Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (နောက်ဆုံးပိုင်း)

အဲးခိုး

အတွဲ(၁၁)၊ အမှတ်(၄၃)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ ပြာသိုလပြည့်ကျော် ၁၅၊ ၂၀-၁-၂၀၂၃၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်တစ်ပတ်မှအဆက်

နိုင်ငံခြားသုံးငွေနဲ့ ပတ်သက်လို့ နိုင်ငံတော်အကျိုးအတွက်ဆိုပြီး လွတ်လပ်စွာ လုပ်ကိုင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်နည်းအားဖြင့် ဆိုရှယ်လစ်စီးပွားရေး စီမံကိန်းအတွက် ရည်ရွယ်ချက်နဲ့ ၁၉၆၅ ခုနှစ်မှာ ကုန်သွယ်ရေးကောင်စီကို ဖွဲ့စည်းလိုက်တယ်။ ၁၉၆၆ ခုနှစ်မှာတော့ ပေါင်စတာလင် ငွေကြေးအဖွဲ့ဝင်အဖြစ်မှ အပြီးအပိုင်နုတ်ထွက်လိုက်တယ်။ မြန်မာတစ်ပြည်လုံး ကုန်သွယ်ရေး ကော်ပိုရေးရှင်းပေါင်း ၂၂ ခု ဖွဲ့စည်း …

လွတ်ငြိမ်းချမ်းသာခွင့် ကုန်ဆုံးချိန် 

၃ဝ-၁-၁၉၆၄ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ကုန်ဆုံးကြောင်း ကြေညာပြီးတဲ့အခါ ငြိမ်းချမ်းရေး အလားအလာကောင်းကို ပျက်ပြားအောင် (ပျက်ပြားစေရန်) လုပ်ဆောင်တဲ့သူဆိုပြီး ဖဆပလ ခေါင်းဆောင်တွေ၊ ပထစ ခေါင်းဆောင်တွေ၊ သတင်းစာဆရာတွေ၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်ဦးစီး အဖွဲ့ဝင်အချို့နဲ့ အစိုးရအမှုထမ်းအချို့ ဖမ်းဆီး ထိန်းသိမ်းခဲ့ပြန်တယ်။ မြန်မာ့နိုင်ငံရေးဟာ အချိုကျွေးလည်းမရ၊ အခါးတိုက်လည်း မကြိုက်ကြလို့ အချင်းချင်း (ပြည်ထောင်စု တိုင်းရင်းသား အချင်းချင်း) ကိုပဲ ရန်မူရန်ဘက် ပြန်ဖြစ်ခဲ့ကြရတယ်။ မုန်းတီးရေး နိုင်ငံရေး မူဝါဒတွေ မွေးထုတ် ကြတယ်။ ဖရိုဖရဲ ပြိုကွဲနေအောင် လှုံ့ဆော်ကြတယ်။ သူတစ်မင်း ငါတစ်မင်းနဲ့ ကွဲကြတယ်။ ယုတ်စွအဆုံး မညှာမတာကြဘဲ လုပ်ကြံသတ်ဖြတ်ကြတယ်။ ဒီအရေးကြောင့် အသက်ပေါင်း ဘယ်လောက်များ ကွယ်လွန်သေဆုံး ကြရပြီလဲ ဆိုတာကို ပြန်ပြီး ဆင်ခြင်သိနေပြီ မဟုတ်လား။ 

ပြည်သူပိုင်သိမ်းဆည်း 

လွတ်ငြိမ်းချမ်းသာခွင့် ကုန်ဆုံးကြောင်း မကြေညာခင်နှစ်က ၂၃-၁-၁၉၆၃ ခုနှစ် ပထမနှစ်မှာ ဆိုရှယ်လစ် စီးပွားရေးစီမံကိန်းတွေ ဆောင်ရွက်မယ် ဆိုပြီး ၂၃-၁-၁၉၆၃ ရက်နေ့မှာ ပုဂ္ဂလိကပိုင်၊ နိုင်ငံခြားသားပိုင်ဘဏ် ၃၁ ဘဏ်ကို ပြည်သူပိုင်အဖြစ် ပြုလုပ်ခဲ့တယ်။ အဲဒါတွေ မကသေးပါ။ ၁၉၆၃ ရက်နေ့မှာ ကြေးမုံသတင်းစာတိုက်၊ ၁၁-၉-၁၉၆၃ ရက်နေ့မှာ ဗိုလ်တစ်ထောင် သတင်းစာတိုက်၊ ဂါးဒီးယန်း သတင်းစာတိုက်၊ ဟံသာဝတီ သတင်းစာတိုက်နဲ့ မြန်မာ့အလင်း သတင်းစာတိုက်တွေကို ပြည်သူပိုင် သိမ်းဆည်းခဲ့ပြီး ၂၀-၉-၁၉၆၃ ရက်နေ့မှာတော့ စီးကရက် လုပ်ငန်းကုမ္ပဏီ ၇ ခုကိုလည်း ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့တယ်။ အဲဒါတွေ မကသေးပါ။ ၁-၄-၁၉၆၄ ရက်နေ့မှစပြီး ကိုယ်ပိုင် အထက်တန်းကျောင်း ၁၀၂ ကျောင်း၊ အလယ်တန်းကျောင်း ၂၇ ကျောင်း၊ ရေနံတွင်းလုပ်ငန်း အပါအဝင် ပုဂ္ဂလိကလုပ်ငန်းပေါင်း ၁၅၉၇၆ ခုကိုလည်း ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့တယ်။ ၁၉၆၂ ခုနှစ် မှ ၁၉၇ဝ ပြည့်နှစ်အထိ (၈ နှစ်အတွင်း) အရင်းရှင် စီးပွားရေးစနစ်ကို ဖျက်သိမ်းပစ်ပြီး ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ထူထောင်နိုင်ဖို့ အုပ်ချုပ်ရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ကြပေမယ့် အကြောက်တရား အောက်က ပါဝင်လုပ်ကိုင်ခဲ့ရ တာကြောင့် ဆိုရှယ်လစ်နိုင်ငံရေး (ဆိုရှယ်လစ် ဒီမိုကရေစီနိုင်ငံရေး) အတွက် အဘက်ဘက်မှ ဆုတ်ယုတ်နေတာကို အရေးမစိုက်ဘဲ ကဲနေကြတယ်။ 

ညီညွတ်ရေးဖျက်ဆီး 

ပြည်သူပိုင် သိမ်းဆည်းခဲ့တဲ့ လုပ်ငန်းကြောင့် တိုင်းပြည်ရဲ့ ဝင်ငွေဟာ နည်းပါးဆုတ်ယုတ်လာတဲ့အပြင် အစစအရာရာ အဆင်မပြေနိုင်စရာတွေ အများကြီးပါပဲ။ ခြိုးခြံချွေတာ စားသုံးကြရေး ဆိုတဲ့ စိတ်ဓာတ်နဲ့ မြန်မာ တစ်မျိုးသားလုံးရဲ့ ဘဝဟာ အခြိုးအခြံ လွန်ကျွံမှုကြောင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေ အမျိုးမျိုး ဆုတ်ယုတ်ပျက်စီး ခံခဲ့ရတယ်။ အမျိုးမျိုး အထွေထွေဖြစ်နေတဲ့ အချိန်မှာပဲ ၅-၇-၁၉၆၂ ရက်နေ့မှာ တက္ကသိုလ်ကျောင်း စည်းကမ်းသစ်တွေ ထုတ်ပြန်ရာကနေ ကျောင်းသားတွေက လှည့်လည်စီတန်း ဆန္ဒပြကြတယ်။ ကျောင်းသားတစ်ဦး ဒဏ်ရာရခဲ့တဲ့ ကိစ္စကစပြီး တက္ကသိုလ်နယ်မြေကို နေဝင်မီးငြိမ်း ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။ ကျောင်းသားတွေ ဆန္ဒပြမှုက မပြတ်စဲသေးဘဲ ၇-၇-၁၉၆၂ ရက်နေ့ (၇ ဇူလိုင်) မှာ ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျောင်းသားတွေ ကွယ်လွန်အနိစ္စ ရောက်သွားကြတယ်။ ဒဏ်ရာရကြတဲ့ သူတွေလည်း အများအပြားပါပဲ။ နောက်ပိတ်ဆုံး ကျောင်းသားတွေ စုဝေးနေတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ပါ ၈-၇-၁၉၆၂ ရက် နံနက် ၈ နာရီ အချိန်မှာ မိုင်းခွဲပြီး ဖျက်ဆီးခဲ့တယ်။ ဒီအပြုအမူဟာ ဆိုရှယ်လစ်ဝါဒရဲ့ လက်ချက်သက်သက် မဟုတ်ဘဲ အလွန်ယုတ်မာ ရက်စက်တတ်တဲ့သူတွေရဲ့ စိတ်ဓာတ်ပြယုဂ်ပါပဲ မဟုတ်လား။ 

လူမွဲပြောင် လူပြောင်မွဲ 

အဲဒီလိုအခြေအနေတွေကြောင့် တော်လှန်ရေးကောင်စီ အုပ်စုဟာ ပတ်သက်ကြသူ အချင်းချင်း သဘောထား ကွဲလွဲကြပြီး နုတ်ထွက်သွားကြတဲ့ ကိစ္စတွေလည်း ပေါ်ပေါက်ခဲ့တယ်။ ပြည်သူပိုင် ကိစ္စကြောင့် ငွေကြေးပိုင်ဆိုင်ကြတဲ့ သူတွေက ဘဏ်မှာ အပ်နှံထားတဲ့ ငွေတွေကို ပြန်ပြီးထုတ်ယူကြတယ်။ တစ်ရာတန်၊ ငါးဆယ်တန် ငွေတွေကို လက်ထဲမှာ သိမ်းဆည်း ထားကြတယ်။ လူသုံးကုန်ပစ္စည်းတွေကိုလည်း ဝယ်ယူ သိုလှောင်ထားကြတယ်။ ကုန်ဈေးနှုန်းက မတည်မငြိမ်ဘဲ ပြဿနာအမျိုးမျိုး ဖြစ်လာတယ်။ နိုင်ငံခြားကို ငွေတွေ ခိုးထုတ် ကြပြီး ဈေးကြီးပေးပြီးတော့ နိုင်ငံခြားငွေတွေကို ဝယ်ယူစုဆောင်း ထားကြတယ်။ ငွေကြေးတန်ဖိုးကျပြီး ကုန်ဈေးနှုန်း ကမောက်ကမ ဖြစ်လာတယ်။ ၁၇-၅-၁၉၆၃ ရက်နေ့မှာပဲ တစ်ရာတန်၊ ငါးဆယ်တန် ငွေတွေကို တရားဝင်ငွေအဖြစ်မှ ရပ်စဲကြောင်း တော်လှန်ရေးကောင်စီက ကြေညာခဲ့တယ် (ရုပ်သိမ်းခဲ့တယ်) ဆိုတဲ့ ဖြစ်စဉ်လည်း ဖြစ်ပေါ်ခဲ့ဖူးလို့ ပြည်သူတွေ အကြီးအကျယ် ဒုက္ခရောက်ခဲ့ တယ်။ အဲဒီဒုက္ခကို ကိုယ်ပိုင်ခံစားခဲ့ကြရတဲ့ အရှင်တို့ရဲ့ မိသားစုဟာ ခုချိန်ထိ လူမွဲပြောင် လူပြောင်မွဲပါပဲ။ (အသက် ၃ နှစ်သားအရွယ်) 

ဆန်ပြုတ်သောက်ပြီး ကျောင်းသွား 

လူမွဲပြောင် လူပြောင်မွဲရတဲ့ကြားက ၂၂-၆-၁၉၆၉ ရက်နေ့မှာ ရန်ကုန်မြို့၊ မောင်ခိုင်လမ်း၊ အစိုးရမူလတန်းကျောင်း အမှတ် (၃) မှ မြန်မာလူမျိုး မဟုတ်ကြတဲ့ ကျောင်းသူ ကျောင်းသားတွေက တရုတ်ပြည် ကွန်မြူနစ် ခေါင်းဆောင် မော်စီတုံးပုံ ရင်ထိုးတံဆိပ်ကို တင်ဆင်ထားကြလို့ တားမြစ်ရာကနေ တရုတ်-မြန်မာ အရေးအခင်းဆိုပြီးတော့ ဖြစ်လာတယ်။

အဲဒီအရေးအခင်းကြောင့် မြန်မာပြည်တစ်ပြည်လုံး ဆန်တွေ ပြတ်လပ်ပြီး ပြည်သူတွေ ဒုက္ခရောက်ကြတယ်။ ဒုတိယကျောင်းသားဘဝမို့ ဒီ အဖြစ်အပျက်ကို ကောင်းကောင်း မှတ်မိပါတယ်။ ဆန်တစ်ပြည်ကို ငါးကျပ် ပေးဝယ်ပြီးတောင်မှ ဆန်မရှိကြဘဲ ဆန် အစား အခြားသော သီးနှံတွေ စားသုံး ခဲ့ရတဲ့အပြင် ဆန်ပြုတ်သောက်ခဲ့ရတယ်။ ဆန်အစား အခြားသော အသီးအနှံနဲ့ စားသုံးခဲ့ရတယ်။ ဘာကြောင့် ဒီလိုဖြစ်ခဲ့ရသလဲဆိုတဲ့ မေးခွန်းတွေကို မိဘတွေကို မေးမြန်းခဲ့ကြပေမယ့် ထုတ်မပြော ရဲကြပါဘူး။ ဆန်ပြုတ်သောက်ပြီး ကျောင်းသွား (ကျောင်းတက်) ခဲ့ရတဲ့ဘဝကို ယနေ့ချိန်ထိ ရင်နာလို့ သတိရနေတုန်းပါပဲ။ (အသက် ၇ နှစ်၊ ဒုတိယ ကျောင်းသားဘဝ) 

တော်လှန်ရေးကောင်စီခေတ် စီးပွားရေး 

ဓနရှင် ပါလီမန်ခေတ်က ကျင့်သုံးခဲ့တဲ့ ဗျူရိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းပြီးတော့ ဆိုရှယ်လစ် ဒီမိုကရေစီအုပ်ချုပ်ရေး အခြေခံတွေကို တည်ဆောက်လာခဲ့တယ်။ ပါလီမန်အစိုးရအဖွဲ့၊ ပြည်ထောင်စုကောင်စီ၊ ရခိုင်၊ မွန်ရေးရာဝန်ကြီးဌာနတွေ အားလုံးကို ဖျက်သိမ်းလိုက်တယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက်ဆိုပြီး ကချင်၊ ကရင်၊ ကယား၊ ရှမ်းပြည်နယ်များနဲ့ ချင်းဝိသေသတိုင်းဦးစီးအဖွဲ့တွေ ဖွဲ့စည်းတယ်။ နိုင်ငံတော်လုံခြုံရေးနဲ့ အုပ်ချုပ်စီမံမှုတစ်ရပ်ကိုပါ ၁၉၆၂ ခုနှစ်၊ မတ်လမှာ အတည်ပြုပြဋ္ဌာန်းလိုက်တယ်။ တရားစီရင်ရေးနဲ့ ပတ်သက်လို့ အရင်က ရှိခဲ့တဲ့ … တရားလွှတ်တော်တွေကို ဖျက်သိမ်းပြီး နိုင်ငံတော်တရားရုံးချုပ် ဖွဲ့စည်းလိုက်တယ်။ 

ဥပဒေဟောင်းအချို့ကို ဖျက်သိမ်းပြီး အချို့ဥပဒေတွေကို ပြင်ဆင်လိုက်တယ်။ ဥပဒေအသစ်တွေလည်း ပြဋ္ဌာန်းခဲ့တယ်။ တရားစီရင်မှု စနစ်သစ်နဲ့ ပြည်သူ့ကိုယ်စားလှယ် ပါဝင်တဲ့ အထူးရာဇဝတ်ရုံးနဲ့ အယူခံ အဖွဲ့တွေကို ဖွဲ့စည်း လိုက်တယ်။ ဒါ့အပြင် ဒေသခံပြည်သူ့ တရားရုံးနဲ့ အယူခံအဖွဲ့တွေလည်း ဖွဲ့စည်းခဲ့တယ်။ ဖျန်ဖြေရေးကော်မတီရုံး၊ တပ်တွင်းပညာပေးသင်တန်း၊ ပြည်သူ့စစ်အဖွဲ့၊ ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း စတာတွေကို ၁၉၆၅ ခုနှစ်မှာ အပြီးတိုင် လေ့ကျင့် … ပေးခဲ့တယ်။ ၁၉၇၂ခုနှစ်၊ မတ်လမှာ အတွင်းဝန်ရုံးကို ဖျက်သိမ်းပြီး ဝန်ကြီးဌာနတွေ ပြုပြင်ဖွဲ့စည်းတယ်။ ၁၉၇၄ ခုနှစ်မှာ ပထမအကြိမ် ပြည်သူ့ လွှတ်တော်နဲ့ ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပခဲ့တယ်။ တော်လှန်ရေး ကောင်စီဥက္ကဋ္ဌ ဖြစ်သူက နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို အခြေခံဥပဒေနဲ့ အညီ ပြည်သူပြည်သားတွေကို မအပ်နှံဘဲ ပြည်သူ့ လွှတ်တော်ကို အပ်နှင်းခဲ့တယ်ဆိုပြီး ကြေညာခဲ့တယ်။ 

ပြည်သူကို အခြေခံတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့အတွက် ဘာဆိုဘာမှ မလုပ်ပေးနိုင်ကြဘဲ ပြည်သူ့ကောင်စီနောက်ကိုပဲ တကောက်ကောက် လိုက်ပါကြပြီး ဖြစ်နေကြတယ်။ အုပ်ချုပ်ရေးလုပ်ကိုင်တဲ့ ကောင်စီကြီးတွေဟာ လုပ်ချင်ရာလုပ်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ချမှတ်ကျင့်သုံးအပ်တဲ့ (နေတဲ့) မူတွေကို တလွဲတချော်နဲ့ စီမံအုပ်ချုပ် နေကြတယ်။ အထက်နဲ့အောက် ပင့်ကော် မြှောက်ဖားကြတာတွေနဲ့ပဲ တိုင်းပြည် အုပ်ချုပ်ရေးဟာ ဗျူရိုကရေစီ အုပ်ချုပ်ရေးထက် ဆိုးသွမ်းနေတယ်။ အသက် ၁၄ နှစ်သားအရွယ်လေးသာရှိတဲ့ အရှင်တို့ကိုတောင်မှ လမ်းစဉ်လူငယ်အဖွဲ့ထဲကို အတင်းဝင်ရောက်ခိုင်းတယ်။ အဲဒီ ခေတ်က- 

(၁) အသက် ၆-၁၀ ကို တေဇ လူငယ်အဖွဲ့၊
(၂) အသက် ၁၀-၁၅ ကို ရှေ့ဆောင်လူငယ်အဖွဲ့၊
(၃) အသက် ၁၅-၂၅ ကို လမ်းစဉ်လူငယ်အဖွဲ့

ဆိုပြီး သတ်မှတ်ထားကြတယ်။ မှတ်တမ်းအရ မြန်မာတစ်ပြည်လုံးမှာ မြို့နယ်လမ်းစဉ် လူငယ်စည်းရုံးရေးကော်မတီပေါင်း ၃၁၄ ဖွဲ့ ရှိခဲ့တယ်။ ခုတော့ လမ်းစဉ်လူငယ် တွေလည်း အချို့လူရည်လူလည်တွေ ဖြစ်ကြကုန်ပြီပေါ့။ 

တော်လှန်ရေးကောင်စီခေတ် စီးပွားရေး 

လူမှုစီးပွားရေး အောင်မြင်ဖို့ အောက်ခြေကစပြီးတော့ တော်လှန် ပြောင်းလဲခဲ့တယ်လို့ ဆိုပေမယ့် ဆိုရှယ်လစ်စီးပွားရေးဟာ ထင်သလို မအောင် မြင်ပါဘူး။ ပြည်သူပိုင် ပြုလုပ်ပြီး ပြည်သူပိုင် စီးပွားရေးတွေကို လုပ်ကိုင်ခဲ့ပေမယ့် ကျယ်ကျယ်ပြန့်ပြန့် မလုပ်ကိုင်နိုင်ပါဘူး။ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင်နေတဲ့ ဘီအီးစီလီမီတက်၊ ဘားမား ကော်ပိုရေးရှင်းလီမိတက် စတဲ့ ရေနံ နဲ့ သတ္တုတွင်းလုပ်ငန်းတွေကိုလည်း အပြီးအပိုင်ဝယ်ယူလိုက်တယ်။ ဘဏ် လုပ်ငန်း၊ စက်ရုံအလုပ်ရုံ လုပ်ငန်းတွေ ပြည်သူပိုင် အပြီးပိုင်သိမ်းဆည်းတယ်။ ပုဂ္ဂလိကနဲ့ သက်ဆိုင်တဲ့ သွင်းကုန်ထုတ်ကုန် လိုင်စင်လုပ်ငန်းတွေ၊ အေဂျင်စီ လုပ်ငန်းတွေ၊ အထွေထွေကုန်ပစ္စည်း ရောင်းဝယ်တဲ့ လုပ်ငန်းတွေ၊ ပွဲရုံတွေ၊ စတိုးဆိုင်ကြီးတွေကအစ အကုန်လုံး ပြည်သူပိုင်လုပ်ခဲ့တယ်။ ဒီထက်ပိုဆိုး တာက တိုင်းရင်းသား အရင်းရှင်ကြီးတွေ ပိုင်ဆိုင်တဲ့ ငွေလုံးငွေရင်းတွေကို ချေဖျက်ဖို့ဆိုပြီး ကျပ်တစ်ရာတန်၊ ကျပ်ငါးဆယ်တန် ငွေတွေကို တရားဝင်ရပ်စဲ ဖြစ်ကြောင်း ကြေညာခဲ့တယ်။ 

နိုင်ငံခြားသုံးငွေနဲ့ ပတ်သက်လို့ နိုင်ငံတော် အကျိုးအတွက်ဆိုပြီး လွတ်လပ်စွာ လုပ်ကိုင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်နည်းအားဖြင့် ဆိုရှယ်လစ်စီးပွားရေး စီမံကိန်းအတွက် ရည်ရွယ်ချက်နဲ့ ၁၉၆၅ ခုနှစ်မှာ ကုန်သွယ်ရေးကောင်စီကို ဖွဲ့စည်းလိုက်တယ်။ ၁၉၆၆ ခုနှစ်မှာတော့ ပေါင်စတာလင်ငွေကြေးအဖွဲ့ဝင်အဖြစ်မှ အပြီးအပိုင် နုတ်ထွက်လိုက်တယ်။ မြန်မာတစ်ပြည်လုံး ကုန်သွယ်ရေး ကော်ပိုရေးရှင်းပေါင်း ၂၂ ခု ဖွဲ့စည်းလိုက်တယ်။ လုပ်ငန်းအမျိုးမျိုး သမဝါယမ အသင်းဆိုင်တွေဖွင့်ပြီး ကုန်သွယ်ရေး ပစ္စည်းတွေ ရောင်းချပေးတယ်။ ကုန်သွယ်ရေး အမိန့်စာတွေ ထုတ်ပြီး ကင်းလွတ်ကုန်ပစ္စည်းတွေကို သမဝါယမနဲ့ ပုဂ္ဂလိကကုန်သည်တွေကို ရောင်းချခွင့်ပြုတယ်။ 

ပြီးတော့ မြန်မာ့သွင်းကုန်ထုတ်ကုန် ကော်ပိုရေးရှင်းအဖွဲ့တွေ ဖွဲ့ပြီး သွင်းကုန်တွေကို စိစစ်တင်သွင်းတယ်။ ကုန်းလမ်း ရေလမ်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်တယ်။ ပင်လယ်ရေကြောင်း လုပ်ငန်းတွေကိုလည်း ပြည်သူပိုင်လုပ်ပြီး အစိုးရအဖွဲ့ ကိုယ်တိုင်ကပဲ လုပ်ကိုင်တယ်။ လေကြောင်းလုပ်ငန်းနဲ့ ပတ်သက်လို့ အရင်းအနှီးများလို့ တိုးချဲ့လုပ်ငန်း (လုပ်ငန်းတိုးချဲ့) မနိုင်ပါဘူး။ ၁၉၇ဝ ပြည့်နှစ်မှာ သမဝါယမ စီမံကိန်းပြဋ္ဌာန်းတယ်။ သမဝါယမ အသင်းတွေကို ကျေးရွာသမဝါယမ အသင်းတွေကနေ စတင်အကောင်အထည် ဖော်ဆောင်နေတာကို တွေ့ရတယ်။ အဲဒီခေတ်က သမဝါယမ အမှုဆောင်တွေက နည်းပေါင်းစုံနဲ့ ခိုးဝှက် နေတာကို တွေ့ရတယ်။ နိုင်ငံတော်က ရောင်းချခွင့်ပြုတဲ့ ကုန်ပစ္စည်းတွေကို အလေးခိုး (အချိန်ခိုး) ခိုးလို့ရတဲ့အတတ် ပညာတွေ အကုန်လုံး တတ်သွားကြတယ်။ 

နောက်ပြီးတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ ပတ်သက်လို့ သီးစားစနစ်ကို ဖျက်သိမ်းလိုက်တယ်။ မြေယာချထားရေး ဥပဒေနဲ့ လယ်လုပ်သူ လယ်ပိုင်ရေး၊ မြေယာတွေချပေးတယ်။ ကျေးရွာအုပ်စု မြေယာကော်မတီတွေ ဖွဲ့ထားပြီး အကြီးအကျယ် မြေယာကိစ္စ ဖြေရှင်းကြရတယ်။ ဒီခေတ်နဲ့ မထူးပါဘူး။ လက်မှုလယ်ယာကနေ တစ်ဆင့် စက်မှုလယ်ယာအဖြစ် ကူးပြောင်းရေးအတွက် ကြိုးစားကြတယ်။ ရေရရှိရေးနဲ့ ရေဘေး ကာကွယ်ရေးအတွက် ဆည်မြောင်း စီမံကိန်းတွေ တိုးချဲ့ဆောင်ရွက်တယ်။ ၁၉၆၄ ခုနှစ်မှာ ဆိုရှယ်လစ်စီးပွားရေး စနစ် တည်ဆောက်မှုကို ကာကွယ်တဲ့ ဥပဒေ ပြဋ္ဌာန်းပေးခဲ့တဲ့ အချိန်ကစပြီး ၁၉၇၇ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ အနှစ် ၂ဝ စီးပွားရေးစီမံကိန်း ချမှတ်ခဲ့တယ်။ ပြည်သူပိုင်၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင် စီးပွားရေးကဏ္ဍမှာ သတ်မှတ်ထား တာကြောင့် နောက်ပိတ်ဆုံး ဆင်းရဲသော တိုင်းပြည်ကြီးတစ်ပြည်ဖြစ်ခဲ့ (ဖြစ်လာခဲ့) ရတယ်ဆိုတဲ့ သာဓက အထင်အရှားပါပဲလေ။ 

၂၀၂၁ ခု၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များဥပဒေအရ အရေးပေါ်အခြေအနေ ကြေညာခံလိုက်ရပြီး ဒုတိယတစ်ကျော့ပြန် အိမ်စောင့်အစိုးရတစ်ခေတ် ပြန်ရောက်ပြန်ပါတယ်။ ပြည်သူတွေကတော့ အိမ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား၊ အိမ်စောင့်အစိုးရလားဆိုပြီးတော့ ဝေဖန်ပြောဆိုကြပြီပေါ့ …

တော်လှန်ရေးကောင်စီခေတ် လူမှုရေး 

အဲဒီခေတ်က လူမှုရေးအကြောင်းနဲ့ ပတ်သက်လို့ ပြောပြချင်ပါသေးတယ်။ ပြည်သူ့ ကျန်းမာရေးအတွက် အနာကြီးရောဂါ၊ ကာလသားရောဂါ၊ မျက်ခမ်းစပ်ရောဂါ၊ အဆုတ်ရောဂါ၊ လည်ပင်းကြီးရောဂါနဲ့ ဆင်ခြေထောက်ရောဂါ တိုက်ဖျက်ရေးစီမံကိန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်ခဲ့ပါတယ်။ အထူးကုဆေးရုံကြီးတွေ တိုးချဲ့ဖွင့်လှစ်ပေးခဲ့တယ်။ တိုင်းရင်းဆေးပညာကျောင်း၊ ဆေးရုံနဲ့ ဆေးပေးခန်းတွေ ဖွင့်လှစ်ပေးခဲ့တယ်။ တစ်နိုင်ငံလုံးမှာ ကျန်းမာရေး ကွာဟမှုအတွက် ကျေးလက် ကျန်းမာရေး ဌာနခွဲတွေ၊ တိုက်နယ်ဆေးရုံတွေ တိုးချဲ့ဖွင့်လှစ်ပေးတယ်။ ဆေးဝါးထုတ်လုပ်ရေး စက်ရုံတွေ တိုးချဲ့ပြီး မူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး စီမံကိန်းတွေလည်း စီမံဆောင်ရွက် ပေးခဲ့တာတွေ မြင်တွေ့ရတယ်။ 

အားကစားနဲ့ ပတ်သက်လို့ လူထု လှုပ်ရှားမှုအသွင် (ပုံစံ) အဖြစ် အကောင်အထည် ဖော်ဆောင်ပေးတယ်။ အားကစားနည်း အလိုက် အဆင့်မြင့်မား နေအောင် မြှင့်တင်ဆောင်ရွက်ပေးတဲ့ အပြင် လူမှုဝန်ထမ်းဌာနတွေကိုလည်း တိုးချဲ့ ဖွင့်လှစ်ပေးခဲ့တယ်။ ပညာရေးနဲ့ ပတ်သက်လို့ ၁၉၆၄ ခုနှစ်ကစပြီး တက္ကသိုလ် ပညာရေးစနစ်ကို မူဝါဒအသစ် ချမှတ်ပြီး ဘက်စုံပညာ လုပ်သားကောင်းဖြစ်အောင် တစ်နည်းအားဖြင့် ဆိုရှယ်လစ်စနစ်ကို တည်ဆောက် ကာကွယ်နိုင်မယ့် ဘက်စုံတတ် လုပ်သားကောင်းကြီး ဖြစ်အောင် ကြိုးစားခဲ့တယ်။ (အကောင်အထည် ဖော်ခဲ့တယ်) ၁၉၆ရ ခုနှစ်ကစပြီး အခြေခံပညာရေးစနစ်ကိုလည်း ပြောင်းလဲ ပြုပြင်ခဲ့တယ်။ ပြီးတော့ စက်မှု၊ စိုက်ပျိုး အသက်မွေးဝမ်းကျောင်းပညာ သင်ကျောင်းတွေကိုလည်း ဖွင့်လှစ်ပေးခဲ့တယ်။ 

အထက်တန်း၊ အလယ်တန်း၊ အခြေခံပညာရေးကျောင်းတွေလည်း ဖွင့်လှစ်ပေးခဲ့ပြီး ၁၉၆၃-၆၄ ခုနှစ် ပညာသင်နှစ်ကစပြီး လူရည်ချွန်စီမံကိန်း ဖော်ဆောင်တယ်။ ၁၉၆၄ ခုနှစ် ငပလီ လူရည်ချွန်စခန်း ပထမဦးဆုံးအကြိမ် ဖွင့်လှစ်ခဲ့တယ်။ ၁၉၆၄ ခုနှစ်မှ ၁၉၇ဝ ပြည့်နှစ်အထိ ပညာရေး နှီးနှောဖလှယ်ပွဲ ၁၁ ကြိမ် ကျင်းပပေးခဲ့တယ်။ မြန်မာစာ ကော်မရှင်နဲ့ မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့တွေကို ဖွဲ့စည်းနိုင်ခဲ့တယ်။ စေတနာညကျောင်း၊ အသုံးလုံး ကျောင်းသင်တန်း၊ တက္ကသိုလ်ညနေ သင်တန်း၊ တက္ကသိုလ်စာပေးစာယူ သင်တန်းတွေနဲ့ ရန်ကုန်မြို့မှာ လုပ်သားများ ကောလိပ်ကျောင်းတွေ ဖွင့်လှစ် သင်ကြားပေးခဲ့တယ်။ မြန်မာနိုင်ငံစာ တတ်မြောက်ရေး ဗဟိုကော်မတီက ဦးဆောင်ဦးရွက်လုပ်ပြီး တစ်နိုင်ငံလုံး အတွက် စာတတ်မြောက်ရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့တယ်။ တက္ကသိုလ်၊ ကောလိပ် သိပ္ပံနဲ့ ကျောင်းတွေက ကျောင်းသား ကျောင်းသူတွေ ပညာရေးလုပ်အားဒါန ပြုပေးကြလို့ တစ်နိုင်ငံလုံးနီးပါးစာတတ် မြောက်ရေးအောင်ပွဲကြီး ကျင်းပနိုင်ခဲ့ ကြတယ်။ စာမတတ်သူ ပပျောက်ရေး လုပ်ငန်းမှာ အတက်ကြွဆုံး၊ အအောင်မြင်ဆုံး လှုပ်ရှားခဲ့တဲ့ တိုင်းပြည်နိုင်ငံ အဖြစ် ယူနက်စကို အဖွဲ့ပေးတဲ့ဆုကို ၈-၉-၁၉၇၀ ပြည့်နှစ်မှာ တစ်ကြိမ်၊ နိုမာဆုကို ၈-၉-၁၉၈၃ ခုနှစ်မှာ တစ်ကြိမ် ပညာရေးဆုချီးမြှင့်ခြင်းခံရတယ်။ ခေတ်အဆက်ဆက် ပညာရေးအတွက် အသုံးစရိတ် တိုးမြှင့်သုံးစွဲထားတာကြောင့် ယနေ့တိုင် မြန်မာ့ပညာရေးဟာ မယိုင်မလဲ ခိုင်မြဲနေပါသေးတယ်လေ။ 

တော်လှန်ရေးကောင်စီခေတ် ယဉ်ကျေးမှု 

မြန်မာ့လူမှုဘဝ အထွတ်အထိပ် ရောက်ဖို့ ရည်ရွယ်တဲ့အနေနဲ့ ပါတီ ရေးရာစာစောင်၊ နိုင်ငံတကာရေးရာ သတင်းစဉ်၊ စီးပွားရေးစာစောင်၊ လမ်းစဉ် သတင်းဂျာနယ်၊ တောင်သူ လယ်သမား ဂျာနယ်၊ လုပ်သားဂျာနယ်၊ တက္ကသိုလ်ပညာ ပဒေသာစာစောင်၊ သုတေသနစာစောင်၊ ရွှေသွေးဂျာနယ် နဲ့ မိုးသောက်ပန်းစာစောင်တွေကို ထုတ်ဝေခဲ့တယ်။ စာပေဗိမာန်အဖွဲ့က ကြီးကြပ်အားထုတ် ဆောင်ရွက်ပြီး စာပေ နှီးနှောဖလှယ်ပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့တယ်။ စာပေ ပညာရပ် ထွန်းကားဖို့အတွက် ၁၉၆၂ ခုနှစ်ကစပြီး အမျိုးသားစာပေဆုကို လည်း နှစ်စဉ်နှစ်တိုင်း ချီးမြှင့်ပေးခဲ့တယ်။

ရုပ်ရှင်အတွက် အကယ်ဒမီဆုကို နှစ်စဉ် ပေးခဲ့ပေမယ့် သဘင်အနုပညာဆုကိုတော့ မချီးမြှောက်နိုင်ခဲ့ပါဘူး။ တိုင်းရင်းသားလူမျိုးနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှု ထုံးတမ်းဓလေ့တွေကိုလည်း မဖော်ထုတ်ပေးနိုင်တဲ့အပြင် တိုင်းရင်းသားရိုးရာ ဓလေ့ထုံးတမ်း ပပျောက်ရေးအတွက် နိုင်ငံရေးအကွက်နဲ့ ဘာသာရေးလှည့်ကွက်နဲ့ ပြုလုပ်ခဲ့တာတွေ တွေ့ရတယ်။ ကုန်ကုန်ပြောရရင် တော်လှန်ရေး ကောင်စီခေတ်နဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ခေတ်လုံးမှာ တိုင်းရင်းသားတွေကို ကိုယ်ပိုင်အခွင့်အရေး အားလုံးကို ဖျက်ဆီးပစ်တာပါပဲ။ 

နိဂုံး 

၄-၁-၁၉၄၈ ခုနှစ်၊ နံနက် ၄း၂ဝ နာရီ မြန်မာနိုင်ငံတော် လွတ်လပ်သည့် အချိန်ကစပြီး ယနေ့ ၂၀-၁၁-၂၀၂၁ ရက်နေ့ နံနက် ၄း၃၇ နာရီအထိ နှစ်ပေါင်း (၇၃)နှစ် အတွင်း မြန်မာ့နိုင်ငံရေး အရွေ့၊ အလှည့်အပြောင်း၊ အပြောင်းအလဲ၊ အဖြစ်အပျက်တွေ အားလုံးဟာ နိုင်ငံရေးတရားခံအစစ်က ဘယ်သူတွေ၊ ဘယ်ပုဂ္ဂိုလ်တွေက စတင်လိုက်ကြသလဲ ဆိုတာ တိုင်းပြည်ရဲ့ ဖြစ်ပျက်ပုံ အခြေအနေကို လေ့လာကြည့်ရင် မြင်နိုင်ပါတယ်။ တိုင်းရင်းသားတွေရဲ့ ပြဿနာအစဟာ ၁၉၄၇ ခုနှစ်၊ မေလ ၁၉ ရက် နေ့မှ ၂၃ ရက်နေ့အထိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့ ဖဆပလအဖွဲ့ချုပ်ကြီး ရဲ့ ပထမအဆင့် ပဏာမပြင်ဆင်မှု ညီလာခံကနေ စတင်ခဲ့ပါတယ် ဆိုတာကို တိုင်းရင်းသားတွေ အသိဆုံးပါပဲ။ 

လူမျိုးကြီး၊ လူနည်းစုနဲ့ ပတ်သက်တဲ့ စကားတွေအမျိုးမျိုးကြားရတဲ့ တိုင်းရင်းသားတွေဟာ မူလရည်ရွယ်ထားကြတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် စိတ်ပျက်သွားကြပါတယ်။ လူနည်းစု တိုင်းရင်းသားတွေအတွက် အမျိုးသား ပြည်ထောင်စုကြီး ဖွဲ့စည်းဖို့ အဆိုပြုထားကြပေမယ့် စစ်မှန်တဲ့ အခွင့်အရေးတွေ မပေးနိုင်ဘူးဆိုပြီးတော့ အသေအပေါက် ငြင်းဆိုခံခဲ့ကြရတယ်။ နောက်ပိတ်ဆုံး အမျိုးသားပြည်ထောင်စုမဟုတ်သော ပြည်ထောင်စုကို လူနည်းစု တိုင်းရင်းသားတွေက ဘာမှ အကျိုးကောင်းရပိုင်ခွင့် မရှိတော့ဘူးဆိုတာကို သိကြတဲ့အခါ ဖဆပလအဖွဲ့ချုပ်အပေါ်မှာ ယုံမှား သံသယတွေ စဖြစ်လာခဲ့တဲ့ အချိန်ကစပြီး ခေတ်အဆက်ဆက် အာဏာရ တက်လာတဲ့ ပါတီအဖွဲ့အစည်းအားလုံးနဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့အပေါ်မှာ ယနေ့ယခုအချိန်တိုင် သံသယ သံသရာ ရှိနေကြဆဲပါပဲ။ 

၃၁-၈-၁၉၅၈ ရက်နေ့ သန့်ရှင်း ဖဆပလညီလာခံ ကျင်းပပြီးတဲ့နောက် ၂၆-၉-၁၉၅၈ ရက်နေ့မှာ နိုင်ငံရေး အာဏာမမြဲတော့တဲ့ ဖဆပလဦးဆောင်သူ ပုဂ္ဂိုလ်က တပ်မတော်ဦးဆောင်သူ ပုဂ္ဂိုလ်ထံကို စာတစ်စောင်ပို့ခဲ့တဲ့အချိန် ကစပြီး ၂၈-၁၀-၁၉၉၈ ခုနှစ်၊ ဒုတိယ အကြိမ်၊ ပါလီမန်လွှတ်တော်အစည်း အဝေးမှာ ဝန်ကြီးချုပ်ဖြစ်သူ ကိုယ်တိုင်က တပ်မတော်ဦးဆောင်သူအား “အိမ်စောင့်အစိုးရ” ဖွဲ့စည်းနိုင်ရေးအတွက် ဝန်ကြီးချုပ်ရာထူး အပ်နှင်းဖို့ အဆိုပြု တင်ပြလို့ လွှတ်တော်က သဘောတူ လက်ခံခဲ့တယ်။ နိုင်ငံရေးအာဏာကို စစ်တပ်က အုပ်ချုပ်ဖို့ စတင်ကျင့်သုံးခဲ့တဲ့ တရားခံအစိုးရက ဘယ်အစိုးရ ဖြစ်တယ်ဆိုတာကို လယ်ပြင်မှာ ဆင်သွားသလိုပဲ မြင်တွေ့ရတော့တယ် မဟုတ်လား။ 

အိမ်စောင့်အစိုးရလက်ထက်မှာ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ၊ သုဝဏ္ဏမြို့သစ်တွေ တည်တယ်။ ၁၃-၂-၁၉၅၉ ရက်နေ့မှာ အခြေခံဥပဒေအရ အာဏာထိန်း အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်က နုတ်ထွက်စာ တင်တယ်။ ၂၈-၂-၁၉၅၉ ရက်နေ့ မှာ ဝန်ကြီးချုပ်ရာထူး ပြန်ခန့်တယ်။ အနယ်နယ် အရပ်ရပ်မှာ ကြံ့ခိုင်ရေး အသင်းဖွဲ့တယ်။ ၂၇-၄-၁၉၅၉ ရက် နေ့မှာ ရှမ်းစော်ဘွားတွေ အာဏာစွန့်ကြောင်း လက်မှတ်ရေးထိုးစေတယ်။ ၂၉၊ ၃၀၊ ၃၁ အောက်တိုဘာ ၁၉၅၉ ရက်နေ့မှာ မင်္ဂလာဒုံအမှတ် (၁) လေ့ကျင့်ရေး တပ်မတော်ခန်းမမှာ ပြည်လုံးကျွတ် ကြံ့ခိုင်ရေးအသင်းတွေ ညီလာခံကျင်းပ ကြတယ်။ ၈-၁-၁၉၆ဝ ပြည့် ရက်စွဲနဲ့ ဦးကောင်းလက်မှတ်ပါတဲ့ ဒေါင်းတံဆိပ် တစ်ရာတန်တဲ့ငွေကို တရားဝင်ရပ်စဲပြီး ဦးစံလင်းလက်မှတ်ပါ တစ်ရာတန်ငွေကို ဆက်လက် သုံးစွဲခွင့်ပြုခဲ့တယ်။ 

အိမ်စောင့်အစိုးရပြီးသွားလို့ ပြည်ထောင်စုအစိုးရ (၁၉၆ဝ-၁၉၆၂) လက်ထက်မှာ သန့်ရှင်းဖဆပလက ရွေးကောက်ပွဲမှာနိုင်လို့ ပြည်ထောင်စုပါတီ၊ ပြည်ထောင်စုအစိုးရဆိုပြီး ပြောင်းလဲခေါ်တယ်။ အိမ်စောင့်အစိုးရကို နမူနာ ယူတယ်။ ဝန်ကြီးချုပ်ဖြစ်လာသူက ယခင်မဲဆွယ်ပွဲမှာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းပေးမယ်ဆိုပြီး ကတိတွေပေးတယ်။ သခင်၊ ဗိုလ်၊ ဦးအုပ်စု ကွဲကြတယ်။ ၁၉၆၁ ခုနှစ် ဇူလိုင်လမှာ ရှမ်းပဒေသရာဇ် ခေါင်းဆောင် စဝ်ရွှေသိုက်နဲ့ စဝ်ခွန်ချိုတို့က တောင်ကြီးမြို့မှာ တိုင်းရင်းသားကိုယ် စားလှယ်တွေပါဝင်တဲ့ ပြည်ထောင်စု ခွဲထွက်ရေး (Federal) မူကို တင်ပြ တောင်းဆိုတယ်။ ပြည်နယ်အသီးသီး ခွဲဝေပေးရေး တင်ပြကြတယ်။ အစိုးရက နှုတ်ပိတ်နေတယ်။ ၁-၃-၁၉၆၂ ရက် နေ့မှာ ဖက်ဒရယ်မူစဉ်းစားပေးဖို့ နှီးနှော ဖလှယ်ပွဲ ကျင်းပတယ်။

ရှမ်းစော်ဘွားများက ဖက်ဒရယ်မူမရရင် ပြည်ထောင်စုကနေ ခွဲထွက်မယ်လို့ အတိအလင်း ကြေညာလိုက်ပြီးတဲ့ နောက်တစ်နေ့ ၂-၃-၁၉၆၂ ရက်နေ့ နံနက် ၈း၅ဝ နာရီအချိန်မှာ အသံလွှင့်ရုံ (မြန်မာ့အသံ) မှ “ယိုယွင်းလာသော နိုင်ငံတော်၏ အခြေအနေကို ထိန်းသိမ်းရန် တပ်မတော်က တာဝန်ယူလိုက်ပြီဖြစ်ကြောင်း” ပြည်သူသို့ ကြေညာလိုက်တဲ့အချိန်က စပြီး နိုင်ငံရေးအာဏာဟာ စစ်ဝါဒီနိုင်ငံရေး လက်ထဲမှာချည်းပဲ ရောက်ခဲ့ရတယ်။ ကုန်ကုန် (အကုန်)ပြောရရင် စစ်ဝါဒီအမွေ ဆက်ခံသူတွေရဲ့လက်ထဲမှာပဲ နိုင်ငံရေးအာဏာ သံသရာလည်နေရတော့တယ်။ 

တော်လှန်ရေးကောင်စီ အစိုးရခေတ် (၁၉၆၂-၁၉၇၄)၊ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် အစိုးရခေတ် (၁၉၇၄-၁၉၈၈) ခေတ် အဆက်ဆက်သော အစိုးရတွေရဲ့ လှည့်ကွက်၊ စားကွက်၊ လုပ်ကွက်အမှားတွေ ကြောင့် ၁၆-၉-၁၉၈၈ ရက်နေ့မှာ နိုင်ငံရေးပါတီနဲ့ မပတ်သက်လိုတဲ့ တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့၊ ဝန်ထမ်းတွေ အားလုံး လမ်းစဉ်ပါတီကနေ နုတ်ထွက် ကြပြီး ၁၈-၉-၁၉၈၈ ရက်နေ့မှာ ဖြစ်ပျက်လာသော နိုင်ငံတော်ရဲ့အခြေအနေ အရပ်ရပ်ကို တပ်မတော်က တာဝန်ယူ ထိန်းသိမ်းလိုက်ကြောင်း ၁/၈၈ ဖြင့် ကြေညာ၍ နိုင်ငံတော်အာဏာကို ထိန်းသိမ်း စောင့်ရှောက်ခဲ့ပြန်တယ်။ 

၃ဝ-၃-၂ဝ၁၁ ရက်နေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ခေတ် ရောက်လာခဲ့ပေမယ့် စစ်ဝါဒီတွေရဲ့ စက်ကွင်းတွေက မလွတ်ထွက်နိုင်ကြသေးဘဲ ဒီမိုကရေစီနိုင်ငံရေးခေါင်းစဉ်နဲ့ အကြီးအကျယ် လှည့်ကွက်တွေ မြင်တွေ့ရတယ်။

၈-၂-၂ဝ၁၆ ရက်နေ့မှာ ဒုတိယအကြိမ် အစိုးရအဖွဲ့အစည်းဖြစ် လာခဲ့ကြပေမယ့် ပြည်ထောင်စုအမျိုးသား ဖက်ဒရယ်နိုင်ငံရေး သို့မဟုတ် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံရေးစနစ် မဖော်ဆောင်ပေးနိုင်ကြဘဲ ၂ဝ၂၁ ခု၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ဥပဒေအရ အရေးပေါ် အခြေအနေ ကြေညာခံလိုက်ရပြီး ဒုတိယ တစ်ကျော့ပြန် အိမ်စောင့်အစိုးရ တစ်ခေတ် ပြန်ရောက်ပြန်ပါတယ်။ 

ပြည်သူတွေကတော့ အိပ်စောင့် အစိုးရလား၊ အိတ်စောင့် အစိုးရလား၊ အိမ်စောင့် အစိုးရလားဆိုပြီးတော့ ဝေဖန်ပြောဆိုကြပြီပေါ့ ပြည်သူတို့ရယ်။ စာရှုသူများ ကျန်းမာချမ်းသာကြပါစေ။ 

အဲးခိုး 
၂၁-၁၀-၂၀၂၁ ရက်နေ့ 
AM; (၅း၁၅) နာရီ ပြီး။

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၅) – မဟာပညာ (mahar.asia)

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၄) – မဟာပညာ (mahar.asia)

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၃) – မဟာပညာ (mahar.asia)

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၂) – မဟာပညာ (mahar.asia)

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၁) – မဟာပညာ (mahar.asia)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး
သတင်းစုံဖတ်ရှု့ရန်