ဓာတ်ပုံ။ Rosatom Southeast Asia Facebook Page
ပညာရေး အဖွဲ့အစည်းနှစ်ခုသည် နျူကလီးယားသိပ္ပံ၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သွားမည်။
စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့အဏုမြူသီတင်းပတ် (World Atomic Week) အပြည်ပြည်ဆိုင်ရာ ဖိုရမ်၏ ဆက်တွဲအစီအစဉ်အဖြစ် Rosatom Technical Academy (ရုရှား) နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့သည် နျူကလီးယားသိပ္ပံ၊ နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ရေးကဏ္ဍများတွင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မှုများ တိုးချဲ့ရန်ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာ (MOU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို Rosatom Technical Academy ၏ အဓိပတိဖြစ်သူ Yuri Seleznev နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်၏ ပါမောက္ခချုပ် ဒေါက်တာလှမိုးထွန်း တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
သဘောတူညီချက်တွင် ပူးပေါင်းပညာရေးအစီအစဉ်များ ရေးဆွဲခြင်း၊ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားရေးပစ္စည်းများ ဖလှယ်ခြင်းအပြင် မျှော်မှန်းချက်ရှိသော နျူကလီးယားစနစ်များဆိုင်ရာ ပူးပေါင်းသုတေသနပြုလုပ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာစီမံကိန်းများတွင် ပါဝင်ခြင်းတို့အတွက် ပြဋ္ဌာန်းထားသည်။
“နျူကလီးယားစွမ်းအင်ကို တည်ထောင်ဖို့ဆိုရင် ဘယ်လိုမှ မလွဲမသွေ လိုအပ်တာက ကျွမ်းကျင်သူတွေပါပဲ။ ဒါ့ကြောင့် နျူကလီးယားပညာရေးကို စနစ်တကျ ထူထောင်ဖို့က အရမ်းအရေးကြီးပါတယ်။ ရုရှားတက္ကသိုလ်တွေမှာ ကျောင်းသားတွေကို လေ့ကျင့်ဖို့ပို့တာနဲ့အတူ ကိုယ်ပိုင် နျူကလီးယားပညာရေး အစီအစဉ်တွေကိုပါ ချမှတ်ဖို့ လိုအပ်ပါတယ်။ ဒီနေ့ လက်မှတ်ရေးထိုးလိုက်တဲ့ သဘောတူညီချက်ဟာ မြန်မာနိုင်ငံအတွက် ကိုယ်ပိုင်ကျွမ်းကျင်သူတွေကို စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်ဖို့ အုတ်မြစ်ချလိုက်တာပါပဲ။ ကျွန်တော်တို့ Rosatom အနေနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်ကို သင်ကြားရေးနည်းစနစ်တွေသာမက နျူကလီးယားစီမံကိန်းကြီးတွေ အကောင်အထည်ဖော်ရာမှာ ရထားတဲ့ လက်တွေ့အတွေ့အကြုံတွေကိုပါ မျှဝေဖို့ အသင့်ရှိပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှုကနေ တဆင့် မြန်မာနိုင်ငံမှာရှိတဲ့ နျူကလီးယားစက်ရုံတွေကို စိတ်ချလုံခြုံပြီး ထိထိရောက်ရောက် လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်ပညာရှင်တွေကို မွေးထုတ်ပေးနိုင်မယ့် ခိုင်မာတဲ့ ပညာရေးစနစ်တစ်ရပ် ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်ရော၊ နိုင်ငံတကာဆက်ဆံရေး ခိုင်မာစေဖို့အတွက်ပါ ကြီးမားတဲ့ အထောက်အကူဖြစ်စေမှာပါ။” ဟု Yuri Seleznev က ပြောကြားခဲ့သည်။
Rosatom သတင်းဌာန၏ ဆောင်းပါးမှဘာသာပြန်ဆိုသည်။ Atom Media | Press releases | Rosatom Technical Academy and Yangon Technological University (Myanmar) sign memorandum of cooperation
အခြားဆက်စပ်သတင်းဆောင်းပါးများ။