Categories
စကားလက်ဆောင်

။ လှပပါစေ ဘဝမြေ ။

။ အားမပေးလည်း

အားမွေးရမှာက ကိုယ့်အလုပ်။

အားမမျှလည်း

အားမကျအောင်နေရမှာက ကိုယ့်အလုပ်။

။ မကျွေးလည်း

စားရအောင်

ရှာဖွေရမှာက ကိုယ့်အလုပ်။

။ မပေးလည်း

မပျင်းရအောင်

ရှာရမှာက ကိုယ့်အလုပ်။

။ မချစ်လည်း

သူ့အချစ်ကို သိရမှာက ကိုယ့်အလုပ်။

။ မာနထားလည်း

သူ့မာနကို မကြောက်ရမှာက ကိုယ့်အလုပ်။

။ သု့ရှုပ်နေလည်း

မရှုပ်ရမှာက ကိုယ့်အလုပ်။

။ သူမုန်းလည်း

သူ့အားနားလည်ပေးရမှာက ကိုယ့်အလုပ်။

။ သူမတရားလည်း

သူ့တရားကိုသိရမှာက ကိုယ့်အလုပ်။

။ သူမနာလိုလည်း

မနာလိုမှုမရှိအောင်

လုပ်ရမှာက ကိုယ့်အလုပ်။

။ သူမှားနေ၍လည်း

မမှားအောင်နေရမှာက ကိုယ့်အလုပ်။

။ သူအထင်သေးလည်း

အထင်သေးစိတ်မမွေးမြူရမှာ ကိုယ့်အလုပ်။

။ မိမိကို

ဘယ်လိုပဲ မုန်းငြိုးမုန်းမာန်ရှိပါစေ

မာန်ကျဖို့က ကိုယ့်အလုပ်။

။ သူဘယ်လိုပဲ

ပြစ်မှားပြစ်မှားနေပါစေ

မပြစ်မှားဖို့က ကိုယ့်အလုပ်။

။ မိမိကို

ဘယ်လိုချည်းပဲ နိုင်နိုင်, နိုင်နိုင်

အနိုင်အမြဲပေးဖို့က ကိုယ့်အလုပ်။

။ မိမိကို

ဘယ်လိုပဲ မိုက်မဲမိုက်မဲ

အမိုက်အမဲ မရှိဖို့က

စိတ်မဆင်းရဲဖို့က ကိုယ့်အလုပ်။

။ မိမိကို

ဘယ်လိုပဲ ဝေဖန်ဝေဖန်

ပြန်ပြီးတော်လှန်

မဝေဖန်ဖို့က ကိုယ့်အလုပ်။

။ မိမိအသက်ကို

ဘယ်လိုပဲ နှောင့်ယှက်နှောင့်ယှက်

သူ့အသက်ကို မနှောင့်ယှက်ဖို့

ပေးဆက်ဖို့က ကိုယ့်အလုပ်။

။ ဘဝပါရမီ

ခိုင်မာတည်သည်

အစဉ်ထာဝရ

သည်းခံမြတ်ဖြင့်

မြတ်ရပါစေ ပါရမီ။

လှပပါစေ ဘဝမြေ။

တောင်ကလေးဆရာတော်

(၂၇.၆.၂၀၂၃) ရက်နေ့နံနက်။)

Loading

Categories
စကားလက်ဆောင်

( ၆၃ နှစ် ၊ မွေးနေ့အကြိုစကား )

။ အသက်တစ်ရာ မနေရဘူး
တရားထူးတော့ ရသင့်တယ်။

။ နှစ်ပေါင်းကြာကြာ မအိုရဘူး
ဘာဝနာတော့ ပွားသင့်တယ်။

။ အချိန်ကြာကြာ မနာရဘူး
ကမ္မဋ္ဌာန်းတော့ ကျင့်သင့်တယ်။

။ အဆက်မပြတ် မသေရဘူး
ကိလေသာတရားတော့ ပယ်သင့်တယ်။

။ အရာရာတိုင်းမှာ မမြဲပါဘူး
မေတ္တာတရားတော့ ပွားသင့်တယ်။

။ မဆင်းရဲတာ မရှိပါဘူး
ကရုဏာတရားတော့ ပွားသင့်တယ်။

။ အရာရာမှာ အစိုးမရပါဘူး
မုဒိတာတရားတော့ ထားသင့်တယ်။

။ အရာရာမှာ မသေချာဘူး
ပေးကမ်းလှူဒါန်း ပြုသင့်တယ်။

။ အရာရာမှာ စိတ်မချဘူး
သီလကိုယ်ကျင့် မြတ်သင့်တယ်။

။ အရာရာမှာ မငြိမ်းချမ်းဘူး
ဝိပဿနာတရား ပွားသင့်တယ်။

။ ဒီနေ့နက်ဖြန် မသေချာဘူး
သေချာတာတခု ပြုသင့်တယ်။

( ၁၄.၇.၂၀၂၃ ရက်၊ မွေးနေ့အကြိုစကား)
တောင်ကလေးဆရာတော်
(၁၆.၆.၂၀၂၃) ရက်နေ့ )

Loading

Categories
စကားလက်ဆောင်

ဗုဒ္ဓနေ့

လောကဓာတ်တစ်ခုလုံးအေးမြပါစေ။

တောင်ကလေးဆရာတော်

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

။ လောကဓံကြုံ မဖြုံတမ်းပေါ့ ။

ကြောင့်ကြမှု

။ကိုယ့်အတွက်ကိုယ်ကြောင့်ကြနေရတဲ့အထဲ သူ့အတွက်ကြောင့်ရတဲ့စိတ်က ဥပါဒါန်တစ်မျိုးပါပဲ။ အဲဒီဥပါန်ဒါန်က ကာမဥပါဒါန်မဟုတ်ပေမယ့် အတ္တဝါဒဥပါဒါန်တစ်မျိုးတစ်မည်များလား ? ဖြစ်နေမည်လားပါပဲ။

ဝဋ်ခင်းဝဋ်နွယ်

။ ဘဝင်စိတ်ဆိုတာ အနှောင်အဖွဲ့တွေများရင် နောင်ဇာတိစိတ်တစ်ခုခုက ဝိပါကအကျိုးစိတ်အခိုက်အတန့်ဖြစ်ရင် ဝိပါက်ဝိပါက်ချင်းစိတ်အကျိုးတွေ ရကြလေမှာပါပဲ။ လူ့စိတ်က အလိုလိုက်ဖန်များရင် ဝဋ်ခင်းဝဋ်နွယ်တွေဖြစ်သွားတာပါပဲ။

ပျော်မိနေကြ

။ အရှင်တို့တွေဟာ အသက်မသေကြသေးဘဲနဲ့ ဝဋ်ဒုက္ခတွေ အမျိုးမျိုးခံနေရတာပါ။ သဘောကျစရာ,သဘောမကျစရာတွေနဲ့ ပင်ပန်းနေကြတာပါ။ ဒီအကြောင်းတရားတွေကို အသေအချာသတိမထားမိကြဘဲ ပျော်နေကြတာပါ။

စိတ်ဓာတ်တွေကျ

။ တခါတခါတလေ မိမိကိုယ်မိမိအားမရဘဲ အမှားချင်းတွေလည်း ထပ်ပြီးထပ်နေတော့ အဲဒီအမှားတွေကိုတွေးမြော်နေရင်းနဲ့ပဲ စိတ်ဓာတ်တွေကျမိကြပါလေရဲ့။

ငြိမ်

။ လူဟာ စိတ်ဓာတ်ကျစရာနဲ့ကြုံရင် မဲ့ပြုံးလေးတောင်မပြုံးနိုင်ပါ။ ပျော်ပျော်ကြီးနေရမယ်ဆိုတဲ့အသိစိတ်ကလေးရှိနေပေမယ့် မနေနိုင်ဘဲ အားအင်ဆုတ်ယုတ်ပြီး ဘာဆိုဘာမှမလုပ်ကိုင်နိုင်ဘဲ ငြိမ်နေတော့တာပါပဲ။

လက်လွတ်ဖို့

။ အတွေးတွေလည်း မမြင်၊ အသွင်တွေလည်း မထင်လေတော့ ကိုယ်ကျင့်တရားတွေလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ အားနည်းမိကြပါလေရဲ့။ ဒီလိုအဖြစ်မျိုးနဲ့အကြိမ်ကြိမ်ဖြစ်နေခဲ့ရင် လူဟာ တွေဝေမိန်းမောမှုတွေဖြစ်ပြီး အရာခပ်သိမ်းကို လက်လွတ်ဖို့ကိုပဲ စဉ်းစားမိတော့တာပါပဲ။

မဖြုံစတမ်း

။ တကယ်တော့ လူဟာ လူသားစင်စစ်အမှန်လိုပဲတွေးပြီးနေထိုင်ရင် စိတ်ဓာတ်ကျစရာတွေ အမျိုးမျိုးပဲဆုံဆုံ လောကဓံကိုမဖြုံစတမ်းစိတ်နဲ့နေရမှာပါ။

သဘာဝမို့

။ ” ဆင်းရဲချမ်းသာ၊ သဘာဝမို့
တွေ့ကြုံနေကြ၊ လူတိုင်းပေ။
ကောင်း, ဆိုးနှစ်တန်၊အစုံတွဲလို့
တစ်လှည့်စီလဲ၊ အမြဲနေ။
လောကဓံကြုံ၊ မဖြုံတမ်းပေါ့
မတုန်စမ်းနဲ့၊စိတ်ခိုင်စေ။
သောကကိုထိန်း၊ ရမ္မက်သိမ်း
အေးငြိမ်းချမ်းသာပေ” ဆိုတဲ့ လောကသဘာဝက အသိပေးနေတာပါ။
ဒါကြောင့် ” လောကဓံကြုံ မဖြုံတမ်းပေါ့” လို့ပဲ နှလုံးသွင်းဆင်ခြင်ရမှာဖြစ်ပါတယ်။

တောင်ကလေးဆရာတော်
(၂၆.၄.၂၀၂၃) ရက်နေ့နံနက်။)

Loading

Categories
ပညာရေး

။ ကမ္ဘာ့ရွာလေး ။

Summer Course
BASIC English Speaking Class

Location
~~~~~~~~

Taunggalay Monastic Education School
Date: 23.4.2023-23.5.2023
Time: 07:00AM- 09:00 AM
~~~~~~~~~~~~~~~~~~~~~~~~~~~~

။ ကမ္ဘာ့ရွာလေး ။
~~~~~~~~~~~
။ ကွန်ပျူတာနည်းပညာပေါ်ခါစက တတ်ချင်လိုက်တာ သေလုနီးပါးဖြစ်ခဲ့တဲ့ကျောင်းသားတွေထဲက အရှင်လည်း အပါအဝင်ပါပဲ။ အရှင်ဟာ ၁၉၆၀ ပြည့်နှစ်မှာ မွေးဖွားပါတယ်။ အေဒီ ၁၉၈၆ ခုနှစ်ရောက်မှ ကွန်ပျူတာပညာကို သင်ယူခဲ့ရတာပါ။ အဲဒီအချိန်က မြန်မာစာကို ကွန်ပျူတာနည်းပညာနဲ့စတင်ပြီးမစမ်းသပ်ရသေးပါဘူး။ အဲဒီပညာကိုတတ်ဖို့ အိမ်နီးနားချင်းတိုင်းပြည်တွေကိုသွားပြီးမှဆည်းပူးသင်ယူခဲ့ရပါတယ်။

။ မိမိတို့တိုင်းပြည်ထဲကို ပြန်ရောက်လာတော့ ကွန်ပျူတာတက္ကသိုလ်ဆိုတာ ဘယ်သူမှစိတ်မဝင်စားကြသလိုမျိုးနဲ့ လှိုင်တက္ကသိုလ်အဆောင်တစ်ခုမှာ ဆိုင်းဘုတ်တင်ထားတဲ့အဆင့်လောက်ပဲရှိနေပါသေးတယ်။ မှတ်မှတ်ရရ အဲဒီဆိုင်းဘုတ်နဲ့မိမိနေထိုင်တဲ့ရွာကိုအထိမ်းအမှတ် ပို့စကတ်လေးထုတ်ဖြစ်ခဲ့ပါတယ်။

။ “လွယ်ကူလေ့လာကွန်ပျူတာ” ဘဝနဲ့ ပထမဦးဆုံး မမေ့နိုင်သူတစ်ဦးက အရှင်ရဲ့ကျောင်းဒါယကာကြီး ကိုသိန်းဟုတ်ပါပဲ။ ကွန်ပျူတာစတင်စမ်းသပ်ရိုက်တဲ့အချိန်မှာ အရှင်ကိုယ်ပိုင်မှတ်တမ်းက ” ငါတို့ကွန်ပျူတာပညာ အားလုံးတတ်ပါပြီ” ဆိုတဲ့ ဒီမှတ်ပြုစာသားကိုကိုယ်ပိုင်ရိုက်ထုတ်ပြီး ကျောင်းနံရံမှာ ကပ်ထားခဲ့ပါတယ်။

။ အဲဒီအချိန်ကစပြီး ကွန်ပျူတာနည်းပညာကို နှစ်စဉ်မပျက်သင်တန်းတွေဖွင့်ပြီး သင်ကြားပေးခဲ့လို့ ကွန်ပျူတာနည်းပညာနဲ့ပတ်သက်တာတွေ ကုသိုလ်ပြုခွင့်လုပ်ပေးခဲ့ရလို့ ပြန်လည်ပြီး စဉ်းစားမိလိုက်ရင်ပဲ ဝမ်းသာစရာပါပဲ။

။ အင်္ဂလိပ်စကားသင်တန်းနဲ့ပတ်သက်လို့ ၁၉၈၉/၉၀ ပြည့်နှစ်ကာလက ရန်ကုန်မှာ နေခဲ့စဉ်က ဆရာကြီးတွေနဲ့ အနီးကပ်သင်ယူခဲ့ပါတယ်။ ဒါပေမဲ့ အခက်အခဲရှိတယ်။ ငယ်ရွယ်တဲ့အချိန်က သင်ယူခဲ့တာမဟုတ်တော့ အင်္ဂလိပ်စကားဟာ ခက်သလိုဖြစ်နေပါတယ်။

။ အမှန်တကယ်တော့ ဘာသာဗေဒဆိုတာ အခက်ချည်းတော့မဟုတ်ပါဘူး။ မိမိက ပါဠိဘာသာ၊သက္ကတဘာသာစကားကို သင်ယူနှုတ်ကျိုးခဲ့တာဖြစ်တော့ သဒ္ဒါနည်းစနစ်အရ ပါဠိအားသန်နေတယ်။ အင်္ဂလိပ်စာမှာ သဒ္ဒါနည်းစစ်လိုက်ရင် ပါဠိသဒ္ဒါသင်ခဲ့သူအဖို့ အဆင်ပြေတယ်။ အင်္ဂလိပ်စကားမှာတော့ သဒ္ဒါဝါကျစည်းနဲ့ အဖြတ်အတောက် ပုံမှန်မဟုတ်တော့ လိုသလောက်မပြောနိုင်ပဲဖြစ်နေတယ်။

။ ဒါကြောင့် ကမ္ဘာ့ရွာလေးထဲက တောင်ကလေးရွာဟာ ယနေ့ယခုချိန်ထိတိုင် ခေတ်ပညာရေးနောက်မကျကြဘဲ ပညာ့ပန်းတိုင်ခိုင်မြဲကြပါတယ်။ ကမ်းမမြင်လမ်းအလွဲကြိုက်သူတွေကလွဲလို့ တောင်ကလေးကျောင်းမှာနေထိုင်ပြီး ပညာသင်ယူခဲ့ကြတဲ့သူတွေ အားလုံးနီးပါးဟာ ခေတ်ပညာတတ်ကြပါတယ်။

။ ” အသိလည်းပေး
အလိမ္မာလည်းပေး
ဉာဏ်လည်းပေး
ပညာလည်းပေးတဲ့ ( ပ) လေးလုံး သည်ကျောင်းတော်ကြီးကို တစ်နေ့နေ့တစ်ချိန်ချိန်မှာ ” ကမ္ဘာ့ရွာကလေး တောင်ကလေး” ဖြစ်ဖို့သေချာပါပြီ။ ဒါကြောင့် အင်္ဂလိပ်ဘာသာဗေဒစကားကိုသင်ယူလေ့လာချင်ကြတဲ့တပည့်ငယ်တွေ ဖော်ပြထားတဲ့ အချိန်နဲ့နေရာကိုကြည့်ပြီး သင်ယူနိုင်ကြပါစေလို့ တိုက်တွန်းပါတယ်။

တောင်ကလေးဆရာတော်
(၂၃.၄.၂၀၂၃) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ ကျန်းမာ,ရွယ်တင်၊ အသက်ရှည် ။

။ လူတိုင်းမှာ
၁) ကျန်းမာချင်ကြတယ်။
၂) ရွယ်တင်လှပနုပျိုချင်ကြတယ်။
၃) အသက်ရှည်ရှည်နေချင်ကြပါတယ်။ ဒီအချက်သုံးပါးဟာ လူတိုင်းလိုလားတောင့်တကြပါတယ်။

။ ၁) အလောဘော၊အလောဘသည်။
အရောဂျဿ၊ကျန်းမာခြင်း၏။
ပစ္စယော၊အကြောင်းသည်။
ဟောတိ၊ဖြစ်၏။

၂) အဒေါသော၊ အဒေါသသည်။( စိတ်မဆိုး အမျက်မကြီးတတ်ခြင်းသည်။)
ယောဗ္ဗနဿ၊ အရွယ်ကောင်းခြင်း( အရွယ်တင်ခြင်း) ၏။
ပစ္စယော၊အကြောင်းသည်။
ဟောတိ၊ဖြစ်၏။

၃) အမောဟော၊ အမောဟသည်။
ဒီဃာယုကတာယ၊အသက်ရှည်ခြင်း၏။
ပစ္စယော၊အကြောင်းသည်။
ဟောတိ၊ဖြစ်၏။

။ လောဘဟာ မကျန်းမာခြင်းရဲ့အကြောင်း။
။ ဒေါသဟာ အရွယ်အိုလွယ်ခြင်းရဲ့အကြောင်း။
။ မောဟဟာ အသက်တိုခြင်းရဲ့အကြောင်း ဖြစ်ကြောင်း သိနိုင်ပါတယ်။

။ ဒါကြောင့်

> လောဘနည်းရင်၊ ကျန်းမာရွှင်၊ ရွယ်တင်လှပ၊ အဒေါသ။
> သက်ရှည်နေရ၊ အမောဟ၊ သုံးဝမြတ်ဓမ္မလို့ ပြဆိုပါတယ်။ နုပျိုလန်းဆန်း၊ အမြဲတမ်း အရွယ်တင်လှပချင်ရင် ဒေါသနည်းပါးပြီး အဒေါသ( မေတ္တာ) ပြည့်ဝပါစေ။

။ တစ်နည်း
> လောဘကြီးရင် စည်းစိမ်ဥစ္စာပျက်စီးလွယ်တယ်။
> ဒေါသကြီးရင် မိတ်ဆွေပေါင်းသင်းပျက်လွယ်တယ်။
> မောဟကြီးရင် မပြည့်မစုံနဲ့နေရတတ်တယ်လို့ စာမှာပြတယ်။

။ နောက်ပြီးတော့
> လောဘကြီးရင် ပြိတ္တာဘုံ၊
> ဒေါသကြီးရင် ငရံဘုံ၊
> မောဟကြီးရင် တိရစ္ဆာန်ဘုံ ရောက်တတ်ကြောင်း (ဖြစ်တတ်ကြောင်း) လည်း စာမှာ သတိပေးပါတယ်။

။ အရေးကြီးဆုံးက
> အနိစ္စဒဿနေန အလောဘော ဟောတိ။
> ဒုက္ခဒဿနေန အဒေါသော ဟောတိ။
> အနတ္တဒဿနေန အမောဟော ဟောတိ ပါပဲ။
> အနိစ္စမြင်၊ လောဘစင်။
> ဒုက္ခသိမြင်၊ ဒေါသစင်။
> အနတ္တမြင်၊ မောဟစင် ဖို့ဖြစ်ပါတယ်။

နောက်ပိတ်ဆုံး
“သမာဓိဉာဏ်၊ ရင့်ထက်သန်၊ နိဗ္ဗာန်ရောက်ရခြင်းပါပဲ။

(သည်နေ့တရားလက်ဆောင်မွန်)

တောင်ကလေးဆရာတော်
(၂၁.၄.၂၀၂၃) ရက်နေ့။)

Loading

Categories
စကားလက်ဆောင်

။ ဈာန်လမ်းလား? ဉာဏ်လမ်းလား? ။

။ နိဒါန်း ( စကားချီး)

ခေတ်ကာလအခြေအနေတွေက ပြောင်းလဲမှုတွေချည်းသက်သက်ပဲလားတော့ မပြောတတ်တော့ပါ။ သမထဘာဝနာနဲ့ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းပွားများကြတဲ့သူတွေဟာ

အထူးအဆန်းတွေပြုကြလို့ လေ့လာနေကြသူအရှင်တို့အဖို့ တအံ့တဩပါပဲ။

အဖော်ရဟန်းများမိန့်

။ ဆောင်းပါးစာတစ်ပုဒ်ဖတ်မိပါတယ်။ ရေသောက်ပြီးတရားကျင့်တဲ့အကြောင်းပါပဲ။ ရေသောက်ပြီးတရားကျင့်နိုင်တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ အဖော်ရဟန်းတွေကို မေးဖူးပါတယ်။ အဖော်ရဟန်းတွေက ရေသက်သက်သောက်ပြီး တရားကျင့်တာ၊ ရေမသောက်ဘဲတရားကျင့်တာ၊ပန်းပွင့်သာဘုဉ်းပေးပြီး တရားကျင့်တာ အမျိုးမျိုးကျင့်ခဲ့ဖူးကြောင်း မိန့်ကြပါတယ်။

ရေဖွဲ့စည်းမှု

။ ရေဆိုတာ ဓာတုဗေဒအရ အောက်ဆီဂျင်နဲ့ဟိုက်ဒရိုဂျင် ပေါင်းစပ်ထားတဲ့ဓာတ်ပါ။ ရေရဲ့ဓာတုဗေဒဖော်မြူလာမှာ H20 ပါပဲ။ အရောင်အဆင်းမရှိဖောက်ထွင်းမြင်နိုင်လို့ အနံ့ကင်းပြီးအရသာမရှိပါဘူး။ သူ့ရဲ့မော်လီကျူးဖွဲ့စည်းပုံမှာ အတန်းပညာသင်ခဲ့ဖူးကြတဲ့သူတွေ သိကြပြီးသားပါ။

အဓိက

။ မိုးရေ၊ရေခဲ၊နှင်းရေ၊ရေငွေ့စတဲ့ရေနဲ့ပတ်သက်တာ မြင်တွေ့ပြီးသားပါပဲ။အပင်နဲ့ပတ်သက်တာ၊သတ္တဝါတွေနဲ့ပတ်သက်တာ အသက်ရှင်နိုင်ဖို့ အာဟာရဓာတ်တွေအတွက် ရေဟာ အဓိကပါပဲ။ အထူးသဖြင့်ရေဟာ ဓာတ်ပစ္စည်းများဓာတ်ပြုရာမှာ ကြားခံဒြပ်တစ်မျိုးဖြစ်တဲ့အပြင် သွေးသားတွေမှာ အဓိကပါဝင်တဲ့ ဓာတ်ပစ္စည်းပါပဲ။

ကျောက်ကပ်

။ မိမိခန္ဓာကိုယ်ရဲ့၆၀/၇၀% မှာ ရေဖြစ်ပါတယ်။ ရေသောက်ပြီးတရားကျင့်ကြတယ်ဆိုလို့ ဘယ်ရေမျိုးတွေကို သောက်ပြီး တရားကျင့်ကြပါသလဲ ။

၁) မီးဖိုပေါ်မှာ အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားတဲ့ရေနွေးလား။

၂) ဓာတ်ဘူးထဲမှာ ရက်ကြာမြင့်စွာထားတဲ့ရေနွေးလား။

၃) အကြိမ်ကြိမ်ဆူပွက်အောင်ကြိုခဲ့သောရေနွေးလား။

၄) တစ်ညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး( သို့) ထပ်မကြိုထားသောရေနွေးလား။

၅) ထမင်း၊ဟင်းပေါင်းခံရေလား ဆိုတာကို သိထားသင့်ပါတယ်။ အဲဒီရေကို သောက်မိရင် ကယ်လစီယံ၊မက်ဂနီယံ၊ကရိုရင်းနဲ့အခြားဓာတ်သတ္တုတွေ ပိုများနေလို့ ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ အားလုံးအသိဖြစ်ပါတယ်။

အံ့ဩမိ

။ ဒီနေ့ ကျောင်းကိုပြန်ရောက်လာပြီး အားအင်နည်းပါးတဲ့ ယောဂီအမျိုးသမီးဖြစ်တဲ့သူကို မြင်မြင်ချင်းပဲ ” ဟာ ဘယ်လိုများဖြစ်နေတာပါလဲ” လို့မေးမိလိုက်တော့ ” တပည့်တော် ရေသောက်ပြီး တရားကျင့်မိလို့ ဒီလိုဖြစ်လာတာပါဘုရား” ဆိုပြီးလျှောက်တော့ အံ့ဩမိပါလေခြင်းပါပဲ။

ဆလံပါပဲ

။ ” အော် ယောဂီဒါယိကာမကြီးရယ် ကျင့်ကြံစရာများရှားပါးလို့ ၊ ရေသောက်ပြီးကျင့်ရပါသလား”ဆိုပြီးတော့ ဆူမိတော့မလို့ပါပဲ။ တစ်ဆက်တည်းမှာပဲ ” နောက်ထပ်ကျင့်ဖို့အစီအစဉ်များ ရှိ, မရှိမေးတော့” ” ဆလံပါပဲဘုရား” တဲ့။

လေ့လာပါစေ

။ ” အစွန်းနှစ်ပါးမလွတ်ကြတဲ့ဒီအကျင့်တွေကြောင့်ပဲ ကင်္ခါဝိတရဏဝိသုဒ္ဓိဉာဏ်ဟာ ညစ်နွမ်းကြရတာပါပဲ။ ဗုဒ္ဓပေးထားတဲ့ ဝိပဿနာဘာဝနာဉာဏ်လမ်းစဉ်ဟာ ပရိယတ္တိပညာရပ်က ဘယ်လိုညွှန်ကြားထားပါတယ်ဆိုတာ လေ့လာသင့်ပါတယ်မဟုတ်ဘူးလား , လို့ပဲ မိန့်လိုက်ပါတယ်။

နေထိုင်ပါတော့မည်

။ ယောဂီဖြစ်သူက ဒီနေ့ သူ့ရဲ့သင်ခန်းစာစကားက ” သိမြင်ပါပြီဘုရား၊ သီလဝိသုဒ္ဓိ၊စိတ္တဝိသုဒ္ဓိ၊ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏဝိသုဒ္ဓိစင်ကြယ်အောင်ပွားများနေထိုင်ပါတော့မည်ဘုရား” ဟူ၍ဖြစ်သတည်း။

( ရေသောက်တရားကျင့်သူ ယောဂီသို့ ။)

တောင်ကလေးဆရာတော်

(၁၉.၄.၂၀၂၃) ရက်နေ့နံနက်။)

Loading

Categories
အနုသာသနီ ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်ပူဇော်ပွဲ

။ ၂၀၂၃ ခုနှစ်၊ နွေရာသီ ” အနုသာသနီ ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်ပူဇော်ပွဲ” ရဲ့ အမှတ်တရပါ။ ရင်ထဲအေးမြကြပါစေ။

Loading

Categories
စီးပွားရေး ဆောင်းပါး နိုင်ငံရေး ပထဝီနိုင်ငံရေးနှင့်စီးပွားရေး အဲးခိုး

ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (၁)

အဲးခိုး

ခုကျတော့ မော်တော်ယာဉ်ပေါ်မှာတောင် အနုကြမ်းစီး ခေါ်ဆောင်သွားကြလို့ အငှားယာဉ်တွေနဲ့ ခရီးသွားဖို့တောင် စိတ်မချရသလိုမျိုး ခံစားလာကြရတယ်။ လမ်းဘေးနေတဲ့သူ၊ လမ်းဘေးဈေးဆိုင်တွေ တားမရ ဆည်းမနိုင် မှိုလိုပေါက်နေတယ် …

အတွဲ(၁၂)၊ အမှတ်(၃)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ နှောင်းတန်ခူးလဆန်း ၄၊ ၂၄-၃-၂ဝ၂၃၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

စကားချီး

စာရေးဆရာက သတင်းသမားနဲ့ပေါင်းရင် အကျင့်ပျက်တတ်သလို အတွေးအခေါ်တွေလည်း သတင်းရေး သမားဘက်ကို ရောက်သွားတတ်ပါတယ်။ သတင်းရေးတဲ့ သတင်းစာဆရာနဲ့ စာရေးတဲ့ စာရေးဆရာ မတူကြပါ။ စာရေးဆရာဆိုတာ အရေးကြီးတဲ့ကိစ္စရပ်တွေကို အမြင်အမျိုးမျိုးတွေးပြီး ရေးသားဖော်ပြတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘက်တစ်ခုကိုလိုက်ပြီးတော့ မရေးပါ။ ဘက်လိုက်နေတဲ့ စာရေးဆရာဖြစ်ရင် ကြက်တိုက်နေတဲ့သူဖြစ်ပြီဆိုပြီးတော့ ငယ်ငယ်က မှတ်သားခဲ့ဖူးပါတယ်။

အဲးခိုး

နိဒါန်း

နိုင်ငံရေးဆိုတာ မျှော်လင့်ချက်မဲ့တဲ့ အလုပ်မဟုတ်ပါ။ မရေရာ မသေချာတဲ့ အလုပ်မဟုတ်ပါ။ ကြီးကျယ်မြင့်မြတ်တဲ့ အလုပ်ပါ။ ချောင်ပိတ်မိနေတဲ့ ပြည်သူတွေ အတွက်ပါ။ လစ်ဟာသွားတဲ့ ကွက်လပ်ကို စနစ်ကျကျ ဖြည့်စွက်အားထုတ် ဆောင်ရွက်တဲ့အလုပ်ပါလို့ အဲဒီအတိုင်း ဖွင့်ဆိုပါရစေ။

(တောင်ကလေးဆရာတော်) 

မပြောင်းလဲသေး

လူတွေကတော့ ‘ပြောင်းလဲချိန်တန် ပြီ’ဆိုတဲ့ စကားရပ်ကို ယနေ့ချိန်ထိ မမေ့နိုင်ကြသေးပါဘူး။ ပြောင်းလဲမှုကို မျှော်နေကြတဲ့ ပြည်သူတွေက ပထမ ရက် ၁ဝဝ (ရက်ပေါင်းတစ်ရာ) စီမံကိန်း မှာ ပါမလာကြတော့ ဟာတိဟာတာ ဖြစ်နေကြပြီး အကုန်လုံးနီးပါး အံ့သြကြတာပေါ့။ အဲဒီလို အံ့ဩကြသလိုပဲ ဟုတ်စားတဲ့သူတွေ ပေါလာတာကိုကြည့်ပြီး ပိုပြီးတော့များ အံ့ဩကြလို့ပါပဲ။

ပြောတော့ အဂတိတရား မလိုက်စားရဘူး။ ရုံးပေါ်မှာတော့ ဟုတ်ဟုတ် (ဟုပ် အုပ်) အသံတွေ မြည်ကြလို့ အထုပ်ကြီးငယ်တွေနဲ့ ကုပ်ကုပ်လေးနဲ့ အဆင်ပြေတဲ့ ဝန်ထမ်းတွေ အတော်လေး အဆင်ပြေ (လန်းနေ) နေတာကို တွေ့ရတယ်။ ရေထိုးရေလောင်း (ငွေထိုး၊ ငွေပေါင်း) အကျင့်တွေက ခေတ်အစဉ်အဆက်လိုပါပဲ။ လူခင် မူပြင် လူမုန်းမူသုံးကြပေါ့ ပြည်သူတို့ရယ်။

တတွတ်တွတ် ပြောနေကြပြီ 

နိုင်ငံရေးလွှတ်တော်ထဲကို တက်သစ်စ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးတွေက လွှတ်တော်နဲ့ ပတ်သက်တဲ့ (သက်ဆိုင်တဲ့) နိုင်ငံရေးလုပ်ငန်းတွေကို မလုပ်ကိုင်ကြဘဲ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်ပြီး ပါချင်နေတာတွေ တွေ့ရတော့ အံ့သြကြပေါ့။ အရှင်တို့နယ်က အမတ်ကြီးတစ်ယောက် (အမျိုးသားလွှတ်တော်) ကဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့နေရာမှာ ဒီမိုကရေစီကျကျ ရွေးချယ်တာ ၁ဝ ရွာပဲရှိတယ်တဲ့ ဆိုပြီး လူတွေအများ ရှေ့မှောက်မှာ ပြောဆိုသွားသတဲ့။ အစည်းအဝေးတက် ရောက်ကြတဲ့သူတွေက အဲဒီ ၁ဝ ရွာ အမည်ကိုပေးပါလို့ တောင်းဆိုကြတဲ့အခါ ရွာနာမည်မပြောပြနိုင်လို့ (မပြောပြနိုင်ဘဲ) နှုတ်ကျွံတဲ့အကျိုးရသွားတဲ့ အမတ်ကြီးလည်း အရှိရှိပါပဲ။

ပြည်သူအချို့က “ငါတို့ထည့်ထားတဲ့ မဲတွေ ငါတို့အားကိုးရမယ့် ကိုယ်စားလှယ်ကြီးတွေမဖြစ်ဘဲ ငါတို့ရဲ့ကိုယ်စားလှယ် ငါတို့ဆီမလာဘဲ ပျောက်သွားလိုက်တာများ ခုချိန်ထိတိုင်ပါပဲ’’ တဲ့၊ အစကတော့ ရပ်ရွာအကျိုး ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်ပေးမယ် ဆိုပြီးတော့ မဲရဖို့လာစည်းရုံးတုန်းက အာရင်းလျှာရင်းပေါ့ သွဲ့နေလို့ပဲပေါ့။ ခုတော့ မေ့ပါပေါ့လား ဆိုပြီးတော့ ပြည်သူတွေ တတွတ်တွတ် ရွတ်ပြောဆို နေကြပြီလေ။ 

အချိန်တွေကုန် စိတ်တွေကုန် 

အခုဆိုရင် လယ်မြေယာမြေ လယ်ခွန်ယာနက် ပြဿနာတွေကလည်း ရုံး (ဂတ်) တွေမှာ မဖြေရှင်းနိုင်ကြဘဲ လက်နက်ကိုင် အကျိုးဆောင် အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး မြေရှင်လယ်ရှင်ယာရှင်တွေရဲ့ လုပ်ရပ်တွေ ကလည်း ဥပဒေမဲ့စွာ ပါပဲ။ လယ်မြေယာမြေဆိုတာ လယ်တွေ ယာတွေ မလုပ်ကိုင်တော့ရင် မြေလွတ် မြေလပ်တွေ ဖြစ်သွားတာပါပဲ။ (ကာလ စည်းကမ်းအရ) အဲဒီမြေတွေဟာ နွမ်းသူပါးသူတွေကို ခေတ်ကာလ အစဉ်အဆက်က အစိုးရမင်းတွေက အကွက်ချစီမံပေး လိုက်လို့ နှစ်ပေါင်းရာစုနီးပါး နေထိုင်ကြတဲ့ ပြည်သူတွေကို မူလပိုင်ရှင် သားသမီးပါဆိုပြီး မြေနဲ့ပိုင်ဆိုင်တဲ့ (မြေပိုင်ဆိုင်မှု) တရားအမှုတွေ အမျိုးမျိုးနဲ့ စွဲဆိုနေကြတယ်။ မြေမှုယာမှုကစ ပြစ်မှုဆိုင်ရာတွေ ဖြစ်ကြ၊ ပြစ်မှုကျူးလွန်မှုတွေ အမျိုးမျိုးကို ဖြစ်လာကြတယ်။ မြန်မာပြည် ကံကြမ္မာဟာ တဖြည်းဖြည်း ဆိုးသွမ်းမှုတွေ၊ ယုတ်မာမှုတွေ၊ ယုတ်လျော့မှုတွေ များပြားလာတာကို တွေ့နေရတယ်။ ဒီလို ဆိုးဆိုးသွမ်းသွမ်း အမှားမှုတွေများပြားလာတာကြောင့် တိုင်းပြည်ကို အုပ်ချုပ်ရတဲ့ အစိုးရမင်းတွေကလည်း (အစိုးရအဖွဲ့အစည်းတွေကလည်း) သက်သောင့်သက်သာ မရကြပါဘူး။ ပြဿနာအမျိုးမျိုး ဖြေရှင်းပေးရေး လုပ်နေသက်သက်နဲ့ပဲ အချိန်တွေကုန်၊ စိတ်တွေကုန်တတ်မလောက် ဖြစ်ကြမယ်လို့ ထင်မိပါလေရဲ့။ 

ပေါင်းစားခြင်း 

မြို့ကြီးပြကြီးတွေဘက်ကို လှည့်ပြီးတော့ ကြည့်လိုက်ကြပါဦး။ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ လူဦးရေတွေ ထူထပ်နေကြတာကြောင့် ဒုစရိုက်မှုလုပ်ငန်းတွေ နည်းပေါင်းစုံပါပဲ။ ခိုး ဆိုး နှိုက် လု ကြတဲ့သူတွေ၊ ခိုးကြောင်ခိုးဝှက် ကြတဲ့သူတွေ၊ ဒုစရိုက်သမား အရေခြုံကြတဲ့သူတွေ အားကိုးခိုလှုံနေကြတဲ့ နေရာမျိုးလို ဖြစ်နေကြတယ် မဟုတ်လား။

ရိုးသားသူတွေ နည်းပါးကြပြီး အလစ်သုတ်တဲ့သူ၊ အလိမ်အကောက်တဲ့သူတွေ များပြားလို့ပါပဲ။ ဒီကြားထဲမှာလည်း အလိုက်ကမ်းဆိုး မသိတတ်တဲ့သူတွေက ခပ်များများရှိနေတော့ အယောင်ဆောင် လောကသားတွေနဲ့ ပေါင်းကြပြီး ဘာသာရေးယောင်ယောင်၊ နိုင်ငံရေးယောင်ယောင်၊ အမျိုးသားရေးယောင်ယောင်နဲ့ ရှုပ်ထွေးပွေလိမ် နေကြတာကို တွေ့ရတော့ စိတ်ပျက်ပေါ့ ပြည်သူတို့ရယ်။

တာဝန်ရှိတဲ့ အစိုးရမင်းတွေက ဆိုးသူသွမ်းသူတွေကို ပိုက်စိပ်ဖမ်းဆီး လုပ်ကြပေမယ့် မကုန်နိုင် မခန်းနိုင်ဘဲ ပိုပိုပြီးလို့တောင် ဆိုးသွမ်းမှုတွေ၊ သောင်းကျန်းမှုတွေ များပြားလာနေတယ်။ အရင်ကဆိုရင် ဘယ်အချိန်မဆို ဘယ်ကိုသွားသွား ဘေးကင်းရန်ကွာလို့ စိတ်ချမ်းသာစွာ သွားလာလို့ရကြတယ်။ ခုကျတော့ မော်တော်ယာဉ်ပေါ်မှာတောင် အနုကြမ်းစီး ခေါ်ဆောင်သွားကြလို့ အငှားယာဉ်တွေနဲ့ ခရီးသွားဖို့တောင် စိတ်မချရသလိုမျိုး ခံစားလာကြရတယ်။ လမ်းဘေးနေတဲ့သူ၊ လမ်းဘေးဈေးဆိုင်ဖွင့်ပြီး ရောင်းတဲ့သူတွေကလည်း တားမရဆည်းမနိုင်လို့ မှိုလိုပေါက်နေတယ်။ မြို့တော်သာယာရေး ကြွေးကြော်ထားတဲ့ ကော်မတီတွေက ဘယ်ဈေးကောက်ရင် ဘယ်လောက်ရမယ်။ ဘယ်တိုက်ဆောက်ရင် ဘယ်လောက်မြတ်မယ် ဆိုတဲ့သူတွေကလည်း ကော်မတီထဲပါအောင် ဝင်ရောက် အရွေးခံနေကြလို့ နေရာရပြီးတာနဲ့ သူဌေးကြီး သူဌေးငယ်တွေ ဖြစ်လာကြတော့တာပါပဲ။

စားရဝါးရလို့ အစိုးရမင်းကိုတောင် ကျေးဇူးတင်လို့ မဆုံးအောင်ပါပဲ။ ဒီစကား မယုံဘဲ မနေပါနဲ့။ အရှင်တို့နေထိုင်တဲ့ အရပ်ဒေသမှာ လာကြည့်ကြပါ။ “စည်ပင်နဲ့ပေါင်းသူဌေးလောင်း’ ဆိုတဲ့သူတွေက ငါတို့ရဲ့ခေတ် ဆောင်ပုဒ်သစ်ဆိုပြီး ကြိတ်ပြီး ကြွေးကြော်နေကြတယ်။ နေပြည်တော်အစိုးရ လက်ထက်က ပြည်နယ်စည်ပင် ဝန်ကြီးနဲ့ပေါင်းလို့ အစားကောင်း၊ အအိပ်ကောင်း ကြိတ်ပြီးကောင်းစား သွားကြတဲ့ ဈေးကြီးဈေးခေါင်းသားတွေ အရှင်တို့မြို့မှာ အပေါပေါ့။

ခုတော့ ဘုရားမေ့၊ တရားမေ့၊ သံဃာတွေမေ့လို့ မေ့မေ့တေ့တေ့နဲ့ စိတ်ကြိုက်တွေတွေ့ ခံစားရလို့ အမေ့လောကသားဘဝနဲ့ ရောက်သွားကြတော့တာပေါ့။ လမ်းမှာ ဆုံရင်နေတာတောင်ပဲ လူကိုမမှတ်မိ မသိကြတော့ဘူးလေ။ လူတွေကတော့ ‘အဲဒါ စည်ကော် လူကြီးလေ’ ဆိုပြီး ပင့်ကော်ကြတာပေါ့။ 

မြင်ရတွေ့ရ ဘုံဘဝ

ဒီနှစ် လယ်ယာစိုက်ပျိုးကြတဲ့ တောင်သူကြီးတွေဟာ လယ်ယာတွေ စိုက်ပျိုးကြဖို့ အချိန်တွေရောက်ပေမယ့် တောင်သူလယ်သမားတွေကို မ (စိုက်) တည်ပေးတဲ့ ချေးငွေတွေလည်း ခုချိန်ထိ မတွေ့ရသေးပါဘူး။ ထွန်တုံးချဖို့အတွက် စက်ဆီတွေဝယ်ဖို့၊ သူရင်းငှားတွေ ငှားရမ်းဖို့ အရင်းတည်ပေးမယ့် မတော်ငွေ မရှိတော့ ခုချိန်ထိ (ဇွန်လကုန်နေပြီလည်း) ထွန်ယက်မှု မလုပ်နိုင်ကြသေးပါဘူး။ ဒီနှစ်ဟာ ခါတိုင်းနှစ်နဲ့ မတူပါ။ မိုးတွေက အဆက်မပြတ် ရွာသွန်းနေတော့ ထွန်သင့်တဲ့ လယ်မြေတွေ ထွန်ဖို့ အခက်အခဲ တွေ့နေကြတယ်။ အရင်က ကျွဲ၊ နွား တွေနဲ့ ထွန်ယက်ကြတယ်မဟုတ်လား။ ခုခေတ်မှာ ကျွဲတွေ၊ နွားတွေ နိုင်ငံခြားကို သွားရောက်ကုန်ကူး တင်ပို့ကြတော့ မြန်မာ့နွားတွေဟာ မရှိသလောက် ရှားပါးကြကုန်တယ် မဟုတ်လား။ လယ်ယာ မြေတွေကို ထွန်ဖို့လုပ်ပြန်တော့ စီမံကိန်းမြေ၊ အဖွဲ့အစည်းမြေ၊ ခရိုနီတွေပိုင် ကြတဲ့မြေဆိုပြီး အမျိုးမျိုးသော ပြဿနာတွေနဲ့ပါပဲ။ ယာမြေထဲမှာ စိုက်ထားကြတဲ့ အပင်တွေလည်း အသီးအနှံတွေ ဈေးမရတော့ ထွက်ကုန်များသလောက် အကျိုးတရားတွေနည်းလို့ စိတ်ဓာတ်ကျကြတဲ့ ယာရှင်တွေလည်း အရှိရှိပါပဲ။

အလုပ်သမား လုပ်ခတွေများလို့ လုပ်ငန်းကြီးတွေ လုပ်ကြတဲ့ လုပ်ငန်းရှင်ကြီးတွေကလည်း စိတ်ပျက်နေကြသလို အလုပ်လုပ်ရသလောက် လုပ်အားခနဲ့ မလောက်မဝတဲ့ အလုပ်သမားတွေကလည်း အလုပ်တွေ များများစားစား မလုပ်နိုင်ကြတော့ဘဲ အိမ်နီးနားချင်း တိုင်းပြည်တွေမှာ ထွက်ခွာသွားကြပြီးတော့ အလုပ် ထွက်လုပ်ကြတဲ့ သူတွေလည်း နေ့စဉ်နေ့တိုင်း တိုင်းပြည်ကနေ ထွက်ခွာနေကြတယ်။ အဆင်မပြေလို့ သွားကြတဲ့သူတွေ ရှိသလို ဟိုမှာရောက်ပြီး အလုပ်အကိုင်တွေ အဆင်မပြေကြလို့ ပြန်လှည့်လာကြတဲ့ သူတွေကလည်း အရှိရှိပါပဲ။

ဒီကြားထဲမှာ ဖြတ်စားလိမ်စားတဲ့ (ဗိုက်ဖောက်သမား) သူတွေနဲ့ တိုးမိပြန်ရင် ပါလာသမျှ (ရှိသမျှ) ငွေတွေ ပြောင်သွားကြတာပါပဲ။ သောင်တင်ကမ်းတင်ကြပြီး အိမ်ကို ပြန်မလာနိုင်တဲ့ အလုပ်သမားတွေလည်း ဒုနဲ့ဒေးပါပဲ။

ကွာဟချက်ကို မမြင်တတ်သေးရင် 

မြန်မာပြည်ဟာ အဖွဲ့အစည်းတွေ စုံလင်တော့ အဖွဲ့စုံကြားထဲမှာ နေထိုင်ကြရတဲ့ ပြည်သူတွေဟာ ဒုက္ခ၊ သုခ (သုက္ခ) အစုံအလင်ပါပဲ။ အင်အားသုံး လွှမ်းမိုးရေးလမ်းစဉ်ကို စွန့်မယောင် လွှတ်မယောင်နဲ့ အဖွဲ့အစည်းအချို့တွေရဲ့ လုပ်ရပ်တွေကလည်း ပြည်သူလူထုတွေရဲ့အပေးများ ဆက်ကြေးကောက်၊ အခွန်ကောက်၊ တရားစီရင်ရေးလုပ်၊ မတရားဖမ်းဆီး ခေါ်ဆောင်မှုတွေ လုပ်တော့ NCA စာချုပ် အစိတ်အပိုင်းအချို့တွေကို ချိုးဖောက်လာကြတာတွေကို တွေ့ရတော့ ပြည်သူတွေရဲ့ဘဝဟာ လုံခြုံမှုမရှိသလိုပဲ ခံစားနေကြရတယ်။ အပြန်အလှန် နားလည်မှုမပေးနိုင်တဲ့ အိမ်နီးနားချင်းနိုင်ငံတွေကလည်း ဒေသအတွင်း တည်ငြိမ်ရေးအလုပ်တွေ မလုပ်နိုင်ကြဘဲ သူတစ်ပါးရဲ့ ပြည်တွင်းရေး သို့မဟုတ် ငြိမ်းချမ်းရေးတွေ ကတိပြုမဲ့အောင် သွေးထိုးလှုံ့ဆော်ပေးနေတာလည်း တွေ့ရသလို လူမျိုးရေးကို အကြောင်းပြုပြီး ပြည်တွင်းထဲကို လာရောက်စုံစမ်းမှုတွေ လုပ်ကြတာလည်း တွေ့ရတယ်။

ရှေးခေတ်နိုင်ငံရေးတွေရဲ့ ဘုံရန်သူဟာ ကွန်မြူနစ်ပြောက်ကျား သူပုန်တွေပါလို့ ပြောလို့ရသလိုမျိုးပဲ။ ခုခေတ် နိုင်ငံရေးဘုံရန်သူဟာ နောက်ကွယ်ကနေ ထကြွနေတဲ့ ငွေရှင်ကြေးရှင်တွေကို ကြောက်ရတယ်။ တိုင်းပြည်တစ်ပြည်ဟာ နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေရှိဖို့ လိုပါတယ်။ ဒါကြောင့် ယနေ့ မြန်မာပြည် လူမှုရေးနဲ့ စီးပွားရေးအခြေအနေဟာ ခြိမ်းခြောက်မှုတွေ အမျိုးမျိုး ဖြစ်လာနေကြပြီ ဆိုတာကိုတော့ သတိထားဖို့ပါပဲ။

အထူးသဖြင့်တော့ လူတွင်ကျယ် လုပ်လိုမှုတွေကြောင့် အမှားအယွင်းတွေပိုပြီး ဖြစ်လာကြတော့မယ်လို့တော့ မြင်ပါတယ်။ ဟုတ်၊ မဟုတ် ဒီစာရေးပြီးလို့ နောက်ထပ် ၁ဝ နှစ်အတွင်း စောင့်ကြည့်ပါ။ မြန်မာပြည် ခေတ်တစ်ခုမပြောင်းရင် ကြိုက်သလိုလောင်းပါ။ တစ်ခုခုတော့ ဖြစ်လာမှာပါပဲ။ ဆိုးကျိုးတစ်ခုတည်းကနေလွဲရင် အခြားဘာမှဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူးလို့ပဲ ဆိုပါစေ။ 

(ဆက်ရန်)

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

သာတူညီမျှယှဉ်ပြိုင်၊ သိက္ခာရှိရှိကျင့်သုံး (၂)

အဲးခိုး

(ယခင်တစ်ပတ်မှအဆက်)

နိုင်ငံတော်သမ္မတအသစ်အပေါ် ခန့်အပ်လို့ မကျေနပ်ကြတာတွေ၊ သတင်းမီဒီယာကို အရေးမစိုက်တာတွေ၊ နိုင်ငံရေးလှုပ်ရှားကြတဲ့သူတွေကို အထင်သေးမိခဲ့တာတွေ၊ ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွေကို အရေးမစိုက်ကြတာတွေ•• အခုဆိုရင် အုပ်ချုပ်ရေးယန္တရားတွေက မရပ်ဆိုင်းပေမယ့် အကြမ်းဖက်တဲ့ အကြောင်းမဲ့ကိစ္စတွေက နေ့စဉ်နေ့တိုင်း မြင်ရကြားရတယ်။ မဖြစ်သင့်၊ မဖြစ်အပ်တဲ့ ထိတွေ့မှုတွေလည်း ဖြစ်နေကြတယ် …

အတွဲ(၁၁)၊ အမှတ်(၄၅)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ တပို့တွဲလဆန်း ၁၄၊ ၃-၂-၂ဝ၂၃၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး 

ဆိုရှယ်လစ်ဝါဒ၊ ဆိုရှယ်လစ်လမ်းစဉ်၊ ဆိုရှယ်လစ်နိုင်ငံရေး အောင်မြင်အောင်

“ဆိုရှယ်လစ်စနစ်နဲ့ လူမှုရေးဗဟုသုတ အတွေ့အကြုံတွေကို လေ့လာ ဆည်းပူးမယ်။ မိမိရဲ့ချွတ်ယွင်းချက်နဲ့ အမှားတွေကို ပြုပြင်နိုင်ဖို့ မိမိကိုယ်မိမိ ဝေဖန်စစ်ဆေးနေရမယ်။ အရာရာတိုင်းကို စိတ်ကောင်း၊ စေတနာ အရင်းကောင်းနဲ့ ရိုးသားစွာ ကြည့်မြင်ပြီး ယထာ ဘူတကျကျ၊ ဓမ္မဒိဋ္ဌာန်ကျကျ တွေးခေါ် မြော်မြင်နိုင်အောင် ကြိုးစားနေကြမယ်”

ဆိုပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အဓိဋ္ဌာန်နဲ့ ကျင့်ဝတ်တွေမှာ တွေ့ရပါတယ်။ နိုင်ငံရေးပါတီ တစ်ခုရဲ့အဓိဋ္ဌာန်နဲ့ ကျင့်ဝတ်တရားတွေ ဒီလို (ခုလို) ချမှတ် ထားခဲ့ကြပေမယ့် ဆိုရှယ်လစ်ဝါဒ နိုင်ငံရေးကို မျက်ကွယ်ပြုပြီး ပါတီဦးဆောင် တဲ့သူက (ပုဂ္ဂိုလ်ကိုက) – 

“ဒီတိုင်းပြည်တစ်ပြည်လုံး လူထုကို ကျွန်တော်သိစေချင်ပါတယ်။ နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်။ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။ အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ်ဆိုရင် တပ်ကို သုံးလို့ရှိရင်တော့ အဲဒါဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့လို့ ကျွန်တော် ဒီကနေ ပြောပါတယ်”

ဆိုပြီး လူထုကို အမျက်ကြီးစွာ စိန်ခေါ်ပြခဲ့တယ်။ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ အရေးပေါ် ညီလာခံ၊ ကျိုက္ကဆံကွင်း၊ ဆရာစံခန်းမ၊ ၂၇-၇-၁၉၈၈ ရက်နေ့) 

တုတ်တုတ်ချင်း ဓားဓားချင်း 

ပြည်သူတွေက ဒီတစ်ပါတီစနစ်ရဲ့ အရေးပေါ်ညီလာခံစကားကို ကြားသည့် ကြားချင်းပါပဲ ပြည်သူလူထုတွေက မိမိတို့ရဲ့ ပြည်သူ့အပေါ်ကို အဓမ္မ ခြိမ်းခြောက်ခြင်းပဲလို့ မှတ်ယူကြပြီး ကြီးစွာသော ခံပြင်းမှု ဒေါသတွေ ထွက်လာမိကြသည်။ (ဒေါသတွေ ထွက်ကြသည်။) အတိတ်ကလည်း “တုတ်တုတ်ချင်း၊ ဓားဓားချင်း” ဆိုတဲ့ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ အရေးအခင်းကာလက ပြောကြားခဲ့တဲ့ မိန့်ခွန်းကိုလည်း သတိပြန်ရကြလို့ အမျိုးမျိုးအစုံစုံ ဖော်ထုတ် ပြောဆိုကြတယ်။ ဒီအတွက်ကြောင့်ပဲ ပြည်သူလူထုတွေဟာ အစိုးရကို အယုံအကြည် မဲ့လာကြပြီး မကျေနပ်စိတ်တွေ၊ ဖီဆန်လိုစိတ်တွေ ကြီးကြီးကျယ်ကျယ် အားကောင်းလာတယ်။ ဒီကိစ္စအတွက်တစ်ခုတွင် သာမကဘဲ ဆိုရှယ်လစ် စီးပွားရေးစနစ်၊ ဆိုရှယ်လစ်လူ့ဘောင်၊ ဆိုရှယ်လစ် ဒီမိုကရေစီကျင့်သုံးလို့ အောင်မြင်မှုမရှိတဲ့ အကြောင်းအရာတွေလည်း နိုင်ငံရေးအင်အားစုတွေက ယုံကြည်မှု မဲ့လာကြတာလည်း ပါဝင်ပါတယ်။ နိုင်ငံရေး ပြဿနာ အကြောင်းအရင်းတွေက အခြေအနေအမျိုးမျိုး ပေါ်ပေါက်နေလို့ မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေ တားမနိုင်လောက်အောင် ဖြစ်လာတယ်။ ဒီညီလာခံစကား ဒီမိန့်ခွန်းစကားကြောင့် ပါတီစုံဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာပြည်ကြီးဟာ ဒီမိုကရေစီ အရေးအတွက်နဲ့ ဝါဒလက်သစ် နိုင်ငံရေးသမားတွေ ဖြစ်လာကြတယ်။ 

အာရုံစိုက်ရုန်းထွက် 

မြန်မာ့နိုင်ငံရေး တောင်းဆိုပွဲနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ကြရတာဟာ အခြေခံ မကျေနပ်မှု အကြောင်းရင်းတွေက အဲဒီတုန်းက ဒီလိုရှိခဲ့တာကို တွေ့ရတယ်။ 

(၁) ငွေစက္ကူတွေ တရားမဝင်ကြောင်း ကြေညာခဲ့တာတွေ၊ 

(၂) တိုင်းပြည်ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတွေထဲက စာရင်းဝင် ဖြစ်သွားတာတွေ၊ 

(၃) တက္ကသိုလ် (အင်းစိန်စက်မှု) ကျောင်းသားတွေ ကွယ်လွန်သေဆုံး ကြရတဲ့ကိစ္စတွေ၊ 

(၄) ပါတီ (တစ်ပါတီ) ဦးဆောင်သူရဲ့ အရေးပေါ် မိန့်ခွန်းစကားအပေါ် မကျေနပ် ကြတာတွေ၊ 

(၅) နိုင်ငံတော်သမ္မတအသစ် ခန့်အပ်လို့ မကျေနပ်ကြတာတွေ၊ 

(၆) သတင်းမီဒီယာကို အရေး မစိုက်တာတွေ၊ 

(၇) နိုင်ငံရေး လှုပ်ရှားကြတဲ့သူတွေကို အထင်သေးမိခဲ့တာတွေ၊ 

(၈) ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွေကို (အခြေအနေ တွေကို) အရေးမစိုက်ကြတာတွေကြောင့်

ဆိုရှယ်လစ်နိုင်ငံရေးအောက်မှာ မနေနိုင်ကြတော့ဘဲ လွတ်မြောက်မှု (လွတ်မြောက်ရေး) (လွတ်မြောက်ပွဲ) ကို အာရုံစိုက်ရုန်းထွက် ကြတယ်လို့ပဲ ဆိုရမယ်။ (မြင်ပါတယ်) 

အိပ်မက်ပမာပါပဲ 

ပြည်သူ့ဆန္ဒဆိုတာ ပြည်သူ့အတွက် အာဏာပါပဲ။ ပြည်သူ့အာဏာကို ပြည်သူကို ပြန်မပေးရင် ဘယ်အစိုးရဖြစ်ဖြစ် ကျဆုံးကြရမှာပါပဲ။ ပြည်သူကို မလိမ့်တပတ်လုပ်တဲ့ အစိုးရဟာ ပြည်သူ့ရဲ့ဆန္ဒ တုံ့ပြန်မှု ရကြစမြဲပါပဲ။ ပြည်သူ့အတွက် နိုင်ငံရေးစနစ် မကောင်းရင် အစိုးရဟာ ပြည်သူ့ရန်သူပါပဲ။ ဒါကြောင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဟာ ပြည်သူအများ အယုံအကြည်မဲ့ ခဲ့ရတယ်။

ပြည်သူကို ပြည်သူလိုမမြင် (မထင်) တဲ့ နိုင်ငံရေး ဝါဒီသမားတွေဟာ နောက်ဆုံးတော့ ဒေါသအကျိုးတရားကို ခံယူ (ခံစား) ကြရတာပါပဲ။ ပကတိရိုးရာ တည်ငြိမ်တဲ့ နိုင်ငံရေးဆိုတာ မရှိရိုးမှန်ရင် နိုင်ငံရေးကို ဦးဆောင်တဲ့သူတွေဟာ နိုင်ငံရေးရဲ့ အရိုးကို သိမြင် နားလည်ရမယ်။ နိုင်ငံရေးကို ခွဲခြားလေ့လာမှု မတတ်ဘဲ အာဏာကြီးစိုးရေးအတွက် ယစ်မူးမှုဖြစ်နေရင်တော့ တုတ်တုတ်ချင်း ဓားဓားချင်း မပြောပါနဲ့ ထာဝရအာဏာဆိုတာ အိပ်မက်ပမာပါပဲ။ ဒါကြောင့် ပြည်သူ့အတွက် ပြည်သူ့ နိုင်ငံရေးကို ပြည်သူတွေကို မစော်ကားမိဖို့ နိုင်ငံရေးသမားတွေ သတိချပ်စရာပါဆိုတာကို သတိပေးပါတယ်။ 

ဆူညံမစဲ 

ယနေ့ ကမ္ဘာနိုင်ငံရေး အခြေအနေဟာ သူတစ်ပါး ပြည်တွင်းရေးကိစ္စတွေ၊ သူတစ်ပါးစီးပွားရေးတွေကို ပိတ်ဆို့ အရေးယူမှုတွေ လိုက်လံပြီး စိန်ခေါ်လို့ရတဲ့ နိုင်ငံရေးခေတ်စနစ်ရှိတဲ့ အခြေအနေခေတ် မဟုတ်တော့ပါဘူး။ တို့မူ တို့ဝါဒနဲ့ မတူလို့ ရန်သူပဲလို့ သတ်မှတ်ကြတဲ့ နိုင်ငံရေးစနစ်လည်း မရှိကြတော့ပါဘူး။ လူလူချင်း ခေါင်းပုံဖြတ်၊ ကျွန်ပြု၊ ကျွန်ပေးဆိုတဲ့ နိုင်ငံရေးစနစ်တွေ ဆိုတာလည်း ဒီခေတ်မှာ မြင်ချင်နေတာတောင်မှ မြင်လို့ မရတော့တဲ့ခေတ်ကြီး ဖြစ်နေပါပြီ။ ဒီလိုအခြေအနေမျိုး ရောက်လာနေတာကို ဒီမိုကရေစီ တောင်းဆိုမှုတွေက ဆူညံမစဲ ဖြစ်နေကြသေးတာကို ထောက်ရင် ယနေ့ကမ္ဘာပေါ်မှာ ဘာတွေများ အလိုဆန္ဒတွေက (လိုအင် တွေက) မပြီးဆုံးနိုင်ကြသေးသလဲ ဆိုတာကို နိုင်ငံရေးအတွေး ရှိကြတဲ့သူတွေမြင်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ 

အခွင့်ကောင်းလိုချင်တပ်မက် 

အရှင်တို့ မြန်မာပြည်ဟာ နိုင်ငံရေး မူတစ်ခုခု သတ်မှတ်ပြီး ကျင့်သုံးရင် ဆယ်စုနှစ်များစွာ မခံပါ။ အစသာကောင်းပြီး အလယ်၊ အဆုံးမှာတော့ နိုင်ငံရေးနဲ့ မထိုက်တန်တဲ့ အဆုံးသတ်ခြင်းတွေနဲ့ပဲ နိဂုံးသွားကြတာကို တွေ့ရတယ်။ ပါလီမန်ခေတ်၊ ပါလီမန်ဒီမိုကရေစီ နိုင်ငံရေး၊ တော်လှန်ရေးခေတ် ဆိုရှယ်လစ် ဒီမိုကရေစီ နိုင်ငံရေး၊ နဝတ၊ နယက ခေတ် နိုင်ငံရေးနဲ့ ပြည်သူ့ နိုင်ငံရေးခေတ် အဆက်ဆက် ဖြစ်ပျက်ခဲ့ကြတဲ့ အဖြစ်တွေဟာ အထိန်းမဲ့ အကွပ်မရှိတဲ့ မင်းမဲ့ တိုင်းပြည် နိုင်ငံရေးလိုပါပဲ။

အခုဆိုရင် အုပ်ချုပ်ရေးယန္တရားတွေက မရပ်ဆိုင်းပေမယ့် အကြမ်းဖက်တဲ့ အကြောင်းမဲ့ ကိစ္စတွေက နေ့စဉ်နေ့တိုင်း မြင်ရကြားရတယ်။ မဖြစ်သင့်၊ မဖြစ်အပ်တဲ့ ထိတွေ့ မှုတွေလည်း ဖြစ်နေကြတယ်။ ပြည်သူပိုင် အဆောက်အအုံတွေ၊ ဖျက်ဆီးမှုအရှိန်တွေ မြင့်မားတဲ့အဆင့်ထိ ဖြစ်လာတယ်။ ဒီလို မင်းမဲ့စရိုက်ဆန်တဲ့ ဖျက်ဆီးမှုဟာ ဒီမိုကရေစီ အခွင့်အရေး သက်သက် တောင်းဆိုချက် မဖြစ်နိုင်တဲ့အပြင် နိုင်ငံရေးကို အခွင့်ကောင်းလိုချင် တပ်မက်ကြတဲ့သူတွေရဲ့ အကြမ်းဖက်မှုလို့ ဆိုနိုင်ပါတယ်။ 

ခက်မသုံးမျိုး 

နိုင်ငံရေးဆိုတာ စီးပွားရေးရဲ့ အခက်အလက်ပါ။ စီးပွားရေး မကောင်းတဲ့ တိုင်းပြည်ဟာ နိုင်ငံရေး (သို့မဟုတ်) လူမှုရေးတည်ငြိမ်မှာ မဟုတ်ပါဘူး။ လူမှုရေး မတည်ငြိမ်တဲ့ တိုင်းပြည်ဟာ စီးပွားရေးစီမံကိန်း မအောင်မြင်နိုင်ပါဘူး။ စီးပွားရေး စီမံကိန်းမရှိတဲ့ တိုင်းပြည်ဟာ နိုင်ငံရေးမူဝါဒကောင်း ဖြစ်ထွန်းမလာပါဘူး။ ဒါကြောင့် တိုင်းပြည်တစ်ပြည် မှာ- 

(က) နိုင်ငံရေး၊ 
(ခ) စီးပွားရေး၊ 
(ဂ) လူမှုရေးဆိုတဲ့

ခက်မသုံးမျိုး အပြန်အလှန် ဆက်စပ်ထိန်းကျောင်း မှီခိုမှု မရှိရင် အဲဒီတိုင်းပြည်ဟာ ဖြစ်ချင်သလို မဖြစ်ဘဲ မဖြစ်ချင်တာတွေပဲ ဖြစ်နေကြတော့မယ်။ မြန်မာပြည် ဘာတွေများ ဖြစ်သွားကြသလဲဆို ပြည်သူတွေ အသိပါပဲ။ 

ဘာတွေများ လိုနေသေးသလဲ 

တော်လှန်ရေး ကောင်စီခေတ်ပြီးလို့ ဆိုရှယ်လစ်နိုင်ငံရေး ဆိုရှယ်လစ်စီးပွားရေးနဲ့ ဆိုရှယ်လစ် လူမှုရေးခေတ်ကို ပြန်ပြီးစဉ်းစားကြည့်ပါ။ အဲဒီတုန်းက မြန်မာပြည် လူ့အဖွဲ့အစည်းတွေဟာ ဆိုရှယ်လစ် စီးပွားရေးအတွက် လိုအပ်တဲ့ ဥပဒေတွေကို လူ့ဘောင်ကောင်းတစ်ခု ဖြစ်လာဖို့အတွက် ဘယ်လောက်အထိ ယုံကြည်ကိုးစား အားထားကြသလဲဆိုတာ ပြည်သူတွေအသိပါပဲ။ ဒီခေတ်ဖြစ်တဲ့ မျက်မှောက်ခေတ်ကာလတွေမှာလည်း ပြည်သူတွေ ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ တောင်းဆိုမှုတွေ၊ ထောက်ခံမှုတွေ၊ အားပေးမှုတွေ ဘယ်လောက်အထိ အယုံအကြည် ထားကြသလဲ ဆိုတာလည်း ပြည်သူတွေအားလုံး အသိပါပဲ။

ပါလီမန်နိုင်ငံရေး စနစ်အောက်၊ ဆိုရှယ်လစ်နိုင်ငံရေး စနစ်အောက်၊ ဒီမိုကရေစီနိုင်ငံရေး စနစ်အောက်မှာ အချိန်ကာလ ကြာညောင်းစွာ (ကြာမြင့်စွာ) ရုန်းကန်လှုပ်ရှား နေကြပေမယ့် မြန်မာပြည်သူတွေရဲ့ ဘဝအဖိုးတန်မှုတွေ ကတော့ သရုပ်မှန်မှု တွေ ထင်လာပေမယ့် ဘဝတစ်သက်တာအတွက် အားကိုးအားထားရမယ့် စီးပွားရေးဆိုင်ရာ နိုင်ငံရေးစနစ်ကောင်း မရ (မရှိ) သေးတာကို ထောက်ရင် အရှင်တို့ မြန်မာတွေဟာ ဘာတွေများ လိုနေသေးသလဲဆိုတာကို စဉ်းစား (သုံးသပ်) ရတော့မယ်။ 

ခေတ်စားဖားကြီးအောက် 

အရှင်တို့ရဲ့ မြန်မာနိုင်ငံ၊ မြန်မာ့ သမိုင်းစဉ်ကို ပြန်ကြည့်ပါ။ နိုင်ငံရေးနဲ့ ဆိုင်တဲ့ ရွေးကောက်မှု (ရွေးကောက်ပွဲ) တွေ အကြိမ်ကြိမ်အခါခါ လုပ်လာခဲ့ပေမယ့် နိုင်ငံရေးစနစ်တွေ ပီပီပြင်ပြင် ဖြစ်လာတာ မတွေ့ရသေးပါဘူး။

အရှင်တို့ တိုင်းပြည် အတိတ်သမိုင်းကို ပြန်ကြည့်ရင် ပဒေသရာဇ်ခေတ် အုပ်ချုပ်ရေးအောက်မှာ နေထိုင်လာခဲ့တဲ့ အခြေအနေနဲ့ မျက်မှောက်ခေတ်ကာလမှာ နေထိုင်ခဲ့ကြတဲ့ အခြေအနေတွေဟာ အထူးအခြားကြီး ကွာခြားမှုတွေ မရှိလှပါဘူး။ ပဒေသရာဇ် အရင်းရှင်သမား လက်ချက်နဲ့ မျက်မှောက်ခေတ် အရင်းရှင်သမားတွေရဲ့လက်ချက်တွေနဲ့ပဲ ကျင်လည် နေကြရတုန်းပါပဲ။

ပဒေသရာဇ် အရင်းရှင်စီးပွားရေးစနစ် ချုပ်ငြိမ်းသွားပေမယ့် ခေတ်သစ် ဒီမိုကရေစီနိုင်ငံရေး အရင်းရှင်စနစ်ရဲ့ ဆိုးကျိုးတွေ နည်းပေါင်းစုံနဲ့ ခါးသီးစွာ ခံစားနေကြရသေးတယ်။

ဒီသာဓကကို ထောက်ပြလို့ ဒီလိုရှိနေသေးတာကို မြန်မာပြည်သူတွေ မသိမမြင် ကြသေးရင်တော့ မြန်မာ့ လူမှုရေးလောကဟာ ရွေးကောက်ပွဲ အကြိမ်များစွာ ရွေးကောက်မှု ပြုနိုင်ခဲ့ကြပေမယ့် (ပွဲစည်ပေမယ့်) အာဏာရှင် လက်သစ်အောက်ကနေ လွတ်မြောက်သွားမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီခေတ် စားဖားကြီးတွေရဲ့ နိုင်ငံရေးခြယ်လှယ်မှုအောက်မှာ ဝပ်ပြားနေကြရဦးမှာပါပဲ။ 

(ဆက်ရန်) 

အဲးခိုး

Loading

Exit mobile version
ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်