Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၃၃)

ခွဲခြားဆက်ဆံရေးဟာ ခေတ်နောက်ကျတဲ့ အပြုအမူပါပဲ၊ ယနေ့ နိုင်ငံရေးကမ္ဘာ (ကမ္ဘာ့နိုင်ငံရေး) ကို လေ့လာကြည့်ရင် အားရစရာ ဘာတစ်ခုမှ မတွေ့ရပါ။ အသက်နဲ့ထပ်တူ စောင့်ထိန်းတဲ့ နိုင်ငံရေး မတွေ့မမြင်ရလို့ပါ။ ဖျတ်လတ်တဲ့ စိတ်တွေ ထားကြပေမယ့် သူတော်ကောင်း စိတ်တွေမပါဘဲ တစ်ယောက်နဲ့ တစ်ယောက် (တစ်ဖွဲ့နဲ့ တစ်ဖွဲ့)ချေမှုန်းနေကြ တာကို တွေ့ရတယ်။ ဒီပြုမူမှုဟာ နိုင်ငံရေးကောင်းစားဖို့မဟုတ်ပါ။ ကမ္ဘာ့ပြည်သူတွေဟာ အရာခပ်သိမ်းကို မပိုင်စိုးရပေမယ့် ငြိမ်းချမ်းရေးကိုတော့ ပိုင်စိုးလိုကြတာ အမှန်ပါပဲ။ ကိုယ်၊ စိတ်မငြိမ်းချမ်းရတဲ့လောကနဲ့ နေထိုင်ကြရတဲ့ လူသားတွေကို တစ်ခုအနေနဲ့ လုပ်ပေး လိုတဲ့ ဆန္ဒရှိကြမယ်ဆိုရင် အကြမ်းမဖက်တဲ့ နိုင်ငံရေးအတွက် လုပ်ပေးရမယ်။ (လုပ်ပေးပါ)။

အစဉ်တစိုက် လိုက်ဖို့

လူအချင်းချင်း အနိုင်ကျင့်ကြတာဟာ အသရေတိုးတဲ့အလုပ် မဟုတ်ပါ။ ဆင်းရဲ၊ ချမ်းသာချင်း ခံစားရခြင်းအတူတူ အချို့ တိုင်းပြည်ဟာ ငြိမ်းချမ်းသာယာပြီး အချို့ တိုင်းပြည် တွေက ပူပန်ခဲ့ရတာ မျိုးဖြစ်ရင် မျှဝေခံစားကြဖို့ မမေ့သင့်ပါ။ လက်တွဲဖို့ မမေ့သင့်ပါ။ ကူညီထောက်ပံ့ကြဖို့ မမေ့သင့်ပါ။ လူချင်းခွဲခြား၊ တိုင်းပြည်ခွဲခြားမှု ပြုကြတာကြောင့် လူသားများ အတိဒုက္ခရောက်ကြရတာပါ။ လူသားအချင်းချင်း ဖြစ်ပါလျက်နဲ့ အဆင့်အတန်း ခွဲခြားဆက်ဆံကြတာဟာ လူသားမေတ္တာ၊ လူသားပညာ၊ လူသားတရား မဟုတ်ပါ။ တော်တဲ့ သူက တော်သလို ခေါင်းဆောင်ပါ။ ရိုးသားပါ။ နောက်လိုက်သူက အစဉ်တစိုက် လိုက်ဖို့ပါ။

ငြိမ်းအေးချမ်းသာ ကမ္ဘာကြီး

ယနေ့ လူသားတွေဟာ အခြားသော သတ္တဝါတွေထက် ပို၍ ဒုက္ခများကြတယ်။ ဒုက္ခမများတဲ့ ကမ္ဘာ့လူသားတွေ ဘာဖြစ်လို့ မတည်ဆောက်နိုင်ကြပါသလဲ။ ဒုက္ခမရှိတဲ့ ကမ္ဘာဖြစ်အောင် စုပေါင်းတည်ဆောက်ကြရမယ်။ ဒီကမ္ဘာကို သုခကမ္ဘာ မဖြစ်လို့ မရပါ။ သုခကမ္ဘာမဖြစ်ရင် လူသားတွေ ထာဝရဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရမယ်။ တစ်သက်လုံး ဒုက္ခခံစားနေရတဲ့နေရာ မဟုတ်တဲ့ ဒီကမ္ဘာကို ချမ်းသာသော လူ့ဘုံအဖြစ် ဖန်တီးရမယ်။ ရန်မဲ့လောကဖြစ်အောင် တည်ထောင်ရမယ်။ လူသားတိုင်း ဒုက္ခကင်းမဲ့ရမယ်။ ငြိမ်းအေး ချမ်းသာ ကမ္ဘာကြီး ဖြစ်ရမယ်။

သခင်မဲ့တဲ့ တိုင်းပြည်

အရှင်တို့တိုင်းပြည်ဟာ ငြိမ်းချမ်းသာယာတဲ့ ပြည်မြန်မာ မဟုတ်သေးပါ။ မငြိမ်းချမ်း မသာယာတဲ့ တိုင်းပြည်ဟာ သခင်မဲ့တဲ့ တိုင်းပြည်နဲ့ တူပါတယ်။ သခင်မဲ့တဲ့ တိုင်းပြည်ဟာ ဒီမိုကရေစီမဲ့ပါတယ်။ ဒီမိုကရေစီဟာ သခင်အဖြစ်နဲ့ တည်ထောင်ပေးနိုင်တဲ့ နိုင်ငံရေးလမ်းစဉ် မှန်ရင် ဒီမိုကရေစီတိုင်းပြည်တိုင်း ထာဝရငြိမ်းချမ်းရေးရှိရမှာပဲ။ ငြိမ်းချမ်းရေးမရှိတဲ့ ဒီမို ကရေစီဟာ အင်အားဘယ်လိုပဲ စုစု၊ ပြည်ထောင်စုစနစ် ဘယ်လိုပဲပြိုပြို၊ ညီညွတ်ရေး ဘယ်လိုပဲထားထား လူသားအားလုံး လက်ခံကျင့်သုံးနိုင်တဲ့ မူဝါဒ မဟုတ်ရင် မပြိုကွဲစရာ၊ တည်တံ့စရာ၊ ခိုင်မြဲစရာ မရှိပါဘူး။

အတ္တများပြားခဲ့ကြတာကြောင့်

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးစကား ဘယ်လိုပဲပြောပြော၊ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးဆိုတဲ့စကား ဘယ်လိုပဲဆိုဆို လူတိုင်းအားလုံး လိုလားကြတဲ့ ပြည်သူ့ဘဝ နိုင်ငံရေး၊ သို့မဟုတ် လူမှုဘဝနိုင်ငံရေးမဟုတ်ရင် မြန်မာပြည် နိုင်ငံရေးဟာ အထွတ်အထိပ် မရောက်နိုင်ပါ။ မြန်မာပြည်နိုင်ငံရေးကို လေ့လာကြည့်ရင် “အာဏာဖီဆန်ရေးလမ်းစဉ်”၊ “ပုဂ္ဂိုလ်မုန်းတီးရေးလမ်းစဉ်” အလွန်အတ္တများပြားခဲ့တာကြောင့် ဒီမိုကရေစီနိုင်ငံရေး ကျွံနစ် ခဲ့ရတယ်။ ယခင်က တိုင်းရင်းသားလူမျိုးစုများနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဆောင်ရွက်လိုတဲ့သူတွေရဲ့ အဆိုစကားကြောင့်လည်း တိုင်းပြည်သားကောင်း (သမီး ကောင်း) ရတနာတွေ ပညာရေးဆုံးပါးခဲ့ရတာ များလှတယ်။ မြန်မာပြည်နိုင်ငံရေးဟာ အပြစ်ဖို့ချင်ကြတဲ့သူတွေ များတယ်။ တရားခံထားချင် ကြတဲ့သူတွေ များတယ်။ အမှားတွေ များပြီး အမှားကို အပြစ်လိုမမြင်တာ မသင့်ပါဘူး။ ပေါ့ဆတဲ့ နိုင်ငံရေးကို မွေးထုတ်တာဟာ အပြစ်ကို မွေးဖွားပေးတာနဲ့ တူပါတယ်။ နိုင်ငံရေး ဆိုတာ ကြည်လင်ရမယ်။ သန့်ရှင်းရမယ်။ လေ့လာသူတိုင်း ဖောက်ထွင်းမြင်နိုင်ရမယ်။ လျှို့ဝှက်မထားရ၊ လူသိမခံရဲတာ မရှိရ၊ စစ်ဆေးခံနိုင်ရမယ်။ အချိန်တိုင်း လာကြည့်နိုင်တယ်။ မယုံကြည်သူများ သံသယကင်းစေရမယ်။ မှန်ကန်ရမယ်။ တာဝန်ယူနိုင်ရမယ်။ လိမ်လည်မှု ရှင်းရမယ်။ ပွင့်လင်းရမယ်။

အတုအယောင်ကို ကျင့်ဝတ်နဲ့ စောင့်ကြည့်

နိုင်ငံရေးနယ်ပယ်မှာ ပြုတ်မထူး လုပ်မထူးတဲ့သူတွေ၊ ညံ့ဖျင်းအမိုက်တဲ့သူတွေ၊ အလုပ်နဲ့ အထုပ်ယူတဲ့သူတွေ မပါဖို့ လိုတယ်။ နိုင်ငံရေးဆိုတာ လုံခြုံရေးတစ်မျိုးတည်း မဟုတ်တာကြောင့် ပွင့်လင်းမြင်သာမှုမရှိတဲ့ နိုင်ငံရေးဟာ ရည်ရွယ်ချက် အရှုံးသက်သက် ချည်းပဲ အဖြေထွက်တယ်။ နိုင်ငံရေးမှာ ဆုံးရှုံးမှုများရင် အဘက်ဘက် အကျင့်ပျက်ကြမယ်။ အကျင့်ပျက်များရင် တာဝန်မဲ့မှုတွေ များမယ်။ တာဝန်မဲ့မှုတွေကြောင့် ဖုံးဖိမှုတွေ များတယ်။ တာဝန်ရှိသူတစ်ယောက် တာဝန်မဲ့မှုလုပ်ရင် တိုင်းပြည်ပျက်အောင် လုပ်တာနဲ့ အတူတူပါပဲ။ အကျင့်စာရိတ္တ မဖွံ့ဖြိုးတဲ့လုပ်ရပ်ဟာ တာဝန်မဲ့တဲ့သူတွေရဲ့ လုပ်ရပ်တွေပါ။ ကျင့်ဝတ်မစောင့် ထိန်းတဲ့ နိုင်ငံရေးဟာ ဘယ်စီမံကိန်းမျိုးမှ မအောင်မြင်နိုင်ပါဘူး။ မကောင်းမှုဟာ မပေါ်စရာ အကြောင်းမရှိပါ။ အရှက်မရစရာ မရှိပါ။ အားကျတဲ့အလုပ်ဟာ အားရစရာ မရှိသလို အားမကျတဲ့အလုပ်ကို လူတိုင်း စစ်စစ်ပေါက်ပေါက် ကြည့်ကြမှာ သေချာတယ်။ အများနဲ့ သက်ဆိုင်တဲ့နိုင်ငံရေးဟာ မျက်လုံးတစ်လုံးလေးနဲ့ ကြည့်နေကြတာ မဟုတ်ပါ။ အတုအယောင် ကို ကျင့်ဝတ်နဲ့ စောင့်ကြည့်နေကြတယ် ဆိုတာကို နားလည်ရမယ်။

ဥပေက္ခာပြုထား

နိုင်ငံရေးဆိုတာ အကောင်းဘက်၊ အဆိုးဘက်နှစ်မျိုးစလုံး ဒွန်တွဲဦးတည်မှု ရှိရမယ်။ အကောင်းသက်သက် ဦးတည်တဲ့ နိုင်ငံရေးမရှိပါ။ မျှော်လင့်ချက်က အကောင်းဘက်ချည်းပါ။ အကောင်းဘက်ချည်း ဖြစ် မဖြစ် ဆိုတာ ပြည်သူက ဆုံးဖြတ်ပေးမှာပါ။ ပြောင်းသူက ကျင့်ဝတ်ကောင်းရင် ပြောင်းလဲခြင်း (ပြောင်းလဲမှု) အကောင်းလို့ မှတ်ယူနိုင်ပါတယ်။ ပြောင်းလဲမှုဆိုင်ရာ ပြောင်းလဲရေးဟာ တိုက်ဖျက်ရေးအမျိုးမျိုး ပါရင် နိုင်ငံရေးသဘောတရား “ The good အရ မအောင်မြင်ပါ။ နိုင်ငံရေး၊ နိုင်ငံမူပြောင်းလဲရေးဟာ တိုက်ဖျက်ရေးမဟုတ်။ ဖွံ့ဖြိုးရေး၊ တိုးတက်ရေးပါ။ နိုင်ငံရေးတည်ဆောက်နိုင်ရေးအတွက် ဖွံ့ဖြိုးရေး၊ တိုးတက်ရေးမလုပ်ဘဲ corrupts-‘ အကျင့်ပျက်သူကို ဖော်ထုတ်ရေးလုပ်ရင် နိုင်ငံရေးတည်ဆောက်ရေးမှာ ဆုံးရှုံးတယ်။ အကျင့် မလုံခြုံခြင်း၊ အကျင့်ပျက်ယိုယွင်းခြင်း၊ အကျင့်တရား ပျက်ယွင်းခြင်းတွေဟာ တစ်ကမ္ဘာလုံး က လူသားတွေပါ။ တစ်ကမ္ဘာလုံးရဲ့ ပြဿနာပါ။ ဒီပြဿနာဟာ ဗျူဟာကျတဲ့ ပြဿနာမို့ ပြောင်းလဲမှုဆိုင်ရာ ပြောင်းလဲရေးနဲ့ ဥပေက္ခာပြုထားရမယ်။ (တစိမ့်စိမ့် ဒေါက်ထောက် ကြည့်နေခြင်းကို ဆိုသည်။)

ရှောင်အပ်ရာ

လူတွေဟာ နိုင်ငံရေးတည်ဆောက်တဲ့ သတ္တဝါတွေ ဖြစ်တာကြောင့် အခွင့်အရေး သမား မဟုတ်။ မတရားသူ မဟုတ်။ သူခိုးကြီးလည်း စွပ်စွဲခံရမှာပဲ။ ဓားပြကြီးလည်း စွပ်စွဲခံရမှာပဲ။ စိတ်ဓာတ်ရေးရာ မြင့်မြတ်နေရင်းက အဓိက ဖြစ်တယ်။ ပဓာန၊ အပဓာန မခွဲခြားတတ်ရင် ပြောင်းလဲမှုဆိုင်ရာ ပြောင်းလဲရေးကို မအောင်မြင်ပါ။ လုပ်ပိုင်ခွင့်အခွင့်အရေး ရသူဟာ မတရားတဲ့နည်းနဲ့ ခေါင်းမဆောင်ရပါ။ အဓမ္မ မပြုကျင့်ရပါ။ ပစ္စည်းဓန ဆိုတာ ချမ်းသာသူ၊ ဆင်းရဲသူတွေရဲ့ ပစ္စည်းဖြစ်တာကြောင့် တရားသဖြင့် ပေးခြင်း၊ ယူခြင်းသာ အဓိကကျပါတယ်။ မတရားသဖြင့် ပစ္စည်း(လာဘ်လာဘ) ပေးခြင်း၊ ယူခြင်းဟာ ရှက်တတ် သူများ မလုပ်ပါ။ စည်းကမ်းရှိသူ မလုပ်ပါ။ မချိုးဖောက်သူ၊ မကျိုးပေါက်သူ မလုပ်ပါ။ မတရားမှုပြုခြင်း၊ တရားသဖြင့် ပေးခြင်း၊ ယူခြင်းဟာ အရှက်ရခြင်း၊ ဖြစ်ခြင်းဖြစ်တာကြောင့် ကျင့်ဝတ်ကောင်းသူများ မမှီဝဲပါ။ မလုပ်ပါ။ ဝေးစွာ ရှောင်အပ်ရာ ဖြစ်ပါတယ်။

ဖိနှိပ်ရေးဘက် ဦးတည်မသွားဖို့

ယနေ့နိုင်ငံရေးခေတ်ရေစီးဟာ သမ္မတဦးဆောင်တဲ့အစိုးရ ဆိုတာ ၁၈ ရာစု နှောင်းပိုင်းကာလက ပေါ်လာတဲ့အစိုးရပါ။ ဒီအစိုးရဟာ ကိုယ်ပိုင်အုပ်ချုပ်တဲ့ အာဏာကြီး သုံးရပ်ကို (ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး)(Separation of Powar) သီးခြား ထားခြင်းစနစ်(မူဝါဒ)နဲ့ ကျင့်သုံးတဲ့အစိုးရပါ။

(၁) သမ္မတသည် အုပ်ချုပ်ရေးအာဏာကိုသာ ကျင့်သုံးရမည်။
(၂) ဥပဒေပြုရေးအာဏာကို လွှတ်တော်က ကျင့်သုံးရမည်။
(၃) တရားစီရင်ရေးအာဏာကို အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ နှစ်ရပ် စလုံးမှ ကင်းလွတ်ပြီး သီးခြားထားရှိသော မဏ္ဍိုင်အဖြစ် ကျင့်သုံးသည်လို့ ဖွင့်ဆိုထားပါ တယ်။ သမ္မတအုပ်ချုပ်တဲ့ မြန်မာပြည်အစိုးရ(အစိုးရသစ်)ကို ကြည့်ရင် အာဏာသီးခြားစီ ထားရှိသည့်စနစ် ရှိ၊ မရှိ လေ့လာရမယ်။ ဥပဒေပြုရေးအာဏာနဲ့ အုပ်ချုပ်ရေးအာဏာ နှစ်မျိုးဟာ ပူးတွဲအတူထားတဲ့ အချို့ဒီမိုကရေစီနိုင်ငံတွေမှာ တွေ့ရတယ်။ ဒီမိုကရေစီနိုင်ငံ ဖြစ်ပါက ဖိနှိပ်ရေးဘက် ဦးတည်မသွားဖို့ အရေးကြီးတယ်။ ဖိနှိပ်ရေးဘက် ဦးတည်တဲ့ နိုင်ငံရေးဟာ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အတူထားတဲ့ နိုင်ငံရေးပဲ။ လွတ်လပ်မှုကို ထားတဲ့အစိုးရ၊ သို့မဟုတ် အာမခံတဲ့ အစိုးရဟာ အာဏာကြီးသုံးရပ်ကို သီးခြားစီ ထားပြီး အုပ်ချုပ်စေတာကို တွေ့ရတယ်။

လွှတ်တော်က အတည်ပြုမပေးရင်

သမ္မတ (Republic) (ပြည်သူ့ရေးရာ) (အကြီးအကဲ) ဦးဆောင်တဲ့ နိုင်ငံရေးစနစ် အုပ်ချုပ်ရေးအာဏာထားတဲ့စနစ် ဖြစ်ပါတယ်။ သမ္မတကိုယ်တိုင်က အစိုးရဖွဲ့စည်းခွင့် တာဝန် ရှိပါတယ်။ နိုင်ငံဦးသျှောင်အစိုးရအကြီးအကဲဟာ သမ္မတဖြစ်တာကြောင့် သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီမှာ သမ္မတဟာ အာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ ပါလီမန် ဒီမိုကရေစီမှာ အာဏာအရှိဆုံးပုဂ္ဂိုလ်က ဝန်ကြီးချုပ် ဖြစ်ပါတယ်။ မြန်မာပြည်ဟာ သမ္မတ ဦးဆောင်တဲ့ နိုင်ငံရေးဖြစ်ကြောင်း သိထားရမယ်။ သမ္မတ ဦးဆောင်တဲ့ နိုင်ငံရေးစနစ်ဟာ သမ္မတ ရွေးချယ်လိုက်တဲ့ ဝန်ကြီးတွေဟာ လွှတ်တော်မှာ အတည်ပြုရမယ်။ လွှတ်တော်က အတည်မပြုရင် ဝန်ကြီးဖြစ်ခွင့် မရှိပါ။ ပြည်သူ့ကိုယ်စားလှယ် မဟုတ်တဲ့သူတစ်ဦးကို အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် ခန့်အပ်ရင် အကျင့်သိက္ခာ ကောင်း၊ မကောင်း စိစစ်ရမယ်။ သမ္မတကိုယ်တိုင် ဝန်ကြီးအမည်စာရင်း တင်သွင်းသူဖြစ်ပါစေ လွှတ်တော်က အတည်မပြုရင် ဘာရာထူးရာခံမှ သမ္မတက ခန့်ပိုင်ခွင့် မရှိစေရ။ အာဏာများ သီးခြားစီထားရှိတဲ့ နိုင်ငံရေး စနစ်မို့ သမ္မတကိုယ်တိုင်သာ အစိုးရဖွဲ့စည်းခွင့် တာဝန်ရထားပေမယ့် လွှတ်တော်က အတည် ပြုမပေးရင် သမ္မတက ဘာကိုမှ ရာထူးဝန်ကို ခန့်အပ်ပိုင်ခွင့် မရှိ။

ကိုယ်ပိုင် ဉာဏ်ရည်ဉာဏ်စွမ်း အားနည်းရင်

သမ္မတဟာ တစ်နိုင်ငံလုံးရဲ့ အုပ်ချုပ်ရေးကဏ္ဍအားလုံးရဲ့ အကြီးအကဲပါပဲ။ အုပ်ချုပ် ရေးရာကိစ္စ အားလုံးကို သူ့ရဲ့ တာဝန်ခံမှုနဲ့ ဆောင်ရွက်ရတယ်။ ဥပဒေအားလုံး အသက်သွင်း ပြဋ္ဌာန်းမှုပြုဖို့ သမ္မတကိုယ်တိုင်ကပဲ ဦးဆောင်မှု ပြုလုပ်ရမယ်။ ဝန်ကြီးအားလုံးဟာ သမ္မတရဲ့ မိသားစုဖြစ်တာကြောင့် လက်တွေ့အရ ဝန်ကြီးအားလုံးရဲ့ လုပ်ဆောင်မှုအားလုံးဟာ သမ္မတ ကိုယ်တိုင်က အပြည့်အဝ တာဝန်ရှိတယ်။ ဒါပေမဲ့ ခေတ်ကာလ အချိန်အခါအရ နိုင်ငံရေးစနစ် လျော့လာတာကြောင့် ဝန်ကြီးတွေရဲ့လုပ်ကိုင်မှုကို ဝန်ကြီးကိုယ်တိုင် တာဝန်ယူစနစ်နဲ့ သမ္မတ ကိုယ်တိုင်က ခွင့်ပြုထားတာကို တွေ့ရတယ်။ လုပ်ပိုင်ခွင့်အာဏာကို တာဝန်ယူကြတဲ့ဝန်ကြီး တွေဟာ ကိုယ်ပိုင်ဉာဏ်ရည် ဉာဏ်စွမ်းအား နည်းရင် သမ္မတအုပ်ချုပ်ရေး ထိခိုက်စေတယ်။

အမိန့်ပေးဖို့ ထိန်းချုပ်ဖို့ မရ

အာဏာများ သီးခြားထားရှိခြင်း နိုင်ငံရေးစနစ်သဘောအရ သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီစနစ်မှာ သမ္မတဟာ ဥပဒေပြုရေးအာဏာမှာ လုပ်ပိုင်ခွင့် မရှိပါ။ လွှတ်တော်ကို လွှမ်းမိုးပိုင်ခွင့် မရှိပါ။ သမ္မတဟာ ဥပဒေပြုရေးအဖွဲ့၊ သို့မဟုတ် အာဏာကို ဖျက်သိမ်းခြင်း မရပါ။ ဥပဒေပြုအမတ်တွေကို သမ္မတမှာ ထိန်းချုပ်ပိုင်ခွင့် မရှိပါ။ လွှတ်တော်ဟာ ဥပဒေပြုအာဏာကို အကြွင်းမဲ့ပိုင်ဆိုင်တဲ့အဖွဲ့ ဖြစ်တာကြောင့် သမ္မတဆန္ဒနဲ့ ကွဲလွဲတဲ့ ဥပဒေတွေလည်း ပြုပိုင်ခွင့်ရှိတယ်။ သမ္မတဆန္ဒနဲ့ ကိုက်ညီတဲ့ဥပဒေတွေ ဖြစ်ပေါ်လာရေးအတွက် သမ္မတက ဥပဒေပြုအဖွဲ့ဝင်တွေကို စည်းရုံးနိုင်တဲ့ အနေအထားသာ ရှိတယ်။ အမိန့်ပေးဖို့၊ ထိန်းချုပ်ဖို့ မရပါ။

အားသာချက် ၃ ချက်၊ အားနည်းချက် ၃ ချက်

အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ ဥပဒေပြုအဖွဲ့ဝင်များ ဖြစ်ခွင့်မရှိသလို ဥပဒေပြု အဖွဲ့တွေကလည်း အစိုးရအဖွဲ့ဝင်ဝန်ကြီး ဖြစ်ခွင့်မရှိ။ ဒီစနစ်၊ ဒီနည်းနဲ့ အပြန်အလှန်ထိန်းညှိတဲ့ စနစ် (ထိန်းကျောင်းတဲ့စနစ်) (Check and Balance)နဲ့ ကျင့်သုံးတယ်။ သမ္မတ ဦးဆောင်တဲ့ နိုင်ငံရေးစနစ်မှာ အစိုးရဟာ လွှတ်တော်ကို တာဝန်ခံဖို့မလို့ပါ။ ဖျက်သိမ်းခွင့်မရှိပါ။ ပါလီမန် ဒီမိုကရေစီစနစ်သာ ပါလီမန်ကို ဖျက်သိမ်းခွင့် ရှိတယ်။ သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီမှာ အားသာချက် ၃ ချက် ရှိတယ်။
(၁) ပထမ အားသာချက်မှာ – အစိုးရ အုပ်ချုပ်ရေးအာဏာ တည်ငြိမ်မှု [Executive Stability] ရှိခြင်း။
(၂) ဒုတိယ အားသာချက်မှာ – အစိုးရအဖွဲ့ အကြီးအကဲကို လူထုရွေးချယ်တင် မြှောက်ပွဲ [Popular Election] ဖြင့် ရွေးချယ်နိုင်ခြင်း။
(၃) တတိယ အားသာချက်မှာ – ဒီမိုကရေစီအစိုးရတစ်ရပ်ဖြစ်ရန် စံသတ်မှတ်ချက် တစ်ခုအဖြစ် လိုအပ်လျက်ရှိသော အစိုးရအာဏာများ ကန့်သတ်ထားနိုင်ခြင်း ဖြစ်ပါတယ်။ /

အားနည်းချက် ၃ ချက်မှာက
(၁) ပထမ အားနည်းချက် – အုပ်ချုပ်ရေး၊ ဥပဒေပြုရေးအကြား နိုင်ငံရေးပိတ်ဆို့မှု။
(၂) ဒုတိယအားနည်းချက် – သမ္မတအဖြစ် အရွေးခံလိုက်ရသောသူက အုပ်ချုပ်ရေး အာဏာ အားလုံးကို ယူထားမှု။
(၃) တတိယအားနည်းချက် – သမ္မတရာထူးတာဝန်အတွက် ပြန်လည်ရွေးခံမှုကို ကန့်သတ်ထားမှုတွေ ရှိပါတယ်။

သမ္မတအတွက် အကောင်းနဲ့ အဆိုး

သမ္မတဦးဆောင်တဲ့သဘောကို အကျဉ်းမျှ နားလည်ထားပြီ ဆိုကြပါစို့။ ယနေ့ မြန်မာပြည်သမ္မတအုပ်ချုပ်ရေးစနစ်ဟာ ပြည်ထောင်စုတစ်ခုလုံးရဲ့ အုပ်ချုပ်မှုအာဏာဟာ နိုင်ငံတော်သမ္မတမှာ တည်ရှိတာကြောင့် ပြည်ထောင်စုအစိုးရတစ်ခုလုံးရဲ့ အာဏာကို သမ္မတက ပိုင်စိုးသူ ဖြစ်ပါတယ်။ သို့သော် အုပ်ချုပ်မှုဆိုင်ရာအငြင်းပွားမှု တစ်ခုခု ဖြစ်လာရင် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးတာ၊ လိုအပ်ရင် အဆုံးအဖြတ်ပေးနိုင်တယ်လို့လည်း တွေ့ရ တယ်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅)၊ ပုဒ်မ ၂၁၅ အရ “နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ် သော်လည်း ကောင်း မိမိအား အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှ သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သော ပြုလုပ်မှုအတွက် မည်သည့် လွှတ်တော်၊ မည်သည့်တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန်မရှိစေရ။ သို့ရာတွင် ဤကဲ့သို့ တာဝန်မရှိခြင်းသည် နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စွပ်စွဲပြစ်တင်ခြင်း နှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်း မရှိစေရ” ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းချက်ဟာ သမ္မတအတွက် အကောင်းနဲ့အဆိုး ဘယ်လိုပုံမျိုးနဲ့ သက်ရောက်နိုင် သလဲ ဆိုတာ လေ့လာသုံးသပ်နိုင်ပါတယ်။

အာဆီယံပြည်သူတွေရဲ့ သဘောထား

သမ္မတဦးဆောင်တဲ့ ဒီမိုကရေစီနိုင်ငံရေးကို လေ့လာပြီးရင် အိမ်နီးနားချင်း အရေး အကြောင်းတစ်ခုခုကို လေ့လာရမယ်ဆိုရင် အာဆီယံနိုင်ငံတွင်း ရှိလာတဲ့ ပြဿနာ အကြောင်း တစ်ခု(တစ်မျိုး)ကို လေ့လာသင့်တယ်။ အာဆီယံနိုင်ငံတွင်း လူမျိုးခွဲခြားဆက်ဆံမှု ပပျောက် ရေး ဒေသဆိုင်ရာညီလာခံတစ်ခုကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ စူဠာလောင်ကွန်တက္ကသိုလ် မှာ ကျင်းပခဲ့ဖူးတယ်။ ဒီညီလာခံဟာ ကမ္ဘာ့ကုလသမဂ္ဂက ဦးဆောင်တဲ့ လူမျိုးရေးခွဲခြားမှ တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာညီလာခံတစ်ခုကို တောင်အာဖရိကနိုင်ငံမှာ ကျင်းပဖို့ရှိတာမို့ အာဆီယံပြည်သူတွေရဲ့ သဘောထားကို ကြိုတင် စစ်တမ်းကောက်တဲ့အနေနဲ့ ဒီညီလာခံကို ကျင်းပတာပါပဲ။ ကုလသမဂ္ဂညီလာခံကြီးကို အာဆီယံအစိုးရတွေ တက်ရောက်ကြမှာဖြစ်လို့ လူ့အခွင့်အရေးညီလာခံမှာ ဘယ်လိုအခန်းကဏ္ဍတွေမှာ ပါဝင်ကြမလဲဆိုတာကို လေ့လာကြဖို့ စိတ်ဝင်စားကြတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု

အရှေ့တောင်အာရှနိုင်ငံတွေမှာ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်လို့ တက်ရောက်တဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးတိုင်ပင် နှီးနှောကြတယ်။ ကိုယ်စားလှယ် အသီးသီး အရှေ့တောင်အာရှ တိုင်းပြည်တွေမှာ အပြစ်မဲ့တိုင်းရင်းသားတွေကို နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံတာတွေ၊ တိုင်းရင်းသူအမျိုးသမီးတွေကို အစီအစဉ်ရှိရှိနဲ့ မုဒိမ်းမှု ပြုကြတာ တွေ၊ တိုင်းရင်းသူတွေကို အတင်းအကျပ် လက်ထပ်ထိမ်းမြားစေတာတွေ၊ ဖခင်မပေါ်တဲ့ကလေးကိစ္စတွေ၊ အမျိုးသမီးများကို ရောင်းဝယ်တာတွေ၊ ပြည့်တန်ဆာအဖြစ် စေခိုင်းမှု ပြုတာတွေ၊ အလုပ်လုပ်သူ အချင်းချင်း ခွဲခြားဆက်ဆံခံရတာတွေ၊ ဘာသာမတူတဲ့သူတွေကို မသိမသာ အစိုးရက နှိပ်ကွပ်တာတွေ၊ တိုင်းရင်းသားလူမျိုးတွေရဲ့ ဘာသာစကား၊ ဘာသာ စာပေ လေ့လာဆည်းပူးခွင့်ကို အာဏာသုံးပြီး တားမြစ်တာတွေ၊ တိုင်းရင်းသားများ ရိုးရာ၊ ယဉ်ကျေးမှု၊ ထုံးတမ်း၊ ဓလေ့တွေကို ကွယ်ပျောက်သွားအောင် စီမံကိန်းချပြီး လုပ်ခဲ့ပုံတွေ စတဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှုဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တင်ပြဆွေးနွေး သွားကြတယ်။

ဘာတစ်ခုမှ ထုတ်ဖော်ပြောဆိုခဲ့တာ မရှိ

ဗန်ကောက်ညီလာခံမှာ တက်ရောက်ကြတဲ့သူတွေဟာ များသောအားဖြင့် NGO အဖွဲ့အစည်းတွေသာ ဖြစ်တဲ့အတွက် သူတို့ရဲ့ စဉ်းစားချက်၊ လေ့လာချက်၊ ထောက်ခံတင်ပြ ချက်တွေကို အာဆီယံအစိုးရတွေကသိအောင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ဝန်ကြီးများ အစည်းအဝေးမှာ ဗန်ကောက် ညီလာခံက သဘောတူညီခဲ့တဲ့အချက် တွေကို ပေးပို့ခဲ့တယ်။ အာဆီယံနိုင်ငံတွင်းဟာ ထုံးစံမရှိသေးတဲ့ NGO တင်ပြတာတွေကို ဝန်ကြီးတွေက လက်ခံစဉ်းစား၊ အလေးထားကြရဲ့လား ဆိုတဲ့ အဓိကအချက်တစ်ရပ် ဖြစ်ပါ တယ်။ ဒီအစီအစဉ်ဟာ နဂိုက NGO တွေက သံသယအဖြေ ရှိထားပြီးသားပါ။ အာဆီယံ ဝန်ကြီးများ အစည်းအဝေးသာ ပြီးဆုံးသွားတယ်။ NGO တွေ တင်ပြချက်အားလုံးကို လူအများ သိအောင် ဘာတစ်ခုမှ ထုတ်ဖော်ပြောဆိုခဲ့တာ မရှိပါဘူး။

ရင့်သီးတဲ့ နိုင်ငံရေးအလေ့အထ

ဒါကြောင့် အာဆီယံဒေသမှာ လူမျိုးရေး ခွဲခြားဆက်ဆံမှုများ ရှိနေပါတယ် ဆိုတဲ့ အချက်ဟာ ပြည့်ပြည့်စုံစုံ ရှိနေပါလျက်နဲ့ အာဆီယံအစိုးရအများစုဟာ ဒီအကြောင်းတွေ ကို ပြုပြင်ကုစားမည့် ပေါ်လစီတွေတောင်မှာ ချမှတ်မှု၊ အသိအမှတ်ပြုမှု မရှိခဲ့တာကြောင့် အာဆီယံ အဝန်းအဝိုင်းတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေ၊ တိုင်းရင်းသားတွေအားလုံးအတွက် ရှေ့ဆက်ပြီး မည်မျှ ခွဲခြားဆက်ဆံမှု ပြုနေကြဦးမလဲ ဆိုတာ တွေးထင်နိုင်ပါတယ်။ ဒီ အကြောင်းအရာဟာ နိုင်ငံရေးပေါ်လစီ မဟုတ်ပါဘူး။ အာဆီယံတွင်း လူမှုရေးပေါ်လစီပါ။ ဒီလို လူမျိုးတစ်မျိုးနဲ့ ခွဲခြားဆက်ဆံမှုပြုခြင်းကို အာဆီယံကခွင့်ပြုခြင်းသဘောလို ဖြစ်လာတာ ကြောင့် အာဆီယံတွင်း ပါဝင်တဲ့နိုင်ငံတွေ မိမိရဲ့ပြည်သူ့အရေးကို မည်သို့ ကာကွယ်စောင့် ရှောက်သင့်တယ် ဆိုတဲ့အချက်ကို အာဆီယံတွင်း မြန်မာပြည်သဘောထား အခြေခံဥပဒေ တစ်ရပ် ရေးဆွဲပြဋ္ဌာန်းသင့်နေတယ်လို့ ယူဆတယ်။
အာဆီယံနိုင်ငံများထဲမှာ ယနေ့ ဒီမိုကရေစီကျင့်သုံးနေတဲ့ တိုင်းပြည်အဖြစ်လို့ ပြောနိုင်တာက ထိုင်း၊ ဖိလစ်ပိုင်နဲ့ မြန်မာတွေပါပဲ။ ဒီတိုင်းပြည်သုံးပြည်ဟာ အာဆီယံတွင်း ဖြစ်ပျက် ပကတိအရှိကို အရှိအတိုင်း နိုင်ငံရေး၊ လူမှုရေးတွေကို ရပ်တည်ပေးဖို့ လိုအပ်ပါ တယ်။ အဖြစ်မှန်ကို ငြင်းပယ်တဲ့နိုင်ငံရေးဟာ နည်းမှန်လမ်းမှန်တဲ့ နိုင်ငံရေး မဟုတ်ပါ။ အရှိကို ဗြောင်ငြင်း၊ ဖုံးကွယ်ငြင်းပယ်တဲ့ လုပ်ရပ်ဟာ ရင့်သီးတဲ့ နိုင်ငံရေးအလေ့အထတစ်ခု မဖြစ်ဖို့ အရေးကြီးပါတယ်။

နိုင်ငံရေးနယ်ပယ်မှာ ပြုတ်မထူး လုပ်မထူးတဲ့ သူတွေ၊ ညံ့ဖျင်း အမိုက်တဲ့ သူတွေ၊ အလုပ်နဲ့ အထုပ်ယူတဲ့သူတွေ မပါဖို့ လိုတယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၆၃-၂၇၁၊ အဝိဟိံသာနိုင်ငံရေး (၃၃)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version