Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၅)

အဲးခိုး

အတွဲ(၁၁)၊ အမှတ်(၄၂)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ ပြာသိုလပြည့်ကျော် ၈၊ ၁၃-၁-၂၀၂၃၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

၁၉၆၂ … “မလွှဲမရှောင်သာဘဲ ယိုယွင်းနေသော တိုင်းပြည်အခြေအနေကို ထိန်းသိမ်းပြီး အာဏာသိမ်းယူရခြင်း ဖြစ်ကြောင်း” ဆိုပြီး ရှင်းပြခဲ့တယ်။ ပြည်သူလူထုကတော့ ဒီကိစ္စအတွက်ကို “အာဏာသိမ်းမှုကြီး” လို့ပဲ သတ်မှတ်ကြတယ် …

(ယခင်တစ်ပတ်မှအဆက်)

  • ၁-၈-၁၉၄၈ ခုနှစ်တွင် ဗမာ့သေနတ် ကိုင်တပ်ရင်း(၃) တောခိုသည်။ 
  • ၃၁-၈-၁၉၅၈ ခုနှစ်တွင် သန့်ရှင်းဖဆပလ ညီလာခံကျင်းပသည်။  
  • ၂၆-၉-၁၉၅၈ ခုနှစ်တွင် ဦးနုက ဗိုလ်ချုပ်နေဝင်းထံကို စာတစ်စောင်ပို့ သည်။
  • ၂၈-၁၀-၁၉၅၈ ခုနှစ် ဒုတိယ အကြိမ် ပါလီမန်လွှတ်တော်အစည်း အဝေး ကျင်းပသည်။ ဦးနုက ဗိုလ်ချုပ်နေဝင်းအား ‘အိမ်စောင့်အစိုးရ’ ဖွဲ့နိုင် ရေးအတွက် ဝန်ကြီးချုပ်ရာထူးအပ်နှင်းရန် အဆိုပြုတင်ပြရာ လွှတ်တော်က သဘောတူလက်ခံသည်ဆိုတဲ့ သမိုင်းစာမျက်နှာအချို့မှာ နိုင်ငံရေးတရားခံပြတဲ့အကြောင်းအရာတွေ တွေ့ခဲ့ရပါတယ်။ 

ပထမအိမ်စောင့်အစိုးရ 

ယိမ်းယိုင်လာတဲ့ နိုင်ငံရေးအခြေအနေကို ကြည့်ပြီး ထိန်းသိမ်းထားဖို့ ဦးနုက စစ်တပ်မှာရှိတဲ့ ဗိုလ်ချုပ်နေဝင်းကို အကူအညီတောင်းခဲ့တယ်။ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ မှာ ပါလီမန်အထူး အစည်းအဝေးခေါ်ယူပြီး ဗိုလ်ချုပ်နေဝင်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တယ်။ နိုင်ငံရေးလောကသားထဲကမဟုတ်တဲ့ ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ် ၁၄ ဦးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ အိမ်စောင့်အစိုးရဖွဲ့တယ်။ လုပ်ငန်းစဉ်အနေနဲ့ လေးရပ် ချမှတ်ခဲ့တယ်။ 

(၁) တရားဥပဒေစိုးမိုးရေး ငြိမ်ဝပ်ပိပြားရေး၊ 

(၂) အခြေအနေကောင်းလျှင် ခြောက်လအတွင်း လွတ်လပ်တရားမျှတ သော ပါလီမန်ရွေးကောက်ပွဲ ကျင်းပပေးရေး၊ 

(၃) လူထုနေထိုင်စားသောက်မှုစရိတ် လျှော့ချပေးရေးနဲ့

(၄) နိုင်ငံတွင် ပျက်ပြားနေသော စီးပွားရေးကို ပြန်လည်ပြုပြင်ရေးတွေ ပါပဲ။ 

ပြောင်းလဲမှုအခြေအနေ 

အိမ်စောင့်အစိုးရ(ပထမ)တက်လာလို့ မကြာပါ။ ချမှတ်ထားတဲ့လုပ်ငန်းစဉ် လေးရပ်ထဲက အမှတ်(၁)လုပ်ငန်းစဉ်ဟာ အောင်မြင်ပါတယ်။ အရင်ကပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း ရုပ်သိမ်းလိုက်တယ်။ သောင်းကျန်းသူတွေကိုတော့ ဆက်တိုက်ပဲ နှိမ်နင်းတယ်။ စိတ်ဓာတ်စစ်ဆင်ရေးကို ပူးတွဲဆောင်ရွက်လို့လည်း ပိုပြီးတော့ အောင်မြင်တယ်။ သောင်းကျန်းသူတွေ ထောင်ကျော်မျှ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာတယ်။ ၁၉၅၈ ခုနှစ်၊ နိုဝင်ဘာလမှာ လုံခြုံရေးကောင်စီတွေ အဆင့်ဆင့်ဖွဲ့စည်းပြီး အကောင်အထည်ဖော် လုပ်ကိုင်တယ်။ စားဝတ်နေရေးအတွက် ကုန်ဈေးနှုန်းထား ကန့်သတ်ပေးလိုက်လို့ ကုန်ဈေးနှုန်းတွေ ကျဆင်းလာတယ်။

အုပ်ချုပ်ရေးအပြောင်းအလဲ 

ပြီးတော့ ရှမ်းပြည်နယ်အုပ်ချုပ်နေကြတဲ့ ရှမ်းပြည်နယ် စော်ဘွားတွေ ကိုလည်း ပဒေသရာဇ်စနစ်အုပ်ချုပ်ရေးကို ၁၉၅၉ ခုနှစ်၊ ဧပြီလမှာ အာဏာစွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုးစေတယ်။ ပြည်ထောင်စု ပြည်မကြီးနဲ့အတူ ဖွဲ့စည်းအုပ်ချုပ်စေတယ်။ ကရင်၊ ကယား၊ ချင်းပြည်နယ်တွေအတွက် ပြည်နယ်ဆိုင်ရာဝန်ကြီးတွေကို ခန့်အပ်တယ်။ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေးတိုးတက်အောင် ဆောင်ရွက်ပေးတယ်။ ၁၉၅၉ ခုနှစ်မှာပဲ ပြည်သူများ ကျန်းမာကြံ့ခိုင်ရေး စိတ်ဓာတ်ကောင်းမွန်ရေးအတွက် နိုင်ငံရေးအဖွဲ့အစည်းမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်းအဖြစ် ‘ကြံ့ခိုင်ရေးအဖွဲ့’ တွေကို ဖွဲ့တယ်။ ၁၉၆ဝ ပြည့်နှစ်၊ ဇန်နဝါရီလမှာ တရုတ်-မြန်မာနယ်နိမိတ် သဘောတူညီချက်စာချုပ်ချုပ်ဆိုပြီး နယ်စပ်ပြဿနာကို ဖြေရှင်းခဲ့တယ်။

အခြေအနေအပြောင်းအလဲ 

ခြောက်လပြည့်လို့ ပါလီမန်ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုပေမယ့် နိုင်ငံရေးအခြေအနေက မပေးတာကြောင့် ပါလီမန်လွှတ်တော်က ဗိုလ်ချုပ်ကြီးနေဝင်းကို ဝန်ကြီးချုပ်သက်တမ်းတိုးဖို့ အခြေခံဥပဒေပုဒ်မ ၁၁၆ ကို ပြင်ဆင်ပေးခဲ့တယ်။ ပြီးတော့ အိမ်စောင့်အစိုးရက(ပထမ) ၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှာ လွတ်လပ်၍တရားမျှတသော ပါလီမန်ရွေးကောက်ပွဲ ကျင်းပပေးခဲ့တယ်။ ၁၇ လကျော် တာဝန်ယူခဲ့တဲ့ အိမ်စောင့်အစိုးရ(ပထမ)လက်ထက်မှာ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် တိုးတက်အောင်မြင်လာတယ်လို့ ဆိုကြတယ်။

(က)အုပ်ချုပ်ရေးအခြေအနေ – 

ငြိမ်ဝပ်ပိပြားရေးကို ဦးစားပေးဆောင်ရွက်တယ်။ အုပ်ချုပ်ရေးအဖွဲ့ အစည်းကို ပြုပြင်ဖွဲ့စည်းတယ်။ ဗဟိုလုံခြုံရေးအဖွဲ့၊ ဗဟိုထောက်လှမ်းရေးအဖွဲ့၊ အပြစ်ဒဏ်ပေးရေးနှင့် အကြံပေးအဖွဲ့၊ ရဲဘက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းတယ်။ တိုင်း၊ ခရိုင်၊ မြို့နယ် လုံခြုံရေးကောင်စီတွေ၊ ကျေးရွာကော်မတီတွေ အဆင့်ဆင့်ဖွဲ့စည်းတယ်။ ဝန်ကြီးအဖွဲ့ဝင် ၃ဝ မှ ၁၄ အထိ လျှော့ချလိုက်တယ်။ လုပ်ငန်းစဉ်လေးရပ် ဦးတည်ဆောင်ရွက်မယ်လို့ ကြေညာတယ်။

(ခ) စီးပွားရေးအခြေအနေ – 

စီးပွားရေးတိုးတက်မှုအတွက် အစိုးရက တာဝန်ယူဆောင်ရွက်တယ်။ အမျိုးသားစီမံကိန်းဌာနနဲ့ ဘဏ္ဍာခွဲဝေ သုံးစွဲမှုကြီးကြပ်ရေးအဖွဲ့ဖွဲ့ပြီး ဘယ်လုပ်ငန်း ဦးစားပေးရမယ်ဆိုတာကို အဲဒီအဖွဲ့က ချမှတ်ပေးရမယ်။ 

  • ရန်ကုန်-မန္တလေးလမ်းကြီး ဖောက်လုပ်ရေး။ 
  • ရန်ကုန်တက္ကသိုလ်ကျောင်းသားများအတွက် ကျောင်းဆောင်ဆောက် လုပ်ရေး။ 
  • ပညာတော်သင်စေလွှတ်ရေး၊ နိုင်ငံခြားမှ ကျွမ်းကျင်အကူအညီရယူ ရေးတို့ကို ဆောင်ရွက်ပေးတယ်။ 
  • လယ်ယာစိုက်ပျိုးရေးကို ဦးစားပေးဆောင်ရွက်တယ်။ 
  • စိုက်ပျိုးရေးဘဏ်တွေက ကျေးလက်အထိ ငွေချေးပေး၍ အမတော်ကြေး ထုတ်ချေး၊ ပြန်ဆပ်လုပ်ငန်း ကြီးကြပ်ဆောင်ရွက်တယ်။ ဆန်စပါးအတွက် အထွက်တိုး အောင်လုပ်တယ်။ 
  • သောင်းကျန်းသူတွေကို ထိရောက်စွာ နှိမ်နင်းနိုင်လို့ သစ်ထုတ်လုပ်ရေး သယံဇာတ သတ္တုရှာဖွေရေး တိုးတက်လာတယ်။ 
  • ကြယ်ငါးပွင့် သင်္ဘောကုမ္ပဏီ ကို ၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလမှာ တည် ထောင်ပြီး ပင်လယ်ရေကြောင်း ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်တယ်။ 
  • ရန်ကုန်မြို့ သယ်/ပို့လုပ်ငန်း ယာဉ်များအတွက် ဂျပန်နိုင်ငံမှ … မော်တော်ယာဉ်များ တင်သွင်းပြေးဆွဲပေးတယ်။ 
  • စက်ရုံ၊ အလုပ်ရုံတွေ ကုန်ထုတ်လုပ်ငန်း တိုးတက်အောင် ဆောင်ရွက်တယ်။ 
  • ရိုးကုမ္ပဏီကုန်တိုက်တွေကို စစ်ဘက်ဆိုင်ရာ ကုန်စည်ဖြန့်ချိရေးအဖွဲ့က ဝယ်ယူလုပ်ကိုင်တယ်။ 
  • ကယားပြည်နယ် ရေအားလျှပ်စစ်စီမံကိန်း အောင်မြင်ခဲ့တယ်။ 
  • သ/မလုပ်ငန်းစနစ်တကျဖြစ်အောင် ဆောင်ရွက်ခဲ့တယ်။ 
  • ဒေသအနှံ့အပြား လိပ်ပြာတောင် (ခ) သမဝါယမဆိုင်များ ဖွင့်လှစ်ရောင်းချတယ်ဆိုတဲ့ စီးပွားရေးအခြေအနေ ရှိခဲ့ကြောင်း တွေ့ရတယ်။

(ဂ) လူမှုရေးအခြေအနေ – 

လူမှုရေးအခြေအနေအနေနဲ့ အလုပ်သမားတွေအတွက် လူမှုဖူလုံရေးအဖွဲ့ ဖွဲ့တယ်။ အိုးအိမ်အဖွဲ့မှ တိုက်ခန်းတွေ ဆောက်လုပ်ပေးတယ်။ ကျေးလက်မှ ရန်ကုန်မြို့ကို ပြောင်းရွှေ့အလုပ်လုပ် ကိုင်နေကြတဲ့သူတွေအတွက်ကို တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတ မြို့သစ်တွေ တည်ထောင်ပေးတယ်။ ဆရာအတတ်သင်ကျောင်း ၅ ကျောင်း တိုးချဲ့ပေးတယ်။ ရန်ကုန်ဆေးရုံကြီးမှာ နှလုံးရောဂါခွဲစိတ်ကုဌာနအသစ် ဖွင့်တယ်။ အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့တွေကို အစီအစဉ်သစ်အနေနဲ့ ကျင်းပပေးတယ်။ ၁၉၅၉ ခုနှစ် ဇွန်လမှာ ဗိဿနိုးမြို့ဟောင်းကို တူးဖော်တယ်။ မန္တလေးမြို့မှာ ပန်တျာကျောင်းအသစ် ဖွင့်လှစ်ပေးခဲ့တယ်ဆိုတာကို မြင်တွေ့ရပါတယ်။

သခင်အုပ်စု၊ ဗိုလ်အုပ်စု၊ ဦးအုပ်စုကွဲ 

၆-၂-၁၉၆ဝ ရက်နေ့မှာ တတိယအကြိမ် အထွေထွေပါလီမန်ရွေးကောက်ပွဲ ကျင်းပပြီးတဲ့အခါ နု-တင် သန့်ရှင်း ဖဆပလက ၁၅၉ နေရာ နိုင်ပြီး ဆွေ-ငြိမ်း တည်မြဲဖဆပလက ၃၄ နေရာသာ နိုင်ခဲ့တယ်။ အိမ်စောင့်အစိုးရလို့ မခေါ် တော့ဘဲ ပြည်ထောင်စုပါတီလို့ အမည်ပြောင်းပြီး အစိုးရအဖွဲ့ကိုလည်း ပြည်ထောင်စုအစိုးရ(ပထစအစိုးရ)လို့ ခေါ် လိုက်တယ်။ အိမ်စောင့်အစိုးရကို နမူနာယူပြီး ဝန်ကြီး ၁၃ ဦးခန့်တယ်။ ဝန်ကြီး တစ်ဦးက ဌာနတစ်ခုထက်ပိုပြီး တာဝန်ယူကြတယ်။ ဦးနုက ဝန်ကြီးချုပ်ဖြစ်တယ်။ ငါးပါးပါ အကြံပေးအဖွဲ့ဖွဲ့တယ်။ ပါလီမန်ဒီမိုကရေစီ ထွန်းကားရေး အတွက် လေးနှစ်စီမံကိန်း ရေးဆွဲတယ်။

နိုင်ငံရေးအတွေ့အကြုံရှိကြတဲ့ ယခင်နိုင်ငံရေးသမားဟောင်းတွေက ‘သခင်အုပ်စု’၊ စစ်ရေးအတွေ့အကြုံရှိတဲ့ တော်လှန်ရေးကာလက နာမည်ကောင်းရခဲ့ကြတဲ့ စစ်ဗိုလ်တွေနဲ့ စစ်အငြိမ်းစားတွေက ‘ဗိုလ်အုပ်စု’၊ အုပ်ချုပ်ရေးအတွေ့ အကြုံရှိကြတဲ့ အစိုးရအမှုထမ်းဟောင်းတွေ ရှေ့နေဟောင်းတွေက ‘ဦးအုပ်စု’ဆိုပြီး ကွဲပြဲကြတယ်။ နိုင်ငံရေးအခြေအနေက မတည်မငြိမ်ဘဲ ပါတီတွင်း အာဏာလုရေးတွေဖြစ်လို့ အချင်းချင်း ပြိုင်ဆိုင်နေကြတယ်။

ပြည်တွင်းသောင်း ကျန်းမှုတွေကလည်း ပြန်လည်ပြီး ဦးမော့လာတယ်။ ကူမင်တန် တရုတ်တပ် အကြွင်းအကျန်တွေကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံနယ်မှာ ဝင်ရောက် ကျူးကျော်ပြန်တယ်။ အမေရိကန်က နောက်ကွယ်ကနေ ကူညီနေလို့ ကုလသမဂ္ဂဌာနအထိ တိုင်ကြားခဲ့ရတယ်ဆိုတဲ့ အဖြစ်အပျက်တွေက လည်း ရှိခဲ့ကြတယ်မဟုတ်လား။ (ပြည်ထောင်စုအစိုးရလက်ထက် အုပ်ချုပ်ရေး)

ပြည်ထောင်စုအစိုးရ စီးပွားရေး 

အိမ်စောင့်အစိုးရလက်ထက် တာဝန်လွှဲယူခဲ့တဲ့အခါက တိုင်းပြည်ဟာတည်ငြိမ်စပြန်ပြီး ဖြစ်နေပါပြီပဲ။ အဲဒီမှာ စစ်ဘက်ကုန်စည်ဖြန့်ဖြူးရေးဌာန လက်အောက်ရှိ စီးပွားရေးလုပ်ငန်းတွေကို ပထမဦးဆုံး အစိုးရက လွှဲပြောင်းယူခဲ့တယ်။ ကမ္ဘာ့ဘဏ်နဲ့ တရုတ်အစိုးရတွေဆီက ငွေချေးပြီး ဒုတိယလေးနှစ် စီမံကိန်း အကောင်အထည်ဖော်နေတဲ့ အချိန်မှာ အင်္ဂလိပ်၊ အိန္ဒိယ အရင်းရှင်ကြီးတွေက စီးပွားရေးကို လက်ဝါးကြီးအုပ်ထားနေတုန်းပါပဲ။ ကုန်ထုတ်တဲ့ လုပ်ငန်းတွေရဲ့အများစုမှာလည်း မြန်မာမဟုတ်တဲ့ လူမျိုးခြားလက်ထဲမှာပဲ ရှိနေကြတယ်။ သမဝါယမစနစ်နဲ့ စီးပွားရေးကို ချုပ်ကိုင်ချင်ပေမယ့် မအောင်မြင်ပါဘူး။ နှစ်လအတွင်းမှာပဲ စီးပွားရေးတွေ ကျဆင်းပြီး လူသုံးကုန်ပစ္စည်းတွေ ရှားပါးလာကြပြီးတော့ ကုန်ဈေးနှုန်းတွေ မိုးပေါ်ခေါင်ထိမြင့်တက်လာတယ်။ လုပ်မတတ် ထိန်းမနိုင်တော့တဲ့အခါ “ပရဟိတဆိုင်” လို့ခေါ်တဲ့ အခြေခံစားသောက်ကုန်တွေကိုသာရောင်းတဲ့ ဈေးဆိုင်တွေသာ ဖွင့်နိုင်ကြတော့တယ်။

ပြည်ထောင်စုစနစ် တောင်းဆို 

၁၉၆၂ ခုနှစ် ဇန်နဝါရီလ ပြည်ထောင်စုပါတီညီလာခံမှာ ဦး-ဗိုလ်- သခင် ခေါင်းဆောင်တွေ နေရာလုနေ ကြတယ်။ ၂၄-၂-၁၉၆၂ ခုနှစ် ပြည်လမ်း (ရန်ကုန်) ရှိ အသံလွှင့်ရုံမှာ ‘ဖက်ဒရယ်မူ’ နဲ့ ပတ်သက်လို့ လူမျိုးပေါင်းစုံ ဆွေးနွေးပွဲ လုပ်ကြတယ်။ အဲဒီဆွေးနွေးပွဲမှာ ဝန်ကြီးစဝ်ခွန်ချိုက ပြည်ထောင်စုစနစ်နဲ့ ပတ်သက်လို့ တင်ပြဆွေးနွေးကြတယ်။ 

  • ပြည်မကို ပြည်နယ်တစ်ခု (တစ်နယ်) ဖွဲ့စည်းရေး၊ 
  • ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်တို့ကို အာဏာအရေးတူထားရှိရေး၊ 
  • လူမျိုးစုလွှတ်တော်သို့ ပြည်နယ်၊ တိုင်းမှ ဦးရေတူညီသော ကိုယ်စားလှယ်ပေးရေးနဲ့၊
  • ပြည်နယ်များက မိမိဆန္ဒအလျောက် လွှဲအပ်သော အာဏာများကို ဗဟိုအစိုးရက ကန့်သတ်ပေး၍ ကျန်ရှိသောအာဏာများကို ပြည်နယ်များတွင်သာ ထားရေးဆိုတဲ့ အကြောင်းအရာတွေကို တင်ပြခဲ့တယ်။ တက်ရောက်လာကြတဲ့ ကချင်၊ ချင်း၊ ရှမ်း၊ ကယားတိုင်းရင်းသားတွေက ထောက်ခံကြတယ်။ 

ပထမ နိုင်ငံတော်အာဏာသိမ်း

၂၈-၂-၁၉၆၂ ရက်နေ့မှာ ဒုဥက္ကဋ္ဌဖြစ်သူက ဝန်ကြီးချုပ်ထံသို့ လျှို့ဝှက်တဲ့ စာတစ်စောင်တင်ပြခဲ့တယ်။ ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေက ဖက်ဒရယ်မူတောင်းဆိုချက်နဲ့ ပတ်သက်လို့ ရ၊ မရလည်း ပြည်ထောင်စုကနေ ခွဲထွက်ဖို့ အားလုံးသဘောတူထားကြတယ်။ ပြည်ထောင်စုကနေ ခွဲထွက်ပြီးရင် ဆီတိုးအုပ်စု (SEATO) ထဲကို ဝင်ကြမယ်။ ခွဲထွက်ပြီးသွားတဲ့အခါ ပြည်နယ်ထူထောင်ရေးလုပ်ငန်းကို လုပ်မယ်ဆိုတဲ့ သတင်း(အတွင်းရေး သတင်း)ကို ဒုဥက္ကဋ္ဌဖြစ်သူက သတင်းပေး(စာတစ်စောင်နဲ့) ပေးခဲ့တာကြောင့် ပြည်ထောင်စုဖက်ဒရယ်မူကိစ္စ အစဦးဆုံးပြဿနာ ဖြစ်လာခဲ့တယ်။

၁-၃-၁၉၆၂ ရက်နေ့ရောက်လို့ ဖက်ဒရယ်မူကိစ္စ ဒုတိယနေ့ ဆွေးနွေးပြီးလို့ ညဉ့်နက်ချိန်မှာ ကြီးကျယ်တဲ့ နိုင်ငံရေးအပြောင်းအလဲကြီး ဖြစ်သွားတာပါပဲ။ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးအချို့၊ တိုင်းရင်းသားခေါင်းဆောင် အချို့နဲ့ အစိုးရအရာရှိကြီးအချို့ စစ်တပ်က ထိန်းသိမ်းလိုက်တယ်။ 

၂-၃-၁၉၆၂ ရက်နေ့ နံနက် ၈း၅ဝ နာရီအချိန်မှာ (မြန်မာ့အသံ )အသံလွှင့်ရုံမှ အာဏာသိမ်းသူက “ယိုယွင်းလာသော နိုင်ငံတော်အခြေအနေကို ထိန်းသိမ်းရန် တပ်မတော်က တာဝန်ယူလိုက်ပြီဖြစ်ကြောင်း” တိုင်းပြည်သို့ ကြေညာ ချက် ထုတ်ပြန်လိုက်တယ် ပဋိပက္ခကြောင့် ကွယ်လွန်သွားကြတဲ့သူရှိတယ် ဆိုတဲ့အကြောင်း သမိုင်းစာမျက်နှာမှာ အထင်အရှားရှိနေပါသေးတယ်မဟုတ်လား။ 

အထောက်တော် The Reporter
၁၃၂၃၊ တပို့တွဲလဆုတ် ၁၁ ရက်၊ သောကြာနေ့
အတွဲ ၅၊ (၂၊ ၃၊ ၆၂)၊ အမှတ် ၂၆၀။

ဖမ်းဆီး၊ ထိန်းသိမ်း၊ ဖျက်သိမ်း 

နိုင်ငံတော်အာဏာသိမ်းပြီး မကြာပါ။ ၂ မတ်လ ၁၉၆၂ ရက်နေ့မှာ တပ်မတော်အရာရှိကြီး ၁၇ ဦးပါဝင်သော တော်လှန်ရေးကောင်စီကို ဖွဲ့စည်းလိုက်တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးအစိုးရအဖွဲ့ကို အစိုးရဌာန တာဝန်ခံ ၈ ဦးနဲ့ ဖွဲ့စည်းပြီးဆောင်ရွက်တယ်။ ပါလီမန် ဒီမိုကရေစီအစိုးရအုပ်ချုပ်ခဲ့တဲ့ အစိုးရအဖွဲ့ဟောင်းတွေ၊ ပြည်နယ်ကောင်စီတွေ၊ ပြည်သူ့လွှတ်တော်နဲ့ လူမျိုးစု လွှတ်တော်ကိုယ်စားလှယ်တွေ၊ တရားလွှတ်တော်တွေအားလုံးကို ဖျက်သိမ်းလိုက်တယ်။ သမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ တရားရေးဝန်ကြီးချုပ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ လူမျိုးစုလွှတ်တော်ဥက္ကဋ္ဌ၊ စော်ဘွားများ၊ လွှတ်တော်အမတ်များ ထိန်းသိမ်းလိုက်တယ်။ အာဏာသိမ်းသူ ခေါင်းဆောင်ဖြစ်သူက

‘မလွှဲမရှောင်သာဘဲ ယိုယွင်းနေသော တိုင်းပြည်အခြေအနေကို ထိန်းသိမ်းပြီး အာဏာသိမ်းယူရခြင်းဖြစ်ကြောင်း’ ဆိုပြီး ရှင်းပြခဲ့တယ်။ ပြည်သူလူထုကတော့ ဒီကိစ္စအတွက်ကို ‘အာဏာသိမ်းမှုကြီး’ လို့ပဲ သတ်မှတ်ကြတယ်။ 

တစ်ပါတီစနစ်စတင် 

အာဏာသိမ်းတော်လှန်ရေး ကောင်စီက – 

(၁) ၄-၃-၁၉၆၂ရက်နေ့မှာ ပထစပါတီ၊ ဖဆပလအဖွဲ့ချုပ်နဲ့ ပမညတ ပါတီကြီး ၃ ပါတီရဲ့ ခေါင်းဆောင်တွေကို ပထမအကြိမ် နိုင်ငံရေးကိစ္စ တွေ့ဆုံ ဆွေးနွေးကြတယ်။ 

(၂) ၇-၅-၁၉၆၂ ရက်နေ့မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးကြပြီး 

(၃) ၁၇-၅-၁၉၆၂ ရက်နေ့မှာ တတိယအကြိမ် တွေ့ဆုံဆွေးနွေးကြတယ်။ ၈-၃-၁၉၆၂ ရက်နေ့မှာတော့ ဒေါက်တာဘဦးခေါင်းဆောင်တဲ့ အစိုးရအကြံပေးအဖွဲ့ကို ဖျက်သိမ်းလိုက်တယ်။ ဒုတိယအကြိမ် ဆွေးနွေးကြတဲ့အခါက (အချိန်က) တော်လှန်ရေးကောင်စီရဲ့ ဝါဒသဘောထားကို နာကြားခဲ့ရတယ်။ တတိယအကြိမ်မှာတော့ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ သဘောထားခံယူချက်အကြောင်းကို ရှင်းလင်းခဲ့လို့ ပါတီအနေနဲ့ ထောက်ခံပါကြောင်း၊ သို့သော် (ဒါပေမဲ့) တစ်ပါတီစနစ်ကိုတော့ မထောက်ခံပါကြောင်းနဲ့ တစ်ပါတီစနစ် ကျင့်သုံးမယ်ဆိုရင် အမျိုးမျိုးမှားယွင်းလာနိုင်မယ် ဆိုတဲ့အကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်တွေက တင်ပြဆွေးနွေးခဲ့ကြတယ်။ 

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ 

၃ဝ-၄-၁၉၆၂ ရက်နေ့မှာ တော်လှန်ရေးကောင်စီရဲ့ နိုင်ငံရေးဝါဒသဘောထားကို ကြေညာချက်ထုတ်ပြန်ပါတယ်။ ကြေညာချက်အရ စီးပွားရေးမှာ နိုင်ငံတော်အစိုးရပိုင်း၊ သမဝါယမပိုင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအပိုင်း ၃ ပိုင်းခွဲပြီး လုပ်ပိုင်ခွင့်တွေ ပေးမယ်ဆိုတဲ့အကြောင်း ပါရှိပါတယ်။ “ဆိုရှယ်လစ်လောကသို့ မြန်မာ့လမ်းစဉ်ဖြင့် ချီတက်ကြစို့”ဆိုပြီး ကြွေးကြော်ခဲ့တယ်။ ၄-၇-၁၉၆၂ ရက် နေ့မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြေညာတယ်။ အမြုတေပါတီအဖြစ် ထူထောင်တယ်။ လမ်းစဉ်ပါတီရဲ့ တွေးခေါ်မြော်မြင်ရေး သဘောတရားအဖြစ် ‘လူနှင့် ပတ်ဝန်းကျင်တို့၏ အညမညသဘောတရား’ စာတမ်းဖြန့်ဝေတယ်။ စာတမ်းမှာ အခန်း ၅ ခန်း ပါဝင်ပါတယ်။ (က) သက်မဲ့ လောက၊ (ခ) သက်ရှိလောက၊ (ဂ) ဩကာသလောက၊ (ဃ) သတ္တလောက နဲ့၊ (င) သင်္ခါရလောကအကြောင်းတွေကို ရှင်းလင်းထားတယ်။ လူနဲ့ လူ့ပတ်ဝန်းကျင် အပြန်အလှန် ကျေးဇူးအထောက်အကူပြုကြပုံ၊ လောကုတ္တရာအမြင်ဖြင့် မကြည့်ဘဲ လောကီအမြင်ဖြင့် ရှုမြင် လေ့လာသင့်ပုံစတဲ့ အကြောင်းအရာတွေ စာတမ်းမှာ ပါရှိပါတယ်။ (စာရေးသူ ကိုယ်တိုင်လည်း အကြိမ်တစ်ဆယ်ကျော်မက လေ့လာဖတ်ရှုခဲ့ရပါသေးတယ်။ မနှစ်သက်ပါဘူး။) 

ဘာသာရေးကို နှိပ်ကွပ်တဲ့ နိုင်ငံရေး 

အဲဒီဝါဒကို မနှစ်သက်တဲ့ စာရေးဆရာတစ်ဦးက “ဆိုရှယ်လစ်ဝါဒတစ်မျိုး ဖြစ်ကြောင်း၊ သိပ္ပံနည်းကျ မာ့က်စ်ဝါဒ၊ လီနင်ဝါဒတွေ လမ်းညွှန်မှုကို မခံယူဘဲ ဗုဒ္ဓဘာသာ မာ့က်စ်ဝါဒီသမားဖြစ်တဲ့ ဦးဘဆွေရဲ့ နည်းဆန်ဆန် မြန်မာ့နည်း ဆိုရှယ်လစ်ဝါဒဖြစ်ကြောင်း၊ အခြေခံ လူတန်းစားမှာ အလုပ်သမား လူတန်းစားမဟုတ်၊ တောင်သူလယ်သမားဖြစ်ကြောင်း” ဝေဖန်ထားတာတွေ့ရသလိုပဲ နောက်ထပ် နာမည်ကြီးစာရေးဆရာ တစ်ဦးကလည်း “လမ်းစဉ်ပါတီရဲ့ အညမညသဘောတရားနဲ့. ဗုဒ္ဓအဘိဓမ္မာနဲ့ နှိုင်းယှဉ်လေ့လာတင်ပြခဲ့ပါသေးတယ်” ဆိုတာကို တွေ့ရပါတယ်။ နိုင်ငံရေးဝါဒက ဘာသာရေးဝါဒအပေါ် လွှမ်းမိုးလိုတဲ့ သဘောမျိုးတွေ့ရတာကြောင့် တော်လှန်ရေးကောင်စီ ကာလတစ်လျှောက် လုံးနဲ့ လမ်းစဉ်ပါတီ ကာလတစ်လျှောက်လုံး ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီးအချို့ကို ၁၉၈ဝ ပြည့်နှစ် မှာ လူဝတ်လဲစေပြီး နှိပ်ကွပ်ခဲ့တဲ့သာဓက အထင်အရှားရှိခဲ့ပေမယ့် ဒီအကြောင်းအရာအပေါ်ကို ပြင်းပြင်းထန်ထန် ဘယ်သူမှ မကန့်ကွက်၊ မတားမြစ်၊ မဆန့်ကျင်ရဲကြဘဲ ခေတ်ကာလ နှစ်ခေတ်လုံးလုံး ဗုဒ္ဓဘာသာကို နိုင်ငံရေးသမားတွေက ချဉ်းကပ်သယောင်ပြုပြီး အမျိုး၊ ဘာသာ၊ သာသနာ အလိုမရှိပုံစံမျိုးနဲ့ ကြဉ်ပယ် (ပစ်ပယ်၊ ပစ်ဖယ်)ထားခဲ့တယ်ဆိုတဲ့ အထောက်အထားသာဓကရှိခဲ့ပါတယ်။ 

ပြောင်းလဲကျင့်သုံး 

ဆက်လက်ပြီးတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ တစ်ပါတီ(တစ် ဝါဒ)စနစ်အရနဲ့ပဲ အကောင်အထည်ဖော်တယ်။ ဘယ်သူအကြံပေးပေး ဘယ်သူ့စကားကိုမှ (အကြံဉာဏ်ကိုမှ) မယူကြဘဲ တစ်ပါတီနိုင်ငံရေး ပုံစံကို နေ့နေ့ညည အကောင်အထည်ဖော်တယ်။ ပါတီ စည်းရုံးရေးကော်မတီနဲ့ ပါတီစည်းကမ်း ထိန်းသိမ်းရေးကော်မတီဖွဲ့တယ်။ လမ်းစဉ်ပါတီကို အမြုတေမှ ပြည်သူ့ပါတီသို့ ကူးပြောင်းတယ်။ ဒီမိုကရေစီဗဟိုဦးစီးစနစ်နဲ့ အောက်ခြေကနေ ဗဟိုအဆင့်အထိ ပါဝင်ရမယ့် ကော်မတီဝင်တွေကို ပါတီဝင်တွေရဲ့ဆန္ဒနဲ့ ရွေး (တင်မြှောက် တဲ့စနစ်နဲ့)ကောက် တင်မြှောက်တယ်။ ပါတီမိတ်ဆွေ၊ အရန်ပါတီဝင်၊ တင်းပြည့်ပါတီဝင် အဆင့်ဆင့်ထားခဲ့တယ်။

၁၉၆၄ ခုနှစ်ကနေ စတင်ပြီး (မြို့နယ်ပါတီယူနစ်တွေ ဖွဲ့စည်းပြီးလို့ အခြေခံစည်းရုံးရေးလုပ်ငန်းတွေ လုပ်ခဲ့ကြလို့) ၁၉ဝ၄ ခုနှစ် ၁၀ နှစ်အတွင်းမှာ ပါတီဝင်ပေါင်း (အင်အား) ငါးသိန်းကျော် ဖြစ်လာခဲ့တယ်။ မြန်မာပြည်မှာ အင်အားထိပ်ဆုံးရောက်တဲ့ ပါတီတစ်ပါတီဖြစ်လို့ “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ”ရဲ့ အမှတ်အသားတံဆိပ်ဟာ နိုင်ငံတော်က အတည်ပြုပြဋ္ဌာန်းထားတဲ့ တံဆိပ်အလံ အမှတ်အသားပါ ပြောင်းလဲကျင့်သုံး လိုက်ကြတော့တာပါပဲ။ တိုင်းရင်းသား နိုင်ငံရေးအခန်းကဏ္ဍလည်း ကျဆုံး (ပျောက်ဆုံး)သော ခေတ်ကြီးတစ်ခေတ်လို့ ဆိုနိုင်ပါတယ်။ 

ဆွေးနွေးချက် ပျက်ပြား 

တိုင်းရင်းသား နိုင်ငံရေးအခွင့်အလမ်း မရှိတော့တဲ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်ကြီးမှာ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံရေးစနစ်ကို မျှော်နေကြပေမယ့် အကျပ်အပိတ် အခွင့်အလမ်းမရှိတော့လို့ တိုင်းရင်းသားတွေဟာ ရွေးစရာနိုင်ငံရေးအခွင့်အလမ်းတွေ ပျောက်ဆုံးခဲ့ရတယ်။ ၁-၄-၁၉၆၃ ရက်နေ့မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေး လိုက်တယ်။ အကျဉ်းသား ၁၂ဝဝဝ ခန့် လွတ်ငြိမ်းချမ်းသာခွင့်ရကြတယ်။ ကွန်မြူနစ်ပါတီ(ဗမာပြည်)၊ ဗမာပြည်ကွန်မြူ နစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ ကေအင်န်ယူတို့မှ နိုင်ငံရေး အကျဉ်းသားပုဂ္ဂိုလ်တွေ အပါအဝင် သတင်းစာဆရာ၊ ကျောင်းသားတွေ လွတ်မြောက်လာကြတယ်။ တောတွင်းလက်နက်ကိုင်ကြတဲ့သူတွေလည်း ဥပဒေဘောင်အတွင်းထဲကို ပြန်လာကြတယ်။ တိုင်းပြည်အတွက် အဓိကငြိမ်းချမ်းသာယာရေးအတွက် ဖြစ်နေတာကြောင့် အစိုးရအဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းဖိတ်ခေါ်တယ်။ 

(၁) ၁၀-၈-၁၉၆၃ ရက်နေ့မှာသခင်စိုးခေါင်းဆောင်တဲ့ အလံနီကွန်မြူနစ်ပါတီရဲ့ အဖွဲ့ဝင် ၂ဝ ပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရန်ကုန်ကို ရောက်လာတယ်။ 
(၂) ၂၀-၈-၁၉၆၃ ရက်နေ့မှာ ကော်သူလေးငြိမ်းချမ်းရေးအဖွဲ့ 
(၃) ၂၉-၁၉၆၃ ရက်နေ့မှာ ရဲဘော်ဌေး ဦးဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီအဖွဲ့ 
(၄) ၂၈-၁၁-၁၉၆၄ ရက်နေ့မှာ စောဟန်သာတာမွှေး ခေါင်းဆောင်တဲ့ ကော်သူလေးငြိမ်းချမ်းရေးအဖွဲ့ 
(၅) ရခိုင်ကွန်မြူနစ်ပါတီ 
(၆) ရှမ်းအမျိုးသားတပ်ပေါင်းစု 
(၇) ကချင်လွတ်လပ်ရေးကောင်စီ 
(၈) မန်းဘဇံခေါင်းဆောင်သော ကေအင်န်ယူအဖွဲ့ 
(၉) မွန်ပြည်သစ်ပါတီ 
(၁ဝ) ကရင်နီပါတီတွေနဲ့

အစိုးရနဲ့ တွေ့ဆုံကြပြီး ငြိမ်းချမ်းရေးဆွေးနွေးကြတယ်။ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားနိုင်ငံရေးမျှော်လင့်ချက် ကိုယ်ပိုင်ပြဋ္ဌာန်းရေးအတွက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ် ကျင့်သုံးရေးအတွက်ကို အပြန်အလှန်တင်ပြ ဆွေးနွေးခဲ့ကြပေမယ့် ဘာဆိုဘာမှ သဘောတူညီမှုမရခဲ့တာကြောင့် နိုင်ငံရေးအတွက် (ငြိမ်းချမ်းရေးအတွက်) လာရောက်ဆွေးနွေးကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ နိုင်ငံတော်နဲ့ကျောခိုင်းပြီး ပြန်ထွက်ခွာသွားကြရတယ်။ ဒီအတွက် မှတ်တမ်းမှတ်ရာ အထင်အရှားကျန်ရှိနေပါသေးတယ်။

ဒါကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းကြဘဲ အတ္တနဲ့ ရှေ့တန်းတင်ခဲ့တဲ့ ဆွေးနွေးချက်တွေကြောင့် ငြိမ်းချမ်းရေး ပင်လုံညီလာခံ၊ အမျိုးသားညီလာခံ အကြိမ်ကြိမ်ဖန်တီးပြီး ပြဿနာငြိမ်းအောင် ဆွေးနွေးနိုင်ခဲ့ကြပေမယ့် နိုင်ငံရေးအာဏာရူးသွပ်ကြသူတွေရဲ့ အရှက်မဲ့ကြတဲ့ တစ်ယူသန်ခံယူမှုကြောင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုလောက မရောက်နိုင်ခဲ့တာပါပဲ။ ယခင်နဲ့ယခု မထူးသလိုပါပဲပေါ့။

အဲးခိုး (ဆက်ရန်)

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၄) – မဟာပညာ (mahar.asia)

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၃) – မဟာပညာ (mahar.asia)

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၂) – မဟာပညာ (mahar.asia)

အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၁) – မဟာပညာ (mahar.asia)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version
ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်