Categories
စီးပွားရေး ဆောင်းပါး နိုင်ငံရေး ပထဝီနိုင်ငံရေးနှင့်စီးပွားရေး အဲးခိုး

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၁)

အဲးခိုး

ခုကျတော့ မော်တော်ယာဉ်ပေါ်မှာတောင် အနုကြမ်းစီး ခေါ်ဆောင်သွားကြလို့ အငှားယာဉ်တွေနဲ့ ခရီးသွားဖို့တောင် စိတ်မချရသလိုမျိုး ခံစားလာကြရတယ်။ လမ်းဘေးနေတဲ့သူ၊ လမ်းဘေးဈေးဆိုင်တွေ တားမရ ဆည်းမနိုင် မှိုလိုပေါက်နေတယ် …

အတွဲ(၁၂)၊ အမှတ်(၃)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ နှောင်းတန်ခူးလဆန်း ၄၊ ၂၄-၃-၂ဝ၂၃၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

စကားချီး

စာရေးဆရာက သတင်းသမားနဲ့ပေါင်းရင် အကျင့်ပျက်တတ်သလို အတွေးအခေါ်တွေလည်း သတင်းရေး သမားဘက်ကို ရောက်သွားတတ်ပါတယ်။ သတင်းရေးတဲ့ သတင်းစာဆရာနဲ့ စာရေးတဲ့ စာရေးဆရာ မတူကြပါ။ စာရေးဆရာဆိုတာ အရေးကြီးတဲ့ကိစ္စရပ်တွေကို အမြင်အမျိုးမျိုးတွေးပြီး ရေးသားဖော်ပြတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘက်တစ်ခုကိုလိုက်ပြီးတော့ မရေးပါ။ ဘက်လိုက်နေတဲ့ စာရေးဆရာဖြစ်ရင် ကြက်တိုက်နေတဲ့သူဖြစ်ပြီဆိုပြီးတော့ ငယ်ငယ်က မှတ်သားခဲ့ဖူးပါတယ်။

အဲးခိုး

နိဒါန်း

နိုင်ငံရေးဆိုတာ မျှော်လင့်ချက်မဲ့တဲ့ အလုပ်မဟုတ်ပါ။ မရေရာ မသေချာတဲ့ အလုပ်မဟုတ်ပါ။ ကြီးကျယ်မြင့်မြတ်တဲ့ အလုပ်ပါ။ ချောင်ပိတ်မိနေတဲ့ ပြည်သူတွေ အတွက်ပါ။ လစ်ဟာသွားတဲ့ ကွက်လပ်ကို စနစ်ကျကျ ဖြည့်စွက်အားထုတ် ဆောင်ရွက်တဲ့အလုပ်ပါလို့ အဲဒီအတိုင်း ဖွင့်ဆိုပါရစေ။

(တောင်ကလေးဆရာတော်) 

မပြောင်းလဲသေး

လူတွေကတော့ ‘ပြောင်းလဲချိန်တန် ပြီ’ဆိုတဲ့ စကားရပ်ကို ယနေ့ချိန်ထိ မမေ့နိုင်ကြသေးပါဘူး။ ပြောင်းလဲမှုကို မျှော်နေကြတဲ့ ပြည်သူတွေက ပထမ ရက် ၁ဝဝ (ရက်ပေါင်းတစ်ရာ) စီမံကိန်း မှာ ပါမလာကြတော့ ဟာတိဟာတာ ဖြစ်နေကြပြီး အကုန်လုံးနီးပါး အံ့သြကြတာပေါ့။ အဲဒီလို အံ့ဩကြသလိုပဲ ဟုတ်စားတဲ့သူတွေ ပေါလာတာကိုကြည့်ပြီး ပိုပြီးတော့များ အံ့ဩကြလို့ပါပဲ။

ပြောတော့ အဂတိတရား မလိုက်စားရဘူး။ ရုံးပေါ်မှာတော့ ဟုတ်ဟုတ် (ဟုပ် အုပ်) အသံတွေ မြည်ကြလို့ အထုပ်ကြီးငယ်တွေနဲ့ ကုပ်ကုပ်လေးနဲ့ အဆင်ပြေတဲ့ ဝန်ထမ်းတွေ အတော်လေး အဆင်ပြေ (လန်းနေ) နေတာကို တွေ့ရတယ်။ ရေထိုးရေလောင်း (ငွေထိုး၊ ငွေပေါင်း) အကျင့်တွေက ခေတ်အစဉ်အဆက်လိုပါပဲ။ လူခင် မူပြင် လူမုန်းမူသုံးကြပေါ့ ပြည်သူတို့ရယ်။

တတွတ်တွတ် ပြောနေကြပြီ 

နိုင်ငံရေးလွှတ်တော်ထဲကို တက်သစ်စ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးတွေက လွှတ်တော်နဲ့ ပတ်သက်တဲ့ (သက်ဆိုင်တဲ့) နိုင်ငံရေးလုပ်ငန်းတွေကို မလုပ်ကိုင်ကြဘဲ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်ပြီး ပါချင်နေတာတွေ တွေ့ရတော့ အံ့သြကြပေါ့။ အရှင်တို့နယ်က အမတ်ကြီးတစ်ယောက် (အမျိုးသားလွှတ်တော်) ကဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့နေရာမှာ ဒီမိုကရေစီကျကျ ရွေးချယ်တာ ၁ဝ ရွာပဲရှိတယ်တဲ့ ဆိုပြီး လူတွေအများ ရှေ့မှောက်မှာ ပြောဆိုသွားသတဲ့။ အစည်းအဝေးတက် ရောက်ကြတဲ့သူတွေက အဲဒီ ၁ဝ ရွာ အမည်ကိုပေးပါလို့ တောင်းဆိုကြတဲ့အခါ ရွာနာမည်မပြောပြနိုင်လို့ (မပြောပြနိုင်ဘဲ) နှုတ်ကျွံတဲ့အကျိုးရသွားတဲ့ အမတ်ကြီးလည်း အရှိရှိပါပဲ။

ပြည်သူအချို့က “ငါတို့ထည့်ထားတဲ့ မဲတွေ ငါတို့အားကိုးရမယ့် ကိုယ်စားလှယ်ကြီးတွေမဖြစ်ဘဲ ငါတို့ရဲ့ကိုယ်စားလှယ် ငါတို့ဆီမလာဘဲ ပျောက်သွားလိုက်တာများ ခုချိန်ထိတိုင်ပါပဲ’’ တဲ့၊ အစကတော့ ရပ်ရွာအကျိုး ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်ပေးမယ် ဆိုပြီးတော့ မဲရဖို့လာစည်းရုံးတုန်းက အာရင်းလျှာရင်းပေါ့ သွဲ့နေလို့ပဲပေါ့။ ခုတော့ မေ့ပါပေါ့လား ဆိုပြီးတော့ ပြည်သူတွေ တတွတ်တွတ် ရွတ်ပြောဆို နေကြပြီလေ။ 

အချိန်တွေကုန် စိတ်တွေကုန် 

အခုဆိုရင် လယ်မြေယာမြေ လယ်ခွန်ယာနက် ပြဿနာတွေကလည်း ရုံး (ဂတ်) တွေမှာ မဖြေရှင်းနိုင်ကြဘဲ လက်နက်ကိုင် အကျိုးဆောင် အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး မြေရှင်လယ်ရှင်ယာရှင်တွေရဲ့ လုပ်ရပ်တွေ ကလည်း ဥပဒေမဲ့စွာ ပါပဲ။ လယ်မြေယာမြေဆိုတာ လယ်တွေ ယာတွေ မလုပ်ကိုင်တော့ရင် မြေလွတ် မြေလပ်တွေ ဖြစ်သွားတာပါပဲ။ (ကာလ စည်းကမ်းအရ) အဲဒီမြေတွေဟာ နွမ်းသူပါးသူတွေကို ခေတ်ကာလ အစဉ်အဆက်က အစိုးရမင်းတွေက အကွက်ချစီမံပေး လိုက်လို့ နှစ်ပေါင်းရာစုနီးပါး နေထိုင်ကြတဲ့ ပြည်သူတွေကို မူလပိုင်ရှင် သားသမီးပါဆိုပြီး မြေနဲ့ပိုင်ဆိုင်တဲ့ (မြေပိုင်ဆိုင်မှု) တရားအမှုတွေ အမျိုးမျိုးနဲ့ စွဲဆိုနေကြတယ်။ မြေမှုယာမှုကစ ပြစ်မှုဆိုင်ရာတွေ ဖြစ်ကြ၊ ပြစ်မှုကျူးလွန်မှုတွေ အမျိုးမျိုးကို ဖြစ်လာကြတယ်။ မြန်မာပြည် ကံကြမ္မာဟာ တဖြည်းဖြည်း ဆိုးသွမ်းမှုတွေ၊ ယုတ်မာမှုတွေ၊ ယုတ်လျော့မှုတွေ များပြားလာတာကို တွေ့နေရတယ်။ ဒီလို ဆိုးဆိုးသွမ်းသွမ်း အမှားမှုတွေများပြားလာတာကြောင့် တိုင်းပြည်ကို အုပ်ချုပ်ရတဲ့ အစိုးရမင်းတွေကလည်း (အစိုးရအဖွဲ့အစည်းတွေကလည်း) သက်သောင့်သက်သာ မရကြပါဘူး။ ပြဿနာအမျိုးမျိုး ဖြေရှင်းပေးရေး လုပ်နေသက်သက်နဲ့ပဲ အချိန်တွေကုန်၊ စိတ်တွေကုန်တတ်မလောက် ဖြစ်ကြမယ်လို့ ထင်မိပါလေရဲ့။ 

ပေါင်းစားခြင်း 

မြို့ကြီးပြကြီးတွေဘက်ကို လှည့်ပြီးတော့ ကြည့်လိုက်ကြပါဦး။ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ လူဦးရေတွေ ထူထပ်နေကြတာကြောင့် ဒုစရိုက်မှုလုပ်ငန်းတွေ နည်းပေါင်းစုံပါပဲ။ ခိုး ဆိုး နှိုက် လု ကြတဲ့သူတွေ၊ ခိုးကြောင်ခိုးဝှက် ကြတဲ့သူတွေ၊ ဒုစရိုက်သမား အရေခြုံကြတဲ့သူတွေ အားကိုးခိုလှုံနေကြတဲ့ နေရာမျိုးလို ဖြစ်နေကြတယ် မဟုတ်လား။

ရိုးသားသူတွေ နည်းပါးကြပြီး အလစ်သုတ်တဲ့သူ၊ အလိမ်အကောက်တဲ့သူတွေ များပြားလို့ပါပဲ။ ဒီကြားထဲမှာလည်း အလိုက်ကမ်းဆိုး မသိတတ်တဲ့သူတွေက ခပ်များများရှိနေတော့ အယောင်ဆောင် လောကသားတွေနဲ့ ပေါင်းကြပြီး ဘာသာရေးယောင်ယောင်၊ နိုင်ငံရေးယောင်ယောင်၊ အမျိုးသားရေးယောင်ယောင်နဲ့ ရှုပ်ထွေးပွေလိမ် နေကြတာကို တွေ့ရတော့ စိတ်ပျက်ပေါ့ ပြည်သူတို့ရယ်။

တာဝန်ရှိတဲ့ အစိုးရမင်းတွေက ဆိုးသူသွမ်းသူတွေကို ပိုက်စိပ်ဖမ်းဆီး လုပ်ကြပေမယ့် မကုန်နိုင် မခန်းနိုင်ဘဲ ပိုပိုပြီးလို့တောင် ဆိုးသွမ်းမှုတွေ၊ သောင်းကျန်းမှုတွေ များပြားလာနေတယ်။ အရင်ကဆိုရင် ဘယ်အချိန်မဆို ဘယ်ကိုသွားသွား ဘေးကင်းရန်ကွာလို့ စိတ်ချမ်းသာစွာ သွားလာလို့ရကြတယ်။ ခုကျတော့ မော်တော်ယာဉ်ပေါ်မှာတောင် အနုကြမ်းစီး ခေါ်ဆောင်သွားကြလို့ အငှားယာဉ်တွေနဲ့ ခရီးသွားဖို့တောင် စိတ်မချရသလိုမျိုး ခံစားလာကြရတယ်။ လမ်းဘေးနေတဲ့သူ၊ လမ်းဘေးဈေးဆိုင်ဖွင့်ပြီး ရောင်းတဲ့သူတွေကလည်း တားမရဆည်းမနိုင်လို့ မှိုလိုပေါက်နေတယ်။ မြို့တော်သာယာရေး ကြွေးကြော်ထားတဲ့ ကော်မတီတွေက ဘယ်ဈေးကောက်ရင် ဘယ်လောက်ရမယ်။ ဘယ်တိုက်ဆောက်ရင် ဘယ်လောက်မြတ်မယ် ဆိုတဲ့သူတွေကလည်း ကော်မတီထဲပါအောင် ဝင်ရောက် အရွေးခံနေကြလို့ နေရာရပြီးတာနဲ့ သူဌေးကြီး သူဌေးငယ်တွေ ဖြစ်လာကြတော့တာပါပဲ။

စားရဝါးရလို့ အစိုးရမင်းကိုတောင် ကျေးဇူးတင်လို့ မဆုံးအောင်ပါပဲ။ ဒီစကား မယုံဘဲ မနေပါနဲ့။ အရှင်တို့နေထိုင်တဲ့ အရပ်ဒေသမှာ လာကြည့်ကြပါ။ “စည်ပင်နဲ့ပေါင်းသူဌေးလောင်း’ ဆိုတဲ့သူတွေက ငါတို့ရဲ့ခေတ် ဆောင်ပုဒ်သစ်ဆိုပြီး ကြိတ်ပြီး ကြွေးကြော်နေကြတယ်။ နေပြည်တော်အစိုးရ လက်ထက်က ပြည်နယ်စည်ပင် ဝန်ကြီးနဲ့ပေါင်းလို့ အစားကောင်း၊ အအိပ်ကောင်း ကြိတ်ပြီးကောင်းစား သွားကြတဲ့ ဈေးကြီးဈေးခေါင်းသားတွေ အရှင်တို့မြို့မှာ အပေါပေါ့။

ခုတော့ ဘုရားမေ့၊ တရားမေ့၊ သံဃာတွေမေ့လို့ မေ့မေ့တေ့တေ့နဲ့ စိတ်ကြိုက်တွေတွေ့ ခံစားရလို့ အမေ့လောကသားဘဝနဲ့ ရောက်သွားကြတော့တာပေါ့။ လမ်းမှာ ဆုံရင်နေတာတောင်ပဲ လူကိုမမှတ်မိ မသိကြတော့ဘူးလေ။ လူတွေကတော့ ‘အဲဒါ စည်ကော် လူကြီးလေ’ ဆိုပြီး ပင့်ကော်ကြတာပေါ့။ 

မြင်ရတွေ့ရ ဘုံဘဝ

ဒီနှစ် လယ်ယာစိုက်ပျိုးကြတဲ့ တောင်သူကြီးတွေဟာ လယ်ယာတွေ စိုက်ပျိုးကြဖို့ အချိန်တွေရောက်ပေမယ့် တောင်သူလယ်သမားတွေကို မ (စိုက်) တည်ပေးတဲ့ ချေးငွေတွေလည်း ခုချိန်ထိ မတွေ့ရသေးပါဘူး။ ထွန်တုံးချဖို့အတွက် စက်ဆီတွေဝယ်ဖို့၊ သူရင်းငှားတွေ ငှားရမ်းဖို့ အရင်းတည်ပေးမယ့် မတော်ငွေ မရှိတော့ ခုချိန်ထိ (ဇွန်လကုန်နေပြီလည်း) ထွန်ယက်မှု မလုပ်နိုင်ကြသေးပါဘူး။ ဒီနှစ်ဟာ ခါတိုင်းနှစ်နဲ့ မတူပါ။ မိုးတွေက အဆက်မပြတ် ရွာသွန်းနေတော့ ထွန်သင့်တဲ့ လယ်မြေတွေ ထွန်ဖို့ အခက်အခဲ တွေ့နေကြတယ်။ အရင်က ကျွဲ၊ နွား တွေနဲ့ ထွန်ယက်ကြတယ်မဟုတ်လား။ ခုခေတ်မှာ ကျွဲတွေ၊ နွားတွေ နိုင်ငံခြားကို သွားရောက်ကုန်ကူး တင်ပို့ကြတော့ မြန်မာ့နွားတွေဟာ မရှိသလောက် ရှားပါးကြကုန်တယ် မဟုတ်လား။ လယ်ယာ မြေတွေကို ထွန်ဖို့လုပ်ပြန်တော့ စီမံကိန်းမြေ၊ အဖွဲ့အစည်းမြေ၊ ခရိုနီတွေပိုင် ကြတဲ့မြေဆိုပြီး အမျိုးမျိုးသော ပြဿနာတွေနဲ့ပါပဲ။ ယာမြေထဲမှာ စိုက်ထားကြတဲ့ အပင်တွေလည်း အသီးအနှံတွေ ဈေးမရတော့ ထွက်ကုန်များသလောက် အကျိုးတရားတွေနည်းလို့ စိတ်ဓာတ်ကျကြတဲ့ ယာရှင်တွေလည်း အရှိရှိပါပဲ။

အလုပ်သမား လုပ်ခတွေများလို့ လုပ်ငန်းကြီးတွေ လုပ်ကြတဲ့ လုပ်ငန်းရှင်ကြီးတွေကလည်း စိတ်ပျက်နေကြသလို အလုပ်လုပ်ရသလောက် လုပ်အားခနဲ့ မလောက်မဝတဲ့ အလုပ်သမားတွေကလည်း အလုပ်တွေ များများစားစား မလုပ်နိုင်ကြတော့ဘဲ အိမ်နီးနားချင်း တိုင်းပြည်တွေမှာ ထွက်ခွာသွားကြပြီးတော့ အလုပ် ထွက်လုပ်ကြတဲ့ သူတွေလည်း နေ့စဉ်နေ့တိုင်း တိုင်းပြည်ကနေ ထွက်ခွာနေကြတယ်။ အဆင်မပြေလို့ သွားကြတဲ့သူတွေ ရှိသလို ဟိုမှာရောက်ပြီး အလုပ်အကိုင်တွေ အဆင်မပြေကြလို့ ပြန်လှည့်လာကြတဲ့ သူတွေကလည်း အရှိရှိပါပဲ။

ဒီကြားထဲမှာ ဖြတ်စားလိမ်စားတဲ့ (ဗိုက်ဖောက်သမား) သူတွေနဲ့ တိုးမိပြန်ရင် ပါလာသမျှ (ရှိသမျှ) ငွေတွေ ပြောင်သွားကြတာပါပဲ။ သောင်တင်ကမ်းတင်ကြပြီး အိမ်ကို ပြန်မလာနိုင်တဲ့ အလုပ်သမားတွေလည်း ဒုနဲ့ဒေးပါပဲ။

ကွာဟချက်ကို မမြင်တတ်သေးရင် 

မြန်မာပြည်ဟာ အဖွဲ့အစည်းတွေ စုံလင်တော့ အဖွဲ့စုံကြားထဲမှာ နေထိုင်ကြရတဲ့ ပြည်သူတွေဟာ ဒုက္ခ၊ သုခ (သုက္ခ) အစုံအလင်ပါပဲ။ အင်အားသုံး လွှမ်းမိုးရေးလမ်းစဉ်ကို စွန့်မယောင် လွှတ်မယောင်နဲ့ အဖွဲ့အစည်းအချို့တွေရဲ့ လုပ်ရပ်တွေကလည်း ပြည်သူလူထုတွေရဲ့အပေးများ ဆက်ကြေးကောက်၊ အခွန်ကောက်၊ တရားစီရင်ရေးလုပ်၊ မတရားဖမ်းဆီး ခေါ်ဆောင်မှုတွေ လုပ်တော့ NCA စာချုပ် အစိတ်အပိုင်းအချို့တွေကို ချိုးဖောက်လာကြတာတွေကို တွေ့ရတော့ ပြည်သူတွေရဲ့ဘဝဟာ လုံခြုံမှုမရှိသလိုပဲ ခံစားနေကြရတယ်။ အပြန်အလှန် နားလည်မှုမပေးနိုင်တဲ့ အိမ်နီးနားချင်းနိုင်ငံတွေကလည်း ဒေသအတွင်း တည်ငြိမ်ရေးအလုပ်တွေ မလုပ်နိုင်ကြဘဲ သူတစ်ပါးရဲ့ ပြည်တွင်းရေး သို့မဟုတ် ငြိမ်းချမ်းရေးတွေ ကတိပြုမဲ့အောင် သွေးထိုးလှုံ့ဆော်ပေးနေတာလည်း တွေ့ရသလို လူမျိုးရေးကို အကြောင်းပြုပြီး ပြည်တွင်းထဲကို လာရောက်စုံစမ်းမှုတွေ လုပ်ကြတာလည်း တွေ့ရတယ်။

ရှေးခေတ်နိုင်ငံရေးတွေရဲ့ ဘုံရန်သူဟာ ကွန်မြူနစ်ပြောက်ကျား သူပုန်တွေပါလို့ ပြောလို့ရသလိုမျိုးပဲ။ ခုခေတ် နိုင်ငံရေးဘုံရန်သူဟာ နောက်ကွယ်ကနေ ထကြွနေတဲ့ ငွေရှင်ကြေးရှင်တွေကို ကြောက်ရတယ်။ တိုင်းပြည်တစ်ပြည်ဟာ နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေရှိဖို့ လိုပါတယ်။ ဒါကြောင့် ယနေ့ မြန်မာပြည် လူမှုရေးနဲ့ စီးပွားရေးအခြေအနေဟာ ခြိမ်းခြောက်မှုတွေ အမျိုးမျိုး ဖြစ်လာနေကြပြီ ဆိုတာကိုတော့ သတိထားဖို့ပါပဲ။

အထူးသဖြင့်တော့ လူတွင်ကျယ် လုပ်လိုမှုတွေကြောင့် အမှားအယွင်းတွေပိုပြီး ဖြစ်လာကြတော့မယ်လို့တော့ မြင်ပါတယ်။ ဟုတ်၊ မဟုတ် ဒီစာရေးပြီးလို့ နောက်ထပ် ၁ဝ နှစ်အတွင်း စောင့်ကြည့်ပါ။ မြန်မာပြည် ခေတ်တစ်ခုမပြောင်းရင် ကြိုက်သလိုလောင်းပါ။ တစ်ခုခုတော့ ဖြစ်လာမှာပါပဲ။ ဆိုးကျိုးတစ်ခုတည်းကနေလွဲရင် အခြားဘာမှဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူးလို့ပဲ ဆိုပါစေ။ 

(ဆက်ရန်)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version
ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်