Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဆရာတော်ဦးစန္ဒနထေရုပ္ပတ္တိ ကျောက်စာတော်

ဗုဒ္ဓသာသနံစိရံတိဋ္ဌတု
ဘားအံမြို့၊ ကမော့ကစင်ရွာသစ်ကျောင်း
ဆရာတော်ဦးစန္ဒနထေရုပ္ပတ္တိ
ကျောက်စာတော်

         ဗုဒ္ဓဘာသာပေရေး ကရင်စာပေထွန်းကားရေးကို ပျံလွန်တော်မူသည်အထိ တစိုက်မတ်မတ်ဆောင်ရွက် တော်မူသော ဆရာတော်ဦးစန္ဒနသည် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရွာ၌ မြန်မာသက္ကရာဇ် – ၁၂၈၈ ခု၊ တော်သလင်း လဆန်း(၈)ရက်၊ (၁၄-၁၀-၁၉၂၆) အင်္ဂါနေ့တွင် ဖွားမြင်တော်မူပါသည်။ ခမည်းတော်နှင့် မယ်တော်မှာ ဦးဖိုးနေနှင့် ဒေါ်မုသိန်ဖြစ်သည်။

         ငယ်စဉ်က တောင်ကြာအင်းရွာ ဆရာတော်ကြီးဦးဝင်းဖေ၏ မူလတန်းကျောင်းတွင် စတုတ္ထတန်းအထိ၊ ကော့ကရိတ်မြို့၊ ရှမ်းကြီးကုန်းရပ် ဆရာကြီးဦးအောင်ရွှေ၏ အလယ်တန်းကျောင်းတွင် သတ္တမတန်းအထိ အောင်မြင်ခဲ့သည်။ သတ္တမတန်းအောင်မြင်ပြီးနောက် မိဘနှစ်ပါး၏ပစ္စယာနုဂ္ဂဟဖြင့် တောင်ကြာအင်းကျောင်း ဆရာတော်ဦးဇဝနကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိသည်။

         မြန်မာသက္ကရာဇ် – ၁၃၀၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၅)ရက်၊ (၁၉-၁၁-၁၉၄၅)၊ နံနက်(၁၀)နာရီတွင် တောင်ကြာအင်းရွာကျောင်းခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။ ဥပဇ္ဈာယ်ဆရာတော်မှာ တောင်ကြာအင်းရွာကျောင်းဆရာတော်ဦးဇဝနဖြစ်ပြီး ပစ္စယာနုဂ္ဂဟရဟန်းဒါယကာ၊ ဒါယိကာမမှာ မိဘနှစ်ပါးပင် ဖြစ်သည်။

         လောကုတ္တရာပညာ၊ ပရိယတ္တိစာပေအခြေခံကို တောင်ကြာအင်းရွာကျောင်း၊ ဆရာတော်ဦးဇဝနထံတွင် သင်ကြားပြီးနောက် မော်လမြိုင်မြို့၊ ရတနာဘုံပျံကျောင်းဆရာတော်၊ ဦးကေတုမာလာလင်္ကာရ (မြန်မာပြည်တွင် ပထမဆုံး၊ ပထမကျော်အဂ္ဂမဟာပဏ္ဍိတ)နှင့် ဆရာတော်ဦးတေဇဝန္တတို့ထံတွင်လည်းကောင်း၊ မန္တလေးမြို့၊ တောင်ပြင်ထီးလင်းတိုက်ဆရာတော် ဦးဝဇီရဗုဒ္ဓိ၊ မန္တလေးမြို့၊ ဘုရားကြီးတိုက်ဇောတိကာရုံကျောင်းဆရာတော် ဦးနာရဒ(အဂ္ဂမဟာပဏ္ဍိတ)၊ မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ ပုသိမ်ကျောင်းဆရာတော်ဦးသီလစာရ ထံတို့တွင် အထက်တန်းပရိယတ္တိစာပေများကို သင်ယူပြီး၊ မန္တလေးတက္ကလိုလ်၊ မြန်မာစာကထိကဆရာကြီး ဆန်းထွန်းထံတွင် ဟိန္ဒိစာပေကို သင်ယူခဲသည်။ ထို့နောက် အိန္ဒိယပြည်သို့ကြွ၍ မိဂဒါဝုန်ရှိ မဟာဗောဓိအသင်းတိုက်၊ ဟိန္ဒီပဏ္ဍိ၏ ဗုဒ္ဓ ဘာသာရဟန်းတော်ဦးကစ္စနယထံ၌ ဟိန္ဒီစာပေ ဆက်လက်သင်ကြားသည်။

         မြန်မာပြည်သို့ပြန်လာပြီးနောက် မော်လမြိုင်မြို့၊ တောင်ပေါက်ကျောင်း ဆရာတော်ဦးဓမ္မာဝုဓ၊ ဦးစန္ဒဝ့သတို့ ထံတွင် သက္ကတဘာသာကို နည်းခံသင်ယူသည်။ မော်လမြိုင်မြို့၊ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲတွင် ပ-ဒု-တ အဆင့်များ နှင့် သထုံမြို့၊ သုဝဏ္ဏဘူမ္မိပရိယတ္တိသာသနဂိတအသင်းစာမေးပွဲတွင် “မဟာဝေယျာကရဏိက” တန်းကို နှစ်ချင်း ပေါက် အောင်မြင်သည်။ အစိုးရပထမမြန်မာစာမေးပွဲတွင် ပထမလတ်တန်းအထိ အောင်မြင်ခဲ့သည်။

         မြန်မာသက္ကရာဇ် ၁၃၂၉-ခုနှစ်တွင် မော်လမြိုင်မြို့၊ တောင်စွန်းကျောင်း၌ စာသင်သားရဟန်းသာမဏေ များအား စာပေပို့ချနေစဉ် ကရင်ပြည်နယ်အစိုးရဥက္ကဋ္ဌ၊ ဒေါက်တာစောလှထွန်း၏ ပင့်လျှောက်ချက်အရ ဘားအံမြို့ အနီး ကမော့ကစင်ရွာသစ်ကျောင်းကြီးကို အလှူခံ၍ ပရိယတ္တိစာပေပို့ချသည်။ ဗုဒ္ဓဘာသာပေရေး ကရင်စာပေထွန်း ကားရေးအတွက် သင်တန်းများပို့ချသည်။ စာတန်းများတင်သွင်းဖတ်ကြားသည်။ ကရင်ဘာသာဖြင့် အိန္ဒိယပြည်ကုသိ နာရုံသမိုင်း၊ ဓမ္မပဒစကားပြေ၊ ဓမ္မစကြာနိဿယနှင့် ခက်ဆစ်အဖြေ၊ ဘိက္ခုပါတိမောက်၊ အနတ္တလက္ခဏာသုတ်၊ ခန္ဓာပူရကျမ်းစသည်တို့ကို ရေးသားပြုစုခဲ့သည်။ မြန်မာဘာသာဖြင့်လည်း မင်္ဂလသုတ်နှင့် မင်္ဂလာဇာတ်တော်၊ ကုသိနာရာ၊ သစ္စာတိုင်ဓူဝေ၊ ကရင့်ဖားစည်၊ ဇွဲကပင်စေတီတော်သမိုင်းကို ပြုစုတော်မူသည်။

         ဒေါက်တာအမ်(မ)ဘောယာ၏ ဖိတ်ကြားချက်အရ အိန္ဒိယပြည်၊ ဂျေပူလ်မြို့တွင် အိန္ဒိယပြည် ဗုဒ္ဓဘာသာ အသင်းကြီးမှ ကြီးမှူးကျင်းပသော “ ဗောဓိဓျာ” ခေါ် ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲခံယူပွဲသို့ မြန်မာပြည်မှ ကိုယ်စာလှယ်အဖြစ်တက်ရောက်ခဲ့သည်။ ဆရာတော်ဦးစန္ဒနသည် ကရင်အမျိုးသားများ ဗုဒ္ဓဓမ္မကို နှစ်နှစ်ကာကာ သိနားလည်ရေးကို ကြိုးပန်းရင်း မြန်မာသက္ကရာဇ် – ၁၃၅၄ ခု၊ တော်သလင်းလပြည့်ကျော်(၁၄)ရက် (၁၂-၉-၉၂) သောကြာနေ့၊ မွန်းလွဲ(၁၂း၂၀)မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကမော့ကစင်ရွာသစ်ကျောင်းကြီး၌ သက်တော်(၆၆)၊ ဝါတော်(၄၆) ဝါအရ ပျံလွန်တော်မူပါသည်။

         ဆရာတော်သည် အေဒီ ၁၉၅၉၊ ၈၀ ပြည့်နှစ်တွင် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဘားအံ မြို့နယ်သံဃသမ္မုတိန သံဃာ့ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်တော်မူခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် ၊ ဘားအံမြို့နယ် သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော်အဖြစ်လည်းကောင်း၊ နိုင်ငံတော်ဗဟို သံဃာ့နာယကအဖြစ် လည်းကောင်း သာသနာ့တာဝန် ထမ်းဆောင်တော်မူခဲ့သည်။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version
ကြော်ငြာထည့်သွင်းရန်
၀၉-၇၅၈၀၅၈၂၅၈
သို့ဆက်သွယ်ပါ။

ဆာဗာကြေးလှူဒါန်းထားသည်။