အဲးခိုး
အတွဲ(၁၁)၊ အမှတ်(၃၁)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ တန်ဆောင်မုန်းလဆန်း ၅ ၊ ၂၈ – ၁ဝ-၂ဝ၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။
(ယခင်တစ်ပတ်မှအဆက်)
နှစ်ငါးဆယ်ပြည်မြန်မာ (၁၈၈၅-၁၉၄ဝ)
မြန်မာနိုင်ငံကို သမိုင်းနဲ့ယှဉ်ပြီး ကြည့်ရင် အနာဂတ်နှစ် ၁ဝဝ အတွက် ၂ဝဝဝ ပြည့်နှစ် (အေဒီနှစ်) ကနေ စတင်ရမယ်။ ၂ဝဝဝ ပြည့်နှစ်မတိုင်မီ မြန်မာပြည် အခြေအနေဟာ ခေတ်အဆက်ဆက် အကျပ်အတည်းအမျိုးမျိုးနဲ့ ဖြတ်သန်း ကျင်လည်ခဲ့ရပြီးဖြစ်တယ်။ အေဒီ ၁၈၈၅-၁၉ဝ၆ ခုနှစ်အတွင်း မြန်မာပြည် နိုင်ငံရေးအကျပ်အတည်း ဘယ်လိုခံစားခဲ့ကြရပြီလဲဆိုတာကို သမိုင်းစာမျက်နှာပေါ်မှာ ဖြစ်ပျက်စုံလင်အထင်အရှား ရှိနေခဲ့ဖူးပြီမဟုတ်လား။ အေဒီ ၁၉ဝ၆-၁၉၃ဝ ပြည့်နှစ်ကာလအတွင်း ရောက်လာမှပဲ မြန်မာပြည်ဟာ မြန်မာတစ်မျိုးသားလုံးရဲ့ ဇာတိမာန်ကို နိုးကြားနိုင်ခဲ့တယ်။ ကိုလိုနီခေတ်ဦးကာလ တစ်လျှောက်လုံးမှာ လက်နက်ကိုင် တော်လှန်ခဲ့ကြပေမယ့် အရေးအမျိုးမျိုး မမျှတဖြစ်နေတာကြောင့် အဘက်ဘက်က နိမ့်ကျခဲ့ရတယ်။ အင်္ဂလိပ်နယ်ချဲ့အရင်းရှင် စနစ်အောက်မှာ နေထိုင်ကြရတဲ့ မြန်မာလူမှုဘဝဟာ နည်းပေါင်းစုံနဲ့ ခေါင်းပုံဖြတ်ခံခဲ့ရတယ်။ နိုင်ငံရေးအရ နည်းပေါင်းစုံ ဖိနှိပ်ချုပ်ချယ်မှုခံရတယ်။ လူမှုရေးအရလည်း ချိုးနှိမ်မှုအမျိုးမျိုး ခံခဲ့ရတဲ့အပြင် ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုတွေက အစညှိုးမှိန်စွာ ဖြစ်ခဲ့ရတယ်။
တို့ဗမာအစည်းအရုံးကာလ
၃၀-၅-၁၉၃ဝ ပြည့်နှစ် ‘တို့ဗမာ အစည်းအရုံး” စတင်တည်ထောင်သည့် အချိန်ကစပြီး –
(၁) တောင်သူလယ်သမား အရေးတော်ပုံ (၁၉၃၀-၁၉၃၁)
(၂) ခွဲရေးတွဲရေး (၁၉၃၀-၁၉၃၇)
(၃) ဒုတိယကျောင်းသားသပိတ် (၁၉၃၆)
(၄) ၉၁ ဌာနအုပ်ချုပ်ရေး (၁၉၃၇-၁၉၄၂)
(၅) ၁၃ဝဝ ပြည့် အရေးတော်ပုံ (၁၉၃၈)
(၆) ဗမာ့ထွက်ရပ်ဂိုဏ်း (၁၉၃၉)
စတဲ့ တော်လှန်ရေးအမျိုးမျိုးနဲ့ မိမိတို့ရဲ့အမျိုးသားနိုင်ငံရေးအတွက် ကြိုးစားအားထုတ်ခဲ့ရတဲ့ သမိုင်းအထင်ရှား ရှိခဲ့တယ်။ ၂၉-၂-၁၉၄ဝ ပြည့်နှစ် “မြန်မာပြည်ကာကွယ်ရေးဥပဒေ” ပြဋ္ဌာန်းနိုင် တဲ့အချိန်ကစပြီး အရှင်တို့ရဲ့အမိမြန်မာပြည်နဲ့ ဖြတ်သန်းခဲ့ကြရတဲ့ သမိုင်းဖြစ်စဉ်ဟာ မေ့မေ့ပျောက်ပျောက် မရှိကြတော့ပါဘူး။ မေ့လို့လည်း မရပါဘူး။ ဖျက်လို့လည်း မပျက်တတ်တော့ပါဘူး။
လွတ်လပ်ရေး မရခင်ကာလ
တို့ဗမာအစည်းအရုံးကာလမှာ မွေးဖွားကြီးပြင်းလာခဲ့ကြတဲ့ အရှင်ရဲ့ မိဘနှစ်ပါးဟာ သခင်၊ သခင်မဆိုတဲ့ဂုဏ်ပုဒ်နဲ့ ဝံသာနုဘဝနဲ့ ဆင်းဆင်းရဲရဲ ဘဝမျိုးစုံနဲ့ ကျင်လည်ခဲ့ရပါတယ်။ မြန်မာပြည် နယ်ချဲ့လက်အောက်ကနေ လွတ်မြောက်ဖို့ လက်နက်ကိုင်တော်လှန်ခဲ့တဲ့ သမိုင်းဖြစ်စဉ်လည်း အထင်အရှားပါပဲ။
(၁) ရဲဘော်သုံးကျိပ် (၁၉၄၁)
(၂) ဘီအိုင်အေနှင့် ဘီဒီအေ (၂၇-၁၂-၁၉၄၁) ဘီအိုင်အေ၊ (၇-၇-၁၉၄၂) ဘီဒီအေ
(၃) ဂျပန်ခေတ် (၁၉၄၂-၄၅)
(၄) ဖက်ဆစ်ဂျပန်တော်လှန်ရေး (၁၉၄၅)
စတဲ့ လွတ်လပ်ရေးမရခင် ကာလအတွင်း ခက်ခဲနက်နဲတဲ့ ဘဝမျိုးစုံဖြတ်သန်းလာခဲ့ကြရတဲ့ မြန်မာလူမျိုးတွေရဲ့ဘဝဟာ စီးပွားရေးနယ်ချဲ့သူ၊ စစ်ရေးနယ်ချဲ့သူ၊ လူမှုရေးဖျက်ဆီးသူတွေနဲ့ အမျိုးမျိုးတော်လှန် တိုက်ထုတ်ခဲ့ရတယ် မဟုတ်လား။
ဘေးဒဏ်အမျိုးမျိုး
စစ်ဘေးစစ်ဒဏ် အမျိုးမျိုးကြောင့် ရပ်ရွာလုံခြုံရေး နေသားမကျတော့ဘဲ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေတဲ့ တစ်ကျော့ပြန် နယ်ချဲ့တွေပမာ ၁-၁-၁၉၄၆ နေ့မှာပဲ စစ်ဘက်အုပ်ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေးကို လွှဲပြောင်းရယူနိုင်ခဲ့တယ်။ စစ်ပြေးဘုရင်ခံ ဆာဒေါ်မန်စမစ်ဆိုသူက မြန်မာပြည်ကို ပြန်သိမ်းပြီး အုပ်ချုပ်ဖို့ စီမံကိန်းရေးဆွဲခဲ့သေးတယ်။ အိန္ဒိယနိုင်ငံ၊ ဆင်းမလားမြို့မှာ ရေးဆွဲခဲ့တဲ့ စီမံကိန်းမို့ ဆင်းမလား စီမံကိန်း သို့မဟုတ် ၁၇-၅-၁၉၄၅ ရက်နေ့မှာ စက္ကူဖြူစာတမ်း White Paper ထုတ်ပြန်တဲ့ အုပ်ချုပ်ရေးစီမံကိန်း ဖြစ်တာကြောင့် စက္ကူဖြူစီမံကိန်းလို့လည်း ခေါ်ကြတယ်။ အဲဒီကာလက ဂျပန်တွေ အုပ်ချုပ်ခဲ့တဲ့ အပျက်ဒဏ်ကြောင့် တိုင်းပြည်ဟာ အခြေအနေတွေ အမျိုးမျိုး ပျက်စီးခဲ့ရပါသေးတယ်။
အဲဒီအတွက်ကိုလည်း ၅-၉-၁၉၄၆ ရက်နေ့မှာ အမှုထမ်းပေါင်းစုံ သပိတ်ကြီးဖြစ်ပေါ်ခဲ့တယ်။ အပြင်းအထန် ကန့်ကွက်ခဲ့ကြတယ်။ စက္ကူဖြူအုပ်ချုပ်ရေး ရုပ်သိမ်းပေးပါ။ အထွေထွေ ကုန်ဈေးနှုန်းချပေးပါ။ တောင်းဆိုခဲ့ကြတယ်။
အဲဒါတွေမကသေးဘဲ
(၁) နေသူရိန်အစည်းအဝေးကြီး (၁၉-၈-၁၉၄၅)
(၂) ကန္ဒီ(ဂန္ဒီ)စာချုပ်၊ (၇–၉-၁၉၄၅)
(၃) အလယ်ပစ္စယံလူထုအစည်းအဝေး (၁၈-၁၁-၁၉၄၅)
(၄) အက်တလီစာချုပ် (၂၇–၁-၁၉၄၇)
(၅) ပင်လုံညီလာခံ (၁၂-၂-၁၉၄၄)
(၆) ဖရီးမင်းစာချုပ်(၂၉-၈-၁၉၄၄)
စတဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ အားလုံးရဲ့ အထောက်အထား သာဓကအစုံအလင်ရှိခဲ့တဲ့ တိုင်းပြည်တစ်ပြည်ပါ။ ၄-၁-၁၉၄၈ ခုနှစ် နံနက် (၄း၂၀) နာရီအချိန် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံ လွှင့်တင်အလေးပြုသည့် အချိန်ကစပြီး ယနေ့ ယခုတိုင်အောင် အရှင်တို့ရဲ့ တိုင်းပြည်အတွက် နိုင်ငံရေး အခင်းအကျင်းဟာ ပြီးပြည့်စုံမှု မရှိနိုင်ကြသေးဘဲ ခုချိန်မှာ အချင်းချင်းသဘောထားတွေ ကွဲလွဲကြလို့ ဆူပူသောင်းကျန်း ပျက်စီးကြတာတွေ၊ ပုန်ကန်အားထုတ်မှုတွေ၊ အဓမ္မမှုတွေ အမျိုးမျိုးခံစား နေကြရပါသေးတယ်။ လွတ်လပ်ရေး ရရှိထားကြပေမယ့် နိုင်ငံရေးသဘောထား ဆန္ဒမတူနေကြမှုကြောင့် အချင်းချင်း ဝါဒမှိုင်းတွေ တွေဝေနေကြတုန်းပါပဲ။ အကြမ်းဖက်လိုသူ၊ အကြမ်းဖက်မှုကို အားပေးသူ၊ အစွန်းထွက်သူ၊ အစွန်းထွက်မှုကို လိုလားကြသူတွေကလည်း ဘယ်ခေတ်ကာလကမှနဲ့ မတူတဲ့ အုပ်စုတွေဖွဲ့ပြီး ထကြွသောင်းကျန်းမှုတွေ ဖြစ်လာနေကြတယ်။ ပြိုင်ဆိုင်နေကြတယ်။ အနိုင်ပိုင်းကြပြီး ကွပ်မျက်ကြတယ်။ အချင်းချင်း ပဋိပက္ခပြဿနာ ချုပ်ငြိမ်းသွားဖို့ အတော်လေး ကြိုးစားအားထုတ် ရပါဦးမယ်လို့ မြင်ပါတယ်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းဟာ ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းကြမည်လဲ ဆိုတာကို အမျိုးမျိုးကြံစည် စိတ်ကူးထားကြပေမယ့် ဒီနေ့ဒီချိန်မှာ မြန်မာဟာ စစ်ပွဲ၊ လိုငွေပြမှု၊ ပစ်ခတ်ကြမှု ရှိလာနေကြပြီဆိုတာကိုတော့ ကိုယ်တွေ့ သိကြပြီးသားပါပဲ။
တန်ဖိုးကြီးကြီး ပေးဆပ်လာခဲ့ရတဲ့ အရှင်တို့ တိုင်းပြည်ဟာ ငြင်းခုံပြောဆိုမှုတွေ၊ ပဋိပက္ခမှုတွေ ဖြစ်ကောင်းတဲ့အချိန် မရှိသင့်တော့ပါဘူး။ အရှင်တို့အားလုံး ယုံကြည်ထားကြတဲ့ နိုင်ငံရေးအတွက် မျှော်မှန်းချက်ကို မကောင်းသော ကြံစည်မှုစကားနဲ့ တဖျစ်ဖျစ် တတောက်တောက် ပြောဆိုနေကြမယ့်အစား ရိုးစင်းဖြောင့်မတ်တဲ့ စကားတွေဆိုကြပြီး ရိုးသားဖြူစင်ခဲ့ကြတဲ့ မာန်မာနကင်းကြတဲ့ လူမျိုးအဖြစ် ပြန်လည်သင့်မြတ်သင့်ပါပြီ မဟုတ်လား။ လူတိုင်းလိုလို စိုးရိမ်ပူပန်မှုကို မလိုလားမနှစ်သက်ကြပါဘူး။ ပျော်ရွှင်ခြင်းကင်းမဲ့တဲ့ ကြေကွဲစရာ သက်သက်ကိုလည်း မမြတ်နိုးကြပါဘူး။ မေတ္တာတရားနဲ့ တမ်းတမ်းတတ ကြည့်ရှုပေါင်းစည်းထားကြတဲ့ မြန်မာပြည်ဖြစ်ဖို့ လိုအပ်နေပါပြီ မဟုတ်လား။
အရာခပ်သိမ်းဆိုးရွားလာ
ရှေးခေတ်ကာလက ကမ္ဘာကြီးအပေါ် ဩဇာအာဏာလွှမ်းမိုးလိုတဲ့ နိုင်ငံတွေက နိုင်ငံရေးစနစ်တစ်ခုဖန်တီးကြပြီး လုပ်နေကြတယ်။
ထွေထွေထူးထူးမတွေးဘဲ ငြိမ်းချမ်းရေးရရှိတဲ့ ကာလတွေကိုပဲ ကြည့်လိုက်ပါ။ ခေတ္တခဏ စစ်ပြေငြိမ်းခြင်းသာ ဖြစ်တာပါ။ တိုင်းပြည်တစ်ပြည်ဟာ အသက်ပေါင်းများစွာ သေဆုံးမှုနဲ့ စီးပွားရေးတွေ ပြိုကွဲသွားခဲ့ရင် လူဟာ ကိုယ့်ကိုယ်ကိုတောင် ယုံကြည်မှုပြိုပျက်သွားတာပါပဲ။ ဒါကြောင့် မြန်မာပြည်ဟာ စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေဟာ အရင်ကထက်ပိုပြီး အမှောင်ရိပ်ဖုံးလွှမ်းလာနေကြလို့ အနာဂတ်ကာလ မြန်မာပြည်ဟာ အရာခပ်သိမ်း ပိုပြီးတော့ ဆိုးရွား (ဆိုးဝါး) လာဖို့ပဲ ရှိတော့မည်လား ဆိုတာကို တွေးထားမိပါတယ်။ မရှိ (မဖြစ်) ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။
ဆက်ရန်
အဲးခိုး
တို့ဘိုးဘွားအမွေစစ်မို့ (၄) – မဟာပညာ (mahar.asia)
တို့ဘိုးဘွားအမွေစစ်မို့ (၃) – မဟာပညာ (mahar.asia)
တို့ဘိုးဘွားအမွေစစ်မို့ (၂) – မဟာပညာ (mahar.asia)
တို့ဘိုးဘွားအမွေစစ်မို့ (၁) – မဟာပညာ (mahar.asia)