Categories
စကားလက်ဆောင် တောမှီရဟန်း

။ တကယ်အမြတ် ထာဝရ ။

။ တကယ်အမြတ် ထာဝရ ။
~~~~~~~~~~~~~~~~~~~

။ လသာပါတယ်
ချိန်တန်ကွယ်ရ
မကွယ်ပါနှင့် တားမရ။

။ ရုပ်လှပါတယ်
ချိန်တန်ပယ်ရ
မပယ်ပါနှင့် တားမရ။

။ မေတ္တာရှိတယ်
ချိန်တန်ဖယ်ကြ
ကြဉ်ဖယ်ပါနှင့် တားမရ။

။ မြတ်နိုးကြတယ်
ချိန်တန်လှယ်ကြ
ခြယ်လှယ်ပါနှင့် တားမရ။

။ သစ္စာရှိတယ်
ချိန်တန်လည်ကြ
လှည့်လည်ပါနှင့် တားမရ။

။ သီလကိုးကွယ်
မြင့်မြတ်ခြယ်သ
တကယ်အမြတ် ထာဝရ။

တောမှီရဟန်း
(၉.၉.၂၀၂၄) ရက်နေ့။)

Loading

Categories
စကားလက်ဆောင် တောမှီရဟန်း

။ တရားအဆီ မနောကြည်ပြီ ။

။ တရားအဆီ မနောကြည်ပြီ ။
~~~~~~~~~~~~~~~~~~~~~~
။ ( အရင်တုန်းက
ဘီယာဆိုင်သွားနေကြ
ခုခြေတော်ရာမှာ
တရားထိုင်နေပီဆရာ) ။

။ ယခုဖော်ပြသော
တပည့်နှစ်ဦး( နှစ်ယောက်) ဟာ
ငယ်ငယ်ကတည်းက
ရှင်သာမဏေဘဝနဲ့
တောင်ကလေးတောရကျောင်းမှာ
အတူတူရှင်ပြုကြပြီး
အတူတူတောရွာမှာ
လာနေကြတဲ့တပည့်ရင်းတွေပါ။

။ ခုတော့
ဘီယာ 🍺
အရက် 🥃တွေကင်းလာကြပြီး
တောတောင်တွေထဲမှာ
တပအကျင့်တွေ
ကျင့်လာကြလို့
နေလာကြပြီး
ဆိုတာကိုမြင်ရလို့
ဝမ်းသာကြည်နူးမိပါတယ်။

။ များသောအားဖြင့်
အရှင်နဲ့ပတ်သက်တဲ့
တပည့်တိုင်းအားလုံးနီးပါးဟာ
တစ်ဖက်သတ်လမ်းကို
ပစ်ပယ်နိုင်ကြပြီး
အလယ်အလတ်လမ်းကို
နှစ်သက်ကြတာများပါတယ်။

။ သူတို့မှာ
သရဏဂုံမြဲတယ်
အယူသီလစင်ကြယ်ကြတယ်
ဘာသာတရားလေးစားကြတယ်
အဆုံးအမနာခံကြပြီး
သီလရှင်
လူသူတော်
ရသေ့
သိက္ခမန်
သာမဏေ
ရဟန်း
သံဃာတော်တို့ကို
ရိုသေလေးမြတ်ကြတယ်။

။ သည်နေ့
တပည့်နှစ်ဦးရဲ့
တောတောင်ရိပ်မှာ
တောကိုမှီပြီး
တောရမှီပွားများတဲ့အကျင့်တွေကို
ကျင့်နေကြတာကိုမြင်ရလို့
ဘီယာဆိုင်ကလူတွေတော့
အတော်လေးဝမ်းသာကြမယ်
ထင်ပါလေရဲ့။( 🤣🤣🤣😃😃)

။ ကဲ
ဖိုးဇော်နဲ့
ဖိုးကျော်တို့နှစ်ဦး
ဉာဏ်အနှစ်ထူးကို
ထူးထူးကဲကဲနဲ့
သတိပဋ္ဌာန်တရားရဲ့
အရသာကို
သိမြင်ကြရပါစေလို့
အားပေးလိုက်ပါပြီ။

( တရားအဆီ၊ မနောကြည်၊ ရပြီတပည့်ရေ။)

တောမှီရဟန်း
(၄.၉.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် တောမှီရဟန်း

။ ဖားအံမြို့ကိုရောက်ဖူးလား ။

။ ဖားအံမြို့ကိုရောက်ဖူးလား ။
~~~~~~~~~~~~~~~~~~~~~~
။ မြန်မာပြည်
နယ်မြေဒေသအသီသီးထဲက ကရင်ပြည်နယ်
ဖားအံမြို့နယ်( ဖားအံဒေသ)
ဖားအံမြို့ကို
အလည်လာဖို့
ဖိတ်မန္တကပြုပါရစေ။

။ ဖားအံမြို့ကိုရောက်ရင်
လည်ပတ်စရာနေရာတွေ
အများကြီးပါ။
၁) ရှေးဟောင်းလိုဏ်ဂူတော်နေရာ၊
၂) ရိုးရာယဉ်ကျေးမှုရွာ၊
၃) သာမန်သဘာဝကျကျနေရာ၊
၄) ခံစားကြည့်ရှုနိုင်တဲ့ရှုမျှော်ခင်းနေရာတွေ များစွာရှိကြတဲ့အပြင်
သမိုင်းဦးလူသားတွေနေထိုင်တဲ့နေရာသမိုင်းဝင်နေရာတွေ
အထင်အရှားရှိကြပါတယ်။

။ ဖားအံမြို့ဟာ
မိုးလရာသီချိန်မှာ
နေရာတိုင်းကိုကြည့်လိုက်ရင်
ကြည်အေးမြကြပြီး
ပျော်ရွှင်စရာကောင်းတဲ့
ငြိမ်းချမ်းသာယာတဲ့
ဒေသတစ်ခုပါပဲ။

။ ဖားအံနယ်မှာ
နေထိုင်ကြတဲ့
ဌာနေတိုင်းရင်းသားနဲ့
အခြေချလာရောက်
နေထိုင်ကြတဲ့သူတွေက
ရိုးယဉ်ရိုးစဉ်ကြလို့
ဖော်ရွေကြတဲ့သူတွေပါ။

။ ဧည့်ကိုမြင်ရင်
ကြည်သစ်တဲ့
သူတိူ့ရဲ့နှုတ်ဆက်မှုကြောင့်
ဧည့်သည်မိတ်ဆွေများ
ရင်ထဲက
“အော်ဖားအံရယ်ပါပဲ”
မယုံရင် လာလည်ခဲ့ပါ။

။ ဖားအံမှာရှိတဲ့
ဇွဲကပင်တောင်ရဲ့အလှဟာ
အနှိုင်းမဲ့ပါ
သာယာလို့
လှပလို့ပါ။

။ သူနဲ့ယှဉ်ပြီး
တွဲနေတဲ့
ကြအင်းတောင်ဆိုရင်လည်း
ဘဝင်အေးမြ
အဖုံဖုံလှပနေတာပါ။

။ ကမ္ဘာပေါ်မှာ
မြစ်ကြီးထဲက
ရှည်လျားစွာ
စီးဆင်းလာတဲ့
သံလွင်မြစ်ဟာ
ရန်ကုန်ကနေလာရင်
လေးနာရီခရီးနဲ့
မြင်နိုင်တဲ့နေရာဟာ
ဖားအံမှာရှိတဲ့
သံလွင်မြစ်ပဲပေါ့။

။ မိုးတွင်းချိန်မှာ
မြစ်ရေက
ဝါဖန့်ဖန့်ဖြစ်ပြီး
နွေရာသီမှာ
ကြည့်သန့်သန့်ပေါ့
ချိုးကြည့်လိုက်ဦး
အေးမြရင်မှာ
စွဲလို့သာပါပဲ။

။ ခုချိန်မှာ
ဖားအံကိုရောက်ရင်
ရေပြာအိုင်
ရေတံခွန်
တစ်ချိန်က
ငါးပွင့်တစ်ခိုင်
ရုပ်ရှင်ရိုက်ခဲ့တဲ့
နောင်လုံတောင်ကြား
နောင်လုံတံတား
ဆဒ္ဒန်ဆင်အိုင်
ဒေါနတောင်ပေါ်က
တသွင်သွင်စီးဆင်းလာတဲ့
ထူးမြတ်ရေတံခွန်ကြီးတွေနဲ့အတူ
နေမကူး
စေတီထူး
ဖူးသူလွန်ချမ်းသာတဲ့
ဆုတောင်းပြည့်
စေတီတော်မြတ်
လေးဆူလည်းရှိသလို
ဖူးလို့မဝတဲ့
မြရတနာစေတီတော်လည်း
အရှိရှိပါပဲ။

။ ကဲ
ရေးပြမယ်ဆိုရင်
မကုန်နိုင်
မပြီးနိုင်ဘူးလေ
တောခရီးအဖြစ်
ပြာသိုလရောက်ရင်
ဒေါနတောင်ကိုကျော်ပြီး
မော်ဖိုးကေဒေသနဲ့
သဇင်ပန်းအလှကိုကြည့်ချင်ကြရင်
ဖားအံကိုလာလည်ပါလို့ပဲ။

တောမှီရဟန်း
(၃.၉.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် တောမှီရဟန်း

။ ဝေးတော့မယ် ။

။ ဝေးတော့မယ် ။
~~~~~~~~~~~~~

။ မိမိကိုယ်ကို
သရုပ်ခွဲကြည့်တော့
သည်ရုပ်သည်နာမ်
နှစ်ပါးပဲ။

။ ရုပ်နဲ့နာမ်သာ
ရှိနေတာကို
အိုနာသေရ မကင်းတယ်။

။ မအိုချင်လည်း
အိုလာရ မြဲ
မနာချင်လည်း
နာနေရမြဲ
မသေချင်လည်း
သေ နေ ရ မြဲ
မြဲတဲ့ဓမ္မာတာ လမ်းမဖယ်။

။ ပူမှုကမ္ဘာ
အဖြာဖြာနဲ့
မာယာ
သာဌေယျ
အကွက်ချပြီး
အားမနာတမ်း
လှည့်ဖြားတယ်။

။ သူလည်းလည်
ကိုယ်လည်းလည်နဲ့
လည်လည်ပတ်ပတ်
အပ်ကြောင်းထပ်ကြ
အက်ကြောင်းများနဲ့
ရန်ဖြစ်တွယ်။

။ အတွယ်အတာ
လိမ်ညာပြပြီး
သူသူငါငါ
ဝင်္ကဒသက(ဆယ်နှစ် ရှစ်လီ)
အရွယ်ဖြစ်လည်း
မရော့သေးဘူး
တဏှာဆွယ်။

။ အတွယ်အဆွယ်
အနွယ်တွေနဲ့
လည်ရေးခြယ်သ
လွယ်ထမ်းရသူ
ပင်ပန်းတယ်
ပိုနွမ်းနယ်။

။ သည်နေ့တော့
ဘယ်သူလည်လည်
ကိုမလည်ဘူး
ဘယ်သူတွယ်တွယ်
ကိုယ်မတွယ်ဘူး
ဘယ်သူဆွယ်ဆွယ်
ကိုယ်မဆွယ်ဘူး
လည်တွယ်ဆွယ်နဲ့ ဝေးတော့မယ်။

တောမှီရဟန်း
(၃၀.၈.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း

။ အဓိဋ္ဌာန်ပါရမီ ။

။ အဓိဋ္ဌာန်ပါရမီ ။
~~~~~~~~~~~~~
။ အဓိဋ္ဌာန( ပါဠိဘာသာစကား)= ဆုံးဖြတ်ချက်၊ပြုလုပ်မှု၊ဆောက်တည်မှု၊အကြောင်း၏တည်ရာ, လို့ မြန်မာဘာသာဖြင့်ပြန်ဖွင့်ဆိုနိုင်ပါတယ်။ (တစ်နည်း)စိတ်ပဋိညာဉ် မရွှေ့ပြောင်းခြင်းသည် အဓိဋ္ဌာန်ပါရမီဖြစ်သည်။( လယ်တီဆရာတော်)

အဓိဋ္ဌာနပါရမီသည်

= မယိုင်မလဲ ကြံ့ခိုင်ခြင်းလက္ခဏာရှိ၏။
= ဆန့်ကျင်ဘက်ကို ပယ်ရှားခြင်ကိစ္စရှိ၏။
= မတုန်မလှုပ် တည်မြဲ၏။
= ခိုင်မာ၏။
= ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်၏။
= အရာအားလုံး( ပါရမီအားလုံး)ကို အားဖြည့်ပေး၏။
= ပံ့ပိုးပေး၏။

စိတ်ဓာတ်

။ မည်သူမဆို မိမိ၏
ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို
ကျော်လွှားနိုင်ရမည်။
ရည်ရွယ်ချက်ကို
ဖြောင့်မတ်ရမည်။
ဖြောင့်တန်းရမည်။
စိတ်ဓာတ်ဖြူစင်ရမည်။
ဗီဇကောင်းရမည်။
မတရားခြင်းမပြုဟု
စိတ်ဓာတ်ခိုင်ရမည်။
စိတ်ဓာတ်မခိုင်လျှင်
ဆုံးဖြတ်ချက်ပျော့မည်။
ဆုံးဖြတ်ချက်ပျော့လျှင်
အဓိဋ္ဌာန်ပါရမီပျက်မည်။

အဓိဋ္ဌာန်သုံးမျိုး

။ အဓိဋ္ဌာန်သုံးမျိုးရှိသည်
(၁) ပုဗ္ဗနိမိတ္တအဓိဋ္ဌာန်
( ရှေးဦးနိမိတ်ပြရန် စိတ်ဆောက်တည်ခြင်း။)
(၂) အာသီသအဓိဋ္ဌာန်
( လိုလားသောအကြောင်းအရာအတွက် စိတ်ဆောက်တည်ခြင်း။)
(၃) ဝတအဓိဋ္ဌာန်
(ကျင့်ဝတ်တရားကိုကျင့်ကြံရန် စိတ်ဆောက်တည်ခြင်း။)
သုံးမျိုးရှိသည်။

မြင့်မြတ်သူများအဓိဋ္ဌာန်

။ မြင့်မြတ်သူတို့သည်
မိမိကိုယ်ခန္ဓာကို
အစွဲမထား။
အလိုရှိသူဟူသမျှ
မတုန်မလှုပ်
စွန့်လွှတ်လှူဒါန်း၏။
မြတ်သောအကျင့်တရားများကို
အပျက်မခံဘဲ
မိမိ၏အသက်ခန္ဓာကို
အလိုရှိသူဟူသမျှ
မတုန်မလှုပ်
စွန့်လွှတ်၏။
မြင့်မြတ်သူတို့၏
နှလုံးသားမှမြင်ရသော
အဓိဋ္ဌာန်ချက်သည်
လေးမြတ်ကြည်ညို၍
မဆုံးဖြစ်၏။

တိုက်တွန်း

။ ဤအရှင်သည်
အဓိဋ္ဌာန်နှင့်ပတ်သက်၍
ငယ်ရွယ်သောကာက
တောရဆောက်တည်လျက်
ဈာနအဓိဋ္ဌာန်အနေဖြင့်
ဆောက်တည်ပွားများခဲ့ဖူးပါသည်။
ဘဝအတွက်ကျေးဇူးများသော
ပါရမီဖြစ်သည်ကြောင့်
တစ်နည်း
အထောက်အပံ့
အားကောင်းသည်ကြောင့်
(မလိုချင်လေရလေ)
ဟူသောအရာသည်
မည်သည့်လုပ်ငန်းစဉ်များ
ဖြစ်သည်ကို
အဓိဋ္ဌာန်ဖြင့်နေသောသူသည်သာ
သိမြင်နိုင်ကြသည်။
ထို့ကြောင့်
လုပ်ငန်းတိုင်းအောင်
လုပ်မြဲတိုင်းပြီး
အကျိုးစီးပွားဖြစ်ထွန်း
အားထုတ်တိုင်းရ
ဟူသောပါရမီကို
မိမိ၏ဘဝပါရမီကို
လိုလားနှစ်သက်မြတ်နိုးသူများ
ပွားများအားထုတ်သင့်ပါသည်ဟူ၍
အာသီသဆန္ဒပေးပါသည်။

တောမှီရဟန်း
( ၁၅.၈.၂၀၂၄) ရက်နေ့။

( ဒါယိကာမ ဒေါ်စင်မြတ်မွန်( အိသျှန်)၏ ဓမ္မပရိသတ်များသို့ ရည်ညွှန်းပြုပါသည်။)

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် တောမှီရဟန်း နံနက်ခင်းသြဝါဒကထာ ဘာသာရေး

ဆရာတော်၏ ဝိဇာတမွေးနေ့အလှူ ဩဝါဒ

ဆရာတော်၏ ဝိဇာတမွေးနေ့အလှူ ဩဝါဒ
ကျေးဇူးတော်ရှင် တောင်ကလေးဆရာတော်
ဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း)၏ သက်တော် (၆၄) နှစ်မြောက်
ဝိဇာတမွေးနေ့မင်္ဂလာတော်မြတ် နံနက်ခင်းဩဝါဒ….
14.7.2024 တနင်္ဂနွေနေ့။

https://fb.watch/to5FIpGS97/

Loading

Categories
စကားလက်ဆောင် တောမှီရဟန်း

။ တောရပ်ရွာ ကြွပါလေ ။

။ မိ ဘ ကို ခွာ

ကျောင်းရောက်လာတော့

ကျမ်းစာဖြာဖြာ သင်အံပေါ့။

ငယ်စာအခြေ

သင်လို့နေသည်

ကျမ်းတွေစာတွေ စုံပေပေါ့။

။ ပါဠိဘာသာ

မြန်မာစာနှင့်

သိတာမသိတာ

သင်ရကြာတော့

ရင်မှာပင်ပန်း ဖြစ်ရပေါ့။

။ ဆွမ်းမပြည့်စုံ

ခြေစုံလှည့်လည်

အိမ်မယ်များများ

လှည့်၍သွားလည်း

အရှင်ဘုရား ကန်တော့ဆွမ်း။

။ မိုးရွာနေလျှင်..

မိုးစိုသင်္ကန်း

ခြေတွေလှမ်းပေါ့

ပင်ပန်းစိတ်နွမ်း

ကိုယ်မလန်း။

။ နေပူလျှင်လည်း…

ချွေးစိုသင်္ကန်း

ဆွမ်းခံပန်းတော့

ကျောင်းခမ်းပြန်တော့

ခြေမပေါ့။

။ စာကတစ်ဖက်

စားတစ်ဖက်ပေါ့

ခက်ခဲကာလ

တစ်ချိန်ကလျှင်

ဖြစ်ရဘဝ

အဝဝကို

ပြောပြရင်လည်း

ယုံဘူးပေါ့။

။ ယနေ့ကာလ..

ကျောင်းလေးသာသာ

နေရပါလည်း

ရင်မှာအမြဲ

ငယ်အကဲကို

ဆင်းရဲမာန်မူ

မမေ့သူပါ

ငါဟူမာန ဘယ့်မရှိ။

။ ထိုကြောင့်….

ခုခေတ်အခါ

ရဟန်းမှာဖြင့်

လိုရာအပြည့်

ဖြည့်အပြည့်နှင့်

လိုသည့်အရာ

ပြည့်စုံပါလည်း

ပညာမမက်

ကျမ်းမတက်လို့

ကျောင်းထွက်ပြန်လာ

များကြတော့။

။ ခုခေတ်သာသနာ….

ထီးထမ်းလမ်းလျှောက်

သားတိုးပေါက်ပြီး

ဟိုရောက်သည်ကြွ

စာမရဘဲ

လှလှပပ နေရတော့။

။ မြင်ကြည့်ပါကြ …

ခုချိန်ခုခါ

ရှင်တို့ရွာမှာ

ကျမ်းစာပြီးမြောက်

ထေရ်မြတ်ပျောက်၍

မပေါက်ကျမ်းရှင်

ကျောင်းထိုင်ရှင်ဖြစ်

ရှိရှင်နှင့်သာ ကိုးရပေါ့။

။ ပညာတတ်မွန်

ရဟန်းမွန်များ

မြို့ရံမြို့ရပ်

နေထိုင်ကြလို့

ရပ်ရွာအရပ် အရှင်ရှား။

။ လျှောက်ကြားတော်မူ….

တောတောင်မြေခြား

ရပ်တစ်ပါးသို့

အများဒါယကာ

ပင့်လျှောက်ပါသည်

တောရွာသာသနာ…

ပြုပါစေလေ

အရှင်တွေ

ဂုဏ်ပြုဝမ်းသာပါရစေ။

တောမှီရဟန်း

(၁၈-၅-၁၆) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောမှီရဟန်း

။ မှတ်မှတ်ရရ သည်ယနေ့ ။

။ စာရှုသူတွေကို

အထူးသဖြင့်

သည့်နေ့အတွက်

မေတ္တာပို့ပေးပါတယ်။

၁) (သဗ္ဗေသတ္တာ သုခိနော ဟောန္တု။)

သဗ္ဗေသတ္တာ၊ အလုံးစုံသောသတ္တဝါတို့သည်။

သုခိနော ၊ကိုယ်ခန္ဓာကျန်းမာ၍ ချမ်းသာခြင်းရှိကြကုန်သည်။

ဟောန္တု၊ဖြစ်ကြပါစေကုန်သတည်း။

၂) (သဗ္ဗေသတ္တာ ခေမိနော ဟောန္တု။)

သဗ္ဗေသတ္တာ၊ အလုံးစုံသောသတ္တဝါတို့သည်။

ခေမိနော၊ဘေးရန်အန္တရာယ်ကင်းကြကုန်သည်။

ဟောန္တု၊ဖြစ်ကြပါစေကုန်သတည်း။

၃) ( သဗ်ဗသေတ်တာ သုခိတတ်တာ ဘဝန်တု။)

သဗ္ဗေသတ္တာ၊ အလုံးစုံသောသတ္တဝါတို့သည်။

သုခိတတ္တာ၊ချမ်းသာခြင်းရှိသောစိတ်ရှိကြကုန်သည်။

ဘဝန္တု ၊ မုချမသွေ ဖြစ်ကြပါစေကုန်သတည်း။

။ သည်နေ့ ဤရွေ့ဤမျှ

စေလွှတ်အပ်သော

မေတ္တာဓာတ်ကြောင့်

အရှေ့နှင့်အနောက်

တောင်နှင့်မြောက်

အရပ်ဒေသ

အသီးသီးအသက၌

၁)ထိတ်လန့်စိုးရွံ့သောသူပုဂ္ဂိုလ်။

၂)ထိတ်လန့်စိုးရွံ့ခြင်းမရှိသောပုဂ္ဂိုလ်။

၃)ခန္ဓာရှည်လျားသောသတ္တဝါ။

၄)ခန္ဓာကြီးမားသောသတ္တဝါ။

၅)) ခန္ဓာကိုယ် မတိုမရှည် မကြီးမငယ် အရွယ်အလတ်စားရှိသောသတ္တဝါ။

၆) ပုကွ နိမ့်တိုသောခန္ဓာကိုယ်ရှိသောသတ္တဝါ။

၇) သေးငယ် မှုံမွားသောသတ္တဝါ။

၈) ဆူဖြိုးသောသတ္တဝါ။

၉) မြင်ဖူးသောသတ္တဝါ။

၁၀) မမြင်ဘူးသောသတ္တဝါ။

၁၁) အရပ်ဝေး၌နေကြကုန်သောသတ္တဝါ

၁၂) အရပ်နီး၌နေကြသောသတ္တဝါ။

၁၃) နောင်မဖြစ်တော့ဘဲ ဖြစ်ပြီးသောသတ္တဝါ။

၁၄) နောက်ဖြစ်ရန် ဘဝကိုရှာကြသောသတ္တဝါ။

၁၅) အလုံးစုံသောသတ္တဝါ အပေါင်းတို့သည်။

(သုခိတတ္တာ၊ကိုယ်စိတ်နှစ်ဖြာ၊ကျန်းမာချမ်းသာရှိကြကုန်သည်။

ဘဝန္တု ၊ ဖြစ်ကြပါစေကုန်သတည်း။)

တောမှီရဟန်း

(၈.၅.၂၀၂၄) ရက်နေ့နံနက်)

See Translation

May be an image of 1 person

Loading

Categories
စကားလက်ဆောင် တောမှီရဟန်း

။ အငိုတိတ်သောညများ ။

။ အိမ်ထောင်ပြုကြလို့

လင်မယားချင်း

စကားမများကြတာ

ရန်မဖြစ်ကြတာ

သဝန်မတိုကြတာ

နားကိုက်ပါးကိုက်

အကြိုက်တူကြတာ

မတူကြတာ

စသဖြင့် စသဖြင့်ပေါ့

မဖြစ်ကြတာမရှိပါဘူးတဲ့လေ။

။ မနေ့က

တပည့်မလေးတစ်ယောက်

ကျောင်းကိုပြန်ရောက်လာလို့

မျက်ရည်လည်ရွဲပြီး

ပါးပြင်ကျယ်ကြီးပေါ်မှာ

မိုးလုံးတမျှ စီးဆင်းနေပေါ့။

။ ” ကဲ ကဲ

တပည့်မရေ

ဘာတွေများ

အသဲတွေထဲက

အလောင်အကျွမ်းတွေ

ဖြစ်နေရတာလဲ?

မေးပါတယ်။

။ တပည့်က

အသံမထွက်နိုင်

အတောမသတ်နိုင်

တရှုံ့ရှုံ့တတွတွနဲ့

ရှိုက်ကြီးတငင်နဲ့ပဲ

ငိုနေတော့တာပါပဲ။

။ ငိုနေတော့

ဘာအကျိုးရှိလို့ပါလဲ

ပြောစရာရှိတာပြောပေါ့

မေးနေတာလေလို့

အကြိမ်ကြိမ်မေးတော့မှပဲ။

။ ” တပည့်တော်မ”

” ဆိုပါ ၊ ဘာပြောမလဲလို့”

“တပည့်တော်မ

အမျိုးသားနဲ့

ခွဲလိုက်ကြပါပြီဘုရား” တဲ့။

။ ” အမျိုးသားနဲ့

လမ်းခွဲကြတာ

တည်တည်ငြိမ်ငြိမ်

မဖြစ်ဘဲနဲ့

ဘာလို့များအဲဒီလောက်ထိ

အသည်းအသန်ကြီး

အသည်းအထန်နဲ့

ငိုရတာလဲ?

တည်တည်ငြိမ်ငြိမ်လေးနဲ့

လျှောက်ပေါ့ကွယ်”

မိန့်ပြီးတာနဲ့ပဲ။

။ ” တပည့်တော်မကို

သီလရှင်ပြန်ဝတ်ခွင့်ပြုပါဘုရား

ကလေးတွေကမေမေဖေဖေတွေနဲ့

ထားခဲ့လိုက်ပါပြီဘုရား”

ဆိုပြီးကြားမိလိုက်တာနဲ့ပဲ

ကြားရသူအရှင့်အဖို့

(သောကောရောကော

ဝိနဿတု) မဖြစ်ပါ။

။ အော်

အိမ်ထောင်ပြုကြတယ်ဆိုတာ

မူလရည်ရွယ်ချက်က

ဘာတွေများပါလဲနော်။

။ ချစ်ကြဖို့

သံယောဇဉ်ရှိကြဖို့

စောင့်ရှောက်ထိန်းသိမ်းကြဖို့

သေတစ်ဖန်သက်တစ်ဆုံးတိုင်အောင်

ရိုးမြေကျသည့်တိုင်အောင်

ချစ်ခြင်းများစွာနဲ့

ချစ်ကြင်နာကြဖို့

မြတ်နိုးကြတာတွေ

မဟုတ်ဘူးလားလို့

တွေးမိပါလေရဲ့။

။ ခဏချင်း

စဉ်းစားမိလို့အပြီးမှာ

” ကဲ အငိုတိတ်တော့

ငိုခြင်းဆိုတာ

ထာဝရဥစ္စာတစ်ပါးပါပဲ

အငိုရှာရင်ငိုရမပေါ့

တပည့်ရယ်

ပြက်ရယ်ပြုတယ်လို့တော့

မထင်မိပါနဲ့။

။ မင်းတို့ဆရာလည်း

ဒီအချစ်နဲ့

ဒီအမုန်းတွေနဲ့

ဒီလောကမှာ

ဘဝတဏှာကြောင့်

တမ်းတငိုကြွေးခဲ့ရတာ

ဒီအသက်ဒီခန္ဓာ

ဘဝဘဝါပါပဲလေ” ။

။ ” အေး

ပြောပြမယ်

ဒီစကားလေးတစ်ခွန်းတော့

နားထောင်ကြည့်လိုက်ပါ။

။ အိမ်ထောင်ဆိုတာ

ဘဝလောကမှာ

အကြီးဆုံးသော

ထောင်ကြီးတစ်ထောင်ဖြစ်လို့

အရည်အချင်းနဲ့

အပြည့်အဝ

အပြည့်အစုံ

အစုံအညီ

မရှိရင်တော့

ငိုပွဲဆင်

ငိုပွဲဝင်

ငိုမြဲပင်ပေါ့တပည့်ရယ်” ။

။ ကိုင်း တော်ပြီ….

ဆံချ

ဝတ်ရုံဝတ်

သီလခံယူ

ဘုရားဝတ်ပြု

ကမ္မဋ္ဌာန်းထိုင်

ဘာဝနာပွား

သင်္ခါရုပေက္ခာဉာဏ်ပွား

တည်တည်ငြိမ်ငြိမ်နဲ့

နေပေတော့တပည့်ရေ

နေတော့လို့ …….။

တောမှီရဟန်း

(၅.၅.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောမှီရဟန်း ဗုဒ္ဓဘာသာ အလှူဒါန

။ အတိတ်ကာလ ဆွမ်းတစ်နပ်။~~~~~~~~~~~~~~~~~~

။ သည်နေ့ ဆက်ကပ်လှူဒါန်းသောဆွမ်းအလှူရှင်များကိုကြည့်လိုက်ရင် မမြဲခြင်းတရားသဘောအရ လှူသူမမြဲ၊ ယူသူမမြဲဆိုတဲ့အတိုင်းပါပဲ ဆွမ်းဒါယိကာမကြီးတစ်ဦးတည်းသာကျန်နေတော့ခြင်းကိုမြင်တွေ့ရတဲ့ဒီဓာတ်ပုံဟာ ကောင်းမှုကုသိုလ်ကိုအချိန်ပြခြင်းမြေပုံပါပဲ။

။ ဆွမ်းတော်ဘုဉ်းပေးကြတဲ့အရှင်တွေကလည်း ယနေ့မျက်မှောက်ကာလမှာတော့ တစ်ပါတည်းသာကျန်နေတော့ခြင်းကြောင့်လည်း တရားသဘောအရ အနိစ္စရဲ့ဖြစ်တည်မှုတွေပါပဲ။

။ အသက်ကရှည်ကြသူ၊တိုကြသူတွေကြောင့် ဒုက္ခများသူ၊နည်းသူစသဖြင့် အဖြေတွေများစွာဖြစ်လာပါတယ်။ တစ်နေ့တစ်ချိန်က အတူတကွသီတင်းအတူနေထိုင်ကြပေမယ့် ယခုကျတော့ ဝေးကြပျောက်ပြယ်ကြလို့ ကြယ်များကြွေကျနေသလိုပါပဲ။

။ သေနေ့စေ့တော့ သေကြ၊နေနေ့ရှိတော့ နေကြလို့ လောကမှာ အတက်အဆင်း၊အဆင်းအတက်တွေပါပဲ။ သူ့အလုပ်နဲ့သူ၊ သူ့အပုပ်နဲ့သူပါပဲ။ ဘယ်မှာလဲ အလကားဆိုတာ မရှိပါဘူး။ ဖြစ်ခြင်းတရားနဲ့ဖြစ်ကြောင်းတရားတွေနဲ့ပဲ ဘဝနယ်ကြီးချဲ့ထွင်နေကြတယ်မဟုတ်လား။

။ ပြုကြတဲ့ကံတွေ၊ ဖြစ်လာကြတဲ့စေတနာတွေ၊ ရလာကြတဲ့အကျိုးတရားတွေ မကုန်နိုင်ပေါ့။ မဆုံးနိုင်ပါပဲ။ ကံ,စေတနာအထောက်အမအားကောင်းလို့ ဒီဘဝအတွက်နဲ့နောင်ဘဝအတွက်တွေပါ အကျိုးဆက်တွေ ပေးလို့ကိုမဆုံးပါပဲ။

။ ပြုကြတဲ့ကံတွေအထဲက သန့်ရှင်းစင်ကြယ်တဲ့ကံအမှုတွေ လုပ်ဖြစ်ကြရဲ့လားပါပဲ။ ပြုမိကြတဲ့ကံက အဖြူအမည်းမသဲကွဲဘဲ ပြုမိသလိုနဲ့ပဲ အကျိုးပေးမှုတည်ငြိမ်နေမှာမဟုတ်ဘဲ ဟုတ်နိုးနိုးနဲ့ အကျိုးပေးချင်သလိုသာရမယ်ပေါ့။ ဒါကြောင့် ကံကိုပြုပြင်၊ စေတနာစင်ကြယ်ပါစေလို့ အမြဲလိုလိုပြောဖြစ်ပါတယ်။

။ နားထဲ၊ နှလုံးအိမ်ထဲဘဝင်မကျတဲ့သူတွေက ” အပြောတွေပါ၊ အပလေ၊ အပလာ၊အပလီ၊ အပလိန်း၊ အပြိန်း တွေပါ” ဆိုပြီး မကောင်းမှုဟစ်ကြော်ကြတဲ့ ထော်လော်ကန့်လန့်သမားတွေရဲ့ ဆဲဆိုခံခဲ့ရတဲ့အဖြစ်ကလည်း ဒီအရှင်ပါပဲ။ ဝဋ်မြစ်ဝဋ်နွယ်တွေက များလျားစွာများရှိနေခဲ့လို့ပဲနေမှာပါ။ ခုချိန်ထိတိုင်ထုချေလို့ကို မကုန်နိုင်အောင်ပါပဲ။

။ လိုရင်းကုန်ကုန်ပြောရရင်တော့ ဆွမ်းဝိုင်းထဲမှာ တစ်ပါးတည်းသာကျန်နေတော့တဲ့အရှင်က ဒီဆွမ်းဝိုင်းရဲ့အမှတ်တရက တစ်နေ့တစ်ချိန်ကဖြစ်နေခဲ့ပေမဲ့ ယနေ့အချိန်ထိ အနက်အဓိပ္ပာယ်ကောက်လို့ မကုန်နိုင်မခမ်းနိုင်သေးပါဘူး။ ဆွမ်းဒါယကာတွေက မသိပေမယ့် ရဟန်းတော်တို့ကိုလှူဒါန်းခဲ့ကြတဲ့ဒီဆွမ်းရဲ့အကျိုးဟာ ဒါယကာကြီး ဦးသုခရိုက်ပြတဲ့ရုပ်ရှင်ထဲက ဆွမ်းတော်တစ်နပ်ရဲ့အကျိုးပြမြေပုံပါပဲ။

။ ဒါကြောင့် လောကမှာ ဒါနနဲ့ပတ်သက်လာရင် နည်းများမဆို ကုသိုလ်ကံပြုနိုင်ကြလို့ အကုသိုလ်ကံကိုမပြုမိကြဖို့ ဆင်ခြင်ဉာဏ်ပြည့်စုံရမယ်။ ရဟန်းစားသောဆွမ်းတစ်နပ်ကြောင့် မိမိဘဝက ကြီးကျယ်စွာဒုက္ခမပေးသွားဘူးဆိုတာကိုနားလည်ရင်( သိရင်) မိမိပြုဖူးသောကုသိုလ်ကံကို အကြိမ်ကြိမ်အဖန်ဖန်( အခါခါ) အောက်မေ့လျက် ” ကုသိုလ်ပြုကံ၊ ကိုယ်ပိုင်ဉာဏ်၊ အမှန်အကျိုးအမြတ်” ပါကြောင်း မြတ်ဗုဒ္ဓက ချီးမြှင့်ဆုံးမဩဝါဒပေးခဲ့ပါတယ်လေ။

။ ရဟန်းတစ်နပ်
ဆွမ်းကပ်ခဲ့သူ
အပူကင်းကွာ
ငြိမ်းချမ်းသာကြောင်း
ပြောင်းလဲဘဝ
သုခရိပ်ငြိမ်
နိဗ္ဗာန်အိမ်သို့
တည်ငြိမ်အိမ့်အိမ့် ရောက်ရလိမ့်။

တောမှီရဟန်း
(၈.၇.၂၀၂၃) ရက်နေ့နံနက်။) 

Loading

Exit mobile version
ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်