Categories
စကားလက်ဆောင် ဘာသာရေး

။ ရဟန်းဖြစ်တော်မူခြင်း ။

။ အရှင်ဟာ အေဒီ ၁၉၆၀ ပြည့်နှစ်၊ဇူလိုင်လ(၁၄) ရက်၊ကြာသပတေးနေ့၊ ( မြန်မာကောဇာသက္ကရာဇ် ၁၃၂၂ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်နေ့) ညနေ (၅:၅၅) မိနစ်အချိန် ၊ ကရင်ပြည်နယ်၊ဘားအံမြို့၊လှာကမြင်ကျေးရွာမှာ မွေးဖွားပါတယ်။ မွေးချင်း လေးယောက်ရှိသည့်အနက် စတုတ္ထမြောက်ဖြစ်ပါတယ်။ အငယ်ဆုံးဖြစ်လို့ မိဘတွေက ဗိုလ်ဆိုးလို့အမည်ပေးပါတယ်။

။ ဗိုလ်ဆိုးဖြစ်တဲ့အရှင်ဟာ အေဒီ ၁၉၇၀ ပြည့်နှစ်မှာ ရှင်သာမဏေပြုပြီး အေဒီ ၁၉၈၀ ပြည့်နှစ်၊ မတ်လ(၂၁) ရက်၊ စနေနေ့၊ ညနေ(၄:၅၅)မိနစ်( မြန်မာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊တပေါင်းလပြည့်ကျော် ၁ ရက်) အချိန်၊ ကရင်ပြည်နယ်၊ဘားအံမြို့၊အမှတ်(၃) ရပ်ကွက်၊ဓမ္မပီယကျောင်း၊ခဏ္ဍသိမ်မှာ ရဟန်းဖြစ်ပါတယ်။

။ အရှင်ဟာ နှစ်(၄၀) ကျော်ရဟန်းဘဝနဲ့ကျင်လည်ခဲ့ရတဲ့အတွေ့အကြုံဟာ အတော်လေးကိုများလှနေပါပြီ။ သက်တော်(၆၀) ကျော်ကာလအတွင်း ကျင်လည်ခဲ့ရသမျှဖြစ်တဲ့သည်ဘဝတစ်လျှောက်မှာ ကြီးကျယ်တဲ့ ဘယ်အပြစ်ဒေါသမျှ မပြုမှားမိခဲ့လို့ကိုပဲ မိမိကိုယ်မိမိကျေနပ်အားရမိပါလေရဲ့။

။ တစ်ပါးသူတွေကသာ အရှင့်ကို စော်ကားပြစ်မှားနေကြတာပါ။ လုပ်ကြံမှုပြုကြတာပါ။ အရှင်ကတော့ ဘယ်သူ့ကိုမှမပြစ်မှားပါ။ရန်မူမပြုပါ။ ဘယ်တော့မှလည်း ဒေါသအာဃာတ မထားပါ။ အမြဲတမ်းသာ ခွင့်လွှတ်ပါတယ် ။မေတ္တာမပျက် သည်အသက်ပါ။

တောင်ကလေးဆရာတော်
(၁၇.၃.၂၀၂၂) ရက်နေ့နံနက်။)

Loading

Categories
စကားလက်ဆောင်

။ ဖခင်ရှိရာ သိပါစေ ။

။ သည်လောကမှာ
လူမှုဆက်ဆံရေး
လူအဖွဲ့အစည်း
မိဘနှင့်သားသမီး
ကျေးဇူးပေး
ကျေးဇူးခံ
အပြန်အလှန်
အဆက်အစပ်
မပြတ်မလပ်
ချစ်မြတ်နိုးကြ
ဦးထားရိုသေရှိနေကြ။

။ ရှည်လျားစွာလူ့သမိုင်း
မိဘကိုမိဘအရာ
လေးစားဝတ်ပြုလုပ်ကျွေးကြ
လူမျိုးတိုင်း
ဘာသာတိုင်း
လက်ခံထားသော
လူ့ကျင့်ဝတ်ပါ။

။ သို့သော်ငြားလည်း
မိဘကို
မိဘလိုအသိအမှတ်ပြုသော
လူ့အဖွဲ့အစည်းရှိကြသလို
အသိအမှတ် မပြုသော
လူ့အဖွဲ့အစည်းတွေလည်း ရှိကြလေရဲ့။

။ ဘဝတူလူတစ်ယောက်လိုသာ
သဘောထားသေးသိမ်ကြသည့်
လူတွေလည်း အရှိအရှိပါပဲလေ။

။ သေရေးရှင်ရေး
ကြုံလာသည့်အခါ
မိဘကိုသာတမ်းတကြတာ
ဓမ္မတာပဲမို့
မိဘကိုပိုသတိရကြနေမှာပါ။

။ အားမငယ်စေရ
အားတက်ဖွယ်ရာ
အားပေးသူမှာ မိဘတွေပါပဲ။

။ မိဘကို
မိဘလိုအသိအမှတ်ပြု
မိဘလိုဆက်ဆံ
ထိုက်တန်အောင်အရေးပေးဖို့
ငါတို့တွေ့
မေ့များမေ့နေကြပြီလား။

။ ဖဝါး လက်တစ်လုံး
ဖခုံး လက်လေးသစ်
ချစ်ခြင်းများစွာ
ကြင်နာယုယလာခဲ့ရသော
မိဘနှစ်ပါးကို
ဘယ်သူမေ့မေ့
ငါမမေ့ဘူး
အမှုမဲ့မဲ့
အမှတ်မဲ့မဲ့
မှုမှုမဲ့မဲ့ငါမနေဘူး
ကျေကျေနပ်နပ်
ကျေးဇူးဆပ်ရ
မြတ်မိဘကို
သည်နေ့
သခင်အရာ
ဂုဏ်ရည်အရာ
ထူးဂုဏ်အရာ
ဦးညွှတ်ခါခါ
ကန်တော့ပါသည်
ဖခင်ရှိရာသိပါစေ။

(ကျေးဇူးရှင် ဖခမည်းတော်မြတ် သခင်အောင်ခင်သို့ ဦးညွှတ်ရိုသေလျက်။)
တောင်ကလေးဆရာတော်
(၁၆.၃.၂၀၂၂) ရက်၊ တပေါင်းလပြည့်နေ့= ဖခင်များနေ့။)

Loading

Categories
စကားလက်ဆောင်

။ နံနက်ခင်းဓမ္မကို နှလုံးသွင်းခြင်း ။

။ စိတ်ကို ကြည်ကြည်လင်လင်ထားမယ်။
။ အားလုံးအပေါ်ကို မေတ္တာထားမယ်။
။ ကိုယ်နှင့်အတူ စာနာမှုထားမယ်။
။ သတ္တဝါများကို ကြင်နာသနားမယ်။
။ လူတိုင်းအပေါ်ကို နားလည်မှုထားမယ်။
။ ဆင်းရဲရောက်သူကို ကူညီမှုပြုမယ်။
။ လမ်းမှားသူကို စောင့်ကြပ်ကူညီမယ်။
။ လမ်းမှန်ရောက်အောင် ဓမ္မဖြင့်ကူညီပံ့ပိုးပေးမယ်။
။ လူတိုင်းအပေါ်ကို နူးညံ့သိမ်မွေ့စွာဆက်ဆံမယ်။
။ သည်နေ့ အကျိုးမဲ့မှုအားလုံးကို ရှောင်ရှားမယ်လို့ပဲ နှလုံးသွင်းလိုက်ပါ။
တောင်ကလေးဆရာတော်
(၁၅.၃.၂၀၂၂) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

။ သည်နေ့ ဓမ္မကို နှလုံးသွင်းခြင်း ။

။ ခေတ်ဆန်ကို မလိုက်ပါ။
။ ခေတ်သစ်ကို မလိုချင်ပါ။
။ ခေတ်မီလည်း မနှစ်သက်ပါ။
။ ခေတ်နှင့်အတူသာ နှလုံးသွင်းမည်။
။ အပျက်ပဲပြောပြော မပျက်အောင်နေမည်။
။ အဖျက်ပဲလုပ်လုပ် မရှုပ်အောင်နေမည်။
။ အဆွယ်ပဲပြုပြု ငြိမ်ငြိမ်ပဲနေမည်။
။ အကြမ်းပဲဖက်ဖက် အေးအေးစက်နေမည်။
။ သည်အသက်သည်ခန္ဓာ ဘာဝနာဉာဏ်နှင့်သာနေမည်။
။ သည်ဘဝဖြင့်သာ အဖြေရှာမည်။
။ သည်နေ့အတွက် အပြစ်မရှိအောင်သာနေမည်။
တောင်ကလေးဆရာတော်
(၁၄.၃.၂၀၂၂) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

။ အရသာ ။

အများနဲ့ဆက်ဆံ

။ဒီနေ့ နေအလွန်ပူပါတယ်။ နေထက်ပိုပူကြတဲ့သူတွေက ကျောင်းကိုစုတိုးပြီးရောက်လာကြတယ်။ အိုမီခရွှန်ရောဂါဝေဒနာကလည်း ခုချိန်ထိ ခံစားနေကြရဆဲဖြစ်လို့ ရောက်လာကြတဲ့ဒါယကာတွေနဲ့ မဆက်ဆံမိကြပြန်တော့လည်း အမြင်မရှင်းကြသူတွေကလည်း အရှိရှိဖြစ်နေတော့ အများတကာနဲ့ဆက်ဆံနေရတဲ့ဒုက္ခက အတော်လေးကို သိသွားပါပြီ။

အသက်အရွယ်

။ အရှင်ဟာ အသက်မငယ်တော့ပါဘူး။ ၆၀ ကျော် ၇၀ နီးပါရှိနေပါပြီ။ ယနေ့ယခုအချိန်ထိ ကိုယ်စိတ်လေး အေးအေးချမ်းချမ်းမနေရသေးဘဲ လူအများတွေနဲ့ပဲ ဆက်ဆံနေထိုင်သွားလာရပါသေးတယ်။ လူတယောက်ဟာ အသက် ၆၀ ပြည့်ကျော်လာရင် ကိုယ့်စိတ်နဲ့ကိုယ် လွတ်လပ်စွာနေရတော့မယ်မဟုတ်လား။

တန်ဖိုးထားမှု

။ သက်တမ်းကာလတစ်လျှောက်လုံးမှာ အပြည့်အဝနားရတယ်ဆိုတာ မရှိဘဲ အမုန်းပွားကြသူတွေကြားမှာပဲ အထင်သေးခံရ၊အမြင်သေးခံကြလို့နဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးကျသူတစ်ယောက်လို ခံစားနေကြရသလားပါပဲ။

လူမှုကမ္ဘာ

။ မိမိအကြောင်းကို စုံစေ့အောင်မသိကြဘဲ အပြစ်တင်ကြမှု၊ရှုတ်ချကြမှု၊စော်ကားမိုက်မဲကြမှုတွေကလည်း အစုံအစုံအောင်ပါပဲ။ အရှင်တို့နေထိုင်ရာ လူမှုကမ္ဘာတွေဟာ ခုတိုင်းလိုပဲ ကဲ့ရဲ့ပစ်တင်ရှုတ်ချနေကြတာနဲ့ အလုပ်ပြီးနေကြတယ်လို့ ထင်မိကြတာလားပါပဲ။

အတင်း

။ အချို့သောလူတွေက သူတစ်ပါးကို ကဲ့ရဲ့ပစ်တင်ရှုတ်ချရမှ အားရကျေနပ်တတ်တယ်။ သူတစ်ပါးအကြောင်းကို မကောင်းကြောင်းသာပြောရရင် တစ်နေကုန်ခံပြီးပြောဆိုနိုင်တာရှိလို့ပဲလား ၊ သည်နေ့ အတင်းပြောကြတဲ့ခေတ်ကြီးလိုဖြစ်နေတယ်။

ဖြစ်နေကြရပါသလဲ

။ ကုန်ကုန်ပြောရရင် လူတွေဟာ ကိုယ့်အလုပ်ကို ဘာလို့တန်ဖိုးမထားကြသလဲ။ ကိုယ့်ကိုယ်ကို ဘာလိုများမဝေဖန်ပါသလဲ။ သူတစ်ပါးကို ကဲ့ရဲ့ပြစ်တင်ရှုတ်ချနေကြရမှဝမ်းသာအားရကျေနပ်ကြရတဲ့အဖြစ်မျိုးတွေဟာ ဘာလို့များ နေကြရပါလဲဆိုတဲ့အဖြစ်မျိုးတွေ ဖြစ်ကြရပါသလဲ?။

အရသာ

။ ဒီနေ့တော့ နေကအရမ်းပူတယ်။ နားချိန်မှာ မနားရ။ မသိတတ်ကြတဲ့သူတွေက ရစ်လုံးတင်လို့ မမြင်ချင်မကြားချင်စရာတွေ မြင်ရကြားရလို့ စိတ်ထဲမှာ ဒေါမနဿဖြစ်မိပါလေရဲ့။ ဒါပေမဲ့ ဒီလိုဖြစ်တာကို ဒါယကာတွေမသိအောင် အကြိမ်များစွာနေခဲ့ရတာကြာနေပါပြီ။ သည်းခံခြင်းရဲ့ အရသာပါ။

တောမှီရဟန်း
(၁၃.၃.၂၀၂၂) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ အကျွတ်ဘယ်မှာ ဝေးတော့မည် ။

၁) သု – သုနေယျ = နာကြားရာ၏။
၂) စိ – စိန္တေယျ = ကြံစည်ရာ၏။
၃) ပု – ပုစ္ဆေယျ = မေးမြန်းရာ၏။
၄) ဘာ – ဘာသေယျ = ပြောဆိုရာ၏။
၅) ဝိ – ဝိစာရေယျ = စူးစမ်းဆင်ခြင်ရာ၏။
၆) လိ – လိက္ခေယျ = ရေးသားရာ၏။
၇ ) သိ – သိက္ခေယျ = သင်ယူရာ၏။
၈ ) ဓါ – ဓါရေယျ = ဆောင်ထားရာ၏။

။ သုစိပုဘာ ၊ ဝိလိသိဓာ
အက္ခရာစွဲသုံး ၊ ဤရှစ်လုံးကို
သီကုံးပန်းသွင် နေ့တိုင်းဆင်လော့။

။ စာသင်ပျိုနု ၊ အခြေပြုတို့
ဥဇုဘူတ ၊ လုံ့လပြင်းစွာ
သူ့ထက်ငါဟု ၊ နှုတ်မှာရွရွ
ကြိုးပမ်းကလျှင်၊သိပ္ပကျေးဇူး
အထူးသိမြင်၊ ပညာရှင်ဟု
မထင် မပေါ် ၊ မကျော်စောဘဲ
တီမှာလွဲအံ့​၊အရဲကြိုးကုတ်
ကြက်ရဲသုတ်သို့၊အားထုတ်ခုံမင်
မသင်မအံ ၊ မကြံမမေး
ဆွေးနွေးရောနှော၊ဟောပြောမဲ့ထွေ
ပေချပ်ရေဖြင့် ၊ ကုန်စေဆန်းသာ
သင်ချေပါလည်း၊
ဘယ်မှာဂုဏ်ရှင်၊ကျော်စောထင်လိမ့်။

။ စာသင်ဟူက၊ကျမ်းထိုမျှကို
တွေ့ကမရှောင်၊ကြောင်ပုစွန်စား
ကြွပ်ကြွပ်ဝါးသို့၊လွှသွားပမာ
ကျောက်ထက်စာသို့၊လိုရာရအောင်
ကြံဆောင်လေ့ကျက်၊အနက် အဓိပ္ပာယ်
နှုတ်ဝယ်ရွရွ ၊ ထားချေမှတည့်
တစ်စပေါ်လျှင် ၊ ချည်စငင်သို့
သဘင်ပွဲမှောက် ၊ ဆိုရေးရောက်က
လန့်ကြောက်မရှိ ၊ သတိမြဲခိုင်
ကျောက်တိုင်ပမာ၊ကေသရာသို့
ရွံ့ရှာမဲ့လျှင်၊ဆိုခင်းနည်းနာ
အဖြာဖြာကို၊မကြာနှုတ်လျှောက်
ခန့်ချင့်ထောက်လော့၊အံ့လောက်ဖွယ်သာ
ဂါထာပါဌ်သား၊စကားဝိုက်လည်
စဉ်ရှည်ရှေးတီး ၊ စကားကြီးက
စသည်ထိုထို ၊ ဝိဂြိုဟ်ဝစနတ်
ဓာတ်ရပစ္စည်း၊ထုံးနည်းပမာ
ဂါထာဆန်းဂိုဏ်း ၊ကရိုဏ်းဌာန်စစ်
ဖွင့်လှစ်ဋီကာ ၊ အဋ္ဌကထာပါဠိ
အောက်ထက်ညှိ၍၊ကဝိလက္ခဏာ
အဖြာဖြာကို၊သေချာဆည်းဆ
ဆိုဝံ့ကလျှင်၊ဘဝဤတွင်
ခုမျက်မြင်လည်း၊မထင်ဘယ်မှာ
ရှိဘိရာအံ့၊သံသရာလည်း
ပမာကဲလွန်၊အဆုံးစွန်မူ
ညီမွန်တုလွတ်၊သုံးလူ့နတ်ဝယ်
အကျွတ်ဘယ်မှာ ဝေးတော့မည်။

<><><><><><><><><><><><><><>
ရှင်မဟာရဋ္ဌသာရ
(ဆုံးမစာမှ ကူးယူသည်။)

Loading

Categories
စကားလက်ဆောင်

။ မေတ္တာသိသောသူ ။

။ မိခင်က
ဖလုံ ပိုးကရင်လူမျိုး။
ဖခင်က
နီဟွန်း ဂျပန် 🇯🇵 လူမျိုး။

။ တစ်နေ့သောအခါ
ကမ္မဋ္ဌာန်းရိပ်သာတစ်ခုကနေ
ပြန်ထွက်လာပြီး
မိဘရဲ့ကျေးဇူးတရားကို
ကမ္မဋ္ဌာန်းတရားပွားများနေရင်းနဲ့
အထူးနားလည်သိသွားလို့
အိမ်ပြန်ရောက်တော့
ခုလိုပါပဲ
ဝပ်တွားကော်ရော်
ဦးတော်ချပြီး
ကြီးမားသော
မိခင်ရဲ့ကျေးဇူးတော်
ဖခင်ရဲ့ကျေးဇူးတော်တို့ကို
ရိုသေမြတ်နိုးစွာ
ရှိခိုးခါခါဦးတင်လျက်
လိမ္မာလှသည့်
ဤသမီးငယ်လေးမျိုးလို
မိဘတို့ရဲ့အမွေကို
ခံယူထိုက်သူလို့ပဲ
ချီးမွမ်းပါရစေ။

(ဖိနပ် မချွတ်ထားမိသည်ကိုတော့ နားလည်မှုထားပေးနိုင်ပါရန်။)
တောမှီရဟန်း
(၁၀.၃.၂၀၂၂) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

။ ကြည်ဖြူပေးဆက် မေတ္တာလက် ။

။ အပြစ်မရှိလို့
အပြစ်ရှာချင်နေကြတာလည်း
လူတွေရဲ့ ဝါသနာပဲပြောပြော။

။ ကဲ့ရဲ့စရာမရှိလို့
ကဲ့ရဲ့ချင်နေကြတာလည်း
လူတွေရဲ့စရိုက်တွေပါပဲပြောပြော။

။ မနာလိုလို့
ဝန်တိုကြတာလည်း ပြုပြု
အဲဒါတွေဟာ လူတွေရဲ့
အမူအကျင့်ပဲ ပြောပြော။

။ လောကမှာ
ရန်မူမပြုသောသူ
ရန်မစုဘဲနေသောသူ
ရန်တုံ့မမူဘဲနေသောသူ
အမှန်တရားကိုလိုလားသူ
သစ္စာနှံ၍အားထုတ်သောသူ
ထိုသူတွေအားလုံးဟာ
ဘယ်တော့မှ
ရန်ကိုရန်ချင်းတုံ့မူမှု
မပြုပါဘူး။

။ ဒါကြောင့်
မိမိကို
မည်သူတွေက
အထင်မှားမှား
ပြစ်မှားမှားလည်း
အပြစ်မယူ
မငြူစူဘူး
ကြည်ဖြူပေးဆက်
မေတ္တာလက်မြဲပါတယ်။

တောင်ကလေးဆရာတော်
( ၇.၃.၂၀၂၂) ရက်နေ့နံနက်။

Loading

Categories
နိုင်ငံရေး

။ ကမ္ဘာစစ်ပြီးလို့ ၇၅ နှစ်အကြာ ။

။ ကမ္ဘာစစ်ပြီးလို့ ၇၅ နှစ်အကြာ ။

~~~~~~~~~~~~~~~~~~~~~~

စကားချီး

။ Immanuel Kant ဆိုတဲ့တွေးခေါ်ရှင်ပြောသလို ” စစ်ဆိုသည်မှာ ဘုရားသခင်၏အလိုတော်ကျဖြစ်ရသည်” လိုပြောခဲ့တာကို သတိရလို့ ရယ်ချင်နေပါတယ်။

                           ( တောင်ကလေးဆရာတော်) 

နိဒါန်း

။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ဆုံးသွားလို့ ယနေ့ ၂၀၂၂ ခုနှစ်ကာလမှာ နိုင်ငံရေးအယူအဆသစ်တွေ ပြောင်းလဲလာကြလို့ မြန်မာပြည်လည်း ပြောင်ပြောင်မြောက်မြောက် ပြောင်းလဲသစ်လွင်နေကြပြီလို့လည်း ဆိုရမည်လားပါပဲ။ ဘယ်လိုများပြောင်းလဲသစ်လွင်နေကြမည်လဲ! ။

အယုံအကြည်မရှိ

။ ဘုန်းတော်ကြီး St.Thomas Aquinas က ” ရက်စက်ကြမ်းတမ်းတတ်သူများသာ မရှိခဲ့ပါလျှင် အာဇာနည်များ ပေါ်ပေါက်လာမည်မဟုတ်” လို့ ဟောပြောခဲ့တာရှိလို့လည်း မှတ်သားခဲ့ဖူးပါတယ်။ ဤအရှင်ကတော့ ” လောကရဲ့နိယာမတရားကို မကျော်လွန်နိုင်တဲ့နိုင်ငံရေးကို ဘယ်နိုင်ငံရေးကိုမျှ အယုံအကြည်မရှိဘူး” လို့ဆိုပါရစေ။

အတ္တအိမ်ရှင်

။ ဒုတိယကမ္ဘာစစ်ကြီးပြီးခဲ့လို့ ၇၅ နှစ်ကြာလာတဲ့ယနေ့မျက်မှောက်ကာလချိန်မှာ အုပ်စုဖွဲ့နိုင်ငံရေးတွေ၊ပုပ်စုပျက်နိုင်ငံရေးတွေ မတော်လောဘတက်လာနေကြတာကိုတွေ့ရပါတယ်။ သူ့လူသူ့ဝါဒ၊သူ့ပုဂ္ဂိုလ်သူ့အတ္တနဲ့ မမြင်ချင်အဆုံးပါပဲ။

စစ်ကိုအားမပေး

။ ၂၄.၂.၂၀၂၂ ရက်နေ့က ရုရှားက ယူကရိန်းကိုစစ်ခင်းတိုက်ခိုက်နေတာကို လက်ပိုက်ကြည့်ကြတဲ့သူတွေထဲက မိမိအပါအဝင်ပါပဲ။ စစ်ကိုတော့မကြိုက်ပေမယ့် မတရားတဲ့အာဏာကိုဖီဆန်ရဲတာလည်း စစ်နဲ့ပဲဆုံးဖြတ်ရမလိုပါပဲ။ အကြမ်းမဖက်တဲ့နိုင်ငံရေးအရတော့ စစ်ကိုအားမပေးတာအမှန်ပါပဲ။

အယူအဆ

။ ကမ္ဘာကြီးဟာ မိမိရဲ့ပိုင်နက်ကို ဥပဒေနဲ့အပိုင်ကာရန်ထားကြပေမယ့် ဒုတိယကာရန်ချက်ကတော့ စစ်တပ်နဲ့ကာကွယ်ရေးလုပ်ထားကြတာပါပဲ။ ငြိမ်းချမ်းရေးကိုတကယ်လိုလားခဲ့ရင်တော့ ဘာစစ်တပ်နဲ့မှကာရန်ထားစရာမလိုပါဘူး။ စစ်တပ်မရှိရင်လည်း ရန်သူလည်းရှိမှာ မဟုတ်ဘူးလို့ ပြောကြဆိုကြတဲ့သူတွေလည်းရှိကြတော့ အယူအမျိုးမျိုးပါပဲ။

ကိုယ်ချင်းစာတရားထားကြည့်ပါ

။ ယူကရိန်းနဲ့ပတ်သက်လို့ သတင်းထဲကလာတဲ့အတိုင်းဆိုရင် ကူမကယ်သူမရှိဘဲ အကျည်းတန်စွာရုန်းကန်နေကြရရှာပါတယ်။ သနားစရာအဖြစ်က ပြည်သူတွေပေါ့။ စစ်ဖြစ်ရင် စစ်ပြေးကပြည်သူတွေပါပဲ။ စစ်ပြေးဘဝရောက်ခဲ့ကြရတဲ့ ယူကရိန်းပြည်သူတွေဟာ ဘယ်လောက်အထိ ဆင်းရဲဒုက္ခဖြစ်နေကြရသလဲဆိုတာ ကိုယ်ချင်းစာတရားထားကြည့်ကြည့်ပါ။ သိနိုင်ပါတယ်။

ဒေါမနဿဖြစ်ခဲ့

။ ဒီကိစ္စကြီးငယ်အတွက် ရုရှားသမ္မတပူတင်ကတော့ ရှေးရိုးစွဲဝါဒီကြီးဖြစ်တဲ့လီနင်ကိုအသေအလဲအပြစ်တင်ခဲ့တာပေါ့။ လီနင်ကြောင့် ဆိုရှယ်လစ်စနစ်ကြီးကို ခွဲထွက်ခွင့်ဝါဒပြန်ဖြစ်လာတာပါဆိုပြီး ဒေါမနဿဖြစ်ခဲ့တယ်။ 

သူကြေကိုယ်ကြေ

။ ရုရှားဟာ ယူကရိန်းကိုအနိုင် နိုင်ကြပါပြီလား။ ယူကရိန်းကော အနိုင်ပေးလိုက်ပါပြီလား? ။ စစ်ပွဲက သုံးရက်အတွင်း အဖြေမပေါ်သေးပါဘူး။ သတင်းထဲမှာတော့ သူသာမယ် ကိုသာမယ်လို့ပဲရေးနေကြတယ်။ စစ်တိုက်ရင် ဘယ်သူမှမသာပါဘူး။ သူကြေကိုယ်ကြေပဲဖြစ်ကြပါတယ်။

နိဂုံး

။ ၇၅ နှစ်စစ်အပြီးမှာ မြင်တွေ့ခဲ့ရတဲ့ဒီစစ်ပွဲဟာ အမြန်ဆုံးလို့ပဲထင်နေကြပေမယ့် အဖြေကတော့ ဒီမိုကရေစီအုပ်ချုပ်မှုကို အိပ်မက်လိုအကောင်အထည်ဖော်ဆောင်သူတွေရဲ့ အားကိုးအားထားမှုရဲ့ မသိကျိုးကျွန်မှုတွေပါပဲလားဆိုတာကို ဝေဖန်ပါရစေ။

အဲးခိုး

(၂၆.၂.၂၀၂၂) ရက်နေ့နံနက်။

Original Post: Facebook

Loading

Categories
နိုင်ငံရေး

ယူကရိန်းနိုင်ငံအခြေအနေက ။

။ Ukraine 

 (ယူကရိန်းနိုင်ငံ) ဟာ ကြီးပွားရေး၊စီးပွားရေးကောင်းမွန်လို့ အတိုက်ခံရတာလား! ဒါမှမဟုတ် ဘာကြောင့်တိုက်ခိုက်ခံရတာလဲဆိုတာ ဖော်ပြပါစာဆောင်းပါးတစ်ပုဒ်ကို လေ့လာကြည့်ကြရအောင်ပါ။

အဲးခိုး(၂၅.၂.၂၀၂၂) ရက်နေ့နံနက်။

~~~~~~~~~~~~~~~

“ယူကရိန်းက ဘာ့ကြောင့်  NATO နှင့် ဥရောပ အတွက်  အရေးကြီးပါသလဲ” ဟု မေးသူများအတွက် “ ယူကရိန်း သည် ဥရောပတွင် ဧရိယာအလိုက် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးသန်း ၄၀ ရှိပါသည်။ ပိုလန်ထက် များပါသည်။

ယူကရိန်းတွင်

  • ၁၊ ဥရောပတွင် ပြန်လည်ထုတ်ယူနိုင်သော ယူရေနီယမ်သတ္တုရိုင်းများရှိနေခြင်း၊
  • ၂၊ တိုက်တေနီယမ်သတ္တုရိုင်းသိုက်၏သတ်မှတ်ချက်အရဥရောပတွင်ဒုတိယနေရာနှင့်ကမ္ဘာ့နံပါတ် ၁၀၊ရှိနေခြင်း၊
  • ၃၊ လေ့လာထားချက်အရ  မန်းဂနိစ်သတ္တုရိုင်းများ (တန်ချိန် 2.3 ဘီလီယံ သို့မဟုတ် ကမ္ဘာ့အရန်၏ 12%) အရ ကမ္ဘာ့ဒုတိယနေရာ တွင်ရှိနေခြင်း၊
  • ၄၊ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး သံရိုင်းသိုက် (တန်ချိန် 30 ဘီလီယံ)၊ပြဒါးသတ္တုရိုင်းသိုက် ဥရောပတွင်ဒုတိယနေရာ တွင်ရှိနေခြင်း၊
  • ၅၊ ဥရောပတွင် တတိယနေရာ (ကမ္ဘာ့အဆင့် ၁၃ နေရာ)၊ ကျောက်တုံးဓာတ်ငွေ့သိုက် (၂၂ ထရီလီယံကုဗမီတာ)ရှိနေခြင်း၊
  • ၆၊ သဘာဝသယံဇာတ စုစုပေါင်းတန်ဖိုးအားဖြင့် ကမ္ဘာ့အဆင့် ၄၊ တွင်ရှိနေခြင်း ၊
  • ၇၊ ကျောက်မီးသွေး သိုက် (33.9 ဘီလီယံတန်)ဖြင့် ကမ္ဘာပေါ်တွင် အဆင့် (၇) နေရာ၊ရှိနေခြင်း

ယူကရိန်းသည် အရေးကြီးသော စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။

စိုက်ပျိုးနိုင်သောမြေဧရိယာသတ်မှတ်ချက်အရ ဥရောပတွင် ပထမ၊ အနက်ရောင်မြေဆီလွှာ (ကမ္ဘာ့ထုထည်၏ 25%)၊

  • နေကြာနှင့် နေကြာဆီ တင်ပို့မှုတွင် ကမ္ဘာ့အဆင့် ၁၊
  • မုယောစပါးထုတ်လုပ်မှုတွင် ကမ္ဘာ့ဒုတိယနေရာနှင့် မုယောစပါးတင်ပို့မှုတွင် အဆင့် ၄၊ ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ပြောင်းထုတ်လုပ်သူနှင့် နံပါတ်၄ အဆင့် ပြောင်းအများဆုံးတင်ပို့သူ၊
  • ကမ္ဘာပေါ်တွင်  နံပါတ်၄ အဆင့်  အာလူးအများဆုံးထုတ်လုပ်သူ၊
  • ကမ္ဘာပေါ်တွင်  နံပါတ်၄ အဆင့် အကြီးဆုံးကောက်ပဲထုတ်လုပ်သူ၊
  • ပျားထုတ်လုပ်မှုတွင် ကမ္ဘာ့အဆင့် (၅) နေရာ (တန်ချိန် ၇၅,၀၀၀)၊
  • ဂျုံတင်ပို့မှုတွင် ကမ္ဘာ့အဆင့် ၈၊ ကြက်ဥထုတ်လုပ်မှုတွင် ကမ္ဘာ့အဆင့် ၉၊ ဒိန်ခဲတင်ပို့မှုတွင် ကမ္ဘာ့အဆင့် ၁၆ ရှိသည်။

ယူကရိန်းသည် လူဦးရေ သန်း 600 ၏ စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။ ယူကရိန်းသည် အရေးကြီးသော စက်မှုထွန်းကားသော နိုင်ငံဖြစ်သည်။

  • ဥရောပတွင် အမိုးနီးယား ထုတ်လုပ်မှုတွင် ပထမ၊
  • ဥရောပ၏ ဒုတိယနှင့် ကမ္ဘာ့စတုတ္ထအကြီးဆုံး သဘာဝဓာတ်ငွေ့ပိုက်လိုင်းစနစ်၊ နျူကလီးယားဓာတ်အားပေးစက်ရုံများ၏ တပ်ဆင်စွမ်းရည်အရ ဥရောပတွင် တတိယအကြီးဆုံးနှင့် ကမ္ဘာပေါ်တွင်  နံပါတ်၈အဆင့်  အကြီးဆုံး၊ ရထားလမ်းဆက်သွယ်မူ့အရှည် (၂၁,၇၀၀ ကီလိုမီတာ) ဖြင့် ဥရောပတွင် တတိယနေရာနှင့် ကမ္ဘာ့အဆင့် ၁၁၊တည်နေရာ၊ စက်ကိရိယာများ ထုတ်လုပ်ခြင်းတွင် ကမ္ဘာ့နံပါတ် (၃) နေရာ (အမေရိကန်နှင့် ပြင်သစ်ပြီးနောက်)၊
  • ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး သံဓာတ်တင်ပို့သူဖြစ်သည်။
  • ကမ္ဘာပေါ်တွင် နူကလီးယားဓာတ်အားပေးစက်ရုံများအတွက် တာဘိုင်များ တင်ပို့ရောင်းချသည့် စတုတ္ထအကြီးဆုံး၊
  • ကမ္ဘာ့အကြီးဆုံး ဒုံးပျံလောင်ချာများ ထုတ်လုပ်သည့် အဆင့်​၄ ရှိသည်၊ ကမ္ဘာပေါ်တွင် ရွှံ့စေးတင်ပို့မှုတွင် အဆင့် ၄ ရှိသည်။
  • တိုက်တေနီယမ် တင်ပို့မှုတွင် ကမ္ဘာ့အဆင့် ၄ ရှိသည်။
  • ကမ္ဘာပေါ်တွင် သတ္တုရိုင်းများ တင်ပို့မှုတွင် အဆင့် ၈၊
  • ကာကွယ်ရေးစက်မှုလုပ်ငန်းထုတ်ကုန်များ တင်ပို့မှုတွင် ကမ္ဘာ့အဆင့် ၉၊ ကမ္ဘာပေါ်တွင် 10 ခုမြောက်အကြီးဆုံးသံမဏိထုတ်လုပ်သူ (တန်ချိန် 32.4 သန်း) ။

ယူကရိန်း လွတ်လပ်ရေးသည် ကျန်ကမ္ဘာ့နိုင်ငံများအတွက် အရေးကြီးသည်။

For those who ask: “Why does Ukraine matter?“ 
This is why Ukraine matters.

It is the second largest country area in Europe by area and has a population of over 40 million – more than Poland.

Ukraine ranks:

  • 1st in Europe in proven recoverable reserves of uranium ores;
  • 2nd place in Europe and 10th place in the world in terms of titanium ore reserves;
  • 2nd place in the world in terms of explored reserves of manganese ores (2.3 billion tons, or 12% of the world’s reserves);
  • 2nd largest iron ore reserves in the world (30 billion tons);
  • 2nd place in Europe in terms of mercury ore reserves;
  • 3rd place in Europe (13th place in the world) in shale gas reserves (22 trillion cubic meters)
  • 4th in the world by the total value of natural resources;
  • 7th place in the world in coal reserves (33.9 billion tons)

Ukraine is an important agricultural country:

  • 1st in Europe in terms of arable land area;
  • 3rd place in the world by the area of black soil (25% of the world’s volume);
  • 1st place in the world in exports of sunflower and sunflower oil;
  • 2nd place in the world in barley production and 4th place in barley exports;
  • 3rd largest producer and 4th largest exporter of corn in the world;
  • 4th largest producer of potatoes in the world;
  • 5th largest rye producer in the world;
  • 5th place in the world in bee production (75,000 tons);
  • 8th place in the world in wheat exports;
  • 9th place in the world in the production of chicken eggs;
  • 16th place in the world in cheese exports.

Ukraine can meet the food needs of 600 million people.
Ukraine is an important industrialized country:

  • 1st in Europe in ammonia production;
  • Europe’s 2nd’s and the world’s 4th largest natural gas pipeline system;
  • 3rd largest in Europe and 8th largest in the world in terms of installed capacity of nuclear power plants;
  • 3rd place in Europe and 11th in the world in terms of rail network length (21,700 km);
  • 3rd place in the world (after the U.S. and France) in the production of locators and locating equipment;
  • 3rd largest iron exporter in the world
  • 4th largest exporter of turbines for nuclear power plants in the world;
  • 4th world’s largest manufacturer of rocket launchers;
  • 4th place in the world in clay exports
  • 4th place in the world in titanium exports
  • 8th place in the world in exports of ores and concentrates;
  • 9th place in the world in exports of defense industry products;
  • 10th largest steel producer in the world (32.4 million tons).

Ukraine matters. That is why its independence is important to the rest of the world.

Original Post: Facebook

Loading

Exit mobile version