Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၃၅)

နိုင်ငံရေးကို ယုံကြည်ချက်ထားမှန်ရင် ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေး လူသားအတွက် တည်ဆောက်ပေးနိုင်ပါတယ်။

ဘယ်ကျင့်စဉ်ရောက်မှ လွတ်မြောက်နိုင်မလဲ

ယနေ့ ကမ္ဘာမှာ နိုင်ငံရေးမျက်နှာစာတွေ အမျိုးမျိုး ပြောင်းလဲလာပါပြီ။ ငြိမ်းချမ်း ရေးနဲ့ လွတ်မြောက်ရေးအတွက် နားလည်လာကြပါပြီ။ ငြိမ်းချမ်းတဲ့ လောကသားဘဝ ရောက်အောင် (ရပိုင်ခွင့်၊ ခံစားပိုင်ခွင့် ရောက်အောင်) လွတ်လပ်ခွင့်၊ မျှတခွင့်၊ ညီမျှခွင့်တွေ ကို စနစ်ကျကျ နေထိုင်စားသောက်နိုင်ကြပြီ။ လွတ်လပ်မှုကို အလိုရှိကြတဲ့ အသိစိတ်ဟာ အကျင့်ကောင်း၊ အကျင့်မြတ်တရား ရရန်(ရဖို့) အခြေခံရပိုင်ခွင့်လို့ ခေါ်နိုင်ပါတယ်။ လူတွေ ဟာ မလေးစားခြင်းကို အလွန် ရွံမုန်းကြပါတယ်။ လေးစားမှုရှိခြင်းကို တန်ဖိုးထားကြတယ်။ လူတွေ တန်ဖိုးထားတဲ့အရာတိုင်းဟာ ဘယ်အရေးမဆို မြင့်မားမှုဖြစ်လာတာပါပဲ။ လူမှုဘဝကို ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေးကျင့်စဉ် မပါရင် ဆင်းရဲခြင်း လွတ်ကင်းနိုင်မှာ မဟုတ်ပါ။ ဆင်းရဲခြင်းကို အလိုရှိခြင်းကြောင့် ဆင်းရဲမှုကင်းခြင်း မရနိုင်ပါ။ ဆင်းရဲခြင်း လွတ်မြောက် သော ဘဝဟာ ဘယ်ကျင့်စဉ်ရောက်မှ လွတ်မြောက်နိုင်မလဲ ဆိုတာ စဉ်းစားမိကြမှာပါ။

အမြတ်ဆုံးစိတ်ဓာတ်နဲ့ လုပ်ကျွေးတဲ့သူ

ဒီနေ့ ယုံကြည်စိတ်တွေ ထားပြီး နိုင်ငံရေးအလုပ်တွေ စုပေါင်းပြီး လုပ်နေကြတယ်။ ပစ္စည်းရဖို့၊ ဥစ္စာတိုးဖို့၊ ရာထူးကြီးဖို့၊ ဂုဏ်သတင်းကျော်ဖို့ မဟုတ်တဲ့ ရည်ရွယ်ချက်ထားတဲ့ နိုင်ငံရေးကို အများအကျိုးတာဝန်ကို ဦးဆောင်လုပ်နေတဲ့သူအဖြစ် သတ်မှတ်နေပြီ ဆိုကြ ပါစို့။ မိမိရဲ့လုပ်ငန်းတာဝန်ဟာ ပြည်သူ့ရေးရာ ဖွံ့ဖြိုးဖူလုံရေးအတွက် လုပ်ခဲ့ရတဲ့အလုပ်ကို လုပ်နေရပြီလို့ မှတ်ပါ။ အလွန် ကံကောင်းခြင်းကြောင့် ပြည်သူ့အကျိုးကို သယ်ဆောင် အားထုတ်ရသူအဖြစ် ဖြစ်ပြီလို့သာ မှတ်ပါ။ မွန်မြတ်တဲ့ စွန့်လွှတ်နစ်နာခံခြင်း အမျိုးမျိုးနဲ့ လုပ်ဆောင်ရတဲ့ ဘဝပါရမီနိုင်ငံရေးကို ကျေနပ်မှုပေါင်းစိတ်တွေ၊ ဝမ်းမြောက်အားရမှုပေါင်း စိတ်တွေ၊ ဖြစ်ခွင့်ကြုံရတဲ့ ဘဝရှိသူလို့ မှတ်ယူထိုက်ပါတယ်။ ယနေ့ ကမ္ဘာ့ဖြစ်စဉ်တွေကို ကြည့်ရင် တင်းမာမှုတွေ၊ တိုက်ခိုက်မှုတွေ၊ မကျေနပ်မှုတွေ၊ သိမ်းပိုက်မှုတွေ အလွန်ခေတ်ထ၊ ခေတ်စားလာတဲ့ကာလမှာ မိမိ ကိုယ်ပိုင်အတတ်ပညာရပ်နဲ့ လူထုအားအလုပ်အကျွေးပြုခွင့် ရခဲ့တာဟာ အမြတ်ဆုံးစိတ်ဓာတ်အစွမ်းတွေ ရခဲ့တယ်လို့ပဲ မှတ်ရမယ်။ ဆင်းရဲချမ်းသာ အများသူငါ အလုပ်အကျွေးခွင့်ကို အမြတ်ဆုံးစိတ်ဓာတ်နဲ့ လုပ်ကျွေးမှုရခဲ့တာကြောင့် လူမှုဘဝ နိုင်ငံရေးလောကအတွက် ကောင်းကျိုးလိုရာဆန္ဒများ အထွတ်အထိပ်သို့ ရောက်သွားပါပြီ။

လိုအင်မှု မပြည့်စုံလို့

သတ္တဝါတွေအကျိုးကို အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားတဲ့သူဟာ အလွန် ရှားပါးပါတယ်။ ယနေ့ ထိပ်တန်းရောက်တဲ့သူတွေကို ကြည့်ပါ။ အရည်အချင်း ပြည့်ဝလို့သာ ထိပ်တန်းရောက်နေကြတာပါ။ ထိပ်တန်းမရောက်ဘဲ သတ္တဝါတွေရဲ့ အကျိုးကို မသယ်ပိုးနိုင် ပါ။ ဘဝများစွာ မသယ်ပိုးနိုင်ပါ။ ဘဝများစွာ၊ သတ္တဝါများစွာ၊ အကျိုးများစွာ အရည်အချင်း အပြည့်အဝနဲ့ ကြိုးစားလုပ်ဆောင် အားထုတ်နိုင်တဲ့သူဟာ ငြိမ်ချမ်းရေးကို ပေးသူ၊ လွတ် မြောက်ရေးကို တည်ဆောက်ပေးတဲ့သူလို့ ဆိုနိုင်ပါတယ်။ ယနေ့ ကမ္ဘာ့လူသား (သတ္တဝါ) တွေဟာ ပြိုင်ဆိုင်မှု၊ မမျှတမှု၊ မိမိကိုယ်စိတ်တွေကို မထိန်းသိမ်းနိုင်မှု ဖြစ်နေကြတာဟာ လိုအပ်ချက်မြားမြောင်မှု ရှိကြလို့ပါ။ လိုအပ်ချက်များ၊ လိုအင်မှုများ မပြည့်စုံလို့ လိုရာအားလုံး မပြီးမြောက်နိုင်ပါ။ ချို့ယွင်းချက်များစွာ ဖြစ်နေရခြင်းအပေါ် သတ္တဝါတွေအမျိုးမျိုး ဖြစ်ပျက် မဆုံး ဖြစ်နေကြရတာပါ။

ဆင်းရဲမှုအားလုံးကို လွတ်ကင်းဖို့

အရှင်တို့ နေထိုင်တဲ့ မြန်မာပြည်ဟာ သီလကင်းမဲ့တဲ့ တိုင်းပြည် မဟုတ်ပါ။ အတ္တဝါဒ အယူရှိကြတဲ့တိုင်းပြည် မဟုတ်ပါ။ အာဏာတန်ခိုးကြီးချင်တဲ့တိုင်းပြည် မဟုတ်ပါ။ သီလ (ကိုယ်ကျင့်) စင်ကြယ်ရေးအဖြစ် တည်ထောင်ထားတဲ့ တိုင်းပြည်ဖြစ်လို့ ငြိမ်းချမ်းသော တိုင်းပြည်ကြီးတစ်ပြည်ပါ။ အကျင့်ကောင်းတရားနဲ့ အခြေခံထားတာကြောင့် အရာရာ ပြည့်စုံ သော တိုင်းပြည်တစ်ပြည်ပါ။ လူသားကောင်းကျိုးပြုအလုပ်ကို စုပေါင်းလုပ်ကိုင်ခွင့် (လုပ် ကိုင်မှု)ကို ရကြတဲ့ မြန်မာပြည်သားတွေဟာ မိမိရဲ့ တိုင်းပြည်ကို အရာခပ်သိမ်း ပြည့်စုံမှု၊ ပြည့်ဝသော တိုင်းပြည်ကြီး၊ အခြံအရံအားလုံးကို မည်သို့ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတာကို ဆင်ခြင်စဉ်းစားကြပါ။ အရှင်တို့ဟာ မစုရုံးနိုင်လို့၊ မစုစည်းနိုင်လို့၊ မပေါင်း ဖက်နိုင်ကြလို့၊ မရိုသေနိုင်ကြလို့၊ မမြတ်နိုးနိုင်ကြလို့၊ မုန်းတီးမှုအာဃာတစိတ်တွေနဲ့ နေထိုင် ကြလို့ မဟုတ်ဘဲ ခပ်သိမ်းသော အရာဝတ္ထု ဟူသမျှ (အားလုံး)ကို လိုလိုလားလား စွန့်လွှတ် လေ့ကျင့်ထားကြတဲ့သူတွေပါ။ လူသားကောင်းမှု၊ လူသားကောင်းကျိုးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့သူဟာ မိမိရဲ့ ရပိုင်ခွင့် အခွင့်အရေးအားလုံးကို စွန့်လွှတ်ရမယ်။ စွန့်လွှတ်ရတဲ့ ဒီလိုဘဝမျိုးကို အားထုတ်ကြိုးစား လုပ်ကိုင်ရမယ်။ ဒီလိုဘဝမျိုး ကြိုးစားအားထုတ်ခွင့် ရကြတာဟာ ဆင်းရဲမှုအားလုံးကို လွတ်ကင်းဖို့ပဲ ဖြစ်ပါတယ်။

ယှဉ်ပြိုင်လို့ အောင်မြင်တဲ့အလုပ်

ဆင်းရဲမှုအမျိုးမျိုးကို သနားခြင်းတရားနဲ့ ဖြည့်ဆည်းပေးရမယ့်အလုပ်ဟာ လူသား အားလုံးတို့နဲ့ သက်ဆိုင်ပါတယ်။ ဆင်းရဲရေးကို အရေးဆိုတဲ့သူတွေကို သနားကြင်နာမှုအရေးနဲ့ အရေးပြိုင်ဆိုင်ရမှာပဲ။ ထိပ်တိုက်ရင်ဆိုင်ရေးမဟုတ်တဲ့ သည်းခံရေးနဲ့ ပြိုင်ဆိုင်ရင် အနိုင်လို့ မဆိုတဲ့အောင်မြင်မှု ရကြမှာပါပဲ။ ယှဉ်ပြိုင်လို့ အနိုင်ရတဲ့ အလုပ်ဟာ နိုင်ငံရေးလောကမှာ မရှိပါဘူး။ ယှဉ်ပြိုင်လို့ အောင်မြင်တဲ့အလုပ်ပဲ ရှိပါတယ်။

မအောင်မြင်စရာ မရှိပါ

ရင်ဆိုင်ယှဉ်ပြိုင်ခြင်းလို့ ဆိုရပေမယ့် လူသားကောင်းမှု၊ လူသားကောင်းကျိုးလုပ်ငန်း အတွက်နဲ့ ရင်ဆိုင်ယှဉ်ပြိုင်ရတဲ့အလုပ်ဟာ ဂုဏ်ပြုချီးမွမ်းစရာ အလုပ်ပါ။ ရန်ပွဲအလုပ်မဟုတ် ပါ။ တိုက်ခိုက်ဆန့်ကျင်တဲ့ပွဲ မဟုတ်ပါ။ ကောင်းမြတ်သော အကျိုးတူ ပူးပေါင်းလုပ်ဆောင်တဲ့ အလုပ်ကို အရည်အချင်းပါပါနဲ့ ရွေးကောက်မှုပြု ခံယူလိုတာကြောင့် ဒီလူမှုဘဝနိုင်ငံရေး လမ်းစဉ်ကို ရွေးယူပြီး လူသားကောင်းကျိုးလိုရာဆန္ဒတစ်ခုတည်းမှ အခြားဘာမှ မရည်ရွယ်ပါ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာပြည်နိုင်ငံရေးကို ပြုစုပျိုးထောင်လုပ်ကြမယ်ဆိုရင် မအောင်မြင် စရာ မရှိပါ။

လူမှုဘဝနိုင်ငံရေးသာ အဓိက

လူသားအချင်းချင်းကို ဒုက္ခပေးမယ့် အရေးဟာ နိုင်ငံရေး မဟုတ်ပါ။ နိုင်ငံရေးဟာ ဒုက္ခပ္ပားခြင်း၊ ရန်တိုက်ခြင်း၊ အမုန်းစွက်ခြင်း၊ ကျွန်ပြုခြင်း၊ မငြိမ်းချမ်းခြင်း၊ မလွတ်မြောက် ခြင်း မဟုတ်ပါ။ ကြမ်းတမ်းမှု ဟူသမျှဟာ နိုင်ငံရေးမဟုတ်။ ငြိမ်းချမ်းရေးနဲ့ လွတ်မြောက် ရေးသာ နိုင်ငံရေးလို့ ဆိုနိုင်ပါတယ်။ နိုင်ငံရေးမှန်ရင် “လူမှုဘဝနိုင်ငံရေးသာ အဓိကနိုင်ငံရေး ဖြစ်ပါတယ်။ “လူသားကောင်းမှု လူသားကောင်းကျိုး” နိုင်ငံရေးဟာ ဒုက္ခပွားရေး၊ ရန်တိုက်ရေး၊ အမုန်းစွက်ရေး၊ ကျွန်ပြုရေး၊ မငြိမ်းချမ်းရေး၊ မလွတ်မြောက်ရေးကို ဘယ်တော့မှ မပြုပါ။ လူသားကောင်းမှု၊ လူသားကောင်းကျိုးနိုင်ငံရေးဟာ ကိုယ်ကျိုးအားလုံး စွန့်လွှတ်ရမှ ရနိုင်တယ်။ ပညာဦးစီးမှ အောင်မြင်တယ်။ ဉာဏ်ဦးစီးမှ သိတယ်။ အမှားပယ်ဖျောက်မှ နားလည်တယ်။ အသိအမြင်မမှန်တဲ့သူဟာ “လူမှုဘဝနိုင်ငံရေး ကို သိမြင်မှာ မဟုတ်ပါ။ မှားတဲ့ ဆုံးဖြတ်ချက်ဟာ လူသားတွေအတွက် အန္တရာယ်များပါတယ်။ အန္တရာယ်များတဲ့ နိုင်ငံရေးဟာ လူသားကောင်းမှု လူသားကောင်းကျိုး” နိုင်ငံရေး မဟုတ်။

ရှေးခေတ် မြန်မာ့အမျိုးသားကောင်းတွေရဲ့ ပုံရိပ်

မြန်မာပြည်နိုင်ငံရေးသမိုင်းစာမျက်နှာဟာ နောင်တမရစရာ၊ သံဝေဂ မမှတ်နိုင်စရာ မရှိပါ။ ခက်ခဲတဲ့လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးကို စုပေါင်းလုပ်ဆောင်နိုင်ကြပြီးမှ အာဃာတ အမုန်းအပွားတရားတွေ ထားကြပြီး ကလဲ့စားချေမှု၊ ဒေါသမူ စိတ်ပွားများမှ များပြားခြင်း ကြောင့် အမျိုးသားကောင်းမှု အမျိုးသားကောင်းကျိုးတရားတွေ မမြင်ကြတော့ဘဲ အကျိုးမဲ့တဲ့ ပြုမူချက်တွေဟာ မြင်ကွင်းအလယ်မှာ အထင်အရှား တွေ့မြင်ခဲ့ကြရပြီ။ ဒီမြင်ကွင်းကျယ်ဟာ ယနေ့ တိုင်းပြည်အကျိုးကို ရွက်ဆောင်အားထုတ်ကြတဲ့ အမျိုးကောင်းသားများဟာ နောင်တ မှတ်တိုင်ထားကြရမယ်။ ဘဝမှတ်တိုင်ပြုထားရမယ်။ အမျိုးချစ်လို့ တိုင်းပြည်ချစ်လို့ လွတ်လပ် ရေး၊ ငြိမ်းချမ်းရေးတွေကို ရယူပိုင်ဆိုင်မှ ရောက်အောင် အသက်ပေး စွန့်လွှတ်အနစ်နာခံတဲ့ ရှေးခေတ် မြန်မာ့အမျိုးသားကောင်းတွေရဲ့ ပုံရိပ်ကို ကြည့်ရင် ကြည်လင်အေးမြသန့်စင်တဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို မြင်ရတိုင်း သတိတရ လွမ်းဆွတ်လို့ မဆုံးပါပဲ။

လွတ်လပ်ရေးအတွက် သမိုင်းဝင်စကား

ဒီနေရာမှာ အလျဉ်းသင့်၍ ပြည်သူ့လွတ်လပ်ရေးအတွက် သမိုင်းဝင်စကား အချို့ကို ထည့်သွင်းရွတ်ဆိုခဲ့ပါမယ်။ (တင်ပြပါတယ်)
“ငါတို့သည် တိုင်းရင်းသားတို့၏ ဘိုးဘွားပိုင်ပစ္စည်း ဖြစ်သော မြန်မာပြည်ကြီးကို ပြန်ပိုင်ရေးနှင့် မြန်မာတိုင်းရင်းသားတိုင်း မိမိ ကောင်းကျိုး၊ ဆိုးကျိုးကို မိမိတို့ဘာသာ ဖန်တီးနိုင်ခွင့်ရရှိရေးတို့အတွက် ကျောင်းသားခေါင်းဆောင်များ၊ သခင်များ၊ ကျောင်းဆရာ များ၊ မျိုးချစ်ပုဂ္ဂိုလ်များထံမှ လက်ရွေးစင်များကို ရွေးချယ်၍ ၁၉၃၉ ခုနှစ်ကပင် စတင်၍ လျှို့ဝှက်ရေးပါတီတစ်ခုဖြင့် တည်ထောင်ခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့စနစ်ကိုလည်း ငါတို့ တော်လှန်ခဲ့သည်။ ဖက်ဆစ်ဂျပန်များ မြန်မာပြည်တွင် အခြေစိုက် အမြစ်မတွယ်အောင် လျှို့ဝှက်ရေးလုပ်ငန်းများဖြင့် ငါတို့ပင် တိုက်ခဲ့ကြသည်”

“(ငါတို့သည်) အခြေအနေပြောင်းလဲသည့်အလျောက် ငါတို့၏နည်းနှင့် ပရိယာယ်ကို အပြန်အလှန် အကျိုးနှင့်အကြောင်း ဝေဖန်သောနည်းအရ ထိုးထွင်းဖန်တီးရမည်။ လျှို့ဝှက် လုပ်ကြံရေး၊ လက်နက်ကိုင်အန်တုရေး၊ အကြမ်းပုန်ကန်ရေးတို့ကို လုံးဝ စွန့်ပစ်ရမည်”
“ငြိမ်းချမ်းရေးကို ရှာနေသော ကမ္ဘာကြီးတွင် အကြမ်းမဖက်သော နိုင်ငံရေးများဖြင့် ငါတို့၏ လွတ်လပ်ရေးကို ရှာကြံရမည်။ လူထုအာဏာလွှမ်းမိုးသော ကမ္ဘာကြီးတွင် လူထု တိုက်ပွဲဖြင့် အောင်ပွဲယူကြရမည်’’

၁။ ထာဝစဉ်ငြိမ်းချမ်းရေး။ ။ မြန်မာပြည်နှင့်တကွ ကမ္ဘာကြီးမှ အဓမ္မစနစ် နိုင်ရာစား ဝါဒကြီး ကွယ်ပျောက်၍ သာတူညီမျှ ကမ္ဘာ့ဒီမိုကရေစီညွန့်ပေါင်း အိမ်ထောင်စုကြီး တည်ထောင်ရေး။
၂။ တိုင်းပြည်လွတ်လပ်ရေး။ ။ မြန်မာပြည်သည် မြန်မာတိုင်းရင်းသားတို့၏ ဘိုးဘွားပိုင်ပစ္စည်း ဖြစ်သည့်အတိုင်း မြန်မာတိုင်းရင်းသားများ ပြန်ပိုင်ရေး။
၃။ လူမျိုးလွတ်လပ်ရေး။ ။ မြန်မာတိုင်းရင်းသားတို့၏ ကောင်းကျိုး၊ ဆိုးကျိုးကို မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်ခွင့် ရရှိရေး။
၄။ ပြည်သူ့လွတ်လပ်ရေး။ ။ ပြည်သူတိုင်း ရသင့်ရထိုက်သော ပြည်သူ့အင်အား ရရှိ၍ အခွင့်အရေး ကျပ်ပြည့်တင်းပြည့် ခံစားခွင့်ရရှိရေး” (ရည်ရွယ်ချက် – ၄ မျိုး)

 “ငါတို့သည် အပြန်အလှန် အကျိုးနှင့် အကြောင်း ဝေဖန်သောနည်းအရ အချိန် အခါနှင့် ဒေသအလျောက် နည်းနှင့်ပရိယာယ်ကို ထိုးထွင်းဖန်တီးမည့် ထိုးထွင်းဖန်တီးသမား ဖြစ်ကြသည်။ ငါတို့ ပါတီဝင်များ၏ လက်သုံးစကားများမှာ “ငါမှန်လျှင် လိုက်လော့၊ ငါ မှားလျှင် ပြင်လော့” ဆိုသော စကားပင် ဖြစ်သည်။ ဤစကားကို ငါတို့ ကျင့်သုံးမည်ဖြစ်၍ ငါတို့အား စေတနာဖြင့် ဝေဖန်ခြင်း၊ ပြင်ဆင်ခြင်းကို ငါတို့သည် အမြဲ လက်ခံမည်”

“ငါတို့ကား အသက်နှင့် စည်းစိမ်ကို စွန့်လှူ၍ တို့တိုင်းပြည်အား ပူဇော်ခံသူများ ဖြစ်သည်။ နယ်ချဲ့စနစ် ညှဉ်းပန်းမှု၊ ဖက်ဆစ်ဓားပြတို့၏ ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် နပန်းလုံးခဲ့သူများ ဖြစ်သည်။ တိုင်းပြည် လွတ်လပ်ရေးတို့အတွက် ငါတို့၏ အသက်ပေါင်း များစွာ ကျဆုံးခဲ့၏။ သို့သော် ငါတို့ကား မတုန်လှုပ်၊ လျှို့ဝှက်စွာ လုပ်ကိုင်ရမည့်အချိန်တွင် လျှို့ဝှက်ရေးပါတီအဖြစ် ဘယ်လောက်ကြီးလေးသော ဘေးအန္တရာယ်ဖြစ်စေ ငါတို့ မတွန့် မဆုတ်ခဲ့လေပြီ။ ငါတို့သည် မိမိတို့အလုပ်နှင့်ပတ်သက်၍ တစ်ဆိတ်ကို တစ်အိတ်လုပ်သူများ မဟုတ်။ ငါတို့၏ စေတနာ၊ ငါတို့၏ သဘောထားကို အလုပ်ဖြင့် ပြဖို့သာဖြစ်သည်”

“ထို့ကြောင့် မြန်မာပြည်အနှံ့အပြား ဖွဲ့စည်းပြီး ရှိနေကြသော ငါတို့၏ ပါတီဝင် များကို အတိအလင်းလုပ်ငန်းများဖြင့် ပြည်သူတို့အကျိုးကို မားမားမတ်မတ် ရှေ့ဆောင်၍ တိုးတက်ရေးအစဉ်အတိုင်း ချီတက်ကြရန် ငါတို့ ဆင့်ဆိုသည်။ အယူသီးမှုကို စွန့်ပယ်၍(-)ဝါဒကို ကာလဒေသနှင့် လျော်ညီအောင် ထိုးထွင်းဖန်တီးလိုသော လက်ဝဲ ဂိုဏ်းသားများအား ငါတို့ ဖိတ်ခေါ်သည်။ ငြိမ်းချမ်းရေးလိုလားသူ၊ ကိုယ့်တိုင်းပြည်ကို ပြန်လိုသူ၊ မိမိတို့ ကောင်းကျိုး၊ ဆိုးကျိုးကို မိမိတို့ကိုယ်တိုင် ဖန်တီးလိုသူ၊ တိုင်းရင်းသားမျိုးချစ်မှန်သမျှကို ငါတို့ ဖိတ်ခေါ်သည်။ငါတို့နှင့် စုရုံးကြလော့။ ငါတို့သည် တိုးတက်ရေးအစဉ်အတိုင်း ထိုးထွင်းဖန်တီး၍ ချီတက်ကြကုန်အံ့”

(၄င်းတို့၏ မူဝါဒ) အတိတ်ကာလများက မြန်မာအမျိုးသားကောင်းများ ဆောင်ရွက်

လုပ်ကိုင်လာခဲ့တဲ့  –
–  ထာဝစဉ်ငြိမ်းချမ်းရေး၊
– တိုင်းပြည်လွတ်လပ်ရေး၊
– လူမျိုးလွတ်လပ်ရေး၊
– ပြည်သူ့လွတ်လပ်ရေး အားထုတ်ကြိုးပမ်းမှု ဆောင်ရွက်လုပ်ကိုင်ထားခဲ့တဲ့ ပြည်သူ့ ကောင်းမှု၊ ပြည်သူ့အကျိုးနှင့် “လူသားကောင်းမှု၊ လူသားကောင်းကျိုး” နိုင်ငံရေးကို မည်မျှ ကြိုးပမ်းအားထုတ်ခဲ့ရသလဲ ဆိုတာ သိမြင်နိုင်လောက်ပါပြီ။
“အပြစ်မရှိသူ အပြစ်မခံရ၊ အခွင့်အရေး မရသော အုပ်ချုပ်ရေး မဖြစ်စေရ။ ထောင်(အကျဉ်း)များမှာ လောကငရဲ မဖြစ်စေရ။ မိုက်မဲနေသူများကို အသိဉာဏ် အလင်း ရောင် ပေးရာ ဖြစ်စေရမည်” ဆိုတဲ့ မြန်မာပြည် နိုင်ငံရေးအမျိုးသားကောင်းတို့ရဲ့ ရည်ရွယ် ချက် ကျင့်စဉ် နည်းလမ်းကောင်းကို အစဉ်ထာဝရလေးစား တန်ဖိုးထားရမှာ ဖြစ်ပါတယ်။
နိုင်ငံရေးဟာ ဒုက္ခပွားခြင်း၊ ရန်တိုက်ခြင်း၊ အမုန်းစွက်ခြင်း၊ ကျွန်ပြုခြင်း၊ မငြိမ်းချမ်းခြင်း၊ မလွတ်မြောက်ခြင်း မဟုတ်ပါ။ ကြမ်းတမ်းမှု ဟူသမျှဟာ နိုင်ငံရေး မဟုတ်ပါ။ ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေးသာ နိုင်ငံရေးလို့ ဆိုနိုင်ပါတယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၇၈-၂၈၃၊ အဝိဟိံသာနိုင်ငံရေး (၃၅)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version