လူဖြစ်ရင်-
-အချိုးနှိမ် အနှိပ်စက်ခံရသောဘဝသို့ လည်းကောင်း၊
-ကျွန်အပြုခံရသောဘဝသို့ လည်းကောင်း၊
-မုန်းတီးစက်ဆုပ်ခံရသောဘဝသို့ လည်းကောင်း၊
– အပစ်ပယ်ခံဘဝသို့ လည်းကောင်း
ကျရောက်စေသည့် အခြေအနေအားလုံးကို တွန်းလှန်ဖြိုဖျက်ရေးသည် (တာဝန်ရှိသူ တစ်ယောက်အနေဖြင့်) မလွဲမသွေ (မုချ) ပြုလုပ်ရမည့်အရေး ဖြစ်သည်။
မာ့က်စ် (MARXISM )
ဖန်တီးရှင် –
အထက်က စာပိုဒ်ကလေးဟာ လူတွေကို သတိပေးတဲ့ စာပိုဒ်တစ်ပိုဒ်လေးပါ။ လူ့သမိုင်းစဉ် တိုးတက်အောင် လူတွေကပဲ ဖန်တီးရမှာပါ။ လူဟာ အသိဉာဏ်စွမ်းရည်တွေ အပြည့်အဝရှိပါတယ်။ သဘာဝလောကနဲ့ မိမိရဲ့ပတ်ဝန်းကျင်ကို ပြင်ဆင်နိုင်တဲ့သူပါ။ ရယူ နိုင်တဲ့သူပါ။ စွမ်းဆောင်နိုင်တဲ့သူပါ။ ကောင်းအောင်လည်း ဖန်တီးနိုင်တယ်။ ဆိုးအောင်လည်း ဖန်တီးနိုင်တယ်။ အဆိုး၊ အကောင်းဖြစ်အောင် လူတွေကပဲ လုပ်ကြတာပါ။ သို့သော် သဘာဝမှာ ရှိတဲ့ဖြစ်ပျက်မှုကိုတော့ လူတွေ မကျော်လွှားနိုင်ပါ။ လူနဲ့ ဖန်တီးထားတဲ့ အရာခပ်သိမ်းဟာ သဘာဝက မဖန်တီးပေးနိုင်ပေမယ့် သဘာဝလွန်ကဲရင် လူရဲ့စွမ်းရည်သတ္တိတွေလည်း ပျောက် သွားတာပါပဲ။ လူ့စွမ်းရည်၊ လူ့ဂုဏ်သိက္ခာအမှန်ကို ဖော်ပြနေတာဖြစ်လို့ ယနေ့ လူတွေ ဖန်တီးပြုလုပ်ကြတဲ့ ဒီမိုကရေစီနိုင်ငံရေးအကြောင်းကိုလည်း လူတွေ ပြန်ပြီး လေ့လာစူးစမ်း ရပြီ မဟုတ်လား။ စနစ်တစ်ခု ခေတ်စားအောင် လုပ်ထားရင် အဲဒီစနစ်ရဲ့ သမိုင်းဖြစ်စဉ် အဆုံးမရောက်ခင် တောင့်တလိုလားစမ်းသပ်မှု သက်သက်နဲ့ပဲ ဖြစ်ပျက်မဆုံး နိုင်အောင်ပါ။
လူတန်းစားကွဲပြားမှု
လူတွေဖြစ်လာရင် လူတန်းစားအမျိုးမျိုး ဖြစ်လာရမှာက ဓမ္မတာပါပဲ။ လူတန်းစား ဆိုတာ အရင်းအနှီး၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုအပေါ်မှာ သတ်မှတ်နေကြတာပါ။ အဲဒီလို သတ်မှတ်မှုလုပ်တွေ ထားကြလို့သာ “လူတန်းစားကွဲပြားမှု” (ပဋိပက္ခ) ဖြစ်လာတာပါ။
အဲဒီ ပဋိပက္ခကြောင့် –
(၁) ဓနရှင်က ဓနမဲ့သူအပေါ် ခြယ်လှယ်တယ်၊ လွှမ်းမိုးမှု လုပ်တယ်။
(၂) ပညာရှိက ပညာမဲ့သူအပေါ် ခြယ်လှယ်တယ်၊ လွှမ်းမိုးမှု လုပ်တယ်။
(၃) အာဏာရှိက အာဏာမဲ့သူအပေါ် ခြယ်လှယ်တယ်၊ လွှမ်းမိုးမှုလုပ်တယ်။
ဒီလို ခြယ်လှယ်မှုကြောင့် လူတန်းစားကွဲပြားပြီး စား၊ ဝတ်၊ နေရေးစတဲ့ ရုပ်ပိုင်း ဆိုင်ရာ လိုအပ်ချက်၊ နာမ်ပိုင်းဆိုင်ရာ ပြီးပြည့်စုံမှုတွေ လုံလုံလောက်လောက် မရကြတော့တာပဲ ဖြစ်တယ်။ အဲဒီလို မရကြတာကြောင့် ဆင်းရဲခြင်း၊ ကြေကွဲခြင်း၊ မခံစားနိုင်တဲ့ အာရုံတရား တွေ ပိုမိုများပြားလာတာပါ။ ဒီလို ဖြစ်စဉ်သဘောမျိုးကို မရှိအောင် လူတန်းစားမထားသော (လူတန်းစားမဲ့သော) လူမှုရေးအတွက် လူထုကြီးတစ်ရပ် (အဖွဲ့အစည်းတစ်ရပ်) ဖြစ်လာအောင် လူကပဲ ကြိုးစားရမယ်။ လူဆိုတာ မိမိဘဝသာယာအောင် ဘယ်တန်ခိုးရှင်ထံကိုမှ ဆုတောင်းအားကိုးလို့ မရပါ။ ညွတ်ကျိုးအားကိုးစရာလည်း မလိုပါ။ မိမိဘဝအတွက် ကျရောက်လာသော ဖြစ်စဉ်ကိုသာ ပြုပြင်ရမယ်။ သဘာဝပတ်ဝန်းကျင်ရော လူမှုပတ်ဝန်းကျင်ပါ လူချင်း ပေါင်းပြီး တော်လှန်ပြုပြင်ယူရမယ်။ လူတွေကြိုးစားမှုနဲ့ နောက်ဆုံး ဓနစည်းစိမ် ပေါများပြီး စိတ်ရှိတိုင်း ခံစားနိုင်တဲ့ လူမှုအဖွဲ့အစည်း ဖြစ်လာအောင် ဆိုတဲ့ စိတ်ကူးယဉ်မှုဟာ လူတိုင်း ရှိကြမှာပါပဲ။ ကိုယ်တွေ့နဲ့ ဆိုရင်တော့ အသက်တွေပါ လဲသွားကြတယ်။
လူမှုစနစ်
လူဆိုတာ-
(၁) သဘာဝလောကနဲ့
(၂) လူ့လောက (တရား)
သဘောတရားနှစ်မျိုးကို လေ့လာသုံးသပ်နိုင်တယ်။လူ့အဖွဲ့အစည်းနယ်ပယ်တစ်ခုဟာ အကြောင်းအရာများ၊ ပြဿနာများ၊ အရာဝတ္ထုများ ပြောင်းလဲပုံ၊ ပြောင်းလဲနည်းလေးကို လေ့လာရင် အဆင့်ဆင့် သိမြင်လာနိုင်ပါတယ်။လူ့လောကဖြစ်စဉ် အကြောင်းအရာထဲက နိုင်ငံရေးအကြောင်းအရာနဲ့ စတင်ခဲ့တဲ့ လူအုပ်စုနိုင်ငံရေးနဲ့ စပြီး နိုင်ငံရေးနဲ့ပဲ ပြီးဆုံးကြတဲ့ သဘောတရားတွေ တွေ့နိုင်ပါတယ်။ အဲဒီလို စတင်လိုက်တဲ့ကိစ္စ (အကြောင်း) တစ်ခုကြောင့် ဖြစ်ခြင်းအတူ၊ ပျက်ခြင်းအတူဖြစ်ကြတဲ့ လူ့လောကကို အခြေခံအကြောင်းရင်းက “လူမှုစနစ်”ပါပဲ။
လူမှုစနစ်(လူ့လောက) တစ်ခုဟာ –
(၁) ဆင်းရဲငတ်မွတ်မှု၊
(၂) မမျှတမှု၊
(၃) မတည်ငြိမ်မှု၊
(၄) မအေးချမ်းမှု၊
(၅) အသိဉာဏ်ပညာကျဆင်းမှု၊
(၆) ဘဝမလုံခြုံမှု
စသည်ဖြင့် များပြားလာနေရင် (ကွာဟမှု များပြားနေရင်) ပြဿနာအမျိုးမျိုးအဖုံဖုံ ဖြစ်လာမှာပါပဲ။ ဒီပြဿနာကို ရှင်းနေရခြင်းကြောင့် လူမှုဘဝလောကမှာ သာယာစရာမရှိပါ။ ဘာကြောင့် ဒီပြဿနာပေါ်ပေါက်လာခဲ့ရသလဲ ဆိုရင် ဒီနိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်များ ဆိုးရွားမှုနဲ့ ဆုတ်ယုတ်မှုကြောင့်ပါပဲ။ ဒီစနစ်ဆိုး၊ စနစ်ယုတ်များကို ပြုပြင်ပြောင်းလဲနိုင်ရင် လူမှုစနစ်တစ်ခု အထက်တန်းရောက်ဖို့ အဟန့်အတား များစွာ ဖြတ်သန်းမှု လုပ်ရမှာပါပဲ။ အောင်မြင်ရေးတစ်ခု တည်ဆောက်လိုတဲ့ လူမှုအဖွဲ့အစည်းတစ်ခုဟာ ဆန့်ကျင်ဘက် အပြန် အလှန် (အနုလောမ-ရှေ့သွား၊ ပဋိလောမ-နောက်ပြန်) ရှိရမယ်။ ဆန့်ကျင်ဘက် အပြန် အလှန် မရှိတဲ့ လူမှုဘဝနိုင်ငံရေးစနစ်ဟာ (လူမှုစနစ်ဟာ) လူမှုစနစ်ကို မတည်ဆောက်နိုင်ပါဘူး။ လူမှုစနစ်ကို မတည်ဆောက်ပေးနိုင်တဲ့ နိုင်ငံရေးစနစ်ကို မြန်မာပြည်မှာ အချိန်လေး ကြာမြင့် ခဲ့တယ်။
အရင်းမဲ့တော်လှန်ရေး
လူမှုစနစ်တစ်ခုဟာ ပုံစံတစ်ခုတည်းနဲ့ မရပ်တည်ပါ။ ကြွယ်ဝမှုနဲ့ ဆင်းရဲမှု၊ ကောင်းမှု နဲ့ မကောင်းမှုများ ဒွန်တွဲစမြဲပါ။ မကောင်းမှု၊ ဆိုးမှု အားကောင်းချိန်မှာ အဲဒီစနစ်အောက် ရောက်ကြရသူ အားလုံးဟာ ဘေးအမျိုးမျိုး ရောက်ကြရစမြဲပါ။ ဒီလို စနစ်ဆိုး ရောက်သွား ရတာဟာ အရင်းရှင်စနစ် လွှမ်းမိုးသွားပြီး အရင်းရှင်အစိုးရ ဖြစ်သွားလို့ပါပဲ။ အဆိုးဘက်ကို ဦးတည်သွားတဲ့ လူမှုစနစ်တစ်ခုကို အခြားသော လူယဉ်ကျေး ပညာတတ်အလွှာ သမားများနဲ့ အခြေခံလူတန်းစားများက စုပေါင်းကြပြီး အဆိုးဖက်တွယ်တဲ့ စနစ်ထဲကို ဝင်ရောက်ပူးပေါင်း (ပေါင်းစည်းဖက်တွယ်) လိုက်ကြမယ်ဆိုရင် (အဆိုးထုတ်လုပ်တဲ့စနစ်) အဆိုးအောင်မြင်တဲ့ စနစ်ဟာ လျင်မြန်စွာ ရပ်ဆိုင်းသွားမှာပဲ။ နိုင်ငံရေးအရ အဆိုးမြင်တဲ့ ဝါဒီသမားတွေနဲ့မပူးပေါင်းဘဲ ငြိမ်နေရင် ဆိုးသူ (ဆိုးမှု)တွေက ပိုကဲလာပြီး ဒုက္ခလည်း ပိုကဲလာမှာပဲ။ မြန်မာတွေက ဒီလိုနိုင်ငံရေးလှည့်ကွက်၊ မြှုပ်ကွက်၊ ထင်ကွက်၊ ဟာကွက်တွေကို စိတ်ရှည်ရှည် မသုံးသပ်နိုင်ကြဘဲ ဖြောင့်ဖြောင့်ဆန့်ကျင်တတ်တဲ့ အကျင့်ကြောင့်၊ တစ်နည်းအားဖြင့် ရဲရဲ လုပ်ရဲသောကြောင့် အပြောင်းအလဲတွေ သိသိသာသာ ပြောင်းလဲသွားတာပါ။ ဒီလို ပြောင်းလဲ သွားအောင် အကွက်ချပြီး ထိန်းကျောင်းတဲ့စနစ် မပါပေမယ့် မြန်မာ့လူ့လောကစနစ် ပြောင်းလဲ သွားတာဟာ အရင်းမဲ့ တော်လှန်ရေးတစ်ရပ်ဖြစ်စဉ် အောင်ပွဲပါပဲ။ ဒီလို အဖြေရသွားတဲ့ လူမှုစနစ်တစ်ခုကို ရာစုနှစ်ဆယ် ကာလထဲမှာပဲ ပေါ်ထွန်းလာခဲ့တာပါ။
အမြတ်ဆုံးသတ္တဝါ
လူ့လောက၊ လူ့ဘဝ တည်ငြိမ်မှုတော့ ရကြပြီ။ သဘာဝလောကနဲ့ ဖြေရှင်းရတဲ့ ပြဿနာကတော့ အမြဲတမ်း ရှိနေဦးမယ်။ လူ့ဘဝ၊ လူ့လောကစနစ် ရသွားပေမယ့် သဘာဝ လောကနဲ့ ပြိုင်ဆိုင်ရသေးတဲ့ လူဘဝကြီးဟာ မပင်ပန်းဘဲ မရှိပါ။ ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံနိုင်တဲ့ သတ္တဝါထဲက လူသားသတ္တဝါဟာ အမာဆုံး၊ အခိုင်ဆုံး သတ္တဝါပါပဲ။ အမြတ်ဆုံး သတ္တဝါပါလို့လည်း တင်စားခေါ်ဆိုလောက်ပေရဲ့။
မြန်မာ့လူ့ဘောင်
လူမှုစနစ်ဟာ တည်ငြိမ်နေတာ မဟုတ်။ ပြောင်းလဲ လည်ပတ်နေပါတယ်။ ပြောင်းလဲ လည်ပတ်နေတဲ့သဘောကို ကြည့်ပြီး ရန်ဘက်ဖြစ်စဉ် မဟုတ်တဲ့ လူမှုစနစ်နဲ့ တွဲပေါင်းကြ ပြီး အနှစ်သာရ ပြည့်ဝတဲ့ “လူမှုဘဝနိုင်ငံရေးကို စုပေါင်းထိန်းကျောင်းတဲ့စနစ်နဲ့ နေရမယ်။ ဆုတ်ခြင်း၊ တက်ခြင်း သဘောတရားကို ကြည့်ပြီး ဆုတ်၊ တက် နှစ်ခုကြားမှာ တည်ငြိမ်မှ ရအောင် နိုင်ငံရေး (ဒိုင်ယာရီ) မှတ်တမ်းကို သေချာလုပ်ထားရမယ်။ နိုင်ငံရေး (ဒိုင်ယာ လက်တစ်) အဆင့်ဆင့် ပြောင်းလဲပြုပြင်ကြမယ့် နက်ရှိုင်းတဲ့မိမိရဲ့ နိုင်ငံရေးစနစ်ကို ခွဲခြမ်း စိတ်ဖြာပြီး အပြန်အလှန် (ပြောင်းလဲမှုမရှိတဲ့) ပေါင်းစည်းကြတဲ့စနစ်နဲ့ (လူယဉ်ကျေးတွေရဲ့ လုပ်တဲ့ အလုပ်မျိုးနဲ့) မြန်မာပြည်နိုင်ငံရေးစနစ်ကို လမ်းပြမြေပုံ ထားရမယ်။ သင်ကြားမှု လုပ်ပေးရမယ်။ တက်ကြွလှုပ်ရှားတဲ့ နိုင်ငံရေးစနစ်ကို ရှောင်ပြီး မြန်မာ့လူ့ဘောင်မှာ မြှုပ်နှံ ထားရမယ်။
လူထုအတွက် အကျိုးမရှိ
နိုင်ငံရေးဆိုတာ သင်ယူတာထက် ကိုယ်တွေ့ဆန်ဖို့ လိုပါတယ်။ ကိုယ်တွေ့မပါတဲ့ နိုင်ငံရေးဟာ မှားကွက်တွေ များပြီး ခက်ခဲမှုတွေ တွေ့ရတတ်တယ်။ အမှားချောင်းပြီးအမှတ်ပေါင်းတဲ့သူ၊ မာယာများတဲ့သူ၊ လှည့်ကွက်များတဲ့သူ၊ ပြကွက်များတဲ့သူ (နိုင်ငံရေး သမား)တွေဟာ နိုင်ငံရေးသမား မဟုတ်ပါ။ နိုင်ငံရေးဆိုတာ မတရားလုပ်တဲ့သူကို မတရား လုပ်တဲ့သူ၊ ဟန်ဆောင်သူကို ဟန်ဆောင်သူလို့ပဲ မြင်ရမယ်။ မတရားသူကို မတရားမှန်း သိပါလျက်နဲ့ ရှောင်လွှဲမှု လုပ်ကြမယ်ဆိုရင် အယောင်များတဲ့ နိုင်ငံရေးပဲ ဖြစ်မယ်။ အယောင် များ၊ အမှောင်များတဲ့ နိုင်ငံရေးဟာ လူထုအတွက် အကျိုးမရှိပါ။
ပြည်သူသာ အခရာ
လူထုအတွက် အကျိုးမများတဲ့နိုင်ငံရေးကို မြန်မာပြည်မှာ အတိတ်က ခံစားခဲ့ဖူး ကြပြီ။ ပစ္စုပ္ပန်မှာ အလွှမ်းမိုးမခံတော့ဘဲ အနာဂတ်ကာလကိုလည်း ပန်းတိုင်မရှိအောင် လုပ်ရမယ်။ နိုင်ငံရေးလုပ်တဲ့သူဟာ ဖိနှိပ်မှုပြင်းထန်တဲ့ နိုင်ငံရေးကို ခံစားခဲ့ဖူးမှ (ခံစားတတ်မှ) လှုပ်ရှားမှု အဓိပ္ပာယ်ရှိမယ်။ အဓိပ္ပာယ်ရှိတဲ့ အလုပ်လုပ်မှ တန်ဖိုးရှိမယ်။ လွယ်ကူစွာရတဲ့ အရာဟာ တန်ဖိုးမရှိပါဘူး။ ဒီထက် ကောင်းတဲ့အရာ ရှိသေးရင်လည်း တန်ဖိုးမရှိပါဘူး။ ဒါကြောင့် နိုင်ငံရေးဆိုတာ ပြည်သူဟာ အခရာပဲ။ ပြည်သူက သြဇာပဲ။ ပြည်သူက အင်အား ပဲ။ ခက်ခက်ခဲခဲရတဲ့အရာဟာ အလွန်တန်ဖိုးရှိပါတယ်။
ပြည်သူ့အစိုးရ မဟုတ်
အချို့သောအစိုးရတွေဟာ ပြည်သူကို လက်အောက်ခံသားအဖြစ် ထားပြီး ဖိနှိပ်မှု၊ ချုပ်ချယ်မှုအမျိုးမျိုး လုပ်တယ်။ အာဏာကို ပြည်သူထဲက မယူဘဲ ရှိတဲ့(ရတဲ့) အာဏာအတိုင်း ပြည်သူကို မထီမဲ့မြင်လုပ်တယ်။ စော်ကားတယ်။ ထိခိုက်အောင် လုပ်တယ်။ လေးစားတန်ဖိုး မှုမထားဘဲ ကျွန်သားများလို ပြည်သူကို ပြုမူဆက်ဆံတယ်။ ဥပဒေကို လေးစားမှု မရှိဘဲ ပြုထားတဲ့ ကတိကဝတ်တွေ ပျက်တယ်။ အများပြည်သူအကျိုးကို ဖျက်ဆီးတယ် ဆိုတဲ့ အစိုးရဟာ ဆန့်ကျင်ဆန္ဒပြစရာ မလိုပါ။ အလိုအလျောက်နဲ့ အရှက်ရပြီး ပျောက်ကွယ်သွား မယ်။ လူ့အဖွဲ့အစည်း လူ့အသိုက်အမြုံ၊ လူသားတို့မိသားစုကို အနိုင်ယူ၊ ဖျက်ဆီး၊ နှောင့်ယှက် သမှုပြုတဲ့ အစိုးရဟာ ပြည်သူ့အစိုးရ မဟုတ်ပါ။ ပြည်သူကို တန်ဖိုးမထားတဲ့ အစိုးရပဲ။ ဥပဒေကို ချိုးဖောက်ရန် ဝန်မလေးသော အစိုးရ၊ ဥပဒေကို ချိုးဖောက်ရဲသော အစိုးရဟာ “လူမှုဘဝနိုင်ငံရေး (ဒီမိုကရေစီ)” ကို ဖျက်ဆီးတာပဲ။
ပြည်သူ့ခေါင်းဆောင်
တိုင်းပြည်တစ်ပြည်မှာ ခေါင်းဆောင်သူက စာရိတ္တအရင်းအမြစ် မြတ်ရမယ်။ အာနိသင်ကောင်းရမယ်။ ဖက်ပြိုင်သူများကို ရဲဝံ့စွာ ယှဉ်ရဲရမယ်။ အရာခပ်သိမ်း ဖျတ်လတ်ရမယ်။ ပွင့်လင်းရမယ်။ တာဝန်မဲ့ မနေသူ ဖြစ်ရမယ်။ အရာဟူသမျှ ဖြေရှင်းရဲသူ ဖြစ်ရမယ်။ အဲဒီလို ခေါင်းဆောင်မျိုးဟာ “ပြည်သူ့ခေါင်းဆောင်”လို့ ခေါ်ထိုက်မယ်။ “ပြည်သူ့ခေါင်းဆောင်” အမည်ကင်ပွန်းတပ်ပြီး အဂတိလိုက်စားသူကို လက်သပ်မွေး၊ အကျင့်ကျွံသူကို မွေးစား၊ အောက်ခြေလူထုကို မတူမတန် ဆက်ဆံ၊ အပြောင်းအလဲ ခဏ ခဏ လုပ်၊ ဆိုးရွားတဲ့ အုပ်ချုပ်သူကို မြှောက်ပင့်၊ အခြေခံလူမှုပြဿနာကို ထိုးဆွတဲ့ ပြည်သူ့ခေါင်းဆောင်ဟာ ဆိုးရွားတဲ့ အခြေခံ ပြဿနာတွေနဲ့ပဲအချည်းနှီးဖြစ်သွားတယ်။ပြည်သူ့ခေါင်းဆောင်ဆိုတာစေ့စပ်ခြင်းအတတ်ပညာ၊အပေးအယူလုပ်ခြင်းအတတ်ပညာ၊ ပြည်သူ့စွမ်းအား မြှင့်တင်ခြင်း အတတ်ပညာ ကျွမ်းကျင်ရမယ်။
ပြည်သူတွေက –
(၁) ကိုယ်ပိုင်ယုံကြည်ချက်များ ဖော်ထုတ်ခြင်း၊
(၂) လုပ်ပိုင်ခွင့်များ တောင်းဆိုခြင်း
စတဲ့ စွမ်းရည်နှင့် လုပ်ပိုင်ခွင့် မြှင့်တင်တောင်းဆိုတဲ့အခါ ပြည်သူ့ခေါင်းဆောင်ဟာ ဦးဆောင် လမ်းညွှန်တတ်ရမယ်။ ထောက်ပြချက်တတ်ရမယ်။ ဥပမာ – ပြည်သူလူထုများ လိုလားတောင့်တချက် အရ အစိုးရရဲ့ ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှုမရှိရင် ပြည်သူ့ ခေါင်းဆောင်လုပ်တဲ့သူက လူထုလိုလားချက်ကို သိရမယ်။ အာနိသင်သက်ရောက်မှုရှိအောင် တည့်မတ်ပေးရမယ်။
ရေငုံနှုတ်ပိတ်နေခြင်းကြောင့်
ဒီမိုကရေစီ ကူးပြောင်းပြီးတဲ့ တိုင်းပြည်ဟာ ပြည်သူ့စွမ်းအား မြှင့်တင်ရေးအတွက် အခွင့်အရေး၊ အခွင့်အလမ်းပေးရမယ် (နိုင်ငံသားဖြစ်တဲ့ ပြည်သူပြည်သားတွေကို လုပ်ပိုင်ခွင့် အခွင့်အရေးပေးရမယ်)။ လုပ်ပိုင်ခွင့် အခွင့်အရေး မြင့်မြင့်မားမား ပိုင်ဆိုင်နိုင်ရန် ဥပဒေ ပြဋ္ဌာန်းပေးရမယ်။ ဥပဒေပြဋ္ဌာန်းပေး၍ ပြည်သူက သဘောပေါက်နားမလည်ရင် ဦးဆောင်သူ အစိုးရက အကောင်အထည် ဖော်ပြပေးရမယ်။ ဥပမာ- လယ်ယာမြေဥပဒေ ပြဋ္ဌာန်းပေးလိုက် ပေမယ့် လယ်လုပ်သူ လယ်သမားများအခွင့်အရေး၊ အခွင့်အလမ်း မဆုံးရှုံးအောင် အစိုးရ ကိုယ်တိုင်က ထိန်းသိမ်းပေးရမယ်။ စောင့်ရှောက်ပေးရမယ်။ များသောအားဖြင့် ဒီမိုကရေစီ ကူးပြောင်းစ တိုင်းပြည်တိုင်းမှာ နိုင်ငံရေးသမားတွေ ရေငုံနှုတ်ပိတ်နေခြင်းကြောင့် ဆုံးရှုံးမှု များပြားတာကို တွေ့ရတယ်။
ဒီမိုကရေစီအရင်းအမြစ်
ဒီမိုကရေစီတိုင်းပြည်မှန်ရင် –
(၁) ပြည်သူ့အခွင့်အရေးများ၊
(၂) နိုင်ငံရေး အခွင့်အရေးများကို အစိုးရက အာမခံခြင်း၊ လေးစားလိုက်နာခြင်းက အဓိကဖြစ်တယ်။ အစိုးရလုပ်သူကိုယ်တိုင်က အဓိကကျတဲ့အခြေအနေကို မသိ၊ နားမလည်ဘဲ လျစ်လျူရှုနေလိုက်ရင် ဒီမိုကရေစီဖြစ်ထွန်းမှု အညွှန်းကိန်းများ ဘယ်လိုမျိုးပဲ ပြည့်စုံပြည့်စုံ “ပိုးသာကုန် မောင်ပုံစောင်းမတတ်” ဆိုတဲ့ ဆိုညွှန်းချက်စကားပုံနဲ့ တူညီသွားမယ်။ ဒီမိုကရေစီ မှန်ရင် ပြည်သူတွေရဲ့ ပါဝင်မှု၊ ပြည်သူ့အခွင့်အရေး၊ ပြည်သူ့ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်နဲ့ပဲ ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက် မရရင် ဒီမိုကရေစီ ဒဏ်ရာရပြီလို့သာ မှတ်ရမယ်။
အရှင်တို့ရဲ့ တိုင်းပြည်ဟာ ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ကို မည်မျှ မြင့်မားလာကြပြီလဲ။ ကိုယ်တိုင်ဘဝ၊ ကိုယ်တိုင်ဖန်တီး၊ ကိုယ်တိုင်စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ချက် အရင်းအမြစ်များ ရုပ်ပိုင်းဆိုင်ရာ အဆင့်အတန်း၊ ပညာရေးအဆင့်အတန်း၊ လူမှုဘဝအဆင့်အတန်း မည်မျှ မြင့်တက်လာကြပြီလဲ။
ဒီမိုကရေစီရဲ့ အရင်းအမြစ်သဘော ဖြစ်တဲ့ –
(၁) စီးပွားရေးအရင်းအမြစ်၊
(၂) ပညာရေး အရင်းအမြစ်၊
(၃)လွတ်လပ်စွာ တွေးခေါ်မှု၊ ယူဆမှု၊ ကြံစည်မှု၊ စိတ်ကူးမှု၊ အရည်အသွေး၊ နိုင်ငံရေးမှာ ပါဝင်မှု အရင်းအမြစ်တွေကော ရကြ၊ ရှိကြပြီလား။
နိုင်ငံရေးလုပ်တဲ့သူဟာ ဖိနှိပ်မှုပြင်းထန်တဲ့ နိုင်ငံရေးကို
ခံစားခဲ့ဖူးမှ (ခံစားတတ်မှ) လှုပ်ရှားမှု အဓိပ္ပာယ်ရှိမယ်။
အဓိပ္ပာယ်ရှိတဲ့ အလုပ်လုပ်မှ တန်ဖိုးရှိမယ်။
ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၁၄-၂၂၀၊ အဝိဟိံသာနိုင်ငံရေး (၂၅)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။