Categories
ပညာရေး လူမှုရေး အခြား

။ လူသားဒိုင်းအဖြစ် အသက်စွန့်သွားခဲ့တဲ့ ဆရာမ ဂါစီယာ ။

။ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ယူဗယ်ဒီမြို့ကို အမြဲတမ်းလိုလို ဖြတ်ကျော်ပြီးသွားရတဲ့မြို့တစ်မြို့ပေါ့။ ဒီမြို့လေးကိုရောက်ရင် စိတ်ထဲက သတိရစရာတွေရှိနေသလိုလိုပါပဲ။ ဘာတွေသတိကိုရနေသလဲတော့ မပြောတတ်ပါ။ ဒီမြို့ကိုကျော်ပြီးလို့ တောင်မို့မို့လေးတစ်ခုပေါ်မှာ နားပြုရတဲ့နေရာရောက်ပါတယ်။ နားပြုတဲ့နေရာရောက်ရင် ပတ်ဝန်းကျင်လေးဖက်လေးတန်ကိုကြည့်လိုက်ရရင်ပဲ အတော်လေးကိုပျော်စရာပါ။ လူတွေက တက္ကဆက်ပြည်နယ်ကို မသွားလိုကြဘူးလေ။ အရမ်းပူအရမ်းခရီးကြမ်းတယ်ဆိုပြီးပြောကြတာပေါ့။

။ ပထမဦးဆုံးသွားခဲ့တဲ့နှစ်တုန်းက ဒီနေရာလေးမှာထိုင်နားခဲ့သလိုပဲ ဒုတိယအကြိမ်လည်း ဒီနေရာကို အမှတ်ရရနဲ့နားခဲ့ပါသေးတယ်။ လေညင်းကအမြဲလိုလိုတိုက်နေတော့ ရင်ထဲအေးမြမြပါပဲ။ အမာရီလိုမြို့ကိုမရောက်သေးပေမယ့် တစ်ထောက်နားရတဲ့အရသာဟာ မေ့မရနိုင်တဲ့နေရာလေးပါပဲ။ ခုချိန်မှာ ပိုပြီးတော့ သတိရပေါ့။

။ မနေ့က သတင်းတစ်ခုကြားရလို့ စိတ်ထဲမှာ အတော်လေးမကောင်းမိပါ။ အခြားတော့မဟုတ်ပါဘူး။ယူဗယ်ဒီမြို့၊ရော့ဘ်မူလတန်းကျောင်း ပစ်ခတ်ခံရချိန်မှာ ဆရာမ အာမာဂါစီယာတစ်ယောက် အတန်းထဲမှာရှိကြတဲ့ ကျောင်းသားသူတွေကို လူသားဒိုင်းအဖြစ် ကာကွယ်ပေးပြီး သူရဲကောင်းဆန်ဆန် အသက်စွန့်သွားခဲ့တဲ့သတင်းကို ကြားခဲ့ရလို့ပါ။

။ ဆရာမအာမာဂါစီယာဟာ အသက် ၄၆ နှစ်သာရှိပါသေးတယ်လေ။သူအသက်၂၃ နှစ်သမီးကတည်းက ဒီရော့ဘ်မူလတန်းကျောင်းမှာ စာသင်လာခဲ့သူပါ။ ၂၀၁၉ ခုနှစ်မှာ ကျောင်းခရိုင်ရဲ့တစ်နှစ်တာအထူးချွန်ဆုံး ဆရာမအဖြစ် ရွေးချယ်ခံခဲ့ရသူပါ။ စိတ်ထားအလွန်မြင့်မြတ်သူပါ။

။ ဆရာမ အာမာဂါစီယာဟာ လက်နက်ကိုင်သမားကျောင်းသားကျောင်းသူတွေကို ပစ်ခတ်တိုက်ခိုက်တဲ့အချိန်မှာ သူ့ရဲ့တပည့်တွေအားလုံးမထိအောင် သူ့ကိုယ်နဲ့ကာကွယ်ပေးထားခဲ့တယ်လေ။ ဒီအကြောင်းကိုပြောပြတဲ့သူက ပစ်ခတ်မှုဖြစ်ပွားနေတုန်း စာသင်ကျောင်းကို ရောက်လာတဲ့ တရားဥပဒေစိုးမိုးရေးအရာရှိက ပြန်ပြောပြခဲ့တာလေ။

။ ဆရာမအာမာဂါစီယာဟာ အိမ်ထောင်သက်တမ်း ၂၄ နှစ်ပါ။ သူက အားလပ်ချိန်မှာဆိုရင် သူ့ခင်ပွန်းနဲ့ အတူတူ အသားကင်လုပ်စားရတာ၊ သီချင်းနားထောင်ရတာကို အရမ်းကို နှစ်သက်တဲ့သူပါ။ အခုတော့ သူမြတ်နိုးလှစွာသော သူ့ရဲ့ခင်ပွန်းနဲ့သားသမီး ၄ ယောက်ကို စွန့်ခွာသွားခဲ့ပါပြီလေ။ ဒီပစ်ခတ်မှုမှာ သူနဲ့အတူတူကျောင်းသားကျောင်းသူ ၁၉ဦးနဲ့ သူ့ရဲ့အဖော်ဆရာမနှစ်ဦးပါ ကွန်လွန်သေဆုံးကြရပါတယ်။

။ ဒီသတင်းကို တွေ့တွေ့ချင်းပါပဲ။ အရင်က ဖြတ်ကျော်ခဲ့တဲ့ယူဗယ်ဒီမြို့ရယ်၊ ဆရာမအာမာဂါစီယာရယ်၊ကွယ်လွန်ခဲ့ကြရတဲ့ကျောင်းသားကျောင်းသူဆရာမတွေရယ်၊ ဝမ်းနည်းစွာ အထူးနှမြောတသမိပါလေရဲ့။ ရင်ထဲမှာ မချမ်းသာစွာစာရေးရတာမို့ “ ဆရာမ ဂါစီယာရယ် ၊ မဟာလူသားတံတိုင်းကြီးပိုင်ရှင်ကြီးရယ်” လို့ပဲ ခေါ်ပါရစေ နော်။

တောင်ကလေးဆရာတော်
(၂၆.၅.၂၀၂၂) ရက်နေ့နံနက်။)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version