Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၈)

(၁) သည်းခံခြင်း
(၂) မေတ္တာ၊ ကရုဏာထားခြင်း
(၃)မကောင်းမှု ဒုစရိုက်များကို ရှက်၊ ကြောက် ရှောင်ကြဉ်ခြင်းတို့သည် တိုင်းပြည်အတွက် ငြိမ်းချမ်းသာယာမှုနှင့် တိုးတက်မှုတို့ကို အထောက်အကူပြုနိုင်သော နည်းလမ်း၊ သို့မဟုတ် တရားတော်(ဓမ္မ) ဖြစ်သည်။

တာဝန်ရှိတဲ့လူသား
လူဟာ မကောင်းမှုကို ရှက်ကြောက်တတ်ရမည်။ မကောင်းမှုကို မရှက်၊ မကြောက်ဘဲ ရဲရဲကြီးပြုတဲ့သူဟာ လောကအကျိုးကို ဖျက်ဆီးတဲ့သူလို့ပဲ မြင်ကြမယ်။ ယနေ့ခေတ်ဟာ ကိုယ်ကျင့်တရားနဲ့ပတ်သက်ရင် အလွန်ကို ဆုတ်ယုတ်ကြပြီ။ လျော့ရဲကျ ဆင်းကြပြီ။ အဲဒီလို စိတ်နေစိတ်ထားဆုတ်ယုတ်ကျဆင်းမှု ဖြစ်လာကြရင် တောင့်တမှုတွေ၊ လိုအပ်မှုတွေ များပြားလာကြတော့မှာပဲ။ တောင့်တမှု၊ လိုအပ်မှု များပြားမှု ရှိလေသမျှ လောကတစ်ခုလုံး ချမ်းသာအေးမြမယ် မဟုတ်။ မချမ်းသာသော လူမှုဘဝ ရှိလေသမျှ ကာလပတ်လုံး သည်းခံခွင့်လွှတ်ကြခြင်း စိတ်ထားများ ရှိနိုင်ကြမှာ မဟုတ်။

လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို လူသားတွေ ဘယ်အထိ ကြိုးစားဆောင် ရွက်လာခဲ့ကြပြီလဲ ဆိုတာ မြင်နိုင်ပါတယ်။ အဲဒီအတွေ့အကြုံနဲ့ လူတွေ နောင်တမရကြပါ။ လက်ရှိ ကမ္ဘာပေါ်မှာ လူသားတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို အစိုးရက လုပ်ပေးနိုင်ကြပြီ လား။ သူ့အကျိုး၊ ကိုယ့်အကျိုးမပျက်အောင် ယနေ့မြင်ကွင်းအစုံမှာ ရှိနေတဲ့ လူထုစီးပွားရေးကို အတူတူ ကာကွယ်ရန် လုပ်နိုင်ကြပြီလား။ ဒါမှမဟုတ် တိုင်းပြည်ရဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေ ဆောင်ရွက် လုပ်ကိုင်နိုင်ကြပြီလား။တိုင်းပြည်အကျိုးကို ရွက်ဆောင်တဲ့သူတွေ စီမံဦးစီးမှု လုပ်တတ်ကြပြီလား။
အရှင်တို့ လက်ရှိအခြေအနေဟာ အများက ချမ်းသာကြွယ်ဝတဲ့ သူလို့ပဲမြင်မြင်၊ ဆင်းရဲသူလို့ပဲပြောပြော မိမိကိုယ်မိမိ ချမ်းသာသူ၊ ဆင်းရဲသူအဖြစ်နဲ့ မခံယူစေချင်ပါ။ အရှင်တို့ဟာ လူသားတွေ ဖြစ်ကြပါတယ်။ အမှား၊ အမှန်ကို နားလည်တယ်။ ဆင်းရဲ၊ ချမ်းသာ နားလည်တယ်။ ချစ်ခင်မှု ကြင်နာမှုတရားနဲ့ နားလည်တယ်။ ရိုးသားမှု ဖြူစင်မှု တရား ရှိတယ်။ လူသားနဲ့တူတဲ့တရား ရှိပါလျက်နဲ့ တစ်ဖက်က လူသားတွေက ဖိနှိပ် နှောင့်ယှက်ကလူပြုကြတာဟာ လူ့တာဝန်မသိတဲ့သူကို အရှင်တို့ မေတ္တာမပျက်ပါလို့ ဆိုနိုင် စရာရှိပေမယ့် မေတ္တာပျက်တဲ့သူတွေရဲ့ ပြုမူမှုအားလုံးကို တာဝန်ရှိတဲ့လူသားတွေက ရှိရသော တာဝန်နဲ့ ကျေပွန်ကြရမည့် တာဝန်ကိုတော့ မေ့သွားလို့ မရပါ။

ဘေးမဖြစ်အောင် အမြဲထား
လူတွေဟာ မဟာလူ မဟာသွေးများဆန်လာရင် လူအများကို ကျွန်သပေါက်လိုပဲ မြင်တတ်ကြတယ်။ အဲဒီလို ထားတဲ့စိတ်ကို လူလို့ သတ်မှတ်ခေါ်ဝေါ်ကြတာဟာ အမှတ်နာ မနေကြဘူးလား။ အချို့ မဟာသွေးဆန်လာတဲ့ နိုင်ငံရေးသမားတွေ မြင်ဖူးတွေ့ဖူးကြမှာပါ။ ခြေထောက် တကြွကြွ၊ လူပုံအလယ်မှာ တရွရွနဲ့ ဟန်ကျလိုက်လေ ဆိုပြီး အားကိုးရာ တောင်ဝှေးလေးတစ်ချောင်းတောင်မှ မပါတဲ့ နိုင်ငံရေးစော်ကဲကြီး၊ ပွဲကြီးလည်း ပြီးရော မြေကြီး ခြေတိုင်လျှောက်ရတဲ့အဖြစ် မြင်ဖူးခဲ့ကြမှာပါ။ အာဏာရစဉ်က ဟက်ဟက်ပက်ပက် အပြောညက်ပြီး ဟန်လုံးထွားတဲ့အကွက်တွေနဲ့ လူအထင်ကြီးခဲ့တယ်လေ။ မြှုပ်ကွက်တွေ၊ လုပ်ကွက်တွေ၊ လှည့်ကွက်တွေကြောင့် အသက်ရှင်နေပါလျက်နဲ့ အရှက်ကွဲရတဲ့ နိုင်ငံရေး သမားကြီး ဟန်လုံးပျောက်သွားခဲ့ရတာ တစ်သက်လုံးပဲ။ ဒါဟာ မြန်မာ့နိုင်ငံရေးမြင်ကွင်းပါ။ ခနဲ့ပြတာ မဟုတ်ပါ။ တကယ်အမှန်ပါ။

အရှင်တို့ဟာ နိုင်ငံရေးစိတ်ဓာတ်မပါဘဲ မွေးဖွားလာကြတဲ့သူတွေလို့ ပြောလို့မရပါ။ အရှင်တို့ ပဋိသန္ဓေစိတ်ဟာ မြင့်မြတ်တဲ့ တိဟိတ်ပဋိသန္ဓေစိတ်ပါ။ တိဟိတ်ပဋိသန္ဓေစိတ်နဲ့ မွေးဖွားလာကြတဲ့သူကို သူအ သူနုံလို့ ပြောလို့မရပါ။ ဒါကြောင့် နိုင်ငံရေးနဲ့ အရှင်တို့ကို လှည့်ပတ်လို့ မရကြောင်း သိထားရန်လိုပါလိမ့်မယ်။ အရှင်တို့မှာ မိမိ လိုလားချက် ရှိသည့် အတိုင်း ဆုံးခန်းတိုင် ရောက်အောင် အားထုတ်ပူပန်မှုကိုလည်း အညီအမျှ ခံစားကြမယ်။ စိုးရိမ်မှုများကိုလည်း မျှမျှတတ တားဆီးကြမယ်။ ဘေးရန်အမျိုးမျိုး မရှိအောင်လည်း စုပေါင်း ကာကွယ်နိုင်ကြမယ်လို့ မျှော်လင့်ထားကြသူများ ဖြစ်ကြပါတယ်။ အရှင်တို့ရဲ့ အသိစိတ် (သိစိတ်)ဟာ ဘယ်တော့မှ ဘေးဖြစ်ရာကို မထားပါ။ ဘေးမဖြစ်အောင် အမြဲထားမယ်။ တာဝန်မဲ့အောင် မနေပါ။ လောကကို လှပအောင် ထားမယ်။ လူ့ကျင့်ဝတ်သိက္ခာကိုလည်း မြှင့်တင်၍ နေမယ်။

ဖြူစင်မြင့်မြတ်တဲ့ ရည်ရွယ်ချက်

လူ့ကျင့်ဝတ်တရားအရ ပြောင်းလဲခြင်းသဘောကို လိုလားကြတယ်။ လူသိက္ခာ တရားအရ မတွေဝေအောင် နေကြတယ်။ ထိန်းကြတယ်။ ပြောင်းလဲတဲ့သဘောနဲ့ ကြုံလာတဲ့ အခါ မကျေနပ်တာ၊ ညည်းတွားတာ၊ စိုးရိမ်တာ၊ ဝမ်းနည်းပူဆွေးဖြစ်ကြရတာဟာ ဓမ္မတာပါ။ သို့သော် ပြောင်းလဲခြင်းနဲ့ ချမ်းသာမှုကို ခံစားနေလိုသမျှတော့ ရတဲ့ ချမ်းသာခြင်းဟာ စစ်မှန်တဲ့ ချမ်းသာမှု မဖြစ်နိုင်ပါ။ စစ်မှန်တဲ့ ချမ်းသာမှုမဖြစ်ရင် (မရရင်) ဆန့်ကျင်ဘက် တရားသဘောကတော့ ဖြစ်ပေါ်လာနေမှာပါပဲ။

နိုင်ငံရေးပြုမူအားထုတ်ခြင်းဟာ –
(၁) ဖြူစင်မြင့်မြတ်သည့် ရည်ရွယ်ချက်
(၂) အပြစ်သက်ရောက်မှု ရည်ရွယ်ချက်
(၃) ကောင်းကျိုးများကို ပေးသော ရည်ရွယ်ချက် ထားရမယ်။

ဝမ်းမြောက်ဝမ်းသာ ဉာဏ်နဲ့ယှဉ်တဲ့၊ မတိုက်တွန်းရဘဲ ထက်သန်မှုရှိတဲ့စိတ်နဲ့ နိုင်ငံရေးကို လုပ်ရင် ဖြူစင်မြင့်မြတ်တဲ့ ရည်ရွယ်ချက်ကို ဖော်ပြနေတယ်။ အဲဒီရည်ရွယ်ချက် နဲ့ နိုင်ငံအကျိုး၊ ပြည်အကျိုးတွေကို ရွက်ဆောင်ပါက အစွန်းရောက်တဲ့အလုပ် မဖြစ်နိုင်ပါ။ မကြိုက်တဲ့သူက ဆိုလို့ ပြောလို့သာ ဖြစ်နေကြတာ ဖြစ်ပါတယ်။
အဲ့ဒီလို လုပ်နည်းလုပ်ဟန် မမှန်တဲ့ နိုင်ငံ‌ရေးနည်းလမ်းတွေကြောင့် (အက်ကြောင်းပေါ်အောင်) (ပဋိပက္ခ) လူထုအချင်းချင်း ပြဿနာ၊ သင်းဖွဲ့အချင်းချင်း ပြဿနာ၊ လူတန်းစားအချင်းချင်း ပြဿနာတွေ ထလာတယ်။ တစ်ဖက်သူတို့ရဲ့ အပြစ်အနာအဆာတွေကို ပြတယ်။ ထုတ်ပြတယ်။ ဟုတ် မဟုတ်၊ မှန် မမှန် ဦးသူစနစ်နဲ့ လူထုဆက်သွယ်မှ နည်းပညာ(မီဒီယာ)နဲ့ လိုသလို (ကြိုက်သလို) ထုတ်ပြောတယ်။ အတင်းအဖျင်းတွေ ပြော တယ်။ မကောင်းသတင်း ကျော်အောင် ပြောတယ်။ ရစရာမရှိအောင် ဝေဖန်တယ်။ ဒီလို နည်းလမ်းတွေ သုံးတဲ့ နိုင်ငံရေးဟာ လူထုကို လိမ်ညာတာပါပဲ။ လူထုကိုလိမ်တဲ့ နိုင်ငံရေး စနစ်ဟာ နောက်ဆုံး လူထုကပဲ အမှိုက်ပြန်ကျုံးရတယ်။

သတိထားစရာ

လူမှုဘဝနေထိုင်ရေး ဆိုတာ အနှောင့်အယှက် ကင်းရမယ်။ နှိပ်စက်မှု လွှမ်းမိုးမှု အထက်စီးမှုမရှိအောင် လိုတယ်။ နိုင်ငံရေးကို အမြတ်ထုတ်သူတွေက လူထုကို ပိုးမွေးသလိုမွေးတယ်။ လူထုက ဗဟုသုတကြွယ်ဝမှု လိုတယ်။ ဆွယ်ကောင်းသူရဲ့ နောက်ကို မလိုက်ဘဲ နေရတယ်။ ဆွယ်သူကလည်း ရွယ်သလို ရောက်အောင် ဆော်သြတယ်။ မက်လုံးပြတယ်။ အကြိုက်ပြတယ်။ ဘာမှမပါတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ စကားကို လိုသလို ဟောတယ်။ အဟုတ်မှတ်ပြီး အထင်တစ်လုံးနဲ့ တိုးကြတယ်။ ဒီလို အာဏာရတဲ့အကွက်တွေ ဆင်ယူတဲ့ နိုင်ငံရေးပုံစံလိုမျိုးဟာ နိုင်ငံရေးအဝါး မဝသေးတဲ့ ပြည်သူတွေကို အမက်ပြပြီး လှည့်ကွက် တွေနဲ့ နိုင်ငံရေးအာဏာကို ယူတယ်။ ဒီလိုလုပ်ရပ်မျိုးနဲ့ ရတဲ့အာဏာဟာ နိုင်ငံရေးအစဉ်အလာ ကောင်းသူ မဟုတ်။ နိုင်ငံရေးနည်းလမ်းကောင်းတွေကို ပြောင်းပစ်ချင်တဲ့သူတွေရဲ့ လုပ် ကွက်ပဲ။ ဒီပုံစံမျိုးကို ကမ္ဘာအရပ်ရပ်က မြင်နိုင်ပါတယ်။

လူတွေကပြောတယ်။မြန်မာပြည်နိုင်ငံရေးပြောင်းလဲမှုဟာညင်သာတယ်တဲ့။နိုင်ငံရေးပြောင်းလဲမှုသာတော်တယ်။ လူမှုရေးပြောင်းလဲမှုမပါတဲ့နိုင်ငံရေးကို ဘယ်လိုတော်တယ်လို့ ဆိုနိုင်မှာလဲ။ နိုင်ငံရေးပြောင်းလဲတယ် ဆိုတာ အကြောက်တရားပါတဲ့ ပြောင်းလဲလိုက်ရတဲ့ နိုင်ငံရေးမျိုးဟာ ဘယ်လိုလုပ်ပြီး ကောင်းတယ်လို့ ဆိုနိုင်ရမှာလဲ။ နိုင်ငံရေးအပြောင်းအလဲလုပ်လို့ အကုန်ကောင်းသွားမယ်လို့မထင်ပါနဲ့ ။ နိုင်ငံရေးဝါသနာပါတဲ့ စိတ်ကူးယဉ်သမား
(နိုင်ငံရေးသမား)တွေရဲ့ လက်ချက်နဲ့ သတိထားစရာတွေ အများကြီး ရှိနေသေးတယ်။ မပွင့်လင်းတဲ့နိုင်ငံရေး၊ မြှုပ်ကွက် လှည့်ကွက်များတဲ့ နိုင်ငံရေးကြောင့် တိုင်းပြည်တိုးတက်ဖို့ နောက်ကျကျန်နေခဲ့တယ်။

ငြိမ်းချမ်းရေးတစ်ဖက် အပြုတ်တိုက်တစ်ဖက်
ယနေ့ မြန်မာပြည်မှာ ပါတီတွေ အစုံအလင် တည်ထောင်ခွင့်ပြုထားတဲ့ တိုင်းပြည် ဖြစ်တယ်။ ပါတီတွေများပြီး တိုင်းပြည်ကို အလုပ်အကျွေးပြုတဲ့ပါတီတွေ နည်းတယ်။ နိုင်ငံရေးပါတီတွေကို အစိုးရက ထောက်ပံ့ပေးတာတွေ မရှိတော့ နိုင်ငံရေးဖွံ့ဖြိုးမှု အားနည်းတယ်။ ဝါသနာရှိလို့သာ နိုင်ငံရေးကို လုပ်နေကြတယ်။ ပြည့်စုံမှု အားနည်းနေကြတယ်။ မပြည့်စုံတဲ့အလုပ်ဟာ အောင်မြင်မှုအမျိုးမျိုး မရှိပါ (မဖြစ်ပါ)။ အချို့သော ပါတီတွေဟာ အင်အားမရှိဘဲ ချို့တဲ့နေကြတယ်။ အချို့သော ပါတီတွေက သုံးဖြုန်းလို့ မကုန်အောင် တောင်လိုပုံနေတယ်။ ဒီလို ပါတီတွေအမျိုးမျိုးကွဲ၊ သဘောထားတွေကွဲ၊ မူဝါဒတွေ အဖုံဖုံ ကွဲလွဲနေတာကြောင့် ရောင်စုံသူပုန်အဖြစ်နဲ့ တစ်ချိန်က မြန်မာ့သမိုင်းမှာ ရှိခဲ့ဖူးတယ်။ သူ့လူ ကိုယ့်လူ၊ သူ့မူ ကိုယ့်မူ ဝိဝါဒကွဲပြားကြပြီး အကျိုးတူ ဆောင်ရွက်မှုတွေ မဖြစ်ကြတော့ဘဲ နိုင်ငံရေးအစွန်းရောက်သမားအဖြစ် မိမိကိုယ်မိမိ ခံယူလိုက်ကြတယ်။ တောဝင်တောခို လုပ်ကြတယ်။ အချင်းချင်း ဆန့်ကျင်ကြတယ်။ လက်နက်ကိုင်ပြီး တော်လှန်ကြတယ်။ မရနိုင် မဖြစ်နိုင်တဲ့ လိုချင်မှုတွေကို တောင်းတယ်။ ရနိုင် ဖြစ်နိုင်တဲ့ လိုအင်တွေကိုမတောင်းဘဲ ဆန့်ကျင်တယ်။ သိလျက်နဲ့ မျက်ကွယ်ပြုတယ်။ တိုင်းပြည်အတွက် ရေနက်ထဲကို နှစ်ကုန်တယ်။

    “ဖဆပလ၊ ကွန်မြူနစ် ညီညွတ်ကြ”
  “ပြည်တွင်းစစ်ကို တားဆီးကြ”

“အချင်းချင်း မတိုက်နဲ့”
ဆိုနေ ပြောနေတဲ့ကြားထဲကပဲ မြန်မာပြည်ဟာ ပါတီကွဲ၊ လူမျိုးကွဲ၊ ဝါဒတွကွဲပြီး အမျိုးသားရေးပါ နောက်ဆုံးမှာ ကွဲသွားကြတယ်။ တစ်ယောက်နဲ့
တစ်ယောက် ဖမ်းဆီးကြ ကွပ်မျက်ကြတယ်။ ငြိမ်းချမ်းရေး၊ တော်လှန်ရေး၊လက်ဝဲညီညွတ်ရေး၊ (၉)ဦး ကော်မတီ၊ ထကြွသူ၊ လှုပ်ရှားသူ၊ စေ့စပ်သူ၊ ပြည်တွင်းစစ်ရပ်စဲရေး စတဲ့ အမျိုးမျိုး ပေါ်ပေါက်ခဲ့ဖူးတဲ့ မြန်မာပြည်
မဟုတ်ပါလား။ တစ်ပြည်လုံး ဟုန်းဟုန်းတောက်တဲ့မီးပမာ တိုင်းပြည်ဥစ္စာ ပျက်စီးဆုံးရှုံးခဲ့ရပြီး အသက်လည်း ထောင်ပေါင်းများစွာ သေကျေခဲ့ရတယ်။

ငြိမ်းချမ်းရေး မရှိ၊ မိသားစု တကွဲတပြား၊ ဖရိုဖရဲ အကွဲကွဲ အကွာကွာနဲ့ တရားဝင် ရပ်တည်ခွင့်မရကြတဲ့ အသင်းအဖွဲ့တွေ ဖြစ်လာကြတဲ့အခါ အင်အားစုများအချင်းချင်း တွေ့ဆုံ ဆွေးနွေးမှုပြုကြတယ်။ နိုင်ငံရေးယုံကြည်သူက ယှဉ်ပြိုင်မှုကို လိုချင်တယ်။ ဒီမိုကရေစီ နည်းအရ ယှဉ်ပြိုင်ဖို့ဟာ အဓိကဖြစ်တယ်။ သူမသာကိုယ်မနာတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို စိတ်ဝင်စားလာကြပြီး “ငြိမ်းချမ်းရေး တကယ်ရမယ်ဆိုရင် ရာဇဣန္ဒြေပဲ့ရုံမက ကြေမွသွား ပါစေ” စတဲ့ စကားတွေ ဆိုသူကဆိုနဲ့ ငြိမ်းချမ်းရေးတစ်ဖက် အပြုတ်တိုက်တစ်ဖက်နဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်သမိုင်းမှာ အထင်အရှား ရှိခဲ့ဖူးတယ်။

နုတင်နဲ့ ဆွေငြိမ်း အကြိတ်အနယ် ကြဲကြ။ နုတင်တို့က –
        – ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးမည်။
        – ဒီမိုကရေစီ အခွင့်အရေးများ ပေးမည်။
         – လူမျိုးစုများ လိုလားချက်ကို ပေးမည်။
        – ကြားနေရေးဝါဒ ကျင့်သုံးမည်လို့ ဆိုခဲစကား ဆိုပြတယ်။

သတင်းစာက အမျိုးမျိုးရေး၊ ဝါဒတွေလည်း အမျိုးမျိုး ဖြန့်ကြတယ်။ နိုင်သူ့အပေါ် ကို သဘောထားမကြီး၊ အယုံအကြည်မရှိ အဆိုသွင်းသူက သွင်း၊ လွှတ်တော်မှာ မဲခွဲသူက ခွဲနဲ့ မြန်မာပြည်ရဲ့ မြန်မာ့နိုင်ငံရေး မြင်ကွင်းဟာကွပ်မျက်ပွဲ၊ဖြတ်ပွဲ၊ဆော်ပွဲ၊ကလော်ပွဲများ များခဲ့တာဟာတစ်မျိုးသားလုံးရဲ့ စည်းလုံးညီညွတ်ခဲ့တာတွေကို ထိခိုက်ခဲ့တာအမှန်ပါပဲ။
      “တရားစစ်မှန် ကျင့်ကြံကြမှ
        ချမ်းသာသုခ ရနိုင်မည်။
        တရားတုတွေ ကျင့်နေကြလို့

        ဆင်းရဲဒုက္ခ ရောက်ရသည်။
        ယခုတစ်ဖန် အမှန်လမ်းသို့
        အမြန်လှမ်းဖို့ ချိန်တန်ပြီ။
        သို့မှ တိုင်းပြည်(နိုင်ငံရေးကြောင့်) ဘာသာရေးကြောင့်
        သာယာအေးဆေး ရှိလိမ့်မည်”

ဆိုတဲ့တောင်မြို့ဆရာတော် လင်္ကာဆောင်ပုဒ်နဲ့ မြန်မာတစ်မျိုးသားလုံးအတွက် သတိပေးလိုက်ပါတယ်။

                                    မြန်မာ့နိုင်ငံရေးမြင်ကွင်းဟာ
                              ကွပ်မျက်ပွဲ၊ဖြတ်ပွဲ၊ဆော်ပွဲ၊ကလော်ပွဲတွေ
                              များခဲ့တာဟာ တစ်မျိုးသားလုံးရဲ့ 

                               စည်းလုံးညီညွတ်ခဲ့တာတွေကို
                              ထိခိုက်ခဲ့တာ အမှန်ပါပဲ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၁၇-၁၂၂၊ အဝိဟိံသာနိုင်ငံရေး (၈)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version
ကြော်ငြာထည့်သွင်းရန်
၀၉-၇၅၈၀၅၈၂၅၈
သို့ဆက်သွယ်ပါ။

ဆာဗာကြေးလှူဒါန်းထားသည်။