Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၆)

အဲးခိုး 

အရှင်တို့တိုင်းပြည်ဟာ ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးတဲ့ တိုင်းပြည်ဖြစ်တယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုတဲ့ တိုင်းပြည်ဖြစ် …

အတွဲ(၁၁)၊ အမှတ်(၃၂)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ တန်ဆောင်မုန်းလဆန်း ၁၂၊ ၄ – ၁၁- ၂ဝ၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။ 

(ယခင်တစ်ပတ်မှအဆက်)

ကမ္ဘာ့အရေးအခင်းဖန်တီး 

ကမ္ဘာ့ပါဝါ (အင်အား) ရှိတဲ့ တိုင်းပြည်တွေက ကမ္ဘာ့ဇာတ်ခုံကြီးအပေါ်မှာ (အမြင့်တန်းပေါ်မှာ) အမြဲတမ်း ထိုင်ချင်နေကြတယ်။ နိုင်ငံငယ်တွေရဲ့အပေါ်မှာ မသိမသာညှဉ်းဆဲဖို့ အားထုတ်ချင်ကြတယ်။ ကမ္ဘာကြီးကို စစ်ပွဲကြီးဖြစ်ဖို့ သူတို့တွေ သွေးဆူနေကြတယ်။ အကျိုးမရှိ (အကျိုးမဲ့) တဲ့ အလုပ်တွေနဲ့ အလုပ်တွေ များနေကြတယ်။ သူတို့ယုံကြည်တဲ့ နိုင်ငံရေးသဘောထားတွေဟာ စစ်သား အရပ်သား များများသေဆုံးဖို့အတွက်ပဲလားတောင် မပြောတတ်ပါ။ ဒုတိယကမ္ဘာစစ်ကြီးတုန်းက စစ်သား အရပ်သား သန်း ၅၀ မက သေဆုံးခဲ့ရတာကို အားမရကြသေးပဲလား မပြောတတ်ပါ။ ခုကျတော့ သွေးတွေ ဆူပွက်လာကြလို့ နိုင်ငံရေးကို ထိန်းချုပ်နိုင်မယ့် အခွင့်အရေးတွေကို ကြီးစိုးချင်တဲ့စိတ်တွေနဲ့ အတူ ကံကြမ္မာပုံစံတွေ အမျိုးမျိုးပြပြီး ပုံဖော်နေကြတယ်။ စစ်မြေပြင်တိုက်ပွဲ ဖန်တီးတယ်။ နိုင်ငံရေးမူဝါဒအသစ်နဲ့ အသစ်တွေနဲ့ သွေးဆောင်တယ်။ စီးပွားရေးတွေဆင်ပြီး အကြွေးစနစ်နဲ့ သိမ်းပိုက်တယ်။ နယ်မြေချဲ့ထွင်ဖို့အတွက် ရေထဲ ပင်လယ်ထဲမှာ ထိန်းချုပ်နိုင်ဖို့ ကြိုးစားကြတယ်။ ဒီအချက်အလက်တွေဟာ ကမ္ဘာကြီးကို ကာကွယ်ဖို့ မဟုတ်ဘဲ နယ်မြေချဲ့ထွင် သိမ်းပိုက်ဖို့လုပ်နေတာ မဟုတ်လား။ ကမ္ဘာ့အရေးအခင်းဖြစ်အောင် ဖန်တီးတဲ့အလုပ်ဟာ ယနေ့ဘယ်သူတွေမှ မမြင်ချင်ကြတော့ပါဘူး။ 

စစ်အေးချိန် နိုင်ငံရေးသိမ်းသွင်းမှု 

ကမ္ဘာပေါ်မှာ ယနေ့ (ရုတ်တရက်) ကျရောက်လာတဲ့ ဘေးဒုက္ခကြီးဖြစ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ ဘယ်တိုင်းပြည်နိုင်ငံတွေကမှ ကယ်တင်သောနိုင်ငံ မလုပ်ကြပါဘူး။ သတိထားမိကြပါလိမ့်မယ်။ ဒီအကျပ်အတည်းကို ဘယ်နိုင်ငံမှ ထိပ်ကနေ ဦးမဆောင်ကြဘဲ စစ်အေးတိုက်ပွဲ အရေးအခင်း ဖြစ်အောင်လိုက်ပြီးတော့ လုပ်ကြံဖန်တီးနေကြတယ်။ အမွေဆက်ခံချင်ကြတဲ့ အခွင့်အလမ်း (အခွင့်အရေး) သမားတွေက မသေချာမရေရာဘဲ ရည်ရွယ်ထားခြင်းမရှိတဲ့ အခြေအနေတွေကို ဖြစ်ပေါ်လာအောင် အရေးကြီး ဖြစ်အောင် လုပ်ဆောင်ကြတယ်။

ဒီအတွက်နဲ့ (ဒီအကွက်နဲ့) တိုင်းပြည် အုပ်ချုပ်တဲ့ အစိုးရအဖွဲ့အစည်းတွေကို လည်မျိုကို ညှစ်ထားသလို လုပ်ထားကြတယ်။ ဒီအဖြစ် ဒီစနစ်ဟာ ယနေ့ကမ္ဘာပေါ်မှာ နိုင်ငံတိုင်းလိုလို ဖြစ်လာနေတယ်။ ဒီအလေ့အထဟာ လျှို့ဝှက်ချက်ထားတဲ့ လူတစ်စုံတစ်ဖွဲ့ရဲ့ အကြံအစည်တွေရဲ့ ပုံဖော်နေမှုတွေပဲလားဆိုတာကို ယနေ့ ချိန်ထိ ထုတ်မပြောကြသေးပါဘူး။

သို့သော် ကမ္ဘာတစ်ခုလုံးအပေါ်မှာ သြဇာ ညောင်းလိုတဲ့ စစ်အေးတိုက်ပွဲချိန်အတွင်း နိုင်ငံရေးသိမ်းသွင်းနည်း စနစ်သစ်တစ်ပါး (တစ်မျိုး) ဖြစ်လာနေကြပြီ ဆိုတာကိုတော့ သိထားသင့်နေပါပြီ။ အနာဂတ် ဘယ်လိုဖြစ်လာကြဦးမည်လဲ ဆိုတာကိုတော့ ရှုကြပေါ့ ပြည်သူတို့ရယ်။ 

ကမ္ဘာ့ပင်လယ်ကြီးထဲမှာ 

ပထဝီအနေအထားကို ကြည့်ပြီး ကမ္ဘာကိုထိန်းချုပ်ချင်တဲ့သူတွေက အဆပေါင်းများစွာ ကျယ်ဝန်းတဲ့ သမုဒ္ဒရာကြီးတွေထဲမှာ ရေတပ်စစ်စခန်းကြီးတွေ တည်ဆောက်ထားကြသလို ကမ္ဘာ့စိုးမိုးရေးအတွက် ပြင်ဆင်ထားကြတာ ပြည်သူတွေ အသိပါပဲ။ ကမ္ဘာပေါ်မှာ ရေကြောင်းတပ်မတော် လွှမ်းမိုးထားနိုင်ရင် သို့မဟုတ် ရေကြောင်းစီးပွားရေး လွှမ်းမိုးထားနိုင်ရင် ကမ္ဘာ့အင်အားအကြီးဆုံး ဖြစ်မယ်ဆိုတာကို ဘယ်သူမှ မငြင်းဆန်ရဲ ကြပါဘူး။ ရေကြောင်းသွားလာနိုင်တဲ့ သင်္ဘောအုပ်စု အများဆုံးက ယနေ့ဘယ်တိုင်းပြည်နိုင်ငံတွေက ဖြစ်သလဲဆိုတာကို လေ့လာကြည့်ပါ။ သိမြင်နိုင်ပါတယ်။

ကမ္ဘာ့ရေကြောင်းကို ကာကွယ် ထိန်းသိမ်းနိုင်တဲ့ တိုင်းပြည်ဟာ ယနေ့ကမ္ဘာပေါ်မှာ သူတို့တွေ ချမ်းသာကြမှာပါပဲ။ ယနေ့ ကမ္ဘာမှုပြုလာတဲ့ စစ်ရေး၊ နိုင်ငံရေးကို မသိဘဲ (မလေ့လာဘဲ) နေရင်တော့ အကျပ်အတည်း ထိပ်တိုက်တွေ့ကြုံမှုတွေ ခံရမှာပါပဲ။

ဒါကြောင့် ကမ္ဘာ့ရေကြောင်း ဥပဒေတွေနဲ့ ပင်လယ်ကြောင်းဒေသကို မထိန်းသိမ်းနိုင်ရင် ကမ္ဘာ့ပင်လယ်ထဲမှာ ငြင်းပယ်ခွင့်မရနိုင်တဲ့ ကုန်သွယ်မှုတွေ များပြားလာနေမှာပါပဲ။ ဒီအချက်ကို အကြံအစည်ပုံဖော်နေတဲ့ တိုင်းပြည်ကြီးတွေက ဘယ်တိုင်းပြည်ကပါလဲဆိုတာကို ကြိုတင်သိထားရမယ် မဟုတ်လား။ 

ရေကြောင်းကုန်းကြောင်း စစ်အေးစစ် 

ကမ္ဘာ့ပင်လယ် ကုန်သွယ်ရေးဟာ နိုင်ငံတကာရေကြောင်း ကုန်သွယ်မှုစနစ် နဲ့ ထုထည်ကြီးမားတဲ့ ဈေးကွက်တွေ အသုံးချနေကြတာ ကြာနေပါပြီ။ မသိသူက မအံ့သြကြပါဘူး။ နားလည် သိမြင်ကြတဲ့သူတွေက သမုဒ္ဒရာ ပင်လယ်ပြင်ကြီးဒေသကို အပြီးအပိုင် အုပ်ထားနိုင်ကြဖို့ သူတို့ရဲ့ အခွင့်အရေးကို ဥပဒေနဲ့ ကာကွယ်ပြုပြီး နိုင်ငံတကာစစ်ရေး၊ စီးပွားရေး ယှဉ်ပြိုင်နေကြတယ်။

အရှင်တို့ မြန်မာတွေကတော့ ခုချိန်ထိ လေးလေးနက်နက် (အလေးအနက်) မရှိကြသေးပါဘူး။ နောင်တစ်ချိန်ကျရင် ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ အဖြတ်အတောက် ခံရမယ်ဆိုတာလည်း တွေးမထင်ထားကြပါဘူး။ ဒါဟာ အရေးကြီးတဲ့ တိုင်းပြည်အတွက် အကွက်တစ်ကွက် ဖြစ်နေပြီဆိုတာကို သိထားစေချင်ပါတယ်။

ကုန်းတွင်းဒေသမှာ အင်အားကြီးမားတဲ့ စစ်ရေး ကုန်သွယ်ရေး အားကောင်းတဲ့ တိုင်းပြည်ကြီးတွေက ကျူးကျော်နိုင်မယ့် ကုန်းကြောင်းအင်အားကို ကာဆို့ပြီး နေရာယူထားကြတာ ကြာနေပါပြီ။ သူတို့တွေဟာ မဟာမိတ် ပြုထားကြတဲ့ တိုင်းပြည်တွေနဲ့ နိုင်ငံရေး၊ စီးပွားရေးအရ ထောက်ခံမှုတွေ၊ ထောက်ပံ့မှုတွေ၊ နည်းပညာပံ့ပိုးမှုတွေ ပံ့ပိုးထားကြတာတွေ တွေ့ရတယ်။ ဒီသဘော သဘာဝဟာ စစ်အေးကာလချိန်မှာ တိုက်ကြတဲ့ စစ်အေးစစ်တစ်မျိုးပဲ ဆိုတာကို သိထားသင့်ပါတယ်။ (သိထားရမယ်။) 

သရုပ်မှန်နိုင်ငံရေး ရင့်ကျက်မှု 

စစ်အေးစစ်တိုက်ပွဲကာလ (ယခုအချိန်) ချိန်မှာ မိမိကိုယ်ကို မိမိကာကွယ်နိုင်တဲ့ စိတ်ဓာတ်တွေ ထားရမယ်။ ပြင်းထန်တဲ့ ဝေဖန်တိုက်ခိုက်ရေးကို စိတ်အေးအေးနဲ့ ပတ်ဝန်းကျင် မပျက်စီးအောင် ဖြေရှင်းတတ်ရမယ်။

ပတ်ဝန်းကျင် ရှုပ်ထွေးမှုကို လက်လွှတ်မှုမထားဘဲ နိုင်ငံရေးအာဏာ ရယူလိုကြတဲ့ အုပ်စုတွေနဲ့ စီကာပတ်ကုံး ရည်မှန်းချက် အမှန်တရားကို ရအောင်လုပ်တတ်ရမယ်။ နိုင်ငံရေးအတွက် သရုပ်မှန်ဝါဒ (Realism) ကို ကျွမ်းကျင်စွာ သိထားရမယ်။ (လေ့လာသိကြား တတ်မြောက်ထားရမယ်။) သရုပ်မှန်နိုင်ငံရေးဝါဒ (Political Realism) ဆိုတာ ရင့်ကျက်မှုများတဲ့ နိုင်ငံရေးပါပဲ။

ဒီအတွက် ယနေ့ကမ္ဘာ့နိုင်ငံရေးကို ဦးဆောင်တဲ့ တိုင်းပြည်တွေဟာ မိတ်ဖက်နိုင်ငံ စီးပွားရေးအကျိုးတွေ ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ အခွင့်အရေးရအောင် လုပ်ပေးရမည်လဲဆိုတာကို စစ်ရေးအရ မဆုံးဖြတ်ကြတော့ဘဲ ခေတ်နောက်ကျ ကျန်နေခဲ့မယ့် တိုင်းပြည်ပြိုကွဲနိုင်တဲ့ ကိစ္စတွေကို အထူးရှောင်ကြဉ်နေကြပါတယ်။ အရှင်တို့ မြန်မာလူမျိုးတွေ ဒီအကြောင်းအရာတွေကို ပိုပြီးတော့ သိထားသင့်တယ်။ အရှင်တို့တိုင်းပြည်ဟာ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးတဲ့တိုင်းပြည်ဖြစ်တယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုတဲ့ တိုင်းပြည်ဖြစ်သလို နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းတဲ့ တိုင်းပြည်ဖြစ်တယ်။ အရှင်တို့ဟာ မည်သည့် နိုင်ငံကိုမျှ စတင်ကျူးကျော် တိုက်ခိုက်ခြင်း မပြုတဲ့တိုင်းပြည် ဖြစ်သလို နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့တွေကိုမျှ တပ်ချထားခွင့်မပြုဘူး ဆိုတာကိုလည်း သိသင့်တယ် မဟုတ်လား။ 

ကမ်းခြေမဲ့ဒေသပါဝါ 

ယနေ့ ကမ္ဘာပေါ်မှာ ကာကွယ်ရေး အသုံးစရိတ်တွေ အတော်လေး ကြီးမား လာနေကြပြီ။ အတ္တလန္တိတ်သမုဒ္ဒရာ၊ ပစိဖိတ်သမုဒ္ဒရာဆိုတဲ့ ကမ်းခြေမရှိတဲ့ ဒေသအဝန်းကို ထိန်းချုပ်လိုတဲ့ တိုင်းပြည်ကြီးတွေရဲ့ ကာကွယ်ရေး အသုံးစရိတ်တွေဟာ အတော်လေး ဝန်လေးစရာပါ။ ဒါပေမဲ့ ဒီဒေသကို ထိန်းချုပ်နိုင်ခဲ့ရင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစနစ်ဟာ နောက်တစ်ချိန်ချိန်မှာ သူတို့နေထိုင်တဲ့ တိုက်ကြီးဟာ ဗဟိုချက်မကြီး ဖြစ်လာမယ်လို့ သူတို့မျှော်မှန်းထားကြတယ်။ ဖြစ်နိုင်မဖြစ်နိုင် (ဖြစ်နိုင်ချေရှိ၊ မရှိ) ဤအရှင်လည်း တွေးမိပါတယ်။ အနာဂတ်ကာလဆိုတာ ပုံသေနည်းနဲ့ တွက်ချက်ယူလို့ မှန်ကန်ပေမယ့် သင်္ချာဗေဒသာ မှန်ပါလိမ့်မယ်။ လူမှုဆောက် တည်မယ့် (အားထုတ်မယ့်) အကြောင်းတရားတွေက ဖြစ်လာချင်မှ ဖြစ်လာမယ်။ ယနေ့ထက်တိုင် အဲဒီကမ်းခြေမရှိတဲ့ ဒေသဟာ ဘယ်သူ့ ဘယ်ပါဝါစက်ကွင်း အောက်မှာမှ မကျရောက်နိုင်သေးပါဘူး။ စိတ်ကူးယဉ် ထိန်းချုပ်နိုင်မယ်လို့ပဲ တွက်ဆတဲ့ သဘောလောက်ပဲ ရှိနေပါသေးတယ်။ လောဘကြီးခြင်းဟာ အမုန်းခံရမှု ကြီးခြင်းပါပဲ။

(ဆက်ရန်)

အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၅) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၄) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၃) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၂) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၁) – မဟာပညာ (mahar.asia)

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၅)

အဲးခိုး

ဒီခေတ်မှာတော့ နိုင်ငံရေးစနစ်သစ်တစ်ခုခု ဖန်တီးလို့ ဩဇာအာဏာ လွှမ်းမိုးမှုရဖို့ မလွယ်ကူတော့ပါဘူး။ ကမ္ဘာ့နိုင်ငံတွေ ဘာကြောင့် အစိတ်စိတ်အမြွှာမြွှာကွဲသွားခဲ့ကြရပါသလဲဆိုတဲ့ အကြည့်နဲ့ကြည့်ပါ။ စစ်ပွဲအောင်နိုင်ခြင်းဟာ တစ်ကမ္ဘာလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်း မရှိပါဘူး။ ထွေထွေထူးထူးမတွေးဘဲ ငြိမ်းချမ်းရေးရရှိတဲ့ကာလတွေကိုပဲ ကြည့်လိုက်ပါ။ ခေတ္တခဏ စစ်ပြေငြိမ်းခြင်းသာ ဖြစ်တာပါ …

အတွဲ(၁၁)၊ အမှတ်(၃၁)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ တန်ဆောင်မုန်းလဆန်း ၅ ၊ ၂၈ – ၁ဝ-၂ဝ၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။ 

(ယခင်တစ်ပတ်မှအဆက်)

နှစ်ငါးဆယ်ပြည်မြန်မာ (၁၈၈၅-၁၉၄ဝ) 

မြန်မာနိုင်ငံကို သမိုင်းနဲ့ယှဉ်ပြီး ကြည့်ရင် အနာဂတ်နှစ် ၁ဝဝ အတွက် ၂ဝဝဝ ပြည့်နှစ် (အေဒီနှစ်) ကနေ စတင်ရမယ်။ ၂ဝဝဝ ပြည့်နှစ်မတိုင်မီ မြန်မာပြည် အခြေအနေဟာ ခေတ်အဆက်ဆက် အကျပ်အတည်းအမျိုးမျိုးနဲ့ ဖြတ်သန်း ကျင်လည်ခဲ့ရပြီးဖြစ်တယ်။ အေဒီ ၁၈၈၅-၁၉ဝ၆ ခုနှစ်အတွင်း မြန်မာပြည် နိုင်ငံရေးအကျပ်အတည်း ဘယ်လိုခံစားခဲ့ကြရပြီလဲဆိုတာကို သမိုင်းစာမျက်နှာပေါ်မှာ ဖြစ်ပျက်စုံလင်အထင်အရှား ရှိနေခဲ့ဖူးပြီမဟုတ်လား။ အေဒီ ၁၉ဝ၆-၁၉၃ဝ ပြည့်နှစ်ကာလအတွင်း ရောက်လာမှပဲ မြန်မာပြည်ဟာ မြန်မာတစ်မျိုးသားလုံးရဲ့ ဇာတိမာန်ကို နိုးကြားနိုင်ခဲ့တယ်။ ကိုလိုနီခေတ်ဦးကာလ တစ်လျှောက်လုံးမှာ လက်နက်ကိုင် တော်လှန်ခဲ့ကြပေမယ့် အရေးအမျိုးမျိုး မမျှတဖြစ်နေတာကြောင့် အဘက်ဘက်က နိမ့်ကျခဲ့ရတယ်။ အင်္ဂလိပ်နယ်ချဲ့အရင်းရှင် စနစ်အောက်မှာ နေထိုင်ကြရတဲ့ မြန်မာလူမှုဘဝဟာ နည်းပေါင်းစုံနဲ့ ခေါင်းပုံဖြတ်ခံခဲ့ရတယ်။ နိုင်ငံရေးအရ နည်းပေါင်းစုံ ဖိနှိပ်ချုပ်ချယ်မှုခံရတယ်။ လူမှုရေးအရလည်း ချိုးနှိမ်မှုအမျိုးမျိုး ခံခဲ့ရတဲ့အပြင် ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုတွေက အစညှိုးမှိန်စွာ ဖြစ်ခဲ့ရတယ်။ 

တို့ဗမာအစည်းအရုံးကာလ 

၃၀-၅-၁၉၃ဝ ပြည့်နှစ် ‘တို့ဗမာ အစည်းအရုံး” စတင်တည်ထောင်သည့် အချိန်ကစပြီး – 

(၁) တောင်သူလယ်သမား အရေးတော်ပုံ (၁၉၃၀-၁၉၃၁) 
(၂) ခွဲရေးတွဲရေး (၁၉၃၀-၁၉၃၇) 
(၃) ဒုတိယကျောင်းသားသပိတ် (၁၉၃၆) 
(၄) ၉၁ ဌာနအုပ်ချုပ်ရေး (၁၉၃၇-၁၉၄၂) 
(၅) ၁၃ဝဝ ပြည့် အရေးတော်ပုံ (၁၉၃၈) 
(၆) ဗမာ့ထွက်ရပ်ဂိုဏ်း (၁၉၃၉)

စတဲ့ တော်လှန်ရေးအမျိုးမျိုးနဲ့ မိမိတို့ရဲ့အမျိုးသားနိုင်ငံရေးအတွက် ကြိုးစားအားထုတ်ခဲ့ရတဲ့ သမိုင်းအထင်ရှား ရှိခဲ့တယ်။ ၂၉-၂-၁၉၄ဝ ပြည့်နှစ် “မြန်မာပြည်ကာကွယ်ရေးဥပဒေ” ပြဋ္ဌာန်းနိုင် တဲ့အချိန်ကစပြီး အရှင်တို့ရဲ့အမိမြန်မာပြည်နဲ့ ဖြတ်သန်းခဲ့ကြရတဲ့ သမိုင်းဖြစ်စဉ်ဟာ မေ့မေ့ပျောက်ပျောက် မရှိကြတော့ပါဘူး။ မေ့လို့လည်း မရပါဘူး။ ဖျက်လို့လည်း မပျက်တတ်တော့ပါဘူး။ 

လွတ်လပ်ရေး မရခင်ကာလ 

တို့ဗမာအစည်းအရုံးကာလမှာ မွေးဖွားကြီးပြင်းလာခဲ့ကြတဲ့ အရှင်ရဲ့ မိဘနှစ်ပါးဟာ သခင်၊ သခင်မဆိုတဲ့ဂုဏ်ပုဒ်နဲ့ ဝံသာနုဘဝနဲ့ ဆင်းဆင်းရဲရဲ ဘဝမျိုးစုံနဲ့ ကျင်လည်ခဲ့ရပါတယ်။ မြန်မာပြည် နယ်ချဲ့လက်အောက်ကနေ လွတ်မြောက်ဖို့ လက်နက်ကိုင်တော်လှန်ခဲ့တဲ့ သမိုင်းဖြစ်စဉ်လည်း အထင်အရှားပါပဲ။ 

(၁) ရဲဘော်သုံးကျိပ် (၁၉၄၁) 
(၂) ဘီအိုင်အေနှင့် ဘီဒီအေ (၂၇-၁၂-၁၉၄၁) ဘီအိုင်အေ၊ (၇-၇-၁၉၄၂) ဘီဒီအေ 
(၃) ဂျပန်ခေတ် (၁၉၄၂-၄၅) 
(၄) ဖက်ဆစ်ဂျပန်တော်လှန်ရေး (၁၉၄၅)

စတဲ့ လွတ်လပ်ရေးမရခင် ကာလအတွင်း ခက်ခဲနက်နဲတဲ့ ဘဝမျိုးစုံဖြတ်သန်းလာခဲ့ကြရတဲ့ မြန်မာလူမျိုးတွေရဲ့ဘဝဟာ စီးပွားရေးနယ်ချဲ့သူ၊ စစ်ရေးနယ်ချဲ့သူ၊ လူမှုရေးဖျက်ဆီးသူတွေနဲ့ အမျိုးမျိုးတော်လှန် တိုက်ထုတ်ခဲ့ရတယ် မဟုတ်လား။ 

ဘေးဒဏ်အမျိုးမျိုး 

စစ်ဘေးစစ်ဒဏ် အမျိုးမျိုးကြောင့် ရပ်ရွာလုံခြုံရေး နေသားမကျတော့ဘဲ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေတဲ့ တစ်ကျော့ပြန် နယ်ချဲ့တွေပမာ ၁-၁-၁၉၄၆ နေ့မှာပဲ စစ်ဘက်အုပ်ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေးကို လွှဲပြောင်းရယူနိုင်ခဲ့တယ်။ စစ်ပြေးဘုရင်ခံ ဆာဒေါ်မန်စမစ်ဆိုသူက မြန်မာပြည်ကို ပြန်သိမ်းပြီး အုပ်ချုပ်ဖို့ စီမံကိန်းရေးဆွဲခဲ့သေးတယ်။ အိန္ဒိယနိုင်ငံ၊ ဆင်းမလားမြို့မှာ ရေးဆွဲခဲ့တဲ့ စီမံကိန်းမို့ ဆင်းမလား စီမံကိန်း သို့မဟုတ် ၁၇-၅-၁၉၄၅ ရက်နေ့မှာ စက္ကူဖြူစာတမ်း White Paper ထုတ်ပြန်တဲ့ အုပ်ချုပ်ရေးစီမံကိန်း ဖြစ်တာကြောင့် စက္ကူဖြူစီမံကိန်းလို့လည်း ခေါ်ကြတယ်။ အဲဒီကာလက ဂျပန်တွေ အုပ်ချုပ်ခဲ့တဲ့ အပျက်ဒဏ်ကြောင့် တိုင်းပြည်ဟာ အခြေအနေတွေ အမျိုးမျိုး ပျက်စီးခဲ့ရပါသေးတယ်။

ဘုရင်ခံဖြစ်သူက အထူးအာဏာနဲ့ အင်္ဂလိပ်အစိုးရကို အထူးတာဝန်ခံပြီး တစ်ဦးတည်းနဲ့ အုပ်ချုပ်ဖို့ လုပ်နေတယ်။ ဗြိတိသျှနဲ့ အိန္ဒိယ အရင်းရှင်ကြီးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ပြီး အသက်သွင်းပေးတယ်။ လိုအပ်တဲ့အာကာအကွယ် အခွင့်အရေး တွေပေးတယ်။ မြန်မာပြည်ကို ပြည်မနဲ့ တောင်တန်းဒေသထားပြီး ခွဲခြားပြီးအုပ်ချုပ်ထားတယ်။

အဲဒီအတွက်ကိုလည်း ၅-၉-၁၉၄၆ ရက်နေ့မှာ အမှုထမ်းပေါင်းစုံ သပိတ်ကြီးဖြစ်ပေါ်ခဲ့တယ်။ အပြင်းအထန် ကန့်ကွက်ခဲ့ကြတယ်။ စက္ကူဖြူအုပ်ချုပ်ရေး ရုပ်သိမ်းပေးပါ။ အထွေထွေ ကုန်ဈေးနှုန်းချပေးပါ။ တောင်းဆိုခဲ့ကြတယ်။ 

အဲဒါတွေမကသေးဘဲ 

(၁) နေသူရိန်အစည်းအဝေးကြီး (၁၉-၈-၁၉၄၅) 
(၂) ကန္ဒီ(ဂန္ဒီ)စာချုပ်၊ (၇–၉-၁၉၄၅) 
(၃) အလယ်ပစ္စယံလူထုအစည်းအဝေး (၁၈-၁၁-၁၉၄၅) 
(၄) အက်တလီစာချုပ် (၂၇–၁-၁၉၄၇) 
(၅) ပင်လုံညီလာခံ (၁၂-၂-၁၉၄၄) 
(၆) ဖရီးမင်းစာချုပ်(၂၉-၈-၁၉၄၄)

စတဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ အားလုံးရဲ့ အထောက်အထား သာဓကအစုံအလင်ရှိခဲ့တဲ့ တိုင်းပြည်တစ်ပြည်ပါ။ ၄-၁-၁၉၄၈ ခုနှစ် နံနက် (၄း၂၀) နာရီအချိန် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံ လွှင့်တင်အလေးပြုသည့် အချိန်ကစပြီး ယနေ့ ယခုတိုင်အောင် အရှင်တို့ရဲ့ တိုင်းပြည်အတွက် နိုင်ငံရေး အခင်းအကျင်းဟာ ပြီးပြည့်စုံမှု မရှိနိုင်ကြသေးဘဲ ခုချိန်မှာ အချင်းချင်းသဘောထားတွေ ကွဲလွဲကြလို့ ဆူပူသောင်းကျန်း ပျက်စီးကြတာတွေ၊ ပုန်ကန်အားထုတ်မှုတွေ၊ အဓမ္မမှုတွေ အမျိုးမျိုးခံစား နေကြရပါသေးတယ်။ လွတ်လပ်ရေး ရရှိထားကြပေမယ့် နိုင်ငံရေးသဘောထား ဆန္ဒမတူနေကြမှုကြောင့် အချင်းချင်း ဝါဒမှိုင်းတွေ တွေဝေနေကြတုန်းပါပဲ။ အကြမ်းဖက်လိုသူ၊ အကြမ်းဖက်မှုကို အားပေးသူ၊ အစွန်းထွက်သူ၊ အစွန်းထွက်မှုကို လိုလားကြသူတွေကလည်း ဘယ်ခေတ်ကာလကမှနဲ့ မတူတဲ့ အုပ်စုတွေဖွဲ့ပြီး ထကြွသောင်းကျန်းမှုတွေ ဖြစ်လာနေကြတယ်။ ပြိုင်ဆိုင်နေကြတယ်။ အနိုင်ပိုင်းကြပြီး ကွပ်မျက်ကြတယ်။ အချင်းချင်း ပဋိပက္ခပြဿနာ ချုပ်ငြိမ်းသွားဖို့ အတော်လေး ကြိုးစားအားထုတ် ရပါဦးမယ်လို့ မြင်ပါတယ်။ 

မြန်မာ့နိုင်ငံရေး အကျပ်အတည်းဟာ ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းကြမည်လဲ ဆိုတာကို အမျိုးမျိုးကြံစည် စိတ်ကူးထားကြပေမယ့် ဒီနေ့ဒီချိန်မှာ မြန်မာဟာ စစ်ပွဲ၊ လိုငွေပြမှု၊ ပစ်ခတ်ကြမှု ရှိလာနေကြပြီဆိုတာကိုတော့ ကိုယ်တွေ့ သိကြပြီးသားပါပဲ။

စီးပွားရေးလုပ်ငန်းနဲ့ အစိုးရဌာနတွေမှာလည်း တောက်လျှောက် (တစ်ဆက်တည်း) တစ်လျှောက်လုံး အကျင့်ပျက်ခြစားမှု ကြီးထွားနေခဲ့တာကြောင့် ချို့ယွင်းချက်တွေ မပြီးဆုံးနိုင်တော့ပါဘူး။ နိုင်ငံရေးအောင်မြင်မှုလည်းမရှိ။ စီးပွားရေးအောင်မြင်မှုလည်း မပေါ်တဲ့ မြန်မာပြည်ဟာ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အနုတ်လက္ခဏာတွေက များတော့ ၂၀၂၃ ခုနှစ်မှာလုပ်မည့် (လုပ်မယ့်) နိုင်ငံရေးပုံစံအပြောင်းအလဲဟာ ဖြစ်နိုင်ပါ့မလားဆိုပြီး ကြိုတင်စိုးရိမ်ထားကြတဲ့သူတွေက အများကြီးပါပဲ။

တန်ဖိုးကြီးကြီး ပေးဆပ်လာခဲ့ရတဲ့ အရှင်တို့ တိုင်းပြည်ဟာ ငြင်းခုံပြောဆိုမှုတွေ၊ ပဋိပက္ခမှုတွေ ဖြစ်ကောင်းတဲ့အချိန် မရှိသင့်တော့ပါဘူး။ အရှင်တို့အားလုံး ယုံကြည်ထားကြတဲ့ နိုင်ငံရေးအတွက် မျှော်မှန်းချက်ကို မကောင်းသော ကြံစည်မှုစကားနဲ့ တဖျစ်ဖျစ် တတောက်တောက် ပြောဆိုနေကြမယ့်အစား ရိုးစင်းဖြောင့်မတ်တဲ့ စကားတွေဆိုကြပြီး ရိုးသားဖြူစင်ခဲ့ကြတဲ့ မာန်မာနကင်းကြတဲ့ လူမျိုးအဖြစ် ပြန်လည်သင့်မြတ်သင့်ပါပြီ မဟုတ်လား။ လူတိုင်းလိုလို စိုးရိမ်ပူပန်မှုကို မလိုလားမနှစ်သက်ကြပါဘူး။ ပျော်ရွှင်ခြင်းကင်းမဲ့တဲ့ ကြေကွဲစရာ သက်သက်ကိုလည်း မမြတ်နိုးကြပါဘူး။ မေတ္တာတရားနဲ့ တမ်းတမ်းတတ ကြည့်ရှုပေါင်းစည်းထားကြတဲ့ မြန်မာပြည်ဖြစ်ဖို့ လိုအပ်နေပါပြီ မဟုတ်လား။ 

အရာခပ်သိမ်းဆိုးရွားလာ 

ရှေးခေတ်ကာလက ကမ္ဘာကြီးအပေါ်  ဩဇာအာဏာလွှမ်းမိုးလိုတဲ့ နိုင်ငံတွေက နိုင်ငံရေးစနစ်တစ်ခုဖန်တီးကြပြီး လုပ်နေကြတယ်။

ဒီခေတ်မှာတော့ နိုင်ငံရေးစနစ်သစ်တစ်ခုခု ဖန်တီးလို့ သြဇာအာဏာလွှမ်းမိုးမှုရဖို့ မလွယ်ကူတော့ပါဘူး။ ကမ္ဘာ့နိုင်ငံရေး သမိုင်းအကြောင်းတွေကို လေ့လာကြည့်ပါ။ နိုင်ငံတွေဘာကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့ကြရပါသလဲဆိုတဲ့ အကြည့်နဲ့ ကြည့်ပါ။ စစ်ပွဲအောင်နိုင်ခြင်းဟာ တစ်ကမ္ဘာလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်း မရှိပါဘူး။

ထွေထွေထူးထူးမတွေးဘဲ ငြိမ်းချမ်းရေးရရှိတဲ့ ကာလတွေကိုပဲ ကြည့်လိုက်ပါ။ ခေတ္တခဏ စစ်ပြေငြိမ်းခြင်းသာ ဖြစ်တာပါ။ တိုင်းပြည်တစ်ပြည်ဟာ အသက်ပေါင်းများစွာ သေဆုံးမှုနဲ့ စီးပွားရေးတွေ ပြိုကွဲသွားခဲ့ရင် လူဟာ ကိုယ့်ကိုယ်ကိုတောင် ယုံကြည်မှုပြိုပျက်သွားတာပါပဲ။ ဒါကြောင့် မြန်မာပြည်ဟာ စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေဟာ အရင်ကထက်ပိုပြီး အမှောင်ရိပ်ဖုံးလွှမ်းလာနေကြလို့ အနာဂတ်ကာလ မြန်မာပြည်ဟာ အရာခပ်သိမ်း ပိုပြီးတော့ ဆိုးရွား (ဆိုးဝါး) လာဖို့ပဲ ရှိတော့မည်လား ဆိုတာကို တွေးထားမိပါတယ်။ မရှိ (မဖြစ်) ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။

ဆက်ရန်

အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၄) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၃) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၂) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၁) – မဟာပညာ (mahar.asia)

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၄)

အဲးခိုး

အရှင်တို့တိုင်းပြည်ဟာ (နိုင်ငံဟာ) စုစည်း (စုဖွဲ့) ပြီး နေထိုင်ကြတဲ့
ပြည်ထောင်စုတိုင်းပြည်ကြီး ဖြစ်တယ်ဆိုတာကို အမြဲတမ်းမှတ်ယူရမယ်။ ပြည်ထောင်စု တိုင်းပြည်ကြီး တစ်ပြည်ရဲ့ ဂုဏ်ထူးဝိသေသဟာ အမျိုးသားနိုင်ငံရေးပါပဲ။ အမျိုးသားနိုင်ငံရေးကို မကြိုးစားဘဲ ပါတီအကျိုးအမြတ် နိုင်ငံရေး ကြိုးစားကြတဲ့ နိုင်ငံရေးဟာ နောက်ဆုံးတော့ လူမုန်းခံရတာပါပဲ

အတွဲ(၁၁)၊ အမှတ်(၃၀)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ သီတင်းကျွတ်လပြည့်ကျော် ၁၂၊ ၂၁-၁၀-၂၀၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်တစ်ပတ်မှအဆက်)

ရွှေ့ကွက်ပျက်တဲ့ ဇာတ်အိမ် 

နိုင်ငံတိုင်းမှာ လူတစ်ဦး တစ်ယောက်တည်း နေထိုင်တာမဟုတ်ပါ။ လူအများနဲ့ နေထိုင်ကြရတာပါ။ လူအများ နေထိုင်ကြတဲ့ တိုင်းပြည် တစ်ပြည်ဟာ အမှန်တရား တစ်ခုမှ (တစ်ပါး) မရှိရင် လူတွေဟာ အမှန်တရားကို ဆင်ခြင်စဉ်းစား နိုင်ကြမည် မဟုတ်ပါ။ အမှန်တရားကို မစဉ်းစား၊ မဆင်ခြင်၊ မသုံးသပ်နိုင်ကြတဲ့ လူဟာ နိုင်ငံရေးခေါင်းဆောင်ကို ရွေးချယ်နိုင်ကြမှာ မဟုတ်ပါ။ အရူးတစ်ယောက်ဟာ သန်းနှင့်ချီသော လူတွေကို ခေါင်းဆောင်မလုပ်နိုင်ပါ။ လူကောင်း တစ်ယောက်သာ သန်းနဲ့ချီသော လူတွေရဲ့ ခေါင်းဆောင် မှုအလုပ်ကို လုပ်နိုင်ကြတာပဲ ရှိပါတယ်။ ဒါကြောင့် ခေါင်းဆောင်ဆိုတာ အနိုင်ယူတတ်သူ၊ အပြစ် ယူတတ်သူ၊ သည်းမခံနိုင်သူ ဖြစ်ရင် တိုင်းပြည်အတွက် အသက်ပေါင်း များစွာ ဒုက္ခရောက်ကြရတာပါပဲ။ နိုင်ငံရေး ခေါင်းဆောင် သို့မဟုတ် လူတွေအတွက် ဦးဆောင်တဲ့သူဟာ ပါရမီရှင်၊ ပညာရှင်၊ ဂုဏ် ကျက်သရေရှိသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်ရမယ်လို့ မသတ်မှတ်ပါ။ ကုန်ကုန်ပြောရရင် ခေါင်းဆောင်ဆိုတာ ဘာတွေကို ခေါင်းဆောင်ရမည်လဲ ဆိုတာကို နားမလည်သော ခေါင်းဆောင်ဟာ လူ့အဖွဲ့အစည်းအတွက် ခေါင်းဆောင် မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။

ဒါကြောင့် အရှင်တို့ မြန်မာ့နိုင်ငံရေး သမိုင်းမှာ ခေါင်းဆောင်တိုင်း လိုလိုပါပဲ၊ ဘာကို ခေါင်းဆောင်ရမလဲ ဆိုတာကို နားမလည်လို့ ခေါင်းဆောင်အဖြစ် ရွေးထားမိလို့ ပြည်သူတွေ ဝမ်းမြောက် ကြည်နူးစွာ မနေထိုင်ကြရဘဲ သူတို့ရဲ့ မှားယွင်းမှု၊ မိုက်မဲကြမှု ပတ်ဝန်းကျင် တွေမှာပဲ ဆင်းရဲဒုက္ခမျိုးစုံ ခံစားနေကြ ရတယ်။ သန်းနဲ့ချီတဲ့ ငါတို့ရဲ့အားနည်းချက်နဲ့ မမှန်ကန်တဲ့ ခေါင်းဆောင်တွေကို အရွေးအကောက် မှားခဲ့ကြတဲ့ နိုင်ငံရေး သင်ခန်းစာ ဇာတ်အိမ်ဟာ ရွှေ့ကွက်ပျက်တဲ့ ဇာတ်အိမ်လို့ပဲ ခေါ်ရတော့မယ် မဟုတ်လား။ 

နိုင်ငံရေးအသွင်အပြင်တွေ ပျက်စီး 

နိုင်ငံရေး ဇာတ်အိမ် ပျက်လာတဲ့ မြန်မာပြည်ဟာ ခုချိန်ထိပဲ နိုင်ငံရေးနဲ့ ပတ်သက်သမျှတဲ့ အရာတွေဟာ မတည်မငြိမ် နိုင်ကြသေးပါဘူး။ သူတစ်မင်း ငါတစ်မျိုးနဲ့ နိုင်ငံရေးကို စီမံခန့်ခွဲ လုပ်ကိုင်ချင် နေကြတယ်။ သူ့ဝါဒ ကိုယ့်ဝါဒနဲ့ ယှဉ်ပြိုင်ချနေကြတယ်။ ပြည်သူ့အတွက် နိုင်ငံရေးမူဝါဒ ကောင်းတွေ မချမှတ်နိုင်ကြဘဲ အမြင်ကျဉ်းမြောင်းတဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ဖိနှိပ်ကြတယ်။ အလွန် ရိုးသား၊ အလွန်ထက်မြက်တဲ့ စိတ်ဓာတ်တွေမရှိ (မထား )ကြဘဲ ဉာဏ်ရည်ဉာဏ်သား အထိုင်းဆုံးစနစ်ပြတဲ့ နိုင်ငံရေး ဦးတည်ချက်တွေ ကြိုးစားကြတယ်။ အကျိုးမရှိတဲ့ ကြွေးကြော်မှုတွေ၊ အားထုတ်မှုတွေ၊ ထင်ပေါ်မှုတွေ ဖြစ်ကြပြီး နောက်ပိတ်ဆုံးတော့ ပုဂ္ဂိုလ်စွဲအင်အားစု အပေါ်နဲ့ပဲ နိုင်ငံရေးတွေ ကျဆုံး နေကြတယ်။ ကျယ်ပြန့်တဲ့ ဆင်ခြင်သုံးသပ်ချက်တွေ ပျောက်ပြီး အမှားဆုံးဖြတ်ချက် အမျိုးမျိုးနဲ့ တိုင်းပြည်ကြီးကို ဖျက်ဆီးကြတယ်။ ရည်ရွယ်ချက်မဲ့တဲ့ အကျိုးဆက်တွေနဲ့ ပြည်သူတွေမှာ ခံစားကြရပြီး မပြီးဆုံးနိုင်တဲ့ နိုင်ငံရေး အကျိုးဆက်တွေနဲ့ သံသရာ ကျင်လည်နေကြရတယ်။ ဒါကြောင့် နိုင်ငံရေး အကျိုးဆက်တွေနဲ့ သံသရာ ကျင်လည်နေကြရတယ်။

ဒါကြောင့် နိုင်ငံရေး မဟာဗျူဟာစီမံချက် မရေးဆွဲတတ်တဲ့ လူမျိုး သို့မဟုတ် တိုင်းပြည်ဟာ ဒီခေတ်ကြီးမှာ အရာရာတိုင်း အရှုံးနဲ့ ဖြစ်ကြရမှာပါပဲ။ အဲဒီအထဲ အရှင်တို့ မြန်မာတွေမပါဖို့ သတိအကြိမ်ကြိမ် ပေးခဲ့ပါတယ်မဟုတ်လား။ သတိပေး (အကြံဉာဏ်ပေး) နေတာကို အသိဉာဏ်စိတ်နဲ့ မမြင်ဘဲ အဖျက်အမှောင့်ကြီးလို မြင်ခဲ့ကြတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကြောင့် နိုင်ငံရေးအသွင်အပြင်တွေ ပျက်စီးပြီး အမျိုးသားရေး လက္ခဏာရပ်ပါ ပျောက်ဆုံးခဲ့ရတယ်။ မမှားတဲ့အကြံကို လက်မခံခဲ့တာ ဘယ်သူတွေပါလဲ။ 

အမျိုးသားခေတ်နိုင်ငံရေး 

နိုင်ငံရေးအသွင်အပြင် မပီနိုင်သေးတဲ့ မြန်မာပြည်ဟာ မျှော်လင့်ချက် ထားလွန်းတဲ့ ဒီမိုကရေစီ နိုင်ငံရေးကြောင့် ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ကျဆုံးနေကြပြီ ဆိုပြီးတော့ နိုင်ငံရေးသမားအချို့က သုံးသပ်ဝေဖန်ထားခဲ့တာ တွေ့ရတယ်။ နိုင်ငံရေးဆိုတာ လူတွေရောက်ရှိတဲ့ ဘဝကို ဒါမှမဟုတ် ပန်းတိုင်ကို ထိန်းသိမ်း စောင့်ရှောက်ပေးနိုင်ရမယ်။ ဥပဒေနားလည်တဲ့သူဟာ ဥပဒေကို လေးစားလိုက်နာ ကျင့်ကြံနေထိုင် သလိုပါပဲ။ နိုင်ငံရေးသမားဟာ ပြည်သူ့ပန်းတိုင်ကို အားထုတ်ကြိုးစား ဆောင်ရွက်နိုင်ရမယ်။ ပြည်သူ့ဘဝ၊ ပြည်သူ့လောက အကြောင်းကို မလေ့လာဘဲ ငါ့အလုပ် ငါ့နိုင်ငံရေး ငါပဲသိတယ်ဆိုတဲ့ ကလေးဆိုးကြီး တစ်ယောက်လိုတော့ လုပ်လို့ မရပါ။ တိုင်းပြည်အင်အား တိုးတက်စေလိုတဲ့ သူဟာ (ပုဂ္ဂိုလ်ဟာ) တိုင်းပြည်အပေါ် သစ္စာစောင့်သိ ရိုသေရမယ်။ အမျိုးသား ခေတ်နိုင်ငံရေး စနစ်ရှိရမယ်။ နိုင်ငံရေးက သင်ပေးတဲ့အတိုင်း (အတွေ့အကြုံက သင်ပေးတဲ့အတိုင်း) မိမိရဲ့ နိုင်ငံရေး အသိုင်းအဝိုင်းကို တစ်ဦးတစ်ယောက်တည်းရဲ့ ယူဆချက်နဲ့ မဖြစ်စေရဘဲ ထူးခြားချက် နိုင်ငံရေးမူဝါဒ အသွင်အပြင် လက္ခဏာကို ချမှတ်အားထုတ် နိုင်ရမယ်။ 

နောင်လာမယ့် နှစ် ၁ဝဝ ပြည်မြန်မာ 

အရှင်တို့ တိုင်းပြည်ဟာ (နိုင်ငံဟာ) တစ်နေရာတည်းမှာ လူတစ်ဦးသာ နေထိုင်ကြတဲ့ တိုင်းပြည်မဟုတ်ပါ။ စုစည်း (စုဖွဲ့) ပြီး နေထိုင်ကြတဲ့ ပြည်ထောင်စု တိုင်းပြည်ကြီး ဖြစ်တယ်ဆိုတာကို အမြဲတမ်း မှတ်ယူရမယ်။ ပြည်ထောင်စုတိုင်း ပြည်ကြီးတစ်ပြည်ရဲ့ ဂုဏ်ထူးဝိသေသဟာ အမျိုးသားနိုင်ငံရေးပါပဲ။ အမျိုးသားနိုင်ငံရေးကို မကြိုးစားဘဲ ပါတီအကျိုးအမြတ် နိုင်ငံရေး ကြိုးစားကြတဲ့ နိုင်ငံရေးဟာ နောက်ဆုံးတော့ လူမုန်းခံရတာပါပဲ။ ခေတ်အဆက်ဆက် မြန်မာပြည် ပါတီသမိုင်းတွေကို ပြန်လေ့လာကြည့်ပါ။ အထောက်အထားမဲ့ ဆိုခဲ့တာ (ပြောခဲ့တာ) မဟုတ်ပါ။

ယနေ့ မြန်မာပြည် အခြေအနေဟာ နောင်လာမယ့် နှစ် ၁ဝဝ ကာလကျရင် (နောင်နှစ် ၁၀၀ မှာ) – 
(၁) တစ်မျိုးသားလုံး တစ်စုတစ်ဖွဲ့ စုစည်းနိုင်ကြမည်လား။ ဒါမှမဟုတ် 
(၂) နိုင်ငံတော်တစ်ခုတည်းရဲ့ စစ်မှန်တဲ့ အသွင်းအပြင် လက္ခဏာ ပြည့်ပြည့်စုံစုံနဲ့ ဖြစ်လာနိုင်မည်လား ဆိုတာကို တွေးထားကြပါရဲ့လား။ 

သမိုင်းနှင့် ယှဉ်ကြည့်ပါ 

အရှင်တို့ မြန်မာပြည်ဟာ ချမ်းသာ ကြွယ်ဝတဲ့သူတွေ၊ အသိဉာဏ် ကြွယ်ဝတဲ့သူတွေ ရှားပါးတဲ့ တိုင်းပြည်မဟုတ်ပါ။ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးမှာ ထင်ရှားတဲ့ တိုင်းပြည်ကြီးပါ။ သဘာဝတရားကြီးက ပေးထားခဲ့တဲ့ အနှောင်အဖွဲ့ တိုင်းပြည်ကြီးပါ။ ပထဝီအနေအထားအရ အလွန်သာယာလှပတဲ့ တိုင်းပြည်တစ်ပြည်ပါ။ ဒီလို တိုင်းပြည်ကြီးမျိုးဟာ ခုံမင်နှစ်သက်ကြတဲ့သူတွေ မရှိဘူးလို့ မထင်မိပါနဲ့။ နိုင်ငံရေး နှိုက်နှိုက်ချွတ်ချွတ် တတ်သိ ကျွမ်းကျင်တဲ့ လူတွေဟာ ဒီတိုင်းပြည်ကြီးကို အာရုံခံစားမှုရှိကြလို့ပဲ နယ်ချဲ့ခံထားရတဲ့ ပြည်သူဂဏ တိုင်းပြည်ကြီးပါ။ ဟိုခေတ်က ဟိုအခါဆိုရသလို ဒီခေတ်က ဒီအခါမှာ လူသားအခွင့်အရေးကို အကြောင်းပြပြီး ကမ္ဘာ့နိုင်ငံရေး စနစ်သစ်နဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ သိမ်းပစ်ချင်တဲ့ သူတွေ မရှိတော့ဘူးလို့ မထင်မြင်မိပါနဲ့။ လောကမှာ လောဘမဲ့တဲ့သူ မရှိသလောက် နိုင်ငံရေး လောဘသားတွေရဲ့ လက်ချက်နဲ့ တိုင်းပြည်ကို မဖျက်ဆီးလို့ (မသိမ်းယူဘူးလို့) သတိမပေါ့ကြဖို့ အကြိမ်ကြိမ် အခါခါ သတိပေးခဲ့ပါပြီ။ ကမ္ဘာ့နိုင်ငံရေးဟာ အင်အားသစ် ခေတ်တစ်ခေတ် စလာနေတာကြောင့် ဒီမိုကရေစီကို ဗဟိုပြုထားကြတဲ့ နိုင်ငံတိုင်းရဲ့ ယဉ်ကျေးမှု အခြေအနေဟာ အရေးမစိုက်ဘဲ မရပါ။ နိုင်ငံရေး ခေတ်တစ်ခေတ် အသစ်စတင်ရင် အဲဒီနိုင်ငံရေး အကြောင်းကို ပိုမိုပြီး လေ့လာသိရှိထားရပါတယ် မဟုတ်လား။

ဒီမိုကရေစီ နိုင်ငံရေးခေတ်ထခဲ့တဲ့ ၁ဝ နှစ်အတွင်းမှာ (၂၀၁၀ မှ ၂၀၂၀ ခုနှစ်အတွင်း) မြန်မာ့ယဉ်ကျေးမှု အခြေအနေတွေ၊ မြန်မာ့အမျိုးသားရေး အခြေအနေတွေ၊ မြန်မာ့စိတ်ဓာတ်ပိုင်း အခြေအနေတွေ မြန်မာ့နိုင်ငံရေး အခြေအနေတွေ ဘယ်လိုပုံစံ အသွင်နဲ့ ပြောင်းလဲပြီး ဘယ်လိုအကျိုးရလဒ်တွေ ခံစားခဲ့ကြရသလဲ ဆိုတာကို ပြန်သုံးသပ်ကြရမယ် မဟုတ်လား။ နိုင်ငံရေးကောင်းမှ၊ စီးပွားရေးကောင်းမှ အရာရာအားလုံး ကောင်းမယ်လို့ ထင်နေကြတာပါ။ လောကအနေနဲ့ ကြည့်ရင် အကျင့်ကောင်းမှ နိုင်ငံရေး စီးပွားရေး ကောင်းမွန်မယ်ဆိုတာကို သတိမထားမိကြပါဘူး။

ဒါကြောင့် အင်အားသစ် ခေတ်တစ်ခေတ် ထလာပြီဆိုရင် အင်အားသစ်ကို စတင်ပေးတဲ့ ဦးဆောင်သူတွေရဲ့ အပြုအမူကို ပိုသတိထားပြီး လေ့လာထားရပါတယ်။ သူတို့ရဲ့ တိုးတက်မှု အဓိပ္ပာယ်ကို သမိုင်းနဲ့ယှဉ်ပြီး ကြည့်ရမယ်။

ဆက်ရန်

အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၃) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၂) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၁) – မဟာပညာ (mahar.asia)

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၃)

အဲးခိုး

အုပ်စုကွဲ၊ လူမျိုးစွဲ၊ ဝါဒကွဲတွေနဲ့ တစ်စုနဲ့တစ်စု ဖဲ့နေကြတယ်။ ကွပ်မျက်နေကြတယ်။ ဒီလုပ်ရပ်တွေဟာ လူသားအတွက် အန္တရာယ်ကြီးလို့ မမြင်ကြဘဲ ဆိုးသွမ်းစွာချေမှုန်းတိုက်ခိုက်ကြတယ် အကျိုးအကြောင်း ဆင်ခြင်နိုင်တဲ့သူတွေရဲ့ အကြံပေးဉာဏ်ပြုမှုကို အထင်သေးအမြင်သေးကြပြီး နိုင်ငံရေး …  ပျက်ကွက်ရောက်အောင် တွန်းပို့ကြတယ်။ ဒီအနေအထားဟာ အနာဂတ်ကာလတစ်ချိန်ချိန်မှာ ရောက်လာလိမ့်မယ်ဆိုတာကို မျှော်လင့်ထားဖို့ပါပဲ … 

အတွဲ(၁၁)၊ အမှတ်(၂၉)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ သီတင်းကျွတ်လဆန်း ၁၃၊ ၇-၁၀-၂၀၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်တစ်ပတ်မှအဆက်)

ပိုးဖလံမီးတိုး 

နည်းပညာမတိုးတက်တဲ့ တိုင်းပြည်ကို ကြည့်လိုက်ပါ။ ဖွံ့ဖြိုးတိုးတက်ဖို့ နှေးကွေးနေတာကို တွေ့ရမယ်။ ယနေ့ ကမ္ဘာ့နည်းပညာ တိုးတက်နေတာကို မကြိုက်မနှစ်သက်ကြတဲ့သူတွေက တစ်ပုံတစ်သီကြီးပါပဲ။ ကြီးပွားရေးကို ကြီးပွားရေးလို မမြင်ဘဲ (မသုံးစွဲဘဲ) တစ်ယူသန်အဖွဲ့နဲ့ ကြည့်လို့ နည်းပညာမပါတဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေ လုပ်နေကြတယ်။

မတတ်တတတ်နဲ့ နိုင်ငံရေးကို တက်အုပ်ချုပ်ကြတယ်။ ခေတ်စနစ်ကို မကြည့်ဘဲ ငါစနစ်နဲ့ ကြဲနေကြတယ်။ တိုင်းပြည်မွဲနေကြတယ်။ အချင်းချင်း လက်နက်ကိုင်စွဲပြီး တိုက်ခိုက်ဖျက်ဆီးကြတယ်။ ဒေါသအာဃာတ တရားတွေ မထိန်းသိမ်းနိုင်ကြဘဲ သတ်ပွဲကို အလုပ်တစ်ခုလို သတ်မှတ်ကြတယ်။ အုပ်စုကွဲ၊ လူမျိုးစွဲ၊ ဝါဒကွဲတွေနဲ့ တစ်စုနဲ့တစ်စု ဖဲ့နေကြတယ်။ ကွပ်မျက်နေကြတယ်။ ဒီလုပ်ရပ်တွေဟာ လူသားအတွက် အန္တရာယ်ကြီးလို့ မမြင်ကြဘဲ ပိုးဖလံမျိုးမီးကိုတိုးဆိုတဲ့ ဥပမာစကားလိုပဲ ဆိုးသွမ်းစွာ ချေမှုန်းတိုက်ခိုက်ကြတယ်။ အဲဒီထဲမှာ မြန်မာတွေလည်း ပါနေကြပြီ မဟုတ်လား။ 

အကျိုးမဲ့မှု ယှဉ်ပြိုင် 

ယနေ့ကမ္ဘာမှာ နည်းပညာရပ်ကို အကြောင်းပြုပြီး နိုင်ငံတိုင်းလိုလိုက ဟိုက်ဒရိုကာဘွန် (ကာဗွန်) နေရာမှာ အစားထိုးဖို့ စွမ်းအင်အသစ်တွေ ရှာဖွေနေကြပြီ မဟုတ်လား။ စစ်ပွဲကြီးဖြစ်လာရင် သုံးဖို့ဆိုပြီး ကြိုးစားနေကြတယ်။ စစ်ပွဲကြီးကို … ချင်နေကြတဲ့သူတွေရဲ့ စိတ်ဓာတ်ဟာ ကြောက်ရွံ့စရာပါပဲ။ သီအိုရီအရ ပြောရရင် ယနေ့ကမ္ဘာပေါ်မှာ နေရောင်ခြည်သုံး စွမ်းအင်က အကောင်းဆုံး (အထိရောက်ဆုံး) ဆိုပြီးတော့ ဆိုနေကြတယ်။ နေရောင်ခြည်သုံး စွမ်းအင်ကို သုံးစွဲဖို့အတွက်ဟာ စွမ်းအင်ကို လက်ခံမယ့်ပစ္စည်းတွေ အမြောက်အမြား လိုအပ်ပါမယ်။

အဲဒီစွမ်းအင်ကို လက်ခံမယ့် ပစ္စည်းတွေဟာ ကမ္ဘာ့မျက်နှာစာပေါ်မှာ နေရာတွေ အများကြီးယူထားရင် ပတ်ဝန်းကျင်ထိခိုက်မှု ဘယ်လောက်များ ရှိကြမည်လဲ (မလဲ) ဆိုတာ စဉ်းစားသာ ကြည့်ပေါ့။

ကိုယ်တွေအနေနဲ့ နိုင်ငံကြီး တစ်နိုင်ငံမှာ အဲဒီလို နေရောင်ခြည်ထုတ်လုပ်တဲ့ စွမ်းအင်အနီးမှာ ခရီးတစ်ခုမှာ ဖြတ်သန်းခဲ့ဖူးတယ်။ အဲဒီအနီးအနား ဝန်းကျင်တွေဟာ သဘာဝအပင်အကြီးအငယ် မပေါက်တော့ဘဲ အေးစက်နေတဲ့ ကားခန်းမှာ အပူရှိန် ချက်ချင်းဝင် ရောက်လာတယ်။ အဲဒီကနေ အတော်လေးကြာအောင် ကျော်သွားမှ ပုံမှန် အအေးပြန်ရတယ်။ ဒါကြောင့် နေရောင်ခြည် စွမ်းအင်သုံးတဲ့ ကိစ္စတွေမှာလည်း နေ့နဲ့ည သံသရာလည်နေမှုအတွက် အကျိုးမဲ့ဖြစ်သွားမှာပါပဲ။ လူတွေဟာ ဘာကြောင့် သတ္တဝါတွေ အကျိုးမဲ့မှု အလုပ်တွေကို လုပ်ချင်နေကြရပါသလဲ။ ယှဉ်ပြိုင်မှု (ပြိုင်ဆိုင်မှု)ရဲ့ အဖြေဆိုတာ အကျိုးမဲ့မှုပဲလားဆိုတာကို စဉ်းစားမိပါလေရဲ့။ 

လူဦးရေပေါက်ကွဲမှုနဲ့ ပျောက်ဆုံးမှု 

ဖြစ်ပေါ်လာမယ့် ကမ္ဘာ့စစ်ပွဲမှာ အာကာသ (ကောင်းကင်)ကို အခြေခံတဲ့ လျှပ်စစ်ဓာတ်အားပြည့်စုံဖို့ဟာ အဓိက ဖြစ်တယ်ဆိုတဲ့ ယူဆချက်ဟာ နိုင်ငံတိုင်းမှာလိုလိုပါပဲ။ အာကာသကနေ ထုတ်လွှင့်ပေးတဲ့ လျှပ်စစ်ကြောင်းကနေ ကမ္ဘာ့မြေပြင်ပေါ်မှာ မိုက်ခရိုဝေ့ဖ်ရောင်စဉ် ပုံစံနဲ့ ရောက်ရှိလာမယ်။ ရောင်စဉ်တန်းပေါ်မှာပဲ စစ်ရေးသုံး အာဏာသယာဉ်တွေ လွှတ်တင်ကြမယ်။ ယနေ့ အရှင်တို့ အမြဲသုံးစွဲနေတဲ့ အင်တာနက် လိုပေါ့။

စွမ်းအင် အသစ်အဆန်းတွေနဲ့ စစ်ရေး၊ စီးပွားရေးတွေအတွက် သုံးကြမယ်လို့ တွက်ထားကြတယ်။ အဲဒီအချိန် ကျရင် ကမ္ဘာကြီးမှာ လူဦးရေတိုးနှုန်းက မကျဆင်းဘဲ စိတ်ကြိုက်တိုးနေရင်တော့ ကမ္ဘာကြီးတစ်ခုလုံး ကူပါ ကယ်ပါလို့ ကြားရလို့ ပြီးဆုံးမှာမဟုတ်တော့ဘဲ ခေတ်မီတိုးတက်တဲ့ တိုင်းပြည်တွေ အတွက် အန္တရာယ်အများဆုံးတွေ တွေ့ ကြရမှာပါပဲ။

ကမ္ဘာ့သိပ္ပံပညာရှင်တွေက တော့ ၂၁ ရာစုပြည့်တဲ့အချိန်မှာ လူဦးရေ ပေါက်ကွဲမှု ကုန်ဆုံးသွားပြီလို့ တွက်ဆထားကြတယ်။ ဘာအတွက်နဲ့ ကုန်ဆုံးသွားမည်လဲ ဆိုတာကိုတော့ ထုတ်မပြောပါဘူး။ စိတ်ဝင်စားစရာတစ်ခုက ၂ဝ၅ဝ ပြည့်နှစ်ရောက်ရင် ခေတ်မီတိုးတက်တဲ့ စက်မှုနိုင်ငံကြီးတွေမှာ လူဦးရေနှုန်း ကျဆင်းမယ်လို့ ခန့်မှန်းထားကြတယ်။ ဖြစ်နိုင်၊ မဖြစ်နိုင်တော့ ဒီ ၂ဝ၂၁ ကနေ အစထားပြီးတော့ ကိန်းသစ်တစ်ခု ထွင်ပြီး တွက်ကြည့်ကြပေါ့။ မမှန်နိုင် ဘူးလို့တော့ ပြောလို့မရပါ။ ဒါကြောင့် ကမ္ဘာ့သက်တမ်းနဲ့ လူဦးရေတိုးသက် တမ်းတွေကို မှတ်တမ်းပြုထားကြတဲ့သူတွေရဲ့ အတွေ့အကြုံဟာ ဖြစ်ပျက်မှုအတွက် လွဲခဲ့တာ နည်းပါးပါတယ်။ 

မှားယွင်းတဲ့ နိုင်ငံရေးယူဆချက် 

ကမ္ဘာ့အတွေ့အကြုံရှိတဲ့သူတွေက အေဒီ ၂၁ဝဝ ပြည့်ရင် မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာ လူဦးရေမွေးဖွားနှုန်း မြင့်တက်လာမယ်။ အဲဒီနိုင်ငံတွေမှာ လူဦးရေ တည်ငြိမ်မှု ရရှိကြမယ်ဆိုပြီး ခန့်မှန်း ထားကြတယ်။ ဘာကြောင့်လဲဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀ အထက်က (၁၇၅ဝ ပြည့်နှစ်က) တစ်ကမ္ဘာလုံးမှာ လူဦးရေတိုးမှုစနစ်ကို ရေးထားတာကို တွေ့ရလို့ဆိုပြီး သာဓက ထုတ်ပြထားတယ်။ အခုဆိုရင် အလုပ်သမားတွေ များလာတယ်။ သုံးစွဲကြသူတွေ များလာတယ်။ စစ်မှုထမ်း (စစ်သည်)တွေ များလာတယ်။ ဒီအချက်ဟာ ဒီအတိုင်းပဲ ရှိနေရင် ကမ္ဘာကြီးဟာ ကုန်ထုတ်လုပ်မှု စနစ်တစ်ခု ပြောင်းသွားအောင် လုပ်ရတော့မယ်။

ဘယ်လိုနည်းပညာစနစ်နဲ့ ပြောင်းကြမည်လဲ (မလဲ) ဆိုတာကို စဉ်းစားနေကြရပါပြီ။ အလုပ်သမားအစား စက်ရုပ်တွေ အစားထိုးဝင်လာပေမယ့် လိုသလောက် ခရီးမပေါက်နိုင်ပါဘူး။ မျိုးပွားအင်္ဂါရပ်တွေ အတွက်ကတော့ ကြီးမားတဲ့ သုတေသနလုပ်ငန်းတွေ စတင်ကြိုးစားနေကြရပြီ ဆိုဟာကိုတော့ တွေ့ရပြီ။

ကမ္ဘာပေါ်မှာရှိကြတဲ့ နိုင်ငံတိုင်းလိုလိုဟာ လူမှုရေး သင်ခန်းစာတွေ၊ အုပ်ချုပ်ရေး သင်ခန်းစာတွေ၊ အကြမ်းဖက်မှု သင်ခန်းစာတွေဟာ လူတွေအတွက် အမျိုးမျိုးဒုက္ခတွေ ပေးနေကြပါပြီ။ မျှော်မှန်းမထားကြတဲ့ လူသား ပဋိပက္ခတွေလည်း မပြီးနိုင် မဆုံးနိုင်လို့ ကမ္ဘာကြီးဟာ အနာဂတ်ကာလ ဖြစ်လာနိုင်စရာတွေ များစွာထဲက မှားယွင်းတဲ့ နိုင်ငံရေးယူဆချက်သုံးတဲ့ မြန်မာပြည်လည်း ကမ္ဘာ့ဆင်းရဲတဲ့ တိုင်းပြည်ထဲမှာ ရောက်သွားလေမည်လား (မလား)ပါပဲ။ 

အပိတ်အဆို့တွေ ခံစားကြရမယ် 

မြန်မာပြည်ဟာ အနာဂတ်နိုင်ငံတော်အတွက် ဘယ်လိုမျိုးမျှော်လင့်ချက် ထားကြပါသလဲ။ ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးဆက်ဆံမှုဟာ ဟိတ်ကြီးဟန်ကြီး မရှိကြတော့ပါဘူး။ ကိုယ်ကျိုးစီးပွား ကြည့်တာတွေ၊ ရေတို ကြည့်တာတွေပဲ ဖြစ်နေကြတယ်။ နိုင်ငံရေး ခန့်မှန်းသူတစ်ဦးက ယခုလာမယ့် ၂ဝ၅ဝ ပြည့်ရင် စစ်ပွဲကြီးဖြစ်မယ်လို့ ပြောဆိုထားတာ တွေ့ရတယ်။ သူ့ရဲ့ အမြင်က ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း မရှိတဲ့ လူတွေဟာ အနာဂတ်ကို ကြိုတင်ကြည့်ရှုရာမှာ အားနည်းတတ်ပါတယ်လို့ ပြောဆိုထားတာ တွေ့ရတယ်။ တစ်ခါ (တစ်ဖန်) သူကပဲ ခေတ်ဟောင်းက လက်ဝဲ ယိမ်းကြတဲ့သူတွေရဲ့ စကား (ဆောင်ပုဒ်) ဖြစ်တဲ့ “လက်တွေ့ကျပါ၊ မဖြစ်နိုင်စရာ တွေကို တောင်းဆိုပါ” ဆိုတဲ့ စကားအစား ကို “လက်တွေ့ကျပါ။ မဖြစ်နိုင်စရာတွေကို မျှော်လင့်ထားပါ” လို့ဆိုပြီး ပြောင်းလဲပြင်ဆင်လိုတယ် ဆိုတဲ့သူရဲ့ အတွေးစကားတွေလည်း လေ့လာခဲ့ရပါတယ်။ 

မှန်ပါပြီ။ “လက်တွေ့ကျပါ၊ မဖြစ်နိုင်စရာတွေကို မျှော်လင့်ထားပါ” ဆိုတဲ့ သူရဲ့စကားအတိုင်း အရှင်တို့ မြန်မာပြည်အတွက် ဘာတွေကို လက်တွေ့ကျ ဖို့လိုပါသလဲ။ မဖြစ်နိုင်စရာတွေကို ဘာတွေကို မျှော်လင့်ထားကြပါသေးလဲ” ဆိုတဲ့ ကြိုတင်တွေးခေါ်ထားမှု ပြင်ဆင်ကြရတော့မည်လား ဆိုတာကို တွေးထားမိပါလေရဲ့။ အရှင်တို့ရဲ့ မြန်မာပြည် အနာဂတ်ကာလ ဘဝအခြေအနေဟာဒီနေ့ဒီတိုင်းသာ နေထိုင်ကြရင်တော့ မဖြစ်နိုင်စရာတွေ ဖြစ်လာခဲ့ရင်တော့ အရင့်အရင်က မျှော်လင့် (မျှော်မှန်း) ထားကြတဲ့ နိုင်ငံရေးခရီးလမ်းတွေ အပိတ်အဆို့တွေ ခံစားကြရမှာပါပဲ။ 

တစ်ချိန်ချိန်မှာ ရောက်လာလိမ့်မယ် 

ကမ္ဘာပေါ်မှာ ရှိကြတဲ့လူတွေဟာ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးတွေ၊ အမြင်တွေဟာ တဖြည်းဖြည်းပဲ ရိုးစင်းမှုတွေ နည်းပါးလာနေကြပါပြီ။

စဉ်းစားတွေးခေါ်ဆင်ခြင်တဲ့ တရားတွေ နက်နဲမှုကို ခက်ခဲတယ်ဆိုပြီး လူမှုပစ်ပယ်မှု အလုပ်တွေ တွင်တွင်ကြီး လုပ်နေကြတယ်။ ကိုယ်ကျိုးတရားတွေ ကြည့်လွန်းလို့ ကမ်းမမြင် လမ်းမမြင်ကြပါပဲ။ မမြင်ရတဲ့ အကြောင်းတွေကို အရေးမစိုက်ကြဘဲ မဆီမဆိုင်တဲ့ ပါဝင်ပတ်သက်မှုတွေကို အားပေးအားမြှောက်ကြတယ်။ ကောင်းတဲ့ အလေ့အထတွေကို ယုံကြည်မှုမဲ့အောင် နိုင်ငံရေးအာရုံ ပြောင်းလဲအောင် လုပ်တယ်။

မကောင်းမှု အကျိုးစီးပွားရလွယ်မှုကို အမူအကျင့်ထားပြီး ကြိုးစားကြတယ်။ အရည်အချင်းကောင်းတွေ မရှိကြတော့ဘဲ နိမ့်ကျတဲ့ ပုံဖော်မှုကို ကြိုးစားအားထုတ်နေကြတယ်။ အနိမ့်ဆုံး ရေတိုအကျိုးကို စုပေါင်း လုပ်ကိုင်ကြတယ်။ အကျိုးအကြောင်း ဆင်ခြင်နိုင်တဲ့ သူတွေရဲ့ အကြံပေးဉာဏ်ပြုမှုကို အထင်သေးအမြင်သေးကြပြီး နိုင်ငံရေး … ပျက်ကွက်ရောက်အောင် တွန်းပို့ကြတယ်။ ဒီအနေအထားဟာ အနာဂတ် ကာလတစ်ချိန်ချိန်မှာ ရောက်လာလိမ့် မယ်ဆိုတာကို မျှော်လင့်ထားဖို့ပါပဲ။ 

(ဆက်ရန်)

အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၂) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၁) – မဟာပညာ (mahar.asia)

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၂)

အဲးခိုး

အမေရိကန်ရဲ့ နိုင်ငံရေးကမ္ဘာဟာ ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းနဲ့ သက်ဆိုင်သွားပါပြီ။ အမေရိကန်ဟာစစ်ပွဲနဲ့ စစ်အောင်နိုင်မှုကို လိုလားနှစ်သက်တဲ့တိုင်းပြည်မဟုတ်လို့ဆိုပြီး နိုင်ငံရေးကျွမ်းကျင်သူတွေက ပြောဆိုထား … ကမ္ဘာပေါ်မှာ လူဦးရေအဆများစွာ များပြားလာနေတာကြောင့် လူသားပေါင်းများစွာကို အထောက်အပံ့၊ အကူအညီပေးနိုင်သော တိုင်းပြည်တွေကပဲ ကမ္ဘာကို (ယာယီ) သြဇာလွှမ်းမိုးနိုင်တော့မှာ ဖြစ်ပါတယ် …

အတွဲ(၁၁)၊ အမှတ်(၂၈)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ သီတင်းကျွတ်လဆန်း ၆၊ ၃၀-၉-၂၀၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်တစ်ပတ်မှအဆက် )

အနာဂတ်ကမ္ဘာ 

ကမ္ဘာကို ပြဿနာတွေအမျိုးမျိုး ဖန်တီးပေးနိုင်တဲ့ တိုင်းပြည်ဟာ ဘယ်တိုင်းပြည်လဲဆိုတာ သိလိုက်ပါ။ အဲဒီလို ဖန်တီးခွင့်ရအောင်လည်း ဘယ်သူ(ဘယ်ပုဂ္ဂိုလ်)က ချည်းကပ်ခွင့်ပေး လိုက်ကြသလဲဆိုတာကော သိကြရဲ့လား။ ယနေ့ ကမ္ဘာ့နိုင်ငံရေး အလှည့်အပြောင်းအကြောင်းကို လေ့လာကြည့်ပါ။ အထောက်အထားမဲ့ အဖြစ်အပျက် စုံလင်နေအောင်လုပ်နိုင်တဲ့ တိုင်းပြည်ကပဲ ကမ္ဘာကို လွှမ်းမိုးသွားမယ်ဆိုတာကို သိထားစေချင်ပါတယ်။ ယနေ့ စုရုံးပြီး အားကိုးအားထားကြတဲ့ ပါဝါအင်အားကြီးတဲ့ နိုင်ငံတွေဟာ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး စတဲ့ အရေးအားလုံးကို သူတို့ကို စိန်ခေါ်နိုင်ကြတဲ့ တိုင်းပြည်တွေရှိကြရဲ့လား။ ဘာကြောင့် သူတို့ကို စိန်မခေါ်နိုင်ကြသလဲ ဆိုတာကို တွေးကြည့်ကြပါ။ စစ်ပွဲကို အကြိမ်ပေါင်း များစွာ တိုက်နိုင်တဲ့သူတွေဟာ ကမ္ဘာ့ပါဝါကြီးမားတဲ့ တိုင်းပြည်ဖြစ်လာကြတာပါပဲ။ စီးပွားရေးအောင်ပွဲမဟုတ် စစ်အောင်ပွဲနဲ့ တက်ကြွနေကြတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ လျှို့ဝှက်ချက်ဟာ အနာဂတ်ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေး မဖြစ်နိုင်ဘူးဆိုတာကို သိထား လိုက်ပါ။ 

နောက်နှစ်ပေါင်း ၁ဝဝဝ မြန်မာပြည် 

ဘယ်နိုင်ငံမှ စိန်မခေါ်နိုင်တဲ့တိုင်းပြည်ဟာ ကမ္ဘာကြီးကို သူတို့လက်ထဲမှာပဲ ရှိနေတာကို သူတို့မြင်နေကြတယ်။ စစ်မက်ကိုလည်း သူတို့မမှု(မကြောက်) သလို နိုင်ငံရေးအာဏာတွေအတွက်လည်း သူတို့မကြောက်မရွံ့ကြပါဘူး။

ဒီလို ကမ္ဘာ့အင်အားကြီးလာတဲ့ နိုင်ငံတွေရဲ့ အချက်အလက်အကြောင်းတွေကို လေ့လာကြည့်ရင် သူတို့စစ်ရေး၊ နိုင်ငံရေး နည်းမဟာဗျူဟာတွေဟာ လွန်ခဲ့သော နှစ်ပေါင်း ၅ဝဝ အထက်လောက်က ကြိုးစားအားထုတ်ထားခဲ့ပြီးသားပါ။ ကမ္ဘာ့စနစ်ကြီးကို တစ်ကမ္ဘာလုံးလွှမ်းခြုံနိုင်ဖို့(ထိန်းနိုင်ဖို့) သူတို့ရဲ့ စစ်ရေး၊ နိုင်ငံရေးဗျူဟာတွေ ဘယ်လိုပြောင်းလဲပြုပြင်ထားကြသလဲဆိုတာ သူတို့နိုင်ငံရေး အရုဏ်ဦးကို လေ့လာရင် မြင်နိုင်ပါတယ်။ အဲဒီအထဲမှာ အရှင်တို့မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေးမဟာဗျူဟာမှာ တစ်ကမ္ဘာလုံးအတွက် (ကမ္ဘာကြီးအတွက်) ဘယ်လိုလွှမ်းခြုံ ထားနိုင်ကြမည်လဲ(မလဲ) ဆိုတာကို နောက်နှစ်ပေါင်း ၁ဝဝဝ လောက်မှာ မြင်ရမယ်လို့ ရည်ရွယ်ချက်ထားပါရဲ့လား။ 

လွှမ်းမိုးချက်မတူ 

ဒီကမ္ဘာမှာ(ဒီကမ္ဘာကို) ၁၉ရာစုနှစ်က ဗြိတိသျှတို့က ကမ္ဘာကို လွှမ်းမိုးနိုင်ခဲ့တယ်။ ၂၁ရာစုနှစ်ခေတ်မှာ(နှစ်မှာ) အမေရိကန်က ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်လာတယ်။ ဗြိတိသျှကမ္ဘာကို လွှမ်းမိုးတဲ့ခေတ်က နယ်ချဲ့လုပ်ငန်း၊ အမေရိကန် အင်အားကြီးမှုက ဘာတွေပါလဲလေ့လာကြည့်ပါ။ အမေရိကန်ရဲ့ နိုင်ငံရေးကမ္ဘာဟာ.. ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းနဲ့ သက်ဆိုင်သွားပါပြီ။ ဘာကြောင့်လဲ ဆိုရင် အမေရိကန်ဟာ စစ်ပွဲနဲ့ စစ်အောင်နိုင်မှုကို လိုလားနှစ်သက်တဲ့ တိုင်းပြည်မဟုတ်လို့ဆိုပြီး နိုင်ငံရေးကျွမ်းကျင်သူတွေက ပြောဆိုထားကြတာကို တွေ့ ရပါတယ်။ ဤအရှင်က အမေရိကန်ဟာ သူ့ရဲ့စိန်ခေါ်ဘက်ကို ချေမှုန်းချက်ပြုမယ့် တိုင်းပြည်မဟုတ်ပါ။ (မဖြစ်နိုင် ပါ) သြဇာလွှမ်းမိုးမှု ကြိုးစားနေကြတဲ့ တိုင်းပြည်တွေနဲ့ လူသားယဉ်ကျေးမှု ကမ္ဘာကို မပျက်စီးဖို့ကိုပဲ အားထုတ်ကြိုးစားကြမယ်လို့ မြင်တွေ့ပါတယ်။ 

၁၉၂၁ ခုနှစ် ဗြိတိသျှ ကိုလိုနီဒေသများ
Vadac., Public domain, via Wikimedia Commons

ကြောက်ရွံ့သွားပါလိမ့်မယ် 

လူတွေကတော့ စစ်မတိုက်ကြဘဲ ရှိတဲ့တိုက်ပွဲကို စစ်အေးတိုက်ပွဲလို့ တင်စားခေါ်ဆိုနေကြတယ်။ စစ်အေး တိုက်ပွဲကာလမှာ နိုင်ငံတကာရဲ့ အလှည့်အပြောင်းတွေက ဘာတွေများ ပြင်းထန်လာခဲ့ကြဦးမလဲ ဆိုတာကို ကြည့်ချင်နေကြတယ်။ ဤအရှင်လည်း မြင်တွေ့ ချင်ပါလေရဲ့။ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးသွားလို့ ဩဇာကြီးမားလာရေး အတွက် ကြိုးစားလာတာက ရုရှားနိုင်ငံပါပဲ။ ရုရှားဟာ တစ်နေ့နေ့မှာ ကမ္ဘာ့သြဇာအရှိဆုံးတိုင်းပြည် ဖြစ်၊ မဖြစ် မခန့်မှန်းနိုင်ကြပါဘူး။ အချို့ ဝေဖန်ထားကြတာက အောင်မြင်မှုပန်းတိုင် မရောက်နိုင်ဘူးလို့ပဲ ဝေဖန်ထားကြတယ်။ အဲဒီအချက်ကို အရှင်လည်း မြင်ပါတယ်။ မဖြစ်နိုင်ဘူးလို့ပဲ မြင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် သြဇာကြီးမားဖို့ ကြိုးစားတဲ့နိုင်ငံရေးပုဂ္ဂိုလ်တွေရဲ့ အတွေးအခေါ်ဟာ ရုရှားနိုင်ငံမှာ ဖြစ်လာ(ရှိလာ)မှာ မဟုတ်လို့ပါပဲ။ စစ်အေးလောကမှာ နိုင်ငံတကာဩဇာ ကြီးမားဖို့ဆိုတာ လွယ်ကူသောကိစ္စတော့ မဟုတ်ပါ။ ဒါပေမဲ့ လူဆိုတာ မရှိတာကိုရှိအောင် လုပ်တတ်သော သတ္တဝါမျိုးဖြစ်လို့ မဖြစ်နိုင်တာကိုလည်း ဖြစ်အောင်လုပ်တတ်ချင်တာတော့ အမှန်ပါပဲ။

၂၀၀၇ ခုနှစ် အမေရိကန် စစ်အခြေစိုက်စခန်းများနှင့် စစ်သည်များ တည်နေရာပြမြေပုံ
Lokal_Profil, CC BY-SA 2.5, via Wikimedia Commons

ကြောက်ရွံ့သွားပါလိမ့်မယ် 

ကမ္ဘာ့ကမ္ဘာကြီးမှာ နိုင်ငံတကာနိုင်ငံရေး သြဇာလွှမ်းမိုးနိုင်ဖို့ ကြိုးစားအားထုတ်တဲ့ အထဲမှာ အရှင်တို့ မြန်မာပြည်လည်း စဉ်းစားထားပါသလား။ အကယ်၍ စဉ်းစားထားခဲ့ရင် မြန်မာတွေ အခြေခံနိုင်ငံရေးသိပ္ပံ ဘယ်လောက် ကျွမ်းကျင်လိမ္မာမှု ရှိထားသင့်သလဲဆိုတာကို ဒီကမ္ဘာအကြောင်းကို လေ့လာပါ။ ယနေ့ကမ္ဘာရဲ့ လူမှုရေးအကြောင်းဟာ ဩဇာလွှမ်းမိုးမှုအတွက် ဖြစ်ပျက်နေကြတယ်လို့ မြင်မိပါသလား။ ဒါမှမဟုတ် ယနေ့ ကမ္ဘာ့လူမှုရေး ပြောင်းလဲမှုဖြစ်စဉ်ဟာ နိုင်ငံပိုင်နယ်မြေချဲ့ထွင်တဲ့ လုပ်ငန်းမဟုတ်တော့ပါ။ ယနေ့ ကမ္ဘာပေါ်မှာ လူဦးရေအဆများစွာ များပြားလာနေတာကြောင့် လူသားပေါင်းများစွာကို အထောက်အပံ့၊ အကူအညီပေးနိုင်သော တိုင်းပြည်တွေကပဲ ကမ္ဘာကို (ယာယီ)ဩဇာလွှမ်းမိုးနိုင်တော့မှာ ဖြစ်ပါတယ်။ ထာဝရသြဇာလွှမ်းမိုးနိုင်ခြင်းတော့ မရှိနိုင်တော့ပါဘူး။ ဒါကြောင့် ဗြိတိသျှ၊ အမေရိက၊ ရုရှား၊ တရုတ်စတဲ့ ဒီအင်အားပြတဲ့ တိုင်းပြည်တွေဟာ နက်ရှိုင်းတဲ့ သူတို့ရဲ့ ပြဿနာတွေ၊ အားနည်းတဲ့သူတို့ရဲ့ လူမှုရေးအခြေခံတွေကြောင့် တစ်နေ့နေ့တော့ တစ်ချိန်ချိန်မှာ သူတို့တွေ ဩဇာကြီးမားရေးဆိုတဲ့ ကြိုးစားမှုဟာ သူတို့တွေ ကြောက်ရွံ့သွားပါလိမ့်လို့ ဝေဖန်ချင်ပါတယ်။ 

စိတ်ကူးယဉ်အထင် 

ဒီနေ့ကမ္ဘာမှာ ကမ္ဘာ့အင်အားကြီးမားအောင် လုပ်ပေးတဲ့ တိုင်းပြည်မရှိပါ ဘူး။ သူတို့နိုင်ငံရေး သြဇာလွှမ်းမိုးချုပ်ကိုင်နိုင်မှုကိုသာ ကြိုးစားနေကြတာပါ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကြီးကြီးကျယ်ကျယ် မစိန်ခေါ်ရဲကြပါဘူး။ အားနည်းချက်တွေ အမျိုးမျိုးရှိကြတဲ့ တိုင်းပြည် တွေချည်းပါပဲ။ လူတွေက တစ်နေ့တစ်ချိန်ချိန်မှာ တရုတ်က ထိပ်တန်းမှာ ရောက်မယ်၊ ရှိနေမယ်ဆိုပြီး နိမိတ်ကောင်းတွေ ဖတ်ကြတယ်။ တချို့က အမေရိကန်ကို မလွှမ်းမိုးနိုင်ဘူးလို့ဆိုပြီးတော့ ဝေဖန်ထားကြတာတွေ တွေ့ရပါတယ်။ တရုတ်တိုင်းပြည် အနေအထားနဲ့ အမေရိကန်တိုင်းပြည် အနေအထားဟာ တူစရာအကြောင်းမရှိတာကြောင့် ကမ္ဘာကြီးကို သြဇာလွှမ်းမိုးနိုင်မယ့် အနေအထားဟာ နှစ်နိုင်ငံစလုံးက မရှိပါဘူး။ အကုန်ပြောရရင် ကမ္ဘာကိုဘယ်တိုင်းပြည်မှ သြဇာမလွှမ်းနိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုရင် ခေတ်သစ်ပညာရေးစနစ်ဟာ ကမ္ဘာ့နိုင်ငံရေးအတွက် လွှမ်းမိုးနိုင်ဖို့အတွက် ကြိုးစားချက်မဟုတ်လို့ပါပဲ။ အာဏာကို စိတ်ကူးယဉ်အထင်နဲ့ ရေးသားနေကြတာပါပဲ။ (တွေးထားကြတာပါပဲ။) 

၁၉၈၀ ပြည့်နှစ် အမေရိကန် (အပြာ) နှင့် တရုတ် (အနီ) တို့၏
အကြီးဆုံးကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများ
How China Overtook the U.S. as the World’s Major Trading Partner (visualcapitalist.com)
၂၀၁၈ ခုနှစ် အမေရိကန် (အပြာ) နှင့် တရုတ် (အနီ) တို့၏
အကြီးဆုံးကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများ
How China Overtook the U.S. as the World’s Major Trading Partner (visualcapitalist.com)

ဝရုန်းသုန်းကား 

လူတွေဟာ နိုင်ငံရေးကိုအကြောင်းပြပြီး (အကြောင်းပြုပြီး) စီးပွားရေး ဆုံးဖြတ်ချက်ချတတ်ဖို့လိုပါတယ်။ ဆုံးဖြတ်ချက်မချတတ်ရင် (မမှန်ရင်) အကျင့်ပျက် ခြစားမှုတွေ ဖြစ်မှာပါပဲ။

မြန်မာ့နိုင်ငံရေးကို လေ့လာကြည့်ပါ။ ဒီမိုကရေစီနိုင်ငံရေးကို အကြောင်းပြပြီး စီးပွားရေး ဆုံးဖြတ်ချက်မှားကြလို့ နောက်ဆုံး ဘာဖြစ်သွားကြသလဲဆိုတာကို ကိုယ့်တွေ့ပါပဲမဟုတ်လား။ ပြင်ပကမ္ဘာနဲ့ ဆက်စပ်ပြုတဲ့နေရာမှာ စနစ်မကျလို့ပါပဲ။ တိုင်းပြည်ရဲ့ စီးပွားရေးကို သေသေချာချာမလေ့လာဘဲ ချမ်းသာမှုကို ထိန်းညှိနေသလိုလို၊ ဆင်းရဲမှုကို ထိန်းညှိနေသလိုလိုမျိုးနဲ့လုပ်ပြီး ရှုပ်ထွေးတဲ့ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကို နားမလည်လို့ မြန်မာ့နိုင်ငံရေးဟာ ဘာမှလုပ်စရာမလိုဘဲနဲ့ ပြိုကွဲယိုင်လဲသွားတယ်။ အဲဒီလိုဖြစ်တော့ အချင်းချင်း ဒုက္ခတွေပေးကြတော့တာပဲပေါ့။

ဒီလိုမဖြစ်အောင် နိုင်ငံရေးဘောင်မူဝါဒတွေ အမျိုးမျိုးရှိနေတာကို အရေးမစိုက်ကြဘဲ အင်အားကြီးမားတဲ့ လူမှုရေး နိုင်ငံရေးနောက်ကို လိုက်သလိုလို၊ စီးပွားရေးကြီးမားတဲ့ နိုင်ငံကို စိန်ခေါ် သလိုလိုလုပ်တော့ နောက်ဆုံးတော့ တိုင်းပြည်ဟာ ဝရုန်းသုန်းကား အခြေအနေ ရောက်ခဲ့ရတယ်။ ဘယ်သူ့မှာ တာဝန်ရှိကြသလဲဆိုတာ စဉ်းစားကြပေါ့ ပြည်သူတို့ရယ်။ 

အမှီအခိုကင်းရမယ် 

မျက်မှောက်ဒီအချိန်မှာ အရှင်တို့ရဲ့ အိမ်နီးနားချင်းတိုင်းပြည်ကြီး နှစ်ပြည်ဟာ အရှိန်အဟုန်နဲ့ တိုးတက်အောင် လုပ်နေကြတယ်။ ရေရှည်အောင်မြင်အောင် သူတို့တွေ ကြိုးစားနေကြတယ်။

သူတို့မှာ လုံခြုံရေးလည်း အားကောင်းတယ်။ စီးပွားရေးလည်း အသင့်အတင့် ရှိနေပြီးသားဖြစ်လို့ သူတို့ရဲ့နောက်မှာ ဘယ်ပါဝါကြီးတဲ့ အင်အားကြီးတဲ့နိုင်ငံတွေက မနေ(မရှိ) ပေမယ့် သူတို့မှာ တည်ငြိမ်တဲ့ နိုင်ငံရေး အခြေအနေတွေ ရှိကြပါတယ်။ အထူးသဖြင့် လူအင်အားနဲ့ အလုပ်ကြိုးစားမှုကတော့ ဘယ်သူမှ (ဘယ်နိုင်ငံမှ) မယှဉ်နိုင်ကြပါဘူး။ အနာဂတ်ကာလ(အနာဂတ်ကမ္ဘာ)မှာ သူတို့တွေ ကြီးပွားအောင်မြင် နေကြမှာပါ။ တစ်ချိန်က ကမ္ဘာ့အင်အားကြီးမားခဲ့ဖူးကြတဲ့ တိုင်းပြည်တွေကို ပြန်လေ့လာကြည့်ပါ။ အခြားနိုင်ငံတွေအပေါ်မှာ မှီခိုနေရတဲ့ တိုင်းပြည်ဖြစ်လို့ သူတို့တွေ အင်အားကြီးချင်သလောက် မကြီးပွားနိုင်ကြပါဘူး။

စစ်ဝါဒီနိုင်ငံတွေ ဖြစ်တာရယ်။ ငြိမ်းချမ်းရေးတွေကို မလုပ်ဆောင် ပေးနိုင်တာတွေရယ်၊ နောက်ပြီး တိုင်းပြည်ထဲမှာ လူဦးရေမတန်တဆများပြား နေတာရယ်ပဲ သူတို့တွေမှာ သူတို့ ပြဿနာတွေနဲ့ပဲ ရှုပ်ထွေးနေကြတာကို တွေ့ရတယ်မဟုတ်လား။ ဒါကြောင့် အင်အားကြီးအောင် လုပ်ချင်တဲ့ တိုင်းပြည်တွေဟာ သူတစ်ပါးနိုင်ငံနဲ့ မှီခိုမှ အင်အားကြီးပွားရမယ်ဆိုရင်တော့ စောစောစီးစီးငြိမ်နေလိုက်တာပဲ ကောင်းပါတယ်။ ဒီခေတ်ကြီးမှာ ကမ္ဘာစစ် မဖြစ်နိုင်တော့ဘူးဆိုတာကို သိထားဖို့တော့ လိုနေပြီပေါ့။ စစ်အေးခေတ် (စစ်အေးတိုက်ပွဲ) ဖြစ်နေပြီဆိုတာကိုတော့ မြန်မာတွေလည်း သိထားရတော့မယ် မဟုတ်လား။ 

နည်းပညာရှိရမယ် 

ယနေ့ ကြီးမားလာတဲ့ စီးပွားရေးနဲ့ နည်းပညာရပ်တွေဟာ ပြည်သူကို အလုပ်အကျွေးဖြစ်သလား ဒါမှမဟုတ် စစ်ပွဲတွေကို ထောက်ပံ့အားပေးနေကြပါသလားဆိုတဲ့ ဒီအချက်ကိုလည်း လေ့လာကြည့်ပါ။ ကမ္ဘာ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဟာ စစ်ပွဲ(စစ်)ထောက်ပံ့ရေးဘက်ကို ယိုင်များယိုင်နေကြသလား ဆိုတာကို တွေးမိပါတယ်။ သာမန် စီးပွားရေးလောက အကြောင်းကို လေ့လာကြည့်လိုက်ရင် ယနေ့ကမ္ဘာ့စီးပွားရေးဟာ နိုင်ငံပြိုကွဲမယ့် အရိပ်အယောင်တွေ၊ မကြုံဖူးတဲ့ စီးပွားရေးပြိုလဲမှုတွေ ဖြစ်လာကြမလားဆိုတာကို တွေးကြည့်ပါ။

နိုင်ငံတိုင်းမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးတွေကို အလေးထားဆောင်ရွက် လုပ်ကိုင်ခဲ့ကြတာ မရှိကြဘဲ သုံးစွဲမှု အားလုံးကို အင်အားကြီးတဲ့တိုင်းပြည်တွေကိုပဲ မှီခိုအားထားနေကြတယ်။ ဒီအချက်ဟာ မရှိ (မဖြစ်) သင့်တဲ့ အချက်ပါပဲ။ အရှည်အဝေး(ရှည်ရှည်ဝေးဝေး) မကြည့်ပါနဲ့။ အရှင်တို့ရဲ့ မြန်မာပြည်ကိုပဲ ကြည့်လိုက်ပါ။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးအတွက် လူဦးရေတိုးပွားလာမှုနဲ့ အတူ ကုံကုံလုံလုံ (လုံလုံလောက်လောက်) သုံးစွဲနိုင်ကြပြီလားဆိုတာကို ပြန်လေ့လာပါ။

လူတွေဟာ ကမ္ဘာကြီး ကို မှီခိုကြတယ်။ ကမ္ဘာက ငါတို့ကို ဘာမှလက်ဆောင် မပေးနိုင်ကြဘူးဆိုတာကို သိထားဖို့တော့ လိုနေပြီ။ ဒီကမ္ဘာကို အရှင်တို့ကပဲ နည်းပညာရပ်တွေနဲ့ပဲ တိုးတက်အောင် အားထုတ်ရမယ် မဟုတ်လား။

(ဆက်ရန်)

အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၁) – မဟာပညာ (mahar.asia)

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၁)

အဲးခိုး

အတွဲ(၁၁)၊ အမှတ်(၂၇)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ တော်သလင်းလပြည့်ကျော် ၁၄၊ ၂၃-၉-၂၀၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

စကားချီး 

“လူတန်းစားမဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့ ကြိုးစားကြတဲ့ တော်လှန်ရေးဟာ ဒေါသနဲ့ မကင်းကြပါဘူး။ မကျေနပ်မှုအမျိုးမျိုးနဲ့ ရှိနေကြမှာပါပဲ။ အလုပ်သမား၊ လယ်သမားတွေကို ပစ္စည်းမဲ့လူတန်းစားတစ်ရပ်အနေနဲ့ ဖော်ပြ (ပြသ)ခဲ့ပေမယ့် ပစ္စည်းမက်ကြတဲ့ နိုင်ငံရေးသမားတွေရဲ့ လှည့်ကွက်ကတော့ လူတန်းစားပြဋ္ဌာန်းချက်နဲ့ နိုင်ငံရေးအာဏာ လုနေကြတယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံရေးလို့ ရပ်တည်ပြီး ရှုမြင်ကြတယ်။ ရယ်ချင်စရာပါပဲ။

(တောင်ကလေးဆရာတော်)

နိဒါန်း 

“လေပြင်းမုန်တိုင်းတွေကြားမှာ ကျွန်ုပ်တို့အတွက် လွတ်လပ်ခြင်း ရောင်ခြည်တွေ ထွန်းလင်းခဲ့တယ်”ဆိုတဲ့ နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြတဲ့သူတွေဟာ သည်နေ့ထုတ်ပယ်ပစ်လိုက်ပါပြီ။ 

‘ကမ္ဘာမကျေ မြန်မာပြည် တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ’၂ ဆိုတဲ့ မြန်မာပြည်နိုင်ငံတော်သီချင်းကိုလည်း မဆိုချင်ကြတော့ဘဲ (မဆိုကြတော့ဘဲ) လူမှုနိုင်ငံရေး အတွေးအခေါ်တွေကြားမှာ ဦးဆောင်တဲ့ ပါတီနိုင်ငံရေး အင်အားစုတစ်စုဖြစ်ဖို့ ပြယုဂ်ထားဖို့အားထုတ် ကြိုးစားနေကြတဲ့ မြန်မာ့နိုင်ငံရေးသမားတွေရဲ့ တော်လှန်ရေးဟာ ကမ္ဘာကြီးနောက်ကို ကွေးနေကြပါပြီ။ ထိပ်သီး (ထိပ်တန်း) ရောက်နေကြတဲ့ နိုင်ငံရေးအတွေးသမားတွေလည်း လူထုတော်လှန်ရေးသစ်တွေကို ကြည့်ပြီး တိုင်းပြည်မပြိုကွဲသွားအောင် အားကောင်းမောင်းသန်နေတဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ် အားကိုးမှုတွေလည်း ပြိုကွဲလာပြီဖြစ်တဲ့ မြန်မာပြည်ကြီးဟာ ပြည်သူတွေရဲ့ နှလုံးသားဟာ အာဏာရှင်မဟုတ်တဲ့ ရွံ့ရှာမုန်းတီးမှု ကင်းမဲ့တဲ့ ပြည်သူ့အစိုးရကို ထူထောင်ဖို့ ရွေးချယ်တတ်နေကြပြီလားဆိုတဲ့ နိုင်ငံရေးတော်လှန်ရေး အတွေးရှိကြရတော့မယ်။

(တောင်ကလေးဆရာတော်)

နိုင်ငံရေးလိမ်လည်မှု ဖန်တီးသူများ 

ကမ္ဘာပေါ်မှာ 

၁။ လုပ်ကြံမှုဇာတ်လမ်းနှင့် 
၂။ စီမံမှုဇာတ်လမ်းတွေ တွေ့ရသလိုပဲ။

လိမ်ညာမှုဇာတ်လမ်းတွေ နိုင်ငံတကာ အကူအညီပေးကြတဲ့ အဖွဲ့တွေ မှာ နိုင်ငံရေးလောကထဲမှာ ဝင်ရောက် ကူညီတာမဟုတ်ဘဲ နိုင်ငံရေး ရှုပ်ထွေးအောင် ဝင်ရောက် ခြယ်လှယ်နေကြတာ နှစ်ပေါင်းအတော်ကြာနေပါပြီ။ အကြမ်းဖက်အုပ်စုလည်း သူတို့လက်ချက်နဲ့ မကင်းကြသလို တော်လှန်ရေး အင်အားစုတွေနဲ့လည်း သူတို့တွေရဲ့ လှည့်ကွက်တွေနဲ့ မကင်းကြပါဘူး။ အကြမ်းဖက်တွေကို လက်ခံကူညီပေးတဲ့ သာဓကအထောက်အထားတွေ အများအပြားရှိနေကြပြီဆိုတာကို နောက်ကွယ်ကနေ လုပ်ကြံဖန်တီးပေးတဲ့ လုပ်ကြံမှုသမားတွေရဲ့ လုပ်ရပ်တွေဟာ ကမ္ဘာ့အလယ်မှာ မမြင်ချင်လောက်အောင် များပြားနေပြီဆိုတာကိုတော့ ဘယ်သူမှ ငြင်းဆိုကြမယ်မထင်ပါဘူး။ 

အရေခြုံသမား 

ယနေ့ကမ္ဘာအရပ်ရပ်မှာ (ကမ္ဘာအရပ်ရပ်ကို)ကို ကြည့်လိုက်ရင်ပဲ နိုင်ငံရေးသမားတွေဟာ ကိုယ်ကျိုးစီးပွားတွေ ဦးစားပေးနေကြတယ်။ 

(၁) ဆန္ဒာဂတိ = အလိုဆန္ဒကြောင့် ဖောက်ပြန်ကြတယ်။  
(၂) ဒေါသာဂတိ = ကြမ်းတမ်းခြင်းကြောင့် ဖောက်ပြန်ကြတယ်။ 
(၃) မောဟာဂတိ = အမှားနှင့် အမှန်တရားတွေကို မခွဲခြားနိုင်ဘဲ ဖောက်ပြန်မှုတွေ အကြီးအကျယ် ဖြစ်နေကြတယ်။

ကောင်းကျိုးတရားတွေနဲ့ အမြဲဆန့်ကျင်နေပြီး လုပ်ကိုင်နေကြတယ်။ ပြည်သူတွေရဲ့ အကျိုးကောင်းတွေကို လုပ်ပေးနေသလိုမျိုးနဲ့ ကိုယ်ကျိုးတွေဝိုင်းဖွဲ့ပြီး ရှာကြတယ်။ စုကြတယ်။ မနိုင်မနင်း စည်းစိမ်တွေရကြပေမယ့် ပိုရဖို့ကိုချည်းပဲ အားခဲနေကြတယ်။ အထူးသဖြင့် နိုင်ငံတော်ရဲ့ အာဏာကို ဒီမိုကရေစီအရေခြုံပြီးတော့ ရယူနေကြတယ်။ မြန်မာ့နိုင်ငံရေးလောကကို လေ့လာကြည့်ရင် မြင်နိုင်ပါတယ်။ 

ပေါ်ပြူလာဖြစ်ချင်သူများ 

ယနေ့ မြန်မာပြည်လူထုဟာ စီးပွားရေးတွေ ကျပ်တည်းကြပြီး ကြီး ပွားမှုအမျိုးမျိုး ကျဆင်းနေကြတယ်။ တိုင်းပြည်အတွက် ပြန်လည်ပြီး ကြီးပွား တိုးတက်ကောင်းမွန်လာအောင် လုပ်ပေး နိုင်မယ့်ပုဂ္ဂိုလ်(အစိုးရ)ကို ယုံကြည်မှု ထားပြီး မျှော်လင့်နေကြတယ်။ နိုင်ငံ တော်ကို ဦးဆောင်လာကြတဲ့ အစိုးရ အဆက်ဆက်ရဲ့ အမှားတွေကြောင့် လူမှုရေး၊ စီးပွားရေးတွေ အမျိုးမျိုးထိုး နှက်ချက်တွေခံနေခဲ့ရတယ်။ တိုင်းပြည် မှာ လူမှုရေးပျက်ကပ်တစ်ခုတည်းမက ဘဲ စီးပွားရေးပျက်ကပ်တွေပါ ကြုံတွေ့ နေရတယ်။ အင်အားကြီးမားတဲ့ နိုင်ငံ တွေရဲ့ အပြုအမူတွေနဲ့ နိုင်ငံရေး ပဋိ ပက္ခတွေ အမျိုးမျိုးဖြေရှင်းနေရတယ်။ အချင်းချင်း ပေါင်းစည်းနိုင်ကြပေမယ့် အမျိုးသားသင့်မြတ်ရေးအတွက် မထိန်းသိမ်းနိုင်ကြဘဲ မပတ်သက်သင့်တဲ့ နိုင်ငံရေးနဲ့ ရှုပ်ထွေးနေကြတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးစနစ်အကြောင်းတို့နဲ့ ထင်ပေါ်ချင်ကြတဲ့ (ပေါ်ပြူလာ) နိုင်ငံရေးသမားတွေက သမ္မတဖြစ်ရေး၊ သြဇာအာဏာ (တိက္ကမ) နိုင်ငံရေးနဲ့ မိမိပါတီ အင်အားကြီးမားရေးအတွက်နဲ့ အလုအယက် ကြိုးစားနေကြတယ်။ ပြည်သူကို တစ်မျိုးပြောပြီး နိုင်ငံရေးကို တစ်ဖက်လှည့်ပြနေကြတယ်။ အကျပ်အတည်း ပေါင်းစုံ ဖြေရှင်းမနိုင်ကြတော့တဲ့အခါ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းချင်တဲ့သူတွေကို ပေးအပ်တယ်။ ဒါဟာ နိုင်ငံရေးလားဆိုတာကို ပြည်သူတွေ တွေးကြည့်ကြပေါ့ကွယ်။ ညီညွတ်ရေးပျက်ပြားလျှင် အခုဆိုရင် အရှင်တို့ တိုင်းပြည်ဟာ အချင်းချင်း မညီညွတ်ရုံသာမက ညီညွတ်မျှ ကိန်းတွေပျက်စီးနေကြတယ်။ အချင်းချင်းလည်း မယုံကြည်နိုင်ကြဘဲ သံသယစိတ်တွေနဲ့ ဆက်ဆံနေထိုင်ကြတယ်။ ရှေးအစဉ်အလာအဆက်ဆက်က ပိုင်ဆိုင်လာခဲ့ကြတဲ့ လူမှုရေးယဉ်ကျေးမှုတွေလည်း ရှေးရိုးစွဲကြီးဆိုပြီး အထင်သေး အမြင်တွေသေးကြလို့ လူမှုရေးယဉ်ကျေးမှုတွေ မထားကြဘဲ မြန်မာနဲ့မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့ မှားယွင်းနေကြတယ်။ ပြည်သူ ထိန်းပေးသူမရှိကြဘဲ လွတ်လပ်စွာ (ကျင့်ဝတ်မဲ့စွာ) ကျင့်ကြံကြတယ်။ အစိုးရအဖွဲ့အစည်း ဖြစ်ကြတဲ့သူတွေက ဒီမတရားမှုကို ပြုပြင်ထိန်းသိမ်းမှု၊ စောင့်ရှောက်မှုတွေ မလုပ်ပေးနိုင်ဘဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုပြီး အားပေးအားမြှောက် ပြုကြတယ်။ မိမိယဉ်ကျေးမှုတရားကို တန်ဖိုးမထားတဲ့လူမျိုးဟာ ဒါမှမဟုတ် လူ့ ယဉ်ကျေးမှုကို တန်ဖိုးမထားတဲ့လူဟာ မကောင်းမှုအကျိုးတရားတွေ အမျိုးမျိုး ခံစားကြရမှာပါပဲ။ လူမှုနိုင်ငံရေးစည်းမျဉ်းကို ဖျက်ဆီးတဲ့သူဟာ အမြဲတမ်းတောက်ပြောင်မယ့်သူမဖြစ်နိုင်ပါ။ အထွေထွေ အကျပ်အတည်းနဲ့ ကြုံတွေ့လာကြရတဲ့ အရှင်တို့တွေဟာ ကယ်တင်သူ၊ ကယ်တင်မယ့်ဝါဒ၊ ကယ်တင်မယ့် အယူသီလတွေ ပြောင်းလဲတဲ့ယုံကြည်မှု စိတ်ဓာတ်မရှိကြရရင်တော့ အချိန်မကြာ အရှင်တို့ တိုင်းပြည်ဟာ ကြီးကြီးကျယ်ကျယ် ဆုတ်ယုတ်ပျက်စီးသွားမှာပါပဲ။ 

ဆုံးရှုံးရခြင်း 

မြန်မာ့နိုင်ငံရေးအကြောင်းကို ပြန်ကြည့်ပါ။ တိုင်းပြည်ကို ခြယ်မှုန်းနိုင် မယ့် နိုင်ငံရေးမူဝါဒတွေ၊ ရိုးရှင်းလွယ်ကူတဲ့ နိုင်ငံရေးနည်းပညာတွေ၊ မိမိတို့ရဲ့ ယဉ်ကျေးမှုကို လွှမ်းမိုးကာကွယ်နိုင်မယ့် စည်းကမ်းချက်တွေ၊ အများသူငှာ လက်ခံနိုင်မယ့် ပြုပြင်ပြောင်းလဲမှုတွေ အစိုးရအဆက်ဆက်က ဘာမှမလုပ်နိုင်သွားကြပါဘူး။ လူထုတွေကလည်း ရေရှည်ပြောင်းလဲလာမယ့် နိုင်ငံရေး အခင်းအကျင်းတွေကို မမြင်မရှုတတ်သေးတော့ သူတစ်ပါးတိုင်းပြည်က ဖော်ပြနေကြတဲ့ ဖွံ့ဖြိုးရေးတွေကိုပဲ အားကျမိကြတာအမှန်ပါပဲ။ ရေရှည်ဖြစ်နိုင်စရာများတဲ့ ပြုပြင်ပြောင်းလဲမှုကို စိတ်ကူးထဲမှာ ပြောင်းလဲချင်ကြပေမယ့် ဦးဆောင်ကြသူ နိုင်ငံရေးသမားတွေရဲ့ လက်ခံထားခဲ့ကြတဲ့ အစဉ်အလာနိုင်ငံရေး လမ်းစဉ်အမှားတွေကြောင့် စိတ်တိုင်းကျ နိုင်ငံရေးအင်အားဖြစ်မလာကြဘဲ နက်နက်နဲနဲ ခွဲခြားစိတ်ဖြာချက်နိုင်ငံရေး အတွေးတွေ ဆုံးရှုံးခဲ့ကြရတယ်။ 

အာဆီယံဘယ်လဲ 

ယနေ့ ကမ္ဘာ့ထိပ်တန်းရောက်တဲ့ တိုင်းပြည်တိုင်းကိုကြည့်လိုက်ပါ။ (ကြည့် လိုက်ရင်) စစ်ပွဲကြီးဖြစ်ပွားမယ့်နေရာ မရှိကြတော့ပါဘူး။

စစ်ပွဲတွေမှာ ပျက်စီးဆုံးရှုံးမှု ဘယ်လောက်များပြားနေကြသလဲဆိုတာ ခက်ခက်ခဲခဲ စစ်ဘေးနဲ့ ရင်ဆိုင်နေကြရတဲ့သူတွေကို မေးကြည့်ပါ။ ဒါကြောင့် မြန်မာပြည်မှာ စစ်ပွဲ၊ စစ်တလင်းမပိတ်(မကာ)နိုင်လေသမျှ ကာလပတ်လုံး နိုင်ငံရေးစနစ်ကောင်း တည်ထောင်ဖို့ အခက်အခဲဆုံး ဖြစ်နေကြဦးမှာပါပဲ။ မြန်မာပြည်ထဲမှာ စစ်ပွဲတွေ မပြီးနိုင်လေ နိုင်ငံရေးဝံပုလွေတွေက အကြိုက်တွေ့လေပါပဲ။

စီးပွားရေး အင်အားကြီးလာတဲ့ အိမ်နီးချင်းနိုင်ငံတွေက နိုင်ငံရေးကို စည်းကမ်းတကျ မြန်မာပြည်ကို မဆက်ဆံတတ်တော့ ရှုပ်ထွေးမှုတွေ ပိုများလာတယ်။ ပြိုင်ဆိုင်နိုင်တဲ့ နိုင်ငံရေးဆိုတာ အရှေ့တောင်အာရှနိုင်ငံတွေမှာ မရှိပါဘူး။ ဘုံဝါဒသဘောတူထားကြတဲ့ အာဆီယံ သဘောတူညီချက် (တူညီမှု) တွေဟာလည်း ဒေသအတွက် အင်အားကြီးလာနိုင်မယ့် အသိအမြင်တွေ မတွေ့ရပါဘူး။ ကုန်ကုန် (အကုန်) ပြောရရင် အာဆီယံဒေသထဲမှာ အာဆီယံလူမှုဘဝ ထိန်းသိမ်းမြှင့်တင်နိုင်မယ့် နိုင်ငံရေး အတွေးလှလှရှိကြတဲ့သူတွေ မပေါ်ပေါက်သေးပါဘူး။

(ဆက်ရန်)

အဲးခိုး

Loading

Categories
ကရင်လူမျိုး ဆောင်းပါး

အမေရိကန်ခရီးစဉ်တွင် အောင်မြင်မှုရရှိခဲ့သည်ဟု တောင်ကလေးဆရာတော်ဒေါက်တာအရှင်ပညာသာမိ မိန့်ကြား

အမေရိကန်နိုင်ငံသို့ကြွရောက်ခဲ့သည့် ရက်ရှည်ခရီးစဉ်အတွင်း ရည်မှန်းချက်များအတိုင်း အောင်မြင်မှုများ အပြည့်အစရရှိခဲ့သည်ဟု မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် တောင်ကလေးဆရာတော် ဒေါက်တာအရှင်ပညာသာမိက မိန့်ကြားသည်။

တလခွဲကြာသွားရောက်ခဲ့သည့် အမေရိကန်နိုင်ငံခရီးစဉ်တွင် ရည်မှန်းချက်များ အားလုံးအောင်မြင်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေကြသည့် ကရင် မြန်မာအပါအဝင်တိုင်းရင်းသားအားလုံးက မြန်မာပြည်ကိုပြန်လာပြီးအခြေချချင်ကြောင်း နိုင်ငံရေးတည်ငြိမ်သည့် မြန်မာပြည်၏ အပြောင်းအလဲကို စောင့်မျော်နေကြသည့် အနေအထားများရှိသည်ဟု ဆရာတော် ဒေါက်တာအရှင်ပညာသာမိက မိန့်ကြားသည်။

ဆရာတော်၏ အမေရိကန်ခရီးစဉ်တွင် ဝတ်ကြီးဝတ်ငယ်ပြု ခွင့်ရရှိခဲ့သောကြောင့် လွန်စွာဝမ်းသာပီတိဖြစ်ခဲ့ရသည်ဟု အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေကြသည့် ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ (OKRSO) ၏ ခေါင်းဆောင်ဟောင်းများဖြစ်ကြသည့် စောစန်းအောင် မန်းဉာဏ စောကျော်ဇင် စောရွှေမိုး စောဘခန့်စိုး တို့က ပြောဆိုသည်။

စောရွှေမိုးက “ဆရာတော်ရဲ့ခရီးစဉ်မှာ တတ်နိုင်သည့်ဘက်က ကုသိုလ်ပြုခွင့်ရခဲ့တဲ့အတွက် အထူးဝမ်းသာကြည်နှုးရပါတယ် ” ဟု ကရင်အမျိုးသားမီဒီယာ ကို ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာအသီးသီးသို့ရောက်ရှိနေကြသည် ကရင်အမျိုးသားအများစုက ဆရာတော်၏အမည်နာမ (ဘွဲ့) ထက် ကရင်ပြည်နယ်ငြိမ်းချမ်းရေးဦးဆောင်ဆရာတော်တပါးအပြင် တိုင်းရေးပြည်ရာများနှင့်ပတ်သက်၍ အစိုးရကို ပြောင်ပြောင်တင်းတင်း ဝေဖန်ပြောဆိုသည့် ဆရာတော်တပါးအနေနှင့်သိရှိထားကြသည်ဟု ကနေဒါနိုင်ငံတွင် နေထိုင်သည့် စောတကူး က ပြောဆိုသည်။

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် တောင်ကလေးဆရာတော် ဒေါက်တာအရှင်ပညာသာမိသည် အမေရိကန်ပြည်ထောင်စုခရီးစဉ်ကို စက်တင်ဘာလ ၁ ရက်နေ့ကစတင်ခဲ့ပြီ်း ယခုလ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ကရင်ပြည်နယ်တွင် စစ်မှန်သောငြိမ်းချမ်းရေးရရှိရေးအတွက် တောင်းကလေးဆရာတော်သည် အဓိကအခန်းကဏ္ဍမှဦးဆောင်ခဲ့ပြီး မြန်မာအစိုးရနှင့်ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များကို လွန်ခဲ့သည့် ဆယ်စုနှစ်တခုကျော်ကပင် ဦးဆောင်ဦးရွက်ပြု ခဲ့သည့် အထင်ကရ ကရင်အမျိုးသားဆရာတော်တပါးဖြစ်သည်ဟု (KNU) ပြည်ထဲရေးနှင့်သာသနာရေးဌာနမှူး ပဒိုစောအားတိုးက ပြောဆိုသည်။

ကျေးဇူးတင်လွှာ – အထက်ပါသတင်းကို ရေးသားနိုင်ရန်အတွက် အကူအညီပေးခဲ့ကြသည့် ဓာတ်ပုံပိုင်ရှင်နှင့်ရပ်နီးရပ်ဝေးမှမိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါသည်။

သတင်း – ကရင်အမျိုးသား မီဒီယာ

Source: https://kareanmedia.blogspot.com/2015/10/blog-post_22.html

Loading

Categories
စီးပွားရေး ဆောင်းပါး တောမှီရဟန်း နိုင်ငံရေး ပထဝီနိုင်ငံရေးနှင့်စီးပွားရေး အမျိုးသားရေး

မြန်မာတွေသတိထားစေ …

တောမှီရဟန်း

ကျောင်းသားထု သွေးနဲ့ရေးတဲ့မော်ကွန်း သူရဲကောင်းတို့ တိုင်းပြည်

မြန်မာသံတော်ဆင့်ဂျာနယ် (The Myanmar Herald)၊ အတွဲ(၂)၊ အမှတ်(၁)၊ စာမျက်နှာ ၂၉/၃၀ ပါ ဆောင်းပါးဖြစ်သည်။

၂ဝ၁၃ ခုနှစ်၊ ဒုတိယပိုင်းကာလတစ်ခုခုတွင် တရုတ်နိုင်ငံ အစိုးရပိုင် တရုတ်အမျိုးသား ရေနံကုမ္ပဏီ (C.N.P.C) က မြန်မာနိုင်ငံကို ဖြတ်သန်း၍ ဖောက်လုပ်ထားသည့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိသော ရေနံပိုက်လိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ အရှေ့အလယ်ပိုင်း ဒေသမှ သင်္ဘောဖြင့် သယ်ဆောင်လာသည့် ရေနံစိမ်းများ ပို့ဆောင်တော့မည်ဖြစ်သည်။ ဤပိုက်လိုင်းမှတစ်ဆင့် တစ်နှစ်လျှင် ရေနံတန်ချိန် သန်း ၂ဝ မျှ တင်ပို့နိုင်မည်ဖြစ်သည်။

ရည်ညွှန်း = (အတွဲ ၂၊ အမှတ်(၂၄)၊ အင်္ဂါနေ့။ မဇ္ဈိမ လွတ်လပ်သော သတင်းဂျာနယ်။ စာမျက်နှာ ၂၀ – ဆောင်းပါး) 

ယနေ့ နိုင်ငံတကာ စီးပွားရေးလောကမှာ အလျင်အမြန် ကြိုးစားအားထုတ်နေကြတယ်။ သူ၊ ငါဦးအောင် နှိုက်ကြ၊ လိုက်ကြလို့ လိုဘတွေများပြီး ကိုးရိုးကားရား ဖြစ်သွားကြတဲ့ တိုင်းပြည်တွေ သနားစရာပါပဲ။ လူဦးရေ သန်းပေါင်းတစ်ထောင် ကျော်ရှိကြတဲ့ တရုတ်နဲ့ အိန္ဒိယတို့ဟာ အိန္ဒိယသမုဒ္ဒရာထဲက စီးပွားရေးကစားပွဲတွေ လုပ်နေကြတယ်။

ဒါတွေမက တောင်တရုတ်ပင်လယ်ထဲမှာ ရှိနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို တူးဖော်မှုလုပ်တော့ တရုတ်နိုင်ငံက ဒေါသတကြီး အမျက်တွေထပြနေတယ်။ ဒီအတွက်ကြောင့်လား မသိ။ တရုတ်အစိုးရက တောင်တရုတ်ပင်လယ်ထဲ စီးပွားရေးလုပ်နေတဲ့ အိန္ဒိယကို ပထမက ရာဇသံ၊ ဒေါသနဲ့ပေါ့။ နောက်တော့ မြန်မာပြည်၊ ဖြတ်သန်းမယ့် ပိုက်လိုင်းကိစ္စ ပေါ်လာတဲ့အခါ တရုတ်အစိုးရက လေသံတွေ ပျော့ပျောင်းပြီး ပြောင်းလာတယ်။ ဗီယက်နမ် ကမ်းလွန်ပင်လယ်ပြင်နေရာအချို့မှာ အိန္ဒိယအစိုးရပိုင် ကုမ္ပဏီကြီး ရေနံရှာဖွေမှုအပေါ်ကိုလည်း တရုတ်အစိုးရက အလွန်အမင်း မနှစ်သက်ချင်လှပါဘူး။

ဒါပေမဲ့ တရုတ်နဲ့ အိန္ဒိယနှစ်ခုရဲ့ ကြားမှာနေတဲ့ မြန်မာကတော့ အပူအပင်မရှိဘဲ အေးအေးလေး နဲ့ ပြုံးပြုံးလေးလို နေကြတယ်။ အံ့ဩစရာပါ။

မြန်မာနဲ့ တရုတ် သွယ်တန်းတဲ့ ရေနံပိုက်လိုင်းလမ်းကြောင်းဟာ – 

၁။ မြန်မာပြည်ဘက်က

(က) ကျောက်ဖြူ (ရခိုင်ပြည်နယ်)
(ခ) မကွေး 
(ဂ) ကျောက်ပန်းတောင်း
(ဃ) ကျောက်ဆည်
(င) မန္တလေး
( စ ) ပြင်ဦးလွင်
(ဆ) သီပေါ
(ဇ) နမ္မတူ
(စျ) နမ့်ခမ်း
(ည) ရွှေလီ (မြန်မာ)

၂။ တရုတ်ပြည်ဘက်

(က) ရွှေလီ (တရုတ်)
( ခ ) ကူမင်း (တရုတ်)
(ဂ) နမ့်နင်း (တရုတ်) အထိ ဆုံးမယ်။

အားလုံးစုစုပေါင်း ကီလိုမီတာ ၉၀၀ ရှိတယ်။ ကီလိုမီတာ ၉ဝဝ မျှ ရှည်လျားတဲ့ ရေနံပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းလုပ်တဲ့အချိန်မှာ (၂၀၁၂ ခုနှစ်အတွင်းက)

(၁) လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ
(၂) မြေယာသိမ်းမှုတွေ
(၃) မလောက်မဝ လျော်ကြေးပေးမှုတွေ
(၄) ဆိပ်ကမ်းအနီး ပြည်သူများ မကျေနပ်မှုတွေ

အမျိုးမျိုးရှိနေ၊ ဖြစ်နေပေမယ့် ယနေ့တိုင် နေ့နေ့ညည လုပ်နေဆဲပါပဲ။

ယနေ့ တရုတ်ပြည်စီးပွားရေးဟာ အပြည်ပြည်ဆိုင်ရာ အားလုံးကို လွှမ်းမိုးနိုင်အောင် နည်းပေါင်းစုံနဲ့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ နည်းပညာလုံလောက်မှု မရှိသေးပါဘူး။ စီးပွားရေး အလွန်အမင်း ကြိုးစားနေတာကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အခက်အခဲတော့ ရှိလာနိုင်စရာပါ။ အဲဒီအခက်အခဲက လျှပ်စစ်ပိုင်းဆိုင်ရာ အခက်အခဲပါပဲ။ ဒီအခက်အခဲကို ကြိုတင် တားတဲ့အနေနဲ့ ရေနံတင်သင်္ဘောတွေ ဘင်္ဂလားပင်လယ်အော် လမ်းကြောင်းကို လွှဲပြီး မြန်မာပြည်ကမ်းခြေကနေတစ်ဆင့် တင်ပို့ဖို့အတွက် ဒီရေနံပိုက်လိုင်းကြီးကို အသုံးပြုနေတယ်လို့ ပညာရှင်တွေက ခန့်မှန်းကြတယ်။

အဲဒီခန့်မှန်းချက်ဟာ မလွဲပါဘူး။ မြန်မာပြည်ဟာ တရုတ်နဲ့ အိန္ဒိယ မကင်းနိုင်တာမှန်ပေမယ့် အဲဒီနိုင်ငံတွေရဲ့ ငွေနဲ့ မြန်မာတွေ ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်း များများစားစား ရင်းနှီးမှုမလုပ်ရခဲ့ပါဘူး။ ယခု အစိုးရသစ်လက်ထက်မှာတော့ ပူးကပ်လုပ်နေတာ အချို့ တွေ့နေရပါတယ်။ နိုင်ငံရေးအရပဲ ဖြစ်ဖြစ်၊ စီးပွားရေးအရပဲဖြစ်ဖြစ် အကျိုးတူလုပ်ငန်းတွေလုပ်ဖို့ စဉ်းစားနေကြတာတွေ ရှိနေတာတော့ အမှန်ပါပဲ။

တရုတ်နဲ့ အိန္ဒိယစီးပွားရေးအစီအစဉ်တွေကို လေ့လာကြည့်ရင် အားရစရာဘာတစ်ခုမှ မရှိပါဘူး။ အထောက်အပံ့ ကူညီပေးကြမယ်ဆိုပေမယ့် မလောက်မင ဆိုစလောက်လေးသာ။ ဒါဆိုရင် မြန်မာတွေ ဘယ်တိုင်းပြည်က အကူအညီနဲ့ လက်တွဲလုပ်ဖော်ရကြမလဲ။ စက်မှု ပိုင်ဆိုင်ထားပြီးသား လူတွေနဲ့ပေါင်းလို့ နည်းပညာ ငါတို့ရကြမလား။ အလကားဆို၍ မရှိပါ။ ဥရောပနိုင်ငံတွေနဲ့ပေါင်းပြီး မြန်မာတွေ အလုပ်လုပ်ကြမလား။ အမျိုးမျိုးစဉ်းစားကြည့်ပါ။ ထိုးကွက်၊ လှည့်ကွက်များတဲ့ ခုခေတ် စီးပွားရေးခေတ်ဟာ နောက်ပြန်မဆုတ်တဲ့ စီးပွားရေးလောက ထဲကို ရောက်ဖို့ မြန်မာတွေ ကြိုးစားရဦးမယ်။

တရုတ်ရဲ့ စီးပွားရေးကို အားကိုးရနိုးနိုးနဲ့ မြန်မာတွေ ခါးကျိုးနေကြတာများလှပါပြီ။ အရှေ့မျှော်ဝါဒီသမားနဲ့လည်း ဒီအတိုင်းပါပဲ။ ဒါဆိုရင် တို့မြန်မာတွေ ဘာလုပ်ဖို့ စဉ်စားနေကြသလဲ။ ယနေ့ မြန်မာပြည်သားတွေအားလုံးဟာ မိမိအမြင်ကို ရဲရဲတွေး၊ ရဲရဲလုပ်၊ ရဲရဲစွန့်စားကြရဲ့လား။ လက်ရှိအစိုးရအဖွဲ့ အစည်းကိုလည်း စုပေါင်းဝိုင်းဝန်းဖြည့်ဆည်းပေးကြရဲ့လား။ အားပေးကြရဲ့လား။ ပြည်သူပြည်သား ပါမလာရင် ဒီတိုင်းပြည်ဟာ သာယာလာမယ်လို့ရော ထင်သလား။ အစိုးရချည်း သက်သက် အားကိုးလို့ ရမလား။ ပြည်သူတွေကူညီမှ အစိုးရလည်း သက်သာမှာ ဖြစ်မယ်ဆိုတာ သိစေချင်ပါတယ်။ 

အရှင်တို့တိုင်းပြည်ဟာ သူတစ်ပါးလုပ်ကျွေးတဲ့ တိုင်းပြည်မဖြစ်အောင် ကြိုးစားအားထုတ် ဆောင်ရွက်ကြရမယ်။ နေရာတကာမှာ ပြည်သူတွေ လုပ်ကြရမှာပါ။ အခြားတိုင်းပြည်က လူတွေ ငါတို့တိုင်းပြည်ကို ကြီးပွားတိုးတက်အောင် လုပ်မပေးကြပါဘူး။ စီးပွားရေး လာရောက်တူးဖြို၊ သယ်ဆောင်သွားမယ့် သူတွေပါ။ 

အခုဆိုရင် စီးပွားဖြစ်လုပ်ငန်းတွေ နိုင်ငံတကာက လာရောက်လေ့လာနေကြပါပြီ။ လေ့လာရေး အစီအစဉ်နဲ့ သူတို့ အချိန်ယူနေကြပါပြီ။ သူတို့ လေ့လာနေတဲ့အချိန်မှာ အရှင်တို့ မြန်မာပြည်သားတွေဟာ အရင်းအနှီး များများစားစား ရှိဖို့လိုတယ်။

ဒီတိုင်းပြည်ထဲကို ဝင်ရောက်လုပ်ကိုင်လိုတဲ့သူတွေ အများကြီးပါ။ စီးပွားရေးဆိုတာ မလုပ်မီ (မလုပ်ခင်) အရင်ဦးဆုံး လေ့လာရပါတယ်။ လေ့လာမှုပြုလုပ်ပြီးမှ လုပ်ငန်းကို လုပ်ရပါတယ်။ မလေ့လာဘဲလုပ်ရင် ဘာမှ အဆင်မပြေနိုင်ပါ။

မကြာမီ ၂၀၁၅ ခုနှစ်ရောက်တော့မယ်။ အာဆီယံ အလှည့်ကျလုပ်ငန်းလည်း တာဝန်ယူကြရတော့မယ်။ မြန်မာပြည်ဟာ စီးပွားရေး အခွန်ကြေး၊ အကောက်ကြေးတွေ ပုံစံ ပြောင်းလဲတော့မယ်။ အဲဒီအခါကျရင် မြန်မာပြည်တွင်းထဲမှာ အမျိုးမျိုးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံကြမယ်။ အဲဒီအချိန်ကျရင် မြန်မာတွေ လုပ်ငန်းရှင်ဖြစ်ဖို့ လိုတယ်။ အလုပ်သမားမဖြစ်ဖို့ လိုတယ်။ ဒီသတိပေးတဲ့စကားဟာ နောက်မကြာ မြန်မာတွေ ခံစားကြရတော့မယ်။ အရှင်တို့ အနီးအနားမှာရှိတဲ့ တိုင်းပြည်အချို့ဟာ အဲဒီခံစားရမှုတွေ သူတို့တွေ လက်တွေ့ ခံစားနေကြရပါပြီ။ အစက ကိုယ်တော်သလိုလိုနဲ့ နောက်ဆုံး ကူလီဖြစ်သွားတဲ့သူတွေ အများကြီး တွေ့ ရတယ်။

မြန်မာတွေ အဲဒီလိုမဖြစ်ရအောင် ပိုင်ဆိုင်မှုတွေ ထိန်းသိမ်းပါ။ မြေယာတွေ အရမ်းကာရော မရောင်းပစ်သွားပါနဲ့။ ငွေရှင်၊ ကြေးရှင်လက်ထဲမှာ မြေယာတွေရောက်သွားရင် တစ်ပြည်လုံး ကျွန်ပြုခြင်းခံရမယ်။ အထူးသဖြင့် မြန်မာတွေ မြေယာကို ငွေကြေးများပြားတဲ့လူတွေလက်ထဲ မရောက်ဖို့ ခြိုးခြံပြီး နေစားကြပါ။ အရှင်တို့ တိုင်းပြည်ဟာ လူ့အရင်းအမြစ် ပြည့်စုံပြီးသားပါ။ စက်မှုပစ္စည်းဆိုင်ရာ အရင်းအမြစ်သာ အားနည်းနေတာပါ။ နည်းပညာတတ်မြောက်လာရင် အဆင်ပြေသွားမှာပါ။ အလွန်တိုးတက်တဲ့ တိုင်းပြည်တွေကို အားမကျပါနဲ့။ အကျနာတတ်တယ်။ ဖြည်းဖြည်းလုပ်ကြပါ။ ယခု လက်ရှိအစိုးရတွေကိုလည်း မပစ်ပယ်ကြပါနဲ့။ 

ပြည်သူတွေ ဖြစ်ချင်တာတွေကို အစိုးရအဖွဲ့အစည်းတွေကလည်း လိုက်ပြီးလုပ်ပေးပါ။ အားပေးပါ။ စောင့်ရှောက်ပေးပါ။ ပြည်သူတွေကလည်း အစိုးရအပေါ်ချည်း သက်သက်အမြင် မစောင်းကြပါနဲ့။ ပြည်သူလိမ္မာမှ အစိုးရသက်သာမယ်။ ပြည်သူတော်မှ အစိုးရတော်မယ်။ အစိုးရ အဖွဲ့အစည်းဆိုတာ ပြည်သူ့ကို အထောက်အပံ့ပြုပေးတဲ့ အဖွဲ့အစည်းပါ။ ပြည်သူသာ အခရာပါပဲ။ 

အကယ်၍ ပြည်သူက မသိ၊ မလိမ္မာရင် အစိုးရက ပြည်သူ့အတွက် ကာကွယ်ထိန်းသိမ်းပေးရမယ်။ အစိုးရအလုပ်ကို ပြည်သူတွေက လိုက်ပြီး လုပ်ဖို့မလို။ ပြည်သူအလုပ်ကို အစိုးရက လိုက်ပြီး လုပ်ပေးရမယ်။ ခေတ်အဆက်ဆက်က အစိုးရဟာ လုပ်ချင်တဲ့အလုပ်ကို လူထုတွေကို ခိုင်းတယ်၊ စေတယ်၊ လုပ်ခိုင်းတယ်။ မအောင်မြင်ရင် လူထုကို ညှဉ်းဆဲတယ်။ ခုခေတ် အစိုးရလုပ်တဲ့သူတွေ ပြည်သူတွေကို အထောက်အပံ့ ပေးဖို့ မမေ့သင့်ပါ။ လူထုတွေကလည်း ဘာလုပ်လုပ် တရားဥပဒေနဲ့ အလုပ်လုပ်ရမယ်။ ကိုယ်၊ စိတ်ဆင်းရဲခြင်း မရောက်အောင်လုပ်ရမယ်။

အရှင်တို့ ပြည်သူတွေဟာ မသင့်၊ မတော်၊ မလျော် တဲ့နေရာတွေမှာ မနေထိုင်ကြဖို့ လိုတယ်။ မြင်မကောင်း၊ ရှု၊ မကောင်းတဲ့နေရာတွေမှာနေရင် ကျန်းမာရေး၊ စိတ်ဓာတ်၊ စရိုက်တွေ ပျက်ပြားလာတတ်တယ်။ အစိုးရဖြစ်တဲ့ အဖွဲ့အစည်းက ပြည်သူတွေနေထိုင်ကြရတဲ့ အခြေအနေတွေကို ကြည့်ပြီး စောင့်ရှောက်၊ ထိန်းသိမ်း၊ ကယ်တင်ပေးဖို့ လုပ်ရမယ်။ လွယ်လွယ်ယူ၊ လွယ်လွယ်ရ၊ လွယ်လွယ်လုပ်တဲ့ အလုပ်တွေကို မလုပ်ကြဘဲ စည်းကမ်းနဲ့လုပ်တဲ့ အလုပ်တွေကို ပြည်သူတွေ လုပ်ဖို့လိုအပ်တယ်။

အရှင်တို့ဟာ ဥပဒေကို အလွန်ရိုသေရမယ်။ လိုက်နာရမယ်။ မိမိတစ်မျိုးသားလုံး အဆင့်အတန်း မြင့်မားလာဖို့ ပညာရေးကို လေးစားမြတ်နိုး တန်ဖိုးထားရမယ်။ လူနဲ့တန်တဲ့နေရာ၊ အစားအစာ၊ အဝတ်အစားတွေကို ပြင်ဆင်၊ နေထိုင်၊ သုံးဆောင်ရမယ်။ သတိတရား အားကောင်းအောင် မမေ့မလျော့ဘဲ နေရမယ်။ ထင်တိုင်းမကြဲရ။ အများ အထင်သေးစရာတွေ မလုပ်ရ။ တကယ်တော့ ပြည်သူဟာ အခရာပါပဲ။ ပြည်သူဆိုးရင် အစိုးရလည်း တတ်နိုင်မှာ မဟုတ်သလို၊ ပြည်သူမိုက်ရင် အစိုးရလည်း မတတ်နိုင်ပါဘူး။

မြန်မာပြည်ဟာ ချမ်းသာကြွယ်ဝတဲ့သူတွေ အများကြီးပါ။ ရိုးရိုးသားသား ကြိုးစားလို့ အောင်မြင်ကြီးပွားတဲ့သူတွေ နည်းပါးပါတယ်။ အလွန်ချမ်းသာတဲ့သူတွေဟာ ဒုစရိုက်တရားနဲ့ ကင်းတဲ့သူတွေ နည်းပါးပါတယ်။ အစိုးရအဖွဲ့အစည်း၊ အခြားသော အစိုးရဦးစားပေးတဲ့ အဖွဲ့အစည်းတွေနဲ့ ပေါင်းစား၊ လုပ်စားကြလို့သာ ချမ်းသာနေကြတာပါ။ အစိုးရအဖွဲ့အစည်းထဲကို ရောက်တဲ့သူတွေလည်း ရတဲ့လစာနဲ့ မိဘဘိုးဘွားပိုင်ဆိုင်တဲ့ အမွေနဲ့ပေါင်းရင် ငွေကြေးမများပါဘူး။

ဒါပေမဲ့ ရာထူး၊ အာဏာ၊ အရှိန်နဲ့ လုပ်လို့ ပိုင်ဆိုင်မှုတွေကို ကြည့်လိုက်ရင် ပြည်သူတွေကို အားနာဖို့ကောင်းတယ်။ မတော်မတရားနဲ့ ရတဲ့စည်းစိမ်ဟာ မိသားစုကို လုပ်ကျွေးရင်၊ လုပ်ကျွေးသူ၊ စားသုံးသူတွေ အပြစ်မရနိုင်ဘူးလို့ မထင်နဲ့။ သံသရာဝဋ်ကြွေးဟာ လုပ်တဲ့ သူပဲ ခံရမှာပါ။

ယနေ့ မြန်မာတွေဟာ မိသားစုအလိုက် ရုန်းကန်နေကြရပြီး ပညာမတတ်မြောက်ကြလို့ အလုပ်ကို အမျိုးမျိုး လုပ်ကြရတယ်။ “လူမှန်ရင်အလုပ်လုပ်ကြရမယ်” ဆိုပေမယ့် လူနဲ့ တူတန်တဲ့အလုပ်ကိုပဲ လုပ်သင့်တယ်။ တစ်ခါတလေ လူတွေဟာ မလိုအပ်ဘဲနဲ့ ပိုလုပ်တာတွေ လုပ်ကြရတော့ ဒဏ်တွေ ပိလာတယ်။ အဲဒီဒဏ်တွေကြောင့် တဖြည်းဖြည်း ကြောက်လာတယ်။ အလုပ်လုပ်ရမယ်ဆိုရင် ပိုကြောက်လာကြတယ်။

ဒဏ်ကြောက်တဲ့ သတ္တဝါဖြစ်သွားရင် အလုပ်ကိုလုပ်ဖို့ (လုပ်ပါလို့) တောင် မလုပ်ရဲဘဲ ဖြစ်ကြတယ်။ ဒီနေ့ မြန်မာပြည်မှာလည်း နိုင်ငံရေးအလုပ် လုပ်ကိုလုပ်ကြပါ (လုပ်ကြဖို့) လို့ တိုက်တွန်းနေရင်တောင်မှ လုပ်လိုတဲ့သူတွေ ရှားပါးသွားမယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံရေးအလုပ်ဒဏ် ထိထားလို့ပါပဲ။ 

နိုင်ငံရေးကိုလုပ်လို့ နိုင်ငံရေးအလုပ်ဒဏ် ထိသွားတာတော့ ရှားပါးပါတယ်။ နိုင်ငံရေးအလုပ်ထဲက မဟုတ်ဘဲ နိုင်ငံရေးနဲ့ နွှယ်တဲ့၊ အပြစ်ဒဏ်မကင်းတဲ့ အလုပ်နဲ့တွဲမိ လုပ်ကိုင်မိတာကြောင့် နိုင်ငံရေးအလုပ်ဒဏ် ရသွားကြတယ်။ ဒီအဖြစ်မျိုးဟာ ကမ္ဘာပေါ်မှာ ရေတွက်လို့ မကုန်ပါဘူး။ မြန်မာပြည်မှာလည်း နည်းနည်းနောနောလား။ အများကြီးပါပဲ။ ခုချိန်ခါမှာ မြန်မာပြည်နိုင်ငံရေး တံခါးတော့ ပွင့်လာပြီလို့ ဆိုကြပေမယ့် တကယ့်နိုင်ငံရေးအချုပ် တံခါးကတော့ မပွင့်လာသေးပါဘူး။ ရှင်းရှင်းလင်းလင်း ပွင့်လာမှာလည်း မဟုတ်ပါဘူး။

လူထုတွေကတော့ နိုင်ငံရေးတံခါး ပွင့်ပြီလို့ မထင်ကြပါဘူး။ ဘာကြောင့်လဲဆိုရင် နိုင်ငံရေးကို အကြောင်းပြပြီး ပါတီပေါင်းစည်းရေး၊ လူထုကို လိုက်လံဖားရေးနဲ့ပဲ လုပ်နေကြတာပါ။

တကယ်လူထုနားလည်တဲ့ နိုင်ငံရေးကို မြန်မာ့နိုင်ငံရေးမှာ လူထုတွေ တွေ့ချင်နေပြီဆိုကြပေမယ့် နိုင်ငံရေးကိုလုပ်တဲ့ နိုင်ငံရေးဆရာတွေဟာ အိုမင်းရင့်ရော်နေကြပြီး အဆုံးအမ သြဝါဒလေးတောင်မှ မပေးနိုင်တော့တဲ့အဖြစ်ကို ရောက်သွားကြပါပြီ။ ယိုင်လဲနေတဲ့ မြန်မာ့နိုင်ငံရေးကို ကလေးတွေကို လက်ဆင့်ကမ်းဖို့ နိုင်ငံရေးကျောင်းကလေး တစ်ကျောင်းတောင်မှ မဖွင့်လှစ်ပေးနိုင်ကြတဲ့ အစိုးရတွေက သတိလေးထားမိကြမယ် မထင်ပါဘူး။

အိမ်နီးနားချင်း တိုင်းပြည်တွေက ကျောင်းဆိုရင် အမျိုးမျိုးပါပဲ။ ဝါသနာရှိသလို (ကြိုက်သလို) ဘယ်ပညာကြိုက်ကြိုက် သင်ယူလေ့လာ နိုင်ကြပါပြီ။ အဲဒီလို သူတို့တွေ ပညာအမျိုးမျိုး သင်ယူနိုင်ကြတာကို ကြည့်လိုက်ရင် အရှင်တို့မြန်မာပြည်မှာ “ပုရွက်ဆိတ်ညို ကိုက်လို့ လမ်းမှာ ထိုင်ငိုရတဲ့အဖြစ်တွေ မဖြစ်ချင်ကြတော့ပါဘူး။ မြန်မာပြည်ထောင်စု တိုင်းပြည်မှာ ပညာတတ်၊ ထူးချွန်ထက်မြတ်တဲ့ ပုဂ္ဂိုလ်တွေ အထင်အရှား ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ကမ္ဘာ့အပြည်ပြည်ဆိုင်ရာကသူတွေ လေးမြတ်ကြည်ညိုခံရတဲ့ ပုဂ္ဂိုလ်တွေရှိခဲ့တဲ့ ဒီတိုင်းပြည်ကို မြန်မာတွေ ပိုမိုနားလည်ထားသင့်ပါတယ်။

ခေတ်စနစ်အဆက်ဆက်က နိုင်ငံရေးအမည်းစက်တွေကြောင့် ရှည်လျားခဲ့တဲ့ အာဏာရှင်စနစ်ကြီးက ဒီတိုင်းပြည်ကြီးကို နည်းပေါင်းစုံ အုပ်ချုပ်လာခဲ့ပေမယ့် မကြောက်တတ် မရွံ့တတ်တဲ့ မြန်မာပြည်သူတွေရဲ့ သတ္တိလုံ့လအားဟာ ထူးခြားလှပါတယ်။ ဒီထူးခြားမှုကို မြန်မာက ပို၍နားလည်ကြပါတယ်။

မှန်ပါပြီ။ အရှင်တို့ဟာ ရှေ့ဆက်ပြီး နိုင်ငံအကျိုးကို ဘယ်လိုသယ်ပိုးအားထုတ်ကြိုးစားကြမလဲ။ နေခါးခါးကြားက ကြိုးစားရုန်းထွက်လာကြလို့ အေးမြတဲ့ ဘဝရောင်ခြည်အအေးက သတ္တိဓာတ်တွေ ရလာကြတဲ့ အရှင်တို့ မြန်မာတွေ အားလုံး ဟာ အစေးဓာတ်အားကောင်းတဲ့ နိုင်ငံနှစ်ခုရဲ့ကြားက (မှာ) စုပေါင်းပြီးတော့ လွတ်လွတ်လပ်လပ် ရုန်းထွက်ကြရမယ်။ လွတ်လပ်တဲ့ မြန်မာပြည်၊ ထူးမြတ်တဲ့ မိဘဘိုးဘွားတွေရဲ့ တည်ထောင်ဖန်ဆင်းပေးထားကြတဲ့ အရှင်တို့ တိုင်းပြည်ကြီးကို အမှားလမ်း ဖယ်ရှားပေးထားတဲ့ မိမိကိုယ်ပိုင်ဉာဏ်နဲ့ မြန်မာ့ နိုင်ငံရေးလမ်းစဉ်ကို ခင်းထားပေးကြရမယ်။ နိုင်ငံရေး မရင့်ကျက်လို့ မကောင်းသတင်း ထွက်ထားကြပေမယ့် အနာဂတ် မြန်မာ့နိုင်ငံရေး အတွေးအခေါ်ရှင်တွေ ဖြစ်ပေါ်အောင် ကြိုးစားအားထုတ်ကြရမယ်။ အရှင်တို့ တိုင်းပြည်မှာ အမျိုးကောင်းသား များစွာပေါ်ထွက်ဖို့လိုတယ်။ အမျိုးကောင်းသားများများ ဖြစ်ထွန်းပေါ်ပေါက်ရင် 

(၁) လူအားလုံးတို့၏ အကျိုးစီးပွား
(၂) မိဘတို့၏ အကျိုးစီးပွား
(၃) သား၊ မယားတို့၏ အကျိုးစီးပွား
(၄) အလုပ်သမားတို့၏ အကျိုးစီးပွား
(၅) မိတ်ဆွေတို့၏ အကျိုးစီးပွား

စတဲ့ အကျိုးစီးပွားချမ်းသာခြင်းအတွက် ဖြစ်တယ်ဆိုတဲ့ အဆုံးအမစကားတွေ လမ်းညွှန်ချက်ရှိခဲ့တယ်။ 

ဒီ အဆိုစကားဟာ အရှင်တို့ မေ့ပစ်လို့ မရပါ။

အရှင်တို့ရဲ့ ဘဝဖြစ်စဉ် (တိုင်းပြည်ဖြစ်စဉ်) ဟာ အလွန်ကြမ်းတမ်းလှပါတယ်။ ကြမ်းတမ်းခက်မာတဲ့ လူမှုဘဝဖြစ်စဉ်ကို တွေးမိလိုက်ရင် အခြေခံဒီလိုဖြစ်လာခဲ့ရတဲ့ တရားခံက အရင်းစစ်ရင် အရှင်တို့ရဲ့ အားနည်းချက်ကြောင့်ပါပဲ။ ဒီအားနည်းချက်ကို အကြောင်းပြပြီး တိုင်းပြည်ထဲမှာ ထွက်တဲ့ သယံဇာတတွေ၊ အဖိုးတန်ပစ္စည်းတွေ အမျိုးမျိုးကို ပတ်ကွက်၊ လှည့်ကွက် အမျိုးမျိုးနဲ့ ရောင်းသွားကြရတဲ့ ပစ္စည်းတွေ နှစ်ပေါင်းနှစ်ရာ ကျော်တိုင်ခဲ့ပါပြီ။

မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ ကောင်းကင်ပါမကျန် နှိုက်စား၊ လှိုက်စား၊ ဝှိုက်စား၊ ဖက်စားခြင်း ခံရတဲ့ မြန်မာ့သယံဇာတ ပစ္စည်းတွေဟာ အရင်းစစ်ရင် (ဒုတိယအရင်းစစ်ရင်) အရှင်တို့တွေ ဆင်းရဲနေလို့ပါပဲ။ 

ဒီတစ်ခါတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ရေနံဓာတုပစ္စည်းတွေ ကုန်လောက်ပြီလို့ ထင်ပါရဲ့။ မြန်မာပြည်မြေပုံကို ကြည့်ရင် ဖြတ်ကျော်တဲ့ ပိုက်လိုင်းဟာ (မြန်မာ့မြေပုံဟာ) အပိုင်းနှစ်ပိုင်း ဖြစ်သွားသလိုပါပဲ။ မြန်မာတွေ သတိထားစေ။

တောမှီရဟန်း

Loading

Exit mobile version
ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်