Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၃၁)

ညီညီညွတ်ညွတ်ရှိသူတို့၏ အကျင့်သည် ချမ်းသာခြင်း ဖြစ်ရပေ၏။

(ဓမ္မပဒ-၁၉၄)

အဆုံးအဖြတ်ပေးသင့်

ယနေ့ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ အသိပညာ၊ ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုရှိရေးနဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့ ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ်တွေကို ပြောင်းလဲပစ်ဖို့အတွက် မတူကွဲပြားတဲ့သူနဲ့ အပြန်အလှန်ဖလှယ်ဖို့ နိုးကြားရတဲ့ ခေတ်ကာလ ရောက်ပါပြီ။ ဒီခေတ်ကာလ ရောက်လာတာကြောင့် ဘက်လိုက်မှု၊ မတိကျမှုခေတ်ကို ပြန်သွားဖို့ အချိန်လည်း မရှိတော့ပါ။ အသွင်ပြောင်းလဲရေးခေတ်ကာလကို ရက်ရက်စက်စက် ဖိနှိပ်ခြင်းအလုပ်၊ မတရားပြုမူ ဆက်ဆံခြင်းအလုပ် မရှိသင့်တော့ပါ။ နိုင်ငံရေးအရ ခွဲဝေ ယူသင့်တဲ့ ယုံကြည်မှုနဲ့ ပဋိပက္ခများ အဆုံးသတ်ရေးအတွက် သဘောတူညီချက်တွေကို အဆုံးအဖြတ် ပေးသင့်ပါပြီ။

ပွင့်လင်းဖို့ လိုပါတယ်

အဆုံးအဖြတ်ပေးရမယ့်ကိစ္စတစ်ခုဟာ မုန်းတီးမှု၊ မနာလိုမှု  မပါရပါ။ လူတွေရဲ့ စိတ်+ စေတသိက် အကောင်းအဆိုးတွေထဲကဖြစ်လာတဲ့အရာကို သမိုင်းလို့ သတ်မှတ်ရင် အဆုံးအဖြတ်ပေးရမယ့် သမိုင်းမှတ်တမ်းဝင်တစ်ခုဟာ ပရိယာယ်မပါဖို့လိုပါတယ်။ ပရိယာယ် များတဲ့ စည်းရုံးရေးဟာ ထိမ်ဝှက်ထားလို့ မရပါ။ အလွန်ကောင်းမွန်တဲ့ မျှော်မှန်းချက်ရှိရင် ကျင့်ဝတ်သိက္ခာတွေကို စောင့်ထိန်းပြီး ပွင့်လင်းဖို့ လိုပါတယ်။

လွတ်လပ်ရေးပါ ထိခိုက်စေတယ်

မပွင့်လင်းတဲ့ ပတ်ဝန်းကျင်ဟာ အမိုက်အမှောင် များပါတယ်။ အမိုက်အမှောင် များတဲ့စိတ်ဟာ နိုးကြားမှု အားနည်းတယ်။ တရားလက်လွတ် မိုက်မဲမှုတွေ များတယ်။ မိုက်မဲမှုကြောင့် အုပ်ချုပ်မှု၊ ကြီးစိုးမှုတွေ အမှားတွေ များပြီး တရားသောနည်းလမ်းတွေ ဆန့်ကျင်လာတယ်။ တရားသောနည်းလမ်းမထားတဲ့တိုင်းပြည်ဟာ ညီညွတ်မှုအကျင့် မဖြစ်နိုင် ပါ။ ပြိုလဲကျဆင်းတဲ့ အကျင့်တွေကြောင့် လွတ်လပ်ရေးပါ ထိခိုက်စေတယ်။

ထိခိုက်စေတယ်

လွတ်လပ်ရေးထိခိုက်လာရင် အကြမ်းဖက်မှုတွေ အမျိုးမျိုး ဖြစ်လာတယ်။ အကြမ်း ဖက်မှု နစ်မြုပ်သွားရတဲ့လူတွေဟာ အလိုရှိရာ အားလုံးပျက်သုဉ်းနေတော့တာပါပဲ။ ပျက်သုဉ်း ခြင်းအဆုံးဟာ အကြမ်းဖက်မှုစံနှုန်းပါပဲ။ ပျက်သုဉ်းတဲ့စံနှုန်းကိုထားတဲ့ အကြမ်းဖက် နိုင်ငံရေး လောကကို မျှော်မှန်းထားတဲ့သူတွေမှန်သမျှဟာ မြန်မာပြည်မှာ နေရာမရှိတာ အမှန်ပါပဲ။ အကြမ်းဖက်သမားကို အားပေး၊ ကူညီ၊ နေရာပေးတဲ့ တိုင်းပြည်ဟာ အရှင်တို့ရဲ့ ညီညွတ်ရေး ကို ပျက်သုဉ်းစေပါတယ်။ ထိခိုက်စေပါတယ်။

မမေ့ဘဲ ဆောင်ရွက်စေဖို့

နာကြည်းမှု၊ နာကျင်မှုများ အရှင်တို့ပြည်သူတွေကို မထိခိုက်ပါစေနဲ့။ လူ့ဂုဏ်သိက္ခာ ကို ထိန်းသိမ်းဖို့ မမေ့ကြပါစေနဲ့။ နိုင်ငံရေးအရ ခွဲဝေယူသင့်တဲ့ ယုံကြည်မှုကို လျင်မြန်စွာ တည်ဆောက်ပါ။ လျင်မြန်စွာ ခွဲဝေပါ။ ပရိယာယ်များရင် နိုင်ငံရေးသိက္ခာ ကျဆင်းပါတယ်။ ဒါကြောင့် သတ္တိရှိတဲ့သူရဲကောင်းဟာ စစ်မှန်တဲ့သစ္စာတရားနဲ့ ပဋိညာဉ် မပျက်ခဲ့ပါ။ အခု လည်း ညီညွတ်တဲ့အကျင့်တရား ထားကြပြီး ချမ်းသာတဲ့ တာဝန်ယူမှုခွဲဝေရေးကို သမိုင်းအဖြေ ပေးကြရမှာကို မမေ့ဘဲ (ကတိအချက်၊ ပဋိညာဉ်မပျက်ဘဲ) ဆောင်ရွက်စေဖို့ ဖြစ်ပါတယ်။

အရေးကြီးတဲ့အချိန် ရောက်ပြီ

ဒီတောင်းဆိုမှုဟာ စိတ်ရှည်စွာ သုံးသပ်ပါ။ ခွင့်လွှတ်တရားများ စွာထားပါ။ ဘယ်ယဉ်ကျေးမှုဓလေ့ထုံးစံတွေမဆို လူမှုတရားမျှတမှု၊ တူညီသော တန်ဖိုးထားမှု ရှိရမယ်။ ပဋိညာဉ်ထားတဲ့ စကားကို မမှားစေရပါ။ ယခုအချိန် မြန်မာပြည်မှာ စစ်ပွဲ၊ ငတ်မွတ် ခေါင်းပါးမှု၊ အထီးကျန်မှု၊ သဘာဝကပ်ဘေး၊ အကြမ်းဖက်ဘေးခံရတဲ့အချိန် ဖြစ်နေပါတယ်။ ဒီလိုအချိန်အခါမျိုးမှာ တစ်မျိုးသားလုံးအရေးထက် တစ်နိုင်ငံသားလုံး (တစ်ပြည်လုံး) အရေး အတွက် အရေးကြီးတဲ့အချိန် ရောက်ပြီ။

သတိပြုပါ

အမျိုးစုံကြားထဲက အကြမ်းဖက်အပြုအမူသဘောတွေ ပေါ်ပေါက်လာခဲ့တာကြောင့် တစ်ဖက်စောင်းနင်းသဘောတွေ မဖြစ်ဖို့ အရေးကြီးပါတယ်။ လွှမ်းမိုးမှု မက်လုံးပြလိုတဲ့ တစ်ဖက်က အမြှောက်အပင့်သမားတွေက ရေပေါ်ဆီပြပြီး ကမ်းလှမ်းနေကြတယ်။ ငြိမ်သက် နေတဲ့ တစ်ဖက်သားတွေက အကြောင်းရင်းပြဖို့ ဖြစ်နေကြတယ်။ အပေါ်ယံ ပဋိပက္ခမျိုး ဖြစ်တာကြောင့် မြန်မာပြည်နိုင်ငံရေးဟာ မျှတတဲ့ အတွင်းလူများ ရွေးတတ်ဖို့ လိုပါတယ်။ မတိုးသာမဆုတ်သာတဲ့ ဆက်ဆံရေးတစ်ခုဖြစ်လာတဲ့ မြန်မာ့နိုင်ငံရေးဟာ ပြုပြင်ပြောင်းလဲ အောင် တိုင်းပြည်လုပ်ငန်း အစီအစဉ်တိုင်းလိုလို အနှောင့်အယှက်များနေတာကို တွေ့ရတယ်။ ချမ်းသာတဲ့ တာဝန်ယူမှ ခွဲဝေရေးကို ညီညွတ်တဲ့ အကျင့်တရားများ ထားကြပြီး လျင်မြန်စွာ စုပေါင်းထိန်းကျောင်းတဲ့စနစ်နဲ့ အညီအညွတ် လုပ်ကိုင်ကြရမယ်။ တာဝန်ယူခြင်းဟာ အမြင် တူညီရမယ်။ အလုပ်တူညီရမယ်။ အမြင်၊ အလုပ်မတူဘဲ တာဝန်ပေးရင် မပိုင်မနိုင်ဘဲ ယိုင်လဲ သွားနိုင်ပါတယ်။ သတိပြုပါ။

စုပေါင်းတာဝန်ယူ

အထက်ကဖော်ပြတဲ့ စကားတွေဟာ သာမန်လေ့လာမှုမရှိတဲ့သူဟာ သဘောတရား နားလည်နိုင်မယ် မထင်ပါ။ ဥပမာ- 

မြန်မာပြည်ဟာ-
(၁) အပင့်အမြှောက်အုပ်စု 
(၂) ငြိမ်သက်ပြီးအမှားကို စောင့်နေတဲ့ အုပ်စုနှစ်ခုရဲ့ ကြားက (နိုင်ငံရေးကစားတဲ့ သူတွေရဲ့ ကြားက) တိုင်းပြည်ကို ပြန်လည် တည်ထောင်ရတဲ့ သဘောမျိုးလို ဖြစ်နေတယ်။ ပြည်တွင်း ပြဿနာက များတော့ အလူးအလဲနဲ့ လုပ်ဆောင်နေရတယ်။ အပင့်အမြှောက်အုပ်စု က အရောရော အဝင်ဝင် လုပ်ပြီး အမှားကို စောင့်နေတဲ့အုပ်စုက ဓနအင်အား ပြည့်စုံပြီး ဉာဏ်နီဉာဏ်နက် အလှည့်အကွက်နဲ့ ငြိမ်သက်ပြီး အမှားကွက်ကို စောင့်ကြည့်နေတယ်။ ဒီလို အုပ်စုနှစ်ခုကြားထဲမှာ တွေ့ရတဲ့ နိုင်ငံရေးအကျပ်အတည်းကို မြန်မာပြည်သူပြည်သား တွေဟာ ယခုအချိန်မှာ ညီညွတ်တဲ့ အကျင့်ကောင်းတရားများ ထားကြဖို့ အရေးကြီးတယ်။ အာဃာတထားတဲ့စိတ်၊ အငြိုးအတေးများတဲ့ စိတ်တွေ ရှောင်ရှားကြဖို့ အရေးကြီးတယ်။ နောက်ဆုံး အစီးခံမလား၊ အနင်းခံမလား ဆိုတဲ့ မေးခွန်းနဲ့ အဖြေပေးရမယ့် အဆုံးအဖြတ်ကို တိုင်းပြည်အတွက် စုပေါင်းတာဝန်ယူကြဖို့ ဖြစ်ပါတယ်။

ပြဿနာ မရှိမှ

နိုင်ငံရေးဆိုတာ တစ်ခါတလေ စကားများရပြီး၊ တစ်ခါတလေ တစ်သွေးတစ်သား တည်းပါပဲ။ လူနဲ့မှ နှစ်မျိုးကို “မူ”ကို ဦးစားပေးရမယ်။ သို့သော် “မူ” ဦးစားပေးမယ်ဆိုပေမယ့် ဆွေးဟောင်းနွမ်းလျတဲ့“မူ”ဖြစ်ရင် “မူ”ကို ပြင်ရမှာပဲ။ အချင်းချင်းညီညွတ်ရင် ပြင်လို့မရတာ မရှိပါ။ နိုင်ငံရေးအရ အာဏာဖီဆန်ရေးပြုတဲ့အခါ လမ်းစဉ်ကို ချမှတ်ရမယ်။ လမ်းစဉ် မချမှတ်ဘဲ နိုင်ငံရေးအာဏာကို ဖီဆန်ရင် ထိပ်တိုက်ရင်ဆိုင်တဲ့အလုပ် ဖြစ်သွားတတ်တယ်။ ထိပ်တိုက်ရင်ဆိုင်တဲ့ နိုင်ငံရေးဆိုတာ ပြဿနာမရှိမှ ကောင်းတယ်။

အခွင့်အလမ်း

အရှင်တို့တိုင်းပြည်ဟာ ၁၉၈၉ ခုနှစ် ကာလက ထိပ်တိုက်ရင်ဆိုင်နေတဲ့ နိုင်ငံရေး သဘောတရားတွေ တွေ့ရတယ်။ ထိပ်တိုက်ရင်ဆိုင်နေတဲ့ နိုင်ငံရေးမျိုးလုပ်ဖို့ အချိန်မဟုတ် သေးတာကြောင့် အဲဒီလိုမျိုး အချိန်မစောင့်ဘဲ လုပ်ဆောင်လိုက်တဲ့ နိုင်ငံရေးမျိုးတွေဟာ အမှားပါပြီး အလွဲလွဲအချော်ချော် ဖြစ်သွားတတ်တယ်။ ထိပ်တိုက်ရင်ဆိုင်တဲ့ နိုင်ငံရေးသဘော ဟာ ဖြေရှင်းချက် ဒီ ialogue’ ပါရင် ဖိအားပေးတောင်းဆိုမှု ပါစရာမလိုပါဘူး။ ဖိအားပေး တောင်းဆိုမှုပါရင် တစ်ဖက်က တွေ့ဆုံဆွေးနွေးဖို့ အခွင့်အလမ်း ပျောက်သွားတတ်တယ်။

ဘဏ်ကြီးတစ်တိုက်

နိုင်ငံရေးဆိုတာ “အုပ်ချုပ်ရေးကို အဖြေရှာတဲ့နည်းပညာ ဖြစ်တဲ့အတွက် ပြင်းထန် တဲ့ စိတ်အမြင်ရှိတဲ့သူတွေရဲ့ အလုပ် ဖြစ်ပါတယ်။ ပိုရှေးကျတဲ့ နိုင်ငံရေးခေတ်ကာလကဆိုရင် ပေါ့ပေါ့အေးအေးတွေ လုပ်ကြတဲ့ နိုင်ငံရေးတွေ မဟုတ်ဘဲ အတွန်းအတိုက် အမျိုးမျိုးနဲ့ အုပ်ချုပ်ရေးအာဏာပညာရပ်ကို ဒဿနအမျိုးမျိုး ပါအောင် ကြိုးစားအားထုတ်ကြရတယ်။ သေသူကသေ ကျေသူကကျေနဲ့ သမိုင်းစာမျက်နှာပေါ်မှာ မြင်တွေ့လို့ မဆုံးနိုင်အောင်ပါပဲ။ ဒီနေ့စစ်ရေး၊ စစ်ပွဲတွေ မဆုံးနိုင်တာဟာ “အုပ်ချုပ်ရေးကို အဖြေရှာတဲ့နည်းပညာ”ရဲ့ ပြဿနာ ကြောင့်လည်း ပါဝင်ပါတယ်။ နိုင်ငံရေးပညာဟာ ဒေါသအားနည်းသူတွေရဲ့ ပညာလို့ပြောရင် မမှားပါဘူး။ ဒီပညာကို တတ်မြောက်လို့ အထွတ်အထိပ်သို့ ရောက်ရင်လည်း လွယ်လင့်တကူ နဲ့ မပျောက်ပျက်နိုင်သလို အကျိုးအားလုံးအတွက် အာမခံနိုင်တယ်။ နိုင်ငံရေးပညာနည်းလမ်း ကို ညွှန်ကြားတဲ့ ရှေးခေတ်နိုင်ငံရေးကျမ်းစာအုပ်ကို လေ့လာရင် ဗဟုသုတဘဏ်ကြီးတစ်တိုက် လိုပါပဲ။

ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားအရေး

နိုင်ငံရေးအားလုံးဟာ မျှတမှုသဘောမရှိရင် အုပ်ချုပ်မှုမှာလည်း (ဘယ်တော့မှ) မမျှတနိုင်ပါ။ မျှတခြင်းဟာ ညီညွတ်တဲ့ အကျင့်တရားရှိတဲ့သူတွေကပဲ ရကြတာ။ မညီညွတ်တဲ့ သူဟာ မျှတခြင်းကို မရနိုင်ပါ။ မျှတအောင်လည်း မလုပ်နိုင်ပါ။ ဥပမာ ဆိုကြပါစို့။ ယနေ့ မြန်မာပြည်မှာ ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားအရေး ဆိုပြီးတော့ ကြီးကြီးကျယ်ကျယ် ညီညွတ်မှုရအောင် လုပ်ကြတယ်။ ညီညွတ်မှုမရဘဲ လူနဲ့ “မူ”အကြောင်းနဲ့ပဲ စကားတွေ၊ အလုပ်တွေ၊ ပဋိပက္ခရှုပ်ထွေး (လုံးထွေး)နေကြတယ်။ ဒီမိုကရေစီရေးဆိုရင် အများနဲ့ဆိုင်တဲ့ အလုပ်ဖြစ်ပြီး တိုင်းရင်းသားအရေး ဆိုရင်လည်း ဘာခက်မှာမို့လို့လဲ။ မြန်မာပြည်ဟာ တိုင်းရင်းသားများ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်ဆိုတာ မြန်မာပြည်သားတိုင်း သိကြပြီးသား ဖြစ်တာကြောင့် နိုင်ငံရေးအရ အုပ်ချုပ်မှုအာဏာတစ်ခုလေးနဲ့ စကားတွေ အချေအတင် ပဋိပက္ခတွေ ဖြစ်ကြတယ်။ ဒီအဖြစ်အပျက်ဟာ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းလို့ရတဲ့ကိစ္စ ဖြစ်ပေမယ့် ပူးပေါင်းစုပေါင်းလုပ်ဆောင်တဲ့ နိုင်ငံရေးအစီအစဉ်နဲ့လုပ်ရင် မြန်မာပြည်နိုင်ငံရေး ဟာ ဘေးဘယ်တော့မှ ဖြစ်မလာနိုင်ပါ။ ဘေးမဲ့တဲ့နိုင်ငံရေးလောက ရောက်လာပြီး မြန်မာ့ လူ့ဘောင်မှာ အေးချမ်းသာယာမှု မဖြစ်ရင် ကြိုက်သလို ပြောပါ။ မဖြစ်နိုင်စရာ အကြောင်း မရှိပါ။

ပြည်မြန်မာဝယ်

မြန်မာလူမျိုးတွေဟာ အချင်းချင်းစကားများ (ရန်များ)မှ ချစ်နိုင်ကြတယ်။ အဲဒီ သဘောတရားဟာ ချစ်စရာကောင်းတဲ့ ဓလေ့တစ်မျိုးပါပဲ။ တိုင်းပြည်ကို တကယ်ချစ်ကြတဲ့ သူတွေ ဖြစ်လို့ “ပြည်ချစ်သား” ဆိုပြီး လူပုံအလယ်မှာ ကြွေးကြော်တဲ့သူတွေ အရှိရှိပါပဲ။ ဒါပေမဲ့ တိုင်းပြည်မှာ ဘာနဲ့စား၊ ဘာနဲ့နေ၊ ဘာနဲ့ဝတ်ရမလဲ ဆိုတော့ စ ဆုံး မမြင်ဘဲ “ပြည်ချစ်သား”လို့ ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်နေတာဟာ အပိုမဟုတ်ရင် ဘာတွေလဲ။ အပိုမှ အပိုပါပဲ။ နိုင်ငံရေးကြောင့် ရန်ဖြစ်ကြလို့ ကမ္ဘာပေါ်မှာ သက်တမ်းတစ်ရာနီးပါးအထိ ဘယ်နိုင်ငံရေးလမ်းစဉ်ကောင်းမှ မချပြနိုင်တဲ့ တိုင်းပြည်ကို ညွှန်ကြားပါဆိုရင် “ရှေးသရောခါ ပြည်မြန်မာဝယ်”လို့ပဲ ညွှန်ကြားကြမပေါ့။ အဲဒီလိုမျိုးကော ဖြစ်သင့်သလား။

မတည်ထွန်းနိုင်ပါ

မြန်မာပြည်ကို “ပြည်ထောင်စု”တိုင်းပြည်လို့ သတ်မှတ်ချင်နေကြတယ်။ ပြည်ထောင်စု တိုင်းပြည်၊ တစ်ပြည်ထောင်တိုင်းပြည်၊ FEDERAL တိုင်းပြည်၊ ဘယ်လို တိုင်းပြည်မျိုးမဆို ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ မဖြစ်ဖို့ လိုတယ်။ ပြည်ထောင်စုစနစ်ကို ပြည်ထောင်စုစိတ်ဓာတ်မထားရင် မြန်မာပြည်မှာရှိတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာရေးတွေ ဘယ်လို ထိန်းသိမ်းကြမလဲ။ နိုင်ငံရေးစိတ်ဓာတ် ဆိုတာ ပြည်ထောင်စုစိတ်ဓာတ်က ပေါက် ဖွားလာတဲ့ စိတ်ဓာတ်ဆိုပေမယ့် ကွဲပြားမှု၊ အားနည်းချက်များရင် ပြည်ထောင်စုစိတ်ဓာတ် မပြောနဲ့ သူတော်စင်စိတ်ဓာတ်ပါ ကိလေသာ အနှောင့်အယှက်ပေးခံရသေးတယ်။ နိုင်ငံပြု၊ နိုင်ငံရေး၊ လူမျိုးရေးစိတ်ဓာတ် ဆိုတာ အာဃာတကင်းကြတဲ့ စိတ်ဓာတ်တွေ မဟုတ်ပါ။ အာဃာတအမုန်း၊ အဆိုးတရားတွေ ရှိနေတဲ့တိုင်းပြည်ဟာ နေရာမတည်နိုင်ပါ။ ကောင်းအောင် မတည်ထွန်းနိုင်ပါ။

အကြမ်းမဖက်ကြစေနဲ့

လူသားတွေဟာ အလိုမကျမှုများရင် ဒေါသစိတ် ဖြစ်တယ်။ စိတ်ဒေါသမီးလောင် တယ်။ စိတ်ဒေါသမီးလောင်ရင် ဒေါသမီးကို တရားကောင်းနဲ့ မသတ်ဘဲ မတရားချည်း သက်သက်နဲ့ စုပုံပြီး သတ်ကြတယ်။ ဒေါသမီးပုံဟာ “ပြည်ထောင်စုမီးပုံ” ဖြစ်ပြီး မီးတွေ အကုန်လုံး လောင်ကြတော့တာပါပဲ။ တရားသော ပြည်ထောင်စု၊ မွန်မြတ်သော ပြည်ထောင်စု၊ ကောင်းသော ပြည်ထောင်စု၊ လူမှုဘဝ ပြည်ထောင်စု၊ လူသူတော်ကောင်း ပြည်ထောင်စု ဖြစ်ချင်ကြတဲ့ နိုင်ငံရေးဘက်တော်သားများ ဆင်ခြင်ရန်အတွက် မိမိကိုယ်မိမိ အကြမ်းမဖက် ခြင်းသာ “ပြည်ထောင်စုစိတ်ဓာတ်” အမှန်ဖြစ်ပါကြောင်း ဖြစ်ပါတယ်။

“မီး… မလောင်ခင်တား
တရားမမှားကြနဲ့၊ အကြမ်းမဖက်ကြစေနဲ့”

နိုင်ငံရေးဆိုတာ “အုပ်ချုပ်ရေးကို အဖြေရှာတဲ့နည်းပညာ” ဖြစ်တဲ့အတွက် ပြင်းထန်တဲ့ စိတ်အမြင်ရှိတဲ့သူတွေရဲ့အလုပ် ဖြစ်ပါတယ်။ ဒီနေ့ စစ်ရေး၊ စစ်ပွဲတွေ မဆုံးနိုင်တာဟာ“အုပ်ချုပ်ရေးကို အဖြေရှာတဲ့ နည်းပညာ”ရဲ့ ပြဿနာကြောင့်လည်း ပါဝင်ပါတယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၅၁-၂၅၆၊ အဝိဟိံသာနိုင်ငံရေး (၃၁)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version