အဲးခိုး
အတွဲ(၁၁)၊ အမှတ်(၄၀)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ ပြာသိုလဆန်း ၉၊ ၃၀-၁၂-၂၀၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။
အဖြစ်သဘောဆွေးနွေးထောက်ခံ
လူနည်းစု အတိုက်အခံတွေရဲ့ အမျိုးမျိုးဝေဖန်ခဲ့ကြပေမယ့် တိုင်းပြည် ပြည်ပြုလွှတ်တော် ပထမဆုံးညီလာခံ ကို ၁၉၄၇ ခုနှစ်၊ ဇွန် ၁ဝ ရက်နေ့မှာ စတင်ပြီး ကျင်းပခဲ့တယ်။ ဇွန် ၁၈ ရက်နေ့မှာ ညီလာခံပြီးစီးပါတယ်။ ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာ လမ်းညွှန်အဆိုအရ အချက် ခုနစ်ချက် တွေ့ရတယ်။ နံပါတ် ၁ အချက်အရ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် “ပြည်ထောင်စုနိုင်ငံတော် ဟု ခေါ်တွင်စေသောလွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်ရမည်” ဆိုတဲ့ တိုင်းပြည်ကို “ပြည်ထောင်စု တိုင်းပြည်” အဖြစ် သတ်မှတ်ဖို့ လမ်းညွှန်အဆိုထဲမှာ ပါဝင်ခဲ့တာတွေ့ရပေမယ့် အခြားသောအဆိုတွေက တိကျပြတ်သားစွာ မဖော်ပြထားတာကြောင့် ဥပဒေတစ်ရပ်ရဲ့ အနှစ်သာရအရ ချို့ယွင်းမှုရှိတတ်ပါတယ်။ ပြောတဲ့အတိုင်းပါပဲ လမ်းညွှန်အဆိုအားနည်းမှုကြောင့် တိုင်းရင်းသားတွေအတွက် သံသယပွားစရာတွေ အမျိုးမျိုးထပ်လာတယ်။ သံသယဖြစ်တဲ့အတိုင်းပါပဲ ဥပဒေရေးဆွဲကြသူထဲက ဦးဆောင်ဦးရွက်ပုဂ္ဂိုလ် အချို့ရဲ့စကားကြောင့် ပြည်ထောင်စုစနစ် နိုင်ငံရေးဥပဒေအပေါ် သံသယထားပြီး ထုတ်မပြောပြဘဲ အဖြစ်သဘော ဆွေးနွေးထောက်ခံနေကြတယ်။
ကျွန်ုပ်တို့မလွန်ဘူး
အဖြစ်သဘောဆွေးနွေးထောက်ခံပြနေတာကို နားမလည်တတ်တဲ့ နိုင်ငံရေး တစ်ဇွတ်ထိုးသမားအချို့က နားမလည်ယောင်ဆောင်ပြီး နေကြတယ်။ ရှမ်းတိုင်းရင်းသားခေါင်းဆောင်ဖြစ်တဲ့ စဝ်ရွှေသိုက်ကိုယ်တိုင်က ဒီစကားကို ထုတ်ဖော်ပြီး ပြောခဲ့ပါသေးတယ်။
သံသယစကားအစ
လမ်းညွှန်အဆိုကို သဘောမတူတဲ့ ရှမ်းအမျိုးသား မိုင်းပွန်စော်ဘွားက လည်း ဖဆပလအဖွဲ့ချုပ်ကိုသွားပြီး ရှမ်းပြည်နယ်အနေနဲ့ ပြည်ထောင်စုမှ အချိန်မရွေး ခွဲထွက်နိုင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ထည့်သွင်းပေးမှပဲ လမ်းညွှန်အဆိုကို ထောက်ခံနိုင်မယ်လို့ တင်ပြခဲ့တယ်။ အဲဒီလို တင်ပြခဲ့တာကို အဲဒီကိစ္စအတွက်နဲ့ ရှင်းပြခဲ့တဲ့ ပုဂ္ဂိုလ်က “ကျွန်တော်တို့သည် အခုတစ်မျိုး၊ အခုတစ်မျိုး ဖဆပလမဟုတ်ပါဘူး” ဆိုပြီးတော့ ပြန်ပြောဆိုသွားတာကို တွေ့ ရပါတယ်။ ဒုတိယညီလာခံကိုတော့ ဇူလိုင်လ ၇ ရက်နေ့မှာ စတင်ကျင်းပနိုင်လိမ့်မယ်လို့ သဘာပတိက ကြေညာထားခဲ့တယ်။ သို့သော် တိုင်းရင်းသားအများစုက “အခုတစ်မျိုး၊ အခုတစ်မျိုး ဖဆပလမဟုတ်ပါဘူး” ဆိုတဲ့ စကားကို ရင်ထဲကအတိုင်း သံသယရှိနေခဲ့ကြတယ်။
ကော်မတီများဖွဲ့စည်းခြင်း
ဒုတိယညီလာခံကို ဇွန်လိုင်လ ၇ ရက်နေ့မှာ ပြန်ကျင်းပဖို့ ခန့်မှန်းထား ကြပေမယ့် မဖြစ်ဘဲ ဇွန်လ ၂ဝ ရက်မှာတော့ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေရေးဆွဲရေးကော်မတီအဖွဲ့က ပထမအကြိမ် အစည်းအဝေးလုပ်ဖြစ်ကြတယ်။ အဲဒီအစည်းအဝေးမှာ
၁။ ပြည်ထောင်စုနှင့် ပြည်နယ် များဆိုင်ရာ ဆပ်ကော်မတီအဖွဲ့
၂။ တရားစီရင်မှုဆိုင်ရာ ဆပ်ကော်မတီအဖွဲ့
၃။ မူလအခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီအဖွဲ့နဲ့
၄။ လူနည်းစုဆိုင်ရာ ဆပ်ကော်မတီအဖွဲ့လေးဖွဲ့
ဖွဲ့စည်းခဲ့တာတွေ တွေ့ရပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် အုပ်ချုပ်ရေး အခြေခံဥပဒေဆပ်ကော်မတီကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ တွေ့ရတယ်။
ကရင်ပြည်နယ်သတ်မှတ်ပေးရေး
တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံကျင်းပတဲ့အချိန်မှာ ကေအင်န်ယူ (ကရင်အမျိုးသားအစည်းအရုံး) အဖွဲ့က တိုင်းပြုပြည်ပြုရွေးကောက်ပွဲကို သပိတ်မှောက်ထားခဲ့တယ်။ လွှတ်တော်မှာ မပါဝင်ခဲ့ကြပါဘူး။ ဖဆပလပဏာမ ညီလာခံ တက်ရောက်ခဲ့ကြတဲ့ ကရင် လူငယ်(ကေဝိုင်အို)အဖွဲ့ဝင် လွှတ်တော်အမတ်တွေကတော့ ကရင်တိုင်းရင်းသားတွေကို တိုင်းရင်းသားအမတ်တွေကတော့ ကရင်တိုင်းရင်းသားတွေကို တိုင်းရင်းသားလူနည်းစု အခွင့်အရေးတွေကို ပေးအပ်ထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံမူကြမ်းကို ထောက်ခံခဲ့ကြတယ်။ ပြည်ထောင်စု ပြည်နယ်တစ်ပြည်နယ် ဖြစ်လာဖို့ ကရင်တိုင်းရင်းသားတွေအတွက် သတ်မှတ်ပြဋ္ဌာန်းပေးထားတာမရှိဘဲ ကရင်ပြည်နယ်သတ်မှတ်ပေးရန် (သတ်မှတ်ပေးဖို့) တောင်ငူကျေးလက်ဒေသ ကရင်တိုင်းရင်းသားများမဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလအမတ် ရွေးချယ်ခံရတဲ့ စောဂျွန်ဆင်ဒီဖိုးမင်းက “ကရင်ပြည်နယ် သတ်မှတ်ပေးရေး” တောင်းဆိုခဲ့တယ်။
ကရင်ဝိသေသနယ်
စောဂျွန်ဆင်ဒီဖိုးမင်းဟာ ၁၉၄၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ တောင်ငူမြို့မှာ ကျင်းပခဲ့တဲ့ ကရင်တိုင်းရင်းသားများ လူထုအစည်းအဝေးကြီးမှာ ကရင်ပြည်နယ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ကရင်အမျိုးသားအတွက် အခွင့်အရေးရဖို့ တောင်းခံလွှာတစ်စောင်ကိုလည်း မေလမှာ ပြည်ထောင်စုနှင့် ပြည်နယ်များဆိုင်ရာ ဆပ်ကော်မတီမှာ တင်သွင်းခဲ့တယ်။ အဲဒီအခွင့်အရေး တောင်းခံလွှာမှာ (က)တောင်ငူခရိုင်၊ (ခ)သံလွင်ခရိုင်နှင့် (ဂ)ပျဉ်းမနားခရိုင်တွေကို ကရင်ဝိသေသ နယ် Special Karen Region အဖြစ် ထူထောင်ခွင့်ပြုရန် တောင်းဆိုခဲ့တယ်။
သမိုင်းမှာ အထင်အရှားရှိနေ
စောဂျွန်ဆင်ဒီဖိုးမင်းရဲ့ အဆိုပြုတောင်းဆိုချက်ကို အခြားသော ကရင် တိုင်းရင်းသားအမတ်တွေ ထောက်ခံကြဖို့ ပန်ကြားခဲ့တယ်။
သံလွင်ခရိုင် လွှတ်တော်အမတ် စောဝီရိကျော်ကလည်း ကရင်ပြည်နယ် သတ်မှတ်ပေးနိုင်ဖို့အတွက်ကို
၁။ ဇယားဝင်နယ်အပိုင်း ၁ နှင့် ၂ ကရင်တိုင်းရင်းသားတို့ နေထိုင်သော ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသောကရင်ပြည်နယ်အဖြစ် ထူထောင်ပေးရန်၊
၂။ တောင်ငူခရိုင်၊ ညောင်လေးပင် ခရိုင်ခွဲ၊ သထုံတောင်တန်းဒေသများနှင့် ကျိုက္ခမီအရှေ့ဘက် တောင်တန်းဒေသများကို ကရင်ဒေသအဖြစ် သတ်မှတ်ပေးရန်၊
၃။ မြစ်ဝကျွန်းပေါ် (ဧရာဝတီ) ဒေသကို ကရင်တိုင်းရင်းသားနယ်အဖြစ် သတ်မှတ်ပေးရန်၊
၄။ သံလွင်မြစ်နှင့် မော်လမြိုင်တို့ကို နယ်အများဆိုင်မြစ်နှင့် နယ်အများ ဆိုင်ဆိပ်ကမ်းမြို့အဖြစ် သတ်မှတ်ပေးရန်၊
၅။ ကျိုက္ခမီနှင့် မြိတ်ခရိုင်တို့အတွင်း မွန်နှင့် ကရင်များနေထိုင်သည့် နယ်များကိုပေါင်းစပ် မွန်၊ ကရင်နယ် ထူထောင်ပေးရန်
တောင်းဆိုခဲ့တယ်။ အဲဒီလို တောင်းဆိုခဲ့ကြပေမယ့် ကရင်ပြည်နယ် သတ်မှတ်ပေးဖို့ အခွင့်အရေးဆုံးရှုံးအောင်လုပ်ခဲ့တာ ဘယ်သူ၊ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့တွေကလဲဆိုတာ သမိုင်းစာမျက်နှာမှာ အထင်အရှားရှိနေပါသေး တယ်မဟုတ်လား။
တိုင်းရင်းသားတွေ ကတိစကား
အဲဒီခေတ်က လန်ဒန်ဆွေးနွေးပွဲ ဂယက်ကြောင့် မြန်မာပြည်မှာ ပင်လုံ ညီလာခံ ၁၉၄၇ ဖြစ်ပေါ်လာခဲ့ရတာမကဘဲ တောင်တန်းဒေသစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းခဲ့ရပါသေးတယ်။
(၁) တောင်တန်းသားများ စည်းလုံးညီညွတ်ရေး ဦးစီးအဖွဲ့
(၂) ကချင်နယ်မှ ကိုယ်စားလှယ်တွေရဲ့စကား
(၃) ချင်းတောင်တန်းဒေသမှ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒ
(၄) ရခိုင်တောင်တန်းဒေသ ကိုယ်စားလှယ်ရဲ့ ပြောဆိုခဲ့တဲ့စကား
(၅) ချင်းကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက်အသစ်စကား
(၆) သံလွင်ခရိုင်မှ ကရင်တိုင်းရင်းသားကိုယ်စားလှယ်စကား
(၇) ကရင်လူငယ်များ အစည်းအရုံးရဲ့ သဘောထား
(၈) ကေအင်န်ယူအဖွဲ့ချုပ်ရဲ့ သဘောထား
(၉) ကရင်နီနယ် ကိုယ်စားလှယ်တွေရဲ့ သဘောထားနဲ့
(၁ဝ) ဆွမ္မရာ၊ သောင်သွတ်၊ ဆင်းကလိန်ခန္တီး၊ ဟုမ္မလင်းတို့မှ ကိုယ်စားလှယ်တွေရဲ့ သဘောထား
ဘယ်လိုရှိခဲ့ကြသလဲဆိုတာ တောင်တန်းဒေသစုံစမ်းရေးအဖွဲ့ရဲ့ တင်သွင်းတဲ့ အစီရင်ခံစာအကြောင်းကို လေ့လာရန် ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်လာဖို့ ပြည်ထောင်စုအရေး သဘောတူညီခဲ့ကြတဲ့ စကားတွေ၊ ကတိတွေ၊ ဆန္ဒတွေ အမျိုးမျိုးထုတ်ဖော်ပြဆိုခဲ့ကြတယ်။ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံ ဥပဒေ မဖြစ်ခင်က ဆန္ဒသဘောထား တူညီခဲ့တဲ့ကိစ္စတွေအားလုံးကို တိုင်းရင်းသားအများစုတို့ရဲ့ ဆန္ဒသဘောထားမှတ်ချက်ကို ဘယ်သူတွေမလေး မခန့် ပြုခဲ့ကြသလဲဆိုတာကို သမိုင်းမှာ အထောက်အထားပြည့်ပြည့်စုံစုံ ရှိခဲ့ပါတယ်။
ကွန်မြူနစ်အကွဲအပြဲ
၄-၁-၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့အခါ ဖဆပလအဖွဲ့ချုပ်တစ်ဖွဲ့ တည်းက အစိုးရဖွဲ့စည်းပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲမှာ ဖဆပလအဖွဲ့ချုပ်က အမတ်ဦးရေ အရေအတွက် အများဆုံးရလို့ အစိုးရဖွဲ့နိုင်ခဲ့တာပါပဲ။ ဒါပေမဲ့ ဖဆပလမှာ ကွန်မြူနစ် ဆိုရှယ်လစ် ပြည်သူ့ရဲဘော်စတဲ့ နိုင်ငံရေး ခံယူချက် မတူညီတဲ့ အဖွဲ့အစည်းတွေနဲ့ တည်ဆောက်ထားလို့ နောက်ပိုင်းကာလမှာ စည်းလုံးညီညွတ်မှုတွေ ပြိုကွဲသွားတာပါပဲ။ အဲဒါတွေမကသေးပါ။ ပြည်တွင်းဆူပူသောင်းကျန်းမှုတွေ ပေါ်ပေါက်ခဲ့တယ်။ ကွန်မြူနစ်တွေက ပထမဦးဆုံး ပုန်ကန်သောင်းကျန်းတယ်။ နောက်ပြီး ကွန်မြူနစ်အဖွဲ့အစည်းတွေကပဲ အလံနီကွန်မြူနစ်၊ ကွန်မြူနစ်ပါတီ (ဗမာပြည်)နဲ့ အလံဖြူကွန်မြူနစ်၊ ဗမာပြည်ကွန်မြူနစ်ပါတီဆိုပြီး နှစ်ဖွဲ့ကွဲသွားပြန်တယ်။
အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၂) – မဟာပညာ (mahar.asia)
အိပ်စောင့်အစိုးရလား၊ အိတ်စောင့်အစိုးရလား … အိမ်စောင့်အစိုးရလား (၁) – မဟာပညာ (mahar.asia)