Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၃၄)

လူတစ်ယောက်ဖြစ်ရင် ရိုးသားမှု၊ ဖြောင့်မတ်မှု၊ ကိုင်းရှိုင်းတတ်မှု၊ စေတနာထားတတ်မှု၊ အနစ်နာခံတတ်မှု၊ ကြိုးစားတတ်မှု၊ တာဝန်ယူတတ်မှု နဲ့ အမှားအမှန် ရွေးချယ်တတ်မှု ရှိရမယ်။

လွှတ်တော်အမတ်များ ဖြေကြည့်ပါ

ယနေ့ နိုင်ငံတိုင်းလိုလို နိုင်ငံရေး ဥပဒေစနစ်တစ်ခုရဲ့ ဥပစာတိုင်းမှာ တန်းတူညီမျှ ရေးအတွက် အာသီသဆန္ဒတွေ ထားကြတယ်။ စိတ်အားထက်သန်ကြတယ်။ စိတ်ကျေနပ် ဖွယ်ရာ ထားကြတယ်။ နိုင်ငံရေးနဲ့ပတ်သက်ရင် နိုင်ငံအဆင့်အုပ်ချုပ်ရေး၊ အခြေခံပြည်သူ့ အခွင့်အရေး ထားပုံထားနည်း၊ လုပ်ပုံလုပ်နည်း သိထားကြပေမယ့် ကျယ်ပြန့်တဲ့ နိုင်ငံရေး အမြင်တွေ သိထားဖို့ လိုတယ်။ နိုင်ငံရေးအတွေ့အကြုံရှိတဲ့သူတွေ၊ မရှိတဲ့သူတွေကို ဖော်ပြတဲ့ မေးခွန်းတွေကို မေးလိုက်မယ်။ ဖြေဆိုနိုင်ပါတယ်။

(၁) ဥပမာ- သမ္မတအုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ဟာ “ပြည်ထောင်စုစနစ်”ဖြင့် နိုင်ငံတော်ကို ဖွဲ့စည်းတည်ဆောက်မယ်ဆိုရင် “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး” ဖွဲ့စည်းထားခြင်း လို၊ မလို။
(၂) ဥပမာ – ပါလီမန်အုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ဟာ “ပြည်ထောင်စုစနစ်”ဖြင့် နိုင်ငံတော်ကို ဖွဲ့စည်းတည်ဆောက်မယ် ဆိုရင် “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး” ဖွဲ့စည်းထားခြင်း လို၊ မလို။
(၃) “ပြည်ထောင်စုစနစ်” ဆိုတဲ့စကားရပ်ဟာ သမ္မတအုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်နဲ့ ဆန့်ကျင်ပါသလား။ ပါလီမန်ဝန်ကြီးချုပ် အုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်နဲ့ ဆန့်ကျင်မှုရှိပါသလား။
(၄) “ပြည်ထောင်စုစနစ်”ဖြင့် ဖွဲ့စည်းတည်ထောင်သော တိုင်းပြည်ဟာ သမ္မတအုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ရဲ့ အနှစ်သာရလား။ ပါလီမန်ဝန်ကြီးချုပ် အုပ်ချုပ်တဲ့ နိုင်ငံရေးရဲ့ အနှစ်သာရလား။
(၅) “ပြည်ထောင်စုစနစ်”ဖြင့် ထားတဲ့ နိုင်ငံရေးမူဝါဒဟာ ပြည်နယ်နှင့် တိုင်းဒေသ တွေမှာကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးဖို့ လို၊ မလို။
(၆) “ပြည်ထောင်စုသမ္မတစနစ်”ဖြင့် တည်ထောင်တဲ့ နိုင်ငံရေးဟာ နိုင်ငံရေး၊ နိုင်ငံသား၊ လူမှုနိုင်ငံသား ဘယ်လိုပုံမျိုးနဲ့ အသိအမှတ်ထားပါသလဲ။
(၇) “ပြည်ထောင်စု ပါလီမန် ဝန်ကြီးချုပ်စနစ်ဖြင့် တည်ထောင်တဲ့ နိုင်ငံရေးဟာ နိုင်ငံရေး၊ နိုင်ငံသား၊ လူမှုနိုင်ငံသား ဘယ်လိုပုံမျိုးနဲ့ အသိအမှတ်ထားပါသလဲ။
(၈) အာဏာကြီးသုံးရပ် (အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေ ပြုရေးအာဏာ)ကို သမ္မတ ဦးဆောင်တဲ့ နိုင်ငံရေးမှာ ဘာဖြစ်လို့ သီးခြားထားခြင်းစနစ်နဲ့ ဖွဲ့စည်းထားပါသလဲ။
(၉) ဒီမိုကရေစီနိုင်ငံရေးစနစ်တိုင်း အာဏာကြီးသုံးရပ်စလုံးကို အမြဲတမ်းပဲ သီးခြား ထားခြင်း ရှိပါသလား။ မရှိပါ
(၁ဝ) သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီစနစ်က အာဏာသီးခြားထားခြင်းစနစ်မဟုတ်လည်းကျင့်သုံးလို့ရပါသလား။ရပါတယ်
(၁၁) အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုရေးအာဏာ လွန်ဆွဲပွဲများ အဆုံးသတ်ဖို့အာဏာ သီးခြားစီထားခြင်းဟာ ဒီမိုကရေစီနိုင်ငံရေးမူဝါဒအရ မှန်ပါသလား။
(၁၂) သမ္မတဟာ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးပြီး ဥပဒေပြုရေးအာဏာကို လွှတ်တော်က ကျင့်သုံးကာ တရားစီရင်ရေးအာဏာကို နှစ်ခုလုံးမှ ကင်းလွတ်ပြီးတော့ သီးခြားထားတဲ့ ကျင့်သုံးမှုနဲ့ ကျင့်သုံးရင် ဒီမိုကရေစီ (ပြည်သူ့ရေးရာ)စနစ်အရ ဟုတ်ပြီလို့ ဆိုနိုင်ပြီလား။
(၁၃) သမ္မတအုပ်ချုပ်မှုပါသော၊ လွှတ်တော်အုပ်ချုပ်မှုပါသော နိုင်ငံရေးစနစ်ဟာ ဒီမိုကရေစီနိုင်ငံရေးစနစ်လို့ သတ်မှတ်ရင် ရမလား။
(၁၄) ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမှု မလိုဘဲ ဒီမိုကရေစီနိုင်ငံရေးစနစ်ကျင့်သုံးလို့ ရပါသလား။
(၁၅) ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ ဖိနှိပ်ရေးဥပဒေများ ဖိနှိပ်ရေးဘက်သို့ ဦးတည် ရောက်သွားတာ ရှိပါသလား။
(၁၆) သမ္မတနိုင်ငံအားလုံးဟာ သမ္မတဦးဆောင်တဲ့ ဒီမိုကရေစီကို ကျင့်သုံးကြပါသလား။
(၁၇) ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော သမ္မတနိုင်ငံ ရှိပါသလား။(၁၈) သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီနိုင်ငံမှာ အစိုးရ ဖွဲ့စည်းဖို့ဟာ သမ္မတရဲ့ တာဝန်မထားဘဲ လွှတ်တော်က တာဝန်ယူမယ်ဆိုရင် အစိုးရ မဖြစ်လာနိုင်ဘူးလား။
(၁၉) ပြည်သူလူထုက သမ္မတကို စိတ်ကြိုက်ရွေးခွင့် ပေးသင့်ပါသလား။ ဒါမှ မဟုတ် ပြည်သူ့ကိုယ်စားလှယ်က သမ္မတကို ရွေးချယ်ခွင့်ပေးလိုက်တာဟာ ဒီမိုကရေစီ ကျင့်စဉ်အရ မှန်ပါသလား။
(၂ဝ) သမ္မတက မိမိရဲ့အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို စိတ်ကြိုက် ရွေးချယ်ခန့်ထား ခွင့် ပေးလိုက်တာကို ဒီမိုကရေစီနိုင်ငံရေးမူဝါဒအရ ယုံကြည်စိတ်ချရပြီလား။
(၂၁) သမ္မတခန့်ထားသောဝန်ကြီး (အစိုးရအဖွဲ့ဝင်ဝန်ကြီး)က မသမာမှုများ ပြုလုပ် ခဲ့သော် သမ္မတကိုယ်တိုင်က ဖြုတ်ပယ်ခွင့် ရှိသလား။ ဒီမိုကရေစီနိုင်ငံရေးစနစ်အရ မည်သို့ နည်းပညာများ လမ်းညွှန်ခဲ့ခြင်း ရှိပါသလဲ။
(၂၂) သမ္မတကိုယ်တိုင် နိုင်ငံ့ဦးသျှောင်ရာထူး၊ အစိုးရအဖွဲ့အကြီးအကဲ တာဝန်ပါ ရယူပိုင်ဆိုင်ထားသူ ဖြစ်တာကြောင့် နိုင်ငံတော်အား စီမံခန့်ခွဲအုပ်ချုပ်ရေးအာဏာ အရှိဆုံး ပုဂ္ဂိုလ်လို့ မှတ်ယူနိုင်ပါတယ်။ သို့သော် ဘာဖြစ်လို့ သမ္မတကို ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာတို့ကို ရယူသုံးစွဲပိုင်ခွင့် မရှိရပါသလဲ။
(၂၃) သမ္မတက အမည်စာရင်းသွင်းထားတဲ့ ပုဂ္ဂိုလ်ကို လွှတ်တော်က မကြိုက် မနှစ်သက်သူဖြစ်ရင် ဘာဖြစ်လို့ ကန့်ကွက်ခွင့်မပေးသလဲ။
(၂၄) သမ္မတ ရွေးချယ်ထားသူတိုင်း အစိုးရအဖွဲ့ဝင် ဖြစ်ရမယ်ဆိုရင် ပြည်သူ့ရေးရာ နိုင်ငံရေးစနစ်အရ အများလက်ခံနိုင်စရာ ဖြစ်နိုင်ခြေ ရှိနိုင်ပါမလား။(၂၅) ပြည်သူ့ကိုယ်စားလှယ်မဟုတ်သူတစ်ယောက်ကို အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် ခန့်အပ်ရင် လွှတ်တော်ကိုယ်စားလှယ်များအား အသိပေးပြီးမှ၊ သို့မဟုတ် ချပြပြီးမှ ၄င်းပုဂ္ဂိုလ် အား ရွေးချယ်ရင် မသင့်ပေဘူးလား။
(၂၆) သမ္မတ အမည်စာရင်းတင်သွင်းတဲ့ ရာထူးဝန်ပုဂ္ဂိုလ်ကို လွှတ်တော်နာယကက မကြိုက်မနှစ်သက်ရင် အတည်မပြုဘဲ တားမြစ်ပိုင်ခွင့် မပေးနိုင်ဘူးလား။
( ၂၇) သမ္မတရာထူးဝန် ရွေးချယ်ရာမှာ လွှတ်တော်ကိုယ်စားလှယ် ပုဂ္ဂိုလ်များမှ ရွေးယူခဲ့ရင် ဒီမိုကရေစီစနစ် နိုင်ငံရေးသဘောမှာ မည်သို့ ဆန့်ကျင်သွားပါသလဲ။
(၂၈) သမ္မတ အုပ်ချုပ်သော နိုင်ငံရေးစနစ်နဲ့ ပါလီမန်ဝန်ကြီးချုပ် အုပ်ချုပ်သော နိုင်ငံရေးစနစ်အရ အာဏာများ သီးခြားစီထားရှိခြင်းစနစ်ဟာ မည်သို့ လိုအပ်၍ (လိုအပ်ခြင်း ကြောင့်) ရွေးချယ်ဖို့ ရှိတယ်လို့ ယူဆပါသလဲ။
(၂၉) သမ္မတဦးဆောင်သော နိုင်ငံရေးစနစ်မှာ အစိုးရ ဖွဲ့စည်းရေးအတွက် သမ္မတ တစ်ဦးတည်း လုပ်ပိုင်ခွင့်မထားဘဲ လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ သမ္မတက ခန့်အပ်ရင် အဆင်ပြေနိုင်ပါသလား။
(၃ဝ) သမ္မတရွေးသောစနစ်အရ သမ္မတ ရွေးချယ်တင်မြှောက်သောအဖွဲ့ကို ပြည်သူ က ရွေးချယ်သောပုဂ္ဂိုလ်များ ဖြစ်သင့်သည် မဟုတ်လား။
(၃၁) သမ္မတရွေးချယ်သောအဖွဲ့ဟာ ပြည်နယ်နှင့် တိုင်းမှ လွှတ်တော်ကိုယ်စား လှယ်များ ပါဝင်သင့်တယ်လို့ ယူဆပါသလား။
(၃၂) ပါဝင်ခွင့်ရှိရင် လွှတ်တော်ကိုယ်စားလှယ်တွေ အနည်း၊ အများ အချိုးအစား အတိုင်း ပါဝင်သင့်တယ်လို့ ယူဆပါသလား။
(၃၃) သမ္မတ ရွေးချယ်ရေးစနစ်အရ ပြည်နယ်နှင့် တိုင်းမှ စ၍ စတင် စုပေါင်း ရွေးချယ်သောစနစ်ဖြင့် ကျင့်သုံးရင် သမ္မတအုပ်ချုပ်ရေး နိုင်ငံရေးစနစ်ကို ထိခိုက်နိုင်ဖွယ်ရာ ရှိပါသလား။
(၃၄) သမ္မတအုပ်ချုပ်သောစနစ်ဟာ အုပ်ချုပ်ရေးစနစ်သာ သက်ဆိုင်ပြီး ဘာဖြစ်လို့ ဥပဒေအားလုံး အသက်သွင်းရာမှာ သမ္မတကိုယ်တိုင်က ဦးဆောင်မှု လုပ်ရပါသလဲ။
(၃၅) ဖြုတ်နိုင်၊ ခန့်နိုင်သော အာဏာကို သမ္မတမှာ အပြည့်အဝရှိရင် သမ္မတဟာ စစ်သေနာပတိချုပ်အဖြစ် သတ်မှတ်နိုင်ပါသလား။
(၃၆) သမ္မတဟာ အာဏာပိုင်စိုးသူ ဖြစ်သောကြောင့် ကာကွယ်ရေးဝန်ကြီး အပါ အဝင် တပ်မတော်အရာရှိကြီးတွေကို သမ္မတက ခန့်အပ်ခြင်း၊ တာဝန်မှ ဖယ်ရှားခြင်း ပြုလုပ် နိုင်ပါသလား။          
(၃၇) ပြည်ပနိုင်ငံကျူးကျော်စစ် သို့မဟုတ် စစ်ကြေညာလာခြင်းကို တိုက်ခိုက်၊ ခုခံရန် လွှတ်တော် အတည်ပြုချက် ရယူဖို့ လိုပါသလား။
(၃၈) လက်တွေ့ လိုအပ်ချက်အရ သမ္မတကိုယ်တိုင် ဦးဆောင်၍ လုပ်ဆောင်ရင် ဆောင်ရွက်ခွင့် ရှိပါသလား။
(၃၉) စစ်နဲ့ ပတ်သက်ရင် သမ္မတ လုပ်ပိုင်ခွင့်များရှိပါက အာဏာရှင် မဖြစ်နေ ဘူးလား။
(၄၀) နိုင်ငံခြားဆက်ဆံရေးကိစ္စများမှာ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဆောင်ရွက်ခဲ့ ပေမယ့် သမ္မတကိုယ်စားအဖြစ်သာ ရှိရမယ် ဆိုတာ လက်ခံပါသလား။
(၄၁) သံတမန်စေလွှတ်ရေးကိစ္စ၊ လက်ခံရေးကိစ္စအားလုံးမှာ သမ္မတက မဆောင် ရွက်ဘဲ နိုင်ငံခြားဝန်ကြီး ဆောင်ရွက်ခွင့် ရှိနိုင်ပါသလား။
(၄၂) သမ္မတဟာ နိုင်ငံခြားနဲ့ ချုပ်ဆိုတဲ့ စာချုပ်အားလုံးမှာ တာဝန်အရှိဆုံးပုဂ္ဂိုလ်လို့ မြင်ပါသလား။
(၄၃) သမ္မတ ဦးဆောင်တဲ့စနစ်ဟာ သမ္မတဟာ ဘာကြောင့် ဥပဒေပြုရေးအာဏာမှာ လုပ်ပိုင်ခွင့် မရှိရပါသလဲ။ ဥပဒေပြုလွှတ်တော်ကို ဘာကြောင့် လွှမ်းမိုးနိုင်ခြင်း မရှိပါ သလဲ။ ဘာကြောင့် ဥပဒေပြုအဖွဲ့ကို ဖျက်သိမ်းခြင်း မလုပ်နိုင်ပါသလဲ။ ဥပဒေပြုလွှတ်တော် အမတ်တွေကို ဘာကြောင့် ထိန်းချုပ်ခွင့် မရှိပါသလဲ။ 
(၄၄) မြန်မာပြည် ယခုလက်ရှိအစိုးရဟာ ဥပဒေပြုအာဏာကို ဘာကြောင့် မပိုင်ပါ
(၄၅) ဥပဒေပြုအာဏာရှိတဲ့အဖွဲ့ဟာ သမ္မတလိုအင်မဟုတ်တဲ့ ကွဲလွဲတဲ့ ဥပဒေတွေ ကိုလည်း ရေးဆွဲပိုင်ခွင့် ရနိုင်၊ မရနိုင်။
(၄၆) သမ္မတဆန္ဒနဲ့အညီ ဥပဒေဖြစ်ပေါ်လာရေးအတွက် သမ္မတက ဥပဒေပြုရေး အဖွဲ့ကို စည်းရုံးနိုင်သည်သာ ရှိတယ်။ အမိန့်ပေးခွင့်၊ ထိန်းချုပ်ခွင့် လုပ်လို့မရဘူး ဆိုတာ မှန်ပါသလား။
(၄၇) သမ္မတဟာ လွှတ်တော်အစည်းအဝေးတွေကို ခေါ်ယူကျင်းပစေနိုင်တဲ့ အခွင့် အာဏာ ရှိသလား။
(၄၈) နိုင်ငံတော် အသုံးပြု ဘတ်ဂျက်ကိစ္စမှာ လွှတ်တော် အတည်ပြုပေးစရာမလို လည်း ရပါတယ်လို့ ယူဆနိုင်ပါသလား။
(၄၉) ဘတ်ဂျက်ကို သမ္မတက ပြင်ဆင်ပြီး လွှတ်တော်က အတည်ပြုပေးရန် မလိုဘဲ လုပ်လို့ ရပါသလား။
(၅၀) ဘတ်ဂျက်ဥပဒေပြုရေးကိစ္စမှာ သမ္မတကို အလေးထားတဲ့ အာဏာများ ရှိနေတာဟာ ကောင်းပါသလား။
(၅၁) သမ္မတမှာ ပြစ်မှုနဲ့ အပြစ်ဒဏ်ကျခံနေရတဲ့သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တဲ့ အခွင့်အာဏာမရှိရင် ဒီမိုကရေစီနိုင်ငံရေးနည်းအရ ဆန့်ကျင်ပါသလား။
(၅၂) သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ ဥပဒေပြုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဟာ အစိုးရအဖွဲ့ထဲမှာ ပါဝင်နိုင်ပါသလား။
(၅၃) သမ္မတဦးဆောင်တဲ့ ဒီမိုကရေစီစနစ်မှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ ဥပဒေပြုအဖွဲ့ဝင် ဖြစ်ခွင့်ရှိပါသလား။ ဥပဒေပြုအဖွဲ့ဝင်ပုဂ္ဂိုလ်ဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ခွင့် မရှိနိုင်ဘူးလား။
(၅၄) အပြန်အလှန် ထိန်းညှိနိုင်တဲ့စနစ် (Check and Balance) ကို ဖန်တီးလုပ်တဲ့ စနစ်ဟာဒီမိုကရေစီနိုင်ငံရေးစနစ်ကို ဘယ်လောက်ထိ အာမခံပေးနိုင်ပါသလဲ။
(၅၅) သမ္မတ ဦးဆောင်သော ဒီမိုကရေစီနိုင်ငံရေးစနစ်ဟာ လွှတ်တော်ကို ဘာ ကြောင့် ဖျက်သိမ်းခွင့် မရှိပါသလဲ။ 
(၅၆) သမ္မတဟာ မဲဆန္ဒရှင် ပြည်သူလူထုကို တိုက်ရိုက်တာဝန်ခံရသူ မဟုတ်ရင် ဒီမိုကရေစီနိုင်ငံရေးအရ ဘယ်လို သဘောတွေ့ပါသလဲ။
(၅၇) သမ္မတ ဦးဆောင်သော နိုင်ငံရေးစနစ်ဟာ ဝန်ကြီးချုပ်ထားရင် ရပါသလား။ ဒီမိုကရေစီစနစ်အရ အခက်အခဲ ဖြစ်လာနိုင်စရာ ရှိပါသလား။
(၅၈) လွှတ်တော်ကို အယုံအကြည်မရှိ အဆိုမတင်သွင်းနိုင်တဲ့ ဒီမိုကရေစီစနစ်ဟာ မြန်မာ့နိုင်ငံရေးမှာ တိုးတက်မှုအမြင် ရှိလာနိုင်ပါသလား။ မရှိနိုင်
(၅၉) အစိုးရဟာ ဥပဒေပြုလွှတ်တော်ထဲက လာခြင်းဖြစ်ရင် ဒီမိုကရေစီနည်းလမ်း အရ ဘာတွေများ လုပ်ထားရမလဲ။
(၆ဝ) အစိုးရအာဏာ ကန့်သတ်ချက်ထားခြင်းနဲ့ မထားခြင်း ဘယ်ကဲ့သို့ ကွာခြား ကြပါသလဲ။
(၆၁) နိုင်ငံရေးပိတ်ဆို့မှုခံရတဲ့ ဒီမိုကရေစီစနစ်ဟာ ဘယ်ဒီမိုကရေစီစနစ်တွေပါလဲ။
(၆၂) နိုင်ငံရေးပိတ်ဆို့မှုဖြစ်ရင် လွှတ်တော်ကို ဖျက်သိမ်းပါက ဒီမိုကရေစီစနစ် တစ်ခု ပြောင်းလဲသွားတယ်လို့ ယူဆနိုင်ပါသလား။
(၆၃) ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ လွဲချော်နေတဲ့ သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီ စနစ်ဟာ ဘာကြောင့် ဒီမိုကရေစီစနစ်တစ်ပါးလို့ ခေါ်ဆိုသတ်မှတ်ရပါသလဲ။
(၆၄) အစိုးရအဖွဲ့ကို ညွန့်ပေါင်းဖွဲ့စည်းခြင်းပြုရင် မြန်မာပြည်နိုင်ငံရေးပုံစံ (ယခု ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအတိုင်း) စနစ်အရ မှန်ပါသလား။
(၆၅) သမ္မတရာထူး ပြန်လည်ရွေးခံမှု ကန့်သတ်ထားတာဟာ ဒီမိုကရေစီစနစ်လို့ သတ်မှတ်နိုင်ပါသလား။

သမ္မတဦးဆောင်တဲ့ ဒီမိုကရေစီစနစ်နဲ့ ဝန်ကြီးချုပ် ဦးဆောင်တဲ့ ပါလီမန်ဒီမိုကရေစီ စနစ်နှစ်မျိုးရဲ့ လေ့လာချက်အဖြေတွေကို ယနေ့ မြန်မာပြည်လွှတ်တော်ထဲရောက်တဲ့ လွှတ်တော် အမတ်တွေ ဖော်ပြတဲ့ မေးခွန်းပေါင်း (၆၅) ခုကို မေးလိုက်ပါပြီ။ မေးခွန်းတစ်ခုကို ၁ မှတ်စီ သတ်မှတ်ထားပါတယ်။ ရမှတ်ပေါင်း ၃ဝ ကျော်ရင် ဒီမိုကရေစီစာမေးပွဲ အောင်မြင်တဲ့ သူအဖြစ် သတ်မှတ်လိုက်ပါပြီ။

လွှတ်တော်အမတ်များ ဖြေကြည့်ပါ။
သမ္မတဟာ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးပြီး ဥပဒေပြုရေးအာဏာကို လွှတ်တော်က ကျင့်သုံးကာ တရားစီရင်ရေးအာဏာကို နှစ်ခုလုံးမှ ကင်းလွတ်ပြီးတော့ သီးခြားထားတဲ့ ကျင့်သုံးမှုနဲ့ကျင့်သုံးရင်
ဒီမိုကရေစီ (ပြည်သူ့ရေးရာ)စနစ်အရ ဟုတ်ပြီလို့ ဆိုနိုင်ပြီလား။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၇၂-၂၇၇၊ အဝိဟိံသာနိုင်ငံရေး (၃၄)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၃၃)

ခွဲခြားဆက်ဆံရေးဟာ ခေတ်နောက်ကျတဲ့ အပြုအမူပါပဲ၊ ယနေ့ နိုင်ငံရေးကမ္ဘာ (ကမ္ဘာ့နိုင်ငံရေး) ကို လေ့လာကြည့်ရင် အားရစရာ ဘာတစ်ခုမှ မတွေ့ရပါ။ အသက်နဲ့ထပ်တူ စောင့်ထိန်းတဲ့ နိုင်ငံရေး မတွေ့မမြင်ရလို့ပါ။ ဖျတ်လတ်တဲ့ စိတ်တွေ ထားကြပေမယ့် သူတော်ကောင်း စိတ်တွေမပါဘဲ တစ်ယောက်နဲ့ တစ်ယောက် (တစ်ဖွဲ့နဲ့ တစ်ဖွဲ့)ချေမှုန်းနေကြ တာကို တွေ့ရတယ်။ ဒီပြုမူမှုဟာ နိုင်ငံရေးကောင်းစားဖို့မဟုတ်ပါ။ ကမ္ဘာ့ပြည်သူတွေဟာ အရာခပ်သိမ်းကို မပိုင်စိုးရပေမယ့် ငြိမ်းချမ်းရေးကိုတော့ ပိုင်စိုးလိုကြတာ အမှန်ပါပဲ။ ကိုယ်၊ စိတ်မငြိမ်းချမ်းရတဲ့လောကနဲ့ နေထိုင်ကြရတဲ့ လူသားတွေကို တစ်ခုအနေနဲ့ လုပ်ပေး လိုတဲ့ ဆန္ဒရှိကြမယ်ဆိုရင် အကြမ်းမဖက်တဲ့ နိုင်ငံရေးအတွက် လုပ်ပေးရမယ်။ (လုပ်ပေးပါ)။

အစဉ်တစိုက် လိုက်ဖို့

လူအချင်းချင်း အနိုင်ကျင့်ကြတာဟာ အသရေတိုးတဲ့အလုပ် မဟုတ်ပါ။ ဆင်းရဲ၊ ချမ်းသာချင်း ခံစားရခြင်းအတူတူ အချို့ တိုင်းပြည်ဟာ ငြိမ်းချမ်းသာယာပြီး အချို့ တိုင်းပြည် တွေက ပူပန်ခဲ့ရတာ မျိုးဖြစ်ရင် မျှဝေခံစားကြဖို့ မမေ့သင့်ပါ။ လက်တွဲဖို့ မမေ့သင့်ပါ။ ကူညီထောက်ပံ့ကြဖို့ မမေ့သင့်ပါ။ လူချင်းခွဲခြား၊ တိုင်းပြည်ခွဲခြားမှု ပြုကြတာကြောင့် လူသားများ အတိဒုက္ခရောက်ကြရတာပါ။ လူသားအချင်းချင်း ဖြစ်ပါလျက်နဲ့ အဆင့်အတန်း ခွဲခြားဆက်ဆံကြတာဟာ လူသားမေတ္တာ၊ လူသားပညာ၊ လူသားတရား မဟုတ်ပါ။ တော်တဲ့ သူက တော်သလို ခေါင်းဆောင်ပါ။ ရိုးသားပါ။ နောက်လိုက်သူက အစဉ်တစိုက် လိုက်ဖို့ပါ။

ငြိမ်းအေးချမ်းသာ ကမ္ဘာကြီး

ယနေ့ လူသားတွေဟာ အခြားသော သတ္တဝါတွေထက် ပို၍ ဒုက္ခများကြတယ်။ ဒုက္ခမများတဲ့ ကမ္ဘာ့လူသားတွေ ဘာဖြစ်လို့ မတည်ဆောက်နိုင်ကြပါသလဲ။ ဒုက္ခမရှိတဲ့ ကမ္ဘာဖြစ်အောင် စုပေါင်းတည်ဆောက်ကြရမယ်။ ဒီကမ္ဘာကို သုခကမ္ဘာ မဖြစ်လို့ မရပါ။ သုခကမ္ဘာမဖြစ်ရင် လူသားတွေ ထာဝရဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရမယ်။ တစ်သက်လုံး ဒုက္ခခံစားနေရတဲ့နေရာ မဟုတ်တဲ့ ဒီကမ္ဘာကို ချမ်းသာသော လူ့ဘုံအဖြစ် ဖန်တီးရမယ်။ ရန်မဲ့လောကဖြစ်အောင် တည်ထောင်ရမယ်။ လူသားတိုင်း ဒုက္ခကင်းမဲ့ရမယ်။ ငြိမ်းအေး ချမ်းသာ ကမ္ဘာကြီး ဖြစ်ရမယ်။

သခင်မဲ့တဲ့ တိုင်းပြည်

အရှင်တို့တိုင်းပြည်ဟာ ငြိမ်းချမ်းသာယာတဲ့ ပြည်မြန်မာ မဟုတ်သေးပါ။ မငြိမ်းချမ်း မသာယာတဲ့ တိုင်းပြည်ဟာ သခင်မဲ့တဲ့ တိုင်းပြည်နဲ့ တူပါတယ်။ သခင်မဲ့တဲ့ တိုင်းပြည်ဟာ ဒီမိုကရေစီမဲ့ပါတယ်။ ဒီမိုကရေစီဟာ သခင်အဖြစ်နဲ့ တည်ထောင်ပေးနိုင်တဲ့ နိုင်ငံရေးလမ်းစဉ် မှန်ရင် ဒီမိုကရေစီတိုင်းပြည်တိုင်း ထာဝရငြိမ်းချမ်းရေးရှိရမှာပဲ။ ငြိမ်းချမ်းရေးမရှိတဲ့ ဒီမို ကရေစီဟာ အင်အားဘယ်လိုပဲ စုစု၊ ပြည်ထောင်စုစနစ် ဘယ်လိုပဲပြိုပြို၊ ညီညွတ်ရေး ဘယ်လိုပဲထားထား လူသားအားလုံး လက်ခံကျင့်သုံးနိုင်တဲ့ မူဝါဒ မဟုတ်ရင် မပြိုကွဲစရာ၊ တည်တံ့စရာ၊ ခိုင်မြဲစရာ မရှိပါဘူး။

အတ္တများပြားခဲ့ကြတာကြောင့်

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးစကား ဘယ်လိုပဲပြောပြော၊ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးဆိုတဲ့စကား ဘယ်လိုပဲဆိုဆို လူတိုင်းအားလုံး လိုလားကြတဲ့ ပြည်သူ့ဘဝ နိုင်ငံရေး၊ သို့မဟုတ် လူမှုဘဝနိုင်ငံရေးမဟုတ်ရင် မြန်မာပြည် နိုင်ငံရေးဟာ အထွတ်အထိပ် မရောက်နိုင်ပါ။ မြန်မာပြည်နိုင်ငံရေးကို လေ့လာကြည့်ရင် “အာဏာဖီဆန်ရေးလမ်းစဉ်”၊ “ပုဂ္ဂိုလ်မုန်းတီးရေးလမ်းစဉ်” အလွန်အတ္တများပြားခဲ့တာကြောင့် ဒီမိုကရေစီနိုင်ငံရေး ကျွံနစ် ခဲ့ရတယ်။ ယခင်က တိုင်းရင်းသားလူမျိုးစုများနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဆောင်ရွက်လိုတဲ့သူတွေရဲ့ အဆိုစကားကြောင့်လည်း တိုင်းပြည်သားကောင်း (သမီး ကောင်း) ရတနာတွေ ပညာရေးဆုံးပါးခဲ့ရတာ များလှတယ်။ မြန်မာပြည်နိုင်ငံရေးဟာ အပြစ်ဖို့ချင်ကြတဲ့သူတွေ များတယ်။ တရားခံထားချင် ကြတဲ့သူတွေ များတယ်။ အမှားတွေ များပြီး အမှားကို အပြစ်လိုမမြင်တာ မသင့်ပါဘူး။ ပေါ့ဆတဲ့ နိုင်ငံရေးကို မွေးထုတ်တာဟာ အပြစ်ကို မွေးဖွားပေးတာနဲ့ တူပါတယ်။ နိုင်ငံရေး ဆိုတာ ကြည်လင်ရမယ်။ သန့်ရှင်းရမယ်။ လေ့လာသူတိုင်း ဖောက်ထွင်းမြင်နိုင်ရမယ်။ လျှို့ဝှက်မထားရ၊ လူသိမခံရဲတာ မရှိရ၊ စစ်ဆေးခံနိုင်ရမယ်။ အချိန်တိုင်း လာကြည့်နိုင်တယ်။ မယုံကြည်သူများ သံသယကင်းစေရမယ်။ မှန်ကန်ရမယ်။ တာဝန်ယူနိုင်ရမယ်။ လိမ်လည်မှု ရှင်းရမယ်။ ပွင့်လင်းရမယ်။

အတုအယောင်ကို ကျင့်ဝတ်နဲ့ စောင့်ကြည့်

နိုင်ငံရေးနယ်ပယ်မှာ ပြုတ်မထူး လုပ်မထူးတဲ့သူတွေ၊ ညံ့ဖျင်းအမိုက်တဲ့သူတွေ၊ အလုပ်နဲ့ အထုပ်ယူတဲ့သူတွေ မပါဖို့ လိုတယ်။ နိုင်ငံရေးဆိုတာ လုံခြုံရေးတစ်မျိုးတည်း မဟုတ်တာကြောင့် ပွင့်လင်းမြင်သာမှုမရှိတဲ့ နိုင်ငံရေးဟာ ရည်ရွယ်ချက် အရှုံးသက်သက် ချည်းပဲ အဖြေထွက်တယ်။ နိုင်ငံရေးမှာ ဆုံးရှုံးမှုများရင် အဘက်ဘက် အကျင့်ပျက်ကြမယ်။ အကျင့်ပျက်များရင် တာဝန်မဲ့မှုတွေ များမယ်။ တာဝန်မဲ့မှုတွေကြောင့် ဖုံးဖိမှုတွေ များတယ်။ တာဝန်ရှိသူတစ်ယောက် တာဝန်မဲ့မှုလုပ်ရင် တိုင်းပြည်ပျက်အောင် လုပ်တာနဲ့ အတူတူပါပဲ။ အကျင့်စာရိတ္တ မဖွံ့ဖြိုးတဲ့လုပ်ရပ်ဟာ တာဝန်မဲ့တဲ့သူတွေရဲ့ လုပ်ရပ်တွေပါ။ ကျင့်ဝတ်မစောင့် ထိန်းတဲ့ နိုင်ငံရေးဟာ ဘယ်စီမံကိန်းမျိုးမှ မအောင်မြင်နိုင်ပါဘူး။ မကောင်းမှုဟာ မပေါ်စရာ အကြောင်းမရှိပါ။ အရှက်မရစရာ မရှိပါ။ အားကျတဲ့အလုပ်ဟာ အားရစရာ မရှိသလို အားမကျတဲ့အလုပ်ကို လူတိုင်း စစ်စစ်ပေါက်ပေါက် ကြည့်ကြမှာ သေချာတယ်။ အများနဲ့ သက်ဆိုင်တဲ့နိုင်ငံရေးဟာ မျက်လုံးတစ်လုံးလေးနဲ့ ကြည့်နေကြတာ မဟုတ်ပါ။ အတုအယောင် ကို ကျင့်ဝတ်နဲ့ စောင့်ကြည့်နေကြတယ် ဆိုတာကို နားလည်ရမယ်။

ဥပေက္ခာပြုထား

နိုင်ငံရေးဆိုတာ အကောင်းဘက်၊ အဆိုးဘက်နှစ်မျိုးစလုံး ဒွန်တွဲဦးတည်မှု ရှိရမယ်။ အကောင်းသက်သက် ဦးတည်တဲ့ နိုင်ငံရေးမရှိပါ။ မျှော်လင့်ချက်က အကောင်းဘက်ချည်းပါ။ အကောင်းဘက်ချည်း ဖြစ် မဖြစ် ဆိုတာ ပြည်သူက ဆုံးဖြတ်ပေးမှာပါ။ ပြောင်းသူက ကျင့်ဝတ်ကောင်းရင် ပြောင်းလဲခြင်း (ပြောင်းလဲမှု) အကောင်းလို့ မှတ်ယူနိုင်ပါတယ်။ ပြောင်းလဲမှုဆိုင်ရာ ပြောင်းလဲရေးဟာ တိုက်ဖျက်ရေးအမျိုးမျိုး ပါရင် နိုင်ငံရေးသဘောတရား “ The good အရ မအောင်မြင်ပါ။ နိုင်ငံရေး၊ နိုင်ငံမူပြောင်းလဲရေးဟာ တိုက်ဖျက်ရေးမဟုတ်။ ဖွံ့ဖြိုးရေး၊ တိုးတက်ရေးပါ။ နိုင်ငံရေးတည်ဆောက်နိုင်ရေးအတွက် ဖွံ့ဖြိုးရေး၊ တိုးတက်ရေးမလုပ်ဘဲ corrupts-‘ အကျင့်ပျက်သူကို ဖော်ထုတ်ရေးလုပ်ရင် နိုင်ငံရေးတည်ဆောက်ရေးမှာ ဆုံးရှုံးတယ်။ အကျင့် မလုံခြုံခြင်း၊ အကျင့်ပျက်ယိုယွင်းခြင်း၊ အကျင့်တရား ပျက်ယွင်းခြင်းတွေဟာ တစ်ကမ္ဘာလုံး က လူသားတွေပါ။ တစ်ကမ္ဘာလုံးရဲ့ ပြဿနာပါ။ ဒီပြဿနာဟာ ဗျူဟာကျတဲ့ ပြဿနာမို့ ပြောင်းလဲမှုဆိုင်ရာ ပြောင်းလဲရေးနဲ့ ဥပေက္ခာပြုထားရမယ်။ (တစိမ့်စိမ့် ဒေါက်ထောက် ကြည့်နေခြင်းကို ဆိုသည်။)

ရှောင်အပ်ရာ

လူတွေဟာ နိုင်ငံရေးတည်ဆောက်တဲ့ သတ္တဝါတွေ ဖြစ်တာကြောင့် အခွင့်အရေး သမား မဟုတ်။ မတရားသူ မဟုတ်။ သူခိုးကြီးလည်း စွပ်စွဲခံရမှာပဲ။ ဓားပြကြီးလည်း စွပ်စွဲခံရမှာပဲ။ စိတ်ဓာတ်ရေးရာ မြင့်မြတ်နေရင်းက အဓိက ဖြစ်တယ်။ ပဓာန၊ အပဓာန မခွဲခြားတတ်ရင် ပြောင်းလဲမှုဆိုင်ရာ ပြောင်းလဲရေးကို မအောင်မြင်ပါ။ လုပ်ပိုင်ခွင့်အခွင့်အရေး ရသူဟာ မတရားတဲ့နည်းနဲ့ ခေါင်းမဆောင်ရပါ။ အဓမ္မ မပြုကျင့်ရပါ။ ပစ္စည်းဓန ဆိုတာ ချမ်းသာသူ၊ ဆင်းရဲသူတွေရဲ့ ပစ္စည်းဖြစ်တာကြောင့် တရားသဖြင့် ပေးခြင်း၊ ယူခြင်းသာ အဓိကကျပါတယ်။ မတရားသဖြင့် ပစ္စည်း(လာဘ်လာဘ) ပေးခြင်း၊ ယူခြင်းဟာ ရှက်တတ် သူများ မလုပ်ပါ။ စည်းကမ်းရှိသူ မလုပ်ပါ။ မချိုးဖောက်သူ၊ မကျိုးပေါက်သူ မလုပ်ပါ။ မတရားမှုပြုခြင်း၊ တရားသဖြင့် ပေးခြင်း၊ ယူခြင်းဟာ အရှက်ရခြင်း၊ ဖြစ်ခြင်းဖြစ်တာကြောင့် ကျင့်ဝတ်ကောင်းသူများ မမှီဝဲပါ။ မလုပ်ပါ။ ဝေးစွာ ရှောင်အပ်ရာ ဖြစ်ပါတယ်။

ဖိနှိပ်ရေးဘက် ဦးတည်မသွားဖို့

ယနေ့နိုင်ငံရေးခေတ်ရေစီးဟာ သမ္မတဦးဆောင်တဲ့အစိုးရ ဆိုတာ ၁၈ ရာစု နှောင်းပိုင်းကာလက ပေါ်လာတဲ့အစိုးရပါ။ ဒီအစိုးရဟာ ကိုယ်ပိုင်အုပ်ချုပ်တဲ့ အာဏာကြီး သုံးရပ်ကို (ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး)(Separation of Powar) သီးခြား ထားခြင်းစနစ်(မူဝါဒ)နဲ့ ကျင့်သုံးတဲ့အစိုးရပါ။

(၁) သမ္မတသည် အုပ်ချုပ်ရေးအာဏာကိုသာ ကျင့်သုံးရမည်။
(၂) ဥပဒေပြုရေးအာဏာကို လွှတ်တော်က ကျင့်သုံးရမည်။
(၃) တရားစီရင်ရေးအာဏာကို အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ နှစ်ရပ် စလုံးမှ ကင်းလွတ်ပြီး သီးခြားထားရှိသော မဏ္ဍိုင်အဖြစ် ကျင့်သုံးသည်လို့ ဖွင့်ဆိုထားပါ တယ်။ သမ္မတအုပ်ချုပ်တဲ့ မြန်မာပြည်အစိုးရ(အစိုးရသစ်)ကို ကြည့်ရင် အာဏာသီးခြားစီ ထားရှိသည့်စနစ် ရှိ၊ မရှိ လေ့လာရမယ်။ ဥပဒေပြုရေးအာဏာနဲ့ အုပ်ချုပ်ရေးအာဏာ နှစ်မျိုးဟာ ပူးတွဲအတူထားတဲ့ အချို့ဒီမိုကရေစီနိုင်ငံတွေမှာ တွေ့ရတယ်။ ဒီမိုကရေစီနိုင်ငံ ဖြစ်ပါက ဖိနှိပ်ရေးဘက် ဦးတည်မသွားဖို့ အရေးကြီးတယ်။ ဖိနှိပ်ရေးဘက် ဦးတည်တဲ့ နိုင်ငံရေးဟာ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အတူထားတဲ့ နိုင်ငံရေးပဲ။ လွတ်လပ်မှုကို ထားတဲ့အစိုးရ၊ သို့မဟုတ် အာမခံတဲ့ အစိုးရဟာ အာဏာကြီးသုံးရပ်ကို သီးခြားစီ ထားပြီး အုပ်ချုပ်စေတာကို တွေ့ရတယ်။

လွှတ်တော်က အတည်ပြုမပေးရင်

သမ္မတ (Republic) (ပြည်သူ့ရေးရာ) (အကြီးအကဲ) ဦးဆောင်တဲ့ နိုင်ငံရေးစနစ် အုပ်ချုပ်ရေးအာဏာထားတဲ့စနစ် ဖြစ်ပါတယ်။ သမ္မတကိုယ်တိုင်က အစိုးရဖွဲ့စည်းခွင့် တာဝန် ရှိပါတယ်။ နိုင်ငံဦးသျှောင်အစိုးရအကြီးအကဲဟာ သမ္မတဖြစ်တာကြောင့် သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီမှာ သမ္မတဟာ အာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ ပါလီမန် ဒီမိုကရေစီမှာ အာဏာအရှိဆုံးပုဂ္ဂိုလ်က ဝန်ကြီးချုပ် ဖြစ်ပါတယ်။ မြန်မာပြည်ဟာ သမ္မတ ဦးဆောင်တဲ့ နိုင်ငံရေးဖြစ်ကြောင်း သိထားရမယ်။ သမ္မတ ဦးဆောင်တဲ့ နိုင်ငံရေးစနစ်ဟာ သမ္မတ ရွေးချယ်လိုက်တဲ့ ဝန်ကြီးတွေဟာ လွှတ်တော်မှာ အတည်ပြုရမယ်။ လွှတ်တော်က အတည်မပြုရင် ဝန်ကြီးဖြစ်ခွင့် မရှိပါ။ ပြည်သူ့ကိုယ်စားလှယ် မဟုတ်တဲ့သူတစ်ဦးကို အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် ခန့်အပ်ရင် အကျင့်သိက္ခာ ကောင်း၊ မကောင်း စိစစ်ရမယ်။ သမ္မတကိုယ်တိုင် ဝန်ကြီးအမည်စာရင်း တင်သွင်းသူဖြစ်ပါစေ လွှတ်တော်က အတည်မပြုရင် ဘာရာထူးရာခံမှ သမ္မတက ခန့်ပိုင်ခွင့် မရှိစေရ။ အာဏာများ သီးခြားစီထားရှိတဲ့ နိုင်ငံရေး စနစ်မို့ သမ္မတကိုယ်တိုင်သာ အစိုးရဖွဲ့စည်းခွင့် တာဝန်ရထားပေမယ့် လွှတ်တော်က အတည် ပြုမပေးရင် သမ္မတက ဘာကိုမှ ရာထူးဝန်ကို ခန့်အပ်ပိုင်ခွင့် မရှိ။

ကိုယ်ပိုင် ဉာဏ်ရည်ဉာဏ်စွမ်း အားနည်းရင်

သမ္မတဟာ တစ်နိုင်ငံလုံးရဲ့ အုပ်ချုပ်ရေးကဏ္ဍအားလုံးရဲ့ အကြီးအကဲပါပဲ။ အုပ်ချုပ် ရေးရာကိစ္စ အားလုံးကို သူ့ရဲ့ တာဝန်ခံမှုနဲ့ ဆောင်ရွက်ရတယ်။ ဥပဒေအားလုံး အသက်သွင်း ပြဋ္ဌာန်းမှုပြုဖို့ သမ္မတကိုယ်တိုင်ကပဲ ဦးဆောင်မှု ပြုလုပ်ရမယ်။ ဝန်ကြီးအားလုံးဟာ သမ္မတရဲ့ မိသားစုဖြစ်တာကြောင့် လက်တွေ့အရ ဝန်ကြီးအားလုံးရဲ့ လုပ်ဆောင်မှုအားလုံးဟာ သမ္မတ ကိုယ်တိုင်က အပြည့်အဝ တာဝန်ရှိတယ်။ ဒါပေမဲ့ ခေတ်ကာလ အချိန်အခါအရ နိုင်ငံရေးစနစ် လျော့လာတာကြောင့် ဝန်ကြီးတွေရဲ့လုပ်ကိုင်မှုကို ဝန်ကြီးကိုယ်တိုင် တာဝန်ယူစနစ်နဲ့ သမ္မတ ကိုယ်တိုင်က ခွင့်ပြုထားတာကို တွေ့ရတယ်။ လုပ်ပိုင်ခွင့်အာဏာကို တာဝန်ယူကြတဲ့ဝန်ကြီး တွေဟာ ကိုယ်ပိုင်ဉာဏ်ရည် ဉာဏ်စွမ်းအား နည်းရင် သမ္မတအုပ်ချုပ်ရေး ထိခိုက်စေတယ်။

အမိန့်ပေးဖို့ ထိန်းချုပ်ဖို့ မရ

အာဏာများ သီးခြားထားရှိခြင်း နိုင်ငံရေးစနစ်သဘောအရ သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီစနစ်မှာ သမ္မတဟာ ဥပဒေပြုရေးအာဏာမှာ လုပ်ပိုင်ခွင့် မရှိပါ။ လွှတ်တော်ကို လွှမ်းမိုးပိုင်ခွင့် မရှိပါ။ သမ္မတဟာ ဥပဒေပြုရေးအဖွဲ့၊ သို့မဟုတ် အာဏာကို ဖျက်သိမ်းခြင်း မရပါ။ ဥပဒေပြုအမတ်တွေကို သမ္မတမှာ ထိန်းချုပ်ပိုင်ခွင့် မရှိပါ။ လွှတ်တော်ဟာ ဥပဒေပြုအာဏာကို အကြွင်းမဲ့ပိုင်ဆိုင်တဲ့အဖွဲ့ ဖြစ်တာကြောင့် သမ္မတဆန္ဒနဲ့ ကွဲလွဲတဲ့ ဥပဒေတွေလည်း ပြုပိုင်ခွင့်ရှိတယ်။ သမ္မတဆန္ဒနဲ့ ကိုက်ညီတဲ့ဥပဒေတွေ ဖြစ်ပေါ်လာရေးအတွက် သမ္မတက ဥပဒေပြုအဖွဲ့ဝင်တွေကို စည်းရုံးနိုင်တဲ့ အနေအထားသာ ရှိတယ်။ အမိန့်ပေးဖို့၊ ထိန်းချုပ်ဖို့ မရပါ။

အားသာချက် ၃ ချက်၊ အားနည်းချက် ၃ ချက်

အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ ဥပဒေပြုအဖွဲ့ဝင်များ ဖြစ်ခွင့်မရှိသလို ဥပဒေပြု အဖွဲ့တွေကလည်း အစိုးရအဖွဲ့ဝင်ဝန်ကြီး ဖြစ်ခွင့်မရှိ။ ဒီစနစ်၊ ဒီနည်းနဲ့ အပြန်အလှန်ထိန်းညှိတဲ့ စနစ် (ထိန်းကျောင်းတဲ့စနစ်) (Check and Balance)နဲ့ ကျင့်သုံးတယ်။ သမ္မတ ဦးဆောင်တဲ့ နိုင်ငံရေးစနစ်မှာ အစိုးရဟာ လွှတ်တော်ကို တာဝန်ခံဖို့မလို့ပါ။ ဖျက်သိမ်းခွင့်မရှိပါ။ ပါလီမန် ဒီမိုကရေစီစနစ်သာ ပါလီမန်ကို ဖျက်သိမ်းခွင့် ရှိတယ်။ သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီမှာ အားသာချက် ၃ ချက် ရှိတယ်။
(၁) ပထမ အားသာချက်မှာ – အစိုးရ အုပ်ချုပ်ရေးအာဏာ တည်ငြိမ်မှု [Executive Stability] ရှိခြင်း။
(၂) ဒုတိယ အားသာချက်မှာ – အစိုးရအဖွဲ့ အကြီးအကဲကို လူထုရွေးချယ်တင် မြှောက်ပွဲ [Popular Election] ဖြင့် ရွေးချယ်နိုင်ခြင်း။
(၃) တတိယ အားသာချက်မှာ – ဒီမိုကရေစီအစိုးရတစ်ရပ်ဖြစ်ရန် စံသတ်မှတ်ချက် တစ်ခုအဖြစ် လိုအပ်လျက်ရှိသော အစိုးရအာဏာများ ကန့်သတ်ထားနိုင်ခြင်း ဖြစ်ပါတယ်။ /

အားနည်းချက် ၃ ချက်မှာက
(၁) ပထမ အားနည်းချက် – အုပ်ချုပ်ရေး၊ ဥပဒေပြုရေးအကြား နိုင်ငံရေးပိတ်ဆို့မှု။
(၂) ဒုတိယအားနည်းချက် – သမ္မတအဖြစ် အရွေးခံလိုက်ရသောသူက အုပ်ချုပ်ရေး အာဏာ အားလုံးကို ယူထားမှု။
(၃) တတိယအားနည်းချက် – သမ္မတရာထူးတာဝန်အတွက် ပြန်လည်ရွေးခံမှုကို ကန့်သတ်ထားမှုတွေ ရှိပါတယ်။

သမ္မတအတွက် အကောင်းနဲ့ အဆိုး

သမ္မတဦးဆောင်တဲ့သဘောကို အကျဉ်းမျှ နားလည်ထားပြီ ဆိုကြပါစို့။ ယနေ့ မြန်မာပြည်သမ္မတအုပ်ချုပ်ရေးစနစ်ဟာ ပြည်ထောင်စုတစ်ခုလုံးရဲ့ အုပ်ချုပ်မှုအာဏာဟာ နိုင်ငံတော်သမ္မတမှာ တည်ရှိတာကြောင့် ပြည်ထောင်စုအစိုးရတစ်ခုလုံးရဲ့ အာဏာကို သမ္မတက ပိုင်စိုးသူ ဖြစ်ပါတယ်။ သို့သော် အုပ်ချုပ်မှုဆိုင်ရာအငြင်းပွားမှု တစ်ခုခု ဖြစ်လာရင် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးတာ၊ လိုအပ်ရင် အဆုံးအဖြတ်ပေးနိုင်တယ်လို့လည်း တွေ့ရ တယ်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅)၊ ပုဒ်မ ၂၁၅ အရ “နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ် သော်လည်း ကောင်း မိမိအား အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှ သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သော ပြုလုပ်မှုအတွက် မည်သည့် လွှတ်တော်၊ မည်သည့်တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန်မရှိစေရ။ သို့ရာတွင် ဤကဲ့သို့ တာဝန်မရှိခြင်းသည် နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စွပ်စွဲပြစ်တင်ခြင်း နှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်း မရှိစေရ” ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းချက်ဟာ သမ္မတအတွက် အကောင်းနဲ့အဆိုး ဘယ်လိုပုံမျိုးနဲ့ သက်ရောက်နိုင် သလဲ ဆိုတာ လေ့လာသုံးသပ်နိုင်ပါတယ်။

အာဆီယံပြည်သူတွေရဲ့ သဘောထား

သမ္မတဦးဆောင်တဲ့ ဒီမိုကရေစီနိုင်ငံရေးကို လေ့လာပြီးရင် အိမ်နီးနားချင်း အရေး အကြောင်းတစ်ခုခုကို လေ့လာရမယ်ဆိုရင် အာဆီယံနိုင်ငံတွင်း ရှိလာတဲ့ ပြဿနာ အကြောင်း တစ်ခု(တစ်မျိုး)ကို လေ့လာသင့်တယ်။ အာဆီယံနိုင်ငံတွင်း လူမျိုးခွဲခြားဆက်ဆံမှု ပပျောက် ရေး ဒေသဆိုင်ရာညီလာခံတစ်ခုကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ စူဠာလောင်ကွန်တက္ကသိုလ် မှာ ကျင်းပခဲ့ဖူးတယ်။ ဒီညီလာခံဟာ ကမ္ဘာ့ကုလသမဂ္ဂက ဦးဆောင်တဲ့ လူမျိုးရေးခွဲခြားမှ တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာညီလာခံတစ်ခုကို တောင်အာဖရိကနိုင်ငံမှာ ကျင်းပဖို့ရှိတာမို့ အာဆီယံပြည်သူတွေရဲ့ သဘောထားကို ကြိုတင် စစ်တမ်းကောက်တဲ့အနေနဲ့ ဒီညီလာခံကို ကျင်းပတာပါပဲ။ ကုလသမဂ္ဂညီလာခံကြီးကို အာဆီယံအစိုးရတွေ တက်ရောက်ကြမှာဖြစ်လို့ လူ့အခွင့်အရေးညီလာခံမှာ ဘယ်လိုအခန်းကဏ္ဍတွေမှာ ပါဝင်ကြမလဲဆိုတာကို လေ့လာကြဖို့ စိတ်ဝင်စားကြတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု

အရှေ့တောင်အာရှနိုင်ငံတွေမှာ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်လို့ တက်ရောက်တဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးတိုင်ပင် နှီးနှောကြတယ်။ ကိုယ်စားလှယ် အသီးသီး အရှေ့တောင်အာရှ တိုင်းပြည်တွေမှာ အပြစ်မဲ့တိုင်းရင်းသားတွေကို နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံတာတွေ၊ တိုင်းရင်းသူအမျိုးသမီးတွေကို အစီအစဉ်ရှိရှိနဲ့ မုဒိမ်းမှု ပြုကြတာ တွေ၊ တိုင်းရင်းသူတွေကို အတင်းအကျပ် လက်ထပ်ထိမ်းမြားစေတာတွေ၊ ဖခင်မပေါ်တဲ့ကလေးကိစ္စတွေ၊ အမျိုးသမီးများကို ရောင်းဝယ်တာတွေ၊ ပြည့်တန်ဆာအဖြစ် စေခိုင်းမှု ပြုတာတွေ၊ အလုပ်လုပ်သူ အချင်းချင်း ခွဲခြားဆက်ဆံခံရတာတွေ၊ ဘာသာမတူတဲ့သူတွေကို မသိမသာ အစိုးရက နှိပ်ကွပ်တာတွေ၊ တိုင်းရင်းသားလူမျိုးတွေရဲ့ ဘာသာစကား၊ ဘာသာ စာပေ လေ့လာဆည်းပူးခွင့်ကို အာဏာသုံးပြီး တားမြစ်တာတွေ၊ တိုင်းရင်းသားများ ရိုးရာ၊ ယဉ်ကျေးမှု၊ ထုံးတမ်း၊ ဓလေ့တွေကို ကွယ်ပျောက်သွားအောင် စီမံကိန်းချပြီး လုပ်ခဲ့ပုံတွေ စတဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှုဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တင်ပြဆွေးနွေး သွားကြတယ်။

ဘာတစ်ခုမှ ထုတ်ဖော်ပြောဆိုခဲ့တာ မရှိ

ဗန်ကောက်ညီလာခံမှာ တက်ရောက်ကြတဲ့သူတွေဟာ များသောအားဖြင့် NGO အဖွဲ့အစည်းတွေသာ ဖြစ်တဲ့အတွက် သူတို့ရဲ့ စဉ်းစားချက်၊ လေ့လာချက်၊ ထောက်ခံတင်ပြ ချက်တွေကို အာဆီယံအစိုးရတွေကသိအောင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ဝန်ကြီးများ အစည်းအဝေးမှာ ဗန်ကောက် ညီလာခံက သဘောတူညီခဲ့တဲ့အချက် တွေကို ပေးပို့ခဲ့တယ်။ အာဆီယံနိုင်ငံတွင်းဟာ ထုံးစံမရှိသေးတဲ့ NGO တင်ပြတာတွေကို ဝန်ကြီးတွေက လက်ခံစဉ်းစား၊ အလေးထားကြရဲ့လား ဆိုတဲ့ အဓိကအချက်တစ်ရပ် ဖြစ်ပါ တယ်။ ဒီအစီအစဉ်ဟာ နဂိုက NGO တွေက သံသယအဖြေ ရှိထားပြီးသားပါ။ အာဆီယံ ဝန်ကြီးများ အစည်းအဝေးသာ ပြီးဆုံးသွားတယ်။ NGO တွေ တင်ပြချက်အားလုံးကို လူအများ သိအောင် ဘာတစ်ခုမှ ထုတ်ဖော်ပြောဆိုခဲ့တာ မရှိပါဘူး။

ရင့်သီးတဲ့ နိုင်ငံရေးအလေ့အထ

ဒါကြောင့် အာဆီယံဒေသမှာ လူမျိုးရေး ခွဲခြားဆက်ဆံမှုများ ရှိနေပါတယ် ဆိုတဲ့ အချက်ဟာ ပြည့်ပြည့်စုံစုံ ရှိနေပါလျက်နဲ့ အာဆီယံအစိုးရအများစုဟာ ဒီအကြောင်းတွေ ကို ပြုပြင်ကုစားမည့် ပေါ်လစီတွေတောင်မှာ ချမှတ်မှု၊ အသိအမှတ်ပြုမှု မရှိခဲ့တာကြောင့် အာဆီယံ အဝန်းအဝိုင်းတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေ၊ တိုင်းရင်းသားတွေအားလုံးအတွက် ရှေ့ဆက်ပြီး မည်မျှ ခွဲခြားဆက်ဆံမှု ပြုနေကြဦးမလဲ ဆိုတာ တွေးထင်နိုင်ပါတယ်။ ဒီ အကြောင်းအရာဟာ နိုင်ငံရေးပေါ်လစီ မဟုတ်ပါဘူး။ အာဆီယံတွင်း လူမှုရေးပေါ်လစီပါ။ ဒီလို လူမျိုးတစ်မျိုးနဲ့ ခွဲခြားဆက်ဆံမှုပြုခြင်းကို အာဆီယံကခွင့်ပြုခြင်းသဘောလို ဖြစ်လာတာ ကြောင့် အာဆီယံတွင်း ပါဝင်တဲ့နိုင်ငံတွေ မိမိရဲ့ပြည်သူ့အရေးကို မည်သို့ ကာကွယ်စောင့် ရှောက်သင့်တယ် ဆိုတဲ့အချက်ကို အာဆီယံတွင်း မြန်မာပြည်သဘောထား အခြေခံဥပဒေ တစ်ရပ် ရေးဆွဲပြဋ္ဌာန်းသင့်နေတယ်လို့ ယူဆတယ်။
အာဆီယံနိုင်ငံများထဲမှာ ယနေ့ ဒီမိုကရေစီကျင့်သုံးနေတဲ့ တိုင်းပြည်အဖြစ်လို့ ပြောနိုင်တာက ထိုင်း၊ ဖိလစ်ပိုင်နဲ့ မြန်မာတွေပါပဲ။ ဒီတိုင်းပြည်သုံးပြည်ဟာ အာဆီယံတွင်း ဖြစ်ပျက် ပကတိအရှိကို အရှိအတိုင်း နိုင်ငံရေး၊ လူမှုရေးတွေကို ရပ်တည်ပေးဖို့ လိုအပ်ပါ တယ်။ အဖြစ်မှန်ကို ငြင်းပယ်တဲ့နိုင်ငံရေးဟာ နည်းမှန်လမ်းမှန်တဲ့ နိုင်ငံရေး မဟုတ်ပါ။ အရှိကို ဗြောင်ငြင်း၊ ဖုံးကွယ်ငြင်းပယ်တဲ့ လုပ်ရပ်ဟာ ရင့်သီးတဲ့ နိုင်ငံရေးအလေ့အထတစ်ခု မဖြစ်ဖို့ အရေးကြီးပါတယ်။

နိုင်ငံရေးနယ်ပယ်မှာ ပြုတ်မထူး လုပ်မထူးတဲ့ သူတွေ၊ ညံ့ဖျင်း အမိုက်တဲ့ သူတွေ၊ အလုပ်နဲ့ အထုပ်ယူတဲ့သူတွေ မပါဖို့ လိုတယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၆၃-၂၇၁၊ အဝိဟိံသာနိုင်ငံရေး (၃၃)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၃၂)

လူတို့၏သဘောသည် စွဲလမ်းကြီးကြ၏။ တိုင်းပြည်၊ နိုင်ငံ၊ နယ်မြေ ဟူသောရပိုင်ခွင့် အကျိုးတရားကို အမျိုးမျိုး တောင်းဆိုရလိုကြ၏။

           (ငြိမ်းချမ်းမှုနှင့် သင့်မြတ်မှု-စာမျက်နှာ၂၈၊ တောမှီရဟန်း)

ပြိုလဲ

ယနေ့ နိုင်ငံရေးအကြောင်းကို လေ့လာကြည့်ရင် နိုင်ငံတကာ စုပေါင်းလုပ်ဆောင်တဲ့ နိုင်ငံရေးအင်အားတွေ ကြီးထွားလာတာကို တွေ့ရတယ်။ အကျဘက်ကျတဲ့ နိုင်ငံရေးက အများအပြား တွေ့ရပေမယ့် ကျယ်ကျယ်ပြန့်ပြန့် တက်ရောက်လာတဲ့ နိုင်ငံရေးမူဝါဒက မများသလောက် ဖြစ်နေတာကို တွေ့ရတယ်။ ပိတ်ဆို့ပိတ်လှောင်တဲ့ နိုင်ငံရေးမူဝါဒစနစ် ကတော့ ပိတ်ထားလို့မရတော့ဘဲ တံခါးကြီးတစ်ချပ်ပွင့်လာတဲ့ ပုံစံလိုဖြစ်နေတယ်။ ခွဲခြားတဲ့ နိုင်ငံရေးစနစ်ကတော့ ပြိုလဲကျကုန်ပါပြီ။

နိုင်ငံရေးမူလိုလို ငြိမ်းချမ်းရေးမူလိုလို

နိုင်ငံရေးလောကမှာ အသားရောင်ခွဲခြားတဲ့ နိုင်ငံရေးလောက (လူမျိုးခွဲခြားတဲ့ နိုင်ငံရေးလောက) ဖြစ်ပေါ်ခဲ့ဖူးတယ်။ အသားအရောင် ခွဲခြားမှုလုပ်တဲ့ နိုင်ငံရေးဟာ ကြမ်းတမ်းမှု များပြားတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာ အနေအထားပါ။

(၁) နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့
(၂) နိုင်ငံတကာ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုအဖြစ်၊
ဖြစ်လာရင် “မလိုက်နာမနေရ” ပြဋ္ဌာန်းချက်(အမိန့်) ထားပြီး .

(က) လူမှုရေးပိတ်ဆို့မှု
(ခ)လက်နက်ပိတ်ဆို့မှု
(ဂ) ဘက်ပေါင်းစုံ ပိတ်ဆို့မှုဒဏ်များကို နိုင်ငံတကာက ကြားဝင်ခဲ့ရတာတွေ ရှိခဲ့တယ်။ (တောင်အာဖရိက သမ္မတနိုင်ငံရေးကို လေ့လာပါ။) 
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံဟာ “နိုင်ငံတော်အထက်အစိုးရပြုမှု’ (Supra-State Govermance)ဟာ အဓိကဇာတ်ဆောင်ကြီးတစ်ခုလို ဖြစ်လာတယ်။ ဒီနိုင်ငံရေးသဘောတရားမှာ

(၁) လူသားချင်းစာနာရေး စွက်ဖက်မှု အပါအဝင်၊
(၂) လူ့အခွင့်အရေးနယ်ပယ်ထဲမှာလည်း ပါဝင်ပတ်သက်နိုင်တယ် ဆိုတဲ့ နိုင်ငံတကာ နိုင်ငံရေးဇာတ်ဆောင်မှုကြီးဟာ ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့ သူလည်း ရှိပါတယ်။
ဥပမာ – အားနည်းနေတဲ့ အမျိုးသားနိုင်ငံတွေကို အားကောင်းလာအောင်၊ ငြိမ်းချမ်း ရေးထူထောင်ဖို့အတွက် လွယ်ကူအောင်၊ ဒီမိုကရေစီနိုင်ငံရေး တည်ဆောက်ဖို့အတွက် နိုင်ငံ တော်အချုပ်အခြာအာဏာ တည်စေအောင် ဆိုပြီး နိုင်ငံရေးဖြစ်ရိုးဖြစ်စဉ်တွေကို သင့်လျော်တဲ့ အခန်းကဏ္ဍမှာ လူသားချင်းစာနာရေးအတွက် စွက်ဖက်မှုလမ်းကြောင်း ဆိုပြီး နိုင်ငံရေးမူ လိုလို၊ ငြိမ်းချမ်းရေးမူလိုလိုနဲ့ ပဋိပက္ခဖြစ်တဲ့ တိုင်းပြည်တွေမှာ ခံစားရတာတွေ ရှိတယ်။

လိုရင်းပဋိပက္ခတွေကိုသာ ဖြေရှင်းပေးသင့်

တကယ်တော့ ပဋိပက္ခဖြစ်တဲ့ တိုင်းပြည်ဟာ နိုင်ငံတကာအသိုင်းအဝိုင်း နိုင်ငံရေး ဇာတ်အိမ်ထဲကို ရောက်အောင် တွန်းပို့တဲ့ ဇာတ်ဆောင်သူတွေရဲ့ လုပ်ရပ်ပါပဲ။
(၁) လူမျိုးတုံးသတ်ပွဲ၊
(၂) အစီအစဉ်တကျ အဓမ္မပြုကျင့်မှ၊
(၃) အဓမ္မလုပ်အားစေမှု၊
(၄) အသက်အန္တရာယ်ပေးရောဂါကြီးများနှင့် အတင်းအကျပ် နေရာပြောင်းရွှေ့မှု 
(၅) လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအား ခြိမ်းခြောက်မှုများအဖြစ် မှတ်ယူထားကြတာဖြစ်တဲ့အတွက် တိုင်းပြည်တစ်ပြည် မှာ အထက်က အင်္ဂါရပ်များနဲ့ ညီညွတ်ရင် မလိုက်နာမနေရ ဘက်ပေါင်းစုံ ပိတ်ဆို့မှုများဝိုင်း ပြီးလုပ်ကြတယ်။ ဒီလုပ်ရပ်ဟာ အစီအစဉ်တကျ ဆောင်ရွက်လုပ်ကိုင်တာဖြစ်လို့ ပဋိပက္ခဖြစ်တဲ့ တိုင်းပြည်၊ ဒီမိုကရေစီတည်ဆောက်မယ့် တိုင်းပြည်တွေမှာ ကျဆုံးရသလို ဖြစ်နေတယ်။ တကယ်တော့ နိုင်ငံရေးအရဆိုရင် နိုင်ငံတကာအမျိုးသားညီညွတ်ရေးအသင်းအနေနဲ့ လိုရင်း  ပဋိပက္ခတွေကိုသာ ဖြေရှင်းပေးသင့်တယ်။ တချို့တိုင်းပြည်တွေမှာ ဒီမိုကရေစီ ကျရှုံးရတဲ့ ကြားက ကြားဝင်ရောက်စွက်ဖက်မှု များပြားနေတဲ့အခါ ရိုးရိုးနိုင်ငံရေးဖြစ်ရိုးဖြစ်စဉ် ဖြစ် တတ်တဲ့ ပဋိပက္ခတွေကို ဝိုင်းဝန်းဖြေရှင်းပေးရေးအတွက်မဟုတ်ဘဲ ဝိုင်းဝန်းရှုပ်ထွေးရေး လုပ်သလို ဖြစ်နေတာကို တွေ့ရတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ပိုပြီး ထိတွေ့ ခံစားရတာကို တွေ့ရတယ်။

ထာဝရငြိမ်းချမ်းရေး

ယနေ့မျက်မှောက်ကာလမှာ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ အလွန်အမင်း လေးစားမှု ရှိကြတာဖြစ်တဲ့အတွက် တစ်ပြည်နဲ့တစ်ပြည် မင်းမူ ရန်စစ်ခင်းနိုင်ကြတဲ့ခေတ် လည်း မရှိတော့တာကြောင့် စစ်ဖြစ်ဖို့ ခဲယဉ်းလှပါတယ်။ ပြည်တွင်းပဋိပက္ခလောက်သာ စစ်ဆင်စစ်ပွဲလေးတွေ ဖြစ်တယ်။ ပြည်တွင်းပဋိပက္ခသာဖြစ်တဲ့စစ်ပွဲဟာ နိုင်ငံတကာ ငြိမ်းချမ်း ရေးနဲ့ လုံခြုံရေးတွေကို မခြိမ်းခြောက်နိုင်ပါ။ ဒီပဋိပက္ခဟာလည်း ဖြစ်ရိုးဖြစ်စဉ်ဖြစ်နေတတ်တဲ့ သဘောတရားပါပဲ။ နိုင်ငံတိုင်းမှာ “ထာဝရငြိမ်းချမ်းရေး (Perpetual Peace)” ရှိကြမယ် ဆိုရင် ပဋိပက္ခတွေ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါ။ စစ်မက်ကင်းဝေးတဲ့ ငြိမ်းချမ်းရေး၊ သို့မဟုတ် ဒီမိုကရေစီငြိမ်းချမ်းရေး ဖော်ဆောင်လိုကြတဲ့သူတွေဟာ လူမှုဘဝနိုင်ငံရေး(ခေါ်) ဒီမိုကရေစီပြန့်ပွားရေးမရှိရင် နိုင်ငံတကာငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ထာဝရငြိမ်းချမ်းရေး တွေ မရနိုင်ပါ။

လူသားများ လုံခြုံရေး

နိုင်ငံရေးဆိုတာ အယူအဆလွဲမှားလို့ မရပါ။ စဉ်းစားဆင်ခြင်ချက်များရတဲ့ အကြောင်း အရာတွေပါ။ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာရေးကို ဝင်ရောက်စွက်ဖက်ရေး လုပ်နိုင်တဲ့ ဥပဒေဟာ လူသားများ လုံခြုံရေးကို ချိုးဖောက်နေသလို ဖြစ်မနေဘူးလား။ ဝင်ရောက်စွက်ဖက်နိုင်တဲ့ဥပဒေ၊ စွက်ဖက်ခွင့်ပြုတဲ့သူတွေဟာ လူသားလုံခြုံရေးကို ချိုးဖောက် တဲ့ အခွင့်အရေးပေးနေသလို ဖြစ်မနေဘူးလား။ လုံခြုံရေးပြဿနာဟာ အလွန်အရေးကြီး ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ အခွင့်အာဏာထားတဲ့ လုံခြုံရေးကို ပိတ်ဆို့အရေးယူတာ၊ စစ်ရေးအရ အရေးယူတာ၊ ငြိမ်းချမ်းရေးအရ အရေးယူတာ၊ ခြိမ်းခြောက်မှုအရ အရေးယူ တာတွေဟာ သူတစ်ပါးပြည်တွင်းရေးကို ဝင်ရောက်တဲ့ ရည်မှန်းချက်ရှိကြလို့ပဲ။ နိုင်ငံရေး ပြဿနာကို ပဋိပက္ခပြဿနာထပ်ဆင့်မှ လုပ်ကြတာကြောင့် မမှန်ဘဲ မှားတဲ့ကိစ္စကို ပိုပြီး မှားအောင် လုပ်နေတာဟာ ငြိမ်းချမ်းရေးမဟုတ်ပါ။ နိုင်ငံရေးမဟုတ်ပါ။ လူသားတွေရဲ့ လုံခြုံရေးကို အကြွင်းမဲ့ အမျိုးတုံးရေးလို ဖြစ်နေတယ်။

ပြည့်မီတဲ့နိုင်ငံရေး မဟုတ်ပါ

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းနိုင်ရန် ပိတ်ဆို့အရေးယူရေးနဲ့ လုပ်လို့မရပါ။ ဝင်ရောက်စွက်ဖက်မှုလည်း လုပ်လို့မရပါ။ လူသားတွေကို မခြိမ်းခြောက်ပါနဲ့။ ကြောက်အောင် လန့်အောင် မလုပ်ပါနဲ့။ ခြိမ်းခြောက်ခြင်း၊ ကြောက်အောင်လုပ်ခြင်းဟာ ဒုက္ခပွားခြင်းပါပဲ။ ဒုက္ခမပွားအောင် ခြိမ်းခြောက်မှုလျှော့ကြပါ။ နှိပ်စက်မှု၊ သတ်ဖြတ်မှု မလုပ်ပါနဲ့။ နေရာတကာ မှာ ဝင်ရောက်စွက်ဖက်မှု လုပ်နိုင်တဲ့နိုင်ငံရေးမူဟာ လူသားတွေ လက်ခံကျင့်သုံးတဲ့မူ မဟုတ်။ လူသားများ ရေးဆွဲထားတဲ့မူ မဟုတ်။  နိုင်ငံတစ်နိုင်ငံ   (တိုင်းပြည်တစ်ပြည်)ဟာ  “အချုပ်အခြာ  ရှိကြစမြဲပါ။ ပြည်တွင်းရေးကို  ဝင်ရောက်စွက်ဖက်ခွင့်ရှိတဲ့  တိုင်းပြည်ဟာ  “အချုပ်   အခြာအာဏာ”      မဟုတ်ပါ။ ငြိမ်းချမ်းရေးအတွက်အန္တရာယ်ပါ။လုံခြုံရေးအတွက်အန္တရာယ်ပါ။အပြည်ပြည်ဆိုင်ရာကျင့်သုံးတဲ့ဥပဒေကို       ချိုးဖောက်ပြီး      ဝင်ရောက်စွက်ဖက်ရေးအတွက်    ပြည့်မီတဲ့    နိုင်ငံရေး   မဟုတ်ပါ။

နိုင်ငံရေးလူသားတွေ

အရှင်တို့ဟာ ကျရှုံးတဲ့ နိုင်ငံတွေရဲ့ ပြည်သူတွေ မဟုတ်ပါ။ နိုင်ငံရေးသြဇာအာဏာ ကစားပွဲတွေရဲ့ ကစားကွက်တွေထဲက သားကောင်တွေ မဟုတ်ပါ။ လူ့အခွင့်အရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ကင်းမဲ့နေခြင်းရလဒ်ကို ငါတို့အတွက် မဟုတ်လို့ မရပါ။ နိုင်ငံရေး ဆော့ကစား ကြတဲ့ကြိုးဝိုင်းထဲက လူတွေ မဟုတ်ပါ။ အကြမ်းမဖက်ရေးကို ဗြောင်ဆန့်ကျင်တဲ့သူတွေမို့ ငါတို့ရဲ့ ခံယူချက်တွေကို ငါတို့ကိုယ်တိုင်က မလိုက်နာမနေရသော ဆုံးဖြတ်ချက်ဖြစ်သော၊ ချိုးဖောက်မှု မရှိသော နိုင်ငံရေးလူသားတွေပါ။

လူမှုရေးပိတ်ဆို့ဒဏ်ခတ်မှု ရှောင်

ယနေ့ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံတိုင်းလိုလိုဟာ ကျင့်ဝတ်ပိုင်းတွေ တိမ်းညွတ်နေကြ တယ်။ အရင်းရှင်သမားဘက်ကို ဦးညွှတ်နေကြတယ်။ အနိမ့်ဆုံးသူတွေကို ရိုက်ခတ်မှု လုပ်နေကြတယ်။စုပေါင်း တုံ့ပြန်မှုလုပ်တဲ့အခါ တလှုပ်လှုပ်တခါခါ ဖြစ်နေတဲ့ နိုင်ငံရေးကို ဘာမူတွေကို လုပ်တဲ့ နိုင်ငံရေးလဲ ဆိုတာကို မေးလိုက်ချင်ပါတယ်။ တရားသဖြင့် မလုပ်၊ တရားသဖြင့် မထိန်းချုပ်နိုင်၊ တရားသဖြင့် မလိုက်နာနိုင်တဲ့ နိုင်ငံရေးဟာ ချိုးဖောက်မှု အပေါက်တွေ ဆုံးဖြတ်မှုမကုန်နိုင်လောက်အောင် ဖြစ်နေကြပြီ မဟုတ်လား။ တကယ့် နိုင်ငံရေးစစ်စစ်လုပ်တာ ဟုတ်သေးရဲ့လား။ သိမ်းပိုက်ထားခြင်း၊ ခွဲခြားထားခြင်း၊ အချိန်မဲ့ အောင် ခတ်ထားခြင်းဟာ နိုင်ငံရေးမဟုတ်ပါ။ နိုင်ငံရေးဆိုတာ ပြတ်ပြတ်သားသား လူ၊ မူ မခွဲခြားဘဲ လုံးဝ ပူးပေါင်း၊ စုပေါင်းလုပ်ဆောင်ရေးပဲ မဟုတ်လား။ “လူမှုရေးပိတ်ဆို့ဒဏ်ခတ်မှု” ဆိုတာ လူသားအခွင့်အရေးကို ကျဆုံး(ကျရှုံး)သွားအောင် လုပ်တဲ့ အလုပ်တွေပဲ။ ဒီအလုပ်ကို လုပ်လို့ အောင်မြင်တဲ့နိုင်ငံရေး ယနေ့ချိန်ထိ မတွေ့ရသေးပါ။

ပုံသွင်းတဲ့ ပန်းပုရုပ်လို

ပြည်သူ့ဒီမိုကရေစီလို့ ပြောနေသော နိုင်ငံရေးမှာ လူမှုရေးပိတ်ဆို့ဒဏ်ခတ်မှု ပါဝင် ပါသလား။ လွတ်လပ်တဲ့နိုင်ငံရေး ဆိုတာ အယူအဆ အတွေးအခေါ်မပါဘဲ ဒီမိုကရေစီ အရည်အသွေး တက်မလာပါ။ ဒီမိုကရေစီအရည်အသွေးဟာ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခြင်းဟာ အဓိကပါ။ လွတ်လပ်ခြင်းဟာ လွတ်လပ်မှုကို အာမခံပါတယ်။ လူ့အခွင့်အရေးကို လည်း လေးနက်စေပါတယ်။ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခြင်းကို တိုးတက်အောင်မြင်လိုရင် တရားဥပဒေစိုးမိုးမှု (Rule of law) ရှိရမယ်။ တရားဥပဒေ စိုးမိုးမှုမရှိရင် လွတ်လပ်သော ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ပါ။ အခွင့်အရေးနဲ့ ရပိုင်ခွင့်ကောင်းကို လိုချင်ရင် ဒီမိုကရေစီကို ပိတ်လှောင်မှု မလုပ်ရပါ။ လွတ်လပ်ယဉ်ကျေးမှု ရောက်အောင် ဒီမိုကရေစီစနစ်ကို အာမခံ ချက် ထားရမယ်။ အာမခံချက်ဆိုတာ လွတ်လပ်ခွင့်ပေးမှုပါပဲ။ အဆင်သင့် မဖြစ်သေးတဲ့ လွတ်လပ်ခွင့်ကို ရပိုင်ခွင့်မပေးရပါ။ ရပိုင်ခွင့်ဆိုတာ ချိုးဖောက်ဖျက်ဆီးမှု လွယ်ကူတာကြောင့် ဒီမိုကရေစီကို ဆန့်ကျင်ပါတယ်။ လွတ်လပ်သော အတွေးအခေါ်ကို တွေးခေါ်တဲ့သူတွေက လွတ်လပ်မှုမရှိတဲ့ ဒီမိုကရေစီကို မနှစ်သက်ကြပါ။ လွတ်လပ်ပြန်တော့လည်း “မြည်းတွေလို ကိုယ့်ကိုယ်ကိုယ် စောင်းဝင်တိုက်နိုင်မယ်” မလိုဖြစ်နေတယ်လို့ ပလေတို (အတွေးအခေါ်ရှင်) က ပြောပြခဲ့ဖူးတယ်။ အရှင်ကတော့ ဒီမိုကရေစီဟာ လက်တွေ့ကျကျနဲ့ စဉ်းစားရင်မျှ နိုင်ငံရေးသာပုံသွင်းတဲ့ ပန်းပုရုပ်လိုပါပဲ။ 

မာန်မုန်းမထား ရန်မုန်းမပွားကြဖို့

ယနေ့ နိုင်ငံတိုင်းလိုလို နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေးအခွင့်အရေးတွေ အားလုံး နီးပါး လွတ်လပ်မှု ရလိုကြတယ်။ လွတ်လပ်မှုကို အခြေခံဥပဒေနဲ့ ပြဋ္ဌာန်းထားတာတောင်မှ ဒီထက်လွတ်လပ်မှုတွေ ရှိရင် လိုချင်သေးတယ်။ လွတ်လပ်မှုသက်သက်ကို လိုချင်ကြတယ်။ တရားမပါတဲ့ လွတ်လပ်မှုလား၊ ဥပဒေမလိုတဲ့ လွတ်လပ်မှုများလား မပြောတတ်ပါ။ စိတ်ကြိုက်လွတ်လပ်မှု၊ စိတ်ကြိုက်ရည်ရွယ်ချက် လွတ်လပ်မှုကို လိုချင်နေကြတာကြောင့် လွတ်လပ်ခွင့်ပေးနိုင်တဲ့ ဒီမိုကရေစီနိုင်ငံရေး အခွင့်အရေးကို အခွင့်အရေးဆိုင်ရာ ဥပဒေတွေနဲ့ ပြဋ္ဌာန်းပေးရတာပေါ့။ အခွင့်အရေးရတိုင်း ပေးတိုင်းလည်း အခွင့်အရေးကို တန်ဖိုးမထား တတ်ရင် တရားဥပဒေမပါတဲ့ လွတ်လပ်မှု အခွင့်အရေးတွေ ဖြစ်မယ်။ တရားဥပဒေမပါတဲ့ လွတ်လပ်မှုဟာ လူကျင့်ဝတ်တရားတွေ ဖျက်ဆီးတယ်။ လွတ်လပ်မှုဂုဏ်တွေ ဖျက်ဆီးတယ်။အခြေခံ လူ့အခွင့်အရေးတွေကို အန္တရာယ်ဖြစ်စေတယ်။ လွတ်လပ်ပြည့်ဝပွင့်လင်းသော အခွင့်အရေးများ၊ လွတ်လပ်ခွင့်များ အမှန်တကယ် ဒီမိုကရေစီကို လိုချင်ရင် မာန်မုန်းမထား ရန်မုန်းမပွားကြဖို့ ဖြစ်ပါတယ်။

လူ့အခွင့်အရေးနဲ့ လွတ်လပ်ခြင်းကို တိုးတက်အောင်မြင်လိုရင်
တရားဥပဒေစိုးမိုးမှု (Rule of law) ရှိရမယ်။
တရားဥပဒေ စိုးမိုးမှု မရှိရင်
လွတ်လပ်သော ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ပါ။
အခွင့်အရေးနဲ့ ရပိုင်ခွင့်ကောင်းကို လိုချင်ရင်
ဒီမိုကရေစီကို ပိတ်လှောင်မှု မလုပ်ရပါ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၅၇-၂၆၂၊ အဝိဟိံသာနိုင်ငံရေး (၃၂)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၃၁)

ညီညီညွတ်ညွတ်ရှိသူတို့၏ အကျင့်သည် ချမ်းသာခြင်း ဖြစ်ရပေ၏။

(ဓမ္မပဒ-၁၉၄)

အဆုံးအဖြတ်ပေးသင့်

ယနေ့ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ အသိပညာ၊ ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုရှိရေးနဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့ ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ်တွေကို ပြောင်းလဲပစ်ဖို့အတွက် မတူကွဲပြားတဲ့သူနဲ့ အပြန်အလှန်ဖလှယ်ဖို့ နိုးကြားရတဲ့ ခေတ်ကာလ ရောက်ပါပြီ။ ဒီခေတ်ကာလ ရောက်လာတာကြောင့် ဘက်လိုက်မှု၊ မတိကျမှုခေတ်ကို ပြန်သွားဖို့ အချိန်လည်း မရှိတော့ပါ။ အသွင်ပြောင်းလဲရေးခေတ်ကာလကို ရက်ရက်စက်စက် ဖိနှိပ်ခြင်းအလုပ်၊ မတရားပြုမူ ဆက်ဆံခြင်းအလုပ် မရှိသင့်တော့ပါ။ နိုင်ငံရေးအရ ခွဲဝေ ယူသင့်တဲ့ ယုံကြည်မှုနဲ့ ပဋိပက္ခများ အဆုံးသတ်ရေးအတွက် သဘောတူညီချက်တွေကို အဆုံးအဖြတ် ပေးသင့်ပါပြီ။

ပွင့်လင်းဖို့ လိုပါတယ်

အဆုံးအဖြတ်ပေးရမယ့်ကိစ္စတစ်ခုဟာ မုန်းတီးမှု၊ မနာလိုမှု  မပါရပါ။ လူတွေရဲ့ စိတ်+ စေတသိက် အကောင်းအဆိုးတွေထဲကဖြစ်လာတဲ့အရာကို သမိုင်းလို့ သတ်မှတ်ရင် အဆုံးအဖြတ်ပေးရမယ့် သမိုင်းမှတ်တမ်းဝင်တစ်ခုဟာ ပရိယာယ်မပါဖို့လိုပါတယ်။ ပရိယာယ် များတဲ့ စည်းရုံးရေးဟာ ထိမ်ဝှက်ထားလို့ မရပါ။ အလွန်ကောင်းမွန်တဲ့ မျှော်မှန်းချက်ရှိရင် ကျင့်ဝတ်သိက္ခာတွေကို စောင့်ထိန်းပြီး ပွင့်လင်းဖို့ လိုပါတယ်။

လွတ်လပ်ရေးပါ ထိခိုက်စေတယ်

မပွင့်လင်းတဲ့ ပတ်ဝန်းကျင်ဟာ အမိုက်အမှောင် များပါတယ်။ အမိုက်အမှောင် များတဲ့စိတ်ဟာ နိုးကြားမှု အားနည်းတယ်။ တရားလက်လွတ် မိုက်မဲမှုတွေ များတယ်။ မိုက်မဲမှုကြောင့် အုပ်ချုပ်မှု၊ ကြီးစိုးမှုတွေ အမှားတွေ များပြီး တရားသောနည်းလမ်းတွေ ဆန့်ကျင်လာတယ်။ တရားသောနည်းလမ်းမထားတဲ့တိုင်းပြည်ဟာ ညီညွတ်မှုအကျင့် မဖြစ်နိုင် ပါ။ ပြိုလဲကျဆင်းတဲ့ အကျင့်တွေကြောင့် လွတ်လပ်ရေးပါ ထိခိုက်စေတယ်။

ထိခိုက်စေတယ်

လွတ်လပ်ရေးထိခိုက်လာရင် အကြမ်းဖက်မှုတွေ အမျိုးမျိုး ဖြစ်လာတယ်။ အကြမ်း ဖက်မှု နစ်မြုပ်သွားရတဲ့လူတွေဟာ အလိုရှိရာ အားလုံးပျက်သုဉ်းနေတော့တာပါပဲ။ ပျက်သုဉ်း ခြင်းအဆုံးဟာ အကြမ်းဖက်မှုစံနှုန်းပါပဲ။ ပျက်သုဉ်းတဲ့စံနှုန်းကိုထားတဲ့ အကြမ်းဖက် နိုင်ငံရေး လောကကို မျှော်မှန်းထားတဲ့သူတွေမှန်သမျှဟာ မြန်မာပြည်မှာ နေရာမရှိတာ အမှန်ပါပဲ။ အကြမ်းဖက်သမားကို အားပေး၊ ကူညီ၊ နေရာပေးတဲ့ တိုင်းပြည်ဟာ အရှင်တို့ရဲ့ ညီညွတ်ရေး ကို ပျက်သုဉ်းစေပါတယ်။ ထိခိုက်စေပါတယ်။

မမေ့ဘဲ ဆောင်ရွက်စေဖို့

နာကြည်းမှု၊ နာကျင်မှုများ အရှင်တို့ပြည်သူတွေကို မထိခိုက်ပါစေနဲ့။ လူ့ဂုဏ်သိက္ခာ ကို ထိန်းသိမ်းဖို့ မမေ့ကြပါစေနဲ့။ နိုင်ငံရေးအရ ခွဲဝေယူသင့်တဲ့ ယုံကြည်မှုကို လျင်မြန်စွာ တည်ဆောက်ပါ။ လျင်မြန်စွာ ခွဲဝေပါ။ ပရိယာယ်များရင် နိုင်ငံရေးသိက္ခာ ကျဆင်းပါတယ်။ ဒါကြောင့် သတ္တိရှိတဲ့သူရဲကောင်းဟာ စစ်မှန်တဲ့သစ္စာတရားနဲ့ ပဋိညာဉ် မပျက်ခဲ့ပါ။ အခု လည်း ညီညွတ်တဲ့အကျင့်တရား ထားကြပြီး ချမ်းသာတဲ့ တာဝန်ယူမှုခွဲဝေရေးကို သမိုင်းအဖြေ ပေးကြရမှာကို မမေ့ဘဲ (ကတိအချက်၊ ပဋိညာဉ်မပျက်ဘဲ) ဆောင်ရွက်စေဖို့ ဖြစ်ပါတယ်။

အရေးကြီးတဲ့အချိန် ရောက်ပြီ

ဒီတောင်းဆိုမှုဟာ စိတ်ရှည်စွာ သုံးသပ်ပါ။ ခွင့်လွှတ်တရားများ စွာထားပါ။ ဘယ်ယဉ်ကျေးမှုဓလေ့ထုံးစံတွေမဆို လူမှုတရားမျှတမှု၊ တူညီသော တန်ဖိုးထားမှု ရှိရမယ်။ ပဋိညာဉ်ထားတဲ့ စကားကို မမှားစေရပါ။ ယခုအချိန် မြန်မာပြည်မှာ စစ်ပွဲ၊ ငတ်မွတ် ခေါင်းပါးမှု၊ အထီးကျန်မှု၊ သဘာဝကပ်ဘေး၊ အကြမ်းဖက်ဘေးခံရတဲ့အချိန် ဖြစ်နေပါတယ်။ ဒီလိုအချိန်အခါမျိုးမှာ တစ်မျိုးသားလုံးအရေးထက် တစ်နိုင်ငံသားလုံး (တစ်ပြည်လုံး) အရေး အတွက် အရေးကြီးတဲ့အချိန် ရောက်ပြီ။

သတိပြုပါ

အမျိုးစုံကြားထဲက အကြမ်းဖက်အပြုအမူသဘောတွေ ပေါ်ပေါက်လာခဲ့တာကြောင့် တစ်ဖက်စောင်းနင်းသဘောတွေ မဖြစ်ဖို့ အရေးကြီးပါတယ်။ လွှမ်းမိုးမှု မက်လုံးပြလိုတဲ့ တစ်ဖက်က အမြှောက်အပင့်သမားတွေက ရေပေါ်ဆီပြပြီး ကမ်းလှမ်းနေကြတယ်။ ငြိမ်သက် နေတဲ့ တစ်ဖက်သားတွေက အကြောင်းရင်းပြဖို့ ဖြစ်နေကြတယ်။ အပေါ်ယံ ပဋိပက္ခမျိုး ဖြစ်တာကြောင့် မြန်မာပြည်နိုင်ငံရေးဟာ မျှတတဲ့ အတွင်းလူများ ရွေးတတ်ဖို့ လိုပါတယ်။ မတိုးသာမဆုတ်သာတဲ့ ဆက်ဆံရေးတစ်ခုဖြစ်လာတဲ့ မြန်မာ့နိုင်ငံရေးဟာ ပြုပြင်ပြောင်းလဲ အောင် တိုင်းပြည်လုပ်ငန်း အစီအစဉ်တိုင်းလိုလို အနှောင့်အယှက်များနေတာကို တွေ့ရတယ်။ ချမ်းသာတဲ့ တာဝန်ယူမှ ခွဲဝေရေးကို ညီညွတ်တဲ့ အကျင့်တရားများ ထားကြပြီး လျင်မြန်စွာ စုပေါင်းထိန်းကျောင်းတဲ့စနစ်နဲ့ အညီအညွတ် လုပ်ကိုင်ကြရမယ်။ တာဝန်ယူခြင်းဟာ အမြင် တူညီရမယ်။ အလုပ်တူညီရမယ်။ အမြင်၊ အလုပ်မတူဘဲ တာဝန်ပေးရင် မပိုင်မနိုင်ဘဲ ယိုင်လဲ သွားနိုင်ပါတယ်။ သတိပြုပါ။

စုပေါင်းတာဝန်ယူ

အထက်ကဖော်ပြတဲ့ စကားတွေဟာ သာမန်လေ့လာမှုမရှိတဲ့သူဟာ သဘောတရား နားလည်နိုင်မယ် မထင်ပါ။ ဥပမာ- 

မြန်မာပြည်ဟာ-
(၁) အပင့်အမြှောက်အုပ်စု 
(၂) ငြိမ်သက်ပြီးအမှားကို စောင့်နေတဲ့ အုပ်စုနှစ်ခုရဲ့ ကြားက (နိုင်ငံရေးကစားတဲ့ သူတွေရဲ့ ကြားက) တိုင်းပြည်ကို ပြန်လည် တည်ထောင်ရတဲ့ သဘောမျိုးလို ဖြစ်နေတယ်။ ပြည်တွင်း ပြဿနာက များတော့ အလူးအလဲနဲ့ လုပ်ဆောင်နေရတယ်။ အပင့်အမြှောက်အုပ်စု က အရောရော အဝင်ဝင် လုပ်ပြီး အမှားကို စောင့်နေတဲ့အုပ်စုက ဓနအင်အား ပြည့်စုံပြီး ဉာဏ်နီဉာဏ်နက် အလှည့်အကွက်နဲ့ ငြိမ်သက်ပြီး အမှားကွက်ကို စောင့်ကြည့်နေတယ်။ ဒီလို အုပ်စုနှစ်ခုကြားထဲမှာ တွေ့ရတဲ့ နိုင်ငံရေးအကျပ်အတည်းကို မြန်မာပြည်သူပြည်သား တွေဟာ ယခုအချိန်မှာ ညီညွတ်တဲ့ အကျင့်ကောင်းတရားများ ထားကြဖို့ အရေးကြီးတယ်။ အာဃာတထားတဲ့စိတ်၊ အငြိုးအတေးများတဲ့ စိတ်တွေ ရှောင်ရှားကြဖို့ အရေးကြီးတယ်။ နောက်ဆုံး အစီးခံမလား၊ အနင်းခံမလား ဆိုတဲ့ မေးခွန်းနဲ့ အဖြေပေးရမယ့် အဆုံးအဖြတ်ကို တိုင်းပြည်အတွက် စုပေါင်းတာဝန်ယူကြဖို့ ဖြစ်ပါတယ်။

ပြဿနာ မရှိမှ

နိုင်ငံရေးဆိုတာ တစ်ခါတလေ စကားများရပြီး၊ တစ်ခါတလေ တစ်သွေးတစ်သား တည်းပါပဲ။ လူနဲ့မှ နှစ်မျိုးကို “မူ”ကို ဦးစားပေးရမယ်။ သို့သော် “မူ” ဦးစားပေးမယ်ဆိုပေမယ့် ဆွေးဟောင်းနွမ်းလျတဲ့“မူ”ဖြစ်ရင် “မူ”ကို ပြင်ရမှာပဲ။ အချင်းချင်းညီညွတ်ရင် ပြင်လို့မရတာ မရှိပါ။ နိုင်ငံရေးအရ အာဏာဖီဆန်ရေးပြုတဲ့အခါ လမ်းစဉ်ကို ချမှတ်ရမယ်။ လမ်းစဉ် မချမှတ်ဘဲ နိုင်ငံရေးအာဏာကို ဖီဆန်ရင် ထိပ်တိုက်ရင်ဆိုင်တဲ့အလုပ် ဖြစ်သွားတတ်တယ်။ ထိပ်တိုက်ရင်ဆိုင်တဲ့ နိုင်ငံရေးဆိုတာ ပြဿနာမရှိမှ ကောင်းတယ်။

အခွင့်အလမ်း

အရှင်တို့တိုင်းပြည်ဟာ ၁၉၈၉ ခုနှစ် ကာလက ထိပ်တိုက်ရင်ဆိုင်နေတဲ့ နိုင်ငံရေး သဘောတရားတွေ တွေ့ရတယ်။ ထိပ်တိုက်ရင်ဆိုင်နေတဲ့ နိုင်ငံရေးမျိုးလုပ်ဖို့ အချိန်မဟုတ် သေးတာကြောင့် အဲဒီလိုမျိုး အချိန်မစောင့်ဘဲ လုပ်ဆောင်လိုက်တဲ့ နိုင်ငံရေးမျိုးတွေဟာ အမှားပါပြီး အလွဲလွဲအချော်ချော် ဖြစ်သွားတတ်တယ်။ ထိပ်တိုက်ရင်ဆိုင်တဲ့ နိုင်ငံရေးသဘော ဟာ ဖြေရှင်းချက် ဒီ ialogue’ ပါရင် ဖိအားပေးတောင်းဆိုမှု ပါစရာမလိုပါဘူး။ ဖိအားပေး တောင်းဆိုမှုပါရင် တစ်ဖက်က တွေ့ဆုံဆွေးနွေးဖို့ အခွင့်အလမ်း ပျောက်သွားတတ်တယ်။

ဘဏ်ကြီးတစ်တိုက်

နိုင်ငံရေးဆိုတာ “အုပ်ချုပ်ရေးကို အဖြေရှာတဲ့နည်းပညာ ဖြစ်တဲ့အတွက် ပြင်းထန် တဲ့ စိတ်အမြင်ရှိတဲ့သူတွေရဲ့ အလုပ် ဖြစ်ပါတယ်။ ပိုရှေးကျတဲ့ နိုင်ငံရေးခေတ်ကာလကဆိုရင် ပေါ့ပေါ့အေးအေးတွေ လုပ်ကြတဲ့ နိုင်ငံရေးတွေ မဟုတ်ဘဲ အတွန်းအတိုက် အမျိုးမျိုးနဲ့ အုပ်ချုပ်ရေးအာဏာပညာရပ်ကို ဒဿနအမျိုးမျိုး ပါအောင် ကြိုးစားအားထုတ်ကြရတယ်။ သေသူကသေ ကျေသူကကျေနဲ့ သမိုင်းစာမျက်နှာပေါ်မှာ မြင်တွေ့လို့ မဆုံးနိုင်အောင်ပါပဲ။ ဒီနေ့စစ်ရေး၊ စစ်ပွဲတွေ မဆုံးနိုင်တာဟာ “အုပ်ချုပ်ရေးကို အဖြေရှာတဲ့နည်းပညာ”ရဲ့ ပြဿနာ ကြောင့်လည်း ပါဝင်ပါတယ်။ နိုင်ငံရေးပညာဟာ ဒေါသအားနည်းသူတွေရဲ့ ပညာလို့ပြောရင် မမှားပါဘူး။ ဒီပညာကို တတ်မြောက်လို့ အထွတ်အထိပ်သို့ ရောက်ရင်လည်း လွယ်လင့်တကူ နဲ့ မပျောက်ပျက်နိုင်သလို အကျိုးအားလုံးအတွက် အာမခံနိုင်တယ်။ နိုင်ငံရေးပညာနည်းလမ်း ကို ညွှန်ကြားတဲ့ ရှေးခေတ်နိုင်ငံရေးကျမ်းစာအုပ်ကို လေ့လာရင် ဗဟုသုတဘဏ်ကြီးတစ်တိုက် လိုပါပဲ။

ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားအရေး

နိုင်ငံရေးအားလုံးဟာ မျှတမှုသဘောမရှိရင် အုပ်ချုပ်မှုမှာလည်း (ဘယ်တော့မှ) မမျှတနိုင်ပါ။ မျှတခြင်းဟာ ညီညွတ်တဲ့ အကျင့်တရားရှိတဲ့သူတွေကပဲ ရကြတာ။ မညီညွတ်တဲ့ သူဟာ မျှတခြင်းကို မရနိုင်ပါ။ မျှတအောင်လည်း မလုပ်နိုင်ပါ။ ဥပမာ ဆိုကြပါစို့။ ယနေ့ မြန်မာပြည်မှာ ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားအရေး ဆိုပြီးတော့ ကြီးကြီးကျယ်ကျယ် ညီညွတ်မှုရအောင် လုပ်ကြတယ်။ ညီညွတ်မှုမရဘဲ လူနဲ့ “မူ”အကြောင်းနဲ့ပဲ စကားတွေ၊ အလုပ်တွေ၊ ပဋိပက္ခရှုပ်ထွေး (လုံးထွေး)နေကြတယ်။ ဒီမိုကရေစီရေးဆိုရင် အများနဲ့ဆိုင်တဲ့ အလုပ်ဖြစ်ပြီး တိုင်းရင်းသားအရေး ဆိုရင်လည်း ဘာခက်မှာမို့လို့လဲ။ မြန်မာပြည်ဟာ တိုင်းရင်းသားများ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်ဆိုတာ မြန်မာပြည်သားတိုင်း သိကြပြီးသား ဖြစ်တာကြောင့် နိုင်ငံရေးအရ အုပ်ချုပ်မှုအာဏာတစ်ခုလေးနဲ့ စကားတွေ အချေအတင် ပဋိပက္ခတွေ ဖြစ်ကြတယ်။ ဒီအဖြစ်အပျက်ဟာ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းလို့ရတဲ့ကိစ္စ ဖြစ်ပေမယ့် ပူးပေါင်းစုပေါင်းလုပ်ဆောင်တဲ့ နိုင်ငံရေးအစီအစဉ်နဲ့လုပ်ရင် မြန်မာပြည်နိုင်ငံရေး ဟာ ဘေးဘယ်တော့မှ ဖြစ်မလာနိုင်ပါ။ ဘေးမဲ့တဲ့နိုင်ငံရေးလောက ရောက်လာပြီး မြန်မာ့ လူ့ဘောင်မှာ အေးချမ်းသာယာမှု မဖြစ်ရင် ကြိုက်သလို ပြောပါ။ မဖြစ်နိုင်စရာ အကြောင်း မရှိပါ။

ပြည်မြန်မာဝယ်

မြန်မာလူမျိုးတွေဟာ အချင်းချင်းစကားများ (ရန်များ)မှ ချစ်နိုင်ကြတယ်။ အဲဒီ သဘောတရားဟာ ချစ်စရာကောင်းတဲ့ ဓလေ့တစ်မျိုးပါပဲ။ တိုင်းပြည်ကို တကယ်ချစ်ကြတဲ့ သူတွေ ဖြစ်လို့ “ပြည်ချစ်သား” ဆိုပြီး လူပုံအလယ်မှာ ကြွေးကြော်တဲ့သူတွေ အရှိရှိပါပဲ။ ဒါပေမဲ့ တိုင်းပြည်မှာ ဘာနဲ့စား၊ ဘာနဲ့နေ၊ ဘာနဲ့ဝတ်ရမလဲ ဆိုတော့ စ ဆုံး မမြင်ဘဲ “ပြည်ချစ်သား”လို့ ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်နေတာဟာ အပိုမဟုတ်ရင် ဘာတွေလဲ။ အပိုမှ အပိုပါပဲ။ နိုင်ငံရေးကြောင့် ရန်ဖြစ်ကြလို့ ကမ္ဘာပေါ်မှာ သက်တမ်းတစ်ရာနီးပါးအထိ ဘယ်နိုင်ငံရေးလမ်းစဉ်ကောင်းမှ မချပြနိုင်တဲ့ တိုင်းပြည်ကို ညွှန်ကြားပါဆိုရင် “ရှေးသရောခါ ပြည်မြန်မာဝယ်”လို့ပဲ ညွှန်ကြားကြမပေါ့။ အဲဒီလိုမျိုးကော ဖြစ်သင့်သလား။

မတည်ထွန်းနိုင်ပါ

မြန်မာပြည်ကို “ပြည်ထောင်စု”တိုင်းပြည်လို့ သတ်မှတ်ချင်နေကြတယ်။ ပြည်ထောင်စု တိုင်းပြည်၊ တစ်ပြည်ထောင်တိုင်းပြည်၊ FEDERAL တိုင်းပြည်၊ ဘယ်လို တိုင်းပြည်မျိုးမဆို ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ မဖြစ်ဖို့ လိုတယ်။ ပြည်ထောင်စုစနစ်ကို ပြည်ထောင်စုစိတ်ဓာတ်မထားရင် မြန်မာပြည်မှာရှိတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာရေးတွေ ဘယ်လို ထိန်းသိမ်းကြမလဲ။ နိုင်ငံရေးစိတ်ဓာတ် ဆိုတာ ပြည်ထောင်စုစိတ်ဓာတ်က ပေါက် ဖွားလာတဲ့ စိတ်ဓာတ်ဆိုပေမယ့် ကွဲပြားမှု၊ အားနည်းချက်များရင် ပြည်ထောင်စုစိတ်ဓာတ် မပြောနဲ့ သူတော်စင်စိတ်ဓာတ်ပါ ကိလေသာ အနှောင့်အယှက်ပေးခံရသေးတယ်။ နိုင်ငံပြု၊ နိုင်ငံရေး၊ လူမျိုးရေးစိတ်ဓာတ် ဆိုတာ အာဃာတကင်းကြတဲ့ စိတ်ဓာတ်တွေ မဟုတ်ပါ။ အာဃာတအမုန်း၊ အဆိုးတရားတွေ ရှိနေတဲ့တိုင်းပြည်ဟာ နေရာမတည်နိုင်ပါ။ ကောင်းအောင် မတည်ထွန်းနိုင်ပါ။

အကြမ်းမဖက်ကြစေနဲ့

လူသားတွေဟာ အလိုမကျမှုများရင် ဒေါသစိတ် ဖြစ်တယ်။ စိတ်ဒေါသမီးလောင် တယ်။ စိတ်ဒေါသမီးလောင်ရင် ဒေါသမီးကို တရားကောင်းနဲ့ မသတ်ဘဲ မတရားချည်း သက်သက်နဲ့ စုပုံပြီး သတ်ကြတယ်။ ဒေါသမီးပုံဟာ “ပြည်ထောင်စုမီးပုံ” ဖြစ်ပြီး မီးတွေ အကုန်လုံး လောင်ကြတော့တာပါပဲ။ တရားသော ပြည်ထောင်စု၊ မွန်မြတ်သော ပြည်ထောင်စု၊ ကောင်းသော ပြည်ထောင်စု၊ လူမှုဘဝ ပြည်ထောင်စု၊ လူသူတော်ကောင်း ပြည်ထောင်စု ဖြစ်ချင်ကြတဲ့ နိုင်ငံရေးဘက်တော်သားများ ဆင်ခြင်ရန်အတွက် မိမိကိုယ်မိမိ အကြမ်းမဖက် ခြင်းသာ “ပြည်ထောင်စုစိတ်ဓာတ်” အမှန်ဖြစ်ပါကြောင်း ဖြစ်ပါတယ်။

“မီး… မလောင်ခင်တား
တရားမမှားကြနဲ့၊ အကြမ်းမဖက်ကြစေနဲ့”

နိုင်ငံရေးဆိုတာ “အုပ်ချုပ်ရေးကို အဖြေရှာတဲ့နည်းပညာ” ဖြစ်တဲ့အတွက် ပြင်းထန်တဲ့ စိတ်အမြင်ရှိတဲ့သူတွေရဲ့အလုပ် ဖြစ်ပါတယ်။ ဒီနေ့ စစ်ရေး၊ စစ်ပွဲတွေ မဆုံးနိုင်တာဟာ“အုပ်ချုပ်ရေးကို အဖြေရှာတဲ့ နည်းပညာ”ရဲ့ ပြဿနာကြောင့်လည်း ပါဝင်ပါတယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၅၁-၂၅၆၊ အဝိဟိံသာနိုင်ငံရေး (၃၁)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး ၃၀

ကိုယ်ချထားတဲ့ သန္နိဋ္ဌာန်ကို မပျက်သွားဖို့နဲ့ စိတ်ညှိုးငယ်ရာမှ အမြန် အားပြန်တက်လာဖို့ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ သတ္တိမွေးဖို့ အင်မတန် အရေးကြီးပါလိမ့်မယ်။

 (မဟတ္တမဂန္ဒီ)

သည်းခံမှုစွမ်းအား                                                                                      

နိုင်ငံရေးနဲ့ ပတ်သက်ရင် အရှင်တို့စိတ်ဟာ ဒေါသကို ရှေ့ဆုံးမှာ မထားဖို့ နိုင်ငံရေး ပညာက ခဏခဏ သင်ကြားထားပါတယ်။ လူတွေဟာ ဒေါသကို အဝတ်အထည် ဝတ်ထား သလို ကိုယ်ကို ဝတ်ထားတာကြောင့် ကိုယ်ဝတ်ရောဂါသည်လို ဖြစ်နေကြတယ်။ ဒေါသ ကြီးတဲ့ ရောဂါသည်ပေါ့။ ဒေါသအမျက်ကြီးတဲ့ ရောဂါသည်ဟာ မိမိရဲ့ ရရှိတဲ့ ဆိုးသွမ်းမှ ရောဂါကို တော်ရုံတန်ရုံ မစွန့်ချင်ကြဘဲ ကုစားမှုလည်း မပြုချင်ကြပါ။ ဒီဥပမာလိုပဲ ဒေါသ အားကြီးတဲ့သူဟာ သည်းခံမှုတရားတစ်ခုခု သက်ရောက်မှု ရှိလာရင် ဖြေဆေးသဘောလို မသတ်မှတ်ဘဲ သည်းခံမှုတရားကိုပဲ ရန်ဘက်ပြုနေတယ်။ သည်းခံမှုတရားက ငြိမ်းချမ်းမှုကို ဦးတည်ပေမယ့် ဒေါသအာဃာတထားတဲ့သူရဲ့ အပြုအမူက ဆိုးသွမ်းမှုမဆုံးတတ်ဘဲ ပေါက် ကွဲတဲ့ ဒေါသသံကို အဝေးကပဲ နားထောင်လိုက်ရုံပါပဲ။ ဒေါသဖြစ်ရခြင်း အကြောင်းအရင်း ဟာ အထင်အမြင် လှည့်ပတ်မှုက စတာပါပဲ။ လူတစ်ယောက်က မိမိကို အမြင်ကတ်နေရင် ဒေါသစိတ် ဖြစ်လာမှာပဲ။ သူ ဖြစ်နေတဲ့ ဒေါသလိုမျိုး မိမိဘက်က ဒေါသမဖြစ်ဖို့ ထိန်းရမယ်။ မေတ္တာစိတ်ပွားများရမယ်။ သူ့ကို သနားကြင်နာရမယ်။ ဒီလိုအဆိုးမျိုးတွေ ဖြစ်လာရတာဟာ လှည့်စားခြင်းဒဏ် ခံရတယ်လို့ပဲ မှတ်ရမယ်။ ဒေါသဆိုတာ လူတွေအရေးကြီးတဲ့ကိစ္စ(တရား) မဟုတ်ဘူး။ သူ မရှိရင်လည်း အကြောင်းမဟုတ်ဘူး။ သူ မဖြစ်ရင်လည်း ဘာမှ အားယုတ်စရာမရှိဘူး။ ဒါကြောင့် ဒေါသနဲ့ ခိုက်ရန်ပြုတဲ့သူတွေကို သည်းခံပေးနိုင်သမျှ သည်းခံပါ။ သည်းခံမှုစွမ်းအားမလျော့သွားစေပါနဲ့။

အဆိပ်သီးတဲ့ပစ္စည်း

ယနေ့ အလုပ်သမားတွေရဲ့ ခံစားရတဲ့ အခွင့်အရေးဆုံးရှုံးမှုဟာ အမှန်တရား ချိုးဖောက်တဲ့သူတွေရဲ့ လုပ်ရပ်တွေပါ။ ဒီလုပ်ရပ်တွေကို လုပ်လို့ တိုးတက်ရတာမျိုး ဖြစ်လာ တာကို မိမိကိုယ်မိမိ ကျေနပ်ရင် ဒီဝေဒနာတွေကို မထုတ်ဖော်ဘဲ အရှင်တို့အားလုံး ကျေကျေ နပ်နပ်နဲ့ သည်းခံပြီး နေလိုက်ပါ့မယ်။ နေနိုင်ကြပါတယ်၊ ဒါပေမဲ့ သတိလက်လွတ်တဲ့ သစ္စာမဲ့စွာ ပြုမူခဲ့တဲ့အလုပ်ကို ပြည်သူအားနဲ့ ထုတ်လုပ်ထားရတဲ့ (ဒါနစည်းစိမ်တွေကို) အကျိုးအမြတ်တွေကို တိုင်းပြည်အတွက် ပဓာနပစ္စည်းဖြစ်သွားရင် ကျေနပ်ပါတယ်။ ဒီလိုမှ မဟုတ် ခေါင်းပုံဖြတ်စနစ်နဲ့ အရှင်တို့အားနဲ့ ထုတ်လုပ်ထားတဲ့ပစ္စည်းတွေကို နိုင်ငံတကာမှာ မဖြန့်သင့်ပါ။ ဒီပစ္စည်းဟာ မသန့်ပါ။ သစ္စာမဲ့ဥပဒေ ချိုးဖောက်တဲ့ အဆိပ်သီးတဲ့ပစ္စည်းပါ။ 

သာဓကကို မမေ့ပါနဲ့

ယနေ့ မြန်မာအလုပ်သမားတွေရဲ့ ခံစားရတဲ့ဝေဒနာဟာ ဒီအကြောင်းအရာတွေပါ ပဲ။ လုပ်သမျှအားနဲ့ အကျိုးအမြတ်မရတဲ့ အလုပ်ရုံမျိုးဟာ မြန်မာပြည်မှာ လက်ခံနိုင်စရာ အကြောင်းမရှိပါ။ ပြည်သူကို အားကိုးရင် ပြည်သူတွေကို မလိမ်ပါနဲ့။ ပြည်သူတွေကို လိမ်လို့ရမယ် မထင်နဲ့။ ပြည်သူ့အားနဲ့ ထုတ်လုပ်ပြီး မျှတဲ့တန်ဖိုး အကျိုးကို မပေးနိုင်တဲ့ အလုပ်ရှင်တွေ မြန်မာပြည်မှာ အလုပ်ရုံ၊ စက်ရုံ မတည်ထောင်ပါနဲ့။ ပြည်သူတွေအပေါ်မှာ အလွန် ခြယ်လှယ်တဲ့ အလုပ်ရှင်တွေ အရှင်တို့ရဲ့ တိုင်းပြည်ဥပဒေတွေကို မဖျက်ဆီးပါနဲ့။ ငါတို့မြန်မာပြည်သူတွေကိုလည်း ဖျက်ဆီးဖို့ မကြံစည်ပါနဲ့။ သစ္စာမဲ့ ပြုမူချက်ပြုတဲ့သူတွေ မြန်မာပြည်ကနေ ခုချက်ချင်း ထွက်သွားပါ။ “ကရက်ဒေါက်”ကို မောင်းထုတ်ခဲ့ဖူးတဲ့ သာဓကကို မမေ့ပါနဲ့။

မချိုးနှိမ်ပါနဲ့

အရှင်တို့ဟာ သည်းခံရကျိုးကို နားလည် သိမြင်ထားပါတယ်။ အလုပ်သမားတွေ သူတို့ဘဝမှာ ခံစားနေရတဲ့ ဝေဒနာဒုက္ခအမျိုးမျိုးကို အရှင်တို့ မခံစားနိုင်ပါ။ သူတို့ရဲ့ဒုက္ခ ဝေဒနာဟာ ဖော်ထုတ်မပြနိုင်လောက်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ အမှန်တရားကို လက်ခံကျင့်သုံးတဲ့ ငါတို့ပြည်သူတွေကို မတော်မတရား အနိုင်ကျင့်ပြုတာကို လက်မခံနိုင်ပါ။ တရားသဖြင့် အရှင်တို့ကိုယ်တိုင်က တောင်းဆိုပါတယ်။ မတရားမှုဖြင့် အရှင်တို့ရဲ့ ပြည်သူတွေကို မခိုင်းပါနဲ့။ အဓမ္မစေခိုင်းမှု မပြုပါနဲ့။ ဒီလိုပြုမူချက်တွေဟာ သူတော်ကောင်းတွေ မကြိုက်တဲ့အပြင် သာမန်ပြည်သူတွေလည်း မနှစ်သက်ပါ။ ဒီနေရာမှာ အခကြေးငွေဖြင့် အလုပ်လုပ်ကိုင်ရသော အရှင်တို့ရဲ့ပြည်သူတွေကို နစ်နာမှု၊ ဆုံးရှုံးမှု မလုပ်ကြပါနဲ့။ တရား သဖြင့် ဆက်ဆံပါ။ လုပ်အားကို တရားသဖြင့် အကျိုးအမြတ် မျှတထားပါ။ မျှတခြင်း၊ ညီမျှခြင်းဟာ လူရဲ့ တန်ဖိုးထားတဲ့ စံနှုန်းပါ။ လူကို တန်ဖိုးထားပါ။ အမှန်ချမ်းသာမှုကို လိုချင်ရင် လူ့သိက္ခာ၊ လူ့ဂုဏ်ရည်တွေကို မချိုးနှိမ်ပါနဲ့။ ဒုက္ခရောက်သူကို ဝိုင်းဝန်းကူညီပါ။ နှိပ်စက်တဲ့လူ မလုပ်ပါနဲ့။

သဘာဝကျတယ်၊ နည်းလမ်းကျတယ်

ဒီပြည်သူတွေဟာ တိုင်းပြည်မဲ့၊ အမျိုးမဲ့ကြတဲ့သူတွေ မဟုတ်ပါ။ အကျိုးယုတ် အောင် ချိုးပစ်ဖျက်ဆီးမှု မလုပ်ကြပါနဲ့။ ဒီထက်မကကြမ်းတမ်းလာရင် အရှင်တို့ရဲ့ တာဝန်အရ ဆန့်ကျင်ရမှာဖြစ်တဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်မှု ပြုရမှာပါပဲ။ ခုလို ပွင့်ပွင့်လင်းလင်းနဲ့ တာဝန်အရ အသိ၊ သတိပေးတာကို ရိုသေစွာ လက်မခံနိုင်ခဲ့ရင်လည်း ကြီးမားတဲ့ ပေးဆပ်ရမှ များ ပေးဆောင်ရမှာပါပဲ။ အပြစ်မရှိတဲ့သူကို ဖမ်ပြီး အကျဉ်းချ၊ ထောင်ချခဲ့တာကို သဘာဝကျ တယ်၊ နည်းလမ်းကျတယ်ဆိုရင် မတရားတဲ့အမိန့်အာဏာကို တာဝန်ရှိတဲ့သူတွေရဲ့ ပြုမူ ဆောင်ရွက်ချက်ဟာလည်း သဘာဝကျတယ်၊ နည်းလမ်းကျတယ်လို့ပဲ မှတ်ရမယ်။

ခြားနားချက်မထားတဲ့ ချစ်ခြင်း

ပြည်သူတွေ ဆင်းရဲစွာ ခံစားရတဲ့ ဝေဒနာကို ဝမ်းသာပျော်ရွှင်ကြတဲ့ အပျော်လွန်သူ တွေအားလုံး သတိထားဖို့ လိုလိမ့်မယ်။ နာကျင်မှုထဲက စိတ်နာကျင်မှုခံစားနေရတဲ့ ပြည်သူတွေ ကို ဂရုစိုက် စောင့်ရှောက်ပေးဖို့ မမေ့ပါနဲ့။ စိတ်နာကျင်မှုထဲက ပေါက်ထွက်တဲ့ဒဏ်ဟာ သက်သာဖြည့်ဆည်းပေးဖို့ ခက်ခဲပါတယ်။ ပြည်သူတွေ စိတ်ဓာတ်ခိုင်မြဲတည်ငြိမ်အောင် လျင်မြန်စွာ စောင့်ရှောက်ပေးပါ။ မိမိ အကျိုးစီးပွားချမ်းသာမှုတစ်ခုတည်းနဲ့ စောင့်ရှောက်နေ တာဟာ မခဲယဉ်းပါ။ သတ္တဝါအပေါင်း ဒုက္ခခံစားရတာကို လွတ်မြောက်သွားအောင် ကယ်တင် ဖို့၊ စောင့်ရှောက်ဖို့ သင့်မှာ မမေ့ကောင်းပါ။ မိမိကိုယ် မိမိ ချစ်သလို မိမိ ပတ်ဝန်းကျင်တွေ ကိုလည်း မိမိ ချစ်နေရမယ်။ ဘယ်သူတွေ ဘာပြောပြော ခြားနားချက်မထားတဲ့ ချစ်ခြင်းဟာ အမြတ်ဆုံး စောင့်ရှောက်ခြင်းတရားပါပဲ။

လူတွေစွမ်းအင် မဟုတ်ပါ

ဒီတရားကို လက်တွဲသွားဖို့ ဝန်မလေးပါနဲ့။ လူသားတစ်ရပ်လုံးနဲ့ဆိုင်တဲ့ အများအကျိုးဖြစ်ထွန်းစေနိုင်တဲ့ ဂုဏ်ရည်တွေကို တန်ဖိုးထားပါ။ အတ္တကင်းမဲ့ပါ။ မသိနားမလည်မှု တရားကို သိပါ။ မတရားကွဲပြားမှုကို စည်းလုံးညီညွတ်ပါ။ လူတွေဟာ ငြိမ်းချမ်းမှုကို လိုလားကြတယ်။ အကြမ်းဖက်မှုကို လက်မခံကြပါ။ တိုးတက်မှုကို လိုလားကြပြီး ပျက်စီး၊ ဖျက်ဆီးမှုကို မနှစ်သက်ကြပါ။ မလိုလားကြပါ။ ဘယ်ဖျက်ဆီးမှုမျိုးကိုမဆို အဆုံးသတ်ခြင်း မကောင်းပါ။ အားပေးထောက်ခံမှုမရှိတဲ့ ဒေါသကို ပေါက်ကွဲရန် မလိုပါ။ လူတွေ စွမ်းအင် မဟုတ်ပါ။ အားနည်းချက်တရားပါ။

နိုင်ငံရေး လမ်းဖွင့်ပေးပါ

ယနေ့ မြန်မာပြည်အစိုးရဟာ အခက်ခဲကြားက တည်ငြိမ်အေးချမ်းမှုဆီကို သွားနေ တာကို တွေ့ရတယ်။ ဒီသွားနေမှုဟာ နောက်မဆုတ်တဲ့ သွားခြင်းပါ။ သိက္ခာရှိတဲ့ သွားခြင်း ပါ။ မိမိ တိုင်းပြည်ကို စနစ်ကျအောင် စီမံပေးတဲ့သွားခြင်းပါ။ ဒီမျိုးစေ့ဟာ အကြမ်းမဖက်တဲ့ မျိုးစေ့ပါ။ ပြဿနာကို မမွေးထုတ်တဲ့ မျိုးစေ့ပါ။ ဒုက္ခဆင်းရဲခြင်းကို လိုလားတဲ့ သွားခြင်း မဟုတ်ပါ။ တရားမျှတမှုကို သက်သေပြတဲ့ အုပ်ချုပ်မှုသို့ သွားခြင်းပါ။ တိုင်းသူပြည်သားများ တရားမျှတမှုကို ခံစားရပါစေဆိုတဲ့ စေတနာကောင်းနဲ့ တိုင်းပြည်ကို ပုံသွင်းတယ်လို့ အရှင်တို့ယုံကြည်မှု ထားလိုက်ချင်ပါတယ်။ ဒီစကားဆိုပြလို့ ကြားရတဲ့ မြန်မာပြည်အစိုးရအဖို့ ဝမ်းမသာဘဲ ဖြစ်ရင်၊ သို့မဟုတ် မကျေနပ်မိရင် အကြမ်းမဖက်မှုတရားနဲ့ ဗြဟ္မစရိယတရား နှစ်ပါး ဝမ်းသာရင် အရှင်တို့ ကျေနပ်နိုင်ပါပြီ။ ဆက်လက်ပြီးတော့ မြန်မာပြည်အစိုးရကို တောင်းဆိုမှုတစ်ခု ရှိပါတယ်။ နိုင်ငံရေးကျောင်း လျင်မြန်စွာ တည်ဆောက်ပေးပါ။ နိုင်ငံရေး ကျောင်းသား မွေးထုတ်ပေးပါ။ နိုင်ငံရေးလမ်း ဖွင့်ပေးပါ။ ရဲရဲဝံ့ဝံ့ တောင်းဆိုပါတယ်။

အကျင့်ကောင်းသူရဲ့ စည်းစိမ်သာ ဖြစ်ပါစေ

အရှင်တို့တိုင်းပြည်ဟာ လွတ်လပ်ရေးရပြီး နှစ်ပေါင်းမနည်းတော့ပါ။ လွတ်လပ်ရေး ရပြီး ဆိုပေမယ့် အရှင်တို့ တတ်ထားတဲ့ ပညာတွေဟာ လွတ်လပ်တဲ့ လွတ်လပ်ရေးပညာ မဟုတ်ပါ။ တခြားတိုင်းပြည်ကလူတွေ အရှေ့ကို ကျော်ဖြတ်တက်နေကြပြီ။ သူတို့တိုင်းပြည်ဥမှာ ပညာဘဏ်၊ သုတဘဏ်တွေ ပြည့်ဝနေအောင် စုပုံနေကြပြီ။ အရှင်တို့မှာ မတတ်တတတ် ပညာနဲ့ တိုင်းပြည်အတွက် ဆောင်ရွက်လုပ်ကိုင်နေရတာကြောင့် အကြွေးနဲ့၊ အတိုးနဲ့ သံသရာ လည်နေကြရတယ်။ တတ်တဲ့သူတွေက တိုင်းပြည်ကို ဦးဆောင်ကြပါ။ သိတဲ့သူတွေတိုင်းပြည် ကို ခေါင်းဆောင် လုပ်ကြပါ။ နက်ရှိုင်းတဲ့ နိုင်ငံရေးပညာရပ်တွေ လူထုတွေကို သင်ပေး ပါ။ လူတိုင်းဆိုင်တဲ့ပညာရပ်ဟာ နိုင်ငံရေးပညာရပ်ပါ။ ပြည်သူ့ကြားက ပြည်သူ့နိုင်ငံရေး ဖြစ်အောင် အသိ၊ အမြင် ဖွင့်ပေးပါ။ လူထုတွေ နိုင်ငံရေးပညာတတ်လို့ တိုင်းပြည်အတွက်က အကျိုးမယုတ်လျော့သွားပါ။ တိုင်းပြည်ရဲ့ အမာခံဟာ ပညာပါ။ ပညာကို လူတိုင်း တန်ဖိုး ထားပါ။ အခြေခံပညာ၊ အထက်တန်းပညာ မခွဲခြားဘဲ စ၊ လယ်၊ ဆုံး ကောင်းတဲ့ပညာရေးကို လူထုတွေကို သင်ပေးပါ။ ပေါများသူ ပညာတတ်၊ ယုတ်လျော့သူ ပညာမွဲ လူးလဲတဲ့စနစ်ဆိုး တွေ မြန်မာပြည်မှာ ပြုပြင်ပေးပါ။ ပေါများသူက အထက်တန်းလွှာ၊ ယုတ်လျော့တဲ့သူက အောက်တန်းလွှာ၊ ထက်အောက်ထားတဲ့စနစ်တွေ ဖျောက်ကြပါ။ ခွဲခြားဆက်ဆံထားတဲ့ စနစ်တွေ၊ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ မထားပါနဲ့။ လူအချင်းချင်းပဲ တစ်ဖက်သား အရှက်ရတဲ့ ဆက်ဆံခြင်းမျိုး ရှောင်ကြဉ်ကြပါ။ ဂုဏ်သိက္ခာတရားကို ဓနနဲ့ မနှိုင်းယှဉ်ပါနဲ့။ သိက္ခာမလဲကျနိုင်တဲ့ ဓနကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါ။ သုံးဖြုန်းလို့မကုန်တဲ့ စည်းစိမ်ကို မတော်မတရားတဲ့စည်းစိမ် မဖြစ်စေနဲ့။ အကျင့်ကောင်းသူရဲ့ စည်းစိမ်သာ ဖြစ်ပါစေ။

ကိုယ့်တာဝန်ကို ကိုယ်ထမ်းဆောင်

ယနေ့ အရှင်တို့မြန်မာပြည်လူထုတွေဟာ ကိုယ်ပိုင်လမ်းတစ်လမ်း ရွေးပါ။ ကိုယ်ပိုင် လမ်းအဖြစ် ဒုက္ခခံရခြင်းလမ်းကို မရွေးပါနဲ့။ ဒုက္ခခံရခြင်းဟာ လိုလားအပ်တဲ့အရာ မဟုတ် ပါ။ ကိုယ်ပိုင်လမ်းအဖြစ် ဒီမိုကရေစီလမ်းကို ရွေးပါ။ ဒီမိုကရေစီလမ်းဟာ အကြမ်းဖက်မှ မပါရပါ။ မတရားတဲ့ အပြုအမူ မပါရပါ။ ကလဲ့စားချေတဲ့လမ်းစဉ် မဟုတ်ပါ။ လူမျိုး၊ သို့မဟုတ် ပုဂ္ဂိုလ်ရေးရာအပေါ်မှာ အခြေမခံဘဲ အသွင်အပြင်ဖြစ်တဲ့ အမူအကျင့်ကို ကြည့်ပါ။ လုပ်ဆောင်ချက် အမူအကျင့် အသွင်အပြင် မကောင်းရင် အဲဒီစနစ်ကို ဦးမော့နိုင်ရုံသာမက ဖျက်ဆီးပစ်ရသည့်တိုင်အောင် အကြမ်းမဖက်တဲ့နည်းနဲ့ ဖျက်ဆီးပစ်ရမယ်။ ယနေ့ တစ်ကမ္ဘာ လုံးမှာ စိတ်မကောင်းစရာတွေ အမျိုးမျိုး ရှိနေတယ်။ ဖိနှိပ် နှိပ်စက်မှုတွေလည်း အများကြီးပါ။ ကလေးသူငယ်တွေခံနေရတဲ့ ကာယကံမြောက် စော်ကားမှု၊ နိုင်ငံရေးသမားများ ဖိနှိပ်ထားမှု၊ အလုပ်သမား၊ လယ်သမားလူတန်းစား အစုံစုံ နှိမ့်ချဆက်ဆံခံရမှုဟာ မြင်မကောင်း၊ ကြား မကောင်းလောက်အောင် ဖြစ်နေကြတယ်။ နာဇီဖက်ဆစ်သမားတွေထက် ရက်စက်ကြတယ်။ သူတို့ရဲ့ဒေါသ အားနည်းချက်ကို အကျိုးတိုးတက်မှု ဘယ်ရွေ့ဘယ်မျှ ရောက်နေကြပြီလဲ ဆိုတာကို သူတို့ကိုယ်သူတို့ မသိကြပါ။ မှန်မှန်ကန်ကန် နားလည်ချင်ပါတယ်။ အရှင်တို့ရဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ထားနဲ့ သဘောထားကို မဖျက်ဆီးကြပါနဲ့။ ဖျက်ဆီးတတ်တဲ့အရာ ဟာ အမွေခံပစ္စည်း မဟုတ်ပေမယ့် ဘောင်ခတ်ထားလို့တော့ မရပါ။ 

နောက်ဆုံး ကာလ ပြောလိုတာက ဒီမြန်မာပြည်ကြီးထဲမှာ – 

(၁) လူ့ကျင့်ဝတ် မလေးစားတဲ့သူတွေ၊
(၂) စည်းကမ်း မလိုက်နာတဲ့သူတွေ၊
(၃) ပူးပေါင်းဆောင်ရွက်မှု မလုပ်တဲ့သူတွေ၊
(၄) အကျပ်အတည်းထဲ ရောက်အောင် ကလိမ်ကကျစ်ဆင်တဲ့ အယူအဆသမားတွေကို (အားလုံးကို) ကြောက်မက်ဖွယ်ကောင်းတဲ့၊ ပြင်းပြတဲ့ ကျင့်ဝတ်ဆိုင်ရာ တစ်ပါးဖြစ်တဲ့ ကိုယ့်တာဝန်ကိုကိုယ် ထမ်းဆောင်တဲ့သူ ဖြစ်အောင် လုပ်ပေးပါလို့ တောင်းဆိုပါတယ်။

ယနေ့ မြန်မာပြည်အစိုးရဟာ
အခက်ခဲကြားက တည်ငြိမ်အေးချမ်းမှုဆီကို သွားနေတာကို တွေ့ရတယ်။ 
ဒီသွားနေမှုဟာ နောက်မဆုတ်တဲ့ သွားခြင်းပါ။ သိက္ခာရှိတဲ့ သွားခြင်းပါ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၄၅-၂၅၀၊ အဝိဟိံသာနိုင်ငံရေး (၃၀)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂၉)

မိမိ အကျိုးအမြတ်ရရန် သူတစ်ပါးအကျိုးကို ထိခိုက်မှုပြုပြီး မိမိ၏ လူမှုအဆင့် အတန်းနှင့် ရာထူးအာဏာကို မတရားသဖြင့် အသုံးပြုခြင်းကို ရပ်ထားပါ။ ရှေ့ဆက်မတိုးပါစေနှင့်။ 

ပဋိပက္ခစက်ဝန်း

ပဋိပက္ခတစ်ခုရဲ့ မျက်နှာစာဟာ သုံးပါး (သုံးခု) ရှိကြောင်း တွေ့ရတယ်။
(၁) နှီးနွှယ်နေသောသဘောထားများ၊
(၂ ) အပြုအမူများ၊
(၃) ဆက်စပ်အခြေအနေများ ဖြစ်ပါတယ်။

-နှီးနွှယ်နေသော သဘောထားများ –   (ပြောင်းလဲလိုသည့်ဆန္ဒ ပုံသေသတ်မှတ်ထားသည့် အခြေအနေ၊   စိတ်လှုပ်ရှားမှုများ၊ အမြင်များ)။
-အပြုအမူများ –     (လှုံ့ဆော်ခြင်း၊ တောင်းဆိုခြင်း၊ မေတ္တာရပ်ခံခြင်း၊ အကြမ်းဖက်ခြင်း)။
-ဆက်စပ်အခြေအနေများ – (ဥပမာ – အရင်းအမြစ် ရှားပါးမှု၊ ပြိုင်ဆိုင်မှု၊ သဘောထားကွဲလွဲမှု၊ လက်ရှိအနေအထား စသည့် နောက်ခံအကြောင်းအရာ)။
ပဋိပက္ခတစ်ခုခု ဖြစ်လာကြပြီဆိုရင် ပဋိပက္ခကို ဖြေရှင်းဖို့အတွက် လက်တွေ့ ကျဖို့ လိုပါတယ်။ လက်တွေ့ လေ့လာသင်ယူမှု စက်ဝန်းအကြောင်းကို မသိရင် ပဋိပက္ခကို ဖြေရှင်းဖို့ မလွယ်ကူပါ။ ဒါကြောင့် ပဋိပက္ခ လွယ်ကူစွာ ဖြေရှင်းနိုင်ရန် –

(၁) ပြုမူလှုပ်ရှားခြင်း၊
(၂ ) ထင်ဟပ်သုံးသပ်ခြင်း၊
(၃) လေ့လာဆည်းပူးခြင်း၊
(၄) ကြိုတင်စီစဉ်ခြင်းများ လေ့လာရေး လုပ်ရမယ်။
စက်ဝန်းတစ်ခုရဲ့ အဆုံးဟာ နောက်စက်ဝန်းတစ်ခုရဲ့အစနဲ့ တူတာကြောင့် ပဋိပက္ခ အစအဆုံးကို လေ့လာရင် ပဋိပက္ခစက်ဝန်း နားလည်သွားတာပါပဲ။ ဒီပဋိပက္ခစက်ဝန်းကို ပို၍နားလည်ဖို့ဟာ ပဋိပက္ခဖြစ်စဉ် အကြောင်းအရာစကားကို သေချာလေ့လာဖို့ လိုပါတယ်။

ကောင်းစွာ နားထောင်ခြင်း

စကားကို နားထောင်တဲ့နေရာမှာ –
(၁) အစီအစဉ်ရေးဆွဲခြင်း၊ 
(၂ ) လက်တွေ့လုပ်ဆောင်ခြင်း၊
(၃) ထင်ဟပ်သုံးသပ်ခြင်း၊
(၄) လေ့လာသင်ယူခြင်း၊
(အဆုံး+အဖြတ်) လက်တွေ့ လေ့လာသင်ယူမှုစက်ဝန်း ရှိရမယ်။ ပြောတဲ့သူရဲ့ စကားကို ခံစားမှုကိုပါ နားလည်ဖို့အတွက် အာရုံစူးစိုက်နိုင်ဖို့ နားထောင်သူရဲ့ ကိုယ်ပိုင်စိတ်ကူး နဲ့ တုံ့ပြန်မှုတွေကို ထိန်းချုပ်ထားနိုင်တဲ့ ဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုဟာ ငြိမ်ငြိမ် သက်သက် နားထောင်ပေးဖို့ လိုအပ်သလို နောက်ထပ် သတင်းအချက်အလက်တွေ သိနိုင်ဖို့ အခြားနည်းလမ်းတွေကိုလည်း အသုံးပြုရပါတယ်။ နားထောင်သူအနေနဲ့ ပြောသူကို မှန်မှန်ကန်ကန် နားလည်ဖို့၊ မေးမြန်းဖို့လည်း လိုတယ်။

(က) မေးခွန်းထုတ်ခြင်း 
(ခ)  အနှစ်ချုပ်ခြင်း
(ဂ)  စကားပြေပြန်ကြည့်ခြင်း
(ဃ) ပြောသူ၏ ခံစားမှုကို ဆင်ခြင်ခြင်း
စတဲ့ အချက်တွေကိုလည်း အာရုံထားရမယ်။ ထိရောက်တဲ့ နားထောင်ခြင်းဖြစ်စေဖို့ သွယ်ဝိုက်တဲ့နည်းနဲ့ ဖော်ပြတဲ့ ကိုယ်ဟန်မူရာ၊ စိတ်လှုပ်ရှားမှုနဲ့ ခံစားမှုကိုလည်း ထည့်သွင်း စဉ်းစားရမယ်။

မှုန်ဝါးသွားမယ် မထင်ပါ

အရှင်ဟာ အဖိနှိပ်ခံရသူတွေရဲ့ အလုပ်သမားပါ။ ယနေ့ ကမ္ဘာပေါ်မှာ အဖိနှိပ်ခံရတဲ့ သူတွေ၊ နစ်နာဆုံးရှုံးမှုခံရတဲ့သူတွေဟာ ဘယ်သူတွေရဲ့ ပြုမူချက်လဲ ဆိုတာ သိဖို့လိုပါတယ်။ မိမိတို့ရဲ့ ပြုမူချက်ကို ပဋိပက္ခအသွင် မဆောင်ပါစေနဲ့။ အစိုးရသူ၊ အာဏာရှိသူတွေကို

အရှင် စကားပြောချင်ပါတယ်။ မိမိရဲ့ တိုင်းသူပြည်သားတွေ ပြုပြင်မှုမပြုဘဲ (ထိန်းသိမ်းမှု မလုပ်ဘဲ) အာဏာတန်ခိုးပြပြီး ကျော်ကြားအောင် အားထုတ်နေမှုဟာ တိကျမှန်ကန်စွာ ရှိရဲ့လား ဆိုတာ သုံးသပ်ဆင်ခြင်သင့်ပါတယ်။ယနေ့ လူတွေဟာ ဆင်းရဲဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်ဖြေရှင်းရတဲ့အချိန်မျိုးမှာ မသိနားမလည်မှု ရှိရင် နည်းလမ်းပြ ပြုပြင်ပေးရမယ် မဟုတ်လား။ လိုရာရောက်အောင် ပြုပြင်မှုမလုပ်ဘဲ ပြည်သူကို ရန်သူလို သတ်မှတ်နေတာဟာ အစိုးရသူတွေရဲ့ အလုပ် မဟုတ်ပါ။ ဒီလိုလုပ်ရပ်ဟာ ပဋိပက္ခပွားစေခြင်း မဟုတ်လား။ ဒါကြောင့် အရှင်ရဲ့ “Non-Violence-Activism” လုပ်ဆောင်မှုဟာ ရပ်နေခြင်း မဟုတ်။ တည်နေခြင်း မဟုတ်ပါ။ အရှင်တို့ရဲ့ တင်းတိမ်ရောင့်ရဲခြင်း၊ မေတ္တာရှေ့ထားခြင်း၊ တက်ကြွ နိုးကြားခြင်း ဖြစ်စဉ်ဟာ မှုန်ဝါးသွားမယ် မထင်ပါနဲ့။

အပြစ်ကို အရှိအတိုင်း ဖြစ်သင့်

အတိတ်ကာလက ပြစ်မှုတွေကို ပြုခဲ့ပြီး တရားဝင် ပေးအပ်သော လွတ်ငြိမ်းချမ်းသာ ခွင့်ကို မလေးစားဘဲ အာဏာပိုင်တွေထံ တရားမဝင် လက်နက်ပစ္စည်းများ အပ်နှံထားရုံနဲ့ ငြိမ်းချမ်းရေး ရယူတာမျိုးဟာ တရားဝင် ငြိမ်းချမ်းရေး မဟုတ်ပါ။ အခွင့်အာဏာနဲ့ လုပ်ပိုင်ခွင့် ရှိသော ယနေ့ အစိုးရသူတွေဟာ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုဓလေ့တွေ အားလုံးကို ထင်မြင်ချက်အမျိုးမျိုး ပေးပေမယ့် နားမထောင်၊ သည်းမခံ၊ အမြင်ကျဉ်းပြီး ပြုလုပ်တဲ့လုပ်ရပ်တွေဟာ သမာသမတ်မကျတဲ့လုပ်ရပ်ကို ကျော်လွန်ပြီး အဆုံးစွန် ရောက် နေကြပါပြီ။ အပြစ်သားတွေကို လွတ်ငြိမ်းသားဖြစ်အောင် လုပ်ခြင်းကြောင့် အကြမ်းဖက်ခြင်း မပေါ်လာနိုင်ဘူးလို့ မမြင်ပါ။ လူမှုဒုက္ခ အမျိုးမျိုး ပေးတဲ့သူကို အပြစ်မယူ၊ အပြစ်မပေး၊ လွတ်ငြိမ်းရေး ချမ်းသာခွင့်ပေးခြင်းဟာ ရှေးခေတ်ကာလက ဓမ္မတာသဘောလား။ အပြစ်ကိုအရှိအတိုင်း ဖြစ်သင့်ပါတယ် မဟုတ်လား။ 

ဖြစ်မလာနိုင်ဘူးလို့ မထင်နဲ့

အရှင်တို့ တိုင်းပြည်ဟာ တရားဥပဒေ ချိုးဖောက်တဲ့သူကို ချိုးဖောက်မိပါသည်ဟု ဝန်ခံခွင့် အမြဲပေးနေတာဟာ ဘာသဘောလဲ။ အပြစ်များ ကျူးလွန်ဖို့ လွတ်လပ်ခွင့် ပေးနေ တာလား။ အကြမ်းဖက်ဆင်ပြီး အားထုတ်နေတာကို သိပါလျက်နဲ့ သဘောတရား ဖြစ်စဉ် တစ်ပါးပါးလို့ သတ်မှတ်နေလိုက်ကြတာလား။ ဥပဒေတွေကို ဘယ်သူက အစဖောက်နေ သလဲ။ လေ့လာမှတ်သားသင့်ပါတယ်။ ပြည်သူ့ဥပဒေကို ပြည်သူတွေ မလေးစားလို့ မရပါ။ ဥပဒေ မလေးစား၊ မလိုက်နာတဲ့ ပြည်သူတွေဟာ မိမိတို့ ရေးဆွဲထားတဲ့ဥပဒေတွေ အလကား ဆုံးရှုံးမှာပဲ။ အရှင်တို့ဟာ လွတ်လပ်ခွင့်ရပြီ ဆိုပြီးတော့ မလေးမစား မလုပ်ကောင်းတဲ့အရာ

တွေကို မလုပ်သင့်ပါ။ အုပ်ချုပ်မှု၊ စီမံမှု ဘယ်လိုပဲကောင်းကောင်း ဥပဒေကို မလေးစား၊ မလိုက်နာကြရင် အရှင်တို့ ယုံကြည်ထားကြတဲ့ အကြမ်းမဖက်နိုင်ငံရေးဟာ ကျဆင်းသွားမှာပဲ။ အကြမ်းမဖက်တဲ့ နိုင်ငံရေးမူဝါဒ ကျဆင်းသွားရင် ဂျူးလူမျိုးတွေ ခံရတဲ့ ဒုက္ခမျိုးထက် ပိုမိုယုတ်မာရက်စက်တဲ့သူ၊ သို့မဟုတ် ဟစ်တလာထက် ပိုပြီး ယုတ်မာတဲ့သူ ဖြစ်မလာနိုင်ဘူး လို့ မထင်နဲ့။

မြန်မာပြည်ကို ဒီနည်းနဲ့ ချီတက်မှ

နိုင်ငံရေးဟာ ပုံသေတွက်နည်းရှိတဲ့ ကိန်းသင်္ချာလိုမျိုး မဟုတ်ပါ။ နိုင်ငံရေးလောကမှာ အကြီးမားဆုံး စွမ်းအင်ရှိတဲ့ နိုင်ငံရေးဟာ အဝိဟိံသာ (Non-Violence) နိုင်ငံရေးပဲ ရှိတယ်။ အချို့က ဒီနည်းဟာ Activist (လှုပ်ရှားပြောင်းလဲရေးသမား)အလုပ် ဆိုပြီးတော့ ကဲ့ရဲ့ပြောဆိုကြတယ်။ ဒီအဆိုဟာ မမှန်ပါ။ အရှင်တို့ဟာ Active Non-Violence ပုဂ္ဂိုလ် တွေပါ။ အဖိနှိပ်ခံရတဲ့သူတွေရဲ့ အလုပ်သမားကြီးပါ။ လမ်းပြသူပါ ၊ သို့မဟုတ် တက်ကြွသော အကြမ်းမဖက်သော နည်းပြသူတွေပါ။ မြန်မာပြည်ကို ဒီနည်းနဲ့ နိုင်ငံရေးချီတက်မှ ပြည်သူတွေ လိုလားတဲ့ လူမှုဘဝနိုင်ငံရေး         (ဒီမိုကရေစီ-ပြည်သူ့အာဏာ၊ ပြည်သူ့အခွင့်အရေး) ရောက်မယ် (ရမယ်) ဆိုတာ သိထားလို့ပါ။

ဘက်နာ (BATNA)

အရှင်တို့တိုင်းပြည် နိုင်ငံရေးကို ဒီပုံဒီနည်းနဲ့ ချီတက်နေတာကို ဆန့်ကျင်ဘက်၊ ယှဉ်ပြိုင်ဘက် ရှိရင်လည်း သူတို့ကို မဆန့်ကျင်ဘဲ လွတ်လပ်ခွင့်ပေးပါ။ သည်းခံပေးပါ။ မေတ္တာထားပေးပါ။ ရပ်တည်ပေးတဲ့ပုဂ္ဂိုလ် (ရပ်တည်ပေးသူ)တွေ ဒီသဘောကို နားလည်ပေးပါ။ လုပ်ငန်းစဉ်တစ်ခုဟာ ရန်လိုမှု ၊ ကျူးကျော် ရန်စလိုမှု၊ သဘောမတူညီမှု ၊ စွပ်စွဲမှု ၊ မိတ်မဖြစ်မှု ၊ အငြင်းပွားမှုများ ရှိကြစမြဲပါ။ ဒီလိုသဘောမျိုး ရှိတာကိုသိရင် မိမိရဲ့ ပြင်ဆင်ချက်နည်းလမ်းကို မလိုမုန်းထားခြင်း ဖြစ်သူတွေကို ရန်ငြိုး၊ ရန်ဘက်မထားဘဲ မိမိဘက်က ‘ဘက်နာ – Batna’ တစ်ခု ရဖို့ အရေးကြီးတယ်။ ဒီ“ဘက်နာ”နည်းလမ်းကို နားလည်ရင် အရှင်တို့ရဲ့ မြန်မာပြည်နိုင်ငံရေးစီမံကိန်းဟာ မှားယွင်းကြောင်း စွပ်စွဲမှု၊ လွှဲချမှုများ ကင်းပြီး ဘက်လိုက်ခြင်း၊ အယူသန်ခြင်းလည်း လျော့ကျသွားဖို့ သေချာတယ်။

နိုင်ငံရေးခံယူချက် မတူရင်

မြန်မာလူမျိုးတွေဟာ နိုင်ငံသားဆိုင်ရာ အမျိုးသားရေးဝါဒ ကိုမကိုင်စွဲဘဲ လူမျိုးဆိုင်ရာ အမျိုးသားရေးဝါဒကို ပိုပြီး ဦးစားပေးချင်ကြတယ်။ လူမှုဆိုင်ရာ လှုပ်ရှားမှုတစ်ခုဟာ နိုင်ငံသားဆိုင်ရာ အမျိုးသားရေးသာ အားကောင်းတယ်။ အခြားအရေးတွေဟာ ဘက်ပြန်တဲ့ နိုင်ငံရေးဖြစ်တာကို တွေ့ရတယ်။ နိုင်ငံသားဆိုင်ရာ အမျိုးသားရေးဝါဒမှာ –

(၁) အသားအရောင်၊
(၂ ) ကျား/မ၊
(၃) ဘာသာစကား၊
(၄)လူမျိုးမခြားဘဲ တိုင်းပြည် စံနှုန်းထားမှုနဲ့ တရားဥပဒေ စိုးမိုးရေးအပေါ် နိုင်ငံသားတစ်ဦးချင်းစီရဲ့ သစ္စာခံမှုပဲ ဖြစ်ပါတယ်။ ဒီအမြင်မျိုး ခံယူတဲ့နိုင်ငံရေးဟာ လူမှုဘဝ နိုင်ငံရေး (ဒီမိုကရေစီ) အခရာကျတယ်။ နိုင်ငံသားဆိုင်ရာ အမျိုးသားရေးမူဝါဒကို စိတ်မဝင်စားတာကြောင့် နိုင်ငံရေးခံယူချက်တွေ ကွဲလွဲသွားတာပါ။ နိုင်ငံရေးခံယူချက်မတူရင် “Civil War’ ပြည်တွင်းစစ် ခင်းကြတာပါပဲ။ 

ပြည်တွင်းစစ် ဖြစ်ရခြင်းဟာ –
(၁) နိုင်ငံရေးခံယူချက် မတူသူများ ဖြစ်ခြင်း၊ 
(၂) အကြမ်းဖက် ချုပ်ကိုင်ခြင်း၊
(၃) မလုပ်လိုမှုတစ်ခုကို လုပ်စေရန် အမိန့်ပေးခြင်း၊ 
(၄) ခြိမ်းခြောက်ခြင်းတွေကြောင့်ပါပဲ။

လက်ခံဖို့ အကြောင်းမရှိ
အရှင်တို့ဟာ မိမိတိုင်းပြည်အတွက်ကို “ဘုံတူညီချက်” ထားရန် လိုတယ်။ တူညီတဲ့ ရည်မှန်းချက်၊ တူညီတဲ့ အကျိုးစီးပွားဖြစ်ရေးဟာ တိုင်းပြည်တစ်ပြည်မှာ အရေးကြီးပါတယ်။ တူညီသော ရည်မှန်းချက်၊ တူညီသော အကျိုးစီးပွား၊ အခြေခံတူညီချက်၊ အခြေခံတူညီချက် များ ရွေးထုတ်အသုံးပြုတတ်ဖို့ အရေးကြီးပါတယ်။ လူထုတွေ သတိထားပါ။ မိမိရွေးချယ်တဲ့ ခေါင်းဆောင်၊ သို့မဟုတ် ပုဂ္ဂိုလ်ကို လူထုနဲ့ တူညီချက်မရှိတဲ့ ပုဂ္ဂိုလ်(ခေါင်းဆောင်)ကို မရွေးမိဖို့ပါ။ မိမိ ရွေးထားတဲ့သူက ခေါင်းဆောင်မပီသရင် ရွေးချယ်ထားတဲ့သူတွေကပဲ တရားခံ ဖြစ်သွားမယ်။ ဒီပုံစံဟာ နိုင်ငံရေးသာဓက ရှိခဲ့တယ်။ များစွာ တွေ့ခဲ့ဖူးတယ်။ အရှင်တို့ ခံစားရတဲ့ဝေဒနာဟာ အရှင်တို့ အသိဆုံးပါ။ အရှင်တို့ရဲ့ ဝေဒနာဟာ အရှင်တို့ နားလည်ပါတယ်။ အရှင်တို့ ဝေဒနာဟာ အလွန်အမင်း ပြင်းပြလာရင်တော့ အမိန့်အတိုင်း ပြဋ္ဌာန်းထားတဲ့ဥပဒေကို လက်ခံဖို့ အကြောင်းရှိမယ် မထင်ပါ။

အားမနည်းတတ်ပါ

ဒါပေမဲ့ အရှင်တို့ရဲ့ တုံ့ပြန်မှုဟာ မေတ္တာပျက်မှာ မဟုတ်တဲ့အပြင် အကြမ်းဖက်မှာလည်း မဟုတ်ပါ။ အမိန့်အာဏာကို လက်မခံရုံကလွဲရင်ပေါ့။ အရှင်တို့မိဘတွေဟာ အကျိုးရှိနိုင်တာ၊ အကျိုးယုတ်နိုင်တာကို သင်ကြားပေးထားပါတယ်။ ဒီသင်ကြားချက်ဟာ ခုဘဝ၊ အခြားဘဝအတွက်ပါ။ အရှင်တို့ရဲ့ဘဝကို ကောင်းကျိုးဖြစ်နိုင်တဲ့အကြောင်း အတားအဆီး အပိတ်အပင်မျိုး ဖြစ်လာတဲ့ နိုင်ငံရေးမျိုး ဖြစ်လာခဲ့ရင်တော့ ရွံရှာပစ်ပယ်မှု၊ မသိနားမလည်မှု တရားထိန်းချုပ်နိုင်ဖို့ ခဲယဉ်းသွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီတရားဟာ အများကို ထိခိုက်နစ်နာလွန်းတာကြောင့် ဒုက္ခဆင်းရဲမူရဲ့ အရင်းအမြစ်ဖြစ်တဲ့ ဒီတရားကို အကြွင်းမဲ့ပယ်သတ်ရမယ့် ကိစ္စတရားအဖြစ်နဲ့ အရှင်တို့ရဲ့ အသိဉာဏ်စဉ်က ချမှတ်ပေးထားပါတယ်။ အရှင်တို့ရဲ့နှလုံးသားဟာ အားမနည်းတတ်ပါဘူး။

ဘဝတစ်လျှောက်

အရှင်တို့ဟာ လူမှုဂုဏ်သိက္ခာကို ဖျက်ဆီးရက်သူတွေ မဟုတ်ပါ။ နိုးကြားတဲ့ သူတွေပါ။ ကိုယ်ကျိုးကြီးဖက်တဲ့သူတွေ မဟုတ်ပါ။ ပျော်ရွှင်မှု၊ ချမ်းသာမှု၊ တိုးတက်မှုတွေကို ပေးတဲ့သူတွေပါ။ အရှင်တို့ဟာ လူသားတစ်ရပ်လုံးအတွက် မကုန်မခန်းသော အကျိုးကျေးဇူးကို ဆောင်ရွက်ဖို့ မိဘတွေ အဆုံးအမပေးခဲ့တဲ့သူတွေပါ။ လူသားတွေရဲ့ တိုးတက်စေတဲ့အရာ ဂုဏ်ကို ကူညီထောက်ပံ့ဖို့ လူဖြစ်ကြတဲ့သူတွေပါ။ အသက်ရှင်နေတဲ့    ဘဝတစ်လျှောက် အထင်အမြင် လှည့်စားခံရမှု ဝေးပါစေ။

ယနေ့ အစိုးရသူတွေဟာ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ 
ယဉ်ကျေးမှုဓလေ့တွေ အားလုံးကို ထင်မြင်ချက်အမျိုးမျိုး ပေးပေမယ့် 
နားမထောင်၊ သည်းမခံ၊ အမြင်ကျဉ်းပြီး ပြုလုပ်တဲ့လုပ်ရပ်တွေဟာ 
သမာသမတ်မကျတဲ့လုပ်ရပ်ကို ကျော်လွန်ပြီး အဆုံးစွန် ရောက်နေကြပါပြီ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၃၉-၂၄၄၊ အဝိဟိံသာနိုင်ငံရေး (၂၉)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂၈)

ကမ္ဘာ့ငြိမ်းချမ်းသာယာမှုကို စကြဝဠာတစ်တိုက်လုံး စုစည်း တည်ဆောက်ကြရမယ်။

မှောင်မိုက်တဲ့ ဖက်စပ်နိုင်ငံရေး

လူ့သမိုင်းကို လူတွေ ပြန်လေ့လာရသောအခါ လူတွေ လုပ်ဆောင်ချက်အမျိုးမျိုး ထဲက ညီညွတ်တဲ့ နိုင်ငံရေးလမ်းစဉ်တစ်ခုကို တည်ဆောက်နိုင်ကြဖို့ ကြိုးပမ်းအားထုတ် နေကြတာကို တွေ့ရမယ်။ လူအများ စုပေါင်းနေတဲ့ လူနေကမ္ဘာကြီးဟာ ကမ္ဘာဦးအစ ပညာမတတ်မြောက်ကြခင်က နေထိုင်ကြတဲ့ လူတွေရဲ့စရိုက်အကြောင်းကို ပြန်တွေးမိကြရင် လူသားတွေအချင်းချင်း တည်ထောင်ဖွဲ့စည်းထားကြတဲ့ လူမှုဘဝဟာ ပျော်ရွှင်ချမ်းမြေ့သာယာ တဲ့ လူမှုဘဝတွေ တွေ့ရမှာပါ။ စုပေါင်းနေ၊ စုပေါင်းစား၊ စုပေါင်းလုပ်ကိုင်ကြတဲ့ လူမှုရေး စနစ်ကို အတတ်ပညာအမျိုးမျိုးကြောင့် လူတွေဟာ စုပေါင်းချက်မှ ခွဲဖြာချက်တွေ ဖြစ်လာ ကြတယ်။ ယူဆချက်တွေ၊ ပြုမူချက်တွေ အမျိုးမျိုးကြောင့် ညီညွတ်သော၊ တစ်ခုတည်းသော၊ ငြိမ်းချမ်းသော (လူမှုဘဝ) ပြည်သူ့ဘဝလမ်းစဉ်၊ သို့မဟုတ် လူမှုဘဝနိုင်ငံရေးလမ်းစဉ်ကို အေးအေးချမ်းချမ်း မတည်ဆောက်နိုင်ကြတော့ဘဲ မှောင်မိုက်တဲ့ ဖက်စပ်နိုင်ငံရေးတွေကို လက်ခံကျင့်သုံး နေထိုင်ကြရတယ်။

တစ်ခုတည်းသော ညီညွတ်ရေး

ယနေ့လူတွေဟာ စည်းလုံးညီညွတ်မှုအတွက် ပင်ပင်ပန်းပန်းနဲ့ ဖာထေးနေကြရပြီ မဟုတ်လား။ စည်းရုံးမှု မရှိတာကြောင့် ညီညွတ်အားကောင်းတဲ့ အုပ်ချုပ်မှုတွေ မရကြဘဲ (လူများစု၊ လူနည်းစု)အခွင့်အရေးတွေ ထိခိုက်ပွန်းပဲ့လာကြတာကို သိလာကြတော့ ပြင်ဆင်တဲ့ အပေးအယူတွေ လုပ်နေကြရတယ်။ ယနေ့လူတွေဟာ တိုင်းပြည်ဆိုသော အဆောက်အအုံတွေ ကို ကိုယ်ပိုင်စနစ်တွေထားဖို့ စိုးရိမ်ရသူများ မရှိတော့ပါ။ တိုင်းပြည်ကို မတရားသိမ်းယူသော စနစ်လည်း မရှိတော့ပါ။ လူအချင်းချင်း ညှဉ်းဆဲခြင်းစနစ်တွေလည်း မကြာမီ ချုပ်ငြိမ်း ပပျောက်တော့မှာ ဖြစ်တာကြောင့် လူတွေအားလုံး စုပေါင်းရည်ရွယ်ချက်ဖြစ်တဲ့ တစ်ခုတည်း သော ညီညွတ်ရေး၊ သို့မဟုတ် ငြိမ်းချမ်းရေးကို အရလှမ်းကြမှာ ဖြစ်ပါတယ်။

မငြိမ်းချမ်းတဲ့ အရာအားလုံးကို ဖျက်သိမ်း

ဒီလမ်းစဉ်ကို ချီတက်ကြမယ် ဆိုရင်  –
(၁) အချင်းချင်း စကားပြောခြင်း၊
(၂) ပြန်လည်ဆန်းစစ် ပြင်ဆင်မှု ပြုပြင်ခြင်း၊
(၃) အပေးအယူ နားလည်မှုယူခြင်း ဆိုတဲ့ မူသုံးချက်နဲ့လုပ်ကြရင် ညီညွတ်ရေး၊ တည်ငြိမ်ရေး၊ အေးချမ်းရေး၊ ဖွံ့ဖြိုးသာယာရေး ရှိလာမှာပါပဲ။ ပိုမိုပွင့်လင်းတဲ့ လူမှုဘဝ အသိုင်းအဝိုင်းရောက်အောင် မုသာဝါဒ ပယ်သတ်တဲ့စနစ်၊ မကောက်ကျစ် မစဉ်းလဲတဲ့စနစ်ကို ရပ်ထားပစ်ရမှာပါပဲ။ လိုရာဘက် (အလို-ဆန္ဒဘက်) တစ်ဖက်တည်းနဲ့ အစဉ်အဆက် မှားခဲ့တဲ့ နိုင်ငံရေးစနစ်ကို စွန့်ခွာပြီး ညီညွတ်ရေး အမြန်ဆုံး တည်ဆောက်ပေးနိုင်တဲ့ နိုင်ငံရေးကို တည်ဆောက်ရမှာပါပဲ။ လူသားအတွက် မငြိမ်းချမ်းတဲ့ အရာအားလုံးကို ဖျက် သိမ်းပစ်ရမှာပဲ။ (လူသားအတွက် အဆိပ်ဖြစ်တဲ့အရာ ဟူသမျှ) လူဖျက်ကမ္ဘာပစ္စည်း အားလုံး ကို ဖျက်ဆီးပစ်ဖို့ လူတိုင်းမှာ တာဝန်ရှိကြတာ ကြောင့် သဘောတူနိုင်မယ့် ဖျက်သိမ်းရေးမူ တစ်ခုကို ညီညီညွတ်ညွတ် ဆုံးဖြတ်ဖို့ လုပ်ကြရမယ်။

လက်နက်မဲ့ လူမှုကမ္ဘာ

နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးတွေကို ထိပါးစေတဲ့ အကြောင်းအရာဟာ ယနေ့ ကမ္ဘာပေါ်မှာ အပြိုင်အဆိုင်လုပ်ကြတဲ့ “လက်နက်ပြိုင်ပွဲ”ပါပဲ။ အသက်သေခြင်းများစွာ သတ်ဖြတ်နိုင်တဲ့ပညာကို လူပုံအလယ်မှာ ပြိုင်ဆိုင်မှု၊ လေ့ကျင့်မှုပြုကြတဲ့ အပြုအမူဟာ လူ့သိက္ခာတရား ကျဆင်းနေတာကို မမြင်ဘဲ လက်နက်အားကိုးပြီး နိုင်ငံရေးသိက္ခာကို ထိန်းသိမ်းမယ့် ပြိုင်ပွဲကြီးဟာ လူသားတွေရဲ့ အကျင့်တရား ပျက်စေရုံသာမက လူသားအားလုံး တို့ရဲ့ စိတ်ဓာတ်ကိုပါ ပျက်စီးစေတယ်။ ဒီပြပွဲ ပြိုင်ပွဲဟာ မဖျက်သိမ်းလို့ မရပါ။ ဖျက်သိမ်းမှ အသက်ချမ်းသာရကြမှာ ဖြစ်ပါတယ်။ ဒီထက်များပြားတဲ့ ဆိုးကျိုးတွေ တစ်စတစ်စ များပြား လာတာကြောင့် လက်နက်ထုတ်လုပ်တဲ့ အတတ်ကိုပါ ဖျက်သိမ်းရမယ်။ အကျိုးမရှိတဲ့ အတတ်ပညာကို မသင်ယူပါနဲ့။

(၁) အဏုမြူလက်နက်တွေ ဖျက်သိမ်းပေးပါ။
(၂) ဇီဝ (BIOLOGICAL)၊ ဓာတု (CHEMICAL) လက်နက်တွေ ဖျက်သိမ်း ပေးပါ။
(၃) စစ်လက်နက်တွေ ဖျက်သိမ်းပေးပါ။ အရှင်တို့ ပြင်းထန်စွာ တောင်းဆိုပါ တယ်။ လက်နက်နဲ့ ကိရိယာအတွက် ကုန်ကျတဲ့ငွေတွေကို တိုးတက်ဖွံ့ဖြိုးဖို့ အတွက် လုပ်ပေးပါ။ ငြိမ်းချမ်းရေးအတွက် သုံးပါ။ မရှိဆင်းရဲသားအတွက် ပေးဝေပါ။ မဖွံ့ဖြိုးသေးတဲ့ဒေသကို လှူဒါန်းပေးပါ။ လက်နက်မဲ့လူမှုကမ္ဘာ တည်ဆောက်ပေးပါ။ တာဝန်ကျေကြပါ။ အရှင်ကိုယ်တိုင် ဦးဆောင်တောင်းဆို ပါတယ်။

အင်အားသုံးလို့ အောင်မြင်မှာ မဟုတ်

လူတွေရဲ့ အခွင့်အရေးကို မဖျက်ဆီးပါနဲ့။ လူမှုအသိုက်အမြုံတွေကို လုံခြုံနွေးထွေး အောင် စောင့်ရှောက်ပေးပါ။ ဒီတာဝန်ကို ထမ်းဆောင်ပေးကြပါ။ လူမှုဆင်းရဲမှုကို ကိုယ်စီ တာဝန်ယူကြပါ။ ဒီလို အဆိုပြုချက် မိတ်ဆက်ပေးတာကို ငြိမ်းချမ်းရေးကို လက်နက်အားကိုး ပြီး ရယူချင်တာ မဟုတ်ပါ။ မှားတဲ့လမ်းကြောင်း ရယူချင်တာ မဟုတ်ပါ။ ဒီဖြောင့်ဖြောင့် ပြောဆိုတဲ့ အဆိုဟာ လူသားကမ္ဘာကို ဖျက်ဆီးတဲ့ လက်နက်တွေ မမြင်ချင်၊ မတွေ့ချင်လို့ပါ။ တစ်ဖက်သတ် အနိုင်ပိုင်းတဲ့ လက်နက်ကို ဘယ်သူမှ မမြင်ချင်ပါ။ မတရားတဲ့ စစ်လက်နက် ပြိုင်ဆိုင်မှုဟာ (လူ့ကမ္ဘာ) ဒီမြေပြင်မှာ မမြင်ချင်ပါ။ မတရားအကျိုး ဖြစ်လာရတဲ့ အလုပ်ကို ရေရှည်တည်တံ့ဖို့ မလိုပါ။ အရှင်တို့ လိုချင်တဲ့ သာယာဝပြောရေးဟာ အင်အားမသုံးခြင်းပါ။ အင်အားသုံးလို့ အောင်မြင်မှာ မဟုတ်ပါ။ အရှင်တို့ လိုချင်တဲ့ ငြိမ်းချမ်းသာယာဝပြောရေးကို မရမချင်း အရှင်တို့ မျက်လုံး မှိတ်မထားပါ။ တရားခြင်းမရှိတဲ့ အမိန့်ကို ကြောက်တဲ့လူ မဟုတ်ပါ။ ယနေ့ လူတွေဟာ လက်နက်အားကိုးပြီး ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်ခဲ့ကြတာ များလှပြီ။ ဘယ်လက်နက်မဆို လျင်မြန်စွာ ဖျက်သိမ်းပေးပါ။ ဒီတောင်းဆိုမှုဟာ အမှန်တရား ကို စွန့်ပြီး တောင်းဆိုတာ မဟုတ်ပါ။

ပဋိပက္ခကို မမွေးထုတ်

အရှင်တို့ ခံနိုင်ရည်သတ္တိဟာ ကုန်ဆုံးသွားမှာ မဟုတ်ပါ။ နည်းပါးသွားမယ်လို့ လည်း မစိုးရိမ်ပါနဲ့။ နက်ရှိုင်းတဲ့သတ္တိတွေ အများကြီး ရှိပါတယ်။ သတ္တဝါတွေကို အလကား မသတ်ပစ်ကြပါနဲ့။ လောကမှာ ဆက်တည်ခိုင်မြဲတဲ့တရား မရှိပေမယ့် တုန်လှုပ်ခြင်းသဘော တရားအရ သစ္စာမဖောက်သင့်ပါ။ သစ္စာဖောက်ခြင်းဟာ အပြစ်ကျူးလွန်ခြင်းပါ။ အရှင်တို့ရဲ့

“ငြိမ်ချမ်းရေးဓလေ့”ဟာ “နှုတ်ဆိတ်နေတဲ့ဓလေ့” မဟုတ်ပါ။ “အကြမ်းမဖက်ဓလေ့”ကို အရှင်တို့မှာ အလွန်တန်ဖိုးထားတဲ့သူတွေပါ။ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခကို “ယဉ်ကျေးမှုဓလေ့”နဲ့ အဖြေရှာသင့်ပါတယ်။ အရှင်တို့ရဲ့ တောင်းဆိုချက်ဟာ အကြမ်းမဖက်ကြရေးကို ဦးတည်တာ ဖြစ်တာကြောင့် “အကြမ်းဖက်ဓလေ့”ကို ဂုဏ်တင် လေးစားကြတဲ့သူတွေအားလုံး သိစေချင်ပါတယ်။ လူတိုင်းသဘောတူ ကျင့်သုံးနေကြတဲ့ သူတွေအားလုံး သိစေချင်ပါတယ်။ လူတိုင်း သဘောတူကျင့်သုံးနေကြတဲ့ လက်တွေ့ အလေ့ အထ (ထုံးတမ်းစဉ်လာ)ကို မဖျက်ဆီးသင့်ပါ။ အရှင်တို့မှာ ပဋိပက္ခကို မမွေးထုတ်ပါ။ လက်နက် ရုပ်သိမ်းပေးပါ။

(၁) တန်းတူညီမျှမှုရှိရေး၊
(၂) အခွင့်အလမ်းရှိရေး၊
(၃) အခြေခံလိုအပ်ချက်များ ပြည့်ဝရေး၊
(၄) ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးတို့ကို တားဆီးကန့်ကွက်ခံရတဲ့ လူမျိုးတိုင်းအရေးကို အကြမ်းမဖက်မှုအတွက် “ယဉ်ကျေးမှုဓလေ့”ကို တန်ဖိုးထားပြီး အမြစ်တွယ်နေတဲ့ “လက်နက် ပြိုင်ဆိုင်ရေး”ကို အဆုံးသတ်ပေးကြပါ။ အရှိန်လျော့ကျပေးပါ။

အရှင်တို့ရဲ့ ရည်ရွယ်ချက်ဟာ လူသားများထိုက်တန်တဲ့ ရည်ရွယ်ချက်ပါ။ ဆက်ဆံ ရန် မထိုက်တန်တဲ့ ရည်ရွယ်ချက် မဟုတ်ပါ။ အရှင်တို့ရဲ့ ရဲရင့်သော ဆုံးဖြတ်ချက်ဟာ တာဝန်ရှိတဲ့သူတွေ၊ လူ့အဖွဲ့အစည်းတွေ၊ ပါဝင်တဲ့သူတွေ အားလုံးအတွက်ပါ။ အရှင်တို့ရဲ့  ရပိုင်ခွင့်များ၊ အခွင့်အလမ်းများ၊ အရေးယူဆောင်ရွက်ချက်များ တန်းတူညီမျှမှု ရရှိစေဖို့ပါ။ အရှင်တို့ဟာ ပြည်သူပြည်သားတွေပါ။ အပြန်အလှန် ဆွေးနွေးမှုကို ရယူလိုတဲ့သူတွေပါ။ အကျပ်ရိုက်ခြင်း၊ ဒွိဟဖြစ်ခြင်းကို အလိုမရှိပါ။ အရှင်တို့ လူ့ဘဝဖြစ်ခြင်းတန်ဖိုးကို မမျှတ သောနည်းနဲ့ ခွဲခြားဆက်ဆံတာကို မလိုချင်ပါ။ မိမိတို့ရဲ့ဘဝကို ကိုယ်တိုင်ထိန်းသိမ်းနိုင်စွမ်း ရှိကြတဲ့သူတွေပါ။ ရွေးချယ်နိုင်စွမ်းကို ယုတ်လျော့အောင် မဖြစ်ချင်ပါ။ ဒီလို ခံစားရတာကို၊ သို့မဟုတ် ဒီလိုခံစားရတာကြောင့် “လက်နက်ရုပ်သိမ်းခြင်း”ကို ကန့်ကွက်၊ တောင်းဆိုရတာ ပါ။ ဒီလက်နက်ကြောင့် ခွဲခြားဆက်ဆံခြင်းနဲ့ ခွဲခြားရှုမြင်ဆက်ဆံခြင်းခံရတာမကဘဲ အရှင် တို့ရဲ့ အစွမ်းအစ မဲ့စေပါတယ်။ ရန်အပေါင်းကို တိုးစေပါတယ်။

တစ်ဖက်သားဆန်တဲ့ အပြုအမူ

ယနေ့ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုတွေ တိုးပွားလာတာကြောင့် ပဋိပက္ခတွေ တိုးလာ ပါတယ်။

(၁) တရားဝင်ဖြစ်သောပဋိပက္ခ၊
(၂) ဥပဒေကြောင်းအရဖြစ်သောပဋိပက္ခ၊
(၃) နိုင်ငံရေးသဘာဝကြောင့် ဖြစ်သော ပဋိပက္ခတွေဟာ နေရာတိုင်းမှာ တိုးပွား လာပါတယ်။ အငြင်းပွားသူ များလာတာကြောင့် အငြင်းပွားမှုများ တိုးလာပါတယ်။ ဒီလို အငြင်းပွားမှုများ တိုးလာရတာဟာ စီရင်ဆုံးဖြတ်ခြင်း၊ ဖြေရှင်းခြင်း၊ ဖျန်ဖြေခြင်း၊ ညှိနှိုင်း ဆွေးနွေးခြင်း စတဲ့ တရားဥပဒေကြောင်းအရ မျက်ကွယ်ပြုကြလို့ပဲ ဖြစ်ပါတယ်။ ယနေ့ မြန်မာ့မိသားစုအတွင်း (နေအိမ်အတွင်းမှာ) အကြမ်းဖက်မှုတွေ ဖြစ်ပွားလာတာကို တွေ့ရ တယ်။ ဒီလို ဖြစ်ပွားလာတာဟာ လူ့ကျင့်ဝတ်နဲ့ မညီညွတ်တဲ့ အခြေခံတွေကြောင့်ပါပဲ။ တကယ်တော့ လူတွေဟာ ရက်ရောခြင်း၊ ချစ်ခင်မြတ်နိုးခြင်း၊ သိရှိနားလည်ခြင်း (ဒါန၊ မေတ္တာ၊ ပညာ) တရားနဲ့ ညီညွတ်ရမယ်။ တစ်ဖက်သားဆန်တဲ့ အပြုအမူကြောင့် ပဋိပက္ခ အရှိန်အဟုန် မြင့်တက်လာတာပါ။

မှတ်ယူလိုက်ကြမယ်

တကယ်တော့ လူတွေဟာ မိမိနဲ့တစ်ဖက်သား မတူကွဲပြားမှု မရှိပါ။ ဒီအနေအထား ကို သုံးသပ်၍ လူမျိုးစု အမျိုးသားရေးဝါဒနဲ့ လူမျိုးစုနိုင်ငံရေးဆိုင်ရာ ပဋိပက္ခတွေ မြန်မာ ပြည်မှာ မရှိအောင် မျှတမှု တုံ့ပြန်ချက်ကောင်းတွေ လုပ်ပေးရမယ်။ နစ်နာချက်၊ မုန်းတီးမှု၊ ထက်အောက် တစ်ပြေးညီဖြစ်ဖို့ လိုအပ်တယ်။ ရန်လိုမှု၊ ရန်လိုစိတ်အနေနဲ့သာ ထားရင်တော့ လူသားလုံခြုံရေးအတွက် ပျက်စီးဆုံးရှုံးကြမှာပဲ။ ဒီသဘောတရားအားလုံးဟာ တစ်ကမ္ဘာလုံး မှာ မပြန့်ပွားရေးအတွက် ဘက်ပြိုင်စစ်ပွဲများ၊ လက်နက်ပြိုင်ဆိုင်မှုများ၊ အုပ်စုဖွဲ့နိုင်ငံရေးများ ရပ်တန်းမှရပ်ကြရန်၊ သို့မဟုတ် ဖျက်သိမ်းကြရန် လူထုတွေ တောင်းဆိုနေကြပါပြီ။ တောင်း ဆိုမှုတွေ လက်မခံတဲ့အစိုးရ (လူမှုအဖွဲ့အစည်း) မှန်သမျှကို အရှင်တို့က အကြမ်းဖက်သူ၊ အကြမ်းဖက်ဝါဒ လက်ခံသူ၊ ဖြန့်ဖြူးသူအဖြစ် မှတ်ယူလိုက်ကြမှာ ဖြစ်ပါတယ်။

မတုန်လှုပ်ပါ

အရှင်တို့ဟာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာတာကို မလိုချင်ပါ။ မကြိုက်ပါ။ ယခု အရှင်တို့ ဒီလိုတောင်းဆိုမှုပြုတာကို ဘယ်အစိုးရမှ ကြိုက်တာမဟုတ်ပါ။ ဘယ်သူမှ မထိခိုက် တဲ့ တောင်းဆိုမှုကို လက်မခံနိုင်လောက်တဲ့အထိ တင်းတင်းကျပ်ကျပ် တောင်းတာမျိုး အရှင် တို့မလုပ်ပါ။ အရှင်တို့ရဲ့အကြမ်းမဖက်တဲ့အပြုအမူဟာ ခေတ်သစ်နိုင်ငံရေး အတွေးအမြင် တွေထက် ထက်မြက်စူးရှပါတယ်ဆိုတာကို သိစေချင်ပါတယ်။ ယနေ့မြန်မာပြည်မှာ အရှင် တို့ရဲ့ လူထုတွေအပေါ်မှာ ပြင်းထန်ရည်ရွယ်ချက်ပါတဲ့ အကြမ်းဖက်မှုတွေ ရက်ရက်စက်စက် ကျူးလွန်လာတာကို တွေ့ရတယ်။ လူမဆန်စွာ ပြုမူတဲ့အလုပ်ဟာ ဘယ်သူမှ လက်မခံပါ။

ဒီလိုလုပ်ရပ်တွေဟာ အရှင်တို့ရဲ့ အကြမ်းဖက်တဲ့ဝါဒကို ဆန့်ကျင်နေတယ်လို့ပဲ သတ်မှတ်ရ မယ်။ တရားနည်းလမ်းမကျတဲ့ ဒီလို အကြမ်းဖက်မှုမျိုးကို အရှင်တို့ အမျိုးသားရေးအတွက် လုံခြုံရေးကို ထိပါးစေရုံသာမက အရှင်တို့ရဲ့ “ယဉ်ကျေးမှုဓလေ့”ကိုပါ ဖျက်ဆီးပစ်တာနဲ့ တူပါတယ်။ ဒီလို စိန်ခေါ်မှုမျိုးကို အရှင်တို့ရဲ့ Non-Violence တန်ဖိုးကို ကျဆုံးစေအောင် ပြုမူတာနဲ့ တူပါတယ်။ ဒါပေမဲ့ အရှင်တို့ မတုန်လှုပ်ပါ။ တုန်လှုပ်ရတဲ့ အကြောင်းရင်း ရောက်အောင်လည်း မရှိပါ။

လူ့ဘဝမျိုးစေ့

အရှင်တို့ရဲ့ Non-Violence ရဲ့ခိုင်မာမှုဟာ ကျောက်ဆောင်၊ ကျောက်တိုင် မဟုတ် ပေမယ့် အကျိုးအာနိသင်ဖြစ်ကြတဲ့ တန်းတူမှု၊ ကိုယ်ချင်းစာနာမှုတရားတွေဟာ တစ်ကမ္ဘာလုံး အတွက် (မြန်မာတစ်ပြည်လုံးအတွက်) ဖြစ်ရမယ် ဆိုတာကို ခိုင်မာတဲ့ ရည်ရွယ်ချက်ပါ။ အကြမ်းမဖက်တဲ့တရားဟာ နေရာအနှံ့ မှီခိုအားကိုးခြင်းရှိအောင် တည်ထောင်သွားဖို့ အရှင်ရဲ့ အဓိဋ္ဌာန်ဟာ နောက်မဆုတ်သွားပါ။ နွေးထွေးတဲ့ နှလုံးသားမွေးထုတ်၊ လူ့ဘဝ ရှင်သန်သွား လိုတဲ့ စေတနာ၊ ပျော်ရွှင်တဲ့ လူ့ဘဝမျိုးစေ့ ကိုယ်စီအမျှ ရကြပါစေ။

နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးတွေကို 
ထိပါးစေတဲ့ အကြောင်းအရာဟာ ယနေ့ကမ္ဘာပေါ်မှာ
အပြိုင်အဆိုင်လုပ်ကြတဲ့ “လက်နက်ပြိုင်ပွဲ” ပါပဲ။
အသက်သေခြင်းများစွာ သတ်ဖြတ်နိုင်တဲ့ပညာကို
လူပုံအလယ်မှာ ပြိုင်ဆိုင်မှု၊ လေ့ကျင့်မှုပြုကြတဲ့ အပြုအမူဟာ
လူ့သိက္ခာတရား ကျဆင်းနေတာကို မမြင်ဘဲ
လက်နက်အားကိုးပြီး နိုင်ငံရေးသိက္ခာကို ထိန်းသိမ်းမယ့် ပြိုင်ပွဲကြီးဟာ
လူသားတွေရဲ့ အကျင့်တရား ပျက်စေရုံသာမက
လူသားအားလုံးတို့ရဲ့ စိတ်ဓာတ်ကိုပါ ပျက်စီးစေတယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၃၃-၂၃၈၊ အဝိဟိံသာနိုင်ငံရေး (၂၈)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂၇)

ဝန်တိုခြင်း၊ စဉ်းလဲခြင်းသဘောကို အကြွင်းမရှိ ပယ်နုတ်ပါ။
ကိလေသာ အမြစ်ပြုတ်အောင် ပယ်နုတ်ပါ။ 
ကိလေသာအမြစ်ကို ထွေးအန်ပြီး ပညာရှိဖြစ်အောင် ကြိုးစားပါ။

မှန်သော ဆုံးဖြတ်ခြင်း

လောကမှာ သစ္စာရှိရမယ်။ တရားရှိရမယ်။ ညှဉ်းဆဲမှု မရှိဘဲ သီလကိုယ်ကျိုးကို စောင့်စည်းနိုင်ရမယ်။ မိမိကိုယ် ကာယိန္ဒြေကို ထိန်းထိန်းသိမ်းသိမ်း ရှိရမယ်။ အကျိုးမဲ့၊ အချည်းနှီးအလုပ်ကို အဝိဟိံသာနိုင်ငံရေးပုဂ္ဂိုလ်တွေ ဘယ်တော့မှ မလုပ်။ အကျင့်ကောင်း ရုံလေးနဲ့ သူတော်စင်ပါလို့ သတ်မှတ်လို့ မရ။ သီလအကျင့် ဟုတ်ပေမယ့် မစောင့်ထိန်း မကျင့်ကြံဘဲ နေရင် ယုံကြည်ရသူ မဖြစ်။ အမြဲပဲ ချွတ်ယွင်းတဲ့စကားကို မပြောမဆိုပါနဲ့။ လိုချင်မက်မောမှုဟာ ပြည့်စုံခြင်းအရာ မဟုတ်။ နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာတဲ့သူဟာ ဆုံးဖြတ်ရမည့်သဘော (ကိစ္စ= အကြောင်း) မကြာခဏ တွေ့ရတတ်မယ်။ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ရင် နိုင်ထက်စီးနင်းတဲ့ ဆုံးဖြတ်ချက် မဖြစ်ရ။အလျင်စလို (မြန်မြန်ဆန်ဆန်) မဆုံးဖြတ်ရ။ တရားသည့်အတိုင်း ဆုံးဖြတ်ရမည်။ အဆုံးအဖြတ်ဆိုတာ မှန်သောအကြောင်းနဲ့ မမှန်သော အကြောင်းနှစ်ပါးသာ အရင်းခံ ဖြစ် တယ်။ နိုင်ငံရေးလောကသားတွေဟာ အများကို အများနဲ့ ဆုံးဖြတ်တတ်တဲ့အကျင့် ရတတ် တယ်။ အမှားကိုလည်း အမှန် ဆုံးဖြတ်မိတတ်တာတွေ ရှိတယ်။ တရားသော အဆုံးအဖြတ် ဆိုတာ ဆုံးဖြတ်ပေးသူက တရားမရှိရင် တရားဆုံးဖြတ်သူ မဖြစ်ပါ။ အမှန်တရားကို လက်ခံ ကျင့်သုံးသူဖြစ်မှသာ၊ သို့မဟုတ် တရားစောင့်စည်းသူ ဖြစ်မှသာ ချွတ်ယွင်းချက်မရှိ မှန်သော ဆုံးဖြတ်ခြင်း ဖြစ်မယ်။ယုံကြည်ရသူ မဖြစ်။ အမြဲပဲ ချွတ်ယွင်းတဲ့စကားကို မပြောမဆိုပါနဲ့။ လိုချင်မက်မောမှုဟာ ပြည့်စုံခြင်းအရာ မဟုတ်။နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာတဲ့သူဟာ ဆုံးဖြတ်ရမည့်သဘော (ကိစ္စ= အကြောင်း) မကြာခဏ တွေ့ရတတ်မယ်။ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ရင် နိုင်ထက်စီးနင်းတဲ့ ဆုံးဖြတ်ချက် မဖြစ်ရ။

* ငြိမ်းချမ်းရေးဦးတည်ရာလမ်းကြောင်း

အမှန်တရားကို လက်ခံကျင့်သုံးတဲ့ အရှင်တို့ဟာ ဘေးဖြစ်တဲ့ အလုပ်ကို မလုပ်ပါ။ ရန်မလုပ်ပါ။ ကြောက်ရွံ့မှု ကင်းစေတဲ့သူပါ။ အပြစ်ဖြစ်တရားကိုလည်း အမြဲ ငြိမ်းအောင် နေမယ်။ မကောင်းမှုကို ဘယ်တော့မှ မလုပ်ပါ။ တရားနှင့် မညီညွတ်သော အကျင့်ကို မကျင့်ပါ။ မဆောက်တည်ပါ။ မကောင်းမှုကို ပယ်နုတ်သောသူ ဖြစ်အောင်နေမယ်။ လောက ကို ဉာဏ်နဲ့ကြည့်၍ ဆင်ခြင်ပြီး နေမယ်။ မိမိအပေါ် မတော်မတရားမှု ပြုလာရင် ဆိတ်ဆိတ် မနေပါ။ ကြမ်းတမ်းမှုဖြင့် မတုံ့ပြန်ပါ။ အမြတ်တရားကို ကျင့်သူ ဖြစ်အောင် နေမယ်။ ညှဉ်းဆဲခြင်းကို ဘယ်တော့မှ မလုပ် (မပြု)။ အရှင်တို့ရဲ့ ရည်မှန်းချက် အဆုံးအစွန်ဟာ အကျင့်ကောင်းရုံ မဟုတ်ပါ။ အကြားအမြင်များရုံ မဟုတ်ပါ။ တည်ကြည်ရုံ မဟုတ်ပါ။ ငြိမ်းချမ်းရေးရရုံ မဟုတ်ပါ။ အရှင်တို့ရဲ့ဘဝ ရည်မှန်းချက်လမ်းဟာ ဆင်းရဲအဆုံး ဖြစ်ပါ တယ်။ လူတိုင်း စင်ကြယ်ရန်အတွက် မိမိရဲ့ ကိုယ်ပိုင်ဉာဏ်စဉ်နဲ့ အကျိုးအားလုံးကို ဆောင် ရွက်နေခြင်းပဲ ဖြစ်ရမယ်။ ဒီလမ်းမှတစ်ပါး အခြားရွေးစရာမရှိ။ မမှန်တဲ့လမ်းကို မသွားပါ။ အကြမ်းဖက်မှု မမြင်နိုင်တဲ့လမ်းကိုပဲ သွားမယ်။ ဆူးငြောင့်ကင်းတဲ့လမ်းဟာ အဝိဟိံသာ လမ်းပါ။ လမ်းမှန်ပါ။ လူမှုဘဝနိုင်ငံရေးလမ်းပါ။ ကိုယ်တိုင် ကြိုးစားတဲ့သူဟာ မမှန်သော လမ်းကို ဘယ်တော့မှ မရောက်(မမြင်)ပါ။ မိမိစိတ်ရဲ့ အညစ်အကြေးကို အမြဲတမ်း ရှို့မြှိုက်တဲ့ သူဟာ အနှောင်အဖွဲ့ မရှိ။ လွတ်ငြိမ်းမှုနဲ့ ချမ်းသာတယ်။ ငြိမ်းချမ်းရေး (အကြမ်းမဖက်ရေး) ဦးတည်ရာလမ်းကြောင်းဟာ လုပ်ဆောင်တဲ့ အညစ်အကြေး ကင်းစင်ခြင်းပါပဲ။

မပြည့်မစုံ နေရခြင်းကို ဆင်းရဲခြင်းလို့ မမြင်

အရှင်တို့ဟာ ဉာဏ်ခွန်အားနဲ့ ပြည့်စုံတဲ့သူတွေပါ။ ပျင်းရိထိုင်းမှိုင်းတဲ့သူ မဟုတ်။ ထကြွလုံ့လကြီးတဲ့သူတွေပါ။ ကိုယ်၊ နှုတ်၊ စိတ်သုံးပါးလုံးကို မကောင်းမှုမလုပ်။ စိတ်ကောင်း အာရုံကို အားထုတ်ပွားများမယ်။ ဆုတ်ယုတ်ခြင်းအလုပ် မလုပ်။ တိုးပွားခြင်း၊ အေးချမ်းခြင်း၊ ငြိမ်းချမ်းခြင်းသာ လုပ်မယ်။ မိမိကိုယ်မိမိ အကောင်းဘက်ကို သိမ်းသွင်းမယ်။ ကောင်းမှုကို ပွားမယ်။ မကောင်းမှုကို ခုတ်ဖြတ်မယ်။ အညစ်အကြေး ကပ်ငြိတဲ့စိတ်နဲ့ မနေ။ ထူးထူး ထွေထွေ မကြံစည်ဘဲ နေမယ်။ ယစ်မူးမေ့လျော့ခြင်းကို မလုပ်။ တွယ်တာကပ်ငြိတဲ့စိတ်နဲ့ မနေ။ အကြောင်းထူးကို သိအောင်နေမယ်။ စောင့်စည်းလျက်နေမယ်ဆိုတဲ့ အဝိဟိံသာနိုင်ငံရေး စိတ်ဓာတ်နဲ့ နိုင်ငံရေးကို ဦးတည်ချက်လုပ်ရင် မြန်မာပြည်ကြီးဟာ ကြီးကျယ်မြင့်မြတ် ပြန့်ပြောကြွယ်ဝချမ်းသာတဲ့ တိုင်းပြည်ကြီး ဖြစ်လာမှာပဲ။ အရှင်တို့ရဲ့ တိုင်းပြည်ဟာ သူတစ်ပါး ဆင်းရဲခြင်း မဖြစ်စေရပါ။ ရန်အဖြစ်နဲ့ မဆက်ဆံပါ။ မာနမထောင်လွှားပါ။ မေ့မေ့လျော့လျော့ နဲ့ မနေပါ။ ငြိမ်းချမ်းရေးကို စွန့်ပစ်မထားပါ။ အကြမ်းမဖက်သော တိုင်းပြည်ပါ။ လူမျိုးပါ။ အကြမ်းဖက်တဲ့လူမျိုးဟာ မြန်မာပြည်သူ မဟုတ်ပါ။ လူမှုရပ်ဝန်းအပေါ် နယ်စည်းမဲ့ခြား လူသား မဟုတ်ပါ။ တိုင်းပြည်နိုင်ငံ သိက္ခာရှိတဲ့လူမျိုးပါ။ အသက်ကို ကွပ်မျက်၍ ဆင်းရဲ အောင် ပြုသော လူမျိုး မဟုတ်ပါ။ အတားအဆီးကို ပယ်သတ်တဲ့ လူမျိုးပါ။ စိုးရိမ်မှု၊ ဆင်းရဲမှုကို ငြှိမ်းသတ်တဲ့ လူမျိုးပါ။ အခါခပ်သိမ်း (အမြဲတမ်း) နိုးကြားတဲ့ လူမျိုးပါ။ ကောင်းစွာ နိုးကြားတဲ့သူတွေပါ။ နေ့နေ့ညည ကိုယ်၊ စိတ် ပွားများနိုးကြားတဲ့သူတွေပါ။ စည်းစိမ်ဥစ္စာကို စွန့်လွှတ်သူ၊ စွန့်ကြဲသူများ ဖြစ်ကြပါတယ်။ သူတော်ကောင်းအကျင့်တရားနဲ့ မွေ့လျော်တဲ့သူတွေပါ။ မပြည့်မစုံ နေရခြင်းကို ဆင်းရဲခြင်းလို့ မမြင်ပါ။ သဘောထားခြင်း မတူညီတဲ့သူနဲ့လည်း ပေါင်းသင်းဆက်ဆံတဲ့သူတွေပါ။ မကောင်းသဖြင့် ကျင်လည်တဲ့သူ မဟုတ်။

သဒ္ဓါတရားပြည့်ဝသော ပြည်သူ

အရှင်တို့ဟာ အခြံအရံစည်းစိမ်ကို မက်မောသောသူ မဟုတ်။ အပူဇော်ခံသူ မဟုတ်။ မတရားမလုပ်။ ထင်ရှားအောင်လုပ်သူ မဟုတ်။ မပျင်းရိသောသူ၊ မိမိကိုယ်မိမိ ဆုံးမသောသူ။ အများကို ချမ်းသာမှု ပေးသောသူတွေပါ။ လုပ်ပါလျက်နဲ့ မလုပ်ပါဘူးလို့ ပြည်သူတွေကို မလိမ်သောသူပါ။ မဟုတ်မမှန်သူ မဟုတ်ပါ။ မကောင်းမှုကို အမြဲ စောင့်စည်းတဲ့သူပါ။ သဒ္ဓါတရားပြည့်ဝသော ပြည်သူအဖြစ် ခံယူကြတဲ့သူတွေပါ။ ကြောက်ရွံ့ထိတ်လန့်တဲ့သူတွေ မဟုတ်ပါ။ အပြစ်ဒဏ်ကို ရှောင်လွှဲမယ့်သူ မဟုတ်ပါ။ ငရဲရခြင်းအလုပ်၊ ငရဲခံခြင်းအလုပ်ကို မလုပ်ပါ။ မကောင်းသဖြင့် မကျင့်သုံးပါ။ လျော့ရဲပေါ့ဆမှုလည်း မနေပါ။ ညစ်နွမ်းတဲ့အကျင့်၊ ယုံမှားမှုတွေးတောစရာဖြစ်တဲ့ အကျင့်တွေနဲ့ မနေပါ။ အကျိုးမကြီးတဲ့အလုပ်တွေ မလုပ်ပါ။ မြဲမြံသော ကတိနဲ့ ရပ်တည်မယ်။ နောင်အခါပူပန်ရမယ့် အလုပ်မျိုး မလုပ်ပါ။ အခွင့်အခါ ကောင်းကို မဖျက်ဆီးပါ။ ရှက်စရာမဟုတ်ရင် ဘယ်တော့မှ မရှက်ပါ။ ကြောက်ဖွယ် မဟုတ်ရင်လည်း မကြောက်ပါ။ အပြစ် မဟုတ်၊ ကြောက်စိတ် မဟုတ်ရင် ဘယ်တော့မှ မတုန်လှုပ်ပါ။ နောက်မဆုတ်တတ်ပါ။

အဝိဟိံသာနိုင်ငံရေးကို ဖျက်ဆီးတဲ့သူတွေ

အရှင်တို့ဟာ ကျရောက်လာတဲ့တာဝန်ကို မတုန်မလှုပ်ဘဲ ပြင်ဆင်ရန်မလို၊ တာဝန် ကျေမည့်သူတွေပါ။ ကျူးလွန်စော်ကားသောသူကို ယဉ်ယဉ်ကျေးကျေးပဲ ဆက်ဆံမယ့်သူပါ။ ယဉ်ကျေးခြင်းဟာ မြတ်ခြင်း ဖြစ်ပါတယ်။ ယဉ်ကျေးသောကြောင့် လိုရာပန်းတိုင် မရောက်ဘဲ မရှိပါ။ ယနေ့ကမ္ဘာမှာ ပြင်းထန်တဲ့သူတွေ “ခေတ်မရှိပါ”။ သူတို့တစ်တွေ အခွင့်အရေး အခွင့်အလမ်း ခဲယဉ်းသွားပါပြီ။ အာရုံလိုက်စားရာနောက်ကို ကျက်စားခဲ့ရပြီး စိတ်ကိုလည်း သင့်တင့်စွာ နှလုံးမသွင်းနိုင်တော့ပါ။ မေ့မေ့လျော့လျော့ နေကြရတဲ့သူတွေဖြစ်ရပြီး အကုသိုလ် စိတ်ကျွံနေသူဖြစ်ပြီး ကံသုံးပါး ထုတ်နုတ်နိုင်တဲ့သူ မဟုတ်။ အကယ်၍ ဒီထက် ပိုမိုက်မယ် ဆိုရင် ကျင်လည်ရသူ အဖြစ်ဆုံးမည် မဟုတ်။ ကျင်လည်ပြေးသွားရသူဖြစ်ပြီး မကောင်းမှ တိုးပွားသောသူအဖြစ်နဲ့ နာမည်ကျော်နေကြရပြီ။ ထိုသူတွေဟာ အဝိဟိံသာနိုင်ငံရေးကို ဖျက်ဆီးတဲ့သူတွေပဲ ဖြစ်တယ်။

အကြမ်းမဖက်ခြင်းဖြင့် လမ်းပြမယ်

အရှင်တို့ဟာ နှိပ်စက်ခြင်းကို သုတ်သင်မယ့်သူတွေပါ။ အခက်အခဲကို ရင်ဆိုင်နေ မယ့်သူတွေပါ။ ပြဿနာကို တရားနဲ့ဖြေရှင်းမယ့်သူတွေပါ။ အညံ့ခံခြင်း လူသား မဟုတ်ပါ။ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းသွားမယ့်သူတွေပါ။ အလှဆုံးတရားနဲ့၊ အမြတ်ဆုံး တရားနဲ့ အစဉ်အမြဲ နှလုံးသွင်းကြမယ့်သူတွေပါ။ ပေးဆပ်မှုကို အလကားဖြင့် မပေးဆပ်ပါ။ အသက်ရှင်သတ္တဝါတွေကို သေကျေပျက်စီးအောင် မလုပ်ပါ။ အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး အားထုတ်ခြင်းနဲ့ တိုင်းပြည်ကို တည်ထောင်မဲ့သူတွေပါ။ တက္ကသိုလ်ကို ထောင်ဖြစ်အောင် မလုပ်ပါ။ ကျောင်းကို အိမ်ဖြစ်အောင် မလုပ်ပါ။ ပြီးပြည့်စုံခြင်းဘဝရောက်အောင် ကြိုးစား မယ်။ စိုးမိုးနိုင်ခြင်းအကျင့်ကို မျှတအောင်နေမယ်။ တိုက်ဖျက်ခြင်းအားကို အကြမ်းမဖက် ခြင်းဖြင့် လမ်းပြမယ်။ ညကို နေ့အဖြစ် မသတ်မှတ်။ “အကြမ်းဖက်အပေါ်စီးစစ်ပွဲ” အဖြစ်အခွင့်ကောင်းယူတဲ့ ယှဉ်ပြိုင်မှုကို အားမပေးပါ။ အကြမ်းဖက်မှု နှိမ်နင်းရေး ခေါင်းစဉ်တပ်ပြီး အကြမ်းဖက် မီးအငွေ့အသက်ပေးတဲ့ ပါဝါငြင်းခုံမှု မူဝါဒကို မထောက်ခံပါ။ အင်အားကြီး နယ်ချဲ့တဲ့စနစ်ကိုလည်း ဝိုင်းပြီးမကူပါ။ ဒေသတစ်ခု(တိုင်းပြည်တစ်ပြည်) လွှမ်းမိုး ခြယ်လှယ် တဲ့မူဝါဒကိုလည်း လက်မခံပါ။ အသိဉာဏ်လွတ်ဗဟိုပြုတဲ့ မူဝါဒထားသူကိုလည်း ဂုဏ် မယူပါ။ မချီးမွမ်းပါ။ ကမ္ဘာကြီး ပြောင်းလဲပစ်မယ့် ရှေ့ပြေးအာရုံထားတဲ့ တိုးဝှေ့ပြိုင်ဆိုင်တဲ့သူ တွေကိုလည်း မဆက်ဆံပါ။ ကမ္ဘာကြီးကို အပိုင်းပိုင်း ကျိုးပဲ့စေမယ့် ပြုမူမှုထားတဲ့သူနဲ့လည်း လက်မတွဲပါ။ အင်အားကြီးသူတွေရဲ့ အကျိုးစီးပွားကိုလည်း မိတ်ဖွဲ့၊ ပေါင်းစည်း မလုပ်ပါ။

ရန်ငြိုးကြီးတဲ့ ရန်ပုံကမ္ဘာကြီး မဖြစ်အောင်

အရှင်တို့ဟာ အကျင့်သီလ ပျက်ပြားတဲ့သူနဲ့ မပေါင်းပါ။ ဆဲရေးတဲ့သူ၊ ညှဉ်းဆဲတဲ့ သူတွေနဲ့ မပေါင်းသင်းပါ။ မဆက်ဆံပါ။ အရှင်တို့ကို နိုင်ခဲ့တဲ့သူ စည်းစိမ်ပျက်အောင် လုပ်ခဲ့တဲ့သူ ဖြစ်ပါစေ ရန်ငြိုးမထားပါ။ ငြင်းခုံခိုက်ရန် မဖြစ်ပါ။ ပြေငြိမ်းနိုင်တဲ့အရာပါ။ ရန်ငြိုးမထားရင် ဘယ်ရန်မှ မရှိပါ။ အရှင်တို့တိုင်းပြည်ဟာ ရန်သူမဖွဲ့၊ မိတ်မပျက်ဘဲ ဆဲရေး၊ ညှဉ်းဆဲ၊ ရန်ငြိုးမထားတဲ့ ငြိမ်းအေးတဲ့ တိုင်းပြည်ပါ။ မတင့်တယ်တဲ့ အပြုအမူကို မိမိလည်းမပြု၊ သူတစ်ပါးကိုလည်း မပြုစေပါ။ သဒ္ဓါ၊ လုံ့လ အားကြီးသောသူ ဖြစ်အောင် ကြိုးစားပြီး နှိပ်စက်ဖိစီးတဲ့ နိုင်ငံရေးမူဝါဒကို အဖန်ဖန် ရှုပြီး နေမယ်။ စောင့်စည်းထိန်းချုပ်ပြီး နေမယ်။ မထိုက်တန်တဲ့နိုင်ငံရေးကို ဘယ်သူမှ မပြုရပါ။ ပြုခွင့်လည်း မပေးနိုင်ပါ။ ဆဲရေး၊ ညှဉ်းရေး၊ ရန်တုံ့၊ ရန်ဖွဲ့၊ ရန်ငြိုးကြီးတဲ့ ရန်ပုံကမ္ဘာကြီး မဖြစ်အောင် လူနေကမ္ဘာကို တည်ဆောက်ပေး မယ်။ အရှင်တို့ဟာ မှားယွင်းတဲ့ အာရုံရှိတဲ့သူတွေနဲ့၊ ကြံစည်တဲ့သူတွေနဲ့ မပေါင်းဖက်ပါ။ မကောင်းစိတ်ထားသူနဲ့ မပေါင်းပါ။ စိုးရိမ်ရသော၊ ပူပန်ရသော၊ ညစ်နွမ်းရသော မကောင်းမှ ကို (အလုပ်ကို) မလုပ်ပါ။ ဝမ်းမြောက်ရသော၊ နှစ်သက်ရသော အလုပ်ကိုသာ လုပ်မယ်။ ကိုယ်တိုင်မကျင့်ကြံဘဲ မေ့လျော့ပေါ့တန်နေတဲ့သူနဲ့ အကြောင်းမဆက်ပါ။ အရှင်တို့ဟာ အမြဲမပြတ် မတွန့်မဆုတ် လုံ့လအားထုတ်သူ ဖြစ်ရမယ်။ မမေ့သူ ဖြစ်အောင် နေမယ်။ စူးစမ်းဆင်ခြင်မယ်။ စောင့်ရှောက်ထိန်းသိမ်းမယ်။ နိုးကြားမယ်။ ဆုတ်ယုတ်ခြင်းကို ကာကွယ် မယ်။ စိတ်ကို ဖြောင့်အောင် ထားမယ်။ စိတ်ကိုဆုံးမမယ်။ ယဉ်ကျေးသောစိတ်နဲ့ နေမယ်။ ချမ်းသာဆင်းရဲ အလုပ်ကို မခွဲခြားဘဲ လုပ်မယ် (ဆောင်ရွက်မယ်)။

အမှန်သစ္စာတရားစောင့်ထိန်းတဲ့နိုင်ငံရေး

အရှင်တို့ မြန်မာပြည်သူတွေဟာ အမှန်တရားနဲ့ အကြမ်းမဖက်မှုတရား နှစ်ပါးကို ရိုသေစွာ စောင့်ထိန်းနိုင်ကြမယ်ဆိုရင် ဝမ်းသာပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှုရကြမှာ သေချာပါ တယ်။ ဘယ်အရာမဆို မိမိစိတ်ဓာတ်ကို လွယ်လွယ်ကူကူမကျဖို့ အရေးကြီးတယ်။ အကြမ်း မဖက်တဲ့ နိုင်ငံရေးနည်းဟာ စိတ်ဓာတ်ခိုင်မြဲတည်ငြိမ်နေဖို့ အရေးကြီးပါတယ်။ မိမိခံစားရတဲ့ အရာရာတိုင်းကိုလည်း သည်းခံခြင်းစိတ်နဲ့ ဖြေသွားဖို့ မမေ့ရပါ။ လူတစ်ယောက်စိတ် နာကျင် (နာကြည်း)မှု များရင် မိမိစိတ်ကို ပိုပြီး စောင့်ရှောက်၊ ထိန်းသိမ်းရမယ်။ အားငယ်သွားအောင် မနေရ။ အလိုမတူရတဲ့ ခံစားရတဲ့ဝေဒနာ ဖြစ်တာကြောင့် ဒေါသပွားပြီး ခေတ္တခံစားရတဲ့ သဘောပါ။ ဒီသဘောတရားကို ကိုယ်တွေ့ နားလည်သွားပြီးတဲ့အခါ ပါဝင်တာဝန်ယူရမယ့် စိတ်ကျေနပ်မှုရှိတဲ့ အကြမ်းမဖက်တဲ့ နိုင်ငံရေးအလုပ်ကို ဆက်၍သာ လုပ်ပါ။ ဒီနိုင်ငံရေးဟာ အများချမ်းသာတဲ့ နိုင်ငံရေးပါ။ အများကို ပြုပြင်သွားတဲ့နိုင်ငံရေးပါ။ ယနေ့ ကမ္ဘာအရပ်ရပ်ကို သုံးသပ်ကြည့်ရင် သဘာဝအကြောင်းတရားကြောင့် အသက်သေကျေရတာ နည်းပါတယ်။ လူတွေအပြုအမူကြောင့် အသက်သေကျေရမှု များပါတယ်။ သတ္တဝါတွေဟာ လူတွေသနားမှ ချမ်းသာမှု ရကြသလိုပဲ၊ လူသားတွေကို သနားကြင်နာမှုထားတဲ့ အကြမ်းမဖက်တဲ့ အမှန် သစ္စာတရား စောင့်ထိန်းတဲ့ နိုင်ငံရေးကို လူတိုင်းကိုပေးမှ ချမ်းသာမှု ရကြမယ်။ ယနေ့ လူတွေ လက်ခံကျင့်သုံးကြတဲ့ နိုင်ငံရေးမူဝါဒတိုင်းဟာ လူ့စိတ်ကို ပြောင်းလဲ  စေတတ်တဲ့ မူးယစ်တဲ့ နိုင်ငံရေးမူဝါဒတွေ ပါဝင်နေတယ်။ အပြစ်ရှိခြင်း၊ မကောင်းကျိုးပေးခြင်း သင်္ကေတအမှတ်အသားပါတဲ့ နိုင်ငံရေးမူဝါဒတွေပဲ။ ဒီမူဝါဒလမ်းစဉ်ဟာ ရန်ကို အကာအကွယ်ပေးမယ့် မူဝါဒမဟုတ်။လူ့စိတ်ဓာတ်ကို မတရားမှုပြုဖို့ နှိုးထတဲ့ မူဝါဒတွေ ပါ။ လောဘ၊ ဒေါသ၊ မောဟတရား ကင်းကင်းထားပြီး ငြိမ်းငြိမ်းချမ်းချမ်း လုပ်လို့ရတဲ့ နိုင်ငံရေး ရှိပါတယ်။ အဲဒီနိုင်ငံရေးကို စိတ်ဝင်စားကြရင် အကြမ်းမဖက်တဲ့ အဝိဟိံသာ နိုင်ငံရေး လုပ်ရမယ်။ သစ္စာတရားကို ရိုသေခြင်းကြောင့် ထွန်းတောက်မယ့် လူမှုဘဝနိုင်ငံရေး စနစ်ကို လူ့စိတ်တိုင်း စိမ့်ဝင်နိုင်ကြပါစေ။

အကြမ်းမဖက်ခြင်းတရားကို ရိုသေစွာ စောင့်ထိန်းနိုင်ကြမယ် ဆိုရင်
ဝမ်းသာပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှု ရကြမှာ သေချာပါတယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၂၇-၂၃၂၊ အဝိဟိံသာနိုင်ငံရေး (၂၇)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂၆)

နိုင်ငံရေးလောကဟာ ကောက်ရင်ကောက်၊ ဖြောင့်ရင်ဖြောင့် အရှိတရား 
အတိုင်း ရှုမြင်ရမည်။ မမြင်စွမ်းနိုင်သည့် အယူအဆကို ခေတ္တပယ်ထား 
ရမည်။

နိုင်ငံရေးအလေ့အကျင့် အားနည်းလျှင်

လူဟာ လက်တွေ့ဘဝကို ယုံကြည်တယ်။ နောက်ပြန်ဆွယ်ရေးကို ပယ်သတ်ရမယ်။ တိုးတက်ရေးကို ဦးတည်ရမယ်။ တွေဝေစေခြင်း၊ တက်ကြွစေခြင်းကို သုံးတတ်ရမယ်။ ဘာဖြစ်လို့ လက်တွေ့ (ကိုယ်တွေ့)ကို ယုံကြည်ရပါသလဲ။ လက်တွေ့သဘောဟာ ယုံကြည် ရတဲ့သဘော ဖြစ်လို့ပါပဲ။ ယုံကြည်မှုအပြည့်အဝ ရတဲ့သဘောဟာ လက်တွေ့ဆန်လို့ပါပဲ။ ယနေ့ မြန်မာပြည်သူတွေဟာ နိုင်ငံရေးနည်းပညာတွေ အခုမှ ထိတွေ့ဖြစ်တာပါ။ ထိတွေ့ရုံ လေးနဲ့ နှစ်သက်မှုတွေ မရကြသေးပါ။ အလုံးစုံ မယုံကြည်တတ်သေးပါ။ နိုင်ငံရေးသဘော တရားဟာ တကယ်ယုံလို့ တကယ်လုပ်ပြန်တဲ့အခါ နောက်ပြန်ဆွဲမှုတွေ၊ ရှေ့တိုးမှုတွေအမျိုးမျိုး ပရိယာယ်များလေတော့ ငြိမ်းအေးတဲ့ လူ့အဖွဲ့အစည်းဖြစ်တဲ့ မြန်မာတွေ နိုင်ငံရေးလေ့လာမှ စိတ်ကုန်မြန်တာကို တွေ့ရတယ်။ ဒီလိုဖြစ်ရတာဟာ အလေ့အကျင့် (အကျင့်မပါ) မရှိသေး လို့ပါပဲ။ တဖြည်းဖြည်းနဲ့ လေ့ကျင့်ပေးရမှာပါပဲ။ နိုင်ငံရေးအလေ့အကျင့် အားနည်းတဲ့လူမျိုး ဟာ သည်းခံခြင်း နည်းပါးတတ်တာကို တွေ့ရတယ်။

နယ်စည်းမဲ့လူမှုဘဝဖြစ်စဉ်

သည်းခံခြင်း အလေ့အကျင့်ဟာ လူမှုဘဝနိုင်ငံရေးပညာရပ်ကို သင်ယူမှ တန်ဖိုး ရှိကြောင်း သိနိုင်တယ်။ ဘာသာတရားအရ သည်းခံခြင်းဟာ မြတ်တယ်လို့ ဆိုထားပါတယ်။အမြတ်ဆုံး အကျင့်တရားဟာ သည်းခံခြင်းပါပဲ။ သည်းခံခြင်းတရားကို အစထားပြီး ကမ္ဘာမှာ ရှိကြတဲ့လူသားတွေရဲ့ ပြုမူဆောင်ရွက်ချက် ကျယ်ပြန့်မှုသဘောကို လေ့လာမှတ်ထားသင့် တယ်။ “ကမ္ဘာ့ပြန့်ပွားရေးဖြစ်စဉ်” သဘောတရားကို လေ့လာရင် လူထုနဲ့ဆိုင်တဲ့ ကျယ်ပြန်ပုံ၊ ဈေးကွက်၊ ဆက်သွယ်ရေး၊ လူမှုဘဝ၊ နိုင်ငံရေး၊ အုပ်ချုပ်မှု၊ ပတ်ဝန်းကျင်၊ ဆက်ဆံရေး စတဲ့ ပြန့်ပွားလာပုံတွေဟာ လူသားအားလုံးရဲ့ ဘဝဖြစ်စဉ် ဖြစ်လာတယ်။ ဒီပြန့်ပွားဖြစ်စဉ်” မဖြစ်ခင်က တိုင်းပြည်တစ်ပြည်နဲ့တစ်ပြည် အပြန်အလှန် ဆက်ဆံရေးဟာ နယ်နိမိတ် ခြားထား ပေးတယ်။ နက်ရှိုင်းတဲ့လူမှုဘဝ ဆက်ဆံရေးကို ထူထောင်ကြတယ်။ အံ့သြလောက်ပါတယ်။ ဒီနေ့ခေတ်ရောက်လာတဲ့အခါ တိုင်းပြည်တစ်ပြည်နဲ့တစ်ပြည်ဟာ နယ်ချင်းခြားထားတဲ့ နိမိတ် တွေကို အကြားအခတ်မထားတော့ဘဲ နယ်စည်းရိုးတွေ ဖွင့်ထားပြီး လူမှုဘဝဆက်ဆံရေးကို လွတ်လွတ်လပ်လပ် ထားလာကြတယ်။ နိုင်ငံရေးသဘောတရားကို လေ့လာတဲ့သူတွေက “နယ်စည်းမဲ့လူမှုဘဝဖြစ်စဉ်” ဆိုပြီး ပြောင်းလဲခေါ်ဆိုလာတာကို တွေ့ရတယ်။

မတွဲချင်ဘဲ တွဲရတဲ့ နိုင်ငံရေး

ဒီ‘နယ်စည်းမဲ့ လူမှုဘဝဖြစ်စဉ်ဟာ လူမှုရပ်ဝန်းနယ် စည်းခြားထားတဲ့ တိုင်းပြည် တွေအတွက် ယနေ့ အန္တရာယ်များလာတယ်။ အပြည်ပြည်ဆိုင်ရာ လူမှုရပ်ဝန်းက လူမှုဆက်ဆံ ရေးကို နယ်စည်းမဲ့အဖြစ် ချီတက်နေပြီ။ ဒေသမဖွံ့ဖြိုးသေးတဲ့ တိုင်းပြည်ငယ်တွေက အခုမှ “ဒီမိုကရေစီ၊ ဒီမိုကရေစီ” ကြွေးကြော်စ ဖြစ်နေသေးတယ်။ ဒီသဘောတရားနှစ်ခုဟာ ဝိရောဓိ ဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်နေတာကို တွေ့ရမယ်။ နယ်စည်းမခြားထားတဲ့ လူမှုကွန်ရက်ကြောင့် မြန်မာပြည်ဟာ ၁၉၈၈ ခုနှစ်မှစပြီး လူမှုရပ်ဝန်းပြဿနာဖြစ်လာတယ်။ ဒီလူမှုရပ်ဝန်းဟာ မိမိတိုင်းပြည်ရဲ့ စည်းနယ်နိမိတ်ဒေသနဲ့ ပြည်တွင်းဒေသတွေမှာလည်း လူမှုရပ်ဝန်းကြောင့် နေရင်းဒေသလူမျိုးစုတွေ လူမှုရပ်ဝန်း နယ်စည်းမဲ့ထဲရောက်သွားပြီး ထိန်းသိမ်းလာခဲ့တဲ့ လူ့ယဉ်ကျေးမှုတွေလည်း ပျောက်လာတယ်။ အတားအဆီး၊ နယ်စည်း `ထားတဲ့စနစ်ကိုလည်း လူထုတွေက နှစ်သက်ရွံမုန်းလာတယ်။ စိတ်ကုန်လာတယ်။ ဒီနယ်စည်း မခြား နယ်စည်းမဲ့လူမှုရပ်ဝန်းကြောင့် နိုင်ငံရေးရပ်ဝန်းက အမျိုးမျိုး ဝင်ရောက်တွဲလာပြီး မတွဲချင်ဘဲ တွဲရတဲ့ နိုင်ငံရေးရပ်ဝန်းတွေ ဖြစ်လာတာကို တွေ့ရတယ်။ ဒီလို ဖြစ်လာတာကို နိုင်ငံရေး သုံးသပ်တဲ့သူတွေက ဒါဟာ “ကမ္ဘာ့ပြန့်ပွားဖြစ်စဉ်”ပဲလို့ တင်စားခေါ်ဆိုလိုက်ကြ တယ်။ ဒီလို အရောရောအနှောနှောတဲ့ “ပြန့်ပွားဖြစ်စဉ်”ကို မလိုချင်ကြတဲ့ ပြည်သူတွေက ခေတ်နောက်ကျတယ် ဆိုပြီး ပြစ်တင်ရှုတ်ချကြတယ်။ အချိန်အခါ ဘောင်ပျက်ပြီး ချက်ချင်း ပေါ်လာတဲ့ ဒီလိုရပ်ဝန်းမျိုးကို လူနေကမ္ဘာကြီးဟာ စည်းကမ်းမဲ့ထားတဲ့ လူမှုကမ္ဘာကြီးများ ဖြစ်လာလေမလား တွေးမိတယ်။ စည်ကမ်းမဲ့(မရှိ) နယ်စည်းမဲ့တဲ့ တွေးခေါ်မှုဟာ တစ်ကမ္ဘာလုံး သက်ရာက်လာနေပါပြီ။ ဒီလို ခေတ်ပြိုင်တဲ့ လူမှုရပ်ဝန်းကို ခြယ်လှယ်တတ်သူ အုပ်စု သမားတွေရဲ့ အကြံအစည်တစ်ခုခု စိတ်ကူးယဉ်တဲ့ နိုင်ငံရေးစည်းမဲ့တစ်မျိုးပါပဲ။ ဒီတွေးခေါ်မှ ဟာ ယခုချိန်မှာ ဆိုးတဲ့ အကျိုးသက်ရောက်မှုတွေ တဖြည်းဖြည်း အဖြေထွက်လာတာကို တွေ့ရတယ်။

ကွက်ကျားရပ်ဝန်းဆိုးကျိုးများ

မြန်မာပြည် နိုင်ငံရေးနယ်ထဲကို ဒီပြန့်ပွားဖြစ်စဉ်” သဘောတရား ဝင်လာကတည်း ကိုက တိုင်းပြည်အုပ်ချုပ်ရေး၊ စီမံရေး၊ လူမှုရေးတွေ ထိပါးလာတာကို တွေ့ရတယ်။ ဒီနိုင်ငံရေး သဘောတရားဟာ အခြားသော သဘောတရားတွေနဲ့ ရောနှောပြီး ဝင်ပူးကပ်နေတာကြောင့် ဒီမိုကရေစီနိုင်ငံရေးနယ်ပယ်ထဲမှာလည်း ဝင်ရောက် နေရာယူသွားတာကို တွေ့ရတယ်။ ဒီသပ်လျှိုတဲ့ နိုင်ငံရေးသဘောတရားကို သိမ်းသွင်းဆွဲဆောင် အဓိကဇာတ်ဆောင်ကတော့ အကျိုးဆောင် လူမှုရပ်ဝန်းလုပ်တဲ့သူတွေပါပဲ (အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း)။ ဒီသဘော တရားများ လူမှုရပ်ဝန်းမှာ ကြီးထွားလာမှုများလာရင် လူတွေဟာ ပင်ပန်းမှုတွေကို အားမထုတ် ကြတော့ဘဲ ရလွယ်၊ သုံးလွယ်၊ နေလွယ်တဲ့ “အလွယ်ရ ရပ်ဝန်းကမ္ဘာကြီး ဖြစ်လာမယ်။ နယ်စည်းမထားတဲ့စနစ်ကြောင့် တိုင်းပြည်ရဲ့ထိပ်ခေါင် အချုပ်အခြာအာဏာကိုလည်း ဥပဒေ မဲ့စွာ ပြုမူလာမယ်။ ပြည်သူတွေ လေးစားတန်ဖိုးထားရမယ့် နိုင်ငံရေးအခြေခံဥပဒေတွေကို လည်း လေးစားတန်ဖိုးထားစရာမလိုတဲ့ သဘောမျိုးနဲ့ မက်လုံးပြက်လုံးတွေ သိမ်းသွင်းလာတာ ကို တွေ့ရတယ်။ ဒီလိုတန်ဖိုးမဲ့တဲ့ လောကစည်းစိမ်ကို အမြတ်ဆုံးစည်းစိမ်အဖြစ်နဲ့ ပြည်သူတွေ အမှတ်မှားအောင်လုပ်ပြီး အကုသိုလ်အရင်းအမြစ် များပြားလာအောင် ကြဲချပျိုးချထားလို့ ဆက်စပ်တဲ့လူမှုရေး၊ နိုင်ငံရေးရပ်ဝန်းအားလုံး ဒုက္ခတွေ တစ်ဆက်တည်း ကျရောက်နိုင်တယ်။ စုပေါင်းဂေဟစနစ်နဲ့ အကျိုးမပေးခင် ကွက်ကျားရပ်ဝန်းဆိုးကျိုးများ အရင်ခံစားရမှာတော့ သေချာတယ်။ အရှင်က ဒီလိုမျိုး ဝေဖန်ပြစ်တင်လိုက်တာကို ကျေနပ်မှုမရှိရင် နိုင်ငံရေးရပ်ဝန်း၊ လူမှုရေးရပ်ဝန်းဟာ နောင် နှစ်နှစ်ဆယ် မကြာပါ။ “အလွယ်ရ ကမ္ဘာ့ဆင်းရဲခြင်းရပ်ဝန်း ဖြစ်မလာဘူး ဆိုရင် လောင်းကြေးထပ်စရာမလိုအောင် မှန်သွားလိမ့်မယ် ဆိုတာကို အရှင် ရေးသားတဲ့ ဤစာနဲ့ သက်သေပြနိုင်ပါလိမ့်မယ်။ ဒါကြောင့် နယ်စည်းမခြား နိုင်ငံရေးရပ်ဝန်းနဲ့ နယ်စည်းမခြားထား လူမှုရေးရပ်ဝန်းတွေဟာ ကမ္ဘာ့အုပ်ချုပ်မှုဘောင်အတွင်းထဲကို ဝင်အောင် အေဂျင်စီမှတစ်ဆင့် စုပေါင်းပြီး လိုက်လုပ်နေကြရပြီ မဟုတ်လား။

တိုင်းပြည်အတွက် အမျိုးသားရေးပြဿနာ

နယ်ခြားမဲ့မှု၊ စည်းကမ်းမဲ့မှု များပြားလာတဲ့အခါ အလုပ်နဲ့ဆိုင်တဲ့ ကိစ္စတွေအားလုံးဟာ ချက်ချင်းလက်ငင်း အဖြေရနိုင်တယ်။ လူထုဆက်သွယ်တဲ့ နည်းပညာတွေ တစ်ဆက် တည်း ကြီးထွားလာတာကြောင့် နယ်စည်းပိုင်းခြားထားတဲ့ တိုင်းပြည်တွေဟာ ဒီနည်းပညာ တိုးတက်မှုကြောင့်နဲ့ပဲ (ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်မှုကြောင့်) လုပ်ငန်းတွေ ပြိုကျလာတယ်၊ (ပြိုလာတယ်)။ ဒီပုံဒီနည်းမဖြစ်အောင် လိုက်လျောမှုပုံစံနဲ့ ထိန်းကျောင်းပေးရတဲ့အခါ ကုန်ကျမှု တွေ၊ အခက်အခဲတွေ အများကြီး ဖြစ်လာတယ်။ ကော်ပိုရေးရှင်းတွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့ အစည်းတွေလည်း ဒီလို နယ်စည်းမခြားတဲ့ “ကမ္ဘာ့ပြန့်ပွားရေးဖြစ်စဉ်” ပုံစံပါ လိုက်ပြီး လုပ်လာတဲ့အတွက် မြန်မာပြည်နယ်စပ်တွေမှာ လူမှုရေးရပ်ဝန်း တဖြည်းဖြည်း ဝင်ရောက်လာ တယ်။ တားရင်လည်း လူ့အခွင့်အရေး၊ မတားပြန်လည်း မိမိတို့ရဲ့တိုင်းပြည်အတွက် အမျိုးသား ရေးပြဿနာ အလွန်များပြားစွာ ဆုံးရှုံးကုန်မှာ ဖြစ်သည့်အတွက်ကြောင့် “ကမ္ဘာ့ပြန့်ပွားရေး ဖြစ်စဉ်”ရဲ့ ထူးခြားချက်ဟာ မြန်မာတွေ သတိထားရမယ်။ ဖြစ်ပျက်မယ့်အတူတူ ဖြစ်ချင်တာ ဖြစ်၊ ပျက်ချင်တာပျက်၊ မက်ကွက်၊ ထိန်းကွက်တွေ မထားတော့ဘဲ လွှတ်ထားလိုက်ရင်ပဲ ဖြေလျှော့မှုတစ်ခုတော့ ရသွားမယ်။ လူသားချင်း စာနာမှုသဘောအရ အညွန့်တုံး ပျက်စီးသွား ကြရတော့မယ့် လူမှုရပ်ဝန်းဖြစ်စဉ်ကို တွေးကြည့်လိုက်ရင် စိတ်မကောင်းစရာပါပဲ။

တက်ခေတ်၊ ဆုတ်ခေတ်အထဲမှာ မြန်မာ့နိုင်ငံရေးစနစ်

မြန်မာလူမျိုး၊ မြန်မာပြည်သူတွေဟာ မိမိရဲ့တိုင်းပြည် နယ်နိမိတ်စည်းကို ထိုးဖောက် ဝင်ရောက်လာတဲ့ လူမှုရပ်ဝန်းကို ဘယ်လိုသဘောမျိုး ထားကြမလဲ။ လူမှုဘဝစံနှုန်းကို လူ့အခွင့်အရေးနဲ့ သတ်မှတ်နေကြတဲ့ ဒီခေတ်ကြီးမှာ မိမိရဲ့ နိုင်ငံရေးဖြစ်စဉ်ကို စုစည်းအား ကောင်းတဲ့ နည်းစနစ်ဖြစ်အောင် ပုံဖော်မှုအဆင့်ဆင့် လုပ်ပြရမယ်။ ဆိုရှယ်လစ်၊ ဒီမိုကရေစီ၊ ကွန်မြူနစ် စတဲ့ နိုင်ငံရေးမူဝါဒတွေဟာ “ကမ္ဘာ့ပြန့်ပွားရေးဖြစ်စဉ်” နောက်ကွယ်က ရောက် သွားပါပြီ။ “နွားလှည်းစီး၍ ဧဝရက်တောင်ထိပ်သို့ တက်အံ့” ဆိုတဲ့ စိတ်ကူးယဉ် အများပြ နိုင်ငံရေးစနစ်ကို ချီးမွမ်းတဲ့ခေတ်လည်း မဟုတ်တော့ တက်ခေတ်၊ ဆုတ်ခေတ်အထဲမှာ မြန်မာ့နိုင်ငံရေးစနစ်ကို မျိုးဆက်အများအတွက် ဘယ်လိုပုံစံနဲ့ လုပ်ထားပေးမလဲ။ ဒါမှမဟုတ် နောင်လာနောက်အရေး သဘောမျိုးနဲ့ပဲ ထားမလား ဆိုတဲ့ တိုင်းပြည်အရေးကို ပူပူနွေးနွေး စဉ်းစားပြီး လုပ်ပေးရတော့မယ်။ “ကမ္ဘာ့ပြန့်ပွားရေးဖြစ်စဉ်”ဟာ နေရာအနှံ့အပြားက ပြန့်ပွား လာခဲ့တာကြောင့် ရောက်ရာအရပ်တိုင်းမှာ “ရုံး”ဖြစ်နေတယ်။ အိမ်ကရုံး၊ ရုံးကအိမ် ဖြစ်လာ တယ်။ ဒီလို လျင်မြန်တဲ့ နယ်စည်းမထား လူရပ်ဝန်းကြောင့် တိုင်းပြည်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းဥပဒေတွေဟာ ဝေဝါးလာတယ်။ နိုင်ငံကျော်လွန်တဲ့ နယ်စည်းမထားတဲ့ လူမှုရပ်ဝန်း ခေတ်ကြီးဟာ လူမှုဘဝထဲကို ရောက်လာပြီး မိမိတို့ အမျိုးသားရေး ယဉ်ကျေးမှုလက္ခဏာတွေ မှိန်ပျပျ ဖြစ်သွားနိုင်တယ်။

အတုယူလွယ်သောအကျင့် ရှိတာကြောင့်

ယနေ့ လူတွေဟာ တွေးခေါ်ပုံ ပြောင်းလဲလာတယ်။ တိုင်းပြည်တစ်ပြည်နဲ့ တစ်ပြည် ကို နယ်ခြားကန့်သတ်ထားတာကို မမြင်တော့ဘဲ တစ်ဆက်တစ်စပ်တည်း လူမှုဘဝအဖြစ် မြင်တယ်။ နယ်အကွာအဝေးမဲ့ပြီး အချိန်ကာလကိုလည်း “ချက်ချင်း”သဘော ဖြစ်လာတယ်။ ကောင်းကင်နဲ့ မြေပြင် အပြန်အလှန် မှတ်တမ်းပြုနိုင်တယ်။ သိခွင့်၊ မြင်ခွင့် အတိုင်းအဆ ပမာဏ ကျယ်ပြန့်လာတာကြောင့် တစ်နိုင်ငံချင်း နယ်ခြားစည်းထားဖို့ ခက်ခဲလာတယ်။ အနာဂတ်ကာလမှာ ကောင်းကင်ကြည့်၍ ရုပ်ရှင်ကားတစ်ကား ပြသဖို့ ကြိုးစားကြပြီ။ ယခုလက်ရှိ ဖြစ်စဉ်အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် မြန်မာပြည်လူမှုရပ်ဝန်း၊ နိုင်ငံရေး ဖြစ်စဉ်ရပ်ဝန်း၊ ပြောင်းလဲဖြစ်စဉ်ရပ်ဝန်းတွေ အားလုံးဟာ မှုန်ဝါးဝါးနဲ့ အလိုအလျောက် ပျောက်သွားမှာ စိုးရိမ်ရတယ်။ များသောအားဖြင့် မြန်မာတွေဟာ အတုယူလွယ်သော အကျင့် ရှိတာကြောင့် “ချက်ချင်း အချိန်ကိုသုံးပြီး နောက်လာမယ့် မျိုးဆက်များ ပို၍ခံစားရမယ့်အဖြစ် ကို ကြိုတင် ပြင်ဆင်ထားပေးရမယ်။

ဥပမာ-

(၁) ခေတ်ပြိုင်ကမ္ဘာကြီးသည် ပိုင်နက်နယ်မြေ၊ နယ်ခြား စည်းမထားလာသောအခါ မိမိတိုင်းပြည်ကို မည်သို့ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လိုပါသနည်း။
(၂) မိမိ အမျိုးသားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုကို မည်သို့ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မည်နည်း။
(၃) ပိုင်နက်နယ်မြေစည်း ကန့်သတ်ချက် ထားရှိပါလျက် ကမ္ဘာ့ရေးရာ အပြည်ပြည် ဆိုင်ရာမြေပုံပေါ်တွင် နယ်ခြားမဲ့ဒေသသစ်များ တိုးလာခဲ့လျှင် မိမိတို့ပိုင်နက်ကို နယ်ခြားမဲ့ ဒေသသစ်တွင် ပြောင်းရွှေ့ပါဝင်မည်လား။
(၄) မဖြစ်မနေ လုပ်ရမည်။ နားလည်လက်ခံရမည်။ ခေတ်နှင့်ညီသည် ဟူ၍ သတ်မှတ်ဖော်ပြပါက အင်အားကြီးနိုင်ငံတစ်ခုခုက စီမံမှုအတိုင်း လိုက်လုပ်ရမည်ဟု စေ့ဆော် ဟောပြောလျှင် မိမိတိုင်းပြည်ကို မဖြစ်မနေ “ကမ္ဘာ့ပြန့်ပွားရေးဖြစ်စဉ်” တိုင်းပြည်တွင် ပါဝင်ပတ်သက်မည်လား။
(၅) နယ်ခြားစည်းမဲ့ ကမ္ဘာကြောင့် တစ်ခုတည်းသော ဆိုင်ရာ တန်းတူမှု၊ ညီမျှမှု၊ စည်ပင်မှု၊ ငြိမ်းချမ်းမှုများ အမှန်တကယ် ရှိနေလျှင် “ကမ္ဘာ့ပြန့်ပွားရေးဖြစ်စဉ်”တွင်၊ ကွဲပြား ခြားနားနေသော လူ့ယဉ်ကျေးမှုကမ္ဘာတွင် မိမိတို့ မြန်မာလူမျိုးများ၊ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည်ဖြင့် မြန်မာပြည်အတွက် ပို၍တန်ဖိုးမြင့်လာမည်ဟု ယူဆပါသလား။ အပြည်ပြည်ဆိုင်ရာ လူမှုဘဝဟာ တက်၊ ကျအပေါ်မှာ သုံးသပ်ရတာ ဖြစ်တာကြောင့် –

(က) နေရာတိုင်းမှာ တူညီတဲ့အတိုင်းအတာသာ ရှိမယ်။ အပြည့်အဝတော့ တွေ့ကြုံ ခံစားရမှာ မဟုတ်ပါ။
(ခ) ယဉ်ကျေးမှု ရောမွှေပေါင်းစပ်မှုဟာ တစ်ဆက်တည်းနဲ့ လွယ်လွယ်လေးနဲ့ ပြောင်းလဲမယ့် ဖြစ်စဉ် မဟုတ်ပါ။
(ဂ) ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးဟာ ပိုင်နက်နယ်မြေ၊ နယ်နိမိတ် အဆုံး သတ်မှုကို အဆုံးသတ်နိုင်အောင် မလုပ်သေးပါ။
(ဃ) တစ်ခုတည်းသော မောင်းနှင်အားအဖြစ်နဲ့ နားလည်လက်ခံ၍ မရနိုင်ပါ။ (င) အလုံးစုံ ရနိုင်သော အခွင့်အလမ်းနည်းတစ်ပါး မဟုတ်ပါ။

အရှင်တို့ တိုင်းပြည်ဟာ “ကမ္ဘာ့ပြန့်ပွားရေးဖြစ်စဉ်ထဲမှာ ရောယှက်ခြင်း အပြောင်း အလဲ ဖြစ်စဉ်ထဲက လုံးဝ ပြောင်းလဲမည် မဟုတ်ပါလို့ပဲ ပြောပါရစေ။

လောကနှင့် မိတ်ဖွဲ့ခြင်း
တကယ်တော့ ငါဟာ
လောကဓံရဲ့ ပစ်မှတ်တွေကို
ထိတွေ့ခံစားနေရမယ့်
လူတစ်ယောက်ပါ ။
ဒါ မုန်းလို့၊ ချစ်လို့
ရှုံးလို့၊ ပြုံးလို့ မရဘူး။

အချိန်အခါ ဘောင်ပျက်ပြီး ချက်ချင်း ပေါ်လာတဲ့ ဒီလိုရပ်ဝန်းမျိုးကို လူနေကမ္ဘာကြီးဟာ စည်းကမ်းမဲ့ထားတဲ့ လူမှုကမ္ဘာကြီးများ ဖြစ်လာလေမလား တွေးမိတယ်။ စည်းကမ်းမဲ့ (မရှိ) နယ်စည်းမဲ့တဲ့ တွေးခေါ်မှုဟာ တစ်ကမ္ဘာလုံး သက်ရောက်လာနေပါပြီ။ ဒီလိုခေတ်ပြိုင်တဲ့ လူမှုရပ်ဝန်းကို ခြယ်လှယ်တတ်သူ အုပ်စုသမားတွေရဲ့ အကြံအစည်တစ်ခုခု စိတ်ကူးယဉ်တဲ့ နိုင်ငံရေးစည်းမဲ့တစ်မျိုးပါပဲ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၂၁-၂၂၆၊ အဝိဟိံသာနိုင်ငံရေး (၂၆)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂၅)

လူဖြစ်ရင်-
-အချိုးနှိမ် အနှိပ်စက်ခံရသောဘဝသို့ လည်းကောင်း၊ 
-ကျွန်အပြုခံရသောဘဝသို့ လည်းကောင်း၊
-မုန်းတီးစက်ဆုပ်ခံရသောဘဝသို့ လည်းကောင်း၊
– အပစ်ပယ်ခံဘဝသို့ လည်းကောင်း
ကျရောက်စေသည့် အခြေအနေအားလုံးကို တွန်းလှန်ဖြိုဖျက်ရေးသည် (တာဝန်ရှိသူ တစ်ယောက်အနေဖြင့်) မလွဲမသွေ (မုချ) ပြုလုပ်ရမည့်အရေး ဖြစ်သည်။

မာ့က်စ် (MARXISM )

ဖန်တီးရှင် –

အထက်က စာပိုဒ်ကလေးဟာ လူတွေကို သတိပေးတဲ့ စာပိုဒ်တစ်ပိုဒ်လေးပါ။ လူ့သမိုင်းစဉ် တိုးတက်အောင် လူတွေကပဲ ဖန်တီးရမှာပါ။ လူဟာ အသိဉာဏ်စွမ်းရည်တွေ အပြည့်အဝရှိပါတယ်။ သဘာဝလောကနဲ့ မိမိရဲ့ပတ်ဝန်းကျင်ကို ပြင်ဆင်နိုင်တဲ့သူပါ။ ရယူ နိုင်တဲ့သူပါ။ စွမ်းဆောင်နိုင်တဲ့သူပါ။ ကောင်းအောင်လည်း ဖန်တီးနိုင်တယ်။ ဆိုးအောင်လည်း ဖန်တီးနိုင်တယ်။ အဆိုး၊ အကောင်းဖြစ်အောင် လူတွေကပဲ လုပ်ကြတာပါ။ သို့သော် သဘာဝမှာ ရှိတဲ့ဖြစ်ပျက်မှုကိုတော့ လူတွေ မကျော်လွှားနိုင်ပါ။ လူနဲ့ ဖန်တီးထားတဲ့ အရာခပ်သိမ်းဟာ သဘာဝက မဖန်တီးပေးနိုင်ပေမယ့် သဘာဝလွန်ကဲရင် လူရဲ့စွမ်းရည်သတ္တိတွေလည်း ပျောက် သွားတာပါပဲ။ လူ့စွမ်းရည်၊ လူ့ဂုဏ်သိက္ခာအမှန်ကို ဖော်ပြနေတာဖြစ်လို့ ယနေ့ လူတွေ ဖန်တီးပြုလုပ်ကြတဲ့ ဒီမိုကရေစီနိုင်ငံရေးအကြောင်းကိုလည်း လူတွေ ပြန်ပြီး လေ့လာစူးစမ်း ရပြီ မဟုတ်လား။ စနစ်တစ်ခု ခေတ်စားအောင် လုပ်ထားရင် အဲဒီစနစ်ရဲ့ သမိုင်းဖြစ်စဉ် အဆုံးမရောက်ခင်  တောင့်တလိုလားစမ်းသပ်မှု သက်သက်နဲ့ပဲ ဖြစ်ပျက်မဆုံး နိုင်အောင်ပါ။

လူတန်းစားကွဲပြားမှု

လူတွေဖြစ်လာရင် လူတန်းစားအမျိုးမျိုး ဖြစ်လာရမှာက ဓမ္မတာပါပဲ။ လူတန်းစား ဆိုတာ အရင်းအနှီး၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုအပေါ်မှာ သတ်မှတ်နေကြတာပါ။ အဲဒီလို သတ်မှတ်မှုလုပ်တွေ ထားကြလို့သာ “လူတန်းစားကွဲပြားမှု” (ပဋိပက္ခ) ဖြစ်လာတာပါ။

 အဲဒီ ပဋိပက္ခကြောင့် –

(၁) ဓနရှင်က ဓနမဲ့သူအပေါ် ခြယ်လှယ်တယ်၊ လွှမ်းမိုးမှု လုပ်တယ်။ 
(၂) ပညာရှိက ပညာမဲ့သူအပေါ် ခြယ်လှယ်တယ်၊ လွှမ်းမိုးမှု လုပ်တယ်။
(၃) အာဏာရှိက အာဏာမဲ့သူအပေါ် ခြယ်လှယ်တယ်၊ လွှမ်းမိုးမှုလုပ်တယ်။ 
ဒီလို ခြယ်လှယ်မှုကြောင့် လူတန်းစားကွဲပြားပြီး စား၊ ဝတ်၊ နေရေးစတဲ့ ရုပ်ပိုင်း ဆိုင်ရာ လိုအပ်ချက်၊ နာမ်ပိုင်းဆိုင်ရာ ပြီးပြည့်စုံမှုတွေ လုံလုံလောက်လောက် မရကြတော့တာပဲ ဖြစ်တယ်။ အဲဒီလို မရကြတာကြောင့် ဆင်းရဲခြင်း၊ ကြေကွဲခြင်း၊ မခံစားနိုင်တဲ့ အာရုံတရား တွေ ပိုမိုများပြားလာတာပါ။ ဒီလို ဖြစ်စဉ်သဘောမျိုးကို မရှိအောင် လူတန်းစားမထားသော (လူတန်းစားမဲ့သော) လူမှုရေးအတွက် လူထုကြီးတစ်ရပ် (အဖွဲ့အစည်းတစ်ရပ်) ဖြစ်လာအောင် လူကပဲ ကြိုးစားရမယ်။ လူဆိုတာ မိမိဘဝသာယာအောင် ဘယ်တန်ခိုးရှင်ထံကိုမှ ဆုတောင်းအားကိုးလို့ မရပါ။ ညွတ်ကျိုးအားကိုးစရာလည်း မလိုပါ။ မိမိဘဝအတွက် ကျရောက်လာသော ဖြစ်စဉ်ကိုသာ ပြုပြင်ရမယ်။ သဘာဝပတ်ဝန်းကျင်ရော လူမှုပတ်ဝန်းကျင်ပါ လူချင်း ပေါင်းပြီး တော်လှန်ပြုပြင်ယူရမယ်။ လူတွေကြိုးစားမှုနဲ့ နောက်ဆုံး ဓနစည်းစိမ် ပေါများပြီး စိတ်ရှိတိုင်း ခံစားနိုင်တဲ့ လူမှုအဖွဲ့အစည်း ဖြစ်လာအောင် ဆိုတဲ့ စိတ်ကူးယဉ်မှုဟာ လူတိုင်း ရှိကြမှာပါပဲ။ ကိုယ်တွေ့နဲ့ ဆိုရင်တော့ အသက်တွေပါ လဲသွားကြတယ်။

လူမှုစနစ်

လူဆိုတာ-
(၁) သဘာဝလောကနဲ့
(၂) လူ့လောက (တရား)
သဘောတရားနှစ်မျိုးကို လေ့လာသုံးသပ်နိုင်တယ်။လူ့အဖွဲ့အစည်းနယ်ပယ်တစ်ခုဟာ အကြောင်းအရာများ၊ ပြဿနာများ၊ အရာဝတ္ထုများ ပြောင်းလဲပုံ၊ ပြောင်းလဲနည်းလေးကို လေ့လာရင် အဆင့်ဆင့် သိမြင်လာနိုင်ပါတယ်။လူ့လောကဖြစ်စဉ် အကြောင်းအရာထဲက နိုင်ငံရေးအကြောင်းအရာနဲ့ စတင်ခဲ့တဲ့ လူအုပ်စုနိုင်ငံရေးနဲ့ စပြီး နိုင်ငံရေးနဲ့ပဲ ပြီးဆုံးကြတဲ့ သဘောတရားတွေ တွေ့နိုင်ပါတယ်။ အဲဒီလို စတင်လိုက်တဲ့ကိစ္စ (အကြောင်း) တစ်ခုကြောင့် ဖြစ်ခြင်းအတူ၊ ပျက်ခြင်းအတူဖြစ်ကြတဲ့ လူ့လောကကို အခြေခံအကြောင်းရင်းက “လူမှုစနစ်”ပါပဲ။

လူမှုစနစ်(လူ့လောက) တစ်ခုဟာ
(၁) ဆင်းရဲငတ်မွတ်မှု၊
(၂) မမျှတမှု၊
(၃) မတည်ငြိမ်မှု၊
(၄) မအေးချမ်းမှု၊
(၅) အသိဉာဏ်ပညာကျဆင်းမှု၊
(၆) ဘဝမလုံခြုံမှု

စသည်ဖြင့် များပြားလာနေရင် (ကွာဟမှု များပြားနေရင်) ပြဿနာအမျိုးမျိုးအဖုံဖုံ ဖြစ်လာမှာပါပဲ။ ဒီပြဿနာကို ရှင်းနေရခြင်းကြောင့် လူမှုဘဝလောကမှာ သာယာစရာမရှိပါ။ ဘာကြောင့်  ဒီပြဿနာပေါ်ပေါက်လာခဲ့ရသလဲ ဆိုရင် ဒီနိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်များ ဆိုးရွားမှုနဲ့ ဆုတ်ယုတ်မှုကြောင့်ပါပဲ။ ဒီစနစ်ဆိုး၊ စနစ်ယုတ်များကို ပြုပြင်ပြောင်းလဲနိုင်ရင် လူမှုစနစ်တစ်ခု အထက်တန်းရောက်ဖို့ အဟန့်အတား များစွာ ဖြတ်သန်းမှု လုပ်ရမှာပါပဲ။ အောင်မြင်ရေးတစ်ခု တည်ဆောက်လိုတဲ့ လူမှုအဖွဲ့အစည်းတစ်ခုဟာ ဆန့်ကျင်ဘက် အပြန် အလှန် (အနုလောမ-ရှေ့သွား၊ ပဋိလောမ-နောက်ပြန်) ရှိရမယ်။ ဆန့်ကျင်ဘက် အပြန် အလှန် မရှိတဲ့ လူမှုဘဝနိုင်ငံရေးစနစ်ဟာ (လူမှုစနစ်ဟာ) လူမှုစနစ်ကို မတည်ဆောက်နိုင်ပါဘူး။ လူမှုစနစ်ကို မတည်ဆောက်ပေးနိုင်တဲ့ နိုင်ငံရေးစနစ်ကို မြန်မာပြည်မှာ အချိန်လေး ကြာမြင့် ခဲ့တယ်။

အရင်းမဲ့တော်လှန်ရေး

လူမှုစနစ်တစ်ခုဟာ ပုံစံတစ်ခုတည်းနဲ့ မရပ်တည်ပါ။ ကြွယ်ဝမှုနဲ့ ဆင်းရဲမှု၊ ကောင်းမှု နဲ့ မကောင်းမှုများ ဒွန်တွဲစမြဲပါ။ မကောင်းမှု၊ ဆိုးမှု အားကောင်းချိန်မှာ အဲဒီစနစ်အောက် ရောက်ကြရသူ အားလုံးဟာ ဘေးအမျိုးမျိုး ရောက်ကြရစမြဲပါ။ ဒီလို စနစ်ဆိုး ရောက်သွား ရတာဟာ အရင်းရှင်စနစ် လွှမ်းမိုးသွားပြီး အရင်းရှင်အစိုးရ ဖြစ်သွားလို့ပါပဲ။ အဆိုးဘက်ကို ဦးတည်သွားတဲ့ လူမှုစနစ်တစ်ခုကို အခြားသော လူယဉ်ကျေး ပညာတတ်အလွှာ သမားများနဲ့ အခြေခံလူတန်းစားများက စုပေါင်းကြပြီး အဆိုးဖက်တွယ်တဲ့ စနစ်ထဲကို ဝင်ရောက်ပူးပေါင်း (ပေါင်းစည်းဖက်တွယ်) လိုက်ကြမယ်ဆိုရင် (အဆိုးထုတ်လုပ်တဲ့စနစ်) အဆိုးအောင်မြင်တဲ့ စနစ်ဟာ လျင်မြန်စွာ ရပ်ဆိုင်းသွားမှာပဲ။ နိုင်ငံရေးအရ အဆိုးမြင်တဲ့ ဝါဒီသမားတွေနဲ့မပူးပေါင်းဘဲ ငြိမ်နေရင် ဆိုးသူ (ဆိုးမှု)တွေက ပိုကဲလာပြီး ဒုက္ခလည်း ပိုကဲလာမှာပဲ။ မြန်မာတွေက ဒီလိုနိုင်ငံရေးလှည့်ကွက်၊ မြှုပ်ကွက်၊ ထင်ကွက်၊ ဟာကွက်တွေကို စိတ်ရှည်ရှည် မသုံးသပ်နိုင်ကြဘဲ ဖြောင့်ဖြောင့်ဆန့်ကျင်တတ်တဲ့ အကျင့်ကြောင့်၊ တစ်နည်းအားဖြင့် ရဲရဲ လုပ်ရဲသောကြောင့် အပြောင်းအလဲတွေ သိသိသာသာ ပြောင်းလဲသွားတာပါ။ ဒီလို ပြောင်းလဲ သွားအောင် အကွက်ချပြီး ထိန်းကျောင်းတဲ့စနစ် မပါပေမယ့် မြန်မာ့လူ့လောကစနစ် ပြောင်းလဲ သွားတာဟာ အရင်းမဲ့ တော်လှန်ရေးတစ်ရပ်ဖြစ်စဉ် အောင်ပွဲပါပဲ။ ဒီလို အဖြေရသွားတဲ့ လူမှုစနစ်တစ်ခုကို ရာစုနှစ်ဆယ် ကာလထဲမှာပဲ ပေါ်ထွန်းလာခဲ့တာပါ။

အမြတ်ဆုံးသတ္တဝါ

လူ့လောက၊ လူ့ဘဝ တည်ငြိမ်မှုတော့ ရကြပြီ။ သဘာဝလောကနဲ့ ဖြေရှင်းရတဲ့ ပြဿနာကတော့ အမြဲတမ်း ရှိနေဦးမယ်။ လူ့ဘဝ၊ လူ့လောကစနစ် ရသွားပေမယ့် သဘာဝ လောကနဲ့ ပြိုင်ဆိုင်ရသေးတဲ့ လူဘဝကြီးဟာ မပင်ပန်းဘဲ မရှိပါ။ ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံနိုင်တဲ့ သတ္တဝါထဲက လူသားသတ္တဝါဟာ အမာဆုံး၊ အခိုင်ဆုံး သတ္တဝါပါပဲ။ အမြတ်ဆုံး သတ္တဝါပါလို့လည်း တင်စားခေါ်ဆိုလောက်ပေရဲ့။

မြန်မာ့လူ့ဘောင်

လူမှုစနစ်ဟာ တည်ငြိမ်နေတာ မဟုတ်။ ပြောင်းလဲ လည်ပတ်နေပါတယ်။ ပြောင်းလဲ လည်ပတ်နေတဲ့သဘောကို ကြည့်ပြီး ရန်ဘက်ဖြစ်စဉ် မဟုတ်တဲ့ လူမှုစနစ်နဲ့ တွဲပေါင်းကြ ပြီး အနှစ်သာရ ပြည့်ဝတဲ့ “လူမှုဘဝနိုင်ငံရေးကို စုပေါင်းထိန်းကျောင်းတဲ့စနစ်နဲ့ နေရမယ်။ ဆုတ်ခြင်း၊ တက်ခြင်း သဘောတရားကို ကြည့်ပြီး ဆုတ်၊ တက် နှစ်ခုကြားမှာ တည်ငြိမ်မှ ရအောင် နိုင်ငံရေး (ဒိုင်ယာရီ) မှတ်တမ်းကို သေချာလုပ်ထားရမယ်။ နိုင်ငံရေး (ဒိုင်ယာ လက်တစ်) အဆင့်ဆင့် ပြောင်းလဲပြုပြင်ကြမယ့် နက်ရှိုင်းတဲ့မိမိရဲ့ နိုင်ငံရေးစနစ်ကို ခွဲခြမ်း စိတ်ဖြာပြီး အပြန်အလှန် (ပြောင်းလဲမှုမရှိတဲ့) ပေါင်းစည်းကြတဲ့စနစ်နဲ့ (လူယဉ်ကျေးတွေရဲ့ လုပ်တဲ့ အလုပ်မျိုးနဲ့) မြန်မာပြည်နိုင်ငံရေးစနစ်ကို လမ်းပြမြေပုံ ထားရမယ်။ သင်ကြားမှု လုပ်ပေးရမယ်။ တက်ကြွလှုပ်ရှားတဲ့ နိုင်ငံရေးစနစ်ကို ရှောင်ပြီး မြန်မာ့လူ့ဘောင်မှာ မြှုပ်နှံ ထားရမယ်။

လူထုအတွက် အကျိုးမရှိ

နိုင်ငံရေးဆိုတာ သင်ယူတာထက် ကိုယ်တွေ့ဆန်ဖို့ လိုပါတယ်။ ကိုယ်တွေ့မပါတဲ့ နိုင်ငံရေးဟာ မှားကွက်တွေ များပြီး ခက်ခဲမှုတွေ တွေ့ရတတ်တယ်။ အမှားချောင်းပြီးအမှတ်ပေါင်းတဲ့သူ၊ မာယာများတဲ့သူ၊ လှည့်ကွက်များတဲ့သူ၊ ပြကွက်များတဲ့သူ (နိုင်ငံရေး သမား)တွေဟာ နိုင်ငံရေးသမား မဟုတ်ပါ။ နိုင်ငံရေးဆိုတာ မတရားလုပ်တဲ့သူကို မတရား လုပ်တဲ့သူ၊ ဟန်ဆောင်သူကို ဟန်ဆောင်သူလို့ပဲ မြင်ရမယ်။ မတရားသူကို မတရားမှန်း သိပါလျက်နဲ့ ရှောင်လွှဲမှု လုပ်ကြမယ်ဆိုရင် အယောင်များတဲ့ နိုင်ငံရေးပဲ ဖြစ်မယ်။ အယောင် များ၊ အမှောင်များတဲ့ နိုင်ငံရေးဟာ လူထုအတွက် အကျိုးမရှိပါ။

ပြည်သူသာ အခရာ

လူထုအတွက် အကျိုးမများတဲ့နိုင်ငံရေးကို မြန်မာပြည်မှာ အတိတ်က ခံစားခဲ့ဖူး ကြပြီ။ ပစ္စုပ္ပန်မှာ အလွှမ်းမိုးမခံတော့ဘဲ အနာဂတ်ကာလကိုလည်း ပန်းတိုင်မရှိအောင် လုပ်ရမယ်။ နိုင်ငံရေးလုပ်တဲ့သူဟာ ဖိနှိပ်မှုပြင်းထန်တဲ့ နိုင်ငံရေးကို ခံစားခဲ့ဖူးမှ (ခံစားတတ်မှ) လှုပ်ရှားမှု အဓိပ္ပာယ်ရှိမယ်။ အဓိပ္ပာယ်ရှိတဲ့ အလုပ်လုပ်မှ တန်ဖိုးရှိမယ်။ လွယ်ကူစွာရတဲ့ အရာဟာ တန်ဖိုးမရှိပါဘူး။ ဒီထက် ကောင်းတဲ့အရာ ရှိသေးရင်လည်း တန်ဖိုးမရှိပါဘူး။ ဒါကြောင့် နိုင်ငံရေးဆိုတာ ပြည်သူဟာ အခရာပဲ။ ပြည်သူက သြဇာပဲ။ ပြည်သူက အင်အား ပဲ။ ခက်ခက်ခဲခဲရတဲ့အရာဟာ အလွန်တန်ဖိုးရှိပါတယ်။

ပြည်သူ့အစိုးရ မဟုတ်

အချို့သောအစိုးရတွေဟာ ပြည်သူကို လက်အောက်ခံသားအဖြစ် ထားပြီး ဖိနှိပ်မှု၊ ချုပ်ချယ်မှုအမျိုးမျိုး လုပ်တယ်။ အာဏာကို ပြည်သူထဲက မယူဘဲ ရှိတဲ့(ရတဲ့) အာဏာအတိုင်း ပြည်သူကို မထီမဲ့မြင်လုပ်တယ်။ စော်ကားတယ်။ ထိခိုက်အောင် လုပ်တယ်။ လေးစားတန်ဖိုး မှုမထားဘဲ ကျွန်သားများလို ပြည်သူကို ပြုမူဆက်ဆံတယ်။ ဥပဒေကို လေးစားမှု မရှိဘဲ ပြုထားတဲ့ ကတိကဝတ်တွေ ပျက်တယ်။ အများပြည်သူအကျိုးကို ဖျက်ဆီးတယ် ဆိုတဲ့ အစိုးရဟာ ဆန့်ကျင်ဆန္ဒပြစရာ မလိုပါ။ အလိုအလျောက်နဲ့ အရှက်ရပြီး ပျောက်ကွယ်သွား မယ်။ လူ့အဖွဲ့အစည်း လူ့အသိုက်အမြုံ၊ လူသားတို့မိသားစုကို အနိုင်ယူ၊ ဖျက်ဆီး၊ နှောင့်ယှက် သမှုပြုတဲ့ အစိုးရဟာ ပြည်သူ့အစိုးရ မဟုတ်ပါ။ ပြည်သူကို တန်ဖိုးမထားတဲ့ အစိုးရပဲ။ ဥပဒေကို ချိုးဖောက်ရန် ဝန်မလေးသော အစိုးရ၊ ဥပဒေကို ချိုးဖောက်ရဲသော အစိုးရဟာ “လူမှုဘဝနိုင်ငံရေး (ဒီမိုကရေစီ)” ကို ဖျက်ဆီးတာပဲ။

ပြည်သူ့ခေါင်းဆောင်

တိုင်းပြည်တစ်ပြည်မှာ ခေါင်းဆောင်သူက စာရိတ္တအရင်းအမြစ် မြတ်ရမယ်။ အာနိသင်ကောင်းရမယ်။ ဖက်ပြိုင်သူများကို ရဲဝံ့စွာ ယှဉ်ရဲရမယ်။ အရာခပ်သိမ်း ဖျတ်လတ်ရမယ်။ ပွင့်လင်းရမယ်။ တာဝန်မဲ့ မနေသူ ဖြစ်ရမယ်။ အရာဟူသမျှ ဖြေရှင်းရဲသူ ဖြစ်ရမယ်။ အဲဒီလို ခေါင်းဆောင်မျိုးဟာ “ပြည်သူ့ခေါင်းဆောင်”လို့ ခေါ်ထိုက်မယ်။ “ပြည်သူ့ခေါင်းဆောင်” အမည်ကင်ပွန်းတပ်ပြီး အဂတိလိုက်စားသူကို လက်သပ်မွေး၊ အကျင့်ကျွံသူကို မွေးစား၊ အောက်ခြေလူထုကို မတူမတန် ဆက်ဆံ၊ အပြောင်းအလဲ ခဏ ခဏ လုပ်၊ ဆိုးရွားတဲ့ အုပ်ချုပ်သူကို မြှောက်ပင့်၊ အခြေခံလူမှုပြဿနာကို ထိုးဆွတဲ့ ပြည်သူ့ခေါင်းဆောင်ဟာ ဆိုးရွားတဲ့ အခြေခံ ပြဿနာတွေနဲ့ပဲအချည်းနှီးဖြစ်သွားတယ်။ပြည်သူ့ခေါင်းဆောင်ဆိုတာစေ့စပ်ခြင်းအတတ်ပညာ၊အပေးအယူလုပ်ခြင်းအတတ်ပညာ၊ ပြည်သူ့စွမ်းအား မြှင့်တင်ခြင်း အတတ်ပညာ ကျွမ်းကျင်ရမယ်။

ပြည်သူတွေက

(၁) ကိုယ်ပိုင်ယုံကြည်ချက်များ ဖော်ထုတ်ခြင်း၊
(၂) လုပ်ပိုင်ခွင့်များ တောင်းဆိုခြင်း
စတဲ့ စွမ်းရည်နှင့် လုပ်ပိုင်ခွင့် မြှင့်တင်တောင်းဆိုတဲ့အခါ ပြည်သူ့ခေါင်းဆောင်ဟာ ဦးဆောင် လမ်းညွှန်တတ်ရမယ်။ ထောက်ပြချက်တတ်ရမယ်။ ဥပမာ – ပြည်သူလူထုများ လိုလားတောင့်တချက် အရ အစိုးရရဲ့ ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှုမရှိရင် ပြည်သူ့ ခေါင်းဆောင်လုပ်တဲ့သူက လူထုလိုလားချက်ကို သိရမယ်။ အာနိသင်သက်ရောက်မှုရှိအောင် တည့်မတ်ပေးရမယ်။

ရေငုံနှုတ်ပိတ်နေခြင်းကြောင့်

ဒီမိုကရေစီ ကူးပြောင်းပြီးတဲ့ တိုင်းပြည်ဟာ ပြည်သူ့စွမ်းအား မြှင့်တင်ရေးအတွက် အခွင့်အရေး၊ အခွင့်အလမ်းပေးရမယ် (နိုင်ငံသားဖြစ်တဲ့ ပြည်သူပြည်သားတွေကို လုပ်ပိုင်ခွင့် အခွင့်အရေးပေးရမယ်)။ လုပ်ပိုင်ခွင့် အခွင့်အရေး မြင့်မြင့်မားမား ပိုင်ဆိုင်နိုင်ရန် ဥပဒေ ပြဋ္ဌာန်းပေးရမယ်။ ဥပဒေပြဋ္ဌာန်းပေး၍ ပြည်သူက သဘောပေါက်နားမလည်ရင် ဦးဆောင်သူ အစိုးရက အကောင်အထည် ဖော်ပြပေးရမယ်။ ဥပမာ- လယ်ယာမြေဥပဒေ ပြဋ္ဌာန်းပေးလိုက် ပေမယ့် လယ်လုပ်သူ လယ်သမားများအခွင့်အရေး၊ အခွင့်အလမ်း မဆုံးရှုံးအောင် အစိုးရ ကိုယ်တိုင်က ထိန်းသိမ်းပေးရမယ်။ စောင့်ရှောက်ပေးရမယ်။ များသောအားဖြင့် ဒီမိုကရေစီ ကူးပြောင်းစ တိုင်းပြည်တိုင်းမှာ နိုင်ငံရေးသမားတွေ ရေငုံနှုတ်ပိတ်နေခြင်းကြောင့် ဆုံးရှုံးမှု များပြားတာကို တွေ့ရတယ်။

ဒီမိုကရေစီအရင်းအမြစ်
ဒီမိုကရေစီတိုင်းပြည်မှန်ရင် –

(၁) ပြည်သူ့အခွင့်အရေးများ၊
(၂) နိုင်ငံရေး အခွင့်အရေးများကို အစိုးရက အာမခံခြင်း၊ လေးစားလိုက်နာခြင်းက အဓိကဖြစ်တယ်။ အစိုးရလုပ်သူကိုယ်တိုင်က အဓိကကျတဲ့အခြေအနေကို မသိ၊ နားမလည်ဘဲ လျစ်လျူရှုနေလိုက်ရင် ဒီမိုကရေစီဖြစ်ထွန်းမှု အညွှန်းကိန်းများ ဘယ်လိုမျိုးပဲ ပြည့်စုံပြည့်စုံ “ပိုးသာကုန် မောင်ပုံစောင်းမတတ်” ဆိုတဲ့ ဆိုညွှန်းချက်စကားပုံနဲ့ တူညီသွားမယ်။ ဒီမိုကရေစီ မှန်ရင် ပြည်သူတွေရဲ့ ပါဝင်မှု၊ ပြည်သူ့အခွင့်အရေး၊ ပြည်သူ့ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်နဲ့ပဲ ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက် မရရင် ဒီမိုကရေစီ ဒဏ်ရာရပြီလို့သာ မှတ်ရမယ်။

အရှင်တို့ရဲ့ တိုင်းပြည်ဟာ ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ကို မည်မျှ မြင့်မားလာကြပြီလဲ။ ကိုယ်တိုင်ဘဝ၊ ကိုယ်တိုင်ဖန်တီး၊ ကိုယ်တိုင်စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ချက် အရင်းအမြစ်များ ရုပ်ပိုင်းဆိုင်ရာ အဆင့်အတန်း၊ ပညာရေးအဆင့်အတန်း၊ လူမှုဘဝအဆင့်အတန်း မည်မျှ မြင့်တက်လာကြပြီလဲ။

ဒီမိုကရေစီရဲ့ အရင်းအမြစ်သဘော ဖြစ်တဲ့ –

(၁) စီးပွားရေးအရင်းအမြစ်၊
(၂) ပညာရေး အရင်းအမြစ်၊
(၃)လွတ်လပ်စွာ တွေးခေါ်မှု၊ ယူဆမှု၊ ကြံစည်မှု၊ စိတ်ကူးမှု၊ အရည်အသွေး၊ နိုင်ငံရေးမှာ ပါဝင်မှု အရင်းအမြစ်တွေကော ရကြ၊ ရှိကြပြီလား။

နိုင်ငံရေးလုပ်တဲ့သူဟာ ဖိနှိပ်မှုပြင်းထန်တဲ့ နိုင်ငံရေးကို
ခံစားခဲ့ဖူးမှ (ခံစားတတ်မှ) လှုပ်ရှားမှု အဓိပ္ပာယ်ရှိမယ်။ 
အဓိပ္ပာယ်ရှိတဲ့ အလုပ်လုပ်မှ တန်ဖိုးရှိမယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၁၄-၂၂၀၊ အဝိဟိံသာနိုင်ငံရေး (၂၅)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Exit mobile version