



။ တိမ်လိပ်တိမ်ရိပ်
တအိမ့်အိမ့်နှင့်
တိတ်ဆိတ်သာယာ ကုန်းမြင့်မှာ။
။ မိဘ ဘိုးဘွား
တည်ကာထားတဲ့
ဘုရားစေတီ မြရတနာ။
။ မြတ်သောနေရာ
နေလာကြတဲ့
သင်ကြပညာ သူသူငါ။
။ ခုတော့
ခေါင်းလောင်းသံသာ
ကြားနေပါပြီ
သူငါစာကျက် တစာစာ။
။ ပြန်မရောက်ကြာ အဝေးရွာက တပည့်များ
~~~~~~~~~~~~~~~~~~~~~~~~~~~~~
သို့ ။
~~~
မာန်နာဲပညာ
(ဖလုံပညာ့တ်ုဝါန့် )
(၁၅.၆.၂၀၂၂) ရပ်နေ့။
။ အတတ်နိုင်ဆုံးတော့ ကြိုးစားပေးပါတယ်။ သူ့အသက်ရှင်လာလေမည်လားပါ။ပြန်ပြီးမရှင်လာလေတော့ ကယ်သူကပဲ ဝေဒနာအဖြစ်ခံစားရပါတယ်။ သတ္တဝါတိုင်း အသက်ရှင်နေခြင်းကိုတောင်းတနေကြစမြဲမဟုတ်လား။
။ ဒီမနက်စာရေးနေတဲ့အချိန်လေးမှာပဲ အရှိန်ပြင်းပြင်းနဲ့ပျံသန်းလာနေတဲ့စာငှက်ကလေးဟာ မှန်တံခါးကို တိုက်မိလို့ ကျနေတာကိုမြင်ရလို့ အလျင်အမြန်ကောက်ယူပြီး လေမှုတ်သွင်းပေးတယ်။ အတောင်နှစ်ဖက်ကို ဆန့်တန်းပြီး ရင်အုပ်ကို အသာကလေးဖိပြီး လှုပ်ပေးနေတယ်။ နှုတ်သီးကိုဟပ်ပြီးတော့ လေလေး အကြိမ်ကြိမ်အခါခါမှုတ်သွင်းပေးတယ်။ အခြားကုသစရာတွေနဲ့လည်းကြိုးစားခဲ့ပေမဲ့ အသက်ပြန်မရှင်တော့ဘဲ လက်ပေါ်မှာပဲအသက်ပျောက်သွားတယ်လို့ပဲဆိုရမပေါ့။
။ ငှက်ကလေးရဲ့ခန္ဓာအစိတ်အပိုင်းကိုပြန်ပြီးကြည့်တဲ့အခါ လည်ပင်းရိုးကြိုးနေတာတွေ့ရတယ်။ ဘဝမှာဘယ်နေ့သေရမည်လည်းဆိုတာကို သေချာမသိကြတဲ့သတ္တဝါတွေရဲ့အဖြစ်ဟာ သံဝေဂရစရာပါပဲ။
။ ဒီနေ့တော့ မရဏာနုပဿနာပွားများခဲ့ပါတယ်။
(ပျံသန်းခြင်းမှမပျံနိုင်တော့ခြင်း)
တောမှီရဟန်း
(၁၄.၆.၂၀၂၂) ရက်နေ့နံနက်။
☘️မင်းလှကနေ ပြန်လာပြီးနောက် 🌿🌿🌿
။ 🌿မင်းလှမှာ အေဒီနှစ် ၁၉၈၀/၈၁ မှာ နေခဲ့တယ်။ အစက ပါဠိစာပေသင်ယူဖို့ မြောင်းမြမြို့၊ ပဇ္ဇောတာရုံပါဠိတက္ကသိုလ်မှာ ပါဠိဘာသာအထူးပြုသင်ယူဖို့ပါပဲ။ အဲဒီမှာ မရောက်ဖြစ်ဘဲ မင်းလှကိုရောက်ခဲ့တယ်။ မင်းလှဝေဠုဝန်စာသင်တိုက်မှာ တစ်နှစ်နီးပါး နေခဲ့တယ်။
။ 🌿အဲဒီတုန်းက စာသင်ပေးတဲ့ဆရာတော်က
၁) ဆရာတော် ဥူးကုဏ္ဍလ( ဘုန်းတော်လေး – အများဒါယကာအခေါ်)
၂) စာချဆရာတော် ဥူးပဏ္ဍဝံသ
၃) ဥူးကဝိနန္ဒ တို့ပါ။ အထူးသဖြင့် ဆရာတော်ဘုန်းတော်လေးက အဘိဓမ္မာဘာသာရပ်ကို သင်ပေးပါတယ်။ အခြားသောဘာသာရပ်တွေက စာချဆရာတော် ဥူးပဏ္ဍဝံသက သင်ပေးပါတယ်။
။ 🌿ဆရာတော်တို့ထံမှာ ပညာသင်ယူခွင့်အချိန်ကာလနည်းပါးကြပေမယ့် သင်ကြားလိုတဲ့ဘာသာရပ်တွေသင်ယူခဲ့ရလို့ပဲ ဝမ်းမြောက်မိပါလေရဲ့။ ဒီမှာမနေခင်က မန္တလေးစာသင်တိုက်ကြီးတွေမှာနေခဲ့ဖူးတော့ သင်ယူလိုတဲ့ဘာသာရပ်တွေ မစိမ်းပါဘူး။ ပျော်စရာပါပဲ။
။ 🌿တစ်ခါတစ်လေ ဆရာတော်နဲ့ဆွမ်းစားအတူကြွဖူးပါတယ်။ မြို့ထဲမှာပေါ့။ တစ်ချိန်မှာ ဆွမ်းစားအတူကြွလို့ ဆရာတော်က ဆွမ်းအနုမောဒနာပြုပေးဖို့ တရားချီးမြှင့်စေပါတယ်။ ဆရာတော့်ရှေ့မှောက်မှာပဲ တရားချီးမြှင့်ခဲ့ဖူးတယ်။ ကျောင်းရောက်တော့ ဆရာတော်က ” မဆိုးဘူး” လို့မိန့်ပါတယ်။ အားရှိသွားတာပေါ့။
။ 🌿အမှတ်ရစရာတစ်ခုက သက်ရွယ်ရလာကြတဲ့ဆရာတော်တို့ကို ကြည်ညိုရင်းစိတ်ရှိခဲ့တဲ့အတိုင်း ဆရာတော်တို့ခရီးသွားလာဖို့ အခက်အခဲမရှိအောင် မော်တော်ယာဉ်တစ်စီးလှူဒါန်းပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဆရာတော်ကြီးက တရားချီးမြှင့်ပေးဖို့ မိန့်ပါသေးတယ်။ အဲဒီမှာ တရားမချီးမြှင့်ရဲတော့ပါကြောင်း လျှောက်ကြားတော့ ဆရာတော်က ပြုံးပြပါလေရဲ့။
။ 🌿အသက်(၂၀) ရဟန်းငယ်ဘဝကနေခဲ့ဖူးတဲ့မင်းလှဝေဠုဝန်ကျောင်းဟာ ခုတော့ငယ်ကဆရာတော် လွန်တော်မူသွားပြန်တော့ မင်းလှကိုပြန်မရောက်ဖြစ်တော့မှာကိုလည်းစိုးရိမ်မိပါလေရဲ့။ ဒါပေမဲ့ မမေ့အပ်ရာတစ်ပါးထဲက မိမိပညာသင်ယူခဲ့ရာနေရာကို အသက်ဆုံးတိုင်မမေ့အပ်ဘူးလို့ ပညာရှင်တွေ ဆုံးမဩဝါဒရှိခဲ့လို့ မင်းလှမြို့နဲ့ဝေဠုဝန်ကျောင်းကို မမေ့ပါဘူး။
။ 🌿ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာမှာ ဝေဠုဝန်ကျောင်းတော်ဟာ ပထမအဦးအစဝိဟာရကျောင်းဖြစ်ခဲ့လို့ အိန္ဒိယမှာရှိတဲ့ဝေဠုဝန်ကျောင်းကို မမေ့နေသလိုပဲ ပဲခူးတိုင်း၊မင်းလှမြို့မှာရှိတဲ့ ဝေဠုဝန်ကျောင်းကိုလည်း မမေ့ပါဘူး။ မမေ့နိုင်ပါဘူး။ ဘာကြောင့်လည်းဆိုရင် ဝေဠုဝန်ကျောင်းတွေဟာ ချမ်းချမ်းမြေ့မြေ့ ရှိနေကြလို့ပါပဲ။
။ 🌿ဒါကြောင့် ဒီနေ့တော့
၁) ပဲခူးတိုင်း၊ မင်းလှမြို့မှာရှိတဲ့ ဝေဠုဝန်ကျောင်းကိုအောက်မေ့နေရသလိုပဲ
၂) အိန္ဒိယမှာရှိတဲ့ ဝေဠုဝန်ကျောင်းမြတ်ကိုလည်း အောက်မေ့တသ သတိရနေမြဲပါပဲ။
☘️☘️ဝေဠုဝန်ကို မမေ့ဘူး။☘️☘️
တောမှီရဟန်း
(၅.၅.၂၀၂၂) ရက်နေ့နံနက်။)
။ အတီတံ ဒေါသံ၊ ပစ္စုပ္ပန္နံ ဒေါသံ ၊ အနာဂတံ ဒေါသ၊ သဗ္ဗဒေါသံ ဘန္တေ ခမထ ။
အရှင်တို့၏ ဆရာအရှင်ကျေးဇူးတော်အရှင်သူမြတ်ကြီးသည် တစ်ဘဝတစ်ခန္ဓာ ငြိမ်းတော်မူခဲ့ပါလေပြီ။
။ ဘူတန်နိုင်ငံကိုရောက်ဖူးကြလားပါ။ ဘူတန်နိုင်ငံမှာ အမျိုးသား ၃၀% လောက်ဟာဘုန်းကြီးတွေဖြစ်ပြီး ၁၀ နှစ်အတွင်း တစ်နိုင်ငံလုံးမှာအမှုတစ်မှုပဲရှိခဲ့ပါတယ်။
။ အဲ့ဒီ အမှုကလည်း ဘုန်းကြီးကျောင်းထဲကိုဖိနပ်စီးပြီး ဝင်မိတာပါတဲ့။
။ ဘူတန်ဟာ World Map of Happiness ကမ္ဘာ့ပေ့်မှာ အပျော်ရွှင်ဆုံးနိုင်ငံများမြေပုံမှာ ပဉ္စမနေရာကိုယူခဲ့တာပါ။ ဘူတန်နိုင်ငံရဲ့ နယ်နိမိတ် အကျယ်အဝန်းက ၄သောင်း ၇ထောင် ကီလိုမီတာ ပတ်လည်ပဲရှိပါတယ်။ လူဦးရေပေါင်း ၆သိန်း ၇သောင်းကျော်သာ ရှိပြီး ဘူတန်လူမျိုး (၅ဝ%)နီပေါလ်လူမျိုး (၃၅%)နဲ့ ကျန်လူမျိုး (၁၅%) နဲ့နေထိုင်ကြတယ်။ (၇၅%) က ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး (၂၅%)က ဟိန္ဒူဘာသာတွေဖြစ်ကြတယ်။
။ အေဒီ ၁၉ဝ၇ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ တိုင်းပြည်ဖြစ်လို့ မြို့တော်က (Thimphu )ဖြစ်တယ်။
။ ဘူတန်နိုင်ငံရဲ့မြို့ကြီးမြို့ငယ်တွေမှာ လမ်းမှာတောင်းရမ်းသူမရှိဘူး။ လမ်းကျဉ်း လမ်းငယ်တွေမှာ မိန်းမရွှင်တွေမရှိဘူး။ ဆေးသမားတွေ မရှိဘူး။ တောင်ကြီးတောင်ငယ် အလျှိုလျှိုနဲ့ ဝိုင်းရံထားတဲ့နိုင်ငံမှာ ခမ်းနားတဲ့ အဆောက်အအုံတွေကိုမမြင်နိုင်သလို စုတ်ပြတ်ပြီး မိုးမလုံလေမလုံတဲ့ အိမ်ငယ်မျိုးလည်း မတွေ့ရဘူး။ အရက်ဆိုင်လည်း မရှိဘူး။
မြို့တော် (Thimphu ) မှာ နိုင်ငံတကာနဲ့ ဆက်သွယ်နိုင်တဲ့အင်တာနက်ဆိုင်ပေါင်း များစွာရှိတယ်။
။ ဘူတန်က နေထိုင်ကြတဲ့ အမျိုးသား အမျိုးသမီးတွေအားလုံးဟာ ရိုးရာဝတ်စုံကိုသာဝတ်ဆင် ကြတယ်။ အမျိုးသားတွေက (gol) လို့ခေါ်တဲ့ဒူးထိရှည်လျှားတဲ့ဝတ်စုံတစ်ထည်ကို ဝတ်ဆင်ကြပြီး အမျိုးသမီးတွေက (kira) လို့ခေါ်တဲ့ ခြေမျက်စိထိဖုံးတဲ့ ဝတ်စုံ ၃ ထည်ကို ဝတ်ဆင်ကြတယ်။
။ ဘူတန်က ကလေးလူကြီးမကျန်၊ ကုန်သည်၊ ကျောင်းသား၊ လက်လုပ်လက်စားတွေကို မေးကြည့်တဲ့အခါ သူတို့ဆီက တူညီတဲ့ စကားတစ်ခွန်းကို ကြားခဲ့ရတယ်။
။ အဲဒီစကားက “ကျွန်တော်တို့ ကျေနပ်တယ်၊
ရောင့်ရဲတင့်တိမ်တယ်” ဆိုတဲ့ စကားပဲဖြစ်တယ်။
။ ရိုးရာဝတ်စုံနဲ့ ဘူတန်ဘုရင် ( Jigme Singye Wangchuck ) က မိမိရဲ့တိုင်းပြည်ကို အပျော်ရွှင်ဆုံး တိုင်းပြည်အဖြစ် တည်ထောင်နိုင်ခဲ့သူပါပဲ။
။ Jigme Singye မင်းသားဟာ ခမည်းတော် နတ်ရွာစံပြီးတဲ့နောက် (၁၇) နှစ်အရွယ်နဲ့ ဘုရင်ဖြစ်လာခဲ့သူပါ ကမ္ဘာ့အသက်အငယ်ဆုံး ဘုရင်ဖြစ်လာခဲ့သူပါ။ ဘုရင် Jigme ဟာ အမေ့ရင်ခွင်မှာ ပျော်ပိုက်တဲ့အရွယ် ရှစ်နှစ်သားမှာပဲ အိန္ဒိယကို ပညာသင်ဖို့ ရောက်ခဲ့တယ်။
။ (၁ဝ) နှစ်သားမှာ အင်္ဂလန်နိုင်ငံကို ရောက်ရှိပြီး (၁၄)နှစ်မှာ အောက်စဖို့ တက္ကသိုလ်ကို တက်ရောက်ခဲ့တယ်။
။ ဘူတန်တိုင်းပြည်မှာ စစ်တပ်မမွေးဘူး။ လက်နက်အားမကိုးဘူး။ လူတန်းစားမရွေး ဘဲ ပြည်သူတိုင်းအခမဲ့ကျောင်းတက်ခွင့်၊ ဆေးကုသခွင့်ရှိတယ်။
။ ဘူတန်မှာ စာတတ်သူတွေက တစ်တိုင်းပြည်လုံးမှာ ၉၇% ရှိပြီး နိုင်ငံခြားထွက် ပညာသင်တွေထဲမှာ ၉၉%ဟာ ဘွဲ့ရပြီးနောက် တိုင်းပြည်ကို ပြန်လာကြသူတွေဖြစ်တယ်။
။ ဘူတန်က တစ်တိုင်းပြည်လုံး ဆေးလိပ်မသောက်ရလို့ တားမြစ်ထားတဲ့ တိုင်းပြည်ဖြစ်တယ်။ တစ်တိုင်းပြည်လုံးရဲ့ ဆေးလိပ်သောက်နှုန်းဟာ ၁% ပဲရှိခဲ့တယ်။
။ ပလပ်စတစ်အိတ် ဝင်ခွင့်ကိုလည်းပိတ်ပင်ထားတဲ့ နိုင်ငံဖြစ်တယ်။
။ ဘူတန်နိုင်ငံရဲ့ ပတ်ဝန်းကျင်မှာ ၇၂% က သစ်တောတွေဖြစ်ပြီး အာရှနိုင်ငံမှာ ပထမဆုံးသော သစ်တောမပြုန်းတီး နိုင်ငံဖြစ်တယ်။ ၂၆% ကို ပြည်သူတွေအပန်းဖြေတဲ့ပန်းခြံအဖြစ် ထားရှိခဲ့တယ်။
။ ရေအားလျှပ်စစ်ကို အသုံးပြုပြီး တစ်တိုင်းပြည်လုံး ၇၁% မီးအပြည့်အဝ ရရှိတဲ့နိုင်ငံဖြစ်တယ်။
။ သူတို့ လူမျိုးတွေကို နိုင်ငံခြားသား အထူးသဖြင့် ဗုဒ္ဓဘာသာ မဟုတ်သူတွေနဲ့ အိမ်ထောင်ပြုခွင့် မပေးပါဘူး။
။ ဘူတန် ဘုရင်ဟာ ၂၀ဝ၈ ခုနှစ်တုန်းကမှ သူ့သဘောနဲ့သူ သက်ဦးဆံပိုင် ဘုရင်စနစ် ကနေ စည်းမျဉ်းခံ ဘုရင်စနစ် ကို ပြောင်းလဲ ပေးခဲ့တာ ဖြစ်ပါတယ်။ စည်းမျည်းခံ ဘုရင်စနစ်ဖြစ်ပြီး ဘုရင်မှာ မိဖုရားတစ်ပါးသာ ရှိပါတယ်။
။ ပုံပြင်ဆန်ဆန် အချစ်ဇတ်လမ်းလေးလည်း ရှိပါတယ်။ အဲဒါကတော့..တစ်နေ့ ၁၇ နှစ်အရွယ် အိမ်ရှေ့မင်းသားဟာ တိုင်းခန်းလှည့်လည်တဲ့အခါမှာ ၇နှစ်သမီးအရွယ်မိန်းကလေးတစ်ယောက်က သူ့ကိုခေါ်သွားဖို့ ပြောပါတယ်။
။ အဲဒီအခါ မင်းသားက “မင်းလည်း အရွယ်ရောက်အိမ်ထောင်မရှိတဲ့အခါ ငါလည်း အိမ်ထောင် မပြုရသေးရင် လာခေါ်မယ်” လို့ ကတိပေးခဲ့ပါတယ်။ နောင်တစ်ချိန် မင်းသားက အသက် (၃၁) နှစ် မိဖုရားက (၂၁) နှစ်အရွယ်မှာ ကတိအတိုင်း လက်ထပ်ခဲ့ပါတယ်။
။ ဘူတန်ဘုရင်လိုပဲ ကိုယ်လည်းငယ်ငယ်ကစဉ်းစားခဲ့ဖူးတယ်။ မိမိနေထိုင်တဲ့တိုင်းပြည်ကိုပေါ့။ ခုတော့ ဒီမိုကရေစီတိုင်းပြည်ဖြစ်သွားတော့ စိတ်ကူးခဲ့တာတွေ အားလုံးအလွဲပါပဲ။ မလွဲတာကတော့ ရဟန်းဖြစ်သွားလို့ပါပဲလေ။
အဲးခိုး( ၁၃.၄.၂၀၂၁) ရက်နေ့နံနက်။
Featured image: His Majesty With His People | His Majesty Jigme Khesar Namgy… | Flickr
။ ယခုမြင်လိုက်ရသည့် စေတီတော်မြတ်ဟာ တောင်ကလေးတောင်ထွဋ်မြတ်ပေါ်၌ တည်ထားသည့် မြရတနာစေတီတော်မြတ်ပါ။ မြရတနာစေတီတော်မြတ်ဟာ များသောအားဖြင့် မဖူးမြင်ကြရသူတွေ များကြပါတယ်။
။ သမိုင်းပညာရှင်တွေက စေတီတော်မြတ်ဟာ မနောဟရခေါ် မနူဟာမင်းကြီးရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ မုတ္တမမိဖုရားကြီးက တည်ထားတော်မူသည့်စေတီတော်မြတ်တစ်ဆူဖြစ်ပါတယ်။ စေတီတော်ကို မူလအစက ဂဝံကျောက်သားများနဲ့တည်ထားခဲ့ပါတယ်။
။ မြရတနာစေတီတော်မြတ်ကို ဖူးမြော်ကန်တော့ကြသည့်သူတွေဟာ လိုရာဆုထူးတွေတောင်းကြလို့ ပြည့်ဝကြတဲ့သူတွေရှိပါတယ်။ ဒါက ယုံကြည်သူများပါ။
။ ကိုယ်တွေ့ အနေနဲ့ဖူးမြော်ကန်တော့ကြည့်ပါ။ လိုရာဆုလည်းတောင်းကြည့်ပါဦး။
ဦးရွှေအောင် (ချီမင်းဒို)
။ ပဋိသန္ဓေနဲ့ပတ်သက်လာရင်
၁ ။ အဏ္ဍဇပဋိသန္ဓေ = အဥ( ဥခွံတွင်း)၌ ဖြစ်သော ပဋိသန္ဓေ။
၂ ။ ဇလာဗုဇ = သားအိမ်တွင်း၌ ဖြစ်သော ပဋိသန္ဓေ။
၃ ။ သံသေဒဇပဋိသန္ဓေ = အညှီအဟောက် အပုပ်အစပ်စသည်၌ ဖြစ်သော ပဋိသန္ဓေ။
၄ ။ သြပပါတိကပဋိသန္ဓေ = ( အလိုအလျောက် ၊ သူ့အလိုလိုသာဖြစ်လာသော) ဥပပတ်ပဋိသန္ဓေ ၄ မျိုးရှိပါတယ်။
။ လူတွေနေတဲ့ပဋိသန္ဓေက အမှတ်စဉ်ပြ နံပါတ်(၂) ပါပဲ။ဒီနေရာမှာ ကိုယ်ဝန်တည်နေရတာနဲ့ပတ်သက်လို့ ကိုယ်ဝန်တည်နေခြင်းအကြောင်းတရားအဖြစ်
(၁) ကံ၏အစွမ်းသတ္တိကြောင့် ကိုယ်ဝန်တည်ခြင်း၊
(၂) ဘဝယောနိ၏(ဖြစ်ခြင်းလမ်းကြောင်း) အစွမ်းသတ္တိကြောင့် ကိုယ်ဝန်တည်ခြင်း၊
(၃) အမျိုးဇာတ်၏ အစွမ်းသတ္တိကြောင့် ကိုယ်ဝန်တည်ခြင်း၊
(၄) ဆုတောင်းပတ္ထနာ၏ အစွမ်းသတ္တိကြောင့် ကိုယ်ဝန်တည်ခြင်း ဆိုပြီးတော့ စာပေကျမ်းဂန်တွေမှာပြထားတာကို လေ့လာဖတ်ဖူးမိကြမှာပါ။
။ အချို့စာပေတွေမှာတော့ ” ကိုယ်ဝန်တည်ကြောင်း ၃ပါး” ကိုလည်း ခုလိုမျိုးပြထားတာတွေကို တွေ့မြင်ရပါတယ်။
(၁) မိဘနှစ်ပါးတို့ ကူးလူးဆက်ဆံပြီးခြင်း၊
(၂) မိခင်သည် ဥတုလာပြီးစ ဖြစ်ခြင်း၊
(၃) ကိုယ်ဝန်တည်မည့် သတ္တဝါသည် မိခင်ဝမ်းဗိုက်သို့ ရှေးရှုတည်ခြင်း ။
။ ကိုယ်ဝန်မတည်ကြောင်းအနေနဲ့က
(၁) ပိုးကြောင့် မတည်ခြင်း( ပါဏကေဟိ)
(၂) လေဖျက်ခြင်းကြောင့် မတည်ခြင်း( ဝါတကုပ္ပေဟိ)လို့ စာပေမှာပြပါတယ်။
။ မေးခွန်းလွှာ ။ ။ သတ္တဝါတွေထဲက ဘာကြောင့်လူပဋိသန္ဓေက အသိတရားအမြော်အမြင်ကြီးရပါသလဲ? ဆိုတာကို သုံးသပ်ဝေဖန်ကြည့်ပါ။
။ ဥပမာ တိရိစ္ဆာန်က အသိအမြင်နိမ့်ခြင်း၊ လူသတ္တဝါက အသိအမြင်မြင့်မားခြင်းကို နှိုင်းယှဉ်ကြည့်ရှုနိုင်သည်။
အောင်ဖေတို့စကားဝိုင်း
(၂၉-၁၀-၁၇) ရက်နေ့။
။ မမေးလို့မသိကြ မတိကျရင် ခဏခဏစကားတွေများကြရလို့ ဒီနေ့အောင်ဖေတို့ စဉ်းစားစရာမေးခွန်းတစ်ခု (တစ်မျိုး) ဖြစ်လာပြန်တာပေါ့။အောင်ဖေတို့ လူ့ဘဝရလာတာ (လူလာဖြစ်တာ) အကြောင်းအကျိုးတရားနဲ့ကင်းကြမယ်မထင်ပါဘူး။ အကြောင်းမလွတ်တော့အကျိုးလည်းမလွတ်နိုင်ကြတဲ့ လူ့လောကသတ္တဝါမှာ အသက်ရလာကြဖို့ အသက်လို့သတ်မှတ်ခေါ်ဆိုထားကြတဲ့ မျိုးစေ့နဲ့လည်းမကင်းကြပါဘူး။ အဲဒီတော့ မျိုးစေ့နဲ့ပတ်သက်လာကြပြီးဆိုရင်
၁ ။ မူလဗီဇ = အမြစ်မျိုးစေ့
၂ ။ ခန္ဓဗီဇ = ပင်စည်မျိုးစေ့
၃ ။ ဖဠုဗီဇ = အဆစ်မျိုးစေ့
၄ ။ အဂ္ဂဗီဇ = အညွှန့်မျိုးစေ့
၅ ။ ဗီဇဗီဇ = အစေ့မျိုးစေ့ဆိုပြီး ၅ ပါးပြထားတာတွေ့ရပါတယ်။
မေးခွန်းလွှာ ။ ။ လူတွေရလာတဲ့အသက်နဲ့မျိုးစေ့ဟာ ဘယ်ကဖြစ်လာတဲ့ မျိုးစေ့ပါလဲဆိုတာကို မေးပါရစေ။ ဖြေကြားပေးပါ။
။ သိသလိုပဲ ဖြေကြားကြည့်လိုက်ကြပါဦး။ ပျော်ပျော်ပါးပါးစကားဝိုင်းဆိုတော့ ဘယ်သူကအမှားအမှန်ဆိုတာ တိတိကျကျမသိကြရပေမယ့် ဗဟုသုတလေးတော့ တိုးနေမှာပါ။ အေးမြကြပါစေ ။
အောင်ဖေတို့စကားဝိုင်း
(၂၈-၁၀-၁၇) ရက်နေ့။
Feature image: This artwork was created with the help of Artificial Intelligence. Create your own AI-generated artworks using NightCafe Creator.