။ အိမ်ထောင်ပြုကြလို့
လင်မယားချင်း
ရန်မဖြစ်ကြတာ
သဝန်မတိုကြတာ
နားကိုက်ပါးကိုက်
အကြိုက်တူကြတာ
မတူကြတာ
စသဖြင့် စသဖြင့်ပေါ့
မဖြစ်ကြတာမရှိပါဘူးတဲ့လေ။
။ မနေ့က
တပည့်မလေးတစ်ယောက်
ကျောင်းကိုပြန်ရောက်လာလို့
မျက်ရည်လည်ရွဲပြီး
ပါးပြင်ကျယ်ကြီးပေါ်မှာ
မိုးလုံးတမျှ စီးဆင်းနေပေါ့။
။ ” ကဲ ကဲ
တပည့်မရေ
ဘာတွေများ
အသဲတွေထဲက
အလောင်အကျွမ်းတွေ
ဖြစ်နေရတာလဲ?
မေးပါတယ်။
။ တပည့်က
အသံမထွက်နိုင်
အတောမသတ်နိုင်
တရှုံ့ရှုံ့တတွတွနဲ့
ရှိုက်ကြီးတငင်နဲ့ပဲ
ငိုနေတော့တာပါပဲ။
။ ငိုနေတော့
ဘာအကျိုးရှိလို့ပါလဲ
ပြောစရာရှိတာပြောပေါ့
မေးနေတာလေလို့
အကြိမ်ကြိမ်မေးတော့မှပဲ။
။ ” တပည့်တော်မ”
” ဆိုပါ ၊ ဘာပြောမလဲလို့”
“တပည့်တော်မ
အမျိုးသားနဲ့
ခွဲလိုက်ကြပါပြီဘုရား” တဲ့။
။ ” အမျိုးသားနဲ့
လမ်းခွဲကြတာ
တည်တည်ငြိမ်ငြိမ်
မဖြစ်ဘဲနဲ့
ဘာလို့များအဲဒီလောက်ထိ
အသည်းအသန်ကြီး
အသည်းအထန်နဲ့
ငိုရတာလဲ?
တည်တည်ငြိမ်ငြိမ်လေးနဲ့
လျှောက်ပေါ့ကွယ်”
မိန့်ပြီးတာနဲ့ပဲ။
။ ” တပည့်တော်မကို
သီလရှင်ပြန်ဝတ်ခွင့်ပြုပါဘုရား
ကလေးတွေကမေမေဖေဖေတွေနဲ့
ထားခဲ့လိုက်ပါပြီဘုရား”
ဆိုပြီးကြားမိလိုက်တာနဲ့ပဲ
ကြားရသူအရှင့်အဖို့
(သောကောရောကော
ဝိနဿတု) မဖြစ်ပါ။
။ အော်
အိမ်ထောင်ပြုကြတယ်ဆိုတာ
မူလရည်ရွယ်ချက်က
ဘာတွေများပါလဲနော်။
။ ချစ်ကြဖို့
သံယောဇဉ်ရှိကြဖို့
စောင့်ရှောက်ထိန်းသိမ်းကြဖို့
သေတစ်ဖန်သက်တစ်ဆုံးတိုင်အောင်
ရိုးမြေကျသည့်တိုင်အောင်
ချစ်ခြင်းများစွာနဲ့
ချစ်ကြင်နာကြဖို့
မြတ်နိုးကြတာတွေ
မဟုတ်ဘူးလားလို့
တွေးမိပါလေရဲ့။
။ ခဏချင်း
စဉ်းစားမိလို့အပြီးမှာ
” ကဲ အငိုတိတ်တော့
ငိုခြင်းဆိုတာ
ထာဝရဥစ္စာတစ်ပါးပါပဲ
အငိုရှာရင်ငိုရမပေါ့
တပည့်ရယ်
ပြက်ရယ်ပြုတယ်လို့တော့
မထင်မိပါနဲ့။
။ မင်းတို့ဆရာလည်း
ဒီအချစ်နဲ့
ဒီအမုန်းတွေနဲ့
ဒီလောကမှာ
ဘဝတဏှာကြောင့်
တမ်းတငိုကြွေးခဲ့ရတာ
ဒီအသက်ဒီခန္ဓာ
ဘဝဘဝါပါပဲလေ” ။
။ ” အေး
ပြောပြမယ်
ဒီစကားလေးတစ်ခွန်းတော့
နားထောင်ကြည့်လိုက်ပါ။
။ အိမ်ထောင်ဆိုတာ
ဘဝလောကမှာ
အကြီးဆုံးသော
ထောင်ကြီးတစ်ထောင်ဖြစ်လို့
အရည်အချင်းနဲ့
အပြည့်အဝ
အပြည့်အစုံ
အစုံအညီ
မရှိရင်တော့
ငိုပွဲဆင်
ငိုပွဲဝင်
ငိုမြဲပင်ပေါ့တပည့်ရယ်” ။
။ ကိုင်း တော်ပြီ….
ဆံချ
ဝတ်ရုံဝတ်
သီလခံယူ
ဘုရားဝတ်ပြု
ကမ္မဋ္ဌာန်းထိုင်
ဘာဝနာပွား
သင်္ခါရုပေက္ခာဉာဏ်ပွား
တည်တည်ငြိမ်ငြိမ်နဲ့
နေပေတော့တပည့်ရေ
နေတော့လို့ …….။
တောမှီရဟန်း
(၅.၅.၂၀၂၄) ရက်နေ့။