Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂၂)

ပကတိအားဖြင့် မရှိတဲ့ ကုသိုလ်၊ အကုသိုလ်တရားကို အထင်သေး
အမြင်သေးမှု မရှိနဲ့။ ဘာလုပ်လုပ် အကျိုးမရှိဘူး မထင်နဲ့။

ယနေ့ နိုင်ငံရေးစည်းဝိုင်း

ယနေ့ကမ္ဘာကြီးဟာ လူသားအချင်းချင်း ထိန်းကျောင်းကြတဲ့ စနစ်ကြီးတစ်ခု ပေါ်ပေါက်လာကြပါပြီ။ ဒီစနစ်ကြီးဟာ ရွေ့မသွားဖို့ (ရွေ့မသွားအောင်) အရေးကြီးပါတယ်။ ထိန်းသိမ်းခြင်း၊ ထိန်းကျောင်းခြင်း ဆိုတဲ့ ဝေါဟာရဟာ တန်ဖိုးကြီးတဲ့ “ဒဿန”တစ်ခုပါ။ ထိန်းကျောင်းခြင်းနဲ့ဆိုင်တဲ့ အကြောင်းအရာတွေ လောကမှာ အများကြီး တွေ့နိုင်ပါတယ်။ မြင်နိုင်ပါတယ်။ မထိန်းကျောင်းရဘဲ ပကတိရှိတဲ့(တည်တဲ့)အဖြစ်ဟာ လူသားတွေနဲ့ မဆိုင်ပါ ဘူး။ သဘာဝပတ်ဝန်းကျင်တွေနဲ့ ဆိုင်ပါတယ်။ ထိန်းကျောင်းပြီး အတူတူ အမှီပြုကြတဲ့ စနစ်ဟာ အရေးကြီးလို့ အရာကျယ်လာပါတယ်။ ဒီစနစ်ကို လူသားတွေ ဆန်းသစ်တီထွင်နေကြတာကို တွေ့ရလို့ ယနေ့ နိုင်ငံရေးစည်းဝိုင်းထဲမှာလည်း ထိန်းကျောင်းတဲ့စနစ်များ ရောက်လာတာကို (ဖြစ်လာတာကို) တွေ့ရတယ်။ 

လူတန်ဖိုးမြင့်စနစ်

လူမှုရေးအသိုင်းအဝိုင်းကို လေ့လာပါ။ တစ်ဦးကိုတစ်ဦး ထိန်းကျောင်းတဲ့စနစ်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ထိန်းကျောင်းတဲ့စနစ်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ထိန်းကျောင်းတဲ့စနစ်၊ တစ်ကမ္ဘာလုံး ထိန်းကျောင်းကြတဲ့ စနစ်ကြီးတွေဟာ အံ့သြစရာ ဖြစ်လောက်ပါရဲ့။ ဒီ ထိန်းကျောင်းတဲ့စနစ်ထဲက နိုင်ငံရေးထိန်းကျောင်းတဲ့စနစ်ကို လေ့လာကြည့်ပါ။ မြင်ရ တွေ့ရ တာတွေ အများကြီးပါပဲ။ အဆိုးကို ထိန်းကျောင်းတဲ့စနစ်၊ အကောင်းကို ထိန်းကျောင်းတဲ့စနစ်နဲ့ အချင်းချင်း ထိန်းကျောင်းတဲ့စနစ်တွေဟာ လူ့ဘဝမှာ လူသားတွေရဲ့ နေထိုင်ကျင့်သုံးတဲ့ လူတန်ဖိုးမြင့် စနစ်ကြီးတွေ တွေ့မြင်လာရတယ်။ “လူတန်ဖိုးမြင့်စနစ်” ဆိုတာ အဆိုးကို မဆိုးအောင် ထိန်းကျောင်းပေးပြီး အကောင်းကို မြဲအောင်၊ ပိုကောင်းအောင် ထိန်းကျောင်းပေး နိုင်ကြတဲ့ စနစ်ပါပဲ။ လူမှုရေးဟာ အကောင်းဆုံးသက်သက် မရှိပါ။ ဆိုးမိုက်ဖို့သက်သက် လည်း မရှိပါ။

ထိန်းကျောင်းခြင်းစနစ်

မမှားအောင်၊ မဆိုးအောင် အချင်းချင်း ထိန်းကျောင်းရခြင်းဟာ လူသားတစ်ရပ်လုံးရဲ့ တာဝန်ပဲ။ သူမပိုင် သူမဆိုင်၊ ကိုယ်မပိုင် ကိုယ်နဲ့မဆိုင်တဲ့စနစ်မဟုတ်တဲ့ လောကမို့ အားလုံး က တစ်ခုတည်းသော ပိုင်ဆိုင်ခြင်းနဲ့ တစ်ခုတည်းသော စုပေါင်းခြင်းပါပဲ။ ဒီသဘောတရား ကို နားလည်ရင် နိုင်ငံရေးထိန်းကျောင်းခြင်းစနစ်ဟာ မြင့်တက်လာဖို့ အမှန်ပါပဲ။

လက်နက်နဲ့ အဆုံးသတ်စရာ မလို

ယနေ့ကမ္ဘာတစ်ဖက်စောင်း တင်းကျပ်နေအောင် နေနေတဲ့ နိုင်ငံရေးအသိုင်းအဝိုင်း ရှိပါသေးသလား။ ဒါမှမဟုတ် ခေါင်းမြီးခြုံ ငုံ့တုံ့တုံ့၊ မလှုပ်မယှက်ရတဲ့ နိုင်ငံရေးကော ရှိသေးသလား။ ဓားမိုးလှံမိုး အာဏာတန်ခိုးထွားပြီး အကျင့်ဆိုးစနစ်ဆိုးတဲ့ နိုင်ငံရေးမူဝါဒရော ရှိသေးတယ်လို့ မြင်သေးလို့လား ဆိုတဲ့ အဆိုးတရား မြှင့်တင်တဲ့ နိုင်ငံရေးမူဝါဒတွေဟာ ပကတိလူသားတွေရဲ့အလယ်မှာ အလိုအလျောက် ပျောက်ကွယ်သွားကြပြီ။ ဤမျှလောက် ဆိုးသွမ်းတဲ့စနစ်ကြီး လွယ်ကူစွာ ပျောက်ကွယ်သွားရတာဟာ အကောင်း၊ အဆိုး ထိန်းကျောင်း တဲ့ နိုင်ငံရေးထိန်းကျောင်းပေးကြတဲ့ စနစ်ကြောင့်ပါပဲ။ လက်နက်နဲ့ အဆုံးသတ်စရာမလိုဘဲ ဝိုင်းဝန်းကူညီ ထိန်းကျောင်းပေးလိုက်ရုံနဲ့ လူမှုဘဝ ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ ဒီအချက်ကို နိုင်ငံရေးလေ့လာသုံးသပ်သူများ သိမြင်နိုင်ပါတယ်။

ပြောင်းလဲလုပ်သူများတာဝန်

လူမှုဘဝ ပြောင်းလဲတဲ့နေရာမှာ အစပြောင်းလဲခြင်းတစ်မျိုးကို ပြောပြချင်ပါတယ်။ ဥပမာ မူဝါဒတစ်မျိုး ပြောင်းတိုင်းမှာ လူမှုဘဝ တစ်မျိုးပြောင်းခြင်းပါပဲ။ မူဝါဒတစ်ခုလုံး ပြောင်းအောင် ပါဝင်ပတ်သက်တဲ့သူတွေအားလုံးဟာ နောက်တစ်မျိုးသော လူမှုဘဝ အပြောင်း ကို ရိုးရိုးသားသားနဲ့ ပြောင်းလဲပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ရိုးရိုးသားသား၊ အေးအေး ဆေးဆေးနဲ့ မပြောင်းဘဲ ကဲ့ရဲ့ရှုတ်ချ၊ ပြစ်တင်ဝေဖန်၊ လှုပ်လှုပ်ခါခါ၊ နာနာကျင်ကျင်နဲ့ ပြောင်းလဲသွားအောင် လုပ်ပြီး (စနစ်တစ်ခု ပြောင်းအောင် လုပ်ပြီး) ပါဝင် ပတ်သက်ကြသူအားလုံးဟာ စနစ်နောက်တစ်မျိုးရဲ့ ဖြစ်စဉ်ဖြစ်ရပ် တည်ငြိမ်အောင် နိုင်ငံရေးအပြောင်းအလဲ လုပ်သူများက တာဝန်ရှိပါတယ်။

သတ္တိမွေးရမယ်

မိမိကြောင့် ပြောင်းလဲသွားတဲ့စနစ်တစ်ခုကို နောက် စနစ်တစ်ခု (အသစ်တစ်ခု) သို့ မကူးပြောင်းမီစပ်ကြား ပြည်သူပြည်သားတွေရဲ့ ခံစားရတဲ့ ဝေဒနာအားလုံးဟာ စနစ် တစ်ခုပြောင်းအောင်၊ သို့မဟုတ် ပြောင်းလိုတဲ့သူတွေအားလုံးရဲ့ (အားလုံးမှာ) တာဝန်ရှိသွားပြီ။ ဒီတာဝန်ကို ယူနိုင်သူမဟုတ်ဘဲ ခလောက်ဆန်သက်သက်နဲ့ လုပ်ရင်တော့ သမိုင်းဝင်သူ ဖြစ်မှာပဲ။ ဒီအကြောင်းအရာကို မသိသေးတဲ့ နိုင်ငံရေးသမားတွေက သမိုင်းတရားခံ၊ လူမှ တရားခံ၊ ကံတရားရဲ့တရားခံ လုပ်ချင်နေကြတယ်။ ဘာသာရေးနဲ့ မဆိုင်တဲ့ တရားခံအရာမို့ အများနဲ့ ဆိုင်တဲ့ကံတရားဟာ ငရဲမခံရဘူးလို့ မထင်နဲ့။ လုပ်ရဲရင် ခံရဲဖို့ သတ္တိမွေးရမယ်။

လုပ်ပေးရမယ့်တာဝန်

စနစ်အပြောင်းအလဲတစ်ခု လုပ်တိုင်းမှာ လူမှုဘဝ ဘယ်ရွေ့ဘယ်မျှ ခံစားတွေ့ကြုံရ သလဲ ဆိုတာ (ဥပမာ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ နှစ်အတွင်း မြန်မာပြည်လူမှုဘဝ တွေ့ကြုံရတဲ့ အဖြစ်)ကို တွေ့နိုင်ပါတယ်။ အရှင်တို့တိုင်းပြည်ဟာ ၁၉၈၇ ခုနှစ်ကာလက ရိုးရိုးစားသုံးတဲ့ ဆန်တစ်ပြည်ဟာ နှစ်ကျပ်သာသာလေးပဲ ဈေးရှိတယ်။ အဲဒီ နှစ်ကျပ်သာသာလေးပဲ ရှိတဲ့ ဆန်ဈေးကို ၁၉၈၈ ခုနှစ် စနစ်တစ်ခု ပြောင်းတာနဲ့ ဆန်တစ်ပြည်ဟာ ခုနစ်ကျပ်ဖြစ်သွားပြီး ၂၀၁၂ ရောက်လာတဲ့အခါ သတ်မှတ်ဆန် အကောင်းစား တစ်ပြည်ကို ကျပ်တစ်ထောင့်ခုနစ်ရာ ဈေးရှိသွားပါတယ်။ စားသောက်ကုန်တစ်ခုတည်းနဲ့ ဤမျှဈေးနှုန်းပမာဏများရင် အခြားသော စားသုံးကုန်များ မည်မျှ ဈေးမြင့်တက်လေမလဲ ဆိုတာ စဉ်းစားနိုင်ပါတယ်။ စားဝတ်နေရေး သုံးပါးနဲ့ အမြဲမပြတ် တစ်ဆက်တည်းနေကြရတဲ့ ပြည်သူတွေဟာ မိသားစုအရေး ဘယ်ရွေ့ ဘယ်မျှ ကစဉ့်ကလျားဖြစ်ပြီး ဒုက္ခများစွာ ခံစားနေကြရသလဲ ဆိုတာ မိသားစုကို ထိန်းသိမ်း စောင့်ရှောက်ရတဲ့သူများ သိနိုင်ပါတယ်။ မိသားစုအားလုံးရဲ့ တရားခံဟာ စနစ်ပြောင်းလိုသူ၊ သို့မဟုတ် စနစ်ပြောင်းအောင် တောင်းဆိုသူ၊ ပါဝင်သူတွေ့ရဲ့ လုပ်ဆောင်ချက်ပါပဲ။ ဒီ လုပ်ဆောင်ချက်ကြောင့် လူမှုဘဝ အထိတ်တလန့်ဖြစ်ခဲ့ရတယ်။ အကြောက်မရှိသော၊ အဆင့် ပြောင်းသော၊ စနစ်ပြောင်းသော လူမှုဘဝနိုင်ငံရေး တည်ငြိမ်မှုရောက်အောင် တာဝန်ရှိတဲ့သူ တွေ လုပ်ပေးရမယ့်တာဝန်ကို မမေ့ဖို့ လိုပါတယ်။

မပျောက်ကွယ်သောအရာ

ဒီတာဝန်ကို ပြည်သူတွေက ယူပါလို့ အစကတည်းက မတောင်းဆိုပါ။ ပေးလည်း မပေးထားပါ။ ခံဝန်ပြုထားတဲ့တာဝန် မဟုတ်ပါ။ ဘယ်သူမပြု မိမိမှုဖြင့် ယူထားတဲ့တာဝန် ဖြစ်လို့ ကျေပွန်အောင် ပြည်သူကို ပြန်လုပ်ကျွေးရမယ်။ ပျက်စီးယိုယွင်းသွားခဲ့တဲ့ ပြည်သူ တွေရဲ့ မိသားစုဘဝ အဆောက်အအုံကို ပကတိအတိုင်း ပြန်ဖြစ်အောင် ပြန်လုပ်ပေးရမယ်။ အသက်ဖြင့် သော်လည်းကောင်း၊ ဥစ္စာဖြင့် သော်လည်းကောင်း ရေ၊ မြေ၊ တိုင်းပြည်ဖြင့် သော်လည်းကောင်း ပကတိအတိုင်း ပြန်ဖြစ်အောင် ပြန်လုပ်ပေးရမယ်၊ (ပြန်လုပ်ကျွေးရမယ်)။ ဖျက်ဆီးပစ်ပြီး ပြန်ပြီးမလုပ်ပေးနိုင်ရင် သမိုင်းမှာ အကြွေးတင်တဲ့သူ၊ ကံတရားမှာ အပြစ်ရှိသူ အဖြစ် တည်နေ မှတ်နေမှာပဲ။ ပျောက်ကွယ်သွားတတ်တဲ့အရာ မဟုတ်ဘူးဆိုတာကို နိုင်ငံရေး လုပ်သူများ သိထားရမယ်။

ပြောင်းလဲလိုတဲ့သူတွေ

ကိုလိုနီခေတ်က ကျူးကျော်စစ်နဲ့ ယူထားတဲ့ပိုင်နက်တွေ၊ ပိုင်နက်ထဲကရှိတဲ့လူတွေ ကို မတရားမှုနဲ့ ကျုးခဲ့တာတွေ အများကြီးပါပဲ။ အဲဒီမတရားမှုနဲ့ ကျူးခဲ့ကြတဲ့ အပြစ်တွေဟာ ပြန်ပြီးတော့ ပေးဆပ်မှုမလုပ်ကြဘဲ ခပ်တည်တည်နဲ့ ယနေ့ကမ္ဘာမှာ နေနေကြတယ်။ သေကျေ ပျက်စီးဆုံးရှုံးသွားကြရတဲ့ အပြစ်မဲ့လူသားတွေရဲ့ မိသားစုကို ကျူးကျော်သူတွေက ဘာတွေများ ပြန်လာလုပ်ပေးတာ ရှိခဲ့သလဲ။ အိမ်ရာနေရာများလည်း ဘာတွေများ ပြန်လာပေးတာ ရှိခဲ့ သလဲ။ မတရားမှုတွေအမျိုးမျိုး ကျူးလွန်ခဲ့တာတွေကို သမိုင်းမှာ ပျောက်ကွယ်သွားမယ်လို့ ထင်သလား။ အပြစ်သားဟာ ဘယ်တရားမှ ခွင့်မလွှတ်ပါဘူး။ ကာလသုံးပါးလုံး အကြောင်း ဆက် အကျိုးဆက်(အဆက်ဆက်) အကျိုးပေးလို့ ဆုံးမှာမဟုတ်ဘူး ဆိုတာကိုတော့ ကိုလိုနီ နိုင်ငံရေးသမားတွေကို အသိပေးသလို ခေတ်သစ်၊ စနစ်သစ်ကို ပြောင်းလဲလိုတဲ့သူတွေကို လည်း သတိပြုစေချင်ပါတယ်။

မှားယွင်းမှုနဲ့ ဝိုင်းဝန်းပိတ်ဆို့

ပြုပြင်ပြောင်းလဲမှု ဆိုတာ ပကတိအရာတွေ တည်ငြိမ်မှု ရှိမှ ရတယ်။ ဘယ်အရာမှ မတည်ငြိမ်ဘဲ ပြုပြင်ပြောင်းလဲရင် ထင်သလို မဖြစ်ဘဲ ဖြစ်သလိုပဲ ဖြစ်သွားမယ်။ ပြောင်းလဲ သွားတဲ့ အရာဝတ္ထုကြောင့် ပြောင်းလဲပုံ မူမမှန်ရင် မနိုင်ဝန်ထမ်းရတဲ့သူ မဖြစ်ဘဲ မရှိပါ။ ယခုလည်း ပြောင်းလဲရေးကို လိုလားတဲ့သူနဲ့ ပြုပြင်ရေးကို လိုလားကြတဲ့သူတွေရဲ့ ပူးပေါင်းမှု ကြောင့် မြန်မာပြည်နိုင်ငံရေးပြောင်းလဲမှုဟာ စိန်ခေါ်မှုတွေ အမျိုးမျိုးနဲ့ တွေ့ရတယ်။ အထူး သဖြင့် စီးပွားရေး(ကြီးပွားရေး) ပိတ်ဆို့မှုနဲ့ ရင်ဆိုင်ရတယ်။ ဒီလိုရင်ဆိုင်ရခြင်းဟာ ပြောင်းလဲ လိုသူတွေရဲ့လုပ်ရပ်နဲ့ စေတနာဟာ ရိုးသားမှုအပြည့်အဝ မပါတာရယ်။ မှားယွင်းမှုနဲ့ ဝိုင်းဝန်း ပြီးတော့ ပိတ်ဆို့ကြတာရယ်ကြောင့်ပါပဲ။

မဆုံးနိုင်တဲ့ ပဋိပက္ခတွေ

တကယ်တော့ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲလိုသူတွေဟာ ကိုလိုနီသမား၊ ဖက်ဆစ်သမား၊ အာဏာရှင်သမားတွေ မဟုတ်ကြပါဘူး။ အဲဒီပုဂ္ဂိုလ်တွေ မဟုတ်ကြပါရက်နဲ့ ပြောင်းလဲမှုမှာ ဘာကြောင့် နိုင်ငံတကာမှာ ပိတ်ဆို့မှုများ လိုက်လံပြီး တားဆီးပိတ်ပင်ကြရ ပါသလဲ။ ပြောင်းလဲမှု၊ ပြုပြင်လိုတဲ့သူတွေရဲ့ စိတ်ဓာတ်ဟာ လူမှုဘဝနိုင်ငံရေးကို ဂရုမစိုက်လို့ ပါပဲ။ လူမှုဘဝနိုင်ငံရေးကို ဂရုမစိုက်ဘဲရှိနေတဲ့ တိုင်းပြည်ဟာ ပြောင်းလဲမှုကို ပြောင်းချင်တိုင်း ပြောင်းလဲလို့ မရပါ။ ပြဿနာနဲ့ ပြောင်းလဲရတဲ့ နိုင်ငံရေးဟာ မဆုံးနိုင်တဲ့ ပဋိပက္ခတွေနဲ့ပဲ ရှိနေမယ် (ဖြစ်နေမယ်)။ ပဋိပက္ခရှိတဲ့ နိုင်ငံရေးဟာ “နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်း မယ်” ဆိုတဲ့ စကားနဲ့ တူသယောင် ဖြစ်နေတယ်။

ရေသေမှာ သောင်တင်တဲ့ဖောင်

နိုင်ငံရေးကို ငြိမ်းချမ်းရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုရင် ရနိုင်တဲ့ အခွင့်အလမ်း မရှိဘူးလား၊ ဒါမှမဟုတ် ငြိမ်းချမ်းရေးနည်းနဲ့ ဖြေရှင်းတဲ့ နိုင်ငံရေးကော မရှိဘူးလား။ ပဋိပက္ခ (နှစ်စု၊ နှစ်ဖွဲ့) အသင်းသင်း ဖြစ်နေကြတဲ့သူတွေရဲ့ စိတ်ဓာတ်ဟာ နိုင်ငံရေးကို ဦးတည်တာလား။ ငြိမ်းချမ်းရေးကို ဦးတည်တာလား။ လူမှုရေးကို ဦးတည်တာလား။ စာပေ၊ လူမျိုး၊ ပိုင်နက် စတာတွေကို ဦးတည်နေကြတာလား။ ဘယ်ကို ဦးတည်နေကြသလဲဆိုတာ ကို နိုင်ငံရေးလုပ်သူများ သိထားရမယ်။ ဦးတည်ချက်မပါဘဲ ငြင်းဆိုတဲ့ နိုင်ငံရေးဟာ ရိုးရှင်းတဲ့နိုင်ငံရေးမဟုတ်။ မရိုးသားတဲ့နိုင်ငံရေးဟာ အငြင်းပွားစရာ များတယ်။ ဦးတည်ချက် လည်း မမှန်၊ လုပ်ဆောင်ချက်လည်း မှန်မည် မဟုတ်။ ဆောင်ရွက်လုပ်ကိုင်မှ မမှန်ရင် ရေသေမှာ သောင်တင်တဲ့ဖောင်နဲ့ တူသွားပြီ။ နိုင်ငံရေးသောင်တင်ရင် လူရောမူပါ ပြင်ရမယ်။ မပြင်ဘဲ ဆက်ပြီး ကျင့်သုံးရင် အသုံးမကျတဲ့ နိုင်ငံရေးစနစ်တွေ ဖြစ်မယ်။ အဲဒီစနစ်နဲ့ တည်နေတဲ့နိုင်ငံရေးဟာ အရာခပ်သိမ်း (အစစအရာရာ) ကို ဆုံးရှုံးတယ်။ ဆုံးရှုံးမှုများတဲ့ နိုင်ငံရေးဟာ တည်ငြိမ်မှု အားနည်းတယ်။ တည်ငြိမ်မှုအားနည်းရင် ဦးတည်ချက်မဲ့တဲ့ (ဦးတည်ရာမဲ့တဲ့) နိုင်ငံရေး ဖြစ်သွားပြီ။

ဦးချိုကျိုးသော နွားလားပမာ

ယနေ့ မြန်မာပြည်နိုင်ငံရေးဟာ မတည်ငြိမ်သေးတဲ့ နိုင်ငံရေးမြေပြင်နေရာလို ဖြစ်နေပါတယ်။ ပြည်သူ့ဘက်ကို ကြည့်ရင် ပြည်သူတွေက မငြိမ်မသက်နဲ့ အုပ်ချုပ်သူတွေ ဘက်ကလည်း ယိမ်းယိုင်ချင်သလို ဖြစ်နေတယ်။ တကယ်တော့ အုပ်ချုပ်သူနဲ့ ပြည်သူတွေဟာ တစ်သွေးတည်း၊ တစ်သားတည်းဖြစ်ဖို့ (ရှိဖို့) လိုပါတယ်။ အများဆန္ဒ သဘောတူထားကြတဲ့ နိုင်ငံတော် (ပြဋ္ဌာန်းထားသော) ဥပဒေကို သူသူငါငါ လိုက်နာရမယ်။ တိုင်းပြည်တည်ထောင် မည့် ဥပဒေကို မလိုက်နာဘဲ နေကြရင် မြန်မာ့လူ့ဘောင်ဟာ ဖရိုဖရဲပြိုကွဲတဲ့ ပုံစံမျိုးလိုပဲ ဖြစ်နေမယ် (ရှိနေမယ်)။ တိုင်းပြည်တစ်ပြည်မှာ အုပ်ချုပ်သူနဲ့ ပြည်သူ (အုပ်ချုပ်ခံ) ကြည်ဖြူမှု အားနည်းကြရင် ညီညွတ်ရေးအတွက် အားပျက်တတ်တယ်။ အားနွဲ့အားပျက်တဲ့ တိုင်းပြည် တစ်ပြည်ဟာ နောက်ပိတ်ဆုံး အစည်းအရုံး (စည်းရုံးမှု)ပါ ပျက်ပြားနိုင်တယ်။ အဲဒီလို အစည်းအရုံး ပျက်မဆုံးနိုင်တဲ့ တိုင်းပြည်မျိုးဟာ ဦးချိုကျိုးသော နွားလားပမာ မာန်နုံပြီး အားယုတ်သွားတတ်တယ်။

ကြေညာမောင်းခတ် သိကြားစေ

အရှင်တို့ရဲ့ တိုင်းပြည်ဟာ သဘာဝရေမြေတောတောင်တွေ၊ ရေထုမြေထုလေထုတွေ ပိုင်စိုးတဲ့ တိုင်းပြည်တစ်ပြည်ပါ။ လူထုအားနဲ့ တည်ထောင်တဲ့ တိုင်းပြည်ပါ။ လူထုနည်းနဲ့၊ သို့မဟုတ် အလိမ္မာနည်းနဲ့ သူတစ်ပါးတို့ရဲ့ လက်ထဲကနေ အရပြန်ယူထားတဲ့တိုင်းပြည်ပါ။

  ဒီတိုင်းပြည်ဟာ-

(၁)စီးပွားရေးခြယ်လှယ်ချင်သောသူ၊
(၂) နိုင်ငံရေးလှည့်ကွက်ဆင်သောသူ၊
(၃) လူမှုရေးဖောက်ပြန်မှု ဖြစ်ပေါ်အောင် အကွက်ဆင်သောသူ၊
(၄) ပြည်ထောင်စုစနစ်ကို ဖုံးကွယ်လိုသောသူ၊
(၅) တိုင်းရင်းသားလူထုအပေါ်မှာ နိုင်ထက်စီးနင်း ပြုမူလိုသောသူများ မြေပြင် နေရာ(တိုင်းပြည်) မဟုတ်ကြောင်း ကြေညာမောင်းခတ် သိကြားစေလိုပါတယ်။
ဦးတည်ချက်မပါဘဲ ငြင်းဆိုတဲ့နိုင်ငံရေးဟာ ရိုးရှင်းတဲ့နိုင်ငံရေး မဟုတ်။
မရိုးသားတဲ့ နိုင်ငံရေးဟာ အငြင်းပွားစရာ များတယ်။ ဦးတည်ချက်လည်း မမှန်၊ လုပ်ဆောင်ချက်လည်း မှန်မည်မဟုတ်။ ဆောင်ရွက်လုပ်ကိုင်မှု မမှန်ရင် ရေသေမှာ သောင်တင်တဲ့ဖောင်နဲ့ တူသွားပြီ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၉၅-၂၀၀၊ အဝိဟိံသာနိုင်ငံရေး (၂၂)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂၁)

ငြိမ်းချမ်းရေး ကျင့်သားဖြစ်သွားတဲ့ နိုင်ငံရေးကို လုပ်ပါ။

အဝိဟိံသာမူ

အရှင်တို့ဟာ အလကားနေရင်းနဲ့ ယုတ်မာတဲ့သူကို အပြစ်မတင်ပါ။ မရှုတ်ချပါ။ မကဲ့ရဲ့ပါ။ အဲဒီလူကို အပြစ်တင်ရှုတ်ချကဲ့ရဲ့ရမယ့်အစား မိမိကိုယ်ကိုသာ ပြစ်တင်ရှုတ်ချကဲ့ရဲ့ပါ။ ချွတ်ယွင်းချက်၊ အပြစ်အနာအဆာများတဲ့ သိက္ခာမဲ့တဲ့ နိုင်ငံရေးစနစ်ကို အရှင်တို့တိုင်းပြည် မှာ မကျင့်သုံးပါ။ အထီးကျန် အပြစ်မဲ့နေတဲ့ ပြည်သူတွေကို လူ့အခွင့်အရေးချိုးဖောက်ရအောင်၊ မကောင်းမှုလုပ်ရအောင် မတိုက်တွန်းပါ။ စစ်ပွဲ၊ အကြမ်းဖက်ပွဲကို မုန်းရင် ကလေးတွေကို ကွန်ပျူတာပေါ်မှာ စစ်ကစားပွဲတွေ ပေးမကစားပါနဲ့။ အရှင်တို့ဟာ ခုခံပြီး အနိုင်ယူရမယ့် အကျင့်မျိုး မယူပါ။ အရှင်တို့ ကိုင်ထားတဲ့ အဝိဟိံသာမူ (Non-Violence)ဟာ ယိုင်ငဲ့၊ စောင်းကျတဲ့မူ မဟုတ်ပါ။ ကြောက်တတ်တဲ့မူ မဟုတ်ပါ။ နာကြည်းနစ်နာတဲ့မူ မဟုတ်ပါ။

အဆိပ်ရေကို အမြိုက်ရေလို ထင်

အရှင်တို့ရဲ့ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းဟာ ပြန်မလုပ်ခြင်း မဟုတ်ပါ။ မိမိ ခံစားရတဲ့ စိတ်သောကကို ပထမဦးဆုံး ဖြေချလျှော့ချရမယ်။ ပြီးလျှင် မေတ္တာစိတ်ဝင်စားပါ။ မေတ္တာ ဘာဝနာ ပွားပါ။ တည်တည်ငြိမ်ငြိမ် နေလိုက်ပါ။ မိုက်သူက မိမိအပေါ် ဆက်မိုက်သေးရင် သင့်တော်တဲ့ တုံ့ပြန်မှုမေတ္တာစိတ်နဲ့ တုံ့ပြန်ပါ။ ဒေါသမပါတဲ့ တုံ့ပြန်မှုနဲ့ နေပါ။ မုန်းတီးမှုအစား ချစ်ခင်မှုနဲ့ နေပါ။ အကြမ်းဖက်မှုအစား ကိုယ်ပိုင်စွန့်လွှတ်မှုနဲ့ အစားထိုးပါ။ မိမိရဲ့ မေတ္တာ နှလုံးသားဟာ ကြမ်းတမ်းမှ အင်အားရှိတဲ့သူတွေကို သင်ပြပေးပါ။ မမြတ်တဲ့ အကျင့်တရား တွေကို မသင်ပေးပါနဲ့။ အကျင့်ပါတဲ့ အရသာခံစားမှုအကျင့်ကို မသင်ပေးပါနဲ့။ မကောင်းမှပြုရာမှာ အားရစွာ ကျေနပ်နိုင်မယ့်သူကို မွတ်သိပ်နေတဲ့ အစာပြေဆေး မတိုက်ပါနဲ့။ အဆိပ်ရေကို အမြိုက်ရေလို့ပဲ ထင်နေမယ်။

ကြောက်ရိပ်အောက်က

အရှင်တို့ မြန်မာပြည်နိုင်ငံရေးဟာ ကြောက်ရိပ်အောက်က မရုန်းထွက်လေသမျှ ကာလပတ်လုံး ဖြားယောင်းတဲ့ လှည့်ကွက်ထဲကိုပဲ ရောက်သွားကြမယ်။ မတရားမှုတွေကို ခေါင်းငုံ့ခံပြီး သာဓုခေါ်ဆိုကြတာမျိုးဟာ ခံစားလာခဲ့ကြရတာ ကြာလှပါပြီ။ မိဘဘိုးဘွား တစ်ခေတ်လုံးသာမက ခေတ်ကာလကြီးများစွာ ခံစားလာခဲ့ကြရတဲ့ ဝေဒနာအပြင်းစားတွေဟာ အချင်းချင်း မညီညွတ်ခြင်းကြောင့်ပါပဲ။ အချင်းချင်း ချစ်ခြင်းကင်းကြလို့ပါပဲ။ ညီညွတ်အောင်၊ စည်းလုံးအောင် အမျိုးမျိုးရိုင်းပင်းစွာ ကူညီကြပေမယ့် အတွင်းစိတ်ဓာတ်ဟာ မသန့်ရှင်းခဲ့ကြ တာမို့ ယုံကြည်မှု မတည်ဆောက်နိုင်တာပဲ ဖြစ်ကြတယ်။ မယုံကြည်ခြင်းဟာ အရာသွင်းလို့ မရတာအမှန်ပါပဲ။ ယုံကြည်မှု တည်ဆောက်လို့မရတဲ့ အရှင်တို့ အချင်းချင်း ပြဿနာကို တခြားဘုံသားတွေက လာရောက်ပြီး ညီညွတ်အောင် (ယုံကြည်ကြအောင်) လုပ်ပေးဖို့ ရမယ် မထင်ပါ။

သတိထားမိကြရဲ့လား

အရှင်တို့ဟာ အချင်းချင်း စိတ်မနာအောင် မလုပ်နိုင်ကြဘူးလား။ စိတ်နာရတဲ့အဖြစ် တွေက များကြပြီပဲ။ တွေးကြည့်ရင် တစ်ရပ်တည်းနေ တစ်ရေတည်းသောက် ဆိုပြီးတော့ စေတနာမပါတဲ့စကားတွေ အသိအမှတ်ပြုခဲ့ကြတာဟာ နှစ်အပိုင်းအခြားတွေ ကြာလှပါပြီ။ မြန်မာပြည် မြေပြင်တစ်လွှားမှာရှိတဲ့ စစ်မြေပြင်တွေမှာ သေကျေကြရတဲ့ ငါတို့ရဲ့ ဖြစ်အင်တွေ ဟာ ဘယ်သူမှ သံယောဇဉ်မထားကြဘဲ မေတ္တာရေစင် လာရောက် သွန်းလောင်းတဲ့သူတွေ လည်း တစ်ယောက်မှ မရှိကြတာကို ငါတို့တွေ သတိထားမိကြတာ ကြာလှပါပြီ။

အခါးဓာတ်ပါတဲ့ လုပ်ရပ်အမျိုးမျိုး

အရှင်တို့ဟာ ချစ်ခင်မှု၊ ကြင်နာမှုတရားတွေကို လိုချင်ကြတဲ့သူတွေပါ။ တူညီတဲ့ ရည်မှန်းချက် မတူပေမယ့် ရည်မှန်းချက်ထားတတ်တဲ့စိတ်ရှိသူအဖြစ်ကတော့ အတူတူပါပဲ။ ဒါဆိုရင် တူညီတဲ့ ရည်ရွယ်ချက်ချင်းအတူတူ ထားကြမယ်ဆိုရင် မြန်မာလူမျိုးအချင်းချင်း ညီညွတ်ခြင်းပဲ ဖြစ်ရမယ်။ ငါတို့မညီညွတ်နိုင်ရလောက်အောင် ငါတို့ရဲ့စိတ်ဓာတ်တွေ အလွန် အောက်တန်းရောက်သွား ကြတာလား။ တိုင်းပြည်ဟာ သယံဇာတပစ္စည်းတွေ ကုန်လုနီးပါး ဖြစ်နေပါပြီ။ စားသူစား၊ ဝါးသူဝါးကြလို့ အကြီးစားချမ်းသာသူအဆင့်သို့ ရောက်နေကြပါပြီ။ 

မြန်မာပြည်ဖွား မြန်မာပြည်သားတွေက အကျိုးခံစားရမှု၊ သို့မဟုတ် အာဟာရပြည့်ဝတဲ့ အကျိုးခံစားရမှု တစ်ယောက်မှ မရကြဘဲ ပဒေသရာဇ်မဟုတ်တဲ့၊ ကိုလိုနီမဟုတ်တဲ့ ငွေရည်စိမ် နိုင်ငံရေးလက်သစ်သမားတွေရဲ့ လက်ချက်နဲ့ အေးအေးလူလူ ဝါးကြတဲ့၊ စားကြတဲ့သူတွေရဲ့ အဖြစ်ဟာ မိုးပျံတိုက်တွေ တိမ်ပေါ်ရောက်ကြကုန်ပြီပဲ။ ကုန်းခေါင်ခေါင် ကွင်းပြောင်ပြောင် ထဲမှာ ရိုးသားမှု အပြည့်အဝရှိကြတဲ့ ငါတို့ရဲ့ ပြည်သူပြည်သားတွေကို သနားအကြင်နာ မထားကြဘဲ ရှေးခေတ်က ချစ်တီးအကြွေးနဲ့ မတရား မြေသိမ်းခဲ့တာပဲ ကြားဖူးခဲ့တယ်။ ယခုတော့ ချစ်တီးမဟုတ်တဲ့ ထီးကြီးသမားတွေ ရိုးသားတဲ့ ကိုယ့်ရဲ့ပြည်သူတွေကို အခါးဓာတ် ပါတဲ့ လုပ်ရပ်အမျိုးမျိုး ပေးရက်လိုက်ကြတာကို အရှင် အံ့သြမိပါတယ်။

ပြည့်စုံသော အာဟာရဘုံ

အပင်တစ်ပင်ရှင်သန်ဖို့ မိုးကိုမျှော်တဲ့ ပြည်သူ၊ ရေကြည်တစ်မှုတ် သောက်ရဖို့ ရေကို စောင့်မျှော်ရတဲ့ ငါတို့ရဲ့ ပြည်သူတွေကို ခုထိတိုင် ဘာမှမလုပ်ပေးနိုင်ဘဲ နိုင်ငံရေး ငရဲခန်းဖွင့်ချင်တဲ့ နိုင်ငံရေးသမားတွေ ပြည်သူ့ရင်ပြင်ပေါ်မှာ ညသောက်ရေ၊ သုံးဆောင်ရေတွေ တည်ပေးဖို့ အရင်ဆုံး စဉ်းစားပေးချင်ပါတယ်။ ရေအာဟာရဓာတ်တောင်မှ အပြည့်အဝ မပေးနိုင်ဘဲ အသားဓာတ်ချို့တဲ့ ပြည်သူတွေလို့ မပြောဘဲ နေလိုက်တာပဲ ကောင်းပါတယ်။ ယနေ့မြန်မာပြည်မှာရှိကြတဲ့ ပြည်သူတွေဟာ အာဟာရဓာတ် အပြည့်အဝမပါတဲ့သူတွေပဲ များကြပါတယ်။ ဒီလို အာဟာရဓာတ်ချို့တဲ့သွားအောင် ဘယ်သူ့မှာ တာဝန်ရှိကြပါသလဲ။ အာဟာရဓာတ် မပြည့်စုံရင် အမျိုးမျိုးအဖုံဖုံ ပြဿနာစုံဖို့ပဲ ဖြစ်နေမယ်။ ပြဿနာစုံတဲ့အရပ်ဟာ ငရဲဘုံလို့ မခေါ်ဆိုနိုင်ပေမယ့် လူသားနဲ့ မတန်တဲ့ ဘုံဌာနပါပဲ။ နောက်ဆုံး မြန်မာပြည်ကို ချစ်တဲ့သူတွေ ရေ၊ မြေ၊ အာဟာရတွေပေးဖို့ “ပြည့်စုံတဲ့ ဘုံဝါဒစနစ်တစ်ပါး” တည်ထောင် ပေးဖို့ စဉ်းစားပေးကြပါ။

စည်းရိုးစည်းဝိုင်းထဲကသူ

အရှင်တို့ ပြည်သူတွေဘက်ကို နေကြည့်ပါ။ အရှင်တို့ ပြည်သူတွေဟာ မျက်နှာ တစ်ဖက်သာ ပြတတ်တဲ့ တီဗွီမှန်ပြင် မဟုတ်ပါ။ အမှန်ကို မပြောရဲလို့ မွဲပြာကျရတဲ့သူတွေ အဖြစ်ဟာ အရာတိုင်းကို ဆုံးရှုံးခဲ့ရတယ်။ ယုတ်စွအဆုံး ကောင်းမြတ်တဲ့ လူ့ကျင့်ဝတ်တရား ကိုတောင် မစောင့်ထိန်းနိုင်ဘဲ နေကြရတယ်။ ဒီလိုဘဝမျိုးရောက်အောင် သူတို့ကိုယ်သူတို့ ဖန်တီးလိုက်တာပဲလို့ မမြင်လိုက်ပါနဲ့။ မထင်လိုက်ပါနဲ့။ ဒီလူထုတွေဟာ တစ်ခါမှ မမြင်ခဲ့ ဖူးတဲ့သူတွေ မဟုတ်ပါ။ လူစိမ်းသူစိမ်းတွေ မဟုတ်ပါ။ တိုင်းပြည် လွတ်လပ်ရေးရအောင် တော်လှန်ရေးသားသမီးတွေပါ။ အဝေးကို ထွက်ခွာပြေးသွားကြမယ့်သူတွေ မဟုတ်ပါ။ စည်းရိုးစည်းဝိုင်းထဲကသူတွေပါ။ ဒီသူတွေရဲ့ဘဝကို သနားပေးကြရမယ့်သူတွေပါ။ အကြင်နာ ပေးကြရမယ့်သူတွေပါ။ သူတို့တွေကို ဒုက္ခမပေးကြပါနဲ့။ မဖျက်ဆီးလိုက်ပါနဲ့။ အသက်ရှိတဲ့ လူသားတွေကို မကူမကယ်ဘဲ ရပ်ပြီး ကြည့်မနေပါနဲ့။

ဒီမိုကရေစီတိုင်းပြည်ဖြစ်ဖို့

အရှင်တို့တိုင်းပြည်ဟာ ယနေ့ လူမှုဘဝ စီးပွားရေးခက်ခဲမှု အပြည့်အဝ ရှိကြပါ တယ်။ စီးပွားရေး၊ ကြီးပွားရေးကျပ်တည်းလာတာကြောင့် နိုင်ငံရေးလည်း ကျပ်တည်းလာမယ့် သဘော တွေ့ရတယ်။ ချောင်ချိလေမလားဆိုပြီးတော့ ဥပဒေတွေ တစ်မျိုးပြီးတစ်မျိုး ထွက်ရှိ လို့ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်အထိ ဥပဒေအမှတ် ၂၆ ခု ပြဋ္ဌာန်းလိုက်ပြီးပြီ။ ဥပဒေ အမျိုးမျိုး ပြဋ္ဌာန်းထားပေမယ့် အကျင့်ပါလာခဲ့တဲ့ ပြည်သူတွေက ဒီဥပဒေတွေကို တစိုက် မတ်မတ် လိုက်နာကျင့်သုံးဖို့ မေ့နေကြတယ်။ ဒီဥပဒေတွေဟာ လိုက်နာသူမရှိဘဲ ဖြစ်နေရင် ယနေ့ မြန်မာပြည်မှာ ဒီမိုကရေစီလို့ ပြောနေကြတဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးဟာ ရှက်စရာ အလွန်ဖြစ်သွားမယ်။ လိုက်နာမှု၊ ကျင့်ကြံမှု၊ လေးစားမှုမရှိတဲ့နိုင်ငံရေးဟာ ဘယ်ဥပဒေပြဋ္ဌာန်း ပြဋ္ဌာန်း စုံလုံးကန်း မသိသလိုပဲ ဖြစ်သွားမယ်။ လူထုက မပါလာရင် ရှေ့ဆောင်လည်း မသာပါဘူး။ ရှေ့ဆောင်သူနဲ့ နောက်လိုက်သူတို့ဟာ ကြည်ကြည်ဖြူဖြူ ဖြစ်ဖိုလိုတယ်။ ပွင့်လင်းဖို့ လိုတယ်။ ပြည်သူတွေဟာ လွတ်လွတ်လပ်လပ် ချောင်ချောင်ချိချိ နေလိုကြတယ်။ ကျပ်ကျပ်ပိတ်ပိတ် သိပ်သိပ်မနေလိုကြပါဘူး။ သို့သော် ဖြစ်ချင်တာနဲ့ ဖြစ်နေတာနဲ့ ကွာခြား လာတာကို တွေ့လာရင် ဒီမိုကရေစီနိုင်ငံရေးအပေါ် မကောင်းတဲ့သဘောတွေ တွေ့လာတတ် တယ်။ အဲဒီလို မြင်လာရင် (မြင်လာတော့) ဥပဒေကို လေးစားရမှန်း၊ လိုက်နာရမှန်း၊ ကျင့်ကြံရမှန်း မသိတော့ဘဲ လုပ်ချင်ရာ လုပ်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ တိုင်းပြည်ဖြစ်ဖို့ ဝေးကြဦးမယ်။

ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်သာ မှန်ရင်

အရှင်တို့ဟာ အကောင်းဆုံးနိုင်ငံရေးမူဝါဒကို စုပေါင်းပြီး အတည်ပြု ရွေးချယ် လိုက်ကြပါပြီ။ ဒီနိုင်ငံရေးနဲ့ ဒီနိုင်ငံတော် တိုးတက်ဖို့ လုပ်ကြရတော့မယ်။ ဆုတ်လို့မရပါ။ ခွဲလို့မရပါ။ စိတ်ပျက်စရာဖြစ်လို့ ခိုကတ်လိုက်လို့ မရပါ။ အပြောနဲ့ အလုပ် ပြရမှာဖြစ်လို့ အပြောတခြား အလုပ်တခြား ဖြစ်လို့မရပါ။ အချိန်လည်း အများကြီး ပေးရမှာပါ။ အချိန် မပေးနိုင်ဘဲ ခုစိုက် ခုသီးတဲ့ အကျင့်မျိုးတော့ လုပ်လို့မရတာ အမှန်ပါပဲ။ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်သာ မှန်ရင် တစ်နေ့နေ့မှာ အထွတ်အထိပ်သို့ မရောက်ဘဲ မရှိပါ (မနေပါ)။

မမေ့ပစ်ပါနှင့်

မိဘဘိုးဘွားတွေရဲ့ခေတ်ကာလက လွတ်လပ်ရေးကို အရယူနိုင်ခဲ့ကြတယ်။ ခက်ခဲ နက်နဲတဲ့အရေးကိုတောင် လွတ်မြောက်အောင် လုပ်လာနိုင်ခဲ့ကြတယ်။ တိုးတက်တဲ့ ဒီခေတ် ကြီးထဲ ရောက်နေမှ အရှင်တို့ရဲ့ နိုင်ငံရေးမအောင်မြင်ရင် တွေးခေါ်သုံးခဲ့ကြတဲ့ အသိဉာဏ်တွေ ငတုံးကြီး ဖြစ်နေတယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ်သာ သတ်မှတ်လိုက်ကြပါ။ သူများတွေလုပ်လို့ ဖြစ်ရင် (အောင်မြင်ရင်) ငါတို့ ဘာဖြစ်လို့ မဖြစ် (မအောင်မြင်)ရမှာလဲ။

ထက်သန်တဲ့စိတ်ဓာတ်တွေ အားမလျော့ဖို့ လိုတယ်။ တကူးတက ငတ်ပြတ်ပြတ်နဲ့ ဒီမိုကရေစီကို လိုချင်ကြတယ် မဟုတ်လား။ အရင်က ““လိုချင်တာတွေ မရကြပေမယ့် ဆန္ဒတွေ မစောကြပါနဲ့၊ တစ်နေ့ကျရင် ရကြမပေါ့” ဆိုတဲ့ တို့မြန်မာပြည် ခုနစ်ဆက်မြောက် သမ္မတရဲ့ နိုင်ငံရေးအသိပေးမှု စကားတွေ ရှိခဲ့ဖူးပါတယ်။ မေ့မေ့ပစ်ပစ် နေလို့ မရပါ။

ဆင့်ဆင့်ကဲကဲ

အခုဆိုရင် အရှင်တို့ရဲ့တိုင်းပြည်ဟာ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ ပြည်သူ့အာဏာလို့ ဒီမိုကရေစီတိုင်းပြည်ရဲ့ ပြည့်စုံမှုလက္ခဏာလေးပါး အပြည့်အဝ ရှိနေကြပြီပဲ။ ဘာကြောင့် ဒီမိုကရေစီ ဆိုတာကို ငါတို့တွေ မရကြသေးသလဲ ဆိုတာကို စဉ်းစားကြည့်လိုက်ပါ။ ဒီမိုကရေစီ ဆိုတာ စာအုပ်ထဲက စာလို အလွတ်ကျက်၊ အရကျက်စာမဟုတ်ပါ။ အလွတ်ရတဲ့မူဝါဒ၊ သို့မဟုတ် လိုချင်(လိုအင်)တာတွေကို စည်းကမ်း တကျ ရှိပြီး လူတိုင်း ကိုယ်စီရဲ့ စည်းကမ်းသေဝပ်လိုက်နာရေးဖြစ်တဲ့ နိုင်ငံရေးဖြစ်တာကြောင့် အပြောနဲ့ အနေ၊ အလုပ်နဲ့ အကျင့် ဆင့်ဆင့်ကဲကဲရှိကြရင် ဝပ်ပြားပြီး တွားသွားရမယ့်သူတွေလို ဖြစ်မှာ မဟုတ်ပါ။

မရင်းနှီးဘဲ ရတဲ့အမြတ်

ယနေ့မြန်မာပြည်သူတွေဟာ တကယ်ပဲ ဒီမိုကရေစီကို လိုလားပါသလား။ ဒီမိုကရေစီ နိုင်ငံတော်တစ်ခု တည်ဆောက်ရေးဟာ ခက်ခက်ခဲခဲ မရှိပါဘူး။ ဒီမိုကရေစီကို လိုလားတဲ့ (လိုလားမယ့်) ပြည်သူတွေများများ ရှိဖို့လိုတယ်။ ဒီမိုကရေစီလိုချင်ကြတဲ့သူတွေဟာ သည်းခံ ရပါတယ်။ စည်းကမ်းပြည့်ဝရပါတယ်။ ထိန်းကျောင်းတဲ့ စိတ်ဓာတ်တွေ (အကူအညီပေးတဲ့ စိတ်ဓာတ်တွေ) ထားကြရပါတယ်။ ဒီလို လူသားစနစ်ကြီးတစ်ခု (တစ်မျိုး) ဖြစ်လာဖို့ဟာ အများကြီး ရင်းနှီးရပါတယ်။ အရင်းမရှိဘဲ အမြတ်မရှိတာ အမှန်ပဲ။ မရင်းနှီးဘဲ ရတဲ့ အမြတ်ဟာ မခိုင်၊ မမြဲ၊ မတည်ငြိမ်ပါဘူး။

နေပြ ကျင့်ပြပါ

ခုဆိုရင် မြန်မာပြည်သူတွေဟာ မိမိတို့ မကြိုက်တဲ့စနစ်၊ မိမိတို့ မလိုလားတဲ့ပုဂ္ဂိုလ် တွေ မိမိဘေးမှာ မရှိတော့ပါဘူး။ လွတ်လွတ်လပ်လပ် မိမိ စိတ်ကြိုက်တဲ့စနစ်တွေ၊ စည်းကမ်း တွေ၊ ဥပဒေတွေနဲ့ နေထိုင်နိုင်ပြီ၊ လိုက်နာနိုင်ပြီ၊ ကျင့်သုံးနိုင်ကြပါပြီ။ လူသားနဲ့ တူတန်တဲ့ နိုင်ငံရေးမူဝါဒတွေကို ရွေးယူပိုင်ခွင့်ရှိပါပြီ။ သို့သော် မိမိစိတ်ထား အမှန်ဖြစ်ဖို့ လိုပါလိမ့်မယ်။ ယခင်က နေသားကျခဲ့တဲ့အကျင့်နဲ့ စရိုက်တွေ ဆက်မပါဖို့၊ မိမိတို့ ရွေးထားတဲ့ ပြည်သူ့ဘဝ နိုင်ငံရေးလမ်းစဉ် ရောက်ဖို့ နေပြ၊ ကျင့်ပြဖို့ လိုပါတယ်။

စုပေါင်းထိန်းကျောင်းနိုင်ငံရေး

အရှင်တို့ဟာ နိုင်ငံရေးအင်္ဂဝိဇ္ဇာအတတ်ပညာကို သင်ယူခဲ့ဖူးကြတဲ့သူတွေ မဟုတ် ပါ။ ဘယ်ဂါထာကို စုတ်၊ မန်းမှုတ်ရင် ဒီမိုကရေစီကို ရစေ၊ ပြီးစေတဲ့ ပိုင်စေတဲ့ ဒီမိုကရေစီ တိုင်းပြည်ဖြစ်အောင်လည်း မဖန်တီးပေးနိုင်ပါ။ လူမွေး၊ တပည့်မွေးလုပ်တဲ့ နိုင်ငံရေးအတတ် ပညာကိုလည်း နားမလည်ပါ။ လူတစ်စုကောင်းစားဖို့ မဟုတ်တဲ့ နိုင်ငံရေးကို လူအများ ချမ်းသာဖို့ အရေးကြီးတာကြောင့် မိမိ နေထိုင်မယ့် တိုင်းပြည်နိုင်ငံတော်အတွက် မိမိ ရေးဆွဲ ထားတဲ့ ဥပဒေကို (စည်းကမ်းများကို) လေးစားတန်ဖိုးထားတတ်တဲ့ အကျင့်ရောက်အောင် (ဖြစ်အောင်) စုပေါင်းထိန်းကျောင်းကြတဲ့ ပြည်သူ့နိုင်ငံရေးစနစ် ရောက်အောင် ကြိုးစား အားထုတ်ကြရမယ့် တာဝန်ရှိပါတယ်။

အရင်က “လိုချင်တာတွေမရကြပေမယ့် ဆန္ဒတွေ မစောကြပါနဲ့၊ 
တစ်နေ့ကျရင် ရကြမပေါ့” ဆိုတဲ့ တို့မြန်မာပြည် ခုနစ်ဆက်မြောက် သမ္မတရဲ့ နိုင်ငံရေးအသိပေးမှုစကားတွေ ရှိခဲ့ဖူးပါတယ်။ မေ့မေ့ပစ်ပစ် နေလို့ မရပါ။ 

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၈၉-၁၉၄၊ အဝိဟိံသာနိုင်ငံရေး (၂၁)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Exit mobile version