Categories
နိုင်ငံရေး အခြား

အဲးခိုး၏ ဘားအံမှရန်ကုန်သို့ ဆောင်းပါး (၂၂.၅.၂၀၁၅)

အင်းအလယ်ထဲကိုဝင်ရောက်ပြီး ငါးကန်တူး၊ မြေပြင်လွှာပြောင်းအောင် လုပ်ထားကြလို့ အလွန်လှပတဲ့ ရွှေရောင် ပြ သဘာဝမိုးကာလ ပန်းချီကားအလှကတော့ သွားပေါ့ ပြည်သူတို့ရယ်။ အလွန်လှပတဲ့ စိတ်သရုပ်ကို အေးမြစေ တဲ့နေရာတွေကို ပုံပြောင်းအောင် နေရာ တိုင်းမှာလုပ်ရင် လူသားတွေ အသက်ရှည်စွာ အနာမဲ့ရေး၊ ရန်ဘေးတွေ ကင်းနိုင်ကြမှာ မဟုတ်ကြောင်း စီးပွားရေးသောင်းကျန်းတဲ့ သူတွေ သိထားဖို့လို …

● ယခင်တစ်ပတ်မှအဆက်

● ရွှေရောင်ပြတောင်တန်း သိပါတယ်

ကျိုက်က္ကော်အလွန် ဘီးလင်းမြို့အစ ကုန်းအဆင်း ကင်းစခန်းရှေ့မှာ စည်းကမ်း မဲ့စွာအတင်းမောင်း (အပြင်း) နှင်လာတဲ့ အဖွဲ့အစည်း(တစ်ခု) ကားတစ်စီးနဲ့ ဆုံပြန်တယ်။ ကားမောင်းတာ မကျွမ်းကျင်လို့ ကားလမ်း အလယ် မှာ ခွမောင်းနေပြီး အရှင်တို့ကားကို ဝင်ရောက်ပြီးအောင်းတော့ မလိုပါပဲ။ လမ်းဘေးမှာရပ်လိုက်ပြီး သူတို့ကား ကို ဦးစားပေးလိုက်ပါတယ်။ ကားပေါ် ကြည့်လိုက်ရင်ပဲ ပြောက်ကျားအဝတ်အစားနဲ့ လက်နက်ကြီးငယ် အပြည့် အစုံပါပဲ။ ပြည်သူတွေက လက်နက်ကိုင် အဖွဲ့အစည်းတွေကို ကြောက်ရတဲ့အထဲ အခုလိုမျိုး မကြာမကြာမြင်ရ ရင် ထိတ်လန့်ကြလေမှာပဲ။ အရင်တုန်းက ပေါ်တာဖမ်း ဖြတ်လေးဖြတ်နဲ့ ရွာပျက်ရ၊ ပြောင်းရတဲ့အဖြစ်ကို ရွှေ ရောင်ပြတောင် တန်းတစ်လျှောက်က ပြည်သူတွေ (တိုင်းရင်းသားတွေ) စစ်အနိဋ္ဌာရုံ ခံစားခဲ့ရတာကို ရွှေရောင် ပြတောင်တန်းဟာ သိပါတယ်။ ဒါတွေပဲလားမက ပြည်သူအချင်းချင်း ရန်တိုက်ပေးတဲ့ မဆလနိုင်ငံရေး အညှဉ်း တွေကြောင့် ရက်စက်စွာ ကွယ်လွန်သေဆုံးခဲ့ကြရတဲ့ အရှင်တို့ပြည်သူတွေရဲ့ဘဝကို ပြန်မြင်ယောင်မိပါလေရဲ့။ တစ်ပြည်တည်းနေ၊ တစ်ရေတည်းသောက်၊ တစ်စိတ်တည်း မထားနိုင်ကြတဲ့ မဆလနိုင်ငံရေးလမ်းစဉ်ဟာ အထူးသဖြင့် ဆင်းရဲတဲ့ပြည်သူတွေ အခံရဆုံးပါပဲ။ ဒီစကားမှားရင် အရှင့်ကို ကြိုက်သလို စီရင်နိုင်ပါတယ်။…

● သွားပြန်ပြီ

ဘီးလင်းမြို့အစကို ဝင်လာလိုက်တာနဲ့ ကြည်လင်အေးမြတဲ့ ရွှေရောင်ပြတောင်ညိုတန်းကို လှပစွာမြင်ရတယ်။ နွေ၊ မိုး၊ ဆောင်း၊ သုံးပန်လှလှပနေတဲ့ ဒီသဘာဝရှုခင်းဟာ ခုတော့အရုပ်ဆိုးတဲ့ ပုံတွေ တွေ့မြင်လာခဲ့ရလေပြီ။ အထူးသဖြင့် မိုးဥတု (မိုးရာသီ)ဆိုရင် ရွှေရောင်ပြတောင်တန်း (တောင်ညိုတန်း)ပေါ်ကစီးကျလာတဲ့ စမ်း ရေပြင် ဟာ အင်းပြင်ရေဖြစ်လာပြီး စစ်တောင်းမြစ်ကတစ်ဆင့် မုတ္တမပင်လယ်ကွေ့ထဲကို စီးဆင်းသွားကြတဲ့ စိမ်းရေ သန့် ရေချိုချောင်းရေပြင်ဟာ မြန်မာ့ပင်လယ်ပြင်ကို သာယာလှပအေးချမ်းစေတာ အမှန်ပါပဲ။ အခုတော့ အရုပ် ဆိုးတဲ့ ပုံတွေမြင်လာခဲ့ရလို့ စိတ်ပျက်စရာပေါ့ ပြည်သူတို့ရယ်။ အင်းအလယ်ထဲကိုဝင်ရောက်ပြီး ငါးကန်တူး၊ မြေပြင်လွှာပြောင်းအောင် လုပ်ထားကြလို့ အလွန်လှပတဲ့ ရွှေရောင်ပြသဘာ၀ မိုးကာလပန်းချီကား အလှက တော့သွားပေါ့ ပြည်သူတို့ရယ်။ အလွန်လှပတဲ့ စိတ်သရုပ်ကိုအေးမြစေတဲ့ နေရာတွေကို ပုံပြောင်းအောင် နေရာ တိုင်းမှာလုပ်ရင် လူသားတွေ အသက်ရှည်စွာ အနာမဲ့ရေး၊ ရန်ဘေးတွေ ကင်းနိုင်ကြမှာ မဟုတ်ကြောင်း စီးပွား ရေး သောင်းကျန်းတဲ့သူတွေ သိထားဖို့လိုပါတယ်။ ပြည်နယ်အစိုးရ အဖွဲ့အစည်းတွေလည်း တာဝန်ရှိကြလို့ ပြည်သူ့အပန်းဖြေနေရာတွေ မပျက်စီးအောင် ထိန်းသိမ်းပေးနိုင်ဖို့ တိုက်တွန်းပါတယ်။

● ရွှေရောင်ပြကို သွားကြည့်ပါ

ရွှေရောင်ပြတောင်ဆိုလို့ ရွှေရောင်ဆရာတော်ကြီးကို မြင်ဖူး၊ ဖူးဖူးကြပါသလား။ သထုံမြို့နယ်အဆုံး ဘီးလင်းမြို့ နယ်အဝင် (ဘားအံလာရင်) ရွှေရောင်ပြတောင် ခြေမှာရှိပါတယ်။ မြေနီလမ်းနဲ့ ဖောက်ထားလို့ တောင်ခြေအထိ ကားရောက်တယ်။ ဝင်ဝင်ချင်းဝင်းကြီးရွာ (အဝင်းကြီးရွာ) ရောက်ပါတယ်။ အဝင်းကြီးရွာ ဆရာတော်ဘုရားကြီး ဟာ ရွှေရောင်ပြ ဆရာတော်ကြီးရဲ့တပည့် ရဟန်းတော်တစ်ပါးပါ။ သက်တော် ၉၀ ကျော်ပါပြီ။ ဆရာတော်ကြီး ကို ဖူးလိုက်ရရင်ပဲ ရင်ထဲစိတ်ထဲ အေးမြသွားတယ်။ ခမာ-သည်းခံခြင်း ဂုဏ်ရှိလှလွန်းလို့ မျက်နှာ တော်အေးမြ လှပါတယ်။ သီလဝန္တ သီလတော်မြတ်လည်း ပြည့်စုံလှလို့ ရုပ်အဆင်းလည်း စင်ကြယ်အေးမြတယ်။

အဝင်းကြီးရွာကိုလွန်ရင် ရွှေရောင်ပြတောင်ခြေကို သွားနိုင်ပါတယ်။ တောင်ခြေမရောက်ခင် လမ်းမဝဲယာမှာ ရှေး ခေတ်က စိုက်ထားတဲ့ ကံ့ကော်ပင်၊ ပိန္နဲပင်၊ သရက်ပင်၊ အနမ်းပင်ကြီးတွေဟာ တစ်ပင်စနှစ်ပင်စသာ မြင်ရ တော့တယ်။ သစ်ပင်လည်းအို လမ်းလည်းပြိုတော့ အဝေးကမြင်ရတဲ့ ရှုခင်းနဲ့တော့ မတူဘူးပေါ့။ တောလမ်းမို့ တောလိုပဲပေ့ါ။ မဆင်မခြင်တတ်တဲ့ စီးပွားရေးသမားတွေရဲ့ ပြုမူမှုကြောင့် တောရအထွေထွေမှ တလင်းမြေပြင် များသဖွယ် ဖြစ်လာကြပြီး သစ်ပင်ကြီးဆိုလို့ မရှိသလောက်ပါပဲ။

မြေဆီမြေနှစ်တွေလည်း ပျက်ပြုန်းလာလို့ မြေဆီလွှာပျက်စီးတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နေတာ ကို တွေ့ရတယ်။ အရှင်ရောက်တဲ့အချိန်က လမ်းဘေးဝဲယာ နှစ်ဖက်စလုံးမှာတော့ စားပင်၊ သီးပင်၊ အရိပ်ရတဲ့ အပင်တွေ ကျိုးတိုးကျဲတဲ လေးသာရှိတော့ စိတ်မကောင်းစရာပေါ့ ပြည်သူတို့ရယ်။

● လှူဒါန်းဖို့ မမေ့ပါနှင့်ဦး

ရွှေရောင်ပြတောရ ကျောင်းရောက်ရင် မိုးကာလအချိန်မှာ ကြည်လဲ့အေးမြတဲ့ စမ်းချောင်းလေးမြင်ရမယ်။ တိတ် ဆိတ်ငြိမ်သက် သာယာအေးမြတဲ့နေရာပါ။ စမ်းချောင်းကူးတဲ့ တံတားလေးထိုးထားလို့ တံတားလေးပေါ်ကို တက်လိုက်ရင် အနီးအနားက သစ်ပင်ဝါးပင်ကိုကြည့်လိုက်ရင်ပဲ အေးမြစရာတွေခံစားရပေ့ါ။ တိတ်ဆိတ်ငြိမ် သက်လှတဲ့ တောရကျောင်းရှေ့မှာ မတ်တတ်ရပ် ကြည့်နေရင်းနဲ့ ငယ်ရွယ်တဲ့ ရဟန်းဘဝကို (ရဟန်းငယ် ဘ၀ ကို) သတိရ မဆုံးပါပဲ။ တောရ ဆောက်တည်ခဲ့တဲ့ဘဝကို အောက်မေ့မိတာအမှန်ပါပဲ။ ကုန်းတက်အဆင့်ဆင့် မှာတည်ဆောက်ထားတဲ့ တန်ဆောင်းအတိုင်းတက်သွားရင် ဆရာတော်သီတင်းသုံးတဲ့ ကျောင်းရောက်ပါတယ်။ တန်ဆောင်းရဲ့ ဘယ်ညာနှစ်ဖက်မှာရှိတဲ့ သာသနိကအဆောက်အအုံတွေကိုကြည့်လိုက်ရင်တည်ငြိမ်စွာပျက်စုတွေ ပြနေကြတာကို တွေ့ရမယ်။

တောရဂနိုင်မို့ မှောင်မှောင်မည်းမည်း ယိုင်ယိုင်လဲှလှဲ တောရကျောင်း သင်္ခမ်းငယ် တွေဟာပြုပြင်ကြသူတွေ မရှိကြပါ။ သင်္ခါရပြယုဂ်က ပြညွှန်းနေလေပြီ။ ချမ်းသာကြွယ် ဝတဲ့ခေတ် သူဌေးတွေ ပြုပြင်လှူဒါန်းဖို့ မမေ့ကြပါနဲ့ဦး။

● သတိပဋ္ဌာန်အကျိုး

ဆရာတော်ကြီး သီတင်းသုံးနေတဲ့ ကျောင်းကိုရောက်ရင် ဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိနေတော် မူစဉ်အတိုင်း ကလိုပါပဲ။ တည်ငြိမ်အေးချမ်းတဲ့ ကျောင်းသင်္ခမ်းမြကိုတွေ့ရမယ်။ သတိပဌာန်းကျောင်း လေးပါ။ ကျောင်းသင်္ခမ်းဘေးမှာတော့ နွေမိုးဆောင်းကာလသုံးပါး စီးဆင်းဖြတ်သန်းလာတဲ့ စမ်းချောင်းလေးရှိပါတယ်။ နွေဆိုရင်တော့ ရေများများမစီးတော့ပါ။ မင်းကွတ်ပင်၊ ဒူးရင်းပင်၊ တညင်းပင်ကြီးတွေ စိုက် ထားလို့ရိပ်နေတာ ပါပဲ။ ၂၀၀၈ ခုနှစ်၊ မေလ အတွင်း “နာဂစ်”လေပြင်း မုန်တိုင်းကျရောက်တဲ့အချိန်က စားပင်သီးပင်တွေဖြစ်တဲ့ ဒီသစ်ပင်တွေဟာ လဲကျသွားတာ မနည်းပါဘူး။ ကျောင်းဒါယကာတစ်ဦး က လေပြင်းမကျခင်က ကျောင်းဝင်း တစ်ခုလုံးဟာ နေပြောက်ထိုးကျလို့ မရောက်ဘူးလို့ ပြောပြခဲ့တယ်။

ဆရာတော်ကြီး သီတင်းသုံးတော်မူတဲ့ သတိပဋ္ဌာန်ကျောင်းသင်္ခမ်းဟာ ဘုန်းတော်ကြီးဦးသီလ သီတင်းသုံး တော်မူတဲ့ တောရ ကျောင်းသင်္ခမ်းငယ်နဲ့ တစ်ပုံစံတည်းပါပဲ။ အနံ ၁၅ပေ၊ အလျား ပေ ၅၀ ကျော်လိမ့် မယ်ထင် ပါလေရဲ့။ ခြေတိုင်ရှည်တဲ့ကျောင်း သင်္ခမ်းလေးပါ။ ဆရာတော်ရှိတော်မူစဉ်က အတိုင်းပါပဲ။ ကျောင်းဆောင်ရဲ့ နောက်ဆက်တွဲ အင်္ဂတေအဆောင်ကတော့ အသုဘကမ္မဋ္ဌာန်းရှုမှတ်တဲ့ အဆောင်ပါပဲ။ ဆရာ တော်ကြီးရဲ့ ကျောင်း သင်္ခမ်းငယ်ကို ရှုမြင်သုံးသပ်မိပါတယ်။ ဆရာတော်ကြီးဟာ တောရအရပ် ဆိတ်ငြိမ်တဲ့တောတောင်ကို ဘယ်လောက်မြတ်နိုးစွာရှိတော် မူသလဲဆိုတာသိ နိုင်ပါတယ်။ သူတော်ကောင်း ပုဂ္ဂိုလ်ကိုး။ ရဟန်းမြတ်ဘဝကို ဘယ်လောက်(မည်မျှ) ကျင့်ကြံပြီး ရောင့်ရဲနိုင်ခဲ့သလဲဆိုတာ ကျောင်းကိုကြည့်ရင်သိနိုင်တယ်။ ကျောင်းထဲမှာ အသုံးအဆောင်ပစ္စည်းဆိုတာ ဘာတစ်ခုမှ မရှိပါ။ ခုခေတ်အရှင်တို့လို ရဟန်းမျိုး မဟုတ်တာတော့ အမှန်ပါပဲ။ ဒါကြောင့်

(၁) သတ္တဝါတို့၏ စိတ်စင်ကြယ်ရန်

(၂) စိုးရိမ်ပူပန်ခြင်း၊ ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်

(၃) ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲတို့ကို ချုပ်ငြိမ်းရန်

(၄) အရိယာမဂ် (ကိလေသာကုန်ခန်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်းလမ်း)ကို ရရန် ရုပ်၊ ဝေဒနာ၊ စိတ်၊ ဓမ္မဆိုတဲ့ သတိပဋ္ဌာန်း ၄ပါးအကျင့်နဲ့နေဖို့ အရှင်တို့ ရဟန်းတော်တွေမှာ ဆင်ခြင်သုံးသပ် ကျင့်ကြံပွားများ အားထုတ်ရ မယ်မဟုတ်လား။ (အသေးစိတ်ဖတ်ရှုလိုလျှင် တောမှီရဟန်း၏ ရွှေရောင်ပြတောရခရီးစာအုပ်ကို ဖတ်ပါ)။

● ပြည်သူအတွက် လုပ်ပေး

ဘီးလင်းမြို့မဝင်ခင် တောင်ကလေး ရွာမရောက်ခင် သီဟိုကုန်းကို ရောက်ပါတယ်။ ဒီနေရာဟာ လမ်းကွေ့ပုံစံ မကျတော့ အသွားအလာကားတွေ ရုတ်တရက်မမြင်ကြဘဲ ယာဉ်တိုက်မှု မကြာခဏဖြစ်တယ်။ လမ်းဘေး သစ်ပင်ရယ်၊ အတက်အဆင်း ထောင့်ချိုးပုံမှန် မဖြစ်တာကြောင့် အန္တရာယ်များပါတယ်။ ခရီးသွားတဲ့သူတွေ သတိထားပေါ့။ မိုးဦးကာလဆိုရင်လည်း ဒီလမ်းဟာ မိုးများရင် မြုပ်တယ်။ တောင်ကျရေဖြစ်လို့ ရေစီးကြမ်းပါ တယ်။ တကယ်တော့ တာတမံ လမ်းမလုပ်ဘဲ တံတားရှည်ရှည်သာထိုးရင် ရေကြီးရေလျှံစရာ မရှိပါဘူး။ လက်ရှိ ရှိတဲ့ လမ်းဟာ စီးရေလမ်းကို ကာပိတ်ထားသလို ဖြစ်တယ်။ တံတား ၂ ပေါက်လောက်နဲ့ မလုံလောက်ပါ။ အရင့် အရင်လည်း ရေစီးရေ လျှံကြောင့် ဖြတ်ကူးကြသူတွေ အသက်ဆုံးပါးရတာရှိတယ်။ မွန်ပြည်နယ်အစိုးရ ချမ်းသာ တဲ့ အစိုးရပဲ။ ပြည်သူအတွက် လုပ်ပေးနိုင်ပါစေ။

● လူသားအန္တရာယ် သတိပြု

တောင်ကလေးရွာကို ကျော်လာပြီးရင် ဘီးလင်းချောင်း တံတားကြီးမရောက်ခင် တိုးဂိတ်ရောက်ပါတယ်။ ဘီး လင်းချောင်းကို ဖြတ်ကူးတဲ့တံတားဟာ နှစ်ကြာလာတော့ အချို့အက်ကြောင်းတွေ ထလာတယ်။ တံတား အောက်ကိုလည်း ဆောက်လုပ်ရေးက ဘာမှကြိုတင်ပြင်ဆင်ထားတာမရှိတော့ ပျက်စီးရန်အတွက် စိုးရိမ်ရတဲ့ အန္တရာယ်တွေ ရှိလာတယ်။ တံတားအနီးမှာ စီးဆင်းလာတဲ့ တောင်ကျသဲတွေကို တူးထုတ်နေကြလို့ တံတား အတွက် ရေစီးရေလာမကောင်းဘဲ ဖြစ်နေတာကိုတွေ့ရတယ်။ (နွေရာသီ) ဘီးလင်းချောင်းဟာ မတော်မတရား တဲ့ ရွှေတူးတဲ့သူတွေ လက်ချက်နဲ့ ချောင်းရေဟာ နီကြင်ကြင်(နီကြင့်ကြင့်)ဖြစ်လာတယ်။ ရွှေ တူးတဲ့သူတွေက ဓာတုဗေဒဆေးရည်တွေသုံးပြီး ဒီချောင်းရေနဲ့သုံးပြီး ဆေးကြောနေပါတယ်။ သက်ဆိုင်ရာ အစိုးရတွေက မတား ဆီးကြဘဲ လွှတ်ထားတာကို တွေ့ရတယ်။ အရှင်ပြောတာ ဟုတ်၊ မဟုတ်သိချင်ရင် မဲလံတောင်ထိပ်ပေါ်ကို တက်လိုက်ပါ။ အောက်မှာရှိတဲ့ ဘီးလင်းချောင်းကို ကြည့်လိုက်ပါ။ ရေအရောင်နီကြင်ကြင် မမြင်ရရင် အရှင့်ကို ကြိုက်သလိုပြောပါ။ ဒါကြောင့် စီးပွားရေးသမားတွေရဲ့ လောဘကြောင့် မြစ်ချောင်းအင်းအိုင် မပျက်စီးပါစေနဲ့။ လူသားအန္တရာယ် ဖြစ်တတ်တယ်။

● အလေးထားတဲ့ဒေသ

ဘီးလင်းမြို့ထဲ ရောက်ပါပြီ။ ဘီးလင်းမြို့ဟာ နေချင်စရာမြို့လေးပါ။ သဘာ၀ ရေမြေတောတောင် ကောင်းပါ တယ်။ အနီးအနား ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်ပဲ စိမ်းစိုအေးမြနေပါလေရဲ့။ မြန်မာပြည်အောက်ပိုင်း ဗုဒ္ဓ ဘာသာ သာသနာတော် ထွန်းကားတဲ့ဒေသပါ။ ရှေးဟောင်း သုဝဏ္ဏဘူမိလို့ တင်စားထားတဲ့ ဒေသပါ။

(၁) ကျိုက်ဒေးယျုံ စေတီတော်

(၂) ကျိုက်ကေလာသ စေတီတော်

(၃) ကျိုက်ဒေးအပ် စေတီတော်

(၄) ကျိုက်ကုသိနာရုံ စေတီတော်

(၅) ကျိုက်မဲလံ စေတီတော်

(၆) ကျိုက်ထီးဆောင်း စေတီတော် မြတ်တွေဟာ ဒီဒေသမှာ ဖူးမြော်ကြည်ညိုနိုင်ပါတယ်။ ရှေးခေတ်မွန် လူမျိုး တွေရဲ့ အားထုတ်ကြိုးစားဆောင်ရွက်ခဲ့တဲ့ ဘဝသမိုင်းပြနေရာဖြစ်သလို ရှေးဟောင်းသုတေသန ပုဂ္ဂိုလ်တွေက အလွန်စိတ်ဝင်စားကြတဲ့ ဒေသပါပဲ။ မြန်မာပြည်မှာ ရွှေအများဆုံးထွက်တဲ့ ဒေသကတော့

(၁) ရွှေမင်းဘုန်းဒေသ (သာစည်)

(၂) ပျဉ်းမနားဒေသ (မန္တလေး)

(၃) ဘီးလင်း(မွန်ပြည်နယ်) ဒေသတွေပါပဲ။ ဒါကြောင့် ဘီးလင်းချောင်း၊ စစ်တောင်းမြစ်၊ မုတ္တမပင်လယ်ကွေ့ ဒေသဟာ တစ်မူထူးခြားပါတယ်။ မြန်မာပြည် အစိုးရအစဉ်အဆက်ရဲ့ အလေးထားတဲ့ ဒေသဖြစ်တယ်။

● ကံပါ၊ မပါ ဆုံးဖြတ်ချင်ရင်

ဘီးလင်းမြို့နယ် ကျော်လာလို့ ကျိုက်ထိုမြို့နယ်ထဲကို ရောက်ပါတယ်။ ကျိုက်ထို မြို့နယ်လည်း ရွှေထွက်တဲ့ ဒေသပါပဲ။ လက်လုပ်လက်စား (တစ်နိုင်တစ်ပိုင်) အနေနဲ့ လုပ်ကိုင်ကြည့်ပါ။ အဆင်ပြေကြပါတယ်။ ဒီကထွက် တဲ့ရွှေက အမိုက်ရွှေပါ။ ရွှေမင်းဘုန်းဒေသ၊ ပျဉ်းမနားဒေသက ရွှေလိုမျိုးတော့ မဟုတ်ပါ။ အတုံး၊ အခဲ၊ အမှုန့် ရွှေတွေပါ။ အတုံးဆိုရင် ၅ကျပ်သား၊ အနည်းဆုံး ၁၀သား၊ ၂၅ ကျပ်သားအထိ ထွက်ရှိပါတယ်။ မယုံရင်ရခဲ့ဖူးတဲ့ ကုမ္ပဏီတွေကို မေးကြည့်ပါ။ ရွှေရောင်ပြမှ ကျိုက်ထီးရိုးတောင်တန်း ဒေသတစ်လျှောက်မှာ ရွှေစင်တောင်တန်း ပါပဲ။ ရွှေအများဆုံး ထွက်တာက“မဲလံဒေသ” ပါပဲ။ အဲဒီနေရာကို ရောက်အောင်သွားပါ။ ဝါသနာပါရင် တူးကြည့် ပါ။ ကံပါရင်တော့ ရွှေသူဌေးကြီး ဖြစ်မှာပါပဲ။ ကံနည်းသူတွေ ဖြစ်ရင်တော့ …။

● စဉ်းစားပေတော့လေ

ကျိုက်ထိုမြို့အဝင် ကျိုက်ထီးရိုးစေတီ အသွားလမ်းဆုံ ရောက်ပါတယ်။ လမ်းဆုံမို့လမ်းဘေးမှာ ကား၊ ဆိုင်ကယ် တွေများလွန်းပါတယ်။ စည်းကမ်းမဲ့တဲ့ သူတွေက ကားကိုပစ်စလက်ခတ် ရပ်ထားကြလို့ ရပ်ဝေးခရီး သွားလာကြ တဲ့သူတွေ စိတ်အနှောင့်အယှက်ဖြစ်တယ်။

ရထားလမ်းကိုကျော်ပြီး မြို့ထဲဈေးကြီး ရှေ့ရောက်တဲ့အခါ သူသူငါငါ တိုးဝင်တိုး ထွက်ကြလို့ ခရီးဝေးသွားကြတဲ့ သူတွေအတွက် ကားကိုထိန်းမောင်းဖို့ မမေ့ပါနဲ့။ စည်းကမ်းမဲ့တဲ့ လိုင်စင်မဲ့ ဆိုင်ကယ်သမားတွေက ခပ်တည် တည်နဲ့ပဲ ဖြတ်မောင်း၊ ဖြတ်ကူးလုပ်နေတာရှိလို့ သတိထားဖို့မှာပါရစေ။ လူဦးရေတိုးလို့ ဈေးလာဝယ်ကြတဲ့ သူ တွေများလာပြီ။ အဝေးပြေးလမ်းမဘေးမှာ ဈေးကြီးထားလို့ အန္တရာယ်များ၊ မများလေ့လာ သုံးသပ်ဖို့လိုလာပါပြီ။ လမ်းဖြတ်ကူးရတဲ့ အခက်အခဲလည်း တွေ့ရတယ်။ ကားအချင်းချင်း တိုက်ကြလို့ ဖြေရှင်းရတဲ့ ပြဿနာလည်း မြင်ဖူးတယ်။ ခန္ဓာကိုယ်ပြားဝပ်သွားအောင် ယာဉ်ကြီးတိုက်ထားလို့ တစ်ဈေးလုံးထပြီး ဝိုင်းအုံနေကြတာ လည်း မြင်ဖူးတယ်။ ဒီနေရာကို ခုလိုဒီလိုမဖြစ်အောင် ဈေးရွှေ့မလား။ ဒါမှ ကားလမ်းကို မြို့ရှောင်လုပ်ပြီး ဖြတ်သွား မလား။ စဉ်းစားပေတော့ မွန်ပြည်နယ်အစိုးရရယ်။

● ရှုခင်းသာ ပျောက်ပြီ

ကျိုက်ထိုမြို့အထွက် လက်ပြကျေးရွာ မရောက်ခင် မြို့ကွက်သစ်မှာ အခုဆိုရင် ဓာတ်ဆီဆိုင်၊ ထမင်းဆိုင်၊ အိမ် သစ်အိမ်ကောင်းတွေ ဆောက်လုပ်ကြလို့ ထည်ဝါနေတာပါပဲ။ ဒီမြေဟာ လယ်ယာမြေပါ။ လယ်မြေဖြစ်လို့ စပါး စိုက်ရင် အလွန်စပါးကောင်းတဲ့ မြေပါပဲ။ ကွင်းပြကြီးက ကျယ်ပြန့်လွန်းလို့ ရှုခင်းလည်းလှပါတယ်။ အရှေ့ဘက် မှာ ကျိုက်ထီးရိုးတောင်တန်းနဲ့ သေက္ချတောင်ဆရာတော် သီတင်းသုံးတော်မူတဲ့ တောတိုက် တောင်ကုန်းလေး နဲ့ အင်မတန် သာယာလှပတဲ့ နေရာပါပဲ။ အနောက်ဘက်မှာ လယ်ပြင်ကျယ်ကြီးမို့ နွေစပါးစိုက်ပျိုးတဲ့ အချိန်မှာ နိုင်ငံခြားခရီးသွားတဲ့ သူတွေက အုပ်စုလိုက်ဆင်းပြီး ဓာတ်ပုံမှတ်တမ်း အမှတ်တရ ရိုက်သွားကြတဲ့နေရာပါ။ အခု တော့ လယ်မြေထဲမှာ ဂဝံမြေတွေဖို့ချ ရုံးအဆောက်အအုံလား၊ ဖွံ့ဖြိုးရေးအဆောက်အအုံလား မပြောနိုင်ပါ။ မြေ နေရာကို တန်ဖိုးမထားတဲ့ အရှင်တို့အစိုးရဟာ လယ်မြေပြဿနာဖြစ် ပေါ်လာရခြင်းအကြောင်းက ဒီပြဿနာပါ ပဲ။ မယုံရင် ဒီနေရာလာကြည့်ပါ။ ဆောက်လက်စ အဆောက်အအုံ မပြီးပြတ်သေးပါ။ ပြောမှသိ၊ ထိမှနာတတ်တဲ့ ဒီခေတ်ကာလ အစိုးရကို ပြည်သူတွေ ကြွယ်ဝမှုမထိန်းနိုင်တဲ့အပြင် ပြည်သူချစ်သော (နှစ်သက်သော) အစိုးရ ဖြစ်ဖို့ ဝေးနေပါဦးမယ်။

● စိတ်ကူးထဲက ပုံရိပ်လွှာ

လက်ပြရွာအလွန် ရှေ့ဆက်ရင် ကျိုက်ထီးရိုးလေးစေတီကို သွားတဲ့လမ်းဆုံ ရောက်ပါတယ်။ ဒီနေရာမှာ ဥတု သာယာရင် ကျိုက်ထီးရိုးတောင်တန်းကို ထင်ထင်ရှားရှား မြင်ရတယ်။ ဒီနေရာကနေ ကျိုက်ထီးရိုးတောင် ပေါ်ကို လျှပ်စစ်ဓာတ်အား ကြိုးပုခက်ကားနဲ့ (စက်တပ်ကြိုး ပုခက်ကားနဲ့) တက်မယ်ဆိုရင် အလွန်ပျော်စရာ ကောင်း မယ်လို့ ထင်တယ်။ တောင်တန်းအနိမ့်အမြင်ကို လှည့်ပြီးကြည့်နေရင်းနဲ့ တောင်ပေါ်ကို တဖြည်းဖြည်းတက် သွားလို့ အဲဒီအစီအစဉ်မျိုး လုပ်နိုင်ရင် ကျိုက်ထီးရိုးစေတီတော်မြတ်ကိုလာ ရောက်ဖူးမြော်ကြည်ညိုကြတဲ့ သူ တွေ ပျော်ရွှင်ကြည်နူးကြမယ်လို့ထင်ပါတယ်။ ကြိုးပုခက်ကား ယာဉ်ရပ်နားတဲ့ နေရာမှာလည်း တည်းခိုစရာ ရိုးရာအိမ်တွေ၊ စားသောက်စရာ ရိုးရာစားသောက်ဆိုင်လေးတွေ နေ့နေ့ညည ဖွင့်ထားပေးရင် စည်ကားကြမှာပါ ပဲ။ ဒီကနေ့စပြီး တောင်တန်းတစ်လျှောက် လုံးမှာ သဘာဝစိမ်းစိုတဲ့ သစ်တောကြိုးဝိုင်းကြီးတွေထားပြီး ဒီတောင် တန်းကြီးကိုကြည့်နေရင်းနဲ့ပဲ မိသားစုတွေ ဘယ်လောက်များ ပျော်ရွှင်ကြလေမလဲဆိုတာ စိတ်ကူးယဉ် ကြည့် လိုက်ပါ။ ပျော်စရာဖြစ်သွားမယ်။ တကယ်လုပ်ဖြစ်မယ်ဆိုရင် အရှင်ပေးတဲ့ အကြံဉာဏ်အတိုင်းလုပ်ပါ။ တိုင်း ပြည် အတွက် အကျိုးမယုတ်ပါဘူး။ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးလုပ်ကြပါ။

● ရင်မောစရာ

ခရီးပြန်ဆက်ရင် မုပ္ပလင်ရောက်ပါတယ်။ မုပ္ပလင်လမ်းဟောင်းနဲ့ လမ်းသစ်ဆုံရောက်တဲ့အခါ ထုံးစံအတိုင်းပါပဲ။ တာဝန်ယူ စောင့်ကြပ်တဲ့သူတွေက ကားလမ်းမပေါ်ကို တက်လာပြီး လက်တားတော့တာပဲ။ ကားရပ်ပြီး ဟို ကြည့်သည်ကြည့်လုပ်ပြီး သွားလို့ရပြီဆိုပြီးတော့ လမ်းသစ်အတိုင်း ထွက်လာတယ်။ လမ်းတစ်ဝက်ရတဲ့အခါ ဘယ်ဘက်ခြမ်း ကုန်းမြေကို ကြည့်လိုက်တော့ မြေကြီးတွေဝင်တူးထားလို့ အစိုးရလျှပ်စစ် မီးတိုင်ကြီး လဲကျဖို့ စိုးရိမ်ရတယ်။ အထဲမှာလည်း ကလိုင်ကြီးဖြစ်လို့ ခြံစည်းရိုးတိုင် တောင်ဝင်ပြီး ခတ်ထားတာကို တွေ့ရတယ်။ သဘာဝလှပမှု ဆုတ်ယုတ်ရတဲ့ကြား သဘာဝအန္တရာယ်ပါ ထပ်တိုးလာတဲ့ ဒီနေရာလေးကိုတော့ သက်ဆိုင်ရာ က တားဆီးပေးဖို့ သင့်ပါတယ်။ အိမ်အဆောက်အအုံ ဆောက်မယ်ဆိုရင်လည်း အန္တရာယ်များတဲ့ နေရာဖြစ်နေ လို့ပါပဲ။ ခေတ်စနစ်က ယှဉ်ပြိုင်ခြင်းခေတ်လား၊ ရင်ဆိုင်ခြင်းခေတ်လား မပြောတတ်တော့ပါ။ တွေ့ရ၊ မြင်ရ၊ ကြားရတာတွေ အားလုံးလိုလိုက စိတ်ကုန်စရာ ရင်မောစရာတွေပါပဲ။

● ရှောင်ကြဉ်ရမယ်

ဒီနေရာလွန်လာလို့ ယခင်တံတားဟောင်း ယခုတံတားသစ် ပြန်လည် တည်ဆောက်ထားတဲ့ တံတားကြီးရှေ့ မ ရောက်ခင် (စစ်တောင်းမြစ်ကူး တံတားကြီး မရောက်ခင်) စားသောက်ဆိုင်ကြီးတွေ ဝင်ရောက်လာတာကိုတွေ့ ရတယ်။ သာသနာ့မြေပေါ်မှာလား၊ ခြံမြေပေါ်မှာလားမသိပါ။ ရောင်းတာတောင်မှ နိုင်ငံခြားသားစားသောက် စရာ သီးသန့်ပဲတဲ့။ စေတီရှေ့၊ ဘုရားရှေ့မှာ အရက်တွေ၊ ဘီယာတွေ ကြော်ငြာဆိုင်းဘုတ်တွေ ထောင်ပြီး ဘာ သာရေးအမြင်တွေကိုတောင်မှ နားမလည်ကြတဲ့ စီးပွားရေး သမားတွေဟာ နိုင်ငံတကာက လာတဲ့သူတွေက တွေ့သွားရင် ရှက်စရာပေ့ါ ပြည်သူတို့ရယ်။ တကယ်တော့ အရက်သေစာဆိုတာ သောက်သုံးတတ်တောင်မှ အများသူ ငါရှေ့မှောက်မှာ မသောက်စားသင့်တဲ့ အရာပါ။ မူးယစ်တတ်တဲ့အရာ ခန္ဓာကိုယ်ကို ကောင်းကျိုး ပေးတာ မရှိပါ။ ထိုးထွင်းသိမြင်တဲ့ ဉာဏ်အလင်းတွေကိုတောင် နောက်ကျူ(နောက်ကျိ) စေတာပါ။ ဒါကြောင့် ဘာသာရေးအခမ်းအနား သို့မဟုတ် စီးပွားရေး အခမ်းအနားတွေမှာ အရက်သေစာသောက် သုံးမှုပါလာရင် ပျော်မှုပါးမှု ပါလာစမြဲပါပဲ။ မလျော်ကန်တဲ့အကျင့် ပဋိပတ်ပျက်စီးမှုတွေဟာ မပြုလေကောင်းလေ။ ရှောင်ကြဉ် နိုင်လေ မြတ်လေပါပဲ။

● ဘာလိုသေးလဲ

တံတားထိပ်ရောက်တာနဲ့ ကားကိုချက်ချင်း ရပ်ခိုင်းပြန်ပြီ။ တာဝန်ကျတဲ့ သူတွေက ကားကိုယ်ထည်ကို ဖွင့်လှစ် ခိုင်းပါတယ်။ လက်ထဲမှာ လက်နက်နဲ့ ကိုင်ထားတော့ ရွံ့မိသလိုလိုပါပဲ။ စစ်ဆေးသူရဲ့မျက်နှာကို ကြည့်လိုက် တော့ ရင့်မာလို့တင်းလို့ပါပဲ။ ကွမ်းကလည်း ဝါးနေတော့ သွားတွေက တစ်ချောင်းမှမမြင်ရဘဲ ဝမ်းဗိုက်ကိုကြည့် လိုက်ရင် ဘီယာဗိုက်ကြီးဖြစ်တော့ အီကွေမန့်(ခါးပတ်)တောင်မှ မနိုင်သလိုဖြစ်နေတယ်။ ကွမ်းအနံ့၊ အရက် ဘီယာ အနံ့၊ ချွေးအနံ့တွေက ကားထဲဝင်လာပြီး စိတ်ပျက်လောက်ပါ ပေရဲ့။ ဆံပင်က မညှပ်ထားတော့ သပ် သပ်ရပ်ရပ်လည်း မရှိပါ။ ချွေးစေးကလည်းတစ် ကိုယ်လုံးစီးသေး။ တင်ပါးဘက်ကို ကြည့်လိုက်ရင် မြှီးညှောင့် မပေါ့်တပေါ်။ ““သြော် စစ်သားဆိုတာ ဒီလိုကိုး””ဆိုပြီးတော့ စိတ်ထဲက အထင်သေးမိပါလေရဲ့။ ဟုတ်ပါတယ်။ တကယ်တော့ သူတို့ရဲ့အခြေအနေဟာ အုပ်ချုပ်အုပ်ထိန်းသူတွေက လိုတာပါ။ ဒီအပြုအမူဟာ ဘယ်သူ့မှာ တာဝန်ရှိ သလဲဆိုတာ ပြည်သူတွေ စဉ်းစားသာကြ ပေ့ါ။ ခုတော့ အဲးခိုးတော့ လက်တွေ့မြင်ရ ပြီလေ။ ခေတ်မီတဲ့ မြန်မာ့ … ဖြစ်ဖို့ ဘာလိုသေးလဲလေ။

● ရယ်စရာများ ဖြစ်လေမလား

စစ်တောင်းတံတား (သစ်)ထိပ်၊ ပဲခူးတိုင်းဒေသကြီးထဲကို ဝင်လာပြီ။ အရင်က ဒီဘက်ထိပ်မှာ စစ်ဆေးရေးဂိတ် (စခန်း) ရှိပါတယ်။ ဘာပဲပါလာလာ အကုန်စစ်ဆေးလို့ ““ပါတိတ်ပါသလား””မေးတဲ့ဂိတ်မေးရင် ““ပါတိတ် ဂိတ်”” ပါပဲလို့ ပြည်သူတွေက ခေါ်ကြတာပေ့ါ။ ခုတော့ ပါတိတ်ဂိတ်တွေ ပျောက်လို့ ရှေ့ဂိတ်လမ်းဆုံကို ရောက် သွား တယ်လို့ပြောတယ်။ တိုးဂိတ် ကျော်လာပြီးတဲ့အခါ လမ်းဟောင်း လမ်းသစ်ဆုံရာကို ရောက်တဲ့အခါ ထုံးစံ အတိုင်း ကားကိုရပ်ခိုင်းထားပြီး စစ်ဆေးပြန်ပါတယ်။ အရှင်တို့ ကားရှေ့မှာလည်း အရှင်တို့လိုပဲ စစ်ဆေး၊ မေး မြန်းပါတယ်။ လမ်းဟောင်း၊ လမ်းသစ်လာတဲ့ ကုန်တင်ကားတွေကတော့ အားလုံး တန်းစီပြီး စစ်ဆေးခံရတယ်။ ကုန်စစ်ဆေးတာလား၊ အပိုကုန် စစ်ဆေးတာလား မပြောတတ်ပါ။ မော်တော်ယာဉ်ကား တစ်ခုလုံး အကုန်လုံး ဖွင့်ပြရတယ်။ တကယ်တော့ ဒီကုန်ပစ္စည်းတွေဟာ ထိုင်းနိုင်ငံနယ်စပ်ဖြစ်တဲ့ မြဝတီနယ်စပ် ကုန်သွယ်ရေးက အခွန်ဆောင်ပြီးဝင်လာတဲ့ ကုန်တင်ကားတွေပါ။ အခွန်ဆောင်တဲ့ ပြေစာ(စာရွက်၊ စာတမ်း) တွေ အထောက် အထား အပြည့်အစုံပါတဲ့ ကုန်တင်ကားတွေပါ။ ဘယ်ကားမဆိုဒီနေ ရာရောက်ရင်တော့ အကုန်လုံးပြန်စစ်ဆေး ကြတယ်။ အိမ်ပြန်လက်ဆောင် အထုပ်က လေးတစ်ထုပ်လောက် ပါမိရင်တော့ အကုန်လုံးပလုံတာပါပဲ။ မယုံ ရင်လာကြည့်ပေ့ါ ပြည်သူတို့ရယ်။

နိုင်ငံတော်ကတော့ ကုန်ဈေးနှုန်းကျ ဆင်းဖို့သွင်းကုန်ထုတ်ကုန်တွေကို အလျင်အမြန် ဝင်ထွက်သွားလာဖို့ အာ ဆီယံစီးပွား ရေးမူဝါဒအတိုင်းလုပ်နေကြပေမယ့် အောက်ခြေဝန်ထမ်းတွေရဲ့ အဂတိ လိုက်စားမှုနှုန်းထားက မြှင့် မားနေတာကြောင့် ၂၀၁၀ မှ ၂၀၁၅ခုနှစ်အထိ ၅ နှစ်နီးပါးကာလမှာ အကျင့်ပျက်ခြစားမှုဟာ လျော့ပါးသွားတာ မရှိဘဲ ပိုပြီးတော့ မြင့်မားလာပါတယ်။ “ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ” ဆိုတဲ့ ဆောင်ပုဒ် ဟာ ရယ်စရာကြီးများဖြစ် လေမလားပဲ။ ကားသွားခွင့်ပေးတဲ့အခါ ဝေါမြို့ကို ထွက်ခွာလာပါတယ်။

● အဗျားရွာ

ဝေါမြို့မရောက်ခင် အဗျားရွာကိုအရင် ရောက်ပါတယ်။ အဗျားရွာဟာ အရင်ကနဲ့ မတူတော့ပါ။ အတော်လေးကို ဖွံ့ဖြိုးစည်ပင်လာပါတယ်။ စေတီ၊ တန်ဆောင်း၊ သိမ်ကျောင်းဖြစ်တဲ့ ဘာသာရေးအဆောက် အအုံတွေလည်း ထည်ဝါလို့ သပ္ပာယ်နေတယ်။ နိုင်ငံခြားခရီးသည်တွေက ဒီရွာကို ရောက်ရင် ခေတ္တကားရပ်နားထားကြပြီး အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြတယ်။ သူတို့ရိုက်ယူတဲ့ အမှတ်တရပုံတွေက အခြား မဟုတ်ပါ။ ဒီရွာမှာ တည်ခင်းတဲ့ ငါးရံ့ခြောက်တွေပါပဲ။ ငါးရံံ့ခြောက်တွေ နေပူလှမ်းတဲ့ပုံ၊ ဈေးထိုင်ရောင်းတဲ့ပုံ၊ ရွာသူရွာသားတွေရဲ့ သူတို့အပေါ်မှာ ဖော်ရွေတတ်တဲ့ ပုံတွေ လက်တွေ့ခံစားကြရလို့ ကျိုက်ထီးရိုးအပြန် ဧည့်သည်တိုင်းဆင်းကြပြီး လေ့လာကြတယ်။ ချောင်းဘေးက အဗျားလေးရွာဟာ ခုဆိုရင် သန့်ရှင်းရေးကောင်းမွန်လာလို့ ဖြတ်သွား တိုင်း ငေးကြည့်မိပါတယ်။ အရင်ကရွာဦး (ရန်ကုန်အလာ)ထိပ်က အ.မ.ကကျောင်းလေးလည်း သာယာလို့လှပလာ ပါပြီ။ ချောင်းရဲ့အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းမှာရှိကြတဲ့ ““ဟိုဘက်ကမ်းက မီးထိန်ထိန်၊ ဒီဘက်ကမ်း က မီးထိန်ထိန်””ပါပဲ။ ဒါနဲ့ စာဆိုလေးတစ်ခုကိုတော့ အမှတ်ရလိုက်မိ ပါလေရဲ့။ ““နွားမှာ အဗျား””တဲ့။ အရင်က အဗျားရွာက နွားတွေမွေးလို့ လမ်းပေါ်မှာ နွားတွေချည်းပါပဲ။ အခုတော့ နွားတွေလည်း မမြင်၊ ဘဲတွေလည်း နည်းပါး၊ ဝက်တွေလည်းမတွေ့ လယ်ခေါင်ခေါင်မှာ နွားခေါင်ခေါင်ပါပဲ။ ရိုးရာအိမ်လေးတွေလည်း တဖြည်းဖြည်း နည်းပါးလာကြပြီလေ။

● ဝေါမြို့အလွန်

အဗျားရွာကျော်ပြီးလို့ ဝေါမြို့ထဲကို ရောက်လာပါတယ်။ မြို့ဝင်လမ်းဟာ လမ်းလည်းကျဉ်း၊ တံတားလည်း ကျဉ်း တော့ ကားတွေ လွတ်ကင်းကင်း သွားလာလို့ မရပါ။ ဆိုက်ကား၊ ဆိုင်ကယ်တွေက သြတိုက်ပါပဲ။ တံတား ကျော် ပြီး ဈေးရှေ့ရောက်ရင် လူတွေကြိတ်ကြိတ်တိုး ကူးဖြတ်ကြလေတော့ ကားကိုအရှိန်လျှော့ပြီးသွားရတယ်။ ဆိုက် ကား၊ ဆိုင်ကယ်တွေကတော့ လာတဲ့ကားတွေကို မရှောင်ဘဲ လမ်းလယ်ကောင်မှာပဲ သွားလာနေတယ်။ ဈေး ဝယ်တဲ့သူတွေဟာ ကားလမ်းမပေါ်မှာ ကြိုက်သလို ဝင်ထွက်သွားလာနေကြလို့ ကားမောင်းတဲ့သူတွေ သတိ ထားပြီးမောင်းရတယ်။ နံနက်ကျောင်း တက်ချိန်နဲ့တိုးရင် ပိုပြီးသတိထားမောင်းရတယ်။ မြို့ပြင်ရောက်လို့ ကား ရထားလမ်းဆုံ မရောက်ခင် လမ်းဘေးလယ်ယာမြေပေါ်မှာ တော့ ဓာတ်ဆီဆိုင်တွေတည်ဖို့ မြေတွေဖို့ တင်ထား တာကိုတွေ့ရတယ်။ လယ်မြေကို ခုလိုဒီလို လွယ်လင့်တကူနဲ့ ခွင့်ပြုလိုက်ရင် အရှင်တို့ရဲ့ အနာဂတ်ကာလရဲ့ အခြေအနေ ဟာ လယ်ယာကိုင်းကျွန်း ပိုင်ဆိုင်တဲ့သူ မဖြစ်ဘဲဖြစ်နေမယ်။ ခေတ်တိုးတက်မှု ကိုလိုက်ပြီးစီးတဲ့ သူဟာ သတိထားပြီးစီးပါ။ စည်းပြေရင် အတီးခံရမယ်ဆိုတာကို သတိပြုပါစေ။

● လယ်ယာမြေတွေ အားနေကြကုန်ပြီ

လမ်းဆုံမှာ ဧကရာဇ်ရွာမှ ဘုရားကြီး မြေကို နည်းပညာအသစ်နဲ့ စမ်းသပ်နေတာကို တွေ့ရတယ်။ လယ်ယာမြေ ပေါ်မှာ အခြားသော မြေမာတွေချလို့ နည်းပညာ မအောင်မြင်ရင် ဟိုတယ်မော်တယ် အသုံးပြုမယ့်ပုံစံမျိုးနဲ့ လုပ် နေသလားတော့ မပြောတတ်ပါ။ လောလောဆယ်တော့ လယ်ယာမြေကတော့ ဒီတစ်ဝိုက်မှာ အတော်လေး ပျက်စီးနေတာကိုတွေ့ရတယ်။ လယ်ယာ စိုက်ပျိုးရေးသီးသန့်လုပ်ငန်းဆိုရင်တော့ ကြိုဆိုရမယ်။ နွေရာသီစိုက် ပျိုးထားတဲ့ သီးနှံတွေက များများစားစား မရှိပါဘူး။ ရဲနွယ်ရေလှောင်တမံကနေ လွှတ်ချလာတဲ့ ရေဟာ ပဲခူးတိုင်း အလယ်ပိုင်းလောက်မှာ နွေရာသီရေရတယ်။ ဧကပေါင်းများစွာ နွေရာသီ စိုက်ပျိုးနိုင်တာကို သိရတယ်။ ဒါပေမဲ့ စိုက်ပျိုးတဲ့သူတွေ လမ်းဘေးလောက်လေးသာ စိုက်ပျိုးပြတာကြောင့် ရေတွေအလဟဿဖြစ်သွားတာ နှမြော စရာပါပဲ။ တကယ်တော့ ဒီလိုပေါများတဲ့ ရေတွေနဲ့ဆိုရင် နွေရာသီ စိုက်ပျိုးသင့်တာတွေကို ကြီးကြီးကျယ်ကျယ် စိုက်ပျိုးကြဖို့သင့်ပါတယ်။ ပြည်သူအတွက် အစိုးရရည်ရွယ်ချက်က ဟုတ်မှန်ပေ မယ့်အလုပ်လုပ်ကြတဲ့ သူတွေ နည်းပါးနေတာကြောင့် အလုပ်လုပ်ဖို့ ဆုတ်ယုတ်လာတဲ့ ခုခေတ်မှာ လယ်ယာမြေတွေအားနေကုန်ပြီ။

● ပဲခူးမြို့

ရန်ကုန်-မန္တလေး အဖြောင့်လမ်းမဖွင့် ပြီးကတည်းက ပဲခူးမြို့ကို မရောက်ဖြစ်တော့ပါ။ မရောက်တာကြာပြီဖြစ်တဲ့ ပဲခူးမြို့ကို ဘုရားကြီးလမ်းဆုံမှ ပဲခူးမြို့ကိုဝင်ပါတယ်။ ပဲခူးမြို့မရောက်ခင် တစ်လမ်းလုံး ကား၊ ဆိုင်ကယ်၊ လူတွေ သွားလာကြလို့ ကားကို လိုသလိုမမောင်းနိုင်ပါ။ ကားလမ်းမ ညာဘက်ခြမ်းကို တိုးချဲ့ပြီး ကွန်ကရစ် လောင်းနေလို့ သွားလိုက် ရပ်လိုက် စောင့်နေလိုက်နဲ့ပဲ အချိန်မနည်းဘူး ကုန်သွားတယ်။ ပဲခူး မြို့ထဲရောက်တဲ့ အခါ သိတဲ့အတိုင်းပါပဲ။ ကား၊ ဆိုင်ကယ်၊ လူတွေရှောင် သက်သက်ပဲ ရင်မောစရာပါပဲ။ စည်းကမ်းမဲ့တဲ့ ဌာနေ ဆိုင်ကယ်သမားတွေက ဟိုဖြတ်ကူးဒီကူးလုပ်လို့ မျက်စိအတော်လေး နောက်မိတယ်။ ပဲခူးမြို့ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ကလိုလိုပါပဲ။ မြစ်ကူးတံတားကြီး တစ်စင်းကနေလွဲရင် အခြားဘာမှ တိုးတက်လာတာ မတွေ့ရပါ။ တိုးတက် လာတာတစ်ခုက လူနဲ့ဆိုင်ကယ်၊ ကားတွေပါပဲ။

● ပူဆွေးမိတာ အမှန်

တံတားကြီးကျော်လို့ ပဲခူးတက္ကသိုလ် မရောက်ခင် ဆောက်လုပ်ကြတဲ့ အိမ်ကြီး အိမ်ကောင်းတွေ တွေ့ရတယ်။ လူတွေကတော့ အရင်အတိုင်းလိုပါပဲ။ ပိုပြီးတော့ ပြည့်စုံလာတာ မတွေ့ရပါ။ ဆင်းရဲတဲ့ သူတွေက ပိုဆင်းရဲပြီး ချမ်းသာတဲ့သူတွေက ပိုပြီးချမ်းသာနေကြလို့ အလွှာများခြားနား နေကြတာကိုပဲ တွေ့ရတယ်။ အမှတ် ၃ လမ်း ဆုံရောက်တဲ့အခါ အမှတ် ၃လမ်းမ အတိုင်းဝင်ပြီး ရွာသာကြီး စီးပွားရေးတက္ကသိုလ်ကြားမှာ ရှိတဲ့ရွာတွေကို ဖြတ်ကျော်လို့ မြင်ကွင်းကစုံလို့ပါပဲ။ လမ်းဘေးတွေမှာ အမှိုက်တွေဘယ်သူမှ မသိမ်းဘဲ စည်းကမ်းမဲ့စွာ စွန့်ပစ် နေတာကိုတွေ့ရတယ်။ အဟောင်းပစ္စည်း ရောင်းဝယ်တဲ့သူတွေက လမ်းဘေးမှာ ပစ္စည်းတွေစုပုံထားကြလို့ မီးရေးအတွက် စိုးရိမ်စရာပါပဲ။ ကျူးကျော်နေတဲ့သူတွေလား ဒါမှမဟုတ် အိမ်ရာနေရာမဲ့တဲ့သူတွေလား မပြော တတ်ပါ။ လမ်းဘေးဝဲယာတွေမှာတော့ တဲလေးသာသာထိုးနေကြပြီး မိသားစုတွေ နွမ်းနွမ်းပါးပါး နေထိုင်ကြတာ ကိုမြင်ရတဲ့အရှင်ဖို့ မျက်ရည်တဆု့ိဆို့ ခံစားရပါတယ်။ ဒီမိသားစုတွေဟာ အရှင်တို့ရဲ့ မြန်မာပြည် မိသားစုတွေ ပါ။ ခုလိုဒီလိုအတိုင်းနဲ့ ပစ်မထားသင့်ပါ။ သူတို့ရဲ့သားသမီးပညာရေး အတွက်လည်း ပြည့်စုံမှာမဟုတ်ကြလို့ တွေးမိလို့ ပူဆွေးမိတာ အမှန်ပါပဲ။

ရွာသာကြီးစီးပွားရေး တက္ကသိုလ်ကျောင်းကြီး ရှေ့ကိုရောက်တဲ့အခါ စုပုံပစ်ချထားတဲ့ အမှိုက်ပုံကြီးက ဖရိုဖရဲ ဖိတ်စဉ်ကျနေလို့ ကျက်သရေမဲ့လွန်းပါတယ်။ ကားလမ်းက ပြင်ဆင်ထားတာ မလုပ်တော့ လှိုင်းထလို့ပါပဲ။ တောင်မြောက်ဒဂုံ လမ်းဆုံရောက်တဲ့အခါ လမ်းဘေးမှာရပ်ထားတဲ့ ကားတွေက ထပ်နေလို့ပါပဲ။ ဒီကြားထဲ အချက်ပြတဲ့မီးက ပျက်နေလိုက်သေးရဲ့။ အဆင်ပြေသလို ရှောင်ကြသွားနေကြရင်းနဲ့ ဒဂုံဆိပ်ကမ်းမြို့ နယ်ထဲ ကို ရောက်ပါတယ်။ စီမံကိန်းလုပ်မယ့်နေရာတွေမှာ ကျူးကျော်ဝင်ရောက်တဲ့ သူတွေက တဲအိမ်တွေ ဝင်ရောက် ဆောက် ထားကြလု့ိ ကြိတ်ကြိတ်တိုးနေတာပဲ။ ဒီမြင်ကွင်းကို ကိုယ်တွေ့မြင်ရတော့ ဒီလိုအဖြစ်မျိုးကို အစိုးရဖြစ် တဲ့သူတွေက ဘယ်လိုနည်းတွေနဲ့ ဖြေရှင်းပေးနိုင်ကြမလဲ။ တွေးမိပါလေရဲ့။ ပြည်သူကို အစိုးရကကူညီပေး မလား။ ပြည်သူက အစိုးရကို ကူညီပေးရမလား။ စဉ်းစားမိပါလေရဲ့။ နောက်ဆုံးတော့ ပြည်သူက အခရာပါပဲ။ ပြည်သူဆိုးရင် အစိုးရလည်း မတတ်နိုင်သလို ပြည်သူယဉ်ကျေးရင် အစိုးရလည်း သက်သာပါတယ်။ ကိုင်း … ရန်ကုန်တိုင်းအစိုးရအဖွဲ့ရယ် ““စိတ်ဓာတ်ကြံ့ခိုင်၊ စွဲပိုင်ပိုင်၊ ကျင့်ကြံအားထုတ် သင့်အလုပ်””” ဖြစ်ပါပြီ။

● အခွန်လွတ် သာသနာ့မြေလည်း မရှောင်သာ

အရှင်ရောက်ချင်တဲ့ နေရာကိုရောက်ပါပြီ။ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံသီရိလမ်း၊ အမှတ် ၉၀ ရပ်ကွက်၊ မြေကွက် အမှတ်နေရာဟာ ၂၀၀၀ ပြည့်နှစ်အကျော်က အခွန်လွတ်သာသနာ့မြေ လျှောက်ထားလို့ အခွန်လွတ်ဂရမ် ပတ္တားကျထားတဲ့ ကျောင်းမြေနေရာပါပဲ။ ဝတ္တကမြေနဲ့ အခွန်လွတ် သာသနာ့မြေပြင်ပေါ်မှာ တိုက်အိမ်တွေ ဆောက်ထားကြလို့ ကျောင်းမြေမျက်နှာစာ ပေ ၁၀၀ကျော်ကျော်လေးသာ ကျန်ပါတော့ တယ်။ ကျန်တဲ့မြေ မျက်နှာစာ ၁၀၀ကျော်ကျော်လေးကိုလည်း အနီးအနားမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကလည်း ““ဘုန်း တော်ကြီးသင် ပညာရေးကျောင်းမြေနေရာ””ဆိုပြီး ဆိုင်းဘုတ်တောင် လာရောက်ပြီး တင်ထားကြပါလေရဲ့။ ကဲ … စာဖတ်ပရိသတ်တွေ မလောက်မငတော့တဲ့ အခွန်လွတ်သာသနာ့မြေကို အစိုးရကိုပြန် အပ်ရမလား၊ ဒါမှမ ဟုတ် ပြည်သူတွေကို စွန့်ကြဲလိုက်ရင် ကောင်းမလား။ ဘယ်လိုမြင်ကြပါသလဲ။ မရှိဆင်းရဲကြတဲ့ တဲကလေး နဲ့နေကြတဲ့ သူတွေကို စွန့်ပေးလိုက်ရင်တော့ အကောင်းဆုံးပဲပေ့ါ မဟုတ်လား။

● နိဂုံး

ဘားအံမှ ရန်ကုန် ဒီခရီးတစ်ထောက်ကို မြင်ရတွေ့ရတဲ့ အဖြစ်စုံတွေအားလုံးကတော့ ဤမျှပါပဲ။

““မကျေနပ်မှုတွေ မရောင့်ရဲနိုင်မှုတွေ သဘောမတူနိုင်မှုတွေ ငြင်းခုံမှုတွေ အပြစ်တင်မှုတွေ အစွဲအလမ်းကြီး မှုတွေ တစ်ယူသန်မှုတွေ စိတ်ပူပန်မှုတွေ ဆူပူခြင်းတွေ ဆန္ဒပြခြင်းတွေ ”” အားလုံးငြိမ်းချမ်း ညီညွတ်ကြပါစေ။

Photo by Isabel Retamales on Unsplash

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version