🌿ကမ္ဘာကြီးဟာ ငါတို့လက်ပေါ်မှာ🌿
~~~~~~~~~~~~~~
[ယနေ့မြန်မာလူငယ်တွေအတွက် စကားတစ်ခွန်း]
ဆရာကြီး ဦးရွှေအောင်
တင်ပြသည်။
။ မြန်မာလူငယ်တွေအားလုံးပါ။
ဒီနေ့ခေတ်မှာ ဖုန်းတစ်လုံးရှိရုံလေးနဲ့ ကမ္ဘာကြီးကို လှမ်းကြည့်လို့ရနေပါပြီ။
ဂျပန်မှာ ဘာတွေဖြစ်နေသလဲ။
ကိုရီးယားမှာ ဘယ်လိုပညာသင်ကြသလဲ။ အမေရိကန်၊ ဥရောပ၊ တရုတ်၊ အိန္ဒိယနဲ့ အခြားနိုင်ငံတွေမှာ ဘာတွေတိုးတက်နေသလဲ။ အကုန်နီးပါး လေ့လာလို့ရပါတယ်။
ကမ္ဘာကြီးဟာ ငါတို့လက်ဖျားမှာ ရောက်နေပါပြီ။
။ ဒါပေမယ့်
မြင်သမျှကို လိုက်မလုပ်ပါနဲ့။
လူအများကြိုက်တာနဲ့ မှန်တယ်လို့ မယူဆပါနဲ့။ အသစ်ဖြစ်တာနဲ့ ကောင်းတယ်လို့ မဆုံးဖြတ်ပါနဲ့။ သူများနိုင်ငံမှာ အလုပ်ဖြစ်တဲ့အရာတိုင်း ကိုယ့်နိုင်ငံမှာလည်း အလုပ်ဖြစ်မယ်လို့ မယူဆပါနဲ့။
လေ့လာပါ။
နှိုင်းယှဉ်ပါ။
မေးခွန်းထုတ်ပါ။
ပြီးမှ ကိုယ့်ဉာဏ်နဲ့ ကိုယ် ဆုံးဖြတ်ပါ။
မန်လည်ဆရာတော်ကြီးက
“ပညာပြည့်ဝ နှလုံးလှသော်၊
ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင်၊
ကျဉ်းကျယ်ထွင်းဖောက်၊
ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏။” လို့ ဖွဲ့ဆိုခဲ့ပါတယ်။
ပညာဆိုတာ စာအုပ်ထဲက အချက်အလက်တွေကို သိထားရုံမဟုတ်ပါဘူး။
သိတာကို ခွဲခြားစဉ်းစားတတ်ဖို့၊
မှန်မမှန် စစ်ဆေးတတ်ဖို့၊
သင့်မသင့် ဆင်ခြင်တတ်ဖို့၊
သိထားတာကို အကျိုးရှိအောင် အသုံးချတတ်ဖို့ ဖြစ်ပါတယ်။
။ ဒီနေ့ လူမှုကွန်ရက်ပေါ်မှာ သတင်းတစ်ခုဟာ စက္ကန့်ပိုင်းအတွင်း လူထောင်ပေါင်းများစွာဆီ ရောက်သွားနိုင်ပါတယ်။
ဒါကြောင့် မမျှဝေမီ စဉ်းစားပါ။
ဘယ်သူပြောတာလဲ။
အထောက်အထားရှိလား။
နောက်ခံအကြောင်းအရာက ဘာလဲ။
တကယ်ဟုတ်,မဟုတ် ကိုယ်တိုင်စစ်ကြည့်လို့ရလား။
ဒီလိုစဉ်းစားတတ်တဲ့လူငယ်ဟာ သတင်းအချက်အလက်ကို လက်ခံသူသက်သက် မဟုတ်တော့ပါဘူး။
အသိပညာကို ကိုယ့်ဘဝအတွက် အသုံးချတတ်သူ ဖြစ်လာပါတယ်။
။ ယနေ့မြန်မာလူငယ်တွေဟာ
ကမ္ဘာကြီးကို ကျယ်ကျယ်ပြန့်ပြန့် ကြည့်ပါ။ သူများဆီက လေ့လာပါ။
အသစ်အဆန်းတွေကို မကြောက်ပါနဲ့။
ဒါပေမယ့် မျက်စိမှိတ်ပြီး မလိုက်တုပပါနဲ့။
ကမ္ဘာကြီးကို သိပါ။
ကိုယ့်နိုင်ငံကိုလည်း နားလည်ပါ။
သူများဆီက သင်ယူပါ။
ကိုယ့်ဉာဏ်နဲ့ ကိုယ် စဉ်းစားပါ။
ငါတို့လက်ထဲမှာ ဖုန်းတစ်လုံးပဲ ရှိနေတာ မဟုတ်ပါဘူး။
ကမ္ဘာကြီးတစ်ခုလုံးကို လေ့လာနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။
။ အဲဒီအခွင့်အရေးကို အပျော်သက်သက်မသုံးဘဲ
ပညာရှာဖို့၊
အမြင်ကျယ်ဖို့၊
စဉ်းစားတတ်ဖို့၊
ကိုယ့်ဘဝနဲ့ ကိုယ့်လူ့အဖွဲ့အစည်းအတွက် အကျိုးရှိအောင် အသုံးချဖို့
ကြိုးစားကြမယ်မဟုတ်လား? ။
![]()
