Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၂)

တရားရေးဆိုတာ ဘာသာရေးတစ်ခုကို ဆိုလိုတာ မဟုတ်သလို နိုင်ငံရေး ဆိုတာလည်း ဘာသာရေးတစ်ခုကို ဆိုလိုတာ မဟုတ်ကြောင်း နားလည်ထားသင့်တယ်။

လူ့ဘဝတန်ဖိုး

လူ့ဘဝမှာ လူရဲ့အခြေခံတရားက လူတိုင်းလိုလို ချမ်းသာပျော်ရွှင်မှုကို လိုလား ကြတယ်။ လူတိုင်း မိမိရဲ့ဘဝကို ရှင်သန်နိုင်ဖို့ ကြိုးစားနေကြတယ်။ ချမ်းသာပျော်ရွှင်အောင်၊ ဘဝရှင်သန်အောင် ကြိုးပမ်းရေးအတွက်ဟာ သူတစ်ပါး ပျော်ရွှင်မှု၊ ရှင်သန်မှု မထိခိုက်အောင် သတိကြီးစွာနဲ့ ထားရမယ်။ မိမိပျော်ရွှင်မှု၊ ချမ်းသာမှု၊ ရှင်သန်မှုက အများအတွက် ကိုယ် စိတ် ဆင်းရဲမှုမဖြစ်အောင် သတိကြီးစွာ ထားရမယ်။ တိုတောင်းတဲ့ အချိန်ကာလအတွက်၊ ရေရှည်အတွက် ဖြစ်ထွန်းမယ့် အကျိုးကျေးဇူးကို အချင်းချင်း ခြားနားမှု မရှိအောင် အထူး သိရမယ်။ ဘယ်အရာမဆို ရေရှည်အတွက် အကျိုးဖြစ်ထွန်းမှု အားကောင်းဖို့ဟာ အရေး ကြီးပါတယ်။

အရှင်တို့တစ်တွေဟာ လူသားတွေပါ။ စက်ရုပ်မဟုတ်ပါ။ အရှင်တို့ရဲ့ အတွင်း စွမ်းအင်နဲ့ အရည်အချင်းတွေကို လေးနက်စွာ စဉ်းစားပြီးမှ နက်ရှိုင်းလေးနက်တဲ့ လူ့ဘဝ တန်ဖိုးကို နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ အရှင်တို့ရဲ့ အတွင်းအားဟာ ဘာသာ တရားနဲ့ ဆက်စပ်ထားတဲ့အား မဟုတ်ပါ။ လူသားတို့ရဲ့ မွန်မြတ်ကောင်းမွန်တဲ့ အရည်အချင်း အားပါ။

အရည်အချင်း ဆိုတာ – 
(၁) ချစ်ခင်မှ 
(၂) ရိုးသားမှ
(၃) စည်းကမ်းလိုက်နာမှ
(၄) မွန်မြတ်သော အသိစိတ်ဓာတ်ရှိမှုတို့ကို ဆိုလိုပါတယ်။

ဘာသာရေးဟာ အရှင်တို့ကို အစဉ်အလာအရ လူကောင်း၊ လူတော်များဖြစ်ကြဖို့၊ စိတ်ဓာတ်ကောင်းတွေ မွေးမြူကြဖို့ သွန်သင်ပေးတာချည်းပါပဲ။ ဒါကြောင့် အရှင်တို့ မွေးရာပါ ကောင်းတဲ့အရည်အသွေးတွေ ပိုမိုခိုင်မြဲအောင်၊ အားရှိအောင် ဘာသာတရားတွေက သွန်သင် ပေးနေတာပေါ့။

လျှောက်လှမ်း

ခေတ်အချိန်အခါအရ တရားဥပဒေဆိုတာ ဘယ်နေရာ၊ ဒေသမှာမဆို စိုးမိုးမှ ကင်းမဲ့နေတဲ့အချိန်မှာ ထားကြရစမြဲပါ။ တာဝန်အရ မတရားတဲ့ အမိန့်အာဏာတွေ မသုံးမိဖို့ လည်းလိုပါတယ်။ ဆန့်ကျင်လှုပ်ရှားမှု ပြုနေတဲ့သူတွေကိုလည်း အချိန်ပေးပြီး စောင့်ဆိုင်းဖို့ လိုတယ်။ အဲဒီလို စိတ်ရှည်ရှည်နဲ့ အချိန်ပေးပြီး လူတွေရဲ့လှုပ်ရှားမှုတွေကိုပေးရင် ကြမ်းတမ်းမှ တွေ အားလျော့စေပါတယ်။

မှန်ကန်မှုကို အခြေခံတဲ့မူဝါဒဟာ အကြမ်းမဖက်မှုကို လျှောက်လမ်းအဖြစ် ထားကြ တယ်။ ဘယ်နိုင်ငံရေးမူဝါဒ မဆို –
(၁) အမှန်တရား (Truth)
(၂) မညှဉ်းဆဲမှု (Ahimsa) တရားပါမှသာ ဖီဆန်မှု ကင်းတယ်။ ကောင်းမွန်မှ မြင့်မယ်။ နားလည်မှု ရှိမယ်။ ဘယ်လုပ်ရပ်မဆို အချင်းချင်း(လူမျိုး)အကြားမှာ အကြမ်းဖက်မှု များ ပေါက်ကွဲစေအောင် မီးစာမဖြစ်သင့်ပါ။ ဘယ်လုပ်ရပ်မှာမဆို တရားဥပဒေစိုးမိုးရေး အတွက် အထောက်အပံ့ဖြစ်နိုင်တဲ့လုပ်ရပ်မျိုး ဖြစ်နေဖို့ လိုမယ်။ ဘယ်နိုင်ငံရေးသမားမဆို အကြမ်းမဖက်မှု မူဝါဒကို လက်ခံထားသူ မှန်ရင် ငြိမ်ဝပ်ပိပြားမှုနဲ့ တရားဥပဒေစိုးမိုးမှ ကင်းမဲ့အောင် ရှောင်ရှားရမယ်။ စိတ်နေစိတ်ထားအရ ပြောရရင် မိမိရဲ့ရှေ့မှောက်မှာ ဖြစ်ပျက်တဲ့အခြေ အနေတစ်ခုကို ပိုမဆိုးသွားအောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောင်းလာ နိုင်အောင် လုပ်နိုင်တဲ့သူ ဖြစ်အောင် ကြိုးစားအားထုတ်ရမယ်။

လူထုဟာ အကြမ်းမဖက်တဲ့မူဝါဒကို လက်ခံရမယ်။ စွဲလမ်းရမယ်။ မြဲမြံစွာ လက်ခံကျင့်သုံးရမယ်။ ဒီမူကို စွဲမြဲစွာ လက်ခံကျင့်သုံးနိုင်ကြပြီဆိုရင် မတရားတဲ့အမိန့်တွေ ရုပ်သိမ်းပျောက်ကွယ်သွားမှာ သေချာတယ်။ ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်သို့ ပြောင်းလဲ သွားမှာ သေချာတယ်။

ဒီနေရာမှာ – 
(၁) အပြင်အန္တရာယ်နဲ့
(၂) အတွင်းအန္တရာယ် နှစ်မျိုးထဲက အတွင်းအန္တရာယ် မဖြစ်ဖို့ သိထားရမယ်။ အတွင်းအန္တရာယ် ဖြစ်ပေါ်ခဲ့ရင် အမှန်တရားနဲ့ အကြမ်းမဖက်မှုတရားနှစ်ပါး ပျက်စီးဆုံးရှုံး မှာ သေချာတယ်။ 

ရန်သူအစစ်

အရှင်တို့ဟာ ဒေါသနဲ့ မုန်းတီးမှုကို ရန်သူအစစ် ဖြစ်ကြောင်း မြင်တတ်ရမယ်။ အရှင်တို့ရဲ့ရန်သူဟာ အသိထဲမှာရှိပါတယ်။ အထဲမှာရှိနေတဲ့ရန်သူကို နိုင်ရမယ်။ ဒေါသနဲ့ မုန်းတီးမှုစိတ်ဟာ အရှင်တို့ရဲ့ ရန်သူအစစ်ပါ။ အခြားအရာတွေဟာ ယာယီရန်သူတွေပါ။ ယာယီရန်သူဖြစ်တဲ့ မလိုမုန်းထားစိတ်တွေ လျော့ပါးသွားအောင် လေ့ကျင့်ရပါတယ်။ စိတ်ကို ထိန်းသိမ်းကျင့်ယူမှ စိတ်ရဲ့ အေးချမ်းမှု ရနိုင်မယ်။ ဒေါသဆိုတာ မိမိရဲ့အကျိုးကို ရှေ့တန်း ထားလို့ ဖြစ်လာတာပါ။ ဒီလို အမြစ်တွယ်နေတဲ့ စိတ်မျိုးကို နိုင်ငံရေးလုပ်သူ ဟူသမျှ သိထားရမယ့် အချက်တစ်ရပ်ပါ။

လူတွေရဲ့ တာဝန်

နိုင်ငံရေးလောကမှာ တရားမျှတရမယ်။ တရားမမျှတလို့ ဆန့်ကျင်မှုပြုရင်လည်း ဆန့်ကျင်မှုပြုတဲ့သူကို သူ့မှာတာဝန်ရှိလို့ ဆန့်ကျင်နေရတာပဲလို့ မြင်ရမယ်။ ကြီးမားတဲ့ အန္တရာယ်မရှိအောင် ထိန်းရမယ်။ ပြုပြင်ရမယ့်အရာကို စံနှုန်းပါတဲ့ပုံစံများ ချပြီး ပြုပြင် ပေးရမယ်။ များသောအားဖြင့် နိုင်ငံရေးဟာ ပူးပေါင်းဆောင်ရွက်မှု ပြုကြတာကို ဦးစားပေး တယ်။ ပူးပေါင်းဆောင်ရွက်မှု မလုပ်တဲ့သူကို ပုန်ကန်သူလို့ မမြင်ရဘူး။ ယေဘုယျအားဖြင့် ဆန့်ကျင်သမှုပြုတဲ့သူဟာ တရားမျှတမှုကို လိုလားနေတာပဲ။ တရားမျှတမှု တည်ရှိရေးအတွက် ပုန်ကန်တဲ့သူဟာ လူတွေရဲ့တာဝန်ပဲလို့ မြင်ရမယ်။ နိုင်ငံရေးဆိုတာ လေးနက်မှုထားရတယ်။ မတရားမှု ခံစားရတဲ့ အတိုင်းအတာနဲ့ ချိန်ဆကြည့်ရမယ်။

အရှင်တို့ဟာ အရှင်တို့ကိုယ်တိုင်က အကြမ်းမဖက်တဲ့ နိုင်ငံရေးသမားဖြစ်အောင် ကြိုးစားရမယ်။ အကြမ်းမဖက်တဲ့ နိုင်ငံရေးကို လက်ခံတဲ့သူဟာ လူနည်းစုပါ။ သူ့တာဝန်နဲ့ သူပါပဲ။ အာဏာရှိတဲ့သူတွေရဲ့ ဒေါသဟာ သူ့ကို ပိတ်ပင်လို့ မရပါဘူး။ ဘာတစ်ခုမှ အမည်းစက်မရှိတဲ့ လူပေါင်းသိန်းသောင်းမက မွန်မြတ်ပြီး တရားမျှတရှိနေတဲ့ အကြောင်း ကိစ္စကို ကိုယ်စိတ်ဆင်းရဲမှုခံစားနေရမယ်ဆိုရင် အဲဒီကျင့်သုံးတဲ့နိုင်ငံရေးမူဝါဒကို ဘယ်တော့မှ မထောက်ခံရဘူး။ အားလည်း မပေးရဘူး။ 

တန်ဖိုးကြီးတဲ့အရာ

တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေဟာ ဘာအပြစ်မှမရှိဘဲနဲ့ ဆင်းရဲမှုဝေဒနာ အမျိုးမျိုး မကျရောက်အောင် အသက်ပေးပြီး ကာကွယ်ပေးရမယ်။ အမည်းစက် လုံးဝမရှိတဲ့ ပြည်သူကို အသက်မသေစေရဘူး။ အကြမ်းမဖက်ခြင်းကို မှားယွင်းမှု ကင်းရမယ်။ နစ်နာမှ မရှိအောင် လုပ်ရမယ်။ အလုပ်တစ်ခုမှာ နစ်နာမှု၊ နစ်နာစရာဖြစ်လာရင် မှားယွင်းမှုတစ်ခုက ဖြစ်လာတယ်လို့ သိရမယ်။ နိုင်ငံရေးလောကမှာ ပြည်သူဘဝ လုံခြုံဖို့ အရေးကြီးတယ်။ လောကမှာ အသက်လောက် တန်ဖိုးကြီးတဲ့အရာ မရှိပါဘူး။

ရေလျဉ်များပမာ

နိုင်ငံရေးပညာရှင်ကြီးပုဂ္ဂိုလ်တစ်ဦးက –

“မိမိတို့ ဆန္ဒစွဲလမ်းမှုနောက်ကို ယနေ့လူသားတွေဟာ မျက်စိမှိတ်ပြီး အပြေးလိုက် နေကြတယ်။ ဆန္ဒစွဲလမ်းမှုကို အခြေခံပြီး ဆင်နွှဲနေကြတဲ့ပြိုင်ပွဲတွေ သူတစ်ပါးနိုင်ငံကို ကျူးကျော်သိမ်းပိုက် သူ့ထက်ငါ ပိုပြီး စီးပွားဥစ္စာဓနဂုဏ်၊သြဇာဂုဏ်၊ အာဏာဂုဏ် ဆိုတဲ့ အရာတွေကို ပိုင်ဆိုင်နိုင်ဖို့ ပြိုင်ပွဲတွေ ဆင်နွှဲနေကြတယ်။ ဒီပြိုင်ပွဲဟာ လူ့အဖွဲ့အစည်းမှာ ရှေးဦးကာလက ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ယခုခေတ် ပြိုင်ပွဲမျိုးက ပိုမိုအားကောင်းလာပြီး ကြောက်စရာအဆင့်သို့ ရောက်နေပါတယ်”

လို့ ဆိုမိန့်ခဲ့ပါတယ်။

လူမှုဘဝနိုင်ငံရေးလမ်းစဉ်ခေါ်တဲ့ တိုးတက်ဖွံ့ဖြိုးလာတဲ့ လူမှုရေးလမ်းစဉ်ကောင်းကို အဆိပ်ပမာ အန္တရာယ်ကြီးမားလာနိုင်တဲ့ နိုင်ငံရေးလိမ်လည်လှည့်စားမှုကြီးဟာ တစ်နေ့ တခြား ပိုပြီး အားကောင်းလာတာကို တွေ့ရတယ်။ လူမှုဘဝ ဆင်းရဲဒုက္ခကြီးရဲ့ ဇာစ်မြစ် ဟာ ဒီသဘောတရားအပေါ်မှာ မြစ်ဖျားခံနေပါတယ်။ ယနေ့ အရှင်တို့ တိုင်းပြည်ဟာ ငြိမ်းချမ်းသာယာလှပတဲ့ မြန်မာ့နိုင်ငံရေးလမ်းစဉ်ကို တည်ဆောက်နေတဲ့အချိန်ပါ။ အရှင်တို့ အားလုံးဟာ အကျင့်စာရိတ္တကောင်းနဲ့ တိုင်းပြည်ကို တည်ဆောက်ရမယ်။ ချစ်ခင်မှုနဲ့ ကြင်နာမှု တရားတွေ အဓိက လိုအပ်နေပါတယ်။ စွဲလမ်းမှုတစ်စုံတစ်ခုမှမပါတဲ့ ချစ်ခင်မှုအစစ်အမှန်ကို အရှင်တို့ တည်ဆောက်နိုင်ရမယ်။ ကိုယ်ကျိုးမဖက် အများအကျိုးအတွက်ထားတဲ့ စေတနာဟာ ချစ်ခြင်း၊ ကြင်နာခြင်းပါ။ ချစ်ခြင်းတရားဆိုတာ ဝေဒနာတရားတစ်ပါးပါးကို ခံစားသိမြင် ရခြင်းမှ သက်ရှိသူတွေမှာ ပေါ်ထွက်လာတဲ့ တရားပါ။ လူသားများ ဝေဒနာတရားတစ်ပါးပါး ကို ခံစားရသမျှ ကာလပတ်လုံး ဆင်းရဲခြင်း မလွတ်မချင်း ချစ်ခြင်း၊ ကြင်နာခြင်းတရား ဟာ ရေလျဉ်များပမာ စီးဆင်းနေမှာပါပဲ။ 

မေတ္တာတရားပါတဲ့ လူမှုဘဝ နိုင်ငံရေးလမ်းစဉ်

ခွဲခြားမှုမရှိ၊ အဆုံးအစ မမြင်ရတဲ့မေတ္တာ၊ ကရုဏာတရားဟာ စွဲလမ်းမှု အစိတ် အပိုင်း ပါဝင်နေပါတယ်။ စွဲလမ်းမှုကင်းကင်းဖြစ်တဲ့ ချစ်ခြင်းသည်သာ ချစ်ခင်မှု အကျိုး အမြတ်တရား ရကြမှာ ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာတရားဆိုတာ ရန်သူ၊ မိတ်ဆွေ မရှိပါ။ မေတ္တာစိတ်ထားရခြင်းအကြောင်းရင်းဟာ ချမ်းသာခြင်းကို လိုချင်လို့ပါပဲ။ ချမ်းသာခြင်းကို လိုချင်တဲ့စိတ်ဟာ လူတိုင်းမှာ ရှိနေလို့ပါပဲ။ သူ့သဘာဝအတိုင်း ဖြစ်တာပါ။ ဘာမှ မထူးဆန်း ဘူးလို့ ဆိုပေမယ့် မေတ္တာတရားဟာ တန်ဖိုးထားကြတာချည်းပါပဲ။ အရှင်တို့ရဲ့ ဘဝအစနဲ့ အနှောင်းမှာ သူတစ်ပါးရဲ့ သနားကြင်နာမှုအပေါ်မှာ မှီခိုရတာ မဟုတ်လား။ အရှင်တို့ဟာ သူတစ်ပါးအပေါ်မှာ ဘာကြောင့် ကြင်နာသနားမှု ကင်းမဲ့ပြီး ဆက်ဆံရမှာလဲ။ ကြီးမား ကျယ်ပြန့်တဲ့ မြန်မာ့မိသားစုကြီးဟာ သာယာလှပတဲ့၊ ထာဝရအေးချမ်းတဲ့၊ ခိုင်မြဲတဲ့၊ စွမ်းပကား ထက်မြက်တဲ့၊ လုံခြုံမှုအပြည့်အဝပါတဲ့၊ မေတ္တာတရားပါတဲ့ လူမှုဘဝနိုင်ငံရေးလမ်းစဉ်ကို မြန်မာ့လူ့ဘောင်ထဲမှာ ထာဝရ မြဲမြံဖို့ အရေးကြီးပါတယ်။

ငြိမ်းချမ်းတဲ့ တော်လှန်ရေးအရသာ

အရှင်တို့ဟာ မြင်းနှစ်ကောင်ကို တစ်ပြိုင်တည်း ခွမစီးသင့်ပါ။ ဘယ်အရာမဆို ပါ၊ ပတ်ဝန်းကျင်ကို ပြောင်းလဲအောင် လုပ်ပေးနိုင်ရမယ်။ ပူးပေါင်းဆောင်ရွက်မှု လုပ်နိုင်ရ မယ်။ အရှင်တို့ဟာ ရန်သူ၊ မိတ်ဆွေမခွဲခြားဘဲ အစဉ်ထာဝရ ဘေးရန်လုံခြုံမှုကို (စုပေါင်းပြီး) တာဝန်ယူကြရမယ်။ အမှန်တရားနဲ့ တိုင်းပြည်ကို တည်ဆောက်ရမယ်။ အမှန်တရားမပါတဲ့ တည်ဆောက်ရေး (တည်ထောင်ရေး)ဟာ ငြိမ်းချမ်းတဲ့ တော်လှန်ရေးအရသာ မခံစားရပါ။ ငြိမ်းချမ်းတဲ့ အရသာရှိတဲ့ တော်လှန်ရေးဟာ လိမ်လည်လှည့်ဖြားမှုကင်းတဲ့ စစ်မှန်တဲ့ “သစ္စာ တရား”ပါ။ မှန်ကန်တဲ့သစ္စာတရားဟာ မကြိုက်နှစ်သက်တာ မရှိပါ။ လူသားတွေရဲ့ မူလ ပကတိ စိတ်ဓာတ်ပါ၊ မှန်ကန်မှုမပါတဲ့ နိုင်ငံတော် တည်ဆောက်ရေးဟာ လှည့်စားမှုပါတဲ့၊ အင်အားသုံးတဲ့ နိုင်ငံရေးသဘော ပါသွားခဲ့ရင် အဲဒီသဘောတရားနဲ့ အနိုင်ရခဲ့ရင်တောင် နောက်ဆုံး အဆုံးမှာတော့ အရှုံးနဲ့ ရင်ဆိုင်ကြရမှာ သေချာတယ်။ 

အင်္ဂါချို့ယွင်းတဲ့ အမှန်တရား

လူတိုင်းဟာ အမှန်တရားကို လေးစားကြတယ်။ မြတ်နိုးကြတယ်။ ဒီသဘောတရား ဟာ ပဋိသန္ဓေမူလက ရှိတဲ့ သဘောတရားပါ။ မွေးရာပါ ဗီဇတရားပါ။ အမှန်တရားအရသာ မပါတဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးတွေဟာ အင်္ဂါချို့ယွင်းတဲ့အမှန် တရားပါ။ အာမခံချက်မပါတဲ့ အမှန်တရားပါ။ အမှန်တရားဆိုတာ အင်အားများတာနဲ့ နည်းတာနဲ့ မဆိုင်ပါ။ နောက်လိုက်များတာနဲ့ နည်းတာနဲ့ မဆိုင်ပါ။ အမှန်တရားမှန်သမျှ အောင်မြင်ကြရစမြဲပါပဲ။

နိုင်ငံရေးဆိုတာ အမှန်တရား အမြဲတမ်း လိုအပ်နေတယ်။ သစ္စာတရားကို ဖွင့်ဆို ပြတဲ့ နိုင်ငံရေးပုဂ္ဂိုလ်တစ်ဦးရဲ့စကားနဲ့ ပြောရင် ဒီလို တွေ့ရတယ်။

“ကျွန်တော်တို့ နိုင်ငံရေးဘဝမှာ ရံဖန်ရံခါ အမှန်တရားလိုအပ်နေတာကို မကြာခဏ တွေ့ရှိနေရတယ်။ အင်အားကြီးတဲ့နိုင်ငံတွေက အင်အားချို့တဲ့နေတဲ့နိုင်ငံတွေကို ကိုယ်လို သူလို ကိုင်တွယ်နေကြတယ်။ အမျိုးမျိုးသော နည်းပရိယာယ်ကို သုံးစွဲပြီး အမြတ်ထုတ်နေ ကြတယ်။ လူ့အဖွဲ့အစည်းမှာလည်း အင်အားကြီးတဲ့ လူမျိုးတွေက လူနည်းစုအပေါ်မှာ ထင်သလို ခြယ်လှယ်နေကြသလိုပါပဲ။ အခွင့်အာဏာရှိနေတဲ့လူတွေရဲ့ လက်ထက်မှာ အာဏာ မှဲ့တွေဖိနှိပ်ခံနေရတာလည်း မဆန်းသလိုပါပဲ။ ဒါပေမဲ့ တချို့အချိန်မှာ အမှန်တရားကို ဆုပ်ကိုင်ထားခြင်းဟာ မတန်ဘူးလို့ ထင်မြင်ရပေမယ့် သစ္စာအမှန်ဟာ လူတွေရဲ့ အင်အား အစစ်၊ စွမ်းအင်အမှန်ဖြစ်တဲ့အကြောင်းကတော့ ငြင်းမရသလို လူတို့ရဲ့သမိုင်းကို ပုံဖော်တဲ့ နေရာမှာ အဓိကကျတယ်ဆိုတာကိုလည်း ငြင်းပယ်လို့ မရနိုင်ပါ”

အမှန်တရားအရသာမပါတဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အရေးတွေဟာ အင်္ဂါချို့ယွင်းတဲ့ အမှန်တရားပါ။ အာမခံချက်မပါတဲ့ အမှန်တရားပါ။ အမှန်တရားဆိုတာ အင်အားများတာ၊ နည်းတာနဲ့ မဆိုင်ပါ။ နောက်လိုက်များတာ၊ နည်းတာနဲ့ မဆိုင်ပါ။ အမှန်တရားမှန်သမျှ အောင်မြင် ကြရစမြဲပါပဲ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၈၄-၈၉၊ အဝိဟိံသာနိုင်ငံရေး (၂)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၃)

အရှင်တို့ရဲ့လူနေကမ္ဘာကြီးကို ပိုမိုပြီး မေတ္တာတရားနဲ့ သနားကြင်နာမှ ရှိတဲ့ လူ့ကမ္ဘာကြီးအဖြစ် တည်ဆောက်ချင်ကြတယ်ဆိုရင် သူတစ်ပါးအပေါ် မိမိတို့ရဲ့ တာဝန်ရှိမှု အသိပညာကို တိုးချဲ့ဖွင့်လှစ်ပေးရမယ်။

မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်များ

ယနေ့ မြန်မာပြည်နဲ့ တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့လူတွေဟာ ငြိမ်းချမ်းမှုနဲ့ လွတ်လပ်မှု ကို လိုချင်ကြတဲ့သူတွေ များတယ်။ ဒီတောင်းဆိုမှုဟာ လူသားတို့ရဲ့ဆန္ဒပါ။ ဒီအခြေခံဟာ လည်း လူသားတွေရဲ့ အခြေခံစိတ်ဓာတ်ပါ။ လူတွေရဲ့ စိတ်နှလုံးသားဟာ အဆင့်ဆင့် သန့်ရှင်း စင်ကြယ်မှု အဆက်မပြတ်ဖြစ်ရမယ်။ လူအချင်းချင်းစိတ်နှလုံးသားတွေ ထိတွေ့နိုင်ဖို့ စည်းကမ်းရှိခြင်း၊ စိတ်ချုပ်တည်းခြင်းတရားတွေကို ခိုင်ခိုင်မြဲမြဲ စွဲကိုင်ထားရမယ်။ အရှင်တို့ရဲ့ တိုင်းပြည်ဟာ ယခုလို တိုးတက်မှုတွေ နှေးကွေးရတာဟာ အချင်းချင်း ကွဲပြားနေလို့သာ ဖြစ်ကြတာပါ။

အကယ်၍ အရှင်တို့ဟာ ကျယ်ပြန့်တဲ့ ညီညွတ်မှု၊ ခိုင်မာမှုတွေကို တည်ဆောက်နိုင် ကြပြီဆိုရင် စုပေါင်းတဲ့ အမျိုးသားရေးစိတ်ဓာတ်ကို လက်ခံအသိအမှတ်ပြုကြမှာ ဖြစ်ပါတယ်။ အရှင်တို့အချင်းချင်း ခြားနားတဲ့စိတ်တွေ မွေးမြူနေကြတာဟာ စိတ်ခံစားမှု၊ နာကြည်းမှုတရား တွေ များများထားကြလို့သာ ဖြစ်ကြတာပါ။ ဒီနာကြည်းမှုတရားကို ကြပ်ကြပ်လေး သတိ ထားပြီး နေကြမယ် ဆိုရင် အရှင်တို့ရဲ့ အသိတရားဟာ တကယ့်မြင့်မြတ်တဲ့ နှလုံးသား တရားတွေ ဖြစ်လာမှာပါ။ မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်များ ဖြစ်ကြပြီဆိုရင် တစ်ဦးနဲ့တစ်ဦး အသိအမှတ်ပြုချင်ကြတဲ့ ယုံကြည်မှုစိတ်တွေ အားသစ်လောင်းပြီး နားလည်လာကြမှာပါ။

ရှောင်ကြဉ်ရမယ့်တရား

အချင်းချင်း ဆန့်ကျင်ကြတဲ့အလုပ်ဟာ ရေရှည်ခံနိုင်တဲ့အလုပ် မဟုတ်ပါ။ လူမှုရေး အရ၊ ဒါမှမဟုတ် နိုင်ငံရေးသဘောတရားအရ ဝိုင်းပယ်ခြင်း၊ ကြဉ်ခြင်းစတဲ့ အပြုအမူအလုပ် ဟာလည်း ထိပ်ဆုံးက ရှောင်ကြဉ်ရမယ့်တရားပါ။ အရှင်တို့ဟာ ပြည်သူလူထုကို ချုပ်တည်း နိုင်စွမ်းရှိတဲ့သူတွေ မဟုတ်ပါ။

အရှင်တို့ဟာ စုပေါင်း(ပူးပေါင်း) ဆောင်ရွက်မှုကို ငြင်းပယ်ကြတဲ့သူတွေ မဟုတ် ပါ။ ချစ်ကြည်မှုတရားတွေကို နှလုံးသွင်းနိုင်ကြတဲ့သူတွေ မဟုတ်လား။ မုန်းတီးရွံရှာတဲ့ တရားတွေကြောင့်၊ ဒါမှမဟုတ် အဲဒီတရားတွေကို လက်ခံထားရှိကြလို့သာ မပူးပေါင်းနိုင်ကြ တာပါ။ မုန်းတီးမှုကြောင့် ပူးပေါင်းဆောင်ရွက်မှုကို ငြင်းပယ်ကြမယ်ဆိုရင် တရားမျှတမှု၊ မှန်ကန်မှုတရားတွေ တည်ဆောက်နိုင်ကြမှာ မဟုတ်ပါ။

အရှင်တို့ဟာ မုန်းတီးမှုနဲ့ ကြမ်းတမ်းမှု တရားအားလုံးကို ငြိမ်းချမ်းမှုတရား နဲ့ ချစ်ကြည်မှု တရားအောက်ကို မရောက်ရောက်အောင် ကြိုးစားပြီး သွင်းယူရမှာ ဖြစ်ပါ တယ်။ လူတွေရဲ့ လုပ်ရပ်ဟာ တရားမျှတမှု မရောက်ရောက်အောင် စိတ်အေးလက်အေး နဲ့ ဆောင်ရွက်လုပ်ကိုင်ပေးကြမယ် ဆိုရင် မအောင်မြင်တဲ့အရာတွေ အလိုလို ဖယ်ရှားသွား မှာပါ။

အပြစ်မရှိတဲ့ အတတ်ပညာ

အရှင်တို့ဟာ လူတွေရဲ့အားနည်းချက်ကို နည်းလမ်းပေးနိုင်အောင် နည်းလမ်းကောင်း အတတ်ပညာကို ရှာကြပြီး အသိပညာ၊ အတတ်ပညာ ပေးရဲရမယ်။ အမှားပါတဲ့ အရေခြုံတဲ့ ပညာရပ်တွေ သင်မပေးကြဖို့ စုပေါင်းကာကွယ်တိုက်တွန်းရမယ်။ ကြောက်မက်ဖွယ်ဖြစ်တဲ့ အစဉ်အလာပညာရပ်တွေကိုလည်း သင်ယူမှုမပြုနိုင်အောင် တားဆီးမှုပြုရမယ်။ တကယ်တော့ လူ့အဖွဲ့အစည်းဟာ အပြစ်မရှိတဲ့ အတတ်ပညာအားလုံးကို သင်ယူကြရမှာ ဖြစ်ပါတယ်။ အပြစ်ရှိ(အပြစ်ပါ)တဲ့ အတတ်ပညာကို သင်ယူပေးခဲ့တာကြောင့် လူသားတွေဟာ သိက္ခာ စောင့်ထိန်းမှု အားနည်းလာတာပါ။

ကျင့်ဝတ်စည်းကမ်း

လူတွေဟာ လူမှုကိစ္စအမျိုးမျိုးကို လုပ်ကြတဲ့သူတွေပါ။ လူမှုကိစ္စကို ဆောင်ရွက် လုပ်ကိုင်ကြလို့ လူတွေရဲ့အကြောင်းကို၊ ဒါမှမဟုတ် လူတွေရဲ့အခြေအနေတွေကို ကောင်း၊ မကောင်း သိနေကြမှာပါ။ လူမှုကျင့်ဝတ်စည်းကမ်းတရားနဲ့အညီ နေ မနေ ၊ ကျင့် မကျင့်၊ လိုက်နာမှု ရှိ မရှိ၊ စိတ်ဆန္ဒကောင်းနဲ့ အလုပ်လုပ် မလုပ် အမြဲတမ်း စောင့်ကြည့် လေ့လာရမယ်။ လူမဆန်တဲ့ အစွန်းရောက်တဲ့ အမူအကျင့်တစ်ခုခု ပါလာခဲ့ပြီဆိုရင် ကျင့်သုံးဖို့ အခွင့်အာဏာမရအောင် စုပေါင်းပြီး ပညာပေးရမယ်။

စိတ်ဓာတ်အေးမြပြီး ပွင့်လင်းဖို့လို

လူတွေဟာ မျက်နှာချင်း မဆိုင်နိုင်ကြအောင် ခါးသီးတဲ့ ဝိရောဓိတရားတွေ မထား ရပါ။ သည်းမခံမှုနဲ့ ဆန္ဒစောနေမှုဟာ အချင်းချင်း အမုန်းပွားမှုကြီး ဖြစ်ပွားစေနိုင်ပါတယ်။ ဒီပုံဒီနည်းနဲ့ နေကြတဲ့သူတွေဟာ အရာခပ်သိမ်း နစ်နာမှု ဖြစ်ရတယ်။ ဆုတ်ယုတ်မှု တွေ့ရ တယ်။ အရှင်တို့ရဲ့ မြန်မာပြည်လူထုတွေဟာ ခါးသီးတဲ့စိတ် မရှိပါ။ ခါးသီးအောင် လုပ်လိုတဲ့ သူတွေရဲ့ အမူအကျင့်နဲ့သာ တိုင်းပြည်ဆုတ်ယုတ်မှု ဖြစ်ခဲ့ရတာပါ။ တကယ်တော့ အရှင်တို့ရဲ့ တွေ့ကြုံရတဲ့ ဆင်းရဲမှုဟာ ကန့်သတ်ချက်အပြည့်အဝရှိတဲ့ ဆင်းရဲမှု မဟုတ်ပါ။ ပြောင်းလဲမှ အပြည့်အဝပါတဲ့ ဆင်းရဲမှုပါ။ အဲဒီလို စိတ်ထားဖြူစင်ပြီး ရိုးသားမှုအပြည့်ရှိတဲ့ မြန်မာလူမှု နယ်ပယ်ကို သမိုင်းတင်ကာလမှာ ယနေ့တိုင်အောင် ဖဲ့ချိုးဖျက်ဆီးမယ့်သူများ မအောင်မြင်နိုင် ကြတာဟာ အရှင်တို့ရဲ့ခိုင်မြဲတဲ့ စိတ်နှလုံးသားရဲ့ သီလ၊ သမာဓိပါ။ အရှင်တို့ဟာ တွေဝေ ထိုင်းမှိုင်းနေတဲ့၊ ထင်ရာမြင်ရာလုပ်တတ်တဲ့ နိုင်ငံရေးလမ်းစဉ်ကို မလိုက်မိဖို့ အရေးကြီးတယ်။ အရှင်တို့ရဲ့ နေ့စဉ်အမြဲ အသက်ရှင်အောင် လှုပ်ရှားနေတဲ့ အပြုအမူဟာ အသိတရား မြဲမြံဖို့ လိုတယ်။ သမာဓိ တည်ကြည်ဖို့ လိုတယ်။ စိတ်ဓာတ်အေးမြပြီး ပွင့်လင်းဖို့ လိုတယ်။

သူတော်ကောင်းတိုင်းပြည်

အရှင်တို့ရဲ့ နေ့စဉ်ပွားများတဲ့ မေတ္တာတရားဟာ လူသားတွေရဲ့ နှလုံးသားထဲက အလိုလို ဖြစ်လာတဲ့တရားပါ။ နက်ရှိုင်းမှု အပြည့်အဝထားတဲ့ မေတ္တာတရားနဲ့ အရှင်တို့ တိုင်းပြည်ကို တည်ဆောက်ကြရမှာပါ။ နက်ရှိုင်းတဲ့ မေတ္တာတရားနဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည်မှာ မိတ်ဆွေ၊ ရန်သူ မရှိပါ။ နောက်ဆုံး ဒီတိုင်းပြည်ကို ချမ်းသာသုခ ဖြစ်စေနိုင်မယ့် စိတ်ဓာတ်တွေ မွေးထုတ်ပြီး သူတော်ကောင်းတိုင်းပြည် ဖြစ်အောင် တည်ထောင်ကြရမှာ ဖြစ်ပါတယ်။ သူတော်ကောင်းတိုင်းပြည်ဖြစ်မှ အေးချမ်းသာယာမှာ ဖြစ်ပါတယ်။

တရားမျှတမှု ရှိရမယ်

အရှင်တို့ဟာ နယ်ချဲ့တွေရဲ့ အနှောင်အဖွဲ့ လက်အောက်မှ လွတ်မြောက်ခဲ့ပြီးတဲ့သူ တွေပါ။ နယ်ချဲ့တွေပညာရပ်ကြောင့် နိုင်ငံရေးသမိုင်း၊ လူမှုရေးသမိုင်း စာမျက်နှာပေါင်းများစွာ မှတ်တမ်းအမျိုးမျိုး ထွက်ရှိခဲ့ပေမယ့် မဟာလူသားဆန်တဲ့ မှတ်တမ်းမျိုး မရခဲ့ပါ။ အချင်းချင်း အပြန်အလှန် ပဋိပက္ခ (နှစ်စု၊ နှစ်ဖွဲ့)ကွဲဖို့ကိုသာ ရခဲ့ကြပါတယ်။ အဲဒီအတွက်နဲ့ နောင်တနဲ့သင်ခန်းစာ မရခဲ့ကြသေးပါ။ အချင်းချင်း ပဋိပက္ခဖြစ်အောင် စီမံလုပ်ကိုင်ထားပေးတဲ့ သူတို့ရဲ့စီမံတတ်တဲ့ပညာကို ခုချိန်ခါကြီးမှာ အချင်းချင်း နားလည်ပေးကြဖို့ သင့်ပါပြီ။

တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုရှိနေဖို့ စကားတစ်ခွန်း ပြောချင်ပါ တယ်။ လူတိုင်း လူတိုင်းဟာ တရားမျှတမှု ရှိရမယ်။ တရားမျှတမှုအကြောင်းကို ကွင်းဆင်း ပြီး လူမှုဆက်သွယ်တဲ့ နည်းလမ်း(မီဒီယာဝါဒ)နဲ့ လုပ်စရာမလိုတဲ့ ခေတ်ကြီးမှာ ကိုယ်၊ စိတ် ပင်ပန်းအောင် အော်ကြီးဟစ်ကျယ်နဲ့ လိုက်လံပြောဟောစရာမလိုပါ။ လူမှုဆက်သွယ်တဲ့ နည်းပညာ(မီဒီယာ)နဲ့ တစ်ခဏအတွင်းမှာ လုပ်ဖို့ ရှိတာတွေကို လူထုကို အလွယ်တကူနဲ့ အသိပေးနိုင်ပါတယ်။ အဲဒီလို ပေးသိတဲ့အသိမျိုးထဲက မိမိ ပေးသိလိုတဲ့အကြောင်းအရာဟာ ဘယ်လိုမျိုး အကြောင်းအရာတွေပါလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။ တရားမျှတမှုအကြောင်း ပြောကြားလိုတယ်ဆိုရင် ပုံကားကြီးချဲ့ပြီး ပြောကြားဖို့ မလိုပါဘူး။ လူတွေဟာ တရားမျှတမှု ရှိရမယ်ဆိုတာ နဂိုက နားလည်ထားကြတဲ့သူတွေပါ။ 

ပေါင်းသင်းနေထိုင်ရေးနည်းလမ်း

လူတွေဟာ တရားမျှတမှုသာ ရှိနေပါ။ တရားမျှတမှုသာ ရှိနေမယ်ဆိုရင် စည်းလုံး ညီညွတ်မှုရှိနေဖို့ ပြောဟောစရာမလိုပါ။ လူတွေကို စိတ်ချအာမခံမှုရှိတဲ့ တရားမျှတမှုရှိမယ် ဆိုရင် အရှင်တို့ရဲ့ မြန်မာပြည်ဟာ ခွဲထွက်တဲ့အက်ကြောင်းတွေ ပေါ်လာနိုင်စရာမရှိပါ။ အားလုံး ကျေကျေနပ်နပ်နဲ့ တိုင်းပြည်ကြီးကို ချစ်ကြမယ့်စိတ်ဓာတ် ရှိနေမှာပါပဲ။ အရှင်တို့ဟာ မကောင်းမှုလုပ်ခဲ့တာတွေကို မေ့ပစ်လိုက်ဖို့၊ ဒါမှမဟုတ် နောက်ဆက်မလုပ်ဖို့ မိမိစိတ်ကို သွန်သင်ရမှာ ဖြစ်ပါတယ်။

အရှင်တို့ရဲ့တိုင်းပြည်ဟာ လူထုအားနဲ့ တည်ထောင်ထားတဲ့ ပြည်ထောင်စုတိုင်းပြည် ပါ။ တစ်ပြည်ထောင်တိုင်းပြည် မဟုတ်ပါ။ စစ်မှန်တဲ့ စည်းကမ်းပြည့်ဝတဲ့ တိုင်းပြည်ကြီး ရောက်အောင် အားသွန်ကြိုးပမ်းကြတဲ့အချိန်မှာ အားနည်းစေမယ့်လုပ်ရပ်တွေ မဖန်တီးသင့်ပါ။ အရှင်တို့ရဲ့ တိုင်းပြည်ဆက်ဆံရေးဟာ နိုင်ငံခြားအင်အားတွေကို အလွန်အမင်း အားထားတဲ့ တိုင်းပြည်မဟုတ်ပါ။ နိုင်ငံကောင်းအောင် ပေါင်းသင်း ဆက်ဆံရမယ့် နည်းလမ်းရှိလို့သာ နိုင်ငံရပ်ခြားတိုင်းပြည်တွေနဲ့ ဆက်ဆံနေတာပါ။ နိုင်ငံကို ကောင်းကျိုးမဖြစ်စေတဲ့သူတွေ တိုင်းပြည်တွေ အရှင်တို့ကို လိုလိုလားလားနဲ့ လက်ခံအားပေးတာ မဟုတ်တာကြောင့် အဆိုးတရားအမျိုးမျိုး ပေါ်လာနိုင်တဲ့အလုပ်မျိုး တိုင်းပြည်မှာ မပေါက်ပွားလာအောင် ပေါင်းသင်းနေထိုင်ရေးနည်းလမ်းကို အရှင်တို့မှာ နားလည်ထားရမယ်။ အရှင်တို့တိုင်းပြည်ဟာ လူများစု၊ လူနည်းစု ခွဲခြားဆက်ဆံတာမျိုး မရှိခဲ့သလို တရားမျှတမှုကို လေးစားတန်ဖိုးထား တဲ့ တိုင်းပြည် ဖြစ်ပါတယ်။ ဒီတန်ဖိုးကို အရေးတကြီး တည်ဆောက်စရာလည်း မလိုသလို ပုံမှန်အားဖြင့် တည်ဆောက်နိုင်တဲ့ အလုပ်မျိုးသာ ဖြစ်တယ်။ ဒါကြောင့် ဘယ်အရာမဆို နည်းလမ်းမကျတဲ့ လူများစု၊ လူနည်းစုစကားတွေ မြန်မာ့တိုင်းရင်းသားလောကမှာ ပုံကြီးချဲ့ပြီး ဆိုမှတ်ပြုစရာ မလိုကြောင်း ဖြစ်ပါတယ်။ 

စိတ်

အရှင်တို့ရဲ့စိတ်ဟာ ရိုင်းစိုင်းအောင်၊ ကောင်းအောင် အမျိုးမျိုး လုပ်နိုင်ပါတယ်။ ချမ်းသာသူတွေကို ဆင်းရဲအောင်၊ ဆင်းရဲသူတွေကို ချမ်းသာအောင် ဖန်တီးနိုင်ပါတယ်။ ထိန်းချုပ်မှုမရှိတဲ့စိတ်ဟာ ဆိုးရွားတဲ့အကျင့်ပိုင်ရှင်အဖြစ်ကို ပို့ပေးနိုင်ပါတယ်။ ရွံရှာခြင်း ဘောင်ထဲကိုလည်း ရောက်သွားနိုင်ပါတယ်။ စိတ်ဆိုတာ ခံစားမှုနဲ့ အတွေးတွေအပေါ်ကို လိုက်ပြီး ပြောင်းလဲတတ်တဲ့သဘောရှိကြောင်းကို သိထားရမယ်။ ဒါကြောင့် စိတ်ကို ချစ်ခင် စိတ်ပွားများလာအောင် ကျင့်ကြံယူရမှာ ဖြစ်ပါတယ်။ မိမိစိတ် မိမိ ဖြေရှင်းနိုင်ကြပြီဆိုရင် မိမိကိုယ်ပိုင်နိုင်ငံရေးပဋိပက္ခများကိုလည်း ဖြေရှင်းရန် ခက်ခဲလိမ့်မယ် မထင်ပါ။ 

အရှင်တို့ဟာ စိတ်ဓာတ်ထကြွလှုပ်ရှားတဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားကြပါသလား။ အရှင်တို့ရဲ့ အသိစိတ်ဟာ အကျယ်အဝန်း၊ အတိုင်းအတာ ရှိပါသလား။ သုံးသပ်ပြီးပြန်လေ့လာသင့်တယ်။ အရှင်တို့စိတ်ကြောင့် အကြိမ်ပေါင်း မြောက်များစွာ သွေးမြေစွန်းခဲ့ပြီး ဖြစ်ပါတယ်။ အရှင်တို့ဟာ သနားကြင်နာမှု၊ ကိုယ်ချင်းစာမှုတရားတွေ ထားကြပါသလား။ မျှော်မှန်းတဲ့ အေးချမ်းသာယာတဲ့ မြန်မာ့လောကမျိုး တည်ဆောက်ရန် ရှိပါသလား။ အမှန်တရားရဲ့ လွတ်လပ်တဲ့သဘောထားတွေကို ကိုယ်စီ နှလုံးသွင်း ပွားများခဲ့ကြပြီလား။ ခြားနားတဲ့ သူနဲ့ငါ အမြင်တွေ လျော့ပါးသွားကြပြီလား။ ပုဂ္ဂိုလ်ရေးကိစ္စ၊ လူမှုရေးကိစ္စတွေမှာ မေတ္တာစိတ်နဲ့ လမ်းပြဆွဲဆောင်နိုင်ပြီလား။ တိုင်းပြည်အတွက် ကိုယ်စီတာဝန်ရှိကြတာကို နိုင်ငံရေးနယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် နားလည်ကြပြီလား။ အသစ်အဆန်း မဟုတ်တဲ့ ငါတို့ရဲ့ ခံယူချက်စိတ်ဓာတ်တွေ အမြဲတမ်း ရှင်သန်နေပြီလားဆိုတဲ့ မေးခွန်းတွေဟာ အရှင်တို့ အတိအကျ အဖြေပေးရမှာ ဖြစ်ပါတယ်။

အရှင်တို့ရဲ့ အသိစိတ်ဓာတ်ဟာ စွန့်ပစ်ဖို့၊ တီထွင်ဖို့ မဟုတ်ပါ။ တစ်နေ့တခြား ကောင်းမွန်အောင် ပြုပြင်ကြရမှာပါ။ အရှင်တို့ဟာ လူလူချင်း ဆက်စပ်မှုရှိတဲ့ အခြေခံ စိတ်ဓာတ်ကောင်း ရှိဖို့လိုတယ်။ လူလူချင်း ဆက်စပ်မှုမရှိတဲ့ စိတ်ဓာတ်ဟာ အမြဲတမ်း ညစ်ညမ်းနေမှာပါပဲ။ လူသားအကျိုးကောင်းတရားကို ဖျက်ဆီးတဲ့စိတ်ထားဟာ ဝေဒနာ အမျိုးမျိုး ကူးစက်သွားမှာပါပဲ။ အရှင်တို့ဟာ တရားမျှတပြီး ခွဲခြားမှုမပါ (မရှိ)တဲ့ အကျင့် တရားနဲ့ စုပေါင်းလုပ်ဆောင်၊ စုပေါင်းနေထိုင်ကြဖို့ အရေးကြီးတယ်။

– သင်ဟာ မိမိ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအားလုံးကို မိတ်ဆွေပြုနိုင်ခဲ့ပြီလား။

– သင့်ပတ်ဝန်းကျင်၊ အိမ်နီးချင်းတွေက သင့်ကို ချစ်လို့ လေးစားတာလား။ ဒါမှမဟုတ် ကြောက်လို့လား။ (မြှောက်ပေးနေတာလား)။ 

လူမှုကျင့်ဝတ်စည်းကမ်းတရားနဲ့အညီ နေ မနေ၊ ကျင့် မကျင့်၊ လိုက်နာမှု ရှိ မရှိ၊ စိတ်ဆန္ဒကောင်းနဲ့ အလုပ်လုပ် မလုပ် အမြဲတမ်း စောင့်ကြည့်လေ့လာရမယ်။ လူမဆန်တဲ့ အစွန်းရောက်တဲ့ အမူအကျင့်တစ်ခုခု ပါလာခဲ့ပြီဆိုရင် ကျင့်သုံးဖို့ အခွင့်အာဏာမရအောင် စုပေါင်းပြီး ပညာပေးရမယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၉၀-၉၅၊ အဝိဟိံသာနိုင်ငံရေး (၃)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Exit mobile version