအံလာရင်) ရွှေရောင်ပြတောင် ခြေမှာရှိပါတယ်။ မြေနီလမ်းနဲ့ ဖောက်ထားလို့ တောင်ခြေအထိ ကားရောက်တယ်။ ဝင်ဝင်ချင်းဝင်းကြီးရွာ (အဝင်းကြီးရွာ) ရောက်ပါတယ်။ အဝင်းကြီးရွာ ဆရာတော်ဘုရားကြီး ဟာ ရွှေရောင်ပြ ဆရာတော်ကြီးရဲ့တပည့် ရဟန်းတော်တစ်ပါးပါ။ သက်တော် ၉၀ ကျော်ပါပြီ။ ဆရာတော်ကြီး ကို ဖူးလိုက်ရရင်ပဲ ရင်ထဲစိတ်ထဲ အေးမြသွားတယ်။ ခမာ-သည်းခံခြင်း ဂုဏ်ရှိလှလွန်းလို့ မျက်နှာ တော်အေးမြ လှပါတယ်။ သီလဝန္တ သီလတော်မြတ်လည်း ပြည့်စုံလှလို့ ရုပ်အဆင်းလည်း စင်ကြယ်အေးမြတယ်။

အဝင်းကြီးရွာကိုလွန်ရင် ရွှေရောင်ပြတောင်ခြေကို သွားနိုင်ပါတယ်။ တောင်ခြေမရောက်ခင် လမ်းမဝဲယာမှာ ရှေး ခေတ်က စိုက်ထားတဲ့ ကံ့ကော်ပင်၊ ပိန္နဲပင်၊ သရက်ပင်၊ အနမ်းပင်ကြီးတွေဟာ တစ်ပင်စနှစ်ပင်စသာ မြင်ရ တော့တယ်။ သစ်ပင်လည်းအို လမ်းလည်းပြိုတော့ အဝေးကမြင်ရတဲ့ ရှုခင်းနဲ့တော့ မတူဘူးပေါ့။ တောလမ်းမို့ တောလိုပဲပေ့ါ။ မဆင်မခြင်တတ်တဲ့ စီးပွားရေးသမားတွေရဲ့ ပြုမူမှုကြောင့် တောရအထွေထွေမှ တလင်းမြေပြင် များသဖွယ် ဖြစ်လာကြပြီး သစ်ပင်ကြီးဆိုလို့ မရှိသလောက်ပါပဲ။

မြေဆီမြေနှစ်တွေလည်း ပျက်ပြုန်းလာလို့ မြေဆီလွှာပျက်စီးတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နေတာ ကို တွေ့ရတယ်။ အရှင်ရောက်တဲ့အချိန်က လမ်းဘေးဝဲယာ နှစ်ဖက်စလုံးမှာတော့ စားပင်၊ သီးပင်၊ အရိပ်ရတဲ့ အပင်တွေ ကျိုးတိုးကျဲတဲ လေးသာရှိတော့ စိတ်မကောင်းစရာပေါ့ ပြည်သူတို့ရယ်။

● လှူဒါန်းဖို့ မမေ့ပါနှင့်ဦး

ရွှေရောင်ပြတောရ ကျောင်းရောက်ရင် မိုးကာလအချိန်မှာ ကြည်လဲ့အေးမြတဲ့ စမ်းချောင်းလေးမြင်ရမယ်။ တိတ် ဆိတ်ငြိမ်သက် သာယာအေးမြတဲ့နေရာပါ။ စမ်းချောင်းကူးတဲ့ တံတားလေးထိုးထားလို့ တံတားလေးပေါ်ကို တက်လိုက်ရင် အနီးအနားက သစ်ပင်ဝါးပင်ကိုကြည့်လိုက်ရင်ပဲ အေးမြစရာတွေခံစားရပေ့ါ။ တိတ်ဆိတ်ငြိမ် သက်လှတဲ့ တောရကျောင်းရှေ့မှာ မတ်တတ်ရပ် ကြည့်နေရင်းနဲ့ ငယ်ရွယ်တဲ့ ရဟန်းဘဝကို (ရဟန်းငယ် ဘ၀ ကို) သတိရ မဆုံးပါပဲ။ တောရ ဆောက်တည်ခဲ့တဲ့ဘဝကို အောက်မေ့မိတာအမှန်ပါပဲ။ ကုန်းတက်အဆင့်ဆင့် မှာတည်ဆောက်ထားတဲ့ တန်ဆောင်းအတိုင်းတက်သွားရင် ဆရာတော်သီတင်းသုံးတဲ့ ကျောင်းရောက်ပါတယ်။ တန်ဆောင်းရဲ့ ဘယ်ညာနှစ်ဖက်မှာရှိတဲ့ သာသနိကအဆောက်အအုံတွေကိုကြည့်လိုက်ရင်တည်ငြိမ်စွာပျက်စုတွေ ပြနေကြတာကို တွေ့ရမယ်။

တောရဂနိုင်မို့ မှောင်မှောင်မည်းမည်း ယိုင်ယိုင်လဲှလှဲ တောရကျောင်း သင်္ခမ်းငယ် တွေဟာပြုပြင်ကြသူတွေ မရှိကြပါ။ သင်္ခါရပြယုဂ်က ပြညွှန်းနေလေပြီ။ ချမ်းသာကြွယ် ဝတဲ့ခေတ် သူဌေးတွေ ပြုပြင်လှူဒါန်းဖို့ မမေ့ကြပါနဲ့ဦး။

● သတိပဋ္ဌာန်အကျိုး

ဆရာတော်ကြီး သီတင်းသုံးနေတဲ့ ကျောင်းကိုရောက်ရင် ဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိနေတော် မူစဉ်အတိုင်း ကလိုပါပဲ။ တည်ငြိမ်အေးချမ်းတဲ့ ကျောင်းသင်္ခမ်းမြကိုတွေ့ရမယ်။ သတိပဌာန်းကျောင်း လေးပါ။ ကျောင်းသင်္ခမ်းဘေးမှာတော့ နွေမိုးဆောင်းကာလသုံးပါး စီးဆင်းဖြတ်သန်းလာတဲ့ စမ်းချောင်းလေးရှိပါတယ်။ နွေဆိုရင်တော့ ရေများများမစီးတော့ပါ။ မင်းကွတ်ပင်၊ ဒူးရင်းပင်၊ တညင်းပင်ကြီးတွေ စိုက် ထားလို့ရိပ်နေတာ ပါပဲ။ ၂၀၀၈ ခုနှစ်၊ မေလ အတွင်း “နာဂစ်”လေပြင်း မုန်တိုင်းကျရောက်တဲ့အချိန်က စားပင်သီးပင်တွေဖြစ်တဲ့ ဒီသစ်ပင်တွေဟာ လဲကျသွားတာ မနည်းပါဘူး။ ကျောင်းဒါယကာတစ်ဦး က လေပြင်းမကျခင်က ကျောင်းဝင်း တစ်ခုလုံးဟာ နေပြောက်ထိုးကျလို့ မရောက်ဘူးလို့ ပြောပြခဲ့တယ်။

ဆရာတော်ကြီး သီတင်းသုံးတော်မူတဲ့ သတိပဋ္ဌာန်ကျောင်းသင်္ခမ်းဟာ ဘုန်းတော်ကြီးဦးသီလ သီတင်းသုံး တော်မူတဲ့ တောရ ကျောင်းသင်္ခမ်းငယ်နဲ့ တစ်ပုံစံတည်းပါပဲ။ အနံ ၁၅ပေ၊ အလျား ပေ ၅၀ ကျော်လိမ့် မယ်ထင် ပါလေရဲ့။ ခြေတိုင်ရှည်တဲ့ကျောင်း သင်္ခမ်းလေးပါ။ ဆရာတော်ရှိတော်မူစဉ်က အတိုင်းပါပဲ။ ကျောင်းဆောင်ရဲ့ နောက်ဆက်တွဲ အင်္ဂတေအဆောင်ကတော့ အသုဘကမ္မဋ္ဌာန်းရှုမှတ်တဲ့ အဆောင်ပါပဲ။ ဆရာ တော်ကြီးရဲ့ ကျောင်း သင်္ခမ်းငယ်ကို ရှုမြင်သုံးသပ်မိပါတယ်။ ဆရာတော်ကြီးဟာ တောရအရပ် ဆိတ်ငြိမ်တဲ့တောတောင်ကို ဘယ်လောက်မြတ်နိုးစွာရှိတော် မူသလဲဆိုတာသိ နိုင်ပါတယ်။ သူတော်ကောင်း ပုဂ္ဂိုလ်ကိုး။ ရဟန်းမြတ်ဘဝကို ဘယ်လောက်(မည်မျှ) ကျင့်ကြံပြီး ရောင့်ရဲနိုင်ခဲ့သလဲဆိုတာ ကျောင်းကိုကြည့်ရင်သိနိုင်တယ်။ ကျောင်းထဲမှာ အသုံးအဆောင်ပစ္စည်းဆိုတာ ဘာတစ်ခုမှ မရှိပါ။ ခုခေတ်အရှင်တို့လို ရဟန်းမျိုး မဟုတ်တာတော့ အမှန်ပါပဲ။ ဒါကြောင့်

(၁) သတ္တဝါတို့၏ စိတ်စင်ကြယ်ရန်

(၂) စိုးရိမ်ပူပန်ခြင်း၊ ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်

(၃) ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲတို့ကို ချုပ်ငြိမ်းရန်

(၄) အရိယာမဂ် (ကိလေသာကုန်ခန်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်းလမ်း)ကို ရရန် ရုပ်၊ ဝေဒနာ၊ စိတ်၊ ဓမ္မဆိုတဲ့ သတိပဋ္ဌာန်း ၄ပါးအကျင့်နဲ့နေဖို့ အရှင်တို့ ရဟန်းတော်တွေမှာ ဆင်ခြင်သုံးသပ် ကျင့်ကြံပွားများ အားထုတ်ရ မယ်မဟုတ်လား။ (အသေးစိတ်ဖတ်ရှုလိုလျှင် တောမှီရဟန်း၏ ရွှေရောင်ပြတောရခရီးစာအုပ်ကို ဖတ်ပါ)။

● ပြည်သူအတွက် လုပ်ပေး

ဘီးလင်းမြို့မဝင်ခင် တောင်ကလေး ရွာမရောက်ခင် သီဟိုကုန်းကို ရောက်ပါတယ်။ ဒီနေရာဟာ လမ်းကွေ့ပုံစံ မကျတော့ အသွားအလာကားတွေ ရုတ်တရက်မမြင်ကြဘဲ ယာဉ်တိုက်မှု မကြာခဏဖြစ်တယ်။ လမ်းဘေး သစ်ပင်ရယ်၊ အတက်အဆင်း ထောင့်ချိုးပုံမှန် မဖြစ်တာကြောင့် အန္တရာယ်များပါတယ်။ ခရီးသွားတဲ့သူတွေ သတိထားပေါ့။ မိုးဦးကာလဆိုရင်လည်း ဒီလမ်းဟာ မိုးများရင် မြုပ်တယ်။ တောင်ကျရေဖြစ်လို့ ရေစီးကြမ်းပါ တယ်။ တကယ်တော့ တာတမံ လမ်းမလုပ်ဘဲ တံတားရှည်ရှည်သာထိုးရင် ရေကြီးရေလျှံစရာ မရှိပါဘူး။ လက်ရှိ ရှိတဲ့ လမ်းဟာ စီးရေလမ်းကို ကာပိတ်ထားသလို ဖြစ်တယ်။ တံတား ၂ ပေါက်လောက်နဲ့ မလုံလောက်ပါ။ အရင့် အရင်လည်း ရေစီးရေ လျှံကြောင့် ဖြတ်ကူးကြသူတွေ အသက်ဆုံးပါးရတာရှိတယ်။ မွန်ပြည်နယ်အစိုးရ ချမ်းသာ တဲ့ အစိုးရပဲ။ ပြည်သူအတွက် လုပ်ပေးနိုင်ပါစေ။

● လူသားအန္တရာယ် သတိပြု

တောင်ကလေးရွာကို ကျော်လာပြီးရင် ဘီးလင်းချောင်း တံတားကြီးမရောက်ခင် တိုးဂိတ်ရောက်ပါတယ်။ ဘီး လင်းချောင်းကို ဖြတ်ကူးတဲ့တံတားဟာ နှစ်ကြာလာတော့ အချို့အက်ကြောင်းတွေ ထလာတယ်။ တံတား အောက်ကိုလည်း ဆောက်လုပ်ရေးက ဘာမှကြိုတင်ပြင်ဆင်ထားတာမရှိတော့ ပျက်စီးရန်အတွက် စိုးရိမ်ရတဲ့ အန္တရာယ်တွေ ရှိလာတယ်။ တံတားအနီးမှာ စီးဆင်းလာတဲ့ တောင်ကျသဲတွေကို တူးထုတ်နေကြလို့ တံတား အတွက် ရေစီးရေလာမကောင်းဘဲ ဖြစ်နေတာကိုတွေ့ရတယ်။ (နွေရာသီ) ဘီးလင်းချောင်းဟာ မတော်မတရား တဲ့ ရွှေတူးတဲ့သူတွေ လက်ချက်နဲ့ ချောင်းရေဟာ နီကြင်ကြင်(နီကြင့်ကြင့်)ဖြစ်လာတယ်။ ရွှေ တူးတဲ့သူတွေက ဓာတုဗေဒဆေးရည်တွေသုံးပြီး ဒီချောင်းရေနဲ့သုံးပြီး ဆေးကြောနေပါတယ်။ သက်ဆိုင်ရာ အစိုးရတွေက မတား ဆီးကြဘဲ လွှတ်ထားတာကို တွေ့ရတယ်။ အရှင်ပြောတာ ဟုတ်၊ မဟုတ်သိချင်ရင် မဲလံတောင်ထိပ်ပေါ်ကို တက်လိုက်ပါ။ အောက်မှာရှိတဲ့ ဘီးလင်းချောင်းကို ကြည့်လိုက်ပါ။ ရေအရောင်နီကြင်ကြင် မမြင်ရရင် အရှင့်ကို ကြိုက်သလိုပြောပါ။ ဒါကြောင့် စီးပွားရေးသမားတွေရဲ့ လောဘကြောင့် မြစ်ချောင်းအင်းအိုင် မပျက်စီးပါစေနဲ့။ လူသားအန္တရာယ် ဖြစ်တတ်တယ်။

● အလေးထားတဲ့ဒေသ

ဘီးလင်းမြို့ထဲ ရောက်ပါပြီ။ ဘီးလင်းမြို့ဟာ နေချင်စရာမြို့လေးပါ။ သဘာ၀ ရေမြေတောတောင် ကောင်းပါ တယ်။ အနီးအနား ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်ပဲ စိမ်းစိုအေးမြနေပါလေရဲ့။ မြန်မာပြည်အောက်ပိုင်း ဗုဒ္ဓ ဘာသာ သာသနာတော် ထွန်းကားတဲ့ဒေသပါ။ ရှေးဟောင်း သုဝဏ္ဏဘူမိလို့ တင်စားထားတဲ့ ဒေသပါ။

(၁) ကျိုက်ဒေးယျုံ စေတီတော်

(၂) ကျိုက်ကေလာသ စေတီတော်

(၃) ကျိုက်ဒေးအပ် စေတီတော်

(၄) ကျိုက်ကုသိနာရုံ စေတီတော်

(၅) ကျိုက်မဲလံ စေတီတော်

(၆) ကျိုက်ထီးဆောင်း စေတီတော် မြတ်တွေဟာ ဒီဒေသမှာ ဖူးမြော်ကြည်ညိုနိုင်ပါတယ်။ ရှေးခေတ်မွန် လူမျိုး တွေရဲ့ အားထုတ်ကြိုးစားဆောင်ရွက်ခဲ့တဲ့ ဘဝသမိုင်းပြနေရာဖြစ်သလို ရှေးဟောင်းသုတေသန ပုဂ္ဂိုလ်တွေက အလွန်စိတ်ဝင်စားကြတဲ့ ဒေသပါပဲ။ မြန်မာပြည်မှာ ရွှေအများဆုံးထွက်တဲ့ ဒေသကတော့

(၁) ရွှေမင်းဘုန်းဒေသ (သာစည်)

(၂) ပျဉ်းမနားဒေသ (မန္တလေး)

(၃) ဘီးလင်း(မွန်ပြည်နယ်) ဒေသတွေပါပဲ။ ဒါကြောင့် ဘီးလင်းချောင်း၊ စစ်တောင်းမြစ်၊ မုတ္တမပင်လယ်ကွေ့ ဒေသဟာ တစ်မူထူးခြားပါတယ်။ မြန်မာပြည် အစိုးရအစဉ်အဆက်ရဲ့ အလေးထားတဲ့ ဒေသဖြစ်တယ်။

● ကံပါ၊ မပါ ဆုံးဖြတ်ချင်ရင်

ဘီးလင်းမြို့နယ် ကျော်လာလို့ ကျိုက်ထိုမြို့နယ်ထဲကို ရောက်ပါတယ်။ ကျိုက်ထို မြို့နယ်လည်း ရွှေထွက်တဲ့ ဒေသပါပဲ။ လက်လုပ်လက်စား (တစ်နိုင်တစ်ပိုင်) အနေနဲ့ လုပ်ကိုင်ကြည့်ပါ။ အဆင်ပြေကြပါတယ်။ ဒီကထွက် တဲ့ရွှေက အမိုက်ရွှေပါ။ ရွှေမင်းဘုန်းဒေသ၊ ပျဉ်းမနားဒေသက ရွှေလိုမျိုးတော့ မဟုတ်ပါ။ အတုံး၊ အခဲ၊ အမှုန့် ရွှေတွေပါ။ အတုံးဆိုရင် ၅ကျပ်သား၊ အနည်းဆုံး ၁၀သား၊ ၂၅ ကျပ်သားအထိ ထွက်ရှိပါတယ်။ မယုံရင်ရခဲ့ဖူးတဲ့ ကုမ္ပဏီတွေကို မေးကြည့်ပါ။ ရွှေရောင်ပြမှ ကျိုက်ထီးရိုးတောင်တန်း ဒေသတစ်လျှောက်မှာ ရွှေစင်တောင်တန်း ပါပဲ။ ရွှေအများဆုံး ထွက်တာက“မဲလံဒေသ” ပါပဲ။ အဲဒီနေရာကို ရောက်အောင်သွားပါ။ ဝါသနာပါရင် တူးကြည့် ပါ။ ကံပါရင်တော့ ရွှေသူဌေးကြီး ဖြစ်မှာပါပဲ။ ကံနည်းသူတွေ ဖြစ်ရင်တော့ …။

● စဉ်းစားပေတော့လေ

ကျိုက်ထိုမြို့အဝင် ကျိုက်ထီးရိုးစေတီ အသွားလမ်းဆုံ ရောက်ပါတယ်။ လမ်းဆုံမို့လမ်းဘေးမှာ ကား၊ ဆိုင်ကယ် တွေများလွန်းပါတယ်။ စည်းကမ်းမဲ့တဲ့ သူတွေက ကားကိုပစ်စလက်ခတ် ရပ်ထားကြလို့ ရပ်ဝေးခရီး သွားလာကြ တဲ့သူတွေ စိတ်အနှောင့်အယှက်ဖြစ်တယ်။

ရထားလမ်းကိုကျော်ပြီး မြို့ထဲဈေးကြီး ရှေ့ရောက်တဲ့အခါ သူသူငါငါ တိုးဝင်တိုး ထွက်ကြလို့ ခရီးဝေးသွားကြတဲ့ သူတွေအတွက် ကားကိုထိန်းမောင်းဖို့ မမေ့ပါနဲ့။ စည်းကမ်းမဲ့တဲ့ လိုင်စင်မဲ့ ဆိုင်ကယ်သမားတွေက ခပ်တည် တည်နဲ့ပဲ ဖြတ်မောင်း၊ ဖြတ်ကူးလုပ်နေတာရှိလို့ သတိထားဖို့မှာပါရစေ။ လူဦးရေတိုးလို့ ဈေးလာဝယ်ကြတဲ့ သူ တွေများလာပြီ။ အဝေးပြေးလမ်းမဘေးမှာ ဈေးကြီးထားလို့ အန္တရာယ်များ၊ မများလေ့လာ သုံးသပ်ဖို့လိုလာပါပြီ။ လမ်းဖြတ်ကူးရတဲ့ အခက်အခဲလည်း တွေ့ရတယ်။ ကားအချင်းချင်း တိုက်ကြလို့ ဖြေရှင်းရတဲ့ ပြဿနာလည်း မြင်ဖူးတယ်။ ခန္ဓာကိုယ်ပြားဝပ်သွားအောင် ယာဉ်ကြီးတိုက်ထားလို့ တစ်ဈေးလုံးထပြီး ဝိုင်းအုံနေကြတာ လည်း မြင်ဖူးတယ်။ ဒီနေရာကို ခုလိုဒီလိုမဖြစ်အောင် ဈေးရွှေ့မလား။ ဒါမှ ကားလမ်းကို မြို့ရှောင်လုပ်ပြီး ဖြတ်သွား မလား။ စဉ်းစားပေတော့ မွန်ပြည်နယ်အစိုးရရယ်။

● ရှုခင်းသာ ပျောက်ပြီ

ကျိုက်ထိုမြို့အထွက် လက်ပြကျေးရွာ မရောက်ခင် မြို့ကွက်သစ်မှာ အခုဆိုရင် ဓာတ်ဆီဆိုင်၊ ထမင်းဆိုင်၊ အိမ် သစ်အိမ်ကောင်းတွေ ဆောက်လုပ်ကြလို့ ထည်ဝါနေတာပါပဲ။ ဒီမြေဟာ လယ်ယာမြေပါ။ လယ်မြေဖြစ်လို့ စပါး စိုက်ရင် အလွန်စပါးကောင်းတဲ့ မြေပါပဲ။ ကွင်းပြကြီးက ကျယ်ပြန့်လွန်းလို့ ရှုခင်းလည်းလှပါတယ်။ အရှေ့ဘက် မှာ ကျိုက်ထီးရိုးတောင်တန်းနဲ့ သေက္ချတောင်ဆရာတော် သီတင်းသုံးတော်မူတဲ့ တောတိုက် တောင်ကုန်းလေး နဲ့ အင်မတန် သာယာလှပတဲ့ နေရာပါပဲ။ အနောက်ဘက်မှာ လယ်ပြင်ကျယ်ကြီးမို့ နွေစပါးစိုက်ပျိုးတဲ့ အချိန်မှာ နိုင်ငံခြားခရီးသွားတဲ့ သူတွေက အုပ်စုလိုက်ဆင်းပြီး ဓာတ်ပုံမှတ်တမ်း အမှတ်တရ ရိုက်သွားကြတဲ့နေရာပါ။ အခု တော့ လယ်မြေထဲမှာ ဂဝံမြေတွေဖို့ချ ရုံးအဆောက်အအုံလား၊ ဖွံ့ဖြိုးရေးအဆောက်အအုံလား မပြောနိုင်ပါ။ မြေ နေရာကို တန်ဖိုးမထားတဲ့ အရှင်တို့အစိုးရဟာ လယ်မြေပြဿနာဖြစ် ပေါ်လာရခြင်းအကြောင်းက ဒီပြဿနာပါ ပဲ။ မယုံရင် ဒီနေရာလာကြည့်ပါ။ ဆောက်လက်စ အဆောက်အအုံ မပြီးပြတ်သေးပါ။ ပြောမှသိ၊ ထိမှနာတတ်တဲ့ ဒီခေတ်ကာလ အစိုးရကို ပြည်သူတွေ ကြွယ်ဝမှုမထိန်းနိုင်တဲ့အပြင် ပြည်သူချစ်သော (နှစ်သက်သော) အစိုးရ ဖြစ်ဖို့ ဝေးနေပါဦးမယ်။

● စိတ်ကူးထဲက ပုံရိပ်လွှာ

လက်ပြရွာအလွန် ရှေ့ဆက်ရင် ကျိုက်ထီးရိုးလေးစေတီကို သွားတဲ့လမ်းဆုံ ရောက်ပါတယ်။ ဒီနေရာမှာ ဥတု သာယာရင် ကျိုက်ထီးရိုးတောင်တန်းကို ထင်ထင်ရှားရှား မြင်ရတယ်။ ဒီနေရာကနေ ကျိုက်ထီးရိုးတောင် ပေါ်ကို လျှပ်စစ်ဓာတ်အား ကြိုးပုခက်ကားနဲ့ (စက်တပ်ကြိုး ပုခက်ကားနဲ့) တက်မယ်ဆိုရင် အလွန်ပျော်စရာ ကောင်း မယ်လို့ ထင်တယ်။ တောင်တန်းအနိမ့်အမြင်ကို လှည့်ပြီးကြည့်နေရင်းနဲ့ တောင်ပေါ်ကို တဖြည်းဖြည်းတက် သွားလို့ အဲဒီအစီအစဉ်မျိုး လုပ်နိုင်ရင် ကျိုက်ထီးရိုးစေတီတော်မြတ်ကိုလာ ရောက်ဖူးမြော်ကြည်ညိုကြတဲ့ သူ တွေ ပျော်ရွှင်ကြည်နူးကြမယ်လို့ထင်ပါတယ်။ ကြိုးပုခက်ကား ယာဉ်ရပ်နားတဲ့ နေရာမှာလည်း တည်းခိုစရာ ရိုးရာအိမ်တွေ၊ စားသောက်စရာ ရိုးရာစားသောက်ဆိုင်လေးတွေ နေ့နေ့ညည ဖွင့်ထားပေးရင် စည်ကားကြမှာပါ ပဲ။ ဒီကနေ့စပြီး တောင်တန်းတစ်လျှောက် လုံးမှာ သဘာဝစိမ်းစိုတဲ့ သစ်တောကြိုးဝိုင်းကြီးတွေထားပြီး ဒီတောင် တန်းကြီးကိုကြည့်နေရင်းနဲ့ပဲ မိသားစုတွေ ဘယ်လောက်များ ပျော်ရွှင်ကြလေမလဲဆိုတာ စိတ်ကူးယဉ် ကြည့် လိုက်ပါ။ ပျော်စရာဖြစ်သွားမယ်။ တကယ်လုပ်ဖြစ်မယ်ဆိုရင် အရှင်ပေးတဲ့ အကြံဉာဏ်အတိုင်းလုပ်ပါ။ တိုင်း ပြည် အတွက် အကျိုးမယုတ်ပါဘူး။ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးလုပ်ကြပါ။

● ရင်မောစရာ

ခရီးပြန်ဆက်ရင် မုပ္ပလင်ရောက်ပါတယ်။ မုပ္ပလင်လမ်းဟောင်းနဲ့ လမ်းသစ်ဆုံရောက်တဲ့အခါ ထုံးစံအတိုင်းပါပဲ။ တာဝန်ယူ စောင့်ကြပ်တဲ့သူတွေက ကားလမ်းမပေါ်ကို တက်လာပြီး လက်တားတော့တာပဲ။ ကားရပ်ပြီး ဟို ကြည့်သည်ကြည့်လုပ်ပြီး သွားလို့ရပြီဆိုပြီးတော့ လမ်းသစ်အတိုင်း ထွက်လာတယ်။ လမ်းတစ်ဝက်ရတဲ့အခါ ဘယ်ဘက်ခြမ်း ကုန်းမြေကို ကြည့်လိုက်တော့ မြေကြီးတွေဝင်တူးထားလို့ အစိုးရလျှပ်စစ် မီးတိုင်ကြီး လဲကျဖို့ စိုးရိမ်ရတယ်။ အထဲမှာလည်း ကလိုင်ကြီးဖြစ်လို့ ခြံစည်းရိုးတိုင် တောင်ဝင်ပြီး ခတ်ထားတာကို တွေ့ရတယ်။ သဘာဝလှပမှု ဆုတ်ယုတ်ရတဲ့ကြား သဘာဝအန္တရာယ်ပါ ထပ်တိုးလာတဲ့ ဒီနေရာလေးကိုတော့ သက်ဆိုင်ရာ က တားဆီးပေးဖို့ သင့်ပါတယ်။ အိမ်အဆောက်အအုံ ဆောက်မယ်ဆိုရင်လည်း အန္တရာယ်များတဲ့ နေရာဖြစ်နေ လို့ပါပဲ။ ခေတ်စနစ်က ယှဉ်ပြိုင်ခြင်းခေတ်လား၊ ရင်ဆိုင်ခြင်းခေတ်လား မပြောတတ်တော့ပါ။ တွေ့ရ၊ မြင်ရ၊ ကြားရတာတွေ အားလုံးလိုလိုက စိတ်ကုန်စရာ ရင်မောစရာတွေပါပဲ။

● ရှောင်ကြဉ်ရမယ်

ဒီနေရာလွန်လာလို့ ယခင်တံတားဟောင်း ယခုတံတားသစ် ပြန်လည် တည်ဆောက်ထားတဲ့ တံတားကြီးရှေ့ မ ရောက်ခင် (စစ်တောင်းမြစ်ကူး တံတားကြီး မရောက်ခင်) စားသောက်ဆိုင်ကြီးတွေ ဝင်ရောက်လာတာကိုတွေ့ ရတယ်။ သာသနာ့မြေပေါ်မှာလား၊ ခြံမြေပေါ်မှာလားမသိပါ။ ရောင်းတာတောင်မှ နိုင်ငံခြားသားစားသောက် စရာ သီးသန့်ပဲတဲ့။ စေတီရှေ့၊ ဘုရားရှေ့မှာ အရက်တွေ၊ ဘီယာတွေ ကြော်ငြာဆိုင်းဘုတ်တွေ ထောင်ပြီး ဘာ သာရေးအမြင်တွေကိုတောင်မှ နားမလည်ကြတဲ့ စီးပွားရေး သမားတွေဟာ နိုင်ငံတကာက လာတဲ့သူတွေက တွေ့သွားရင် ရှက်စရာပေ့ါ ပြည်သူတို့ရယ်။ တကယ်တော့ အရက်သေစာဆိုတာ သောက်သုံးတတ်တောင်မှ အများသူ ငါရှေ့မှောက်မှာ မသောက်စားသင့်တဲ့ အရာပါ။ မူးယစ်တတ်တဲ့အရာ ခန္ဓာကိုယ်ကို ကောင်းကျိုး ပေးတာ မရှိပါ။ ထိုးထွင်းသိမြင်တဲ့ ဉာဏ်အလင်းတွေကိုတောင် နောက်ကျူ(နောက်ကျိ) စေတာပါ။ ဒါကြောင့် ဘာသာရေးအခမ်းအနား သို့မဟုတ် စီးပွားရေး အခမ်းအနားတွေမှာ အရက်သေစာသောက် သုံးမှုပါလာရင် ပျော်မှုပါးမှု ပါလာစမြဲပါပဲ။ မလျော်ကန်တဲ့အကျင့် ပဋိပတ်ပျက်စီးမှုတွေဟာ မပြုလေကောင်းလေ။ ရှောင်ကြဉ် နိုင်လေ မြတ်လေပါပဲ။

● ဘာလိုသေးလဲ

တံတားထိပ်ရောက်တာနဲ့ ကားကိုချက်ချင်း ရပ်ခိုင်းပြန်ပြီ။ တာဝန်ကျတဲ့ သူတွေက ကားကိုယ်ထည်ကို ဖွင့်လှစ် ခိုင်းပါတယ်။ လက်ထဲမှာ လက်နက်နဲ့ ကိုင်ထားတော့ ရွံ့မိသလိုလိုပါပဲ။ စစ်ဆေးသူရဲ့မျက်နှာကို ကြည့်လိုက် တော့ ရင့်မာလို့တင်းလို့ပါပဲ။ ကွမ်းကလည်း ဝါးနေတော့ သွားတွေက တစ်ချောင်းမှမမြင်ရဘဲ ဝမ်းဗိုက်ကိုကြည့် လိုက်ရင် ဘီယာဗိုက်ကြီးဖြစ်တော့ အီကွေမန့်(ခါးပတ်)တောင်မှ မနိုင်သလိုဖြစ်နေတယ်။ ကွမ်းအနံ့၊ အရက် ဘီယာ အနံ့၊ ချွေးအနံ့တွေက ကားထဲဝင်လာပြီး စိတ်ပျက်လောက်ပါ ပေရဲ့။ ဆံပင်က မညှပ်ထားတော့ သပ် သပ်ရပ်ရပ်လည်း မရှိပါ။ ချွေးစေးကလည်းတစ် ကိုယ်လုံးစီးသေး။ တင်ပါးဘက်ကို ကြည့်လိုက်ရင် မြှီးညှောင့် မပေါ့်တပေါ်။ ““သြော် စစ်သားဆိုတာ ဒီလိုကိုး””ဆိုပြီးတော့ စိတ်ထဲက အထင်သေးမိပါလေရဲ့။ ဟုတ်ပါတယ်။ တကယ်တော့ သူတို့ရဲ့အခြေအနေဟာ အုပ်ချုပ်အုပ်ထိန်းသူတွေက လိုတာပါ။ ဒီအပြုအမူဟာ ဘယ်သူ့မှာ တာဝန်ရှိ သလဲဆိုတာ ပြည်သူတွေ စဉ်းစားသာကြ ပေ့ါ။ ခုတော့ အဲးခိုးတော့ လက်တွေ့မြင်ရ ပြီလေ။ ခေတ်မီတဲ့ မြန်မာ့ … ဖြစ်ဖို့ ဘာလိုသေးလဲလေ။

● ရယ်စရာများ ဖြစ်လေမလား

စစ်တောင်းတံတား (သစ်)ထိပ်၊ ပဲခူးတိုင်းဒေသကြီးထဲကို ဝင်လာပြီ။ အရင်က ဒီဘက်ထိပ်မှာ စစ်ဆေးရေးဂိတ် (စခန်း) ရှိပါတယ်။ ဘာပဲပါလာလာ အကုန်စစ်ဆေးလို့ ““ပါတိတ်ပါသလား””မေးတဲ့ဂိတ်မေးရင် ““ပါတိတ် ဂိတ်”” ပါပဲလို့ ပြည်သူတွေက ခေါ်ကြတာပေ့ါ။ ခုတော့ ပါတိတ်ဂိတ်တွေ ပျောက်လို့ ရှေ့ဂိတ်လမ်းဆုံကို ရောက် သွား တယ်လို့ပြောတယ်။ တိုးဂိတ် ကျော်လာပြီးတဲ့အခါ လမ်းဟောင်း လမ်းသစ်ဆုံရာကို ရောက်တဲ့အခါ ထုံးစံ အတိုင်း ကားကိုရပ်ခိုင်းထားပြီး စစ်ဆေးပြန်ပါတယ်။ အရှင်တို့ ကားရှေ့မှာလည်း အရှင်တို့လိုပဲ စစ်ဆေး၊ မေး မြန်းပါတယ်။ လမ်းဟောင်း၊ လမ်းသစ်လာတဲ့ ကုန်တင်ကားတွေကတော့ အားလုံး တန်းစီပြီး စစ်ဆေးခံရတယ်။ ကုန်စစ်ဆေးတာလား၊ အပိုကုန် စစ်ဆေးတာလား မပြောတတ်ပါ။ မော်တော်ယာဉ်ကား တစ်ခုလုံး အကုန်လုံး ဖွင့်ပြရတယ်။ တကယ်တော့ ဒီကုန်ပစ္စည်းတွေဟာ ထိုင်းနိုင်ငံနယ်စပ်ဖြစ်တဲ့ မြဝတီနယ်စပ် ကုန်သွယ်ရေးက အခွန်ဆောင်ပြီးဝင်လာတဲ့ ကုန်တင်ကားတွေပါ။ အခွန်ဆောင်တဲ့ ပြေစာ(စာရွက်၊ စာတမ်း) တွေ အထောက် အထား အပြည့်အစုံပါတဲ့ ကုန်တင်ကားတွေပါ။ ဘယ်ကားမဆိုဒီနေ ရာရောက်ရင်တော့ အကုန်လုံးပြန်စစ်ဆေး ကြတယ်။ အိမ်ပြန်လက်ဆောင် အထုပ်က လေးတစ်ထုပ်လောက် ပါမိရင်တော့ အကုန်လုံးပလုံတာပါပဲ။ မယုံ ရင်လာကြည့်ပေ့ါ ပြည်သူတို့ရယ်။

နိုင်ငံတော်ကတော့ ကုန်ဈေးနှုန်းကျ ဆင်းဖို့သွင်းကုန်ထုတ်ကုန်တွေကို အလျင်အမြန် ဝင်ထွက်သွားလာဖို့ အာ ဆီယံစီးပွား ရေးမူဝါဒအတိုင်းလုပ်နေကြပေမယ့် အောက်ခြေဝန်ထမ်းတွေရဲ့ အဂတိ လိုက်စားမှုနှုန်းထားက မြှင့် မားနေတာကြောင့် ၂၀၁၀ မှ ၂၀၁၅ခုနှစ်အထိ ၅ နှစ်နီးပါးကာလမှာ အကျင့်ပျက်ခြစားမှုဟာ လျော့ပါးသွားတာ မရှိဘဲ ပိုပြီးတော့ မြင့်မားလာပါတယ်။ “ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ” ဆိုတဲ့ ဆောင်ပုဒ် ဟာ ရယ်စရာကြီးများဖြစ် လေမလားပဲ။ ကားသွားခွင့်ပေးတဲ့အခါ ဝေါမြို့ကို ထွက်ခွာလာပါတယ်။

● အဗျားရွာ

ဝေါမြို့မရောက်ခင် အဗျားရွာကိုအရင် ရောက်ပါတယ်။ အဗျားရွာဟာ အရင်ကနဲ့ မတူတော့ပါ။ အတော်လေးကို ဖွံ့ဖြိုးစည်ပင်လာပါတယ်။ စေတီ၊ တန်ဆောင်း၊ သိမ်ကျောင်းဖြစ်တဲ့ ဘာသာရေးအဆောက် အအုံတွေလည်း ထည်ဝါလို့ သပ္ပာယ်နေတယ်။ နိုင်ငံခြားခရီးသည်တွေက ဒီရွာကို ရောက်ရင် ခေတ္တကားရပ်နားထားကြပြီး အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြတယ်။ သူတို့ရိုက်ယူတဲ့ အမှတ်တရပုံတွေက အခြား မဟုတ်ပါ။ ဒီရွာမှာ တည်ခင်းတဲ့ ငါးရံ့ခြောက်တွေပါပဲ။ ငါးရံံ့ခြောက်တွေ နေပူလှမ်းတဲ့ပုံ၊ ဈေးထိုင်ရောင်းတဲ့ပုံ၊ ရွာသူရွာသားတွေရဲ့ သူတို့အပေါ်မှာ ဖော်ရွေတတ်တဲ့ ပုံတွေ လက်တွေ့ခံစားကြရလို့ ကျိုက်ထီးရိုးအပြန် ဧည့်သည်တိုင်းဆင်းကြပြီး လေ့လာကြတယ်။ ချောင်းဘေးက အဗျားလေးရွာဟာ ခုဆိုရင် သန့်ရှင်းရေးကောင်းမွန်လာလို့ ဖြတ်သွား တိုင်း ငေးကြည့်မိပါတယ်။ အရင်ကရွာဦး (ရန်ကုန်အလာ)ထိပ်က အ.မ.ကကျောင်းလေးလည်း သာယာလို့လှပလာ ပါပြီ။ ချောင်းရဲ့အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းမှာရှိကြတဲ့ ““ဟိုဘက်ကမ်းက မီးထိန်ထိန်၊ ဒီဘက်ကမ်း က မီးထိန်ထိန်””ပါပဲ။ ဒါနဲ့ စာဆိုလေးတစ်ခုကိုတော့ အမှတ်ရလိုက်မိ ပါလေရဲ့။ ““နွားမှာ အဗျား””တဲ့။ အရင်က အဗျားရွာက နွားတွေမွေးလို့ လမ်းပေါ်မှာ နွားတွေချည်းပါပဲ။ အခုတော့ နွားတွေလည်း မမြင်၊ ဘဲတွေလည်း နည်းပါး၊ ဝက်တွေလည်းမတွေ့ လယ်ခေါင်ခေါင်မှာ နွားခေါင်ခေါင်ပါပဲ။ ရိုးရာအိမ်လေးတွေလည်း တဖြည်းဖြည်း နည်းပါးလာကြပြီလေ။

● ဝေါမြို့အလွန်

အဗျားရွာကျော်ပြီးလို့ ဝေါမြို့ထဲကို ရောက်လာပါတယ်။ မြို့ဝင်လမ်းဟာ လမ်းလည်းကျဉ်း၊ တံတားလည်း ကျဉ်း တော့ ကားတွေ လွတ်ကင်းကင်း သွားလာလို့ မရပါ။ ဆိုက်ကား၊ ဆိုင်ကယ်တွေက သြတိုက်ပါပဲ။ တံတား ကျော် ပြီး ဈေးရှေ့ရောက်ရင် လူတွေကြိတ်ကြိတ်တိုး ကူးဖြတ်ကြလေတော့ ကားကိုအရှိန်လျှော့ပြီးသွားရတယ်။ ဆိုက် ကား၊ ဆိုင်ကယ်တွေကတော့ လာတဲ့ကားတွေကို မရှောင်ဘဲ လမ်းလယ်ကောင်မှာပဲ သွားလာနေတယ်။ ဈေး ဝယ်တဲ့သူတွေဟာ ကားလမ်းမပေါ်မှာ ကြိုက်သလို ဝင်ထွက်သွားလာနေကြလို့ ကားမောင်းတဲ့သူတွေ သတိ ထားပြီးမောင်းရတယ်။ နံနက်ကျောင်း တက်ချိန်နဲ့တိုးရင် ပိုပြီးသတိထားမောင်းရတယ်။ မြို့ပြင်ရောက်လို့ ကား ရထားလမ်းဆုံ မရောက်ခင် လမ်းဘေးလယ်ယာမြေပေါ်မှာ တော့ ဓာတ်ဆီဆိုင်တွေတည်ဖို့ မြေတွေဖို့ တင်ထား တာကိုတွေ့ရတယ်။ လယ်မြေကို ခုလိုဒီလို လွယ်လင့်တကူနဲ့ ခွင့်ပြုလိုက်ရင် အရှင်တို့ရဲ့ အနာဂတ်ကာလရဲ့ အခြေအနေ ဟာ လယ်ယာကိုင်းကျွန်း ပိုင်ဆိုင်တဲ့သူ မဖြစ်ဘဲဖြစ်နေမယ်။ ခေတ်တိုးတက်မှု ကိုလိုက်ပြီးစီးတဲ့ သူဟာ သတိထားပြီးစီးပါ။ စည်းပြေရင် အတီးခံရမယ်ဆိုတာကို သတိပြုပါစေ။

● လယ်ယာမြေတွေ အားနေကြကုန်ပြီ

လမ်းဆုံမှာ ဧကရာဇ်ရွာမှ ဘုရားကြီး မြေကို နည်းပညာအသစ်နဲ့ စမ်းသပ်နေတာကို တွေ့ရတယ်။ လယ်ယာမြေ ပေါ်မှာ အခြားသော မြေမာတွေချလို့ နည်းပညာ မအောင်မြင်ရင် ဟိုတယ်မော်တယ် အသုံးပြုမယ့်ပုံစံမျိုးနဲ့ လုပ် နေသလားတော့ မပြောတတ်ပါ။ လောလောဆယ်တော့ လယ်ယာမြေကတော့ ဒီတစ်ဝိုက်မှာ အတော်လေး ပျက်စီးနေတာကိုတွေ့ရတယ်။ လယ်ယာ စိုက်ပျိုးရေးသီးသန့်လုပ်ငန်းဆိုရင်တော့ ကြိုဆိုရမယ်။ နွေရာသီစိုက် ပျိုးထားတဲ့ သီးနှံတွေက များများစားစား မရှိပါဘူး။ ရဲနွယ်ရေလှောင်တမံကနေ လွှတ်ချလာတဲ့ ရေဟာ ပဲခူးတိုင်း အလယ်ပိုင်းလောက်မှာ နွေရာသီရေရတယ်။ ဧကပေါင်းများစွာ နွေရာသီ စိုက်ပျိုးနိုင်တာကို သိရတယ်။ ဒါပေမဲ့ စိုက်ပျိုးတဲ့သူတွေ လမ်းဘေးလောက်လေးသာ စိုက်ပျိုးပြတာကြောင့် ရေတွေအလဟဿဖြစ်သွားတာ နှမြော စရာပါပဲ။ တကယ်တော့ ဒီလိုပေါများတဲ့ ရေတွေနဲ့ဆိုရင် နွေရာသီ စိုက်ပျိုးသင့်တာတွေကို ကြီးကြီးကျယ်ကျယ် စိုက်ပျိုးကြဖို့သင့်ပါတယ်။ ပြည်သူအတွက် အစိုးရရည်ရွယ်ချက်က ဟုတ်မှန်ပေ မယ့်အလုပ်လုပ်ကြတဲ့ သူတွေ နည်းပါးနေတာကြောင့် အလုပ်လုပ်ဖို့ ဆုတ်ယုတ်လာတဲ့ ခုခေတ်မှာ လယ်ယာမြေတွေအားနေကုန်ပြီ။

● ပဲခူးမြို့

ရန်ကုန်-မန္တလေး အဖြောင့်လမ်းမဖွင့် ပြီးကတည်းက ပဲခူးမြို့ကို မရောက်ဖြစ်တော့ပါ။ မရောက်တာကြာပြီဖြစ်တဲ့ ပဲခူးမြို့ကို ဘုရားကြီးလမ်းဆုံမှ ပဲခူးမြို့ကိုဝင်ပါတယ်။ ပဲခူးမြို့မရောက်ခင် တစ်လမ်းလုံး ကား၊ ဆိုင်ကယ်၊ လူတွေ သွားလာကြလို့ ကားကို လိုသလိုမမောင်းနိုင်ပါ။ ကားလမ်းမ ညာဘက်ခြမ်းကို တိုးချဲ့ပြီး ကွန်ကရစ် လောင်းနေလို့ သွားလိုက် ရပ်လိုက် စောင့်နေလိုက်နဲ့ပဲ အချိန်မနည်းဘူး ကုန်သွားတယ်။ ပဲခူး မြို့ထဲရောက်တဲ့ အခါ သိတဲ့အတိုင်းပါပဲ။ ကား၊ ဆိုင်ကယ်၊ လူတွေရှောင် သက်သက်ပဲ ရင်မောစရာပါပဲ။ စည်းကမ်းမဲ့တဲ့ ဌာနေ ဆိုင်ကယ်သမားတွေက ဟိုဖြတ်ကူးဒီကူးလုပ်လို့ မျက်စိအတော်လေး နောက်မိတယ်။ ပဲခူးမြို့ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ကလိုလိုပါပဲ။ မြစ်ကူးတံတားကြီး တစ်စင်းကနေလွဲရင် အခြားဘာမှ တိုးတက်လာတာ မတွေ့ရပါ။ တိုးတက် လာတာတစ်ခုက လူနဲ့ဆိုင်ကယ်၊ ကားတွေပါပဲ။

● ပူဆွေးမိတာ အမှန်

တံတားကြီးကျော်လို့ ပဲခူးတက္ကသိုလ် မရောက်ခင် ဆောက်လုပ်ကြတဲ့ အိမ်ကြီး အိမ်ကောင်းတွေ တွေ့ရတယ်။ လူတွေကတော့ အရင်အတိုင်းလိုပါပဲ။ ပိုပြီးတော့ ပြည့်စုံလာတာ မတွေ့ရပါ။ ဆင်းရဲတဲ့ သူတွေက ပိုဆင်းရဲပြီး ချမ်းသာတဲ့သူတွေက ပိုပြီးချမ်းသာနေကြလို့ အလွှာများခြားနား နေကြတာကိုပဲ တွေ့ရတယ်။ အမှတ် ၃ လမ်း ဆုံရောက်တဲ့အခါ အမှတ် ၃လမ်းမ အတိုင်းဝင်ပြီး ရွာသာကြီး စီးပွားရေးတက္ကသိုလ်ကြားမှာ ရှိတဲ့ရွာတွေကို ဖြတ်ကျော်လို့ မြင်ကွင်းကစုံလို့ပါပဲ။ လမ်းဘေးတွေမှာ အမှိုက်တွေဘယ်သူမှ မသိမ်းဘဲ စည်းကမ်းမဲ့စွာ စွန့်ပစ် နေတာကိုတွေ့ရတယ်။ အဟောင်းပစ္စည်း ရောင်းဝယ်တဲ့သူတွေက လမ်းဘေးမှာ ပစ္စည်းတွေစုပုံထားကြလို့ မီးရေးအတွက် စိုးရိမ်စရာပါပဲ။ ကျူးကျော်နေတဲ့သူတွေလား ဒါမှမဟုတ် အိမ်ရာနေရာမဲ့တဲ့သူတွေလား မပြော တတ်ပါ။ လမ်းဘေးဝဲယာတွေမှာတော့ တဲလေးသာသာထိုးနေကြပြီး မိသားစုတွေ နွမ်းနွမ်းပါးပါး နေထိုင်ကြတာ ကိုမြင်ရတဲ့အရှင်ဖို့ မျက်ရည်တဆု့ိဆို့ ခံစားရပါတယ်။ ဒီမိသားစုတွေဟာ အရှင်တို့ရဲ့ မြန်မာပြည် မိသားစုတွေ ပါ။ ခုလိုဒီလိုအတိုင်းနဲ့ ပစ်မထားသင့်ပါ။ သူတို့ရဲ့သားသမီးပညာရေး အတွက်လည်း ပြည့်စုံမှာမဟုတ်ကြလို့ တွေးမိလို့ ပူဆွေးမိတာ အမှန်ပါပဲ။

ရွာသာကြီးစီးပွားရေး တက္ကသိုလ်ကျောင်းကြီး ရှေ့ကိုရောက်တဲ့အခါ စုပုံပစ်ချထားတဲ့ အမှိုက်ပုံကြီးက ဖရိုဖရဲ ဖိတ်စဉ်ကျနေလို့ ကျက်သရေမဲ့လွန်းပါတယ်။ ကားလမ်းက ပြင်ဆင်ထားတာ မလုပ်တော့ လှိုင်းထလို့ပါပဲ။ တောင်မြောက်ဒဂုံ လမ်းဆုံရောက်တဲ့အခါ လမ်းဘေးမှာရပ်ထားတဲ့ ကားတွေက ထပ်နေလို့ပါပဲ။ ဒီကြားထဲ အချက်ပြတဲ့မီးက ပျက်နေလိုက်သေးရဲ့။ အဆင်ပြေသလို ရှောင်ကြသွားနေကြရင်းနဲ့ ဒဂုံဆိပ်ကမ်းမြို့ နယ်ထဲ ကို ရောက်ပါတယ်။ စီမံကိန်းလုပ်မယ့်နေရာတွေမှာ ကျူးကျော်ဝင်ရောက်တဲ့ သူတွေက တဲအိမ်တွေ ဝင်ရောက် ဆောက် ထားကြလု့ိ ကြိတ်ကြိတ်တိုးနေတာပဲ။ ဒီမြင်ကွင်းကို ကိုယ်တွေ့မြင်ရတော့ ဒီလိုအဖြစ်မျိုးကို အစိုးရဖြစ် တဲ့သူတွေက ဘယ်လိုနည်းတွေနဲ့ ဖြေရှင်းပေးနိုင်ကြမလဲ။ တွေးမိပါလေရဲ့။ ပြည်သူကို အစိုးရကကူညီပေး မလား။ ပြည်သူက အစိုးရကို ကူညီပေးရမလား။ စဉ်းစားမိပါလေရဲ့။ နောက်ဆုံးတော့ ပြည်သူက အခရာပါပဲ။ ပြည်သူဆိုးရင် အစိုးရလည်း မတတ်နိုင်သလို ပြည်သူယဉ်ကျေးရင် အစိုးရလည်း သက်သာပါတယ်။ ကိုင်း … ရန်ကုန်တိုင်းအစိုးရအဖွဲ့ရယ် ““စိတ်ဓာတ်ကြံ့ခိုင်၊ စွဲပိုင်ပိုင်၊ ကျင့်ကြံအားထုတ် သင့်အလုပ်””” ဖြစ်ပါပြီ။

● အခွန်လွတ် သာသနာ့မြေလည်း မရှောင်သာ

အရှင်ရောက်ချင်တဲ့ နေရာကိုရောက်ပါပြီ။ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံသီရိလမ်း၊ အမှတ် ၉၀ ရပ်ကွက်၊ မြေကွက် အမှတ်နေရာဟာ ၂၀၀၀ ပြည့်နှစ်အကျော်က အခွန်လွတ်သာသနာ့မြေ လျှောက်ထားလို့ အခွန်လွတ်ဂရမ် ပတ္တားကျထားတဲ့ ကျောင်းမြေနေရာပါပဲ။ ဝတ္တကမြေနဲ့ အခွန်လွတ် သာသနာ့မြေပြင်ပေါ်မှာ တိုက်အိမ်တွေ ဆောက်ထားကြလို့ ကျောင်းမြေမျက်နှာစာ ပေ ၁၀၀ကျော်ကျော်လေးသာ ကျန်ပါတော့ တယ်။ ကျန်တဲ့မြေ မျက်နှာစာ ၁၀၀ကျော်ကျော်လေးကိုလည်း အနီးအနားမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကလည်း ““ဘုန်း တော်ကြီးသင် ပညာရေးကျောင်းမြေနေရာ””ဆိုပြီး ဆိုင်းဘုတ်တောင် လာရောက်ပြီး တင်ထားကြပါလေရဲ့။ ကဲ … စာဖတ်ပရိသတ်တွေ မလောက်မငတော့တဲ့ အခွန်လွတ်သာသနာ့မြေကို အစိုးရကိုပြန် အပ်ရမလား၊ ဒါမှမ ဟုတ် ပြည်သူတွေကို စွန့်ကြဲလိုက်ရင် ကောင်းမလား။ ဘယ်လိုမြင်ကြပါသလဲ။ မရှိဆင်းရဲကြတဲ့ တဲကလေး နဲ့နေကြတဲ့ သူတွေကို စွန့်ပေးလိုက်ရင်တော့ အကောင်းဆုံးပဲပေ့ါ မဟုတ်လား။

● နိဂုံး

ဘားအံမှ ရန်ကုန် ဒီခရီးတစ်ထောက်ကို မြင်ရတွေ့ရတဲ့ အဖြစ်စုံတွေအားလုံးကတော့ ဤမျှပါပဲ။

““မကျေနပ်မှုတွေ မရောင့်ရဲနိုင်မှုတွေ သဘောမတူနိုင်မှုတွေ ငြင်းခုံမှုတွေ အပြစ်တင်မှုတွေ အစွဲအလမ်းကြီး မှုတွေ တစ်ယူသန်မှုတွေ စိတ်ပူပန်မှုတွေ ဆူပူခြင်းတွေ ဆန္ဒပြခြင်းတွေ ”” အားလုံးငြိမ်းချမ်း ညီညွတ်ကြပါစေ။

Photo by Isabel Retamales on Unsplash

Loading

Categories
စကားလက်ဆောင်

။ ပြိုင်ဆိုင်ခြင်း ။

။ လေဟုန်ပြင်းပြင်း
ပြိုင်ဆိုင်ခြင်းတိုက်
လေချင်းအပြိုင် တိုက်ကြတယ်။

။ ယနေ့လူချင်း
ပြိုင်နေခြင်းက
သေခြင်းမလှ လဲကြတယ်။

။ မပြိုင်ဆိုင်ခြင်း
မေတ္တာသင်းက
အေးခြင်းမြမြ ချမ်းသာတယ်။

။ မေတ္တာအေးအေး
စိတ်ရင်းဖွေးက
မွှေးမွှေးကြိုင်ကြိုင် ပန်းလိုနှယ်။

။ စင်ကြယ်စိတ်ထား
ဖွေးဖြူထားလှ
လူသားအေးမြ ကမ္ဘာလယ်။

။ အနိုင်မယူ
စိတ်ရင်းဖြူကြ
အမူဒေါသငြိမ်းချမ်းကြွယ်။

တောမှီရဟန်း (၂၄ – ၄ – ၂၀၁၅)
(ပြန်လည်ဆန်းသစ်ခြင်းကဗျာ။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒဂါထာ (စကား) ။

။ မြတ်သောကုသိုလ်ပြုပါ။
။ ဖြူစင်သည့်မေတ္တာဘာဝနာပွားပါ။
။ ကျန်းမာရေးအရ အသားငါးစားခြင်း ရှောင်ပါ။
။ အာဟာရကို ရသတဏှာမဖြစ်ပါစေနှင့်။
။ မိမိကိုယ်ကို ကြည်ညိုပါ။
။ လူတိုင်းအတွက် မေတ္တာမပျက်ပါနှင့်။
။ ကာမဂုဏ်အာရုံ အထုံမများပါစေနှင့်။
။ စားဦးစားဖွယ်တွေကို မိဦးဖမြတ်တို့ကိုမမေ့နှင့်။
။ သင်နှင့်ကောင်းသည့်အရာကို ကျေးဇူးမကန်းပါနှင့်။
။ အချင်းချင်းမေတ္တာ မပျက်ပါနှင့်။
။ သက်ကြီးရွယ်အို ဘိုးဘွားတွေကို ကူညီဖို့မမေ့နှင့်။
။ မိဘစဉ်လာရိုးရာတွေကို ထိန်းသိမ်းဖို့လည်းမမေ့နှင့်။
။ အကျင့်မမြတ်ဘဲ မနေပါနှင့်။
။ စည်းစိမ်ကို စွန့်ကမ်းပေးလှူမြဲပါစေ။
။ မိမိကျန်းမာရေးကို သိထားပါစေ။
။ အားနေတဲ့ပါးစပ်ကို မေတ္တာပို့ဖို့ မပျင်းပါနှင့်။
။ မိမိဝမ်းဘိုက်ကို သုသာန်မဖြစ်ပါစေနှင့်။
။ အယူအမြင်မမှားပါစေနှင့်။
။ ဘာသာရေးထက် ကိုယ့်အရေးကို တွေးပါ။
။ လောကသံသရာအေးပါစေ ။

တောင်ကလေးဆရာတော်
(၁၀ .၄ .၂၀၁၅) ရက်နေ့။

Loading

Exit mobile version