Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ

သားသမီးနှင့် မိဘ

တောမှီရဟန်း

စာမျက်နှာ ၅၀ – ၅၄၊ သားသမီးနှင့် မိဘ၊ တောင်ကလေး ဓမ္မစာပေတိုက်၊ ၂၀၀၈ ခုနှစ်။

ခုခေတ်ကလေးတွေဟာ ဂရုစိုက်ယုယလွန်းတဲ့ မိဘတွေကို မပေါင်းချင် (အတူတူ) မနေချင်ကြပါ။ လွတ်လွတ်လပ်လပ်နဲ့ မိဘနဲ့ ဝေးသထက် ဝေးအောင် ကင်းသထက် ကင်းအောင်နေလိုကြတယ်။

မိဘက သားသမီးတွေ အပေါ်မှာ ပိုပိုပြီးချစ်တာကို (နားမလည်ဘဲ) အပြစ်တွေမြင်တတ်တဲ့ သားသမီးတွေက ချုပ်ခြယ်တယ်လို့ ဆိုပြီးတော့ မိဘတွေက ထိန်းထိန်းသိမ်းသိမ်း အကြံပေး၊ ဥာဏ်ပေး ပြောပြဆုံးမတာကို သူတို့တွေ ဘဝင်မကျပါ။

မိဘအုပ်ထိန်းမှုဒဏ်ကို သူတို့တွေခံရလို့ သူတို့ရဲ့ စိတ်တွေဟာ မွမ်းကြပ်ပြည့်သိပ် နေကြတယ်။ စိတ်ဖိစီးမှု ဒဏ်ခံရတယ်ဆိုပြီး လုပ်ချင်တာတွေလုပ်၊ ကောင်းမကောင်း အခွင့်ရရင် ရသလိုလုပ်နေပြီး လူငယ်ပီပီ လွတ်လွတ်လပ်လပ်နဲ့ လိုက်ပြီး လုပ်ကြတဲ့အခါ နောက်ဆုံးတော့ အမှားကြီးတွေနဲ့ ရင်ဆိုင်တွေ့ဆုံလာခဲ့ရတယ်။

အသက်ငယ်ငယ် ကျူးလွန်ပြစ်မှားလာတဲ့ပြစ်မှုက ကြီးကြီးဖြစ်တော့ ပိုပြီးတော့ စိတ်ဖိစီးမှုဒဏ်တွေ ခံစားလာရတယ်။ တချို့မိဘတွေ အပေါ်မှာတောင် ပြန်ပြီးတော့ အပြစ်မြင်တတ်ပါတယ်။ 

“(သား) သမီးအပေါ် ဂရုစိုက်ယုယလွန်းသော မိခင်များသည်၊ တကယ်တော့ ၄င်းတို့၏ စိတ်မူမမှန်သော လိုအပ်ချက်များကို မကျေနပ်မှုရအောင် ဖြည့်တင်းနေသူများ ဖြစ်သည်” လို့စိုးမိုးခြယ်လှယ်သော မိခင် (မိဘ) အဖြစ်နဲ့ ဝေဖန်ခံရတယ်။ 

ဗုဒ္ဓတရားတော်မှာ သားသမီးတွေအပေါ် စိုးမိုးခြယ်လှယ်တဲ့ မိခင်မရှိပါ။ (မတွေ့ဘူးပါ) သားသမီးတွေက မိဘကို အဲဒီလိုပုံစံမျိုးနဲ့ မြင်မယ်ဆိုရင် သားသမီးမွေးမြူရတဲ့ မိဘတွေအဖို့ တာဝန်ကျေသူ ဖြစ်ပေမယ့် လောကကဲ့ရဲ့စရာတွေ များစွာပေါ်လာတော့မှာ ဖြစ်ပါတယ်။ 

အနောက်တိုင်းသားတွေက သူတို့ရဲ့ဓလေ့လား၊ ထုံးစံလားတော့ မသိပါ။ သားသမီးအသက် ၁၈-နှစ် ကျော်သွားပြီးဆိုရင် မိဘအုပ်ထိန်းမှု အောက်ကနေ လွတ်မြောက်သွားတယ်၊ သူတို့ကိုယ်သူတို့ ရပ်တည် နေနိုင်အောင် ကြိုးစားကြတယ်။ တချို့မိဘတွေက တကွဲတပြားဖြစ်လို့ ပြန်ဆုံဖို့အတွက်ကို သားသမီးနဲ့ မိဘ ပြန်လည်ဆုံဆည်း ကြတဲ့ပွဲတွေ ပြုလုပ်ကြတယ်။ 

မိဘတွေဟာ မိမိမွေးမြူပြုစုလာခဲ့ရတဲ့ သားသမီးတွေကို ဘယ်တော့မှ လူကြီးတစ်ယောက်လို သူတို့မမြင်ပါ။ ကလေးလေးလိုပဲ မြင်ပါတယ်။

“သင့်မိခင်သည် သင့်အပေါ် ကာကွယ်စောင့်ရှောက်မှု ပိုလွန်ပါက သင်က ကွဲသွားသော ဓာတ်ပြားတစ်ချပ်လို ပြုမူပါ” ဆိုပြီးတော့ မိသားစုရေးရာ အတိုင်းပင်ခံ လုပ်ငန်းရဲ့အတိုင်ပင်ခံ အနောက်နိုင်ငံ ညွှန်ကြားရေးမှူးတစ်ဦးက ပြောပါတယ်။ 

နောက်ပြီးတော့ “မိခင်ရဲ့ပေးစွမ်းမှုကို ကျေးဇူးတင်ကြောင်း ပြောကြပါတယ်။ ဒါပေမယ့် ယခု (အခု) ချိန်ကစပြီး မိခင်ရဲ့အကြံဉာဏ်တွေ သင်လက်မခံတော့ဘူးလို့ တစ်လက်စတည်း ဖွင့်ပြောလိုက်ပါ’” ဆိုပြီးတော့ “နင်ဟာအခုထိ ငါ့ကလေးပဲ”လို့ ပြောတဲ့မိခင်ကို အဲဒီအတိုင်းလုပ်ဖို့ သူအကြံပြုခဲ့တယ်။ 

တချို့မိဘတွေ သားသမီးအလုပ်လုပ်တာကို ဘယ်တော့မှ မချီးမွမ်းပါ။ ဒီမိဘမျိုးဟာ များသောအားဖြင့် သားသမီးတွေ မခံနိုင်ပါ။ 

တချို့သိက္ခာလိုက်ချတဲ့ မိဘတွေရှိသေးတယ်။ သားသမီးတွေ ဘာလုပ်လုပ် ရှေ့ကနေ လိုက်ပြီးတော့ ကာတယ်။ ဘာကြောင့်ဒီလို လုပ်ရသလဲလို့ သူတို့ကိုမေးရင်သူတို့ အဖြေက “အလုပ်နဲ့ သူတို့နဲ့ မတန်လို့ဘဲ” ဖြေဆိုကြပါတယ်။ 

အနောက်တိုင်းသားတွေက “ဗိုလ်ကျအနိုင်ကျင့်တဲ့ မိဘတွေကို သူတို့ကိုပြက်လုံး (ထုတ်ပြီး) ပြောပြီးအနိုင်ယူပါ” ဆိုပြီးတော့ စာရေးဆရာမ တစ်ဦးက အကြံဉာဏ်ပေးပါတယ်။ ဘယ်လို ပြောရမလဲဆိုရင် မနေ့ကသမီး (သား) ကို အပြစ်ခုနစ်မျိုးပဲ ပြောခဲ့တယ်၊ ဒီနေ့ဆိုရင် သုံးမျိုးပဲ ပြောရသေးတယ်၊ အမေ့စံချိန်မမီ (မပြည့်) သေးဘူး ဆိုတာမျိုးတွေလို ပြောပါတဲ့။

မြန်မာမိသားစုတွေမှာလည်း အဲဒီလိုမျိုးတွေရှိပါတယ်။ အပြစ်ပြောစရာ ကုန်ပြီးလား၊ ဘာပြောချင်သေးလဲ ဆိုတာမျိုးလိုပေါ့ အဲဒီလိုမိဘနဲ့ သားသမီးတွေ အမြင်အတွေးတွေ လွဲချော်လာကြပြီးဆိုရင် အရှင်ရဲ့ ကိုယ်တွေ့က အပျော်ခရီးတွေထွက်သွားကြပြီး မိသားစုပျော်ပျော်ပါးပါးနဲ့ စားကြသောက်ကြ လုပ်လိုက်ကြရင် အပြစ်မြင်တတ်တဲ့ မိဘတွေက ကိုယ့်ရဲ့ သားသမီးအကြောင်းကို အပျော်သွားတတ်တဲ့ ခရီးထဲမှာ သဘောကျစရာလေးတွေ တွေ့မြင်မှာပါပဲ။ အဲဒီလို မိမိရဲ့သားသမီး အဖြစ်လိုတဲ့ဆန္ဒ၊ လုပ်ချင်တဲ့ ဆန္ဒလေးတွေကိုတွေ့ရင် ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးကို ပေးသာပေးလိုက်ပါ။ 

မိဘဆိုတာ သားသမီးတွေကို အလွန်သံယောဇဉ်ရှိလို့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာစိတ်ဟာ မပြောင်းလဲတတ်ပါ။ မပြောင်းလဲနိုင်တဲ့ မိဘတွေရဲ့ စိတ်ဓာတ်ကို တချို့သားသမီးတွေက နားမလည်တော့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို အပြောင်းအလဲတွေ လုပ်ကြတယ်။ အဲဒီလိုလုပ်လိုက်တဲ့အခါမှာ စိတ်ကျရောဂါရှိတဲ့ မိဘတွေဖြစ်ရင် သားသမီးကို အစိုးရိမ်လွန်ပြီးတော့ ကွယ်လွန်သွားကြတဲ့ မိဘတွေများမြောင်လှပြီ။ 

လေ့လာသူတွေက “ငယ်ငယ်က ဆင်းရဲခဲ့ရတဲ့ မိဘတွေဟာ သားသမီးတွေအပေါ်မှာ ချစ်ခြင်းမေတ္တာတွေ များများမပေးနိုင်ဘူးလို့ ပြောကြတယ်။ ဒီစကားအားလုံး မမှန်နိုင်ပါ။ ချစ်ခြင်းမေတ္တာတရားဟာ အခြားသူတွေဆီကရတဲ့ မေတ္တာတရားမရှိပါ။

သားသမီးလုပ်တဲ့ သူတွေဟာ အသက်အရွယ် ရောက်လာကြပြီး ဆိုရင် ကိုယ်ပိုင် လုပ်ဆောင်ချက်တွေလုပ်ဖို့ မိဘကို ဖွင့်ပြောဖို့သင့်တယ်။ မိဘတွေဟာလည်း အလုပ်လုပ်မယ့် သားသမီးတွေကို ပိုပြီးတော့ စိုးရိမ်တယ်။ အမှားနဲ့ တွေ့မလား။ ဘာများဖြစ်မလဲ စတဲ့ သူတို့ရဲ့ စိုးရိမ်လွန်ကဲတဲ့ စိတ်တွေကြောင့် တစ်ခါတလေ သားသမီးတွေက မိဘကို မကြည်မလင်တဲ့ အကြည့်မျိုးတွေနဲ့ လုပ်မိတတ်တယ်။ အဲဒီလို လုပ်တတ်တဲ့ သားသမီးတွေကို မိဘဖြစ်တဲ့သူက ဘာဆိုဘာမျှမပြောဘဲ ဥပေက္ခာသဘောနဲ့ ရှင်းရှင်းကင်းကင်း နေလိုက်ရင် သားသမီးတွေလည်း ငြိမ်းအေးသွားတာပါပဲ။

တောမှီရဟန်း

PM – 03:30
တနင်္လာနေ့ 
(၁၂-၅-၂၀၀၃)

Loading

Exit mobile version
ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်