Categories
စီးပွားရေး ဆောင်းပါး နိုင်ငံရေး ပထဝီနိုင်ငံရေးနှင့်စီးပွားရေး အဲးခိုး

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၂)

အဲးခိုး

“ ယနေ့ မြန်မာ့အရေးဟာ အကျပ်အတည်း ဘယ်လိုရှိနေကြပြီးလည်းဆိုတာ ရိုးအီနေကြပြီလား။ ငွေကြေး ဈေးကစားကြတဲ့သူတွေရဲ့ နိုင်ငံရေးနောက်ကို တဖြည်းဖြည်းလိုက်ပါနေရလို့ မြန်မာ့စီးပွားရေးဟာ ငွေကြေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ ပြဿနာအရပ်ရပ်ပါပဲ။ ဘဏ်လုပ်ငန်းတွေ၊ ငွေကြေးကစားကြတဲ့ အစီအစဉ်တွေ၊ စနစ်မမှန်ကန်တာကြောင့် မြန်မာ့ငွေကြေးဟာ ပြဿနာဘယ်အထိ ရောက်လာခဲ့ကြရသလဲဆိုတာ ပြည်သူတွေအသိပါပဲ …

အတွဲ(၁၂)၊ အမှတ်(၄)၊ မြန်မာသက္ကရာဇ် ၁၃၈၅၊ ပထမဝါဆိုလပြည့်ကျော် ၅၊ ၇-၇-၂ဝ၂၃၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(မြန်မာသံတော်ဆင့် အတွဲ(၁၂)၊ အမှတ်(၃) မှအဆက်)

စကားချီး

စာရေးဆရာက သတင်းသမားနဲ့ပေါင်းရင် အကျင့်ပျက်တတ်သလို အတွေးအခေါ်တွေလည်း သတင်းရေး သမားဘက်ကို ရောက်သွားတတ်ပါတယ်။ သတင်းရေးတဲ့ သတင်းစာဆရာနဲ့ စာရေးတဲ့ စာရေးဆရာ မတူကြပါ။ စာရေးဆရာဆိုတာ အရေးကြီးတဲ့ကိစ္စရပ်တွေကို အမြင်အမျိုးမျိုးတွေးပြီး ရေးသားဖော်ပြတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘက်တစ်ခုကိုလိုက်ပြီးတော့ မရေးပါ။ ဘက်လိုက်နေတဲ့ စာရေးဆရာဖြစ်ရင် ကြက်တိုက်နေတဲ့သူဖြစ်ပြီဆိုပြီးတော့ ငယ်ငယ်က မှတ်သားခဲ့ဖူးပါတယ်။

အဲးခိုး

ဦးမော့လာနိုင်စရာများ

အခုဆိုရင် နိုင်ငံရေး အခြေအနေဟာ အယူအဆတွေ၊ ထင်မြင်ချက်တွေ၊ အသေဆုပ်ကိုင်ထားကြတဲ့ မူတွေကြောင့် နိုင်ငံရေးမူဝါဒနဲ့ အကျိုးစီးပွားဆိုင်ရာတွေမှာ လုပ်ဟန်တွေ ပြောင်းပြန်ဖြစ်လာနေတာကို တွေ့ရပြီမဟုတ်လား။

မြန်မာဟာ ယနေ့၊ ယခုအချိန်အထိ ဆုပ်ဆုပ်ပိုင်ပိုင်တိုးတက်မှုတွေ မရှိသေးပါဘူး။ စီမံကိန်းအရေအတွက်တွေ ကြီးမားစွာ များပြားသလောက် အကောင်အထည်ဖော်နိုင်မှုမှာ မမာဏနည်းပါး နေကြပါသေးတယ်။ အခြားစီးပွားရေး ကွာဟချက်တွေကို မမြင်တတ်ကြသေးတဲ့ အစိုးရဟာ စီမံကိန်းတွေ မှိုလိုပေါက်နေပေမယ့် ထိထိရောက်ရောက် မလုပ်ကိုင်နိုင်ကြသေးဘူးဆိုတာ ပြည်သူတွေအသိပါပဲ။

မြန်မာပြည်ဟာ ကုန်သွယ်ရေးလွတ်လပ်ခွင့်မူဝါဒတွေ သီးသန့်ရွေးချယ်ထားကြတဲ့ အစီအစဉ်တွေ ရှိနေကြပြီလား။ ကုန်သွယ်ရေးလွတ် လပ်ခွင့်ဒေသတွေကို ဘယ်ဒေသမှာ ဦးတည်ထားကြပါသလဲ။ ကုန်သွယ်မှု လွတ်လပ်ခွင့်ကို လက်ခံကြပြီလား။ လက်ရှိအစိုးရကို ဘယ်လိုများ အကြံဉာဏ်တွေ ပေးကြပါပြီလဲဆိုတာကို မေးပါရစေ။ လွတ်လပ်စွာ ကုန်သွယ်ရေးယှဉ်ပြိုင်မှုဟာ အာဆီယံနိုင်ငံတွေ ထဲမှာ အခွင့်အလမ်းတွေ ဖြစ်လာနိုင်အောင် မြန်မာပြည်ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ထိပ်ဆုံးသို့ သွားရမယ့် တိုင်းပြည်ဖြစ်ရမယ်ဆိုတာကို စဉ်းစားထားကြရဲ့လား။ အကျပ်အတည်း ပြဿနာတွေကို ကြောက်ပြီး နောက်ဆုတ်လို့ မရပါ။

အဖုအထစ်ဆိုတာ ဆက်ဆံပေါင်းသင်းရေးအပေါ်မှာ မူတည် နေတာကြောင့် လက်တွဲဆောင်ရွက်မှုအတွက် နှုတ်ပိတ်ရေငုံတာတွေ မလုပ်ဘဲ ပွင့်လင်းမြင်သာမှုကို ဦးစားပေးရမယ်။ ကမ္ဘာပေါ်မှာ စီးပွားရေး၊ မိတ်ဆွေဆိုတာ မများကြပါဘူး။ အမေရိကန်၊ တရုတ်၊ ဥရောပနိုင်ငံများ၊ ဥရောပဘုံဈေးအဖွဲ့၊ ဂျပန်နဲ့ အာဆီယံတွေကလွဲလို့ အခြားကြီးကျယ်တာ မရှိပါဘူး။ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု တန်ဖိုးကို အင်အားကြီး၊ အင်အားငယ်၊ အုပ်စုကြီး၊ အုပ်စုငယ်တွေကို မကြည့်ဘဲ နှိုင်းနှိုင်းချိန်ချိန်၊ သင့်သင့် မျှမျှ ဆောင်ရွတ်တတ်ဖို့ပါပဲ။ လက်တွေ့အကျိုးပြုမှု ပုံစံအသွင်ကို ကြည့်ပြီး မြန်မာပြည် ပြုပြင်ပြောင်းလဲတဲ့ အကြောင်းတွေကို ရဲရဲကြီး ကြေညာဖို့ လိုပါတယ်။

လူပြဿနာ၊ ဘုံပြဿနာ၊ မကျေနပ်မှုပြဿနာတွေကို စုပေါင်း ညီညွတ်မှုရပ်တည်ချက်နဲ့ ကိုယ်စားပြု ဖြေရှင်းနိုင်ခဲ့ရင် မြန်မာပြည်ဟာ ဦးမမော့လာနိုင်စရာအကြောင်း မရှိပါဘူး။ 

ပြည်သူတွေ သိထားရမယ်။ 

မကြာသေးပါဘူး။ မြန်မာပြည်ပညာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ အကြီးစား အခြေခံအဆောက်အအုံတွေ တိုးတက်ကောင်းမွန်ဖို့အတွက် ၂၀၁၇ ခုနှစ်က စတင်ပြီးတော့ ငါးနှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာငွေ သန်းပေါင်း ၁၇၅ဝ ကို အတိုးနှုန်းနည်းနည်းနဲ့ မြန်မာပြည်ကို ချေးသွားမယ်ဆိုတဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ကြေညာထားတာ တွေ့ရတယ်။

အတိုးနည်းပြီး ငွေချေးယူတဲ့စနစ်ဟာ အာဆီယံစီးပွားရေး အပေါ်မှာမူတည်သလို ဘုံပြဿနာအဖြစ် စုပေါင်းရပ်တည်တဲ့ စီးပွားရေး၊ နိုင်ငံရေးအုပ်စုတွေကိုတော့ သတိထားရမယ်။ စီးပွားရေးဆိုတာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒကို သေသေချာချာ ချမှတ်ရမယ်။ ခြားနားတဲ့ အိမ်နီးချင်းစီးပွားရေးဘုံပြဿနာကို သတိထားရမယ်။ အတင့်ရဲလွန်းတဲ့ ကိုယ်ကျိုးကြည့် စီးပွားရေး အုပ်စုကြီးတွေနဲ့ တွေ့ရင် သူတို့ရဲ့ လုပ်ဆောင်မှုဘက်ကို မိမိတို့ရဲ့ အကျိုးအမြတ်တွေက သူတို့ဘက်ကို လွယ်လွယ်လေးနဲ့ ပါသွားနိုင်တယ်။

ဒီနေ့စီးပွားရေးလောကကို ကြည့်လိုက်ပါ။ မတူတဲ့ မက်လုံးပေးမှုတွေ၊ အမြတ်ထုတ်အညွန့်ခူးယူမဲ့ (မည့်) ကြံစည်မှုတွေဟာ သိမ်မွေ့ပြီး မသိမသာ ဘဲလေးနက်နေတာကို တွေ့ရမှာပါ။ မြန်မာ့စီးပွားရေးကတော့ အဲလောက်ထိ မကြံစည်နိုင်ကြသေးပေမယ့် ဝန်ဆောင်မှု စွမ်းရည်တိုးတက်မှု လုပ်ငန်းကြီးတွေထဲ အားစိုက်ကြိုးစားဖို့တော့ လိုမယ်။ အာဆီယံဒေသစီးပွားရေး အခွင့်အလမ်းကို မြန်မာက မယူတတ်တာကြောင့် ရသင့်တဲ့အခွင့်အရေးတွေနဲ့ လွဲခဲ့ရတယ်။ ၂၀၁၇ ခုနှစ် ADB ဘဏ်ရဲ့ အထောက်အပံ့အားကိုယူပြီး မြန်မာပြည်အတွက် တစ်ခုတည်းသော ဖွံ့ဖြိုးမှုလုပ်ငန်းကို လက်ရှိအစိုးရအားထုတ်မှု အစီအစဉ်က ဘယ်လိုဆောင်ရွက်ကြမည်လဲ။ (မလဲ)။ အတိုးနည်းနည်းနဲ့ အရင်းကို ပြန်ပေးနိုင်ဖို့ ဘယ်လိုကြံဆောင် အားထုတ်မှုတွေ လုပ်ကြမည်လဲ (မလဲ) ဆိုတာကို ပြည်သူတွေ သိထားသင့်ပါတယ်။ ဘုံရည်မှန်းချက်အသစ် မြန်မာပြည်ဟာ ဖွံ့ဖြိုးဆဲ ကမ္ဘာ့စွမ်းအင်အကြီးမားဆုံးဒေသထဲကို ရောက်ဖို့ လက်ရှိအစိုးရက ကြိုးစားရမယ်။ အာဆီယံဒေသ သို့မဟုတ် အာဆီယံအဖွဲ့ဆိုတာ တတိယကမ္ဘာ့ အင်အားစုအဖြစ် ရပ်တည်ရဲတဲ့အုပ်စု ဖြစ်တယ်ဆိုတာကို မြန်မာအစိုးရက သိထားရမည်။ ကမ္ဘာ့ဘဏ်နဲ့ IMF တို့ရဲ့ ထောက်ခံပံ့ပိုးမှုနဲ့ အာဆီယံနိုင်ငံတွေရဲ့ စီးပွားရေးတံခါး ဖွင့်လှစ်ထားပေးခဲ့တဲ့ အခြေအနေကို အရှင်တို့ မြန်မာတွေ သိထားရမယ်။ မြန်မာ့ဟာ အဲဒီအထဲက ကြီးမားတဲ့ကုန်သွယ်မှုနဲ့ အရင်းအနှီးကြီးတဲ့ တိုင်းပြည်ကြီး တစ်ပြည်ဖြစ်ဖို့ ကြိုးစားရမယ်။

ယနေ့ မြန်မာ့ကျေးလက်ဒေသတွေဟာ အဆမတန် တိုးတက်ဖွံ့ဖြိုးမှုနှုန်း မြန်ဆန်နေတာကို တွေ့ရတယ်။ အဲဒီလို တိုးတက်မှုနှုန်း မြန်ဆန်နေတဲ့ တိုင်းပြည်တစ်ပြည်ဟာ စီးပွားရေးနဲ့ နိုင်ငံရေး ပြဿနာတွေ ပြိုလဲသွားတတ်ပါတယ် ဆိုတာကို မြန်မာတွေ သတိထားရမယ်။ အခုဆိုရင် စီးပွားရေးအကျပ်အတည်းနဲ့ နိုင်ငံရေးပြဿနာတွေ အမျိုးမျိုးဖြစ်လာတဲ့ မြန်မာပြည်ဟာ ဖွံ့ဖြိုးမှု မြန်နေတဲ့ဒေသတွေကို ကြည့်လိုက်ရင်ပဲ မြန်မာလူမှုရေးဘဝဟာ မိသားစုပြဿနာတွေ အမျိုးမျိုးနဲ့ ဘုံပိုင်ဆိုင်မှု ပြဿနာတွေအမျိုးမျိုး တွေ့ရတဲ့အပြင် အချင်းချင်းခြိမ်းခြောက်မှု ပြဿနာတွေလည်း တွေ့ရတယ်။

အဲဒီ ပြဿနာတွေကြောင့် နွေးထွေးဘက် စီးပွားရေးတိုင်းပြည်တွေပါ ဆိုးကျိုးတွေ ကူးဆက် (ကူးစက်) ခံရတယ်။ ဒီလို အဖြစ်မျိုးတွေ မဖြစ်အောင် (မဖြစ်ဖို့) နွေးထွေးဘက်နိုင်ငံတွေနဲ့ သူတို့ရဲ့ကျင့်သုံးတဲ့ စီးပွားရေး အမြင်တွေကို ဖွင့်ယူပြီး တိုင်းပြည်ထဲ စီးပွားရေး၊ နိုင်ငံရေး၊ မပြိုလဲအောင် လေ့ကျင့်အားထုတ် ဆောင်ရွက်တတ်ရမယ်။ ဒါကြောင့် အရှင်တို့ရဲ့ မြန်မာဟာ ဘုံရည်မှန်းချက်အသစ်တစ်ရပ် လိုအပ်နေပြီလို့ ဖြစ်ပါတယ်။ အဲဒီရည်ရွယ်ချက်ကို လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရမှာ ကြိုတင် ပြင်ဆင်ထားကြပါပြီလား။ (မေးပါရစေ)။ 

ကျေညက်အောင် သိထားရမယ်။ 

ယနေ့ အာဆီယံဒေသတွင်း နိုင်ငံတွေဟာ အရှင်တို့ရဲ့ မြန်မာပြည်ကို ပိုပြီးတော့ အရေးစိုက်နေကြတာကို တွေ့ရတယ်။ တိုင်းပြည်တိုင်းလိုလို စီးပွားရေးအကျိုးမြတ်၊ အခွင့်အလမ်းတွေ မဆုံးရှုံးဖို့ ကုန်သွယ်ရေးရင်းနှီး မြှုပ်နှံမှုတွေကို အမြဲတမ်းအရေးစိုက်ရမယ်။

စစ်မတိုက်ရတဲ့ တိုင်းပြည်ဟာ စီးပွားရေး၊ နိုင်ငံရေး၊ အောင်မြင်မှု လွယ်ကူတယ်။ အာဆီယံရပ်ဝန်း ဆိုပေမယ့် အိမ်နီးနားချင်း စီးပွားရေးတွေ ခြိမ်းခြောက်မှုခံရရင် မြန်မာ့စီးပွားရေး ဟာလည်း မသိမသာဆုတ်ယုတ်ပြိုလဲ သွားနိုင်တယ်။ ယနေ့ ကမ္ဘာ့နိုင်ငံရေးဟာ စစ်ဝတ်တန်ဆာနဲ့ ဆင်ထားကြတဲ့ နိုင်ငံရေးမဟုတ်ပါ။ သံတမန်ရေး အားထုတ်မှုကနေတစ်ဆင့် ဘုံရည်မှန်းချက် ဦးတည်နေကြတာတွေကို တွေ့ရပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးဆဲ ကမ္ဘာထဲကို ဝင်လာတဲ့ မြန်မာဟာ နိုင်ငံရေး၊ စီးပွားရေးအကြောင်းတွေ မျက်ခြည်ပြတ်လို့မရပါ။ သတိအမြဲရှိရမယ်။

မြန်မာဟာ ၁၉၉ရ ခုနှစ် ကာလကသာ လာအိုနဲ့အတူ အာဆီယံထဲကို ရောက် လာတာပါ။ အရင် အာဆီယံအဖွဲ့ဝင်ဟောင်း နိုင်ငံတွေထက် ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုဆောင်ရွက်ရမယ်။ ပိုအားထုတ်ကြရမယ်ဆိုတာကို မြန်မာအစိုးရ သတိထားရမယ်။ ယနေ့ ကမ္ဘာ့စီးပွားရေး အားကောင်းနေဆဲဖြစ်ကြတဲ့ အမေရိကန်၊ တရုတ်၊ ဥရောပသမဂ္ဂ တွေနဲ့ မကြာမကြာ ဆွေးနွေးဖော်၊ ဆွေးနွေးဖက်ဖြစ်အောင် ရင်းနှီးဆက်ဆံထားရမယ်။ တကယ်တော့ အာဆီယံ စီးပွားရေးဦးဆောင်တဲ့ ဝန်ကြီးတွေဟာ မိမိတို့ နေထိုင်ကြတဲ့ အရှေ့တောင်အာရှဒေသကို နိုင်ငံရေး၊ စီးပွားရေး အမြင်တွေ ကျေညက်အောင် မနေမနား ကြိုးစားအားထုတ်ရမယ်မဟုတ်လား။ လေးလေးနက်နက် သတိထားပါ ယနေ့ မြန်မာ့အရေးဟာအကျပ်အတည်း ဘယ်လိုရှိနေကြပြီးလည်းဆိုတာ ရိုးအီနေကြပြီလား။

ငွေကြေးဈေး ကစားကြတဲ့သူတွေရဲ့ နိုင်ငံရေးနောက်ကို တဖြည်းဖြည်းလိုက်ပါနေရလို့ မြန်မာ့စီးပွားရေးဟာ ငွေကြေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ ပြဿနာအရပ်ရပ် ပါပဲ။ ဘဏ်လုပ်ငန်းတွေ၊ ငွေကြေးကစားကြတဲ့ အစီအစဉ်တွေ၊ စနစ်မမှန်ကန်တာကြောင့် မြန်မာ့ငွေကြေးဟာ ပြဿနာဘယ်အထိ ရောက်လာခဲ့ကြရသလဲဆိုတာ ပြည်သူတွေအသိပါပဲ။ နိုင်ငံရေးရပ်တည်မှု၊ စီးပွားရေးရပ်တည်မှု မမျှတဲ့ မြန်မာအစိုးရအဖွဲ့အစည်းဟာ နိုင်ငံတကာနဲ့ ယှဉ်လာရင် သိသိသာသာ အမြဲတမ်းနောက်ကျနေတာကို တွေ့ရမှာပါပဲ။

နိုင်ငံတကာထဲ ပါဝင်စွမ်းဆောင်နိုင်မှုနဲ့ ရပ်တည်နိုင်မှု မရှိသေးတဲ့ မြန်မာဟာ အများအမြင်တော့ အောက်ကျနောက်ကျတဲ့ တိုင်းပြည်လို့တောင် ထင်ကြမှာပါပဲ။ စီးပွားရေး အလွန်အမင်းကောင်းမွန်တဲ့ နိုင်ငံဖြစ်ကြပေမယ့် ဒီခေတ်မှာ မိမိကိုယ်ကိုတော့ အထင်ကြီးလို့တော့ မရပါဘူး။ ဘာကြောင့်လည်း ဆိုရင် ကမ္ဘာ့စီးပွားရေးတွေဟာ ထင်သလို တိုးတက်လာတာ မဟုတ်ဘဲ အမြဲတမ်း ဆုတ်ယုတ်နေတယ်ဆိုတဲ့ အချက်က သက်သေပါပဲ၊ ဒါကို လေးလေးနက်နက် သတိထားဖို့တော့ လိုပါတယ်။

တောင်းခံမှု 

ယနေ့ကမ္ဘာ့အခြေအနေဟာ နိုင်ငံရေး၊ စီးပွားရေးတွေနဲ့ ပတ်သက်လို့ ဘယ်လိုများ ထိုးနှက်နေကြသလဲဆိုတာ ထိုးနှက်တိုက်ခိုက်ကြသူ အချင်းချင်း သိနေကြပါတယ်။ ငွေကြေးအာဏာ၊ ဈေးကွက်အာဏာတွေကို မလျှော့ကြဖို့ ဆိုပြီး ပြိုင်ဆိုင်တိုက်ခိုက်ကြတယ်။ ယိုင်သူယိုင်၊ ထိုင်သူထိုင်၊ ငိုင်သူငိုင် ပါပဲပေါ့။ အရှင်တို့ မြန်မာတွေကတော့ စီးပွားရေးလည်း အဲလောက်ပြိုင်ဆိုင် စရာမရှိတော့ ပင်ကိုက ပြိုင်စံရှားသူတွေဖြစ်တော့ ခပ်ပေါ့ပေါ့လေးနဲ့ပဲ ဝိုင်းနေကြတယ်။ ငွေကြေးအာဏာ၊ ဈေးကွက်အာဏာကြီးကြတဲ့ နိုင်ငံရေး စီးပွားရေးအောင်မြင်ကြတဲ့ တိုင်းပြည်တွေကတော့ ခုချိန်ခါမှာ ဘယ်သူ့ကိုမှ မယုံရဲကြတော့ဘဲ ဖင်ထိုင်မလဲကျ အောင်ကိုဘဲ ကဲနေကြရတယ်။ ကောင်းတဲ့ အထဲကတော့ မဟုတ်ပါဘူး။ ဒါကြောင့် ကမ္ဘာ့နိုင်ငံရေးသို့ မဟုတ် ကမ္ဘာ့စီးပွားရေးဟာ အပြိုပြိုလဲလဲဖြစ်လာခဲ့ရင် (ဖြစ်လာမယ်ဆိုရင်) အရှင်တို့ မြန်မာတွေ ဘယ်လိုများ တောင့်ခံမှုတွေ ထိန်းသိမ်းကြမည်လဲ (မလဲ) ဆိုတာကို သိထားဖို့ လိုပါတယ်။

အကောက်ခွန်၊ အခွန်ကောက် 

အခုဆိုရင် မြန်မာဟာ ငွေကြေးမတည်ငြိမ်မှုတွေ ဖြစ်လာတာကို ဘယ်လို ဘယ်လိုပုံစံနဲ့ ရပ်တည်နေခဲ့ကြရပြီလည်း ဆိုတာကို အားလုံးနားလည် နေကြပြီလို့ ထင်ပါလေရဲ့။ ငွေရေးကြေးရေးကြောင့် ကသုတ်ကရက် အရေးပေါ် အခြေအနေတွေ မလုပ်မိဖို့တော့ သတိရှိရမယ်။ ကမ္ဘာပေါ်မှာ ရှိကြတဲ့ဘဏ်တွေဟာ ငွေလဲလှယ်မှုနှုန်းတွေ ခဏခဏပြင်ပါသလား။ ဒါမှမဟုတ် ရင်းနှီးမ,တည်တဲ့ငွေတွေကို စီးဆင်းမှုနဲ့ ပတ်သက်လို့ ဘယ်လိုများကန့်သတ်ချက်တွေ (ငွေလဲလှယ်မှုနှုန်း နဲ့ အတိုးနှုန်းတွေ ထားသလဲဆိုတာကို သတိပြုမိကြပါရဲ့လား။ စီးပွားရေးလောကမှာ အရေးကြီးဆုံးက ပို့ကြတဲ့ ကုန်တွေ ဈေးနှုန်းသက်သာမှု၊ အလုပ်ဖြစ်မှုအတွက်ပါပဲ၊ ဈေးနှုန်း သက်သာမှုဆိုတဲ့ ဒီအချက်ဟာ စီးပွားရေးသမားတိုင်း အကုန်နားမလည်ကြပါဘူး။ ပို့ကုန်ဈေး သက်သာမှုဆိုတာ အခွန်သက်သာမှု (အကောက်+အခွန်) ကို ဆိုလိုတာပါ။

ဒါကြောင့် မြန်မာ့ စီးပွားရေးဟာ ပို့ကုန်အလျင်အမြန် ရောင်းရဖို့ အခွန်အခများများမယူဘဲ အလျင်အမြန်ရောင်းပြီး၊ သွင်းကုန်ရဲ့ ကန့်သတ်ချက်အခွန်ကို စနစ်ကျကျကောက်ခံဖို့ပါပဲ။ ဒီအချက်ကို မြန်မာတွေ တိတိကျကျ လိုက်နာခဲ့မယ်ဆိုရင် မြန်မာ့စီးပွားရေးဟာ ငွေကြေးအာဏာ ရှိကြတဲ့သူတွေရဲ့နောက်ကို လိုက်စရာမလိုတော့ သူတို့တွေကပဲ.. လိုက်ရ (နောက်လိုက်ရ) ရတော့မှာပါပဲ။ ဒါကြောင့် အကောက်ခွန် (ပြည်ပထွက်ကုန်)၊ အခွန်ကောက် (ပြည်တွင်းဝင်ကုန်) စနစ်ကို သေသေချာချာ ကစားတတ်ရမယ်လို့ အကြံပြုပါရစေ။ 

မြန်မာ့ငွေကြေးအခက်အခဲ

ယနေ့ အိမ်နီးနားချင်း တိုင်းပြည်တွေဟာ အရင်မြန်မာကို အထင်သေး၊ အမြင်သေးကြလို့ အရှင်တို့ရဲ့ တိုင်းပြည်အခက်အခဲတွေကို မကူညီကြတဲ့အပြင် ငွေကြေးတွေ နည်းပေါင်းစုံနဲ့ လှည့်ကစားလို့ အရှင်တို့ ဘယ်ရွေ့ဘယ်မျှ ခံစားနေခဲ့ကြရပြီးလည်းဆိုတာ ပြည်သူတွေအသိပါပဲ။

ပြောတော့ အာဆီယံဒေသနိုင်ငံများ ကြီးပွားရေးဆိုပြီး တကယ်လုပ်တော့ အာဆီယံ စီးပွားရေးဆုတ်ယုတ်မှုပါပဲ။ အခုလည်း ဒီအတိုင်းပါပဲ၊ ဒေသတည်ငြိမ်ရေးအတွက် အထောက်အကူပြုကြရမယ့် ဒေသစီးပွားရေး ကိစ္စတွေ၊ ဒေသကာကွယ်ရေး ကိစ္စတွေ၊ ဒေသလုံခြုံရေး ကိစ္စတွေဟာ ရိုင်းရိုင်းပင်းပင်း မကူညီကြပါဘူး။ ခွစားကြတဲ့ အကျင့်တွေဟာ မမြင်ချင်အဆုံးပါပဲ။ အဲဒီလို တိုင်းပြည်မျိုးနဲ့လက်တွဲ စီးပွားရေး အရလက်တွဲ ယှဉ်ပြိုင်မှုတွေ လုပ်လာရတဲ့အချိန်မှာ မြန်မာဟာ ကာကွယ် ရင်ဆိုင်လာရမယ့်ကိစ္စ အခက်အခဲတွေကို လေးလေးနက်နက် သတိထားရမယ်။ ဒီအတွက် သတိပေးပါတယ်။ မကြာမီ ပြန်မာပြည်မှာ အခြေစိုက်လာတော့မယ့် ကမ္ဘာ့ဘဏ်တွေ (ဘဏ်တွေ) ရောက်လာတော့မယ်။

အဲဒီဘဏ်တွေဟာ လက်ရှိ မြန်မာ့ဗဟိုဘဏ်နဲ့ ကန့်သတ်ချက် ငွေလဲလှယ်နှုန်းနဲ့ အတိုးနှုန်းတွေ ညီမျှဖို့လိုမယ်။ ငွေသားအပေါ်မှာ သွင်းကုန်၊ ပို့ကုန်လုပ်မယ့် ကုန်သည်တွေက ပို့ကုန်ထက် ပို၍သွင်းကုန်များအောင်လုပ်ရန် နိုင်ငံခြားမှာ ချေးထားတဲ့ ငွေကြေးတွေ ပြန်ဆပ်ဖို့ မလုံလောက်နိုင်ပါ။ မြန်မာဟာ ၂၀၁၇ ခုနှစ် ငါးနှစ်တာကာလအတွင်း ADB ဘဏ်မှာ အမေရိကန်ဒေါ်လာ ငွေသန်းပေါင်း ၁၇၅ဝ နဲ့ ချေးငှားယူဖို့ စီစဉ်ထားတာကို ကြားသိပြီးသားပါပဲ။ အတိုးနှုန်းသက်သောင့်သက်သာစွာ နဲ့ ချေးယူကြမယ့် ငွေတွေပါ။ ဒီငွေတွေကို ADB ဘဏ်ကနေ ချေးယူလိုက်တာကို အိမ်နီးနားချင်းနိုင်ငံတွေက ငွေကြေးဘယ်လို ကစားကြမည်လည်း (မလဲ) ဆိုတာကို ကြည့်ရမယ်။ သူတို့ငွေကြေး မချည်နှောင်ထားပေမယ့် အကယ်၍ သူတို့မှာ ရှိတဲ့ငွေကြေးတွေ ကစားကြရင် ရှယ်ယာဈေးနှုန်းတွေ ကျဆင်းသွားနိုင်တယ်။ အဲဒါတွေမက အာဆီယံနိုင်ငံတွေမှာ ဖွင့်လှစ်ထားတဲ့ စတော့အိတ်စ်ချိန်းတွေလည်း ပြဿနာတွေ ပေါ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ သုံးသပ်ထားလို့ ၂ဝ၂ဝ ပြည့်နှစ် မရောက်ခင်လေးမှာပဲ . မြန်မာ့ငွေကြေး မြန်မာ့နိုင်ငံရေး အခက်အခဲတွေ ဖြစ်လာတယ်။

အဲးခိုး

(ဆက်ရန်)

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၁) – မဟာပညာ (mahar.asia)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version
ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်