။ မိဘကိုခွာ
ကျောင်းရောက်လာတော့
ကျမ်းစာဖြာဖြာ သင်အံပေါ့။
။ ငယ်စာအခြေ သင်လို့နေသည်
ကျမ်းတွေစာတွေ စုံပေပေါ့။
။ ပါဠိဘာသာ မြန်မာစာနှင့်
သိတာမသိတာ သင်ရကြာတော့
ရင်မှာပင်ပန်းဖြစ်ရပေါ့။
။ ဆွမ်းမပြည့်စုံ ခြေစုံလှည့်လည်
အိမ်မယ်များများ လှည့်၍သွားလည်း
အရှင်ဘုရား ကန်တော့ဆွမ်း။
။ မိုးရွာနေလျှင်..
မိုးစိုသင်္ကန်း ခြေတွေလှမ်းပေါ့
ပင်ပန်းစိတ်နွမ်းကိုယ်မလန်း။
။ နေပူလျှင်လည်း…
ချွေးစိုသင်္ကန်း ဆွမ်းခံပန်းတော့
ကျောင်းခမ်းပြန်တော့ခြေမပေါ့။
။ စာကတစ်ဖက် စားတစ်ဖက်ပေါ့
ခက်ခဲကာလ တစ်ချိန်ကလျှင်
ဖြစ်ရဘဝ အဝဝကို
ပြောပြရင်လည်း ယုံဘူးပေါ့။
။ ယနေ့ကာလ..
ကျောင်းလေးသာသာ နေရပါလည်း
ရင်မှာအမြဲ ငယ်အကဲကို
ဆင်းရဲမာန်မူ မမေ့သူပါ
ငါဟူမာန ဘယ့်မရှိ။
။ ထိုကြောင့်….
ခုခေတ်အခါ ရဟန်းမှာဖြင့်
လိုရာအပြည့် ဖြည့်အပြည့်နှင့်
လိုသည့်အရာ ပြည့်စုံပါလည်း
ပညာမမက် ကျမ်းမတက်လို့
ကျောင်းထွက်ပြန်လာများကြတော့။
။ ခုခေတ်သာသနာ….
ထီးထမ်းလမ်းလျှောက် သားတိုးပေါက်ပြီး
ဟိုရောက်သည်ကြွ စာမရဘဲ
လှလှပပနေရတော့။
။ မြင်ကြည့်ပါကြ …
ခုချိန်ခုခါ ရှင်တို့ရွာမှာ
ကျမ်းစာပြီးမြောက် ထေရ်မြတ်ပျောက်၍
မပေါက်ကျမ်းရှင် ကျောင်းထိုင်ရှင်ဖြစ်
ရှိရှင်နှင့်သာ ကိုးရပေါ့။
။ ပညာတတ်မွန် ရဟန်းမွန်များ
မြို့ရံမြို့ရပ် နေထိုင်ကြလို့
ရပ်ရွာအရပ် အရှင်ရှား။
။ လျှောက်ကြားတော်မူ….
တောတောင်မြေခြား ရပ်တစ်ပါးသို့
အများဒါယကာ ပင့်လျှောက်ပါသည်
တောရွာသာသနာ…
ပြုပါစေလေ အရှင်တွေ
ဂုဏ်ပြုဝမ်းသာပါရစေ။
တောမှီရဟန်း
(၁၈-၅-၁၆) ရက်နေ့။