။ အတီတံ ဒေါသံ၊ ပစ္စုပ္ပန္နံ ဒေါသံ ၊ အနာဂတံ ဒေါသ၊ သဗ္ဗဒေါသံ ဘန္တေ ခမထ ။
။ အတီတံ ဒေါသံ၊ ပစ္စုပ္ပန္နံ ဒေါသံ ၊ အနာဂတံ ဒေါသ၊ သဗ္ဗဒေါသံ ဘန္တေ ခမထ ။
အရှင်တို့၏ ဆရာအရှင်ကျေးဇူးတော်အရှင်သူမြတ်ကြီးသည် တစ်ဘဝတစ်ခန္ဓာ ငြိမ်းတော်မူခဲ့ပါလေပြီ။
။ ကံမကုန်သရွေ့
ဘယ်သူ့ကိုမှ
တစ်ယောက်နဲ့တစ်ယောက်
မေ့မသွားကြပါဘူး။
။ ကံကုန်သွားကြတော့
တစ်ယောက်နဲ့တစ်ယောက်
သူမေ့ကိုယ်မေ့ပါပဲ။
။ ကံမကုန်ခင်
အကုန်အကျများခဲ့ကြတဲ့
သံယောဇဉ်တွေ
သမုဒယကံအကြောင်းတွေ
အပ်ကြောင်းထပ်ခဲ့ကြပေါ့။
။ ခုတော့
မေ့နေကြ
မုန်းနေကြ
ရှုံးနေကြ
ရုန်းနေကြ
ရွာလည်နေကြ
ပုန်းနေကြပေါ့။
။ အခုတော့
ကံအကွဲ
ကံအမွဲ
ကံအလွဲ
သောက
ပရိဒေဝ
ဒုက္ခ
ဒေါမနဿ
ဥပါယာသတွေနဲ့ပဲ
ကြေကွဲနေရ ပြန်ပြီပေါ့။
တောမှီရဟန်း
(၂၈.၄.၂၀၂၂) ရက်နေ့နံနက်။)
။ ဘယ်အချိန်မှာ
နေဝင်ပါတယ်
ကိုယ်သာအသိဆုံးပါပဲ။
။ ဘယ်အချိန်မှာ
နေထွက်ပါတယ်
ကိုယ်သာအသိဆုံးပါပဲ။
။ ဘယ်အချိန်မှာ
နေသာပါတယ်
ကိုယ်သာအသိဆုံးပါပဲ။
။ ဘယ်အချိန်မှာ
နေမြင့်ပါတယ်
ကိုယ်သာအသိဆုံးပါပဲ။
။ ဘယ်အချိန်မှာ
နေတည့်ပါတယ်
ကိုယ်သာအသိဆုံးပါပဲ။
။ ဘယ်အချိန်မှာ
နေကွယ်ပါတယ်
ကိုယ်သာအသိဆုံးပါပဲ။
။ ဘယ်အချိန်မှာ
နေကျော်ပါတယ်
ကိုယ်သာအသိဆုံးပါပဲ။
။ ဘယ်အချိန်မှာ
နေပျော်ပါတယ်
ကိုယ်သာအသိဆုံးပါပဲ။
။ ဘယ်အချိန်မှာ
လမ်းဆုံးပါတယ်
ကိုယ်သာအသိဆုံးပါပဲ။
။ ဘယ်အချိန်မှာ
ခွဲခွာကြမယ်
ကြေကွဲကြမယ်
မုန်းပစ်ကြမယ်
ပူပန်ရမယ်
ဆင်းရဲရမယ်
ချမ်းသာရမယ်
နှုတ်ဆက်ကြမယ်
ကိုယ်သာအသိဆုံးပါပဲ။
တောမှီရဟန်း
(၂၃.၄.၂၀၂၂) ရက်နေ့ညနေချိန်။)
။ တောင့်တမှုဆိုတာ
တစ်ထပ်တည်းမဖြစ်နိုင်ပါဘူး။
။ ကြောင့်ကြမှုဆိုတာလည်း
လွယ်လွယ်နဲ့ မငြိမ်းနိုင်ပါဘူး။
။ လိုချင်မှုဆိုတာလည်း
တစ်ထပ်တစ်သားတည်းဖြစ်ဖို့
မလွယ်ကူပါဘူး။
။ တောင့်တမှုများလာရင်
လူဟာ ကြောင့်ကြမှုတွေ
များလာမှာပါပဲ။
ပူမှုတွေ များလာမှာပါပဲ။
။ အဆုံးမသတ်နိုင်တဲ့ဘဝကို
ကြောက်စရာပါဆိုတာကို
မသိနိုင်လေသမျှ
မိုက်နေကြဦးမှာပါပဲ။
။ ဘဝကိုတောင်းတမိရင်
တောင်းတတဲ့အတိုင်း
တောင်းတလို့ကုန်နိုင်မှာ
မဟုတ်ပါဘူး။
။ ဘဝကြောင့်
တပ်မက်မှုတဏှာများခဲ့ရင်
တဏှာစေရာအတိုင်းပါပဲ။
။ တဏှာရဲ့တောင့်တချက်ကို
မကျေနပ်နိုင်ရင်
မကျေနပ်တဲ့အတိုင်းလို
ခံစားရမှာပါပဲ။
။ တဏှာက
မိမိကိုခြယ်လှယ်နေသလောက်
စိတ်မကုန်သေးရင်
စိတ်မကုန်တဲ့အတိုင်း
ဆင်းရဲနေကြရဦးမှာပါပဲ။
။ လူဘဝမှာ
ဆာလောင်တာကို
မထိန်းသိမ်းနိုင်ရင်
မထိန်းတဲ့အတိုင်း
တဏှာဘက်ကို
ယိမ်းယိုင်နေမှာပါပဲ။
။ ရှံစရာအရာကို ( ရွံစရာ)
တပ်မက်နေရင်
တပ်မက်တဲ့အတိုင်းကို
ခံနေရမှာပါပဲ။
။ အနှစ်သာရရှိတဲ့တရားသားကို
အားကိုးအားထားရင်
ကိုယ်စိတ်အေးရမှာပါပဲ။
။ တရားအသား
ရင်ထဲခါးရင်
တိုးပွားချမ်းသာမှု မဲ့နေမှာပါပဲ။
။ တရားအဆီ
မနောကြည်ကို
နားမလည်ရင်
သံသရာရှည်ကြာနေဦးမှာပါပဲ။
(သည်နေ့တော့ ဤရွေ့ဤမျှသာပါပဲ)
တောင်ကလေးဆရာတော်
(၂၁.၄.၂၀၂၂) ရက်နေ့ညနေချိန်။)
။ လူငယ်မောင်မယ်တွေအတွက် ဘဝတစ်သက်တာမှာ သင်ယူအပ်တဲ့အတတ်ပညာရပ်တည်းမှာ ” အခြေခံစီးပွားရေး စီမံခန့်ခွဲမှုသင်တန်း” ဟာ အဓိကပါ။ လူမှုရေးလောကမှာ စီးပွားရေးပညာကို မသိနားမလည်ရင် ပိုခက်ခဲတဲ့ကျပ်တည်းမှုတွေ ဖြစ်တတ်ပါတယ်။
။ ဒါကြောင့် ” ဖလုံပညာတိုးတက်ဖွံ့ဖြိုးရေးယူနစ် “
(Phlon Education Development Unit) မှ
ကြီးမှူးဖွင့်လှစ်မည့်
” အခြေခံစီးပွားရေးစီမံခန့်ခွဲမှုသင်တန်း “
(Principles of Business Management) ကို စိတ်ပါဝင်စားသော လူငယ်မောင်မယ်တွေ မည်သူမဆို တက်ရောက်သင်ကြားနိုင်တဲ့ သင်တန်းပါပဲ။
။ တက်ရောက်သင်ကြားလိုတဲ့
သင်တန်းသူ၊ သင်တန်းသားတွေဟာ
၁) ကိုယ်ရေးအချက်အလက်
ဖြည့်စွက်ရေးသွင်းရန် (form) ကို
တောင်ကလေး ဘ/က(ရုံး)မှာပဲ ဖြစ်ဖြစ်၊
၂) Facebook Page
“ PEDU ဖလုံပညာ” တို့မှာပဲ ဖြစ်ဖြစ် ရယူဖြည့်စွက်နိုင်ပြီး မျှဝေအသိပေးပါတယ်။
။ လူငယ်ဆိုတာ
၁) အသိတရားရယ်
၂) အရှိတရားတွေကိုရယ်
၃) လက်တွေ့ကျတာကိုရယ်
၄) ကြိုးစားအားထုတ်နိုင်ကြတာကိုရယ် အနာဂတ်အတွက် ဘဝအိမ်ကို တည်ဆောက်ကြရမယ့်သူတွေချည်းပါပဲ။
စီမံချုပ်/ သင်တန်း နာယကဆရာတော်
( Phlon Education Development Unit)
ကရင်ပြည်နယ်၊ ဘားအံမြို့။
(၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့။)
။ မြန်မာလအစ ပထမလဟာ တန်ခူးလပါ။ တန်ခူးလကို သင်္ကြန်ပွဲတော်ကျင်းပကြသောလဖြစ်ပါတယ်။တန်ခူးလဟာ နွေဥတုမှာပါဝင်ပါတယ်။ ရက်မစုံသတ်သောလဖြစ်ပါတယ်။နွေလဖြစ်၍ပူပြင်းပါတယ်။မိုးနည်းရေရှားပါးသောဒေသတွေမှာ ရေတွင်း၊ရေကန်တွေ ရေဆုတ်နေပြီး ” တန်ခူးရေကုန် ကဆုန်ရေခမ်း” ဆိုပြီးတော့ ဆိုစမှတ်ပြုကြပါတယ်။
။ ” ရွှေတန်ခူး လေရူးဆော်တော့” ဆိုတဲ့စကားအတ်ုင်း၊တန်ခူးလမှာ လေရူးကလေးတွေ မူးမူးမိုက်မိုက်တိုက်ခိုက်နေပါတယ်။သစ်ရွက်တွေမှာ ပူပြင်းတဲ့နေအရှိန်တွေကြောင့် မြစိမ်းအရောင်မှ ရွှေဝါအရောင်သို့ ပြောင်းလဲသောလပါပဲ။ ကြည်နူးဖွယ်၊လွမ်းဆွတ်ဖွယ်သဘာဝအခြေအနေရှိတဲ့လလည်းဖြစ်တာကြောင့် ကောင်းကင်ပြင်မှာ မိုးသားတိမ်တိုက်တွေ မကန်းကြားကွက်လိုပဲ ပြန့်ကျဲနေပါတယ်။
။ မိုးလည်းရွာသွန်းတော့မယ်ဟန်နဲ့ ပြင်ဆင်နေတဲ့လပါပဲ။နေမင်းဟာ အပြင်လမ်းကိုစွန့်ပြီး အလယ်လမ်းခရီးကို ကူးပြောင်းလို့ ကွန့်မြူးထွန်းပနေတဲ့လပါပဲ။
။ အကိုင်းအညှောက် အဖူးအညွှန့်တွေနဲ့ စီရရီထွက်ပြူဖူးသစ်လျက်ရှိတဲ့ ချီချီကြွကြွဖူးပွင့်နေကြတဲ့ ငွေအဆင်းဆောင်တဲ့ကံ့ကော်ပင်မင်းတွေလည်း လေယူရာယိမ်းညွတ်ယိမ်းယိုင်ကိုင်းနေလျက်ပါပဲ။
။ ကြည်လင်တဲ့ရေအလျဉ်၊နှစ်သက်ဖွယ်တသွင်သွင်စီးဆင်းနေတဲ့ မြစ်ကမ်းသဲသောင်စပ်မှာ ကျေးငှက်အပေါင်းတွေဟာလည်း အတောင်တွေဖြန့်ကာဝဲကာနဲ့ ဖိုမယှဉ်တွဲ ချစ်တင်းနွှဲကြလို့ပါပဲ။
။ ဒါကြောင့် ဤတန်ခူးလကို စိတြနက္ခတ်ထွန်းပတဲ့လဖြစ်လို့ပဲ မြန်မာတွေက အတာနှစ်သစ်ကူးလအဖြစ်သတ်မှတ်လာခဲ့ကြပါတယ်။ စာဆိုရှင် ဦးကြင်ဥက
” ဖြေမနိုင် ရင်ဆိုင်ဝဲသို့၊ မှိုင်ပွဲတဲ့သစ်စေ၊ မုတ်ကွန်းဆောင်ပျံနှင့်၊ခြင်္သေ့ခံမှန်ပြတင်းမှာမှ သွင်းတဲ့လေပြည်၊ မျိုလို့သာ ခဲ့ရတယ်၊ သဲနောက်ကျဗျာပွေ ကြေကြေဘွယ့်ဘနန်း၊ နှင်းသတ်အထုံ ဝရတ်ကယ်သဉ္စာဘုံက ထည်ကောဋုံခြုံထွေးသော်လည်း၊ မလုံမခြုံသေးသူတို့၊ ဆွေးဖို့စတမ်း” လို့ဆိုပြီး စာသဘင်ခင်းပြခဲ့တယ်။
။ အဘိဓာန်ကျမ်းအရ
တန်ခူး = ထန်းဆွတ်သည်၊ ထန်းသီးဆွတ်သည်၊ထန်းဆွတ်လ၊ထန်းသီးဆွတ်လ၊ မြန်မာ့တစ်ဆယ့်နှစ်လတို့တွင် ပထမလ၊ မိဿရာသီ လို့ဖွင့်ဆိုထားပါတယ်။
။ တန်းခူးလ မြန်မာ့ယဉ်ကျေးမှုအရ
၁) မိဘကိုကန်တော့ကြခြင်း၊
၂) ရေကုသိုလ်ပြုကြခြင်း၊
၃) ငါးသတ္တဝါများကို ဇီဝိတဒါနပြုကြခြင်း၊
၄) ဘဘိုးဘေးတို့ကို လှူဖွယ်များပေးကမ်းကြခြင်းတို့ ဖြစ်ပါတယ်။
တောင်ကလေးဆရာတော်
(၁၂.၄.၂၀၂၂) ရက်နေ့ညနေခင်း။)
🙏 ကပ်ပံ ဌာတု ဗုဒ်ဓဝါဒီ၊
ကပ်ပံ ဌာတု ဗုဒ်ဓဘာဏီ။
ကပ်ပံ ဘာတု ဓမ်မရံသီ၊
ကပ်ပံ ပါတု ဓမ်မစာရီ။
။ ဗုဒ္ဓဝါဒီ၊ ဗုဒ္ဓဘာသာသည်။
ကပ္ပံ၊ ကမ္ဘာတည်သမျှကာလပတ်လုံး။
ဌာတု၊ တည်မြဲပါစေသတည်း။
။ ဗုဒ္ဓဘာဏီ၊ ဗုဒ္ဓတရားတော်မြတ်သည်။
ကပ္ပံ၊ ကမ္ဘာတည်သမျှကာလပတ်လုံး။
ဌာတု၊တည်မြဲပါစေသတည်း။
။ ဓမ္မရံသီ၊ တရားတော်မြတ်၏အလင်းရောင်သည်။
ကပ္ပံ၊ ကမ္ဘာတည်သမျှကာလပတ်လုံး။
ဘာတု၊ ထွန်းလင်းပါစေသတည်း။
။ ဓမ္မစာရီ၊ တရားတော်မြတ်ကို ကျင့်တော်မူသောသံဃာတော်သည်။
ကပ္ပံ၊ ကမ္ဘာတည်သမျှကာလပတ်လုံး။
ပါတု၊ စောင့်ရှောက်ပါစေသတည်း။
[ ဆောင်ပုဒ်ကဗျာ]
။ ဗုဒ္ဓဘာသာ၊ဤကမ္ဘာ၊ရှည်ကြာတည်ပါစေ။
။ ဗုဒ္ဓမြတ်စွာ၊ မြတ်ဓမ္မာ၊ရှည်ကြာတည်ပါစေ။
။ တရားတော်မြတ်၊အလင်းဓာတ်၊မုချတည်ပါစေ။
။ သံဃာတော်မြတ်၊တရားမြတ်၊စောင့်ကြပ်တည်ပါစေ။
[မြန်မာပြည်သူပြည်သားအတွက်]
☘️ ကုသိုလ်ဆုလာဘ်= ပုညလာဘီ
အယောက်တိုင်းရကြပါစေ။
☘️ ကောင်းမှုအတွက်= ပုညဘာကီ
အယောက်တိုင်းပြုနိုင်ကြပါစေ။
☘️ မေတ္တာ ဆုလာဘ် = မေတ္တ လာဘီ
ကိုယ်စီယောက်တိုင်းရပါစေ။
☘️ ဆုမြတ်ကိုယ်စီ= မဟာလာဘီ
ကိုယ်စီယောက်တိုင်းပိုင်ပါစေ။
တောင်ကလေးဆရာတော်
(မြန်မာကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊
မြန်မာနှစ်သစ်ကူးနေ့သို့)
ဓာတ်ပုံ။ ။ ကို ရင် ဩ
သည်နေ့
သည်နေရာ
သည်ကျောင်းမှာ
သည်ချိန်ခါ
စုပေါင်းပြီး
အနုသာသနီ ဝိပဿနာကမ္မဋ္ဌာန်း
စုပေါင်းအားထုတ်ပူဇော်ကြတဲ့
ဒီနွေရာသီအချိန်မှာ
သတိရကြသူများ ရှိကြမယ်လို့ထင်ပါလေရဲ့။
တောမှီရဟန်း
(၁၀.၄.၂၀၂၁) ရက်နေ့။
။ ခိုင်မြဲခြင်းမရှိပါ။
။ ပြောင်းလဲခြင်းသာ အမှန်ရှိသည်။
။ မေ့နေသူ မဖြစ်ပါနှင့်။
။ နိုးကြားသူ ဖြစ်ပါစေ။
။ ထိခိုက်နစ်နာအောင် မနေနှင့်။
။ အာရုံသစ်နောက်ကို မလိုက်နှင့်။
။ စိတ်သစ်ဖြင့် ရပ်တည်ပါ။
။ သဘောချင်းကွဲလွဲမှုကို သတိထားပါ။
။ ကုန်ဆုံးချုပ်ငြိမ်းမှုအသိစိတ်ကို နားလည်ပါ။
။ အမှန်မသိမှုကို သိနေပါ။
။ အစွဲအလမ်းမကုန်မှုကို ဆင်ခြင်သုံးသပ်ပါ။
။ သင် အသစ်မထပ်၊အစသတ်သူပြတ်သူဖြစ်ပါပြီ။
တောင်ကလေးဆရာတော်
(၉.၄.၂၀၂၀) ရက်နေ့နံနက်။