Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၁၁)

အကြောက်တရားနဲ့ ရင်ဆိုင်ရတဲ့ ဘဝဟူသမျှ အရှုံးချည်းပါပဲ။

မြန်မာ့နိုင်ငံရေးဇာတ်ခုံ

ဘူမိပညာရှင်တွေက ဒီကမ္ဘာကြီးစတင်ခဲ့တာ နှစ်သန်းပေါင်း လေးထောင်အထက်က ဆိုပေမယ့် လူမှုဘဝနိုင်ငံရေး ဘယ်အချိန်က စတင်ခဲ့သလဲ ဆိုတာ ယနေ့ထိ သဲသဲကွဲကွဲ မပြောဆိုနိုင်ကြပါဘူး။ သတ္တဝါတွေ၊ အိုးအိမ်တွေ စတင်ထူထောင်ပြီးနေတာ ကြာလှပါပြီ။ အစုအဖွဲ့ နေထိုင်တာလည်း ကြာနေကြပါပြီ။ အတွေးအခေါ်အယူအဆ ယဉ်ကျေးမှုပြောင်းလဲ လာတဲ့ လူမှုဘဝအကြောင်းကို ရှည်ရှည်ဝေးဝေး မကြည့်ဘဲ မြန်မာပြည်လူမှုဘဝ နိုင်ငံရေး ဖြစ်စဉ်ကိုပဲ ကြည့်ပါ။ လူမျိုးစုံတော့ ဖြစ်ရပ်စုံနေတာပါပဲ။

အရှင်တို့ရဲ့ တိုင်းပြည်အကြောင်းကို ကြည့်ရင် ၁၉၄၇ ခုနှစ်က လျင်လျင်မြန်မြန် ရွေ့လျားသွားတဲ့ မြန်မာ့နိုင်ငံရေးဟာ ဝန်ကြီးချုပ်ဟောင်းတစ်ဦးရဲ့ “သူသာလျှင် မြန်မာပြည် ကို အုပ်ချုပ်ရမယ့်လူ အမှန်တကယ် ဖြစ်တယ်”လို့ ခံယူခဲ့တဲ့ လူတစ်ဦးရဲ့ ဆန္ဒကြောင့် မှောက်မှောက်မှားမှား မှားခဲ့တဲ့နိုင်ငံရေးကိစ္စက စခဲ့တာ ယနေ့တိုင်အောင် မဆုံးနိုင်အောင်ပါပဲ။ ဒီဘက်နောက်ပိုင်း နိုင်ငံရေးဖြစ်စဉ်တွေကို ကြည့်လိုက်ပြန်ရင်လည်း “သူသာလျှင် မြန်မာ ပြည်ကို ကယ်တင်နိုင်မယ့်လူ အမှန်တကယ်ဖြစ်တယ်”ဆိုတဲ့ (သူလည်း) ခံယူခဲ့တဲ့ လူကြီး လည်း ပေါ်ပေါက်လာတော့ လူထုတွေက နိုင်ငံရေးဇာတ်ရည်မလည်သေးတာကြောင့် အုတ် ရောရော၊ ကျောက်ရောရောနဲ့ ကိုးကွယ်အားထားရာ ရှာကြတာပေါ့။ ရှင်ကြီးအားကိုးပါတယ် ဆိုမှ ရှင်ကြီးက ကျားကြီးထက်ဆိုးတဲ့ မြန်မာ့နိုင်ငံရေးဇာတ်ခုံဟာ “နောင်လာမယ့် မောင်ပုလဲ ဒိုင်းဝန်မင်းထက်ကဲ” ဆိုတဲ့ စကားများလို မဖြစ်ဖို့ မြန်မာ့နိုင်ငံရေးဇာတ်ခုံကို အကဲခတ်ပြီး တော့ ပြန်ကြည့်ရအောင်ပါ။

 ပြည့်စုံသောအစိုးရ

လူမှုရေးလောကအကြောင်းကို လေ့လာရင် .-
(၁) လူမှုရေးကိစ္စ
(၂) အခွင့်အာဏာကိစ္စ
(၃) အုပ်စိုးသူကိစ္စ မပေါ်ပေါက်မီက လူတွေဟာ အသိဉာဏ်ရည် သန့်ပြန့်ပြီး ရိုးသားဖြူစင်နေမယ်လို့ ထင်တယ်။ ဖော်ပြထားတဲ့ ကိစ္စသုံးပါး စတင်ပေါ်ပေါက်လာ ကတည်းက လူမှုအဖွဲ့အစည်းဟာ ပဋိပက္ခပြဿနာ၊ ဝိရောဓိတွေ ပေါ်လာတော့တာပဲ။ ပညာရှင်ကြီးတွေက “အကြီးအကဲလုပ်တဲ့သူဟာ စံပြပဲ ဖြစ်ရမယ်”လို့ ပြောဆိုထားပါတယ်။ တိုင်းပြည်၊ သို့မဟုတ် နိုင်ငံတစ်ခုဟာ “စားနပ်ရိက္ခာ ဖူလုံရန်” အရေးကြီးတယ်။ ဒီနေရာမှာ အကြီးအကဲလုပ်သူတွေရဲ့ အရည်အချင်းဟာ ပြည့်ဝခိုင်မာဖို့ အလွန်အရေးကြီးတယ်။ များသော အားဖြင့် လူ့အဖွဲ့အစည်းတစ်ခု (အစိုးရတစ်ဖွဲ့)ဟာ တန်ခိုးအာဏာရရုံနဲ့ ပြည့်စုံသော နိုင်ငံရေး ပြည့်စုံသောအစိုးရ (ကောင်းသောအစိုးရ) မဖြစ်နိုင်ပါ။ ပြည့်စုံသော နိုင်ငံရေး၊ ပြည့်စုံသော အစိုးရ ဆိုတာ –

(၁) ပြည်သူ့ဆန္ဒအမှန်ကို အမြဲလေ့လာ၍ ပြည်သူ့ထံမှ ရှိသော၊ ရသော မူကို ကျင့်သုံးခြင်း။

(၂) မိမိကိုယ်မိမိ သုံးသပ်ဆင်ခြင်ပြီး ပြုပြင်ပြောင်းလဲပေးခြင်းကသာ ပြည့်စုံသော နိုင်ငံရေး၊ ပြည့်စုံသောအစိုးရလို့ ခေါ်ဆိုနိုင်လောက်တယ်။

လျှို့ဝှက်ထိမ်ချန်လို့မရ

ခေတ်ကာလအချိန်အခါက နည်းပညာဖွံ့ဖြိုးတိုးတက်မှုများနှင့် ယှဉ်လာရသော နိုင်ငံရေး (ယှဉ်ပြိုင်မှု)ခေတ်ကြီးမှာ အုပ်စုကြီးများ စုဖွဲ့၍ ထုထည်ကြီးမားတဲ့ နိုင်ငံရေးလှိုင်း ကြီးများ ထလာသောခေတ်ကြီး ဖြစ်တာကြောင့် နိုင်ငံရေးဟာကွက်တွေကို ချက်ချင်း တုံ့ပြန် မှုပေးတဲ့လောကမှာ နည်းပညာမတတ်မြောက်တဲ့နိုင်ငံရေးသမားတစ်ယောက်နောက်ပေါက်ကနေနောက်ကောက်လိုက်ခြင်းသက်သက်နဲ့ပဲ နိုင်ငံရေးဇာတ်ခုံပေါ်မှာ ကျလဲသွားမယ်။

နိုင်ငံရေးမှာ –

(၁) လွတ်လပ်သော ဈေးကွက်စနစ်
(၂) လူ့အခွင့်အရေးစနစ်
(၃) အမျိုးသားနိုင်ငံရေးအခြေပြုသော နိုင်ငံတကာဆက်ဆံရေးစနစ်များ (ပြည့်ပြည့်စုံစုံ ရှိပေမယ့် မိမိလူမျိုးစုဝင်နဲ့ ကိုက်ညီမှုမရှိသော နိုင်ငံရေးစနစ်ဟာ ပြုပြင်လို့ မဆုံးနိုင်တဲ့နိုင်ငံရေး ဖြစ်သွားမယ် ဆိုတာကို သိထားရမယ်။ ) 

ယနေ့နိုင်ငံရေးစနစ်ဟာ “ကွန်ရက်ချိတ်ဆက်စနစ်” (Network)နဲ့ ကျင့်သုံးကြတဲ့ နိုင်ငံရေးဖြစ်ပါတယ်။ သံတမန်ချိတ်ဆက် စနစ်ရိုးရိုးလေးမဟုတ်ဘဲ တစ်နိုင်ငံလုံးရဲ့ လှုပ်ရှား မှ ပုံစံအမျိုးမျိုးကို လျှို့ဝှက်ထိမ်ချန်လို့မရတဲ့ နိုင်ငံရေးခေတ် ဖြစ်ပါတယ်။ (နိုင်ငံရေးစနစ် ဖြစ်ပါတယ်)။ ဒီလို နိုင်ငံရေးစနစ်ပုံစံမျိုး ရောက်လာအောင် ဖန်တီးလာတာကလည်း လူသား တွေပါပဲ။ လိမ်ညာကင်းတဲ့နိုင်ငံရေးလောက ရောက်အောင် လူတစ်ဦးချင်းရဲ့ နိုင်ငံရေးအသိ ပညာအကြောင်းကို လေ့လာနိုင်ရန်အတွက် ချိတ်ဆက်နည်းစနစ်ပါတဲ့ နိုင်ငံရေးကွန်ရက်များ စတင်လာပြီဆိုတာ နိုင်ငံရေးကို လေ့လာသူတိုင်း သိရမယ်။ အရှင်တို့ငယ်ငယ်က နိုင်ငံရေးကို လူတန်းစားများ စီးပွားတိုးတက်ရေးနဲ့ အစိုးရအာဏာရရေးအတွက် သဘောတရား ဆောင် ရွက်ချက်ဟာ “နိုင်ငံရေး”လို့ ဖွင့်ဆိုပြတယ်။

နိုင်ငံရေးလုံခြုံမှ

အရှင်တို့ နေထိုင်တဲ့ကမ္ဘာဟာ လူ့အဖွဲ့အစည်းများစွာ ရှိကြပါတယ်။ သူ့အဖွဲ့အစည်း နဲ့ သူ၊ သူ့အတန်းအစားနဲ့သူ နေထိုင်ကြတာမို့ လူတန်းစား အမျိုးမျိုး အစားစားအတိုင်း ကိုယ်ပိုင်စီးပွားရေးနဲ့ ကိုယ်ပိုင်အကျိုးတရားတိုးတက်အောင် အားထုတ်ပြီး နေထိုင်ကြတယ်။ သူတို့ရဲ့လူနေမှုဘဝကို ငွေကြေးချမ်းသာသူများက လုပ်ချင်သလို လုပ်လို့မရအောင် အုပ်စိုးသူ အစိုးရရဲ့အာဏာကို ပြည်သူတွေကပဲ ချုပ်ကိုင်ထားတယ်။ အဲဒီခေတ်ရဲ့အချိန်အခါဟာ ယခင် ရှေးကာလက အမျိုးမျိုး ဖြစ်ပျက်ခဲ့ပြီးပြီ။ ခုခေတ်ကာလမှာတော့ ပေါင်းစည်းထားတဲ့နိုင်ငံရေး ကွန်ရက်စနစ်ကြောင့် ချိတ်ဆက်မှုနိုင်ငံရေးစနစ်ဟာ လူမှုကမ္ဘာမှာ ရွာတစ်ရွာသာသာလောက် သာ ရှိတော့တယ်။ နိုင်ငံရေးလုံခြုံမှုမှာလည်း ခက်ခဲတဲ့ကိစ္စ မရှိတော့ပါဘူး။ မိမိ ယုံကြည်ရသူ ဖြစ်ရင် နိုင်ငံရေးလုံခြုံမှု ရှိတာပါပဲ။ ခက်ခက်ခဲခဲ လုပ်စရာမလိုတော့ပါဘူး။ ပေါ့ပေါ့ပါးပါး လေးနဲ့ လုံခြုံနိုင်ပါတယ်။

လုံခြုံရေးနဲ့ ပတ်သက်ရင်  –

 (၁) ဘုံလုံခြုံရေး
(၂) ဘက်စုံလုံခြုံရေး
(၃) ပူးပေါင်းလုံခြုံရေး
(၄) စုပေါင်းလုံခြုံရေး
(၅) စုပေါင်းကာကွယ်လုံခြုံရေး

စတဲ့ လုံခြုံမှုကိစ္စတွေ တစ်ကမ္ဘာလုံးက ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် လူမှုဘဝ နိုင်ငံရေးအတွက် အနှောင့်အယှက်ဖြစ်စရာ အကြောင်း မရှိပါဘူး။ သဘောတရားအရ နိုင်ငံရေးဆိုတာ ခြိမ်းခြောက်ခြင်း၊ ယှဉ်ပြိုင်ခြင်း၊ ဝေဖန်ခြင်း၊ ချီးမွမ်းခြင်း၊ အားပေးခြင်း၊

ဆန့်ကျင်ခြင်း၊ ပုတ်ခတ်ခြင်း၊ သမာမှု၊ မသမာမှု၊ လာဘ်ပေးခြင်း၊ လာဘ်ယူခြင်း၊ မျှတခြင်း၊ မမျှတခြင်း စသည့်ပြဿနာများသာ ရှိကြစမြဲပါပဲ။ နိုင်ငံရေးဝါဒရေးရာ သဘောတရား အကြောင်းတွေကို နားမလည်ကြသူတွေက နိုင်ငံရေးအကြောင်းအရာ အသံဗလံများ အမျိုးမျိုး ကြားရရင် စိုးရိမ်ပူပန်မှုတွေထားပြီး အမှားမှားအယွင်းယွင်း ဖြစ်လာမှာကို ကြောက်တယ်။ အကြောက်တရားသက်သက်နဲ့သာ စခဲ့တဲ့ နိုင်ငံရေးနိဒါန်းဟာ အင်အား ဘယ်လိုပဲ များများ ခါးသီးတဲ့နိုင်ငံရေးအရသာ ခံစားရမှာ သေချာတယ်။

ပြည်သူ့အာဏာ

နိုင်ငံရေးလောကမှာ ပြည်သူ့ကိုယ်စားလှယ်များနဲ့ အုပ်ချုပ်ရေးစနစ် မပေါ်ပေါက်မီ ပြည်သူတိုင်း နိုင်ငံတော်ရဲ့အရေးကိစ္စကို ပါဝင်စည်းဝေးဆုံးဖြတ်ခွင့် အာဏာရှိရမယ်။ အဲဒီ နိုင်ငံရေးဟာ ကနဦးအစ လူမှုဘဝနိုင်ငံရေး (ဒီမိုကရေစီ) လို့ခေါ်တယ်။ ခုခေတ် ကျင့်သုံးတဲ့ နိုင်ငံရေးကတော့ ပြည်သူ့ကိုယ်စားလှယ် ရွေးကောက်တင်မြှောက်တဲ့စနစ်ပါပဲ။ (လူထုရဲ့ အလုပ်အကျွေးပြုတဲ့ နိုင်ငံရေးစနစ်ပါပဲ)။

ဒီနိုင်ငံရေးစနစ်ဟာ –

 (၁) ဥပဒေပြုရေး 
(၂) တရားစီရင်ရေး
(၃) အုပ်ချုပ်ရေးနဲ့
(၄) စာနယ်ဇင်းရေး

ဆိုပြီး ကဏ္ဍကြီးအဖြစ် ၄ မျိုး ထားရှိတယ်။ ဒီ ၄ မျိုးထဲက နံပါတ် ၁၊ ၂၊ ၃ ခုဟာ ပြည်သူလူထုစရိတ်နဲ့ ရပ်တည်နေတဲ့ ကဏ္ဍဖြစ်ပြီး နံပါတ် ၄ ကဏ္ဍမှာတော့ မိမိ စရိတ်နဲ့ ရပ်တည်နေတဲ့ကဏ္ဍ ဖြစ်ပါတယ်။ အဲဒီ နံပါတ် ၄ ကဏ္ဍမှာ ပါဝင်ဆောင်ရွက်တဲ့ သူတိုင်းမှာ အမှန်ဘက်က ရပ်တည်ဆောင်ရွက်ရတဲ့ကဏ္ဍ ဖြစ်တဲ့အတွက် ပြည်သူ့အတွက်ကို နိုင်ငံတော်အာဏာစက်နဲ့ ဆောင်ရွက်ပေးရမယ်။ နိုင်ငံတော်အာဏာဆိုတာ ပြည်သူ့အာဏာပါပဲ။

ကမ္ဘာပေါ်မှာ အရင်းရှင်စနစ်ကြောင့် ကမ္ဘာစစ်ကြီး ဖြစ်ခဲ့ရတာကို သတိထားမိကြ မယ်။ အရင်းရှင်တွေရဲ့ စရိုက်ဉာဉ်ဟာ ခုချိန်ထိ ကုန်ဆုံးသွားပြီလို့ မထင်ပါနဲ့။ သူတို့တွေရဲ့ စက်ရပ်ဝန်းဟာ နံပါတ် ၄ ကဏ္ဍ နိုင်ငံရေးစနစ်နဲ့ လည်ပတ်နေပါတယ်။ အဆိုးကို သံသယ ပွားအောင် ပွားတတ်တဲ့သူတို့ရဲ့ ဆောင်ရွက်ချက်တွေဟာ ကိုယ်ပိုင်ကျောက်သင်ပုန်း(ipad) ထဲမှာ ရေးထားဖို့လည်း မမေ့ပါနဲ့ဦး။ အရှင်တို့ငယ်ငယ်က ကိုယ်ပိုင်စာအဖြစ် သင်ခဲ့တဲ့ ကျောက်သင်ပုန်းထဲမှာ ရေးထားတဲ့ စာပိုဒ်ကလေး ရှိတယ်။

“ညအခါ လသာသာ
ကစားမလား၊ နားမလား”
တဲ့။

သူသာလျှင် မြန်မာပြည်ကို အုပ်ချုပ်ရမယ့်လူ အမှန်တကယ်ဖြစ်တယ်လို့ ခံယူခဲ့တဲ့ လူတစ်ဦးရဲ့ဆန္ဒကြောင့် မှောက်မှောက်မှားမှား မှားခဲ့တဲ့နိုင်ငံရေးကိစ္စက စခဲ့တာ ယနေ့တိုင်အောင် မဆုံးနိုင်အောင်ပါ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၃၄-၁၃၈၊ အဝိဟိံသာနိုင်ငံရေး (၁၁)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version
ကြော်ငြာထည့်သွင်းရန်
၀၉-၇၅၈၀၅၈၂၅၈
သို့ဆက်သွယ်ပါ။

ဆာဗာကြေးလှူဒါန်းထားသည်။