နောင်တရတဲ့သူ၊
နောင်တမဖြစ်တဲ့သူ၊
နောင်တရစရာအကြောင်း မလုပ်တဲ့သူဟာ နောင်တရစရာ မရှိပါ။
စိုးရိမ်ပေးရမှုသက်သက်နဲ့ နေထိုင်သွားကြမယ် ဆိုရင် အရှင်တို့ဟာ
(၁) ဥစ္စာကို မရလို့ (မရှိလို့) စိုးရိမ်ရသူတစ်ယောက် ဖြစ်အောင် မနေပါ။
(၂) အတတ်ပညာမစုံလို့ (မရှိလို့) စိုးရိမ်ရသူတစ်ယောက် ဖြစ်အောင် မနေပါ။
(၃) ကောက်ကျစ်စဉ်းလဲသော အလုပ်ကို လုပ်မိလို့ စိုးရိမ်သူတစ်ယောက် ဖြစ်အောင် မနေပါ။
(၄) အသက်ကို သတ်မိလို့ စိုးရိမ်ရသူတစ်ယောက် ဖြစ်အောင် မနေပါ။
(၅) ကာမဂုဏ်အကျင့် မှားယွင်းမိလို့ စိုးရိမ်ရသူတစ်ယောက် ဖြစ်အောင် မနေ ပါ။
(၆) မလှူဒါန်းခဲ့ရလို့ စိုးရိမ်ရသူ ဖြစ်အောင် မနေပါ။
(၇)မိဘနှစ်ပါး မလုပ်ကျွေးခဲ့ရလို့ စိုးရိမ်ရသူ ဖြစ်အောင် မနေပါ။
(၈) ကျွေးမွေးပြုစုသော ဖခင်ကို မလေးစားမိလို့ စိုးရိမ်ရသူ ဖြစ်အောင် မနေပါ။
(၉) ပညာရှိသူများနဲ့ အတူတူ မနေခဲ့ရလို့ စိုးရိမ်ရသူ ဖြစ်အောင် မနေပါ။
(၁ဝ) ရောင့်ရဲသော အကျင့်တရားကို မကျင့်မိခဲ့လို့ စိုးရိမ်ရသူတစ်ယောက် ဖြစ်အောင် မနေပါ။
ဆိုတဲ့ ငယ်ရွယ်ကာလနဲ့ အိုမင်းကာလ နှစ်ပါးထားတဲ့ ချိန်ခွင်လျှာဟာ အရှင်တို့ နေထိုင်ရေးလောကကို ပြုပြင်ပြောင်းလဲပေးနေမှာပါ။ ငယ်က လုပ်ခဲ့၊ မလုပ်ခဲ့လို့ ကြီးမှ စိုးရိမ်ရတဲ့စိတ်မျိုး အရှင်တို့မှာ လုံလောက်မှု အပြည့်အဝ ရှိပါတယ်။ ကမ္ဘာ့လူဦးရေသန်း ၆ဝဝဝ ကျော်ဖို့ လူတွေ ကြိုးစားအားထုတ်နေကြတာ မဟုတ်ပါ။ လူဦးရေနောက်က နောင်တက လိုက်နေတာ မဟုတ်ပါ။ နောင်တနဲ့ အတူတူ လူဦးရေ ရှိနေပါတယ်။ ဒီလူ သန်းပေါင်း ၆ဝဝဝ ကျော်ကို စိုးရိမ်ပေးရမှုသက်သက်နဲ့ နေထိုင်သွားကြမယ်ဆိုရင် ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးမယ့်နိုင်ငံများ စိုးရိမ်ရခြင်းသက်သက်နဲ့ ဖြစ်နေကြရမယ်။ ကမ္ဘာ့လူဦးရေ တိုးနှုန်းဟာ တစ်နှစ်ကို ၇၈ သန်းနှုန်း တိုးပွားနေပါတယ်။ အေဒီနှစ် ၂ဝ၅ဝ ပြည့်နှစ် ရောက်ရင် ကမ္ဘာပေါ်မှာ လူဦးရေသန်းပေါင်း ၈၉ဝဝ အထိ ရောက်လာဖို့ သေချာတယ်။
တရားဝင် ဇယားဝင်တဲ့ပညာ
ယနေ့ လူဦးရေတွေ တိုးလို့ စိုးရိမ်ကြတဲ့လူတွေ ဘယ်နှဦး ရှိပါသလဲ။ စိုးရိမ်ကြပါ သလား။ အစားအစာ အလုံအလောက်ရဖို့ (ရှိဖို့) လုံလောက်တဲ့ ပြဿနာတွေ ဖြေရှင်းဖို့ ခဲယဉ်းတဲ့ ချို့ယွင်းတဲ့ကိစ္စတွေ ကူညီဖြေရှင်းပေးဖို့ ရှေ့ဆောင်လုပ်ရမယ့် လူမှုဘဝနိုင်ငံရေးတွေ ဘယ်လို သဘောထားမျိုး ရှိကြပါသလဲ ဆိုတဲ့ မေးခွန်းတွေကို မေးလိုက်ရင် မြန်မာပြည် နိုင်ငံရေးလောကရောက်တဲ့သူတွေ ဝိုင်းဝန်းပြီး စုပေါင်းစဉ်းစားသင့်တယ်။ ကမ္ဘာ့လူဦးရေ ၆ဝဝဝ ထဲက မြန်မာလူဦးရေ သန်း ၆၀ ပါပါတယ်။ သန်း ၆၀ ထဲက လူတွေဟာ ပြဿနာ အမျိုးမျိုး ရှိတဲ့သူတွေ မဟုတ်လား။ လူဦးရေတိုးနှုန်း များပြီး စားနပ်ရိက္ခာတိုးနှုန်းမရှိတဲ့ အခက်ကိန်းနဲ့ မဆုံတွေ့ရအောင် (အဆမတန်၊ မတန်တဆ) (ဆင်းရဲမွဲတေမှု မဖြစ်အောင်) မြန်မာတွေ ဘယ်လိုလုပ်ပြီး ဝိုင်းဝန်းကူညီ ဖြေရှင်းပေးကြမလဲ။ သန်းပေါင်း ၆၀ သော မြန်မာပြည်သူပြည်သားတွေကို နာဂစ်မုန်တိုင်းနဲ့ ပေးလိုက်လို့ မရပါ။ အရှင်တို့ဟာ အပါယ် ဘုံသား မဟုတ်ပါ။ အရွယ်အမျိုးမျိုး ဘုံသားတွေပါ။ မြန်မာပြည်သူ သန်းပေါင်း ၆ဝ ရဲ့ ပြဿနာကို အလွယ်ကူဆုံး ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းကို အသေချာဆုံး တိုင်းပြည်ကြီးပွား ရေး၊ နိုင်ငံရေးပညာက ဘယ်နေရာမှာ ငါတို့တွေ သင်ယူရမှာလဲ။ သို့မဟုတ် အဲဒီလိုပညာမျိုး ငါတို့တိုင်းပြည်မှာ မိဘဘိုးဘွားအစဉ်အဆက်က သင်ပေးခဲ့တာ ရှိရဲ့လား။ ပညာ (နိုင်ငံရေး ပညာ) သင်ယူရတဲ့အချိန်မှာ သင်မပေးဘဲ သန်းပေါင်း ၆ဝ သော လူထုတွေ နောင်တ အထွေထွေ (စိုးရိမ်ခြင်းအမျိုးမျိုး) ပေးလိုလို့၊ ဒါမှမဟုတ် ထားလိုလို့ (ငါတို့ရဲ့ မိဘဘိုးဘွား တွေက) နောင်တရအောင် ထားလိုက်လို့လား။ အရှင်တို့ကို အရှင်တို့ နောင်တတွေ ဖြစ်ရ မလား။ အရှင်တို့ဟာ အမြဲ ထီပေါက်တဲ့သူတွေ မဟုတ်ပါ။
အရှင်တို့ဟာ ဆင်းရဲမွဲတေသူအဖြစ် အရှင်တို့ မခံယူပါ။ မကြေညာပါ။ အရှင်တို့ ဘဝဟာ တံတိုင်းမဟုတ်ပေမယ့် ခြံစည်းရိုးတိုင်အဆင့်လောက်တော့ ခိုင်မာပါတယ်။ မပြည့်စုံ၊
မလုံမလောက်၊ မဝလင်တဲ့ မြန်မာလူမှုဘဝကို စုံလုံးကန်း၊ မမြင်ချင် မကယ်ချင်တဲ့သူတွေ ရှိနေလို့လား။ အဆင်မပြေလို့ ဆူပူမိရင် ဖော့လုံးနဲ့ မဆုံးမဘဲ ဓာတ်လုံး(သံလုံး၊ သံချောင်း) နဲ့ ဆုံးမတတ်တဲ့ ဦးဆောင်သူတွေရဲ့ထားတဲ့ စိတ်ဓာတ်တွေဟာ သင်္ခါရသဘောတရားအရ အလွန်ကြမ်းတမ်းတဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်နေတယ်။ အရှင်တို့ဟာ နိုင်ငံရေးနဲ့ မကင်းတတ်သူ ဖြစ်သည်ကြောင့် နိုင်ငံရေးအကြောင်းကို မတွေးဘဲ (မစဉ်းစားဘဲ) မနေနိုင်ပါ။ အဘိဓမ္မာ သဘောအရ လူ့ခန္ဓာအစိတ်အပိုင်းရဲ့ တစ်စိတ်တစ်ဒေသဟာ ကိုယ်၊ ကိုယ်ရဲ့အထိအတွေ့၊ ကိုယ့်အသိစိတ်ဖြစ်လာတဲ့ သဘောမျိုး သက်ဝင်လှုပ်ရှားတဲ့စိတ်ကြောင့် မိမိတိုင်းပြည်အရေး ကိစ္စကို မတွေးဘဲ (မပြော၊ မဆို) မနေနိုင်တာကတော့ အမှန်ပါပဲ။
ဒေသတစ်ခု ကြီးပွားတိုးတက်နေတာကို မမြင်ချင်လို့ မြန်မာတွေ လူမှုဘဝနိုင်ငံရေး ကို အခုမှ တော်လှန်ရေး စတင်နေတယ်လို့ မထင်(မမြင်)မိပါနဲ့။ ယနေ့ တော်လှန်ရေးဟာ အီလက်ထရွန်နစ်ခေတ်တော်လှန်ရေးကို ရောက်နေပါပြီ။ ပစ္စည်းမဲ့၊ လက်နက်မဲ့စတဲ့ ဘယ်သူ ဘယ်ပုဂ္ဂိုလ်ဝါဒ၊ ဝါဒီအကြောင်းတွေ တွေးဖို့ ရေးဖို့ စိတ်မကူးကြဘဲ မြန်မာတွေ တစ်သက် တာအတွက် နိုင်ငံရေးပညာကို အားထုတ်ကြိုးပမ်း သင်ယူကြရမယ်။ တရားဝင် ဇယားဝင်တဲ့ ပညာရေးကို မသင်ပေးခဲ့ရင် မိဘက သားသမီးများရန်သူဖြစ်ခဲ့တဲ့ အကြောင်းအရာ အထောက် အထားတွေ ရှိခဲ့ပါတယ်။ သတိပြုစေချင်ပါတယ်။
အချိန်နှင့်အမျှ ပြုပြင်
အရှင်တို့ဟာ အသက်ရှင်သန်တဲ့သူတွေပါ။ အသက်ရှင်သန်မှုအားလုံးဟာ အမှား မပြုမိဖို့ အရေးကြီးတယ်။ အမှားကျူးလွန်ခြင်း(မှ) ဖြစ်လာခဲ့ရတာဟာ နားလည်မှု၊ ရိုင်းပင်း ကူညီမှု၊ ထောက်ပံ့မှု၊ ပေးကမ်းမှု မရှိလို့ပါပဲ။ လူသားတွေရဲ့ အန္တရာယ်ကို ပြိုင်ဆိုင်မှ ကင်းရှင်းအောင် ကြီးမားတဲ့ စေတနာနဲ့ ဝိုင်းဝန်းကူညီ စောင့်ရှောက်ဖို့ မမေ့အောင် နေရမယ်။ လက်နက်ပြိုင်ဆိုင်သူ၊ အကြမ်းဖက်လုပ်သူ၊ နယ်ပယ်လုတဲ့သူ၊ ဆင်းရဲ ချမ်းသာ ကွာဟမှုကို ဖန်တီးတဲ့သူ၊ ကြီးနိုင်ငယ်ညှဉ်းတဲ့သူများ လူသားများ တုန်လှုပ်ချောက်ချားဖွယ်အဖြစ်ဆိုးများ မရောက်အောင် (မရှိအောင်) အချိန်နှင့်အမျှ ပြုပြင်ထိန်းသိမ်းနိုင်ရန် အရေးကြီးဆုံး ထားပြီး ဆောင်ရွက်ရမယ်။ အရှင်တို့ တောင့်တမှု၊ လိုအပ်မှုများဟာ အရှက်အကြောက်မရှိဘဲ တောင့်တ လိုအပ်မှု မဟုတ်ပါ။ ပြောင်းလဲနေသော လူမှုရေး၊ ကြီးကျယ်ခမ်းနားသော လူမှုရေးမဏ္ဍိုင်များ ပိုမို၍ ခိုင်ခံ့ခြင်းကိုသာ လိုလားနှစ်သက်မှု ရှိကြပါတယ်။
ယဉ်ကျေးမှုပေါင်းခြင်း ဆိုတဲ့ ပြဿနာယနေ့ နိုင်ငံရေးနောက်ကွယ်က ကျရောက်စေနိုင်တဲ့ ပြဿနာတစ်ရပ်မှာ တစ်ပေါင်းတစ်စုတည်းသော ယဉ်ကျေးမှုပေါင်းခြင်းဆိုတဲ့ ပြဿနာကြီးတစ်ခု ရှိနေပါတယ်။ ဒီပြဿနာ မြန်မာ့လူ့ဘောင်လောကထဲကို တဖြည်းဖြည်း ဝင်ရောက်ပူးကပ် (ပူးသတ်)လာနေပါပြီ။ မြန်မာများ ကာကွယ်ဖို့လား၊ လေးစားလိုက်နာဖို့လား၊ စဉ်းစားထားကြပါ။ နိုင်ငံရေးရဲ့အဆုံး အစွန်ဟာ ယဉ်ကျေးမှုနဲ့ အကျင့်စာရိတ္တနဲ့ပဲ ဆုံးဖြတ်မှု လုပ်ကြမယ်။ အဲဒီအဆုံးအဖြတ်ဟာ မြန်မာနိုင်ငံရေးလောကမှာ ဘာတွေများ ပြင်ဆင်ထားကြပြီလဲ။ မြန်မာပြည်နိုင်ငံရေး ရွေး ချယ်မှု မမှားဖို့ (အရွေးမမှားဖို့) လိုအပ်တယ်။ ရွေးကောက်ခြင်း၊ ရွေးချယ်ခြင်း ဆိုတာ ရွေးသူက အရေးကြီးပါတယ်။ မရွေးတတ်ရင် အကုန်အစင် ရွှေ့ကြမယ် ဆိုတာကိုလည်း သတိထားရမယ်။ ရွေးချယ်မှု ဆိုတာ ကြိုက်မှ ရွေးချယ်သင့်ပါတယ်။ မကြိုက်ဘဲ ရွေးရင် (ယူရင်) မရွေးဘဲနဲ့ ယူတဲ့အယူမျိုးဟာ ကံပဲလို့ အဆုံးအဖြတ် မဖြစ်စေနဲ့။ လူတွေ ထားတဲ့ အသိတရားဟာ ကံမဟုတ်ပါ။ ဉာဏ်တွေ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ ဉာဏ်တုံးရင် ကံပါ ရှုံးပါတယ်။ မှောက်ပါတယ်။
နေ့ခင်းချိန် မီးထွန်းတဲ့သူ မဖြစ်ဖို့
နိုင်ငံရေးလောကမှာ စိတ်ကောင်းနှလုံးကောင်း ရှိဖို့၊ ကူညီရိုင်းပင်းတတ်တဲ့ အကျင့် ရှိသူတွေ ဖြစ်ဖို့ လိုပါတယ်။ စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူဟာ အပြစ်မမြင်တာ၊ အထင် အမြင် သေးတာ၊ ကြီးတာ မရှိပါ။ (မဖြစ်တတ်ပါ) အသိအလိမ္မာ ဆင်ခြင်ဉာဏ် တိုးတက် မြင့်မားတဲ့သူဟာ ပစ္စည်းဥစ္စာ တိုးတက်ရေး၊ ဂုဏ်သိက္ခာမြင့်မားရေး၊ ထင်ပေါ်ကျော်စောရေး အတွက် မရုန်းကန်ပါ။ အလိုမပြည့်မီ သေရသူချည်း ဆိုပေမယ့် မကျေမနပ်ဘဲ နိုင်ငံရေးဘဝ တစ်ခု ကုန်ဆုံးရတာမျိုး မဖြစ်သင့်ပါ။ အရာရာတိုင်းကို မကျေမနပ်ဘဲ မဖြစ်ပါနဲ့။ ဖြစ်ချင် လွန်းလို့ အားမလို အားမရဖြစ်ရတဲ့အဖြစ်ဟာ လောကကြီး အေးချမ်းသွားမယ်လို့ မထင်နဲ့။ ဒီလောကကြီးဟာ လောဘကြီးကြီး၊ အာသာငမ်းငမ်း၊ အတ္တများများ လူဖြစ်ရကျိုးနပ်အောင် ကြိုးစားအားထုတ်တဲ့သူကို သူ့အတွက်နဲ့ အားမလို၊ အားမရ မဖြစ်လိုက်ပါနဲ့။ သူ့ပြဿနာနဲ့သူပဲ ရှိမယ် ဆိုတာကိုလည်း သိထားဖို့ လိုပါတယ်။ နေ့ခင်းချိန် မီးထွန်းတဲ့သူ မဖြစ်ဖို့ လိုတယ်။
အဆုံးသတ်နည်း တတ်ရမယ်
အရှင်တို့ဟာ ရန်သူမရှိတဲ့ သမင်များပမာ သတိရှိရမယ်။ ရန်ငြိုးမရှိတဲ့ မုဆိုးတို့ရဲ့ အကျင့်ကို သတိပြုရမယ်။ အနိုင်ယူချင်သူ၊ ပိုင်ဆိုင်ချင်သူ၊ ဖြိုခွဲသူတွေကို သတိပြုရမယ်။ နိုင်ငံရေးအာဏာ၊ သို့မဟုတ် လူမျိုးတစ်မျိုးလုံးရဲ့ အစိုးရမှုကို ဖြိုခွင်းတဲ့နည်းကို နားလည် ထားရမယ်။
(၁) တည်ဆောက်ထားသော ချစ်ခြင်းအင်အား၊
(၂) စုစည်းထားသော အင်အား။
(၃) တည်ငြိမ်မှုအင်အားသုံးပါးကို တောင့်တင်းခိုင်မာအောင် နေတတ်ရမယ်။ နိုင်ငံရေးလုပ်တဲ့ သူဟာ ထိတ်လန့်ကြောက်ရွံ့စိတ် မထားရပါ။ ပဋိပက္ခ (နှစ်စု၊နှစ်ဖွဲ့)ကို ပြင်ဆင်ပေးနိုင်ရမယ်။ တစ်ဖက်သတ်ကို အညီအမျှ လုပ်ပေးရမယ်။ မေ့နေသူကို သတိပေးရမယ်။ ကင်းကွာမှုကို စေ့စပ်ပေးရမယ်။ အလှမ်းကွာမှုကို နီးစပ်ပေးရမယ်။ အဆီးအခြားကို စေ့စပ်ပေးရမယ်။ နားမလည်မှုကို ရိုးရိုးဖြောင့်ဖြောင့် ဆက်ဆံရမယ်။ ဆိုးဝါး မှုကို နားလည်မှုနဲ့ လုပ်ပေးရမယ်။ ဆင်းရဲကင်းရေး ဖြစ်ရမယ်။ မျှော်ကိုးရေး မဟုတ်ရ။ မငဲ့မစောင်း ဖြစ်ရမယ်။ အင်အားသုံးမှု၊ တိုက်ခိုက်မှု၊ နှိမ်နင်းမှု၊ ပြိုင်ဆိုင်မှု မဖြစ်အောင် အဆုံးသတ်နည်း တတ်ရမယ်။
နိဂုံးအားဖြင့် . . . . .
“လူတို့၏နေထိုင်ရာ ဤကမ္ဘာမြေတွင် လူတို့အား အကြွင်းမဲ့ ခြိမ်းခြောက်နေမှ သဘောတရားများ မရှိရန် လိုအပ်၏။ ကိုယ်ကျိုးမဖက် (မမက်)ကြသူ၊ တစ်ကိုယ်ကောင်း မဆန်သူ၊ ကိုယ်ကျိုးသက်သက် မကြည့်သူ၊ အကျိုးမဲ့နည်းများ မပြုလုပ်သူများ ဖြစ်ထွန်းရန်လို၏။”
(ငြိမ်းချမ်းမှုနှင့် သင့်မြတ်မှုစာအုပ်၊ စာမျက်နှာ- ၂၈)
ဆိုတဲ့စကားအတိုင်း မြန်မာအတည် ကမ္ဘာအတည် ဖြစ်ရန် လိုပါတယ်။
ယနေ့ နိုင်ငံရေးနောက်ကွယ်က ကျရောက်စေနိုင်တဲ့ ပြဿနာတစ်ရပ်မှာ
တစ်ပေါင်းတစ်စုတည်းသော ယဉ်ကျေးမှုပေါင်းခြင်း ဆိုတဲ့
ပြဿနာကြီးတစ်ခု ရှိနေပါတယ်။
ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၅၅-၁၅၉၊ အဝိဟိံသာနိုင်ငံရေး (၁၅)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။