။ ငါသေသောခါ၊ ငါ့မသာကို
တန်ဆာပြုပြင်၊ ပွဲကြီးယင်၍
သဘင်ကချေ၊ ဆို ငို တွေနှင့်
ငွေကြေးကုန်ကျ၊ မပြုကြနှင့်
ဘာမျှအကျိုးမရှိပါ။
။ ရွှေ ငွေရောင်တောက်၊ မဏ္ဍပ်ဆောက်၍
အံ့လောက်စဖွယ်၊ အသွယ်သွယ်လျှင်
မဖွယ်မရာ၊ မပြုပါနှင့်
သံသာ ပစ္စုပ်၊ အကျိုးယုတ်၏။
။ ငှက်ပျော လက်ပံ၊ ပုံသဏ္ဌာန်ဟု
စိတ်နာမ်ကင်းကွာ၊ ဤခန္ဓာကို
တော်ရာဌာန၊ ဆောင်ယူကြလျှက်
ပြာချသင်္ဂြိုဟ်လိုက်ပါလေ။
။ ဈာပနသဘင်၊ ပျာချစဉ်ဝယ်
ရှုဆင်ပွားကြ၊ အသုဘဟု
နှစ်ဝနာမ်ရုပ်၊ ခွဲခြားထုတ်၍
ချုပ်ပျက်တင်ကာ၊ ဘာဝနာကို
နှစ်သာရပိုင်၊ ရယူနိုင်မှ
ဆုတ်ကိုင်ဖြည့်ဆည်း
နိဗ္ဗာန်နီးမည် …
ဘုန်ကြီးမှာခဲ့ပါရစေ။
သန်လျင် (ကရင်ဆိပ်ဆရာတော်)
။ သည်နေ့ ဖတ်မိလိုက်တဲ့ သံဝေဂလင်္ကာကဗျာတစ်ပုဒ်ပါ။ ရေးသားမှာကြားခဲ့တဲ့အရှင်က အလွန်ပြတ်သားလို့ ဖတ်ရှု့ဆင်ခြင်ရတာလည်း နှလုံးသွင်းရလွယ်ကူပါတယ်။ ဒီခေတ်ဒီအခါမှာ အကျော်အမော်တွေကများတော့ ကွယ်လွန်အနိစ္စရောက်ရင် (ဘုန်းတော်ကြီးဖြစ်ရင် ) အကုန်အကျများများပြုပြီး စည်စည်ကားကားပြုလုပ်နိုင်ကြတာကို မျက်စိထဲမြင်ယောင်မိလို့ပါပဲ။
။ အသုဘရုပ်အလောင်းကို ကမ္မဋ္ဌာန်းရှု့ကြတာမဟုတ်ဘဲ အသုဘချဖို့ပွဲလုပ်နေကြတာလည်း မရှားပါပဲ။ အစဉ်အဆက်ကျင်းပလာခဲ့ကြတဲ့ အထိမ်းအမှတ်ပွဲတော်အလားပါပဲ။ ကကြရွှင်ကြပျော်နေကြလို့ တီးကြခုန်ကြပျော်နေကြလို့နဲ့ ဆိုင်းဝိုင်း၊တီးဝိုင်း အစုံအလင်ပါပဲ။ ရှေးခေတ်က သာဓုကီဠန( သူတော်စင်များပျော်ရွှင်သည့်ပွဲ) လို့ သတ်မှတ်ခဲ့ကြပေမယ့် လူတွေက တကယ့်ကိုပျော်ရွှင်ပျကြတဲ့ ပွဲလမ်းသဘင်ကြီးလိုပါပဲ။
။ ဘုန်းတော်ကြီးဈာပနပွဲတွေမှာ မြင်ရတဲ့ဈာပနပွဲတွေဟာ ရွှေရောင်ငွေရောင်တောက်တဲ့ ပြာသာဒ်ဆောင်ကြီးငယ်တွေ ၊ ဇော်ဂျီ အနီအနက် အဖြူအဝါတွေ ကလို့ခုန်လို့ စုံလို့ပါပဲ။ ဧယင်ကျူးတဲ့အဖွဲ့၊ကခုန်တဲ့အဖွဲ့တွေကလည်း များစွာပါပဲ။ ဧယင်ကျူး မကျူးရလို့ စိတ်ဆိုးမာန်ဆိုးကြတဲ့သူတွေရှိကြသလို ကကြခုန်ကြတဲ့ပျော်ရွှင်ကြတဲ့သူတွေကလည်း မကရမခုန်ရမပျော်ကြရလို့ စိတ်ဆိုးမာန်ဆိုးကြတဲ့သူတွေလည်း အရှိရှိပါပဲ။
။ ကိုင်း……
ပြောပြချင်တာကတော့ ငွေကြေးကုန်ကြ၊ကျိုးမမြတ်တဲ့ ကုန်ကျပွဲတွေကို နည်းနည်းလျော့ရင်တော်မည်လားပါပဲ။
(မည်သည့် ဈာပနပွဲကိုမျှ မရည်ရွယ်ပါ)
အဲးခိုး
(၃.၇.၂၀၂၂) ရက်နေ့နံနက်)