Categories
စကားလက်ဆောင်

။ နှလုံးအိမ်နေ့ ။

။ မိသားစုတစ်စုဖြစ်လာရင်
ယုံကြည်မှုအားနဲ့
တည်ဆောက်ထားကြတယ်။

။ မေတ္တာတရားနဲ့
သစ္စာတရားတည်ထားကြတယ်။

။ ဒီတရားနှစ်ပါးထဲက
တစ်ပါးပါးအားလျော့လာရင်
မိသားစုဟာ
မိလည်းတစ်ခြား
သားတစ်ခြားဖြစ်ကြပြီး
တစ်သားတစ်စုတည်းက
တစ်မိတစ်စုတည်းကနေ
ကွဲပြားနေကြပြီးတော့
ကြေကွဲရာအဖြစ်
ဖြစ်သွားကြတဲ့မိသားစုတွေ
အများကြီးပါပဲ။

။ အခြေခံမခိုင်တာရယ်
အမျိုးမျိုးဉာဏ်ပညာရယ်
နည်းစနစ်ရယ်
နည်းပညာရယ်
နည်းပြဆရာရယ်
အစစအရာရာတွေရယ်
မပြည့်စုံမကုန်လုံလို့ရယ်ကြောင့်
မိသားစုကောင်းဘဝနဲ့
မတည်ဆောက်နိုင်ကြဘဲ
ကြွေရက်တွေစောကြရဲ့
ဘဝရှင်တွေ
များနေကြသလားပါပဲ။

။ ရှိသမျှနဲ့
ဖြစ်သမျှဖြစ်ကြရတဲ့
အဖြစ်ပုံ
အပန်းပုံတွေက
ပန်းမစုံတဲ့ည
အကြမ်းပုံတဲ့ဘဝနှယ်
လောကအလယ်မှာ
ကြယ်မသန်းတဲ့
ညတစ်ညပမာလို
ဒီအဖြစ်ရသူတိုင်း
ရင်တမမ
နှလုံးမလှမပ
အလှမဲ့ဘဝလေးနဲ့
ဝေးခဲ့ကြရတဲ့မိသားစုတွေ
လောကမှာ
မရှားပါဘူးလေ။

။ အထင်နဲ့အမြင်
အကြင်နဲ့အခင်
လွှင့်ပျောက်နေကြတဲ့
လူတို့သရုပ်ကွဲတွေဟာ
မရဲဘဝ
အမွဲဆေးဖော်ရတဲ့
သူတို့ရဲ့မိသားစုအကြောင်းကို
ဆုတောင်းခါခါပြုပေးနေလည်း
မေတ္တာခါခါ ပို့ပေးနေလည်း
တိမ်ကွယ်လည
ပမာလားပေါ့
​ညှိုးနွမ်းလို့
ညှိုးငယ်ကြရသူတွေလေ။

။ ဘဝမှာ
တစ်ခါသာလူလာဖြစ်ရင်
တစ်ခါသာခန္ဓာရရင်
တစ်ကြိမ်သာမဂ်ပညာရရင်
ဝမ်းသာပါပြီဆိုတာ
သူတို့တွေ မသိလိုက်ကြဘူး။

။ သည်နေ့တော့
ကိုယ့်ရဲ့မိသားစုအကြောင်းကို
တွေးနေရင်းနဲ့
အတိတ်ကာလက
အကုသိုလ်ကို
အပြစ်မဆိုတော့ပါဘူး
ပစ္စက္ခဘဝရဲ့
အကုသိုလ်ကံသည်ကိုသာ
အပြစ်မဖြစ်အောင်
ဆင်ခြင်အောက်မေ့
နေပါတော့မယ်
သည်နေ့
ကျွန်ုပ်ရဲ့နှလုံးအိမ်နေ့ပါပဲ။

။ တစ်နေကွယ်
တစ်နေနယ်ကို
မရောက်ချိန်မှာ
တစ်နေရာမှာ
သင့်သာတရားရှိပါစေ။

( အားဆေးပေးပါသည်။)
ဘုန်းသစ်ထူး ( ဘားအံ )
( ၂၄.၈.၂၀၂၂) ရက်နေ့ ညချမ်းချိန်။)

Loading

Categories
စကားလက်ဆောင်

။ သင်ရထားပါပြီလား ။

။နေရတဲ့အချိန်က
တဖြေးဖြေးပဲ နည်းလာတော့
စိတ်ထဲက အလိုလိုနဲ့ပဲ
ပိုပိုပြီးလေးနက်လာတယ်။

။ နေတာထိုင်တာ
သွားတာလာတာ
စားတာအိပ်တာကအစ
အစစအရာရာပြုပြင်လာခဲ့မိတယ်။

။ အလိုလိုနဲ့
ပြောင်းလဲပြုပြင်လာခဲ့လို့
ထူးဆန်းနေသလိုပါပဲ။

။ တန်ဖိုးရှိတဲ့အချိန်ကို
ပိုလိုချင်လာနေသလို
တန်ဖိုးဖြတ်လို့မရတဲ့
အပြစ်ကင်းတဲ့
အကျင့်သီလတွေကိုလည်း
ပိုလေးနက်စွာနဲ့ဆောက်တည်နေမိတယ်။

။ သီလတစ်ပါးပါးပျက်မိမှာကို
အလေးထားမိတော့
ပျက်မိရမယ့်သီလတစ်ပါးပါးကိုလည်း
မပျက်အောင်
တည်ငြိမ်စွာနေတတ်လာတယ်။

။ အနီးအနားပတ်ဝန်းကျင်ရဲ့
စွဲမက်စွဲကပ်နေတဲ့
ကိလေသာပြယုဂ်တွေ
မြင်မိလေတိုင်း
မှားမိခဲ့တဲ့အဖြစ်တွေကို
ပြန်ပြီးဆင်ခြင်မိပါတယ်။

။ အမှားကြီးအမှားငယ်ဆိုတဲ့
အမှားတွေကြောင့်
ပြန်ဆင်ခြင်မိရင်
စိတ်ဟာအလိုလိုနဲ့
တုန်လှုပ်ချောက်ချားမိတာအမှန်ပါပဲ။

။ တုန်လှုပ်ချောက်ချားရတဲ့
အဖြစ်ကြောင့်
လူဟာ
အလိုလိုပဲစိတ်ဓာတ်တွေ
ညှိုးကျမိပါလေရဲ့။

။ ပျော်ရွှင်မြူးထူးမှုတွေ
နည်းပါးကြပြီး
လူအများကြားကို
မဝင်ချင်မတိုးချင်တော့ဘဲ
တစ်ကိုယ်တည်း
ချမ်းသာမှုကို
ပိုလိုလားနှစ်သက်လာပါတယ်။

။ အဲဒီလို
လိုလားနှစ်သက်လာရင်
လူဟာအလိုလိုပဲ
အဖော်အဖက်တွေနဲ့
ဝေးကွာချင်လာကြတယ်။

။ အဖော်မဲ့ဘဝကို
လိုချင်လာတဲ့စိတ်ဟာ
ပြင်ယူဆင်ယူတာမဟုတ်ဘဲ
အဖော်အဖက်နဲ့
ပိုဝေးဝေးနေရတာကိုပဲ
နှစ်သက်နေမိကြတယ်။
ဒါဟာ လူ့ရဲ့သဘာဝပါပဲ။

။ ဒါကြောင့်
မိမိကို အဖော်မဲ့စွာ
တစ်ဦးတစ်ယောက်တည်း
ထားခဲ့ပေမည့်
ဝမ်းနည်းစွာဖြစ်ဖို့မလို့ပါဘူး။

။ ဝမ်းနည်းခြင်း( ဝမ်းနည်းမှု) ဆိုတာ
အပူမီးတစ်ပါးပါပဲ။

။ ဒီအပူမီးကို
ကိုယ်ကိုယ်တိုင်ပဲ
ငြိမ်းရမယ်မဟုတ်လား။

။ မငြိမ်းနိုင်ရင်
ကိုယ်ပဲပူလောင်နေမယ်။

။ ပူလောင်မြိုက်ခံရရင်
ကိုယ်ပဲနာကြည်းမှုတွေခံရမယ်
မဟုတ်လား။

။ ဒီနေ့
ပြောပြချင်တဲ့စကားက
အခြားမဟုတ်ပါဘူး။

။ ဘယ်နေ့မှာ
သင့်အတွက်
အကောင်းဆုံးဖြစ်နိုင်မည်လဲ။

။ သင့်အတွက်ရဲ့
အကောင်းဆုံးနေ့ရက်က
ရထားပါပြီလား?
ရှိနေပါပြီလား? ။

တောမှီရဟန်း
(၁၆.၈.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
ကရင်လူမျိုး စကားလက်ဆောင် ရိုးရာဓလေ့

ထူရူ့မုင်ႋဗျာ
ပါတ်ုရာဏ်ှ
မေတ္တာလင်ဖာ အ်ှအေးလ်ှ

ထူရူ့မုင်ႋဗျာ
ပါတ်ုရာဏ်ှ
မေတ္တာလင်ဖာ အ်ှအေးလ်ှ

Loading

Categories
စကားလက်ဆောင်

။ သင်သာဆရာဖြစ်ပါစေ ။

။ သည်နေ့
စိတ်ထဲမှ
သည်စကား ပြောဖြစ်ကြမယ်။

။ သူသူငါငါ
ကျန်းမာကြလား
ဆင်ပြေကြလား
နှုတ်ဖျားမလွတ် မေးကြမယ်။

။ ကျန်းမာကြသူ
ပြေကြသူတွေ
မဟုတ်လေလည်း
သလိုနဲ့သာ ဖြေကြမယ်။

။ ရင်မှမအေး
မျိုးစုံတွေးတော့
ရင်လေးစုံစွာ
ဖြစ်ပုံများပေါ့
ဗျာပါဒဆက် မျိုးစုံစွာ။

။ ဘဝအရေး
ဘေးဖယ်ပြေးလွှား
ကြိုးစားလှုပ်ရှား
မနေနားလည်း
အားနည်းရုပ်နွမ်း မကြည်လန်း။

။ အိုခန်းဖြစ်လာ
ရုပ်ကြည်လွှာမဲ့
အနာနဲ့ဆက် မခိုင်မာ။

။ စိတ်လည်းမခန့်
လူအလန့်ဖြစ်
သန့်သန့်သန်သန်
ပင်ကိုဟန်ကွယ်
သေရုပ်နယ်ဆင်း
အိုမင်းထင်လာ နေပြန်တော့။

။ အရာရာခမ်း
ဇရာဖမ်းတော့
ကုန်ခန်းအားအင်
ဘုံလမ်းပြင်သည်
ရုပ်ရှင်သရုပ်
သည်ဇာတ်ထုပ်ကို
မွေးထုတ်ကြသူ သိလေပေါ့။

။ ခုတော့
မေ့ပေါ့သတိ
သမာဓိမဲ့
နတ္ထိပညာ
လွန်ဝေးကွာပြီ
သင်သာဆရာဖြစ်ပါစေ
သင်သာ မနာသစ်ပါစေ။
(မနာ သို့မဟုတ် မန ” စိတ်” ဟု အဓိပ္ပာယ်ကောက်ပါ။)

တောင်ကလေးဆရာတော်
(၇.၈.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
စကားလက်ဆောင်

။ ဆုံလည်နွား ။

။ ဘဝရဲ့အမောကို
အမေအဖေက( မိဘနှစ်ပါးက)
ပေးနေတယ်လို့ မဆိုနှင့်။

။ ဘဝဆိုတာ
ထင်သလို မချောမွတ်ပါဘူး
မပျော်မွေ့ပါဘူး။

။ စိတ်ကူးမိကြတာက
ဘဝဆိုတာ
လောကမှာ
အပျော်ဆုံး အရာတစ်ပါးပေါ့။

။ တကယ်တော့
ဘဝကိုပြန်လေ့လာရင်
ဘဝဆိုတာ
ကိုယ်ပြုခဲ့တဲ့အရာတွေပါပဲ
ရခဲ့တဲ့ခန္ဓာတွေပါပဲ။

။ သဘာဝကျကျ
အသေအချာ
စဉ်းစားကြည့်လိုက်ပါ
ဘဝကို ညာလို့မရဘူး။

။ ဘဝဆိုတာ
အမြဲတမ်း
ဖြစ်နေတတ်သောအရာပါ။

။ ဘဝဆိုတာ
အကျယ်ပြန့်ဆုံး
အကြန့်ကြာဆုံး
အပေါ့ဆုံး
အလေးဆုံး
အခိုင်ဆုံး
အခိုင်အခံ့ဆုံး
အထိုင်အကျဆုံး။

။ သည်နေ့တော့
ဘဝရဲ့အနက်ဆုံး
ဘဝရဲ့အမြင့်ဆုံး
ဘဝရဲ့အမြတ်ဆုံး
ဘဝရဲ့အအေးဆုံး
ဘဝရဲ့အများဆုံး
တစ်ခုခုကို
ရယူလိုကြသေးရင်
ရယူပိုင်ဆိုင်လိုကြသေးရင်
ဘဝရဲ့တစ်ခုခုကို
ပိုင်ဆိုင်ရယူချင်ကြပါသေးရင်
စိတ်ကြိုက်သာရယူပါစေ။

တောမှီရဟန်း
(၃.၈.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
စကားလက်ဆောင်

။ သည်နေ့ ညချမ်းချိန် ။

။ တစ်နေ့တခြား
ပြောင်းလဲသွားတဲ့
ရုပ်သားအလှတွေ။

။ တစ်နေ့တစ်မျိုး
ရုပ်ဆိုးသွားတဲ့
ကိုယ့်ရဲ့ရုပ်ရည်တွေ။

။ သည်နေ့ရုပ်လွှာ
ရင့်မာသွားတဲ့
ကိုယ်ရဲ့ခန္ဓာတွေ။

။ တားဆီးမရ
ပရမတ်ကို
ဒီညရှု့ပွားစေ။

တောမှီရဟန်း
(၁.၈.၂၀၂၂) ရက်နေ့ညချမ်းချိန်။)

Loading

Categories
စကားလက်ဆောင်

။ ရွေ့နေသောနေ ။

(၆၂) အမှတ်တရစကား။

။ နေထွက်နေဝင်
မိုးချုပ်လျှင်ဖြင့်
ရုပ်သွင်တစ်ခုပြောင်းလဲခြင်း? ဆိုတဲ့ကဗျာအတိုင်း ဒီနေ့ကိုလေးအောင်ဖေကတော့ အခုမြင်ရတဲ့အတိုင်းပဲ ကိုကြီးအောင်ဖေဖြစ်နေပြီ။

။ အသက်ကမငယ်တော့ နက်ဖြန်(၆၃) ပြည့်မယ်လေ။ လာလာသမျှသော အပေါင်းအဖော်တွေက ” ဟာ အတော်လေးအိုစာပေါ့လား ကိုအောင်ဖေ” ဆိုပြီး ပြောသူပြောပေါ့ကွယ်။

။ ကိုယ်ကတော့ သိတဲ့အတိုင်းပဲပေါ့လေ။ ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်လင်လင်ပါပဲ။ မနေရလည်း သေတော့လည်းဘာထူးလိုတုန်း ဆိုတဲ့အားပေးသူကရှိနေတော့ သဘောကျသားပါပဲ။

။ နက်ဖြန်ခါဆို အောင်ဖေမွေးနေ့။ သူများလိုမတတ်နိုင်ဘူး။ လှူဒါန်းဖို့ မပေါများဘူး။ ဓနပိုင်ရှင်မှမဟုတ်ဘဲလေ။

။ မွေးနေ့ပွဲအဖြစ်
၁) အသက်ကိုပေးခဲ့သော မိဘနှစ်ပါးကို မေတ္တာနှင့်ကျေးဇူးဆပ်မယ်။
၂) ပညာသင်ပေးကြသောဆရာတွေကို ပြန်လည်ပြီး ကျေးဇူးဆပ်မယ်။
၃) ရန်သူလိုမုန်းနေကြသူတွေကို သည်းခံကျေအေးပြီး အမှတ်တရအနေနဲ့ပဲ ထားလိုက်မယ်။
၅) မိမိကို လိမ်ညာကြသူ၊ သစ္စာမဲ့စွာစော်ကားကြသူ၊ ကြောက်မက်စရာဖြစ်အောင်လုပ်ကြံကြတဲ့သူတွေကိုလည်း အပြစ်မယူမငြူစူပဲ နားလည်မှုထားပေးလိုက်မယ်။
၆) အထင်သေးကြတဲ့သူ၊ သိက္ခာချကြတဲ့သူတွေကိုလည်း နားလည်သည်းခံပေးလိုက်မယ်။
၇) ဝိပဿနာတရားကို စိတ်ကြိုက်ပွားများပြီးနေလိုက်မယ်လို့ပဲ။

။ မွေးနေ့အတွက် ဆုတောင်းပေးကြတဲ့သူတွေကိုတော့ ကျေးဇူးတင်ပါတယ်လို့ပဲနှုတ်ဆက်ပါတယ်။

ကိုကြီးအောင်ဖေ
(၁၃.၇.၂၀၂၂) ရက်နေ့။ (အကြို)

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး

ကျေးဇူးကြွေး မေတ္တာကြွေး သွေးကြွေးမမေ့ပါဘူးရယ်။

“မြန်မာနိုင်ငံအပေါ် ကျနော်တို့ ဂျပန်နိုင်ငံနဲ့
ဂျပန်လူမျိုးတွေက ကျေးဇူးကြွေး
တင်ရှိနေပါတယ်။”

“ဒုတိယကမ္ဘာ့စစ်ကာလ နိုင်ငံအသီးသီးက
ကျနော်တို့ ဂျပန်စစ်သားတွေကို
သုတ်သင်ရှင်းလင်းပစ်ခဲ့ကြပေမယ့်
မြန်မာနိုင်ငံက လူတွေကတော့ ကျနော်တို့
စစ်ရှုံး ဂျပန်စစ်သားတွေကို အသက်ရှင်လျက်
ပြန်ပို့ပေးခဲ့တဲ့အတွက် သွေး မေတ္တာကြွေးတွေ
တင်နေခဲ့တာကို ကျွန်တော့်နှလုံးသားမှာ
မှတ်တမ်းတင်ထားလျက်ရှိပါတယ်။”

ဂျပန်ဝန်ကြီးချုပ်ဟောင်း
ရှင်ဆိုအာဘေး

Loading

Categories
စကားလက်ဆောင်

မြန်မာရဟန်းတော်တွေ အနာဂတ်မှာတွေ့ကြုံရမည့်အခက်အခဲတွေကိုဖြတ်ကျော်ဖို့အဆင်သင့်ဖြစ်နေပြီလား

(ဒီနေ့ ဒီဆောင်းပါးကို ဖတ်ဖြစ်ပါသည်။)
(အဲးခိုး)(၉.၇.၂၀၂၁) ရက်နေ့။

<><><><><><><><><><><><><><>

မြန်မာရဟန်းတော်တွေ အနာဂတ်မှာ တွေ့ကြုံရမည့်
အခက်အခဲတွေကို ဖြတ်ကျော်ဖို့ အဆင်သင့်ဖြစ်နေပြီလား

အရှင်သိရီသုမင်္ဂလာသာမိ

(၁)
အမေရိကန်ရဟန်းတော်တစ်ပါးလည်းဖြစ်၊ ဗုဒ္ဓသာသာပညာရှင်တစ်ပါးလည်းဖြစ်တဲ့ ဘိက္ခုဗောဓိက လွန်ခဲ့တဲ့(၂၀၀၂)ခုနှစ်မှာ ထိုင်၀မ်နိုင်ငံံ၊ ဖူယန်ဗုဒ္ဓဘာသာတက္ကသိုလ် (Fuyen Buddhist Institute) မှာ ရဟန်းတော်တွေ၊ သီလရှင်တွေကို “The Challenge to the Samgha in the 21st Century- (၂၁)ရာစုမှာ သံဃာတော်တွေ ကျော်ဖြတ်ရမည့် စိန်ခေါ်မှု””ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောသွားခဲ့ပါတယ်။ အဲဒီဟောပြောချက်ထဲမှာ ရဟန်းတော်တွေ၊ သီလရှင် တွေရဲ့ ပညာရေး အခန်းကဏ္ဍနှင့်ပတ်သက်ပြီးတော့ သတိပေးထားတာတစ်ခုကို တွေ့ရပါတယ်။ အဓိပ္ပာယ် ပေါ်ရုံဖော်ပြရရင်တော့ ““သုတခေတ်ကြီးထဲမှာ နိုင်ငံ တစ်နိုင်ငံရဲ့ လူဦးရေအများစုဟာ တက္ကသိုလ်ပညာရေးတွေကို လေ့လာဆည်းပူးကြပါတယ်။ လူတွေဟာ အတိတ်ကာလကထက်ကို ပိုပြီးတော့ သတင်း အချက်အလက်တွေ၊ ဗဟုသုတတွေ၊ ပညာရပ်တွေကို လွယ်ကူချောမွေ့စွာ ၀င်ရောက်ရှာဖွေ လေ့လာနိုင်နေပြီ ဖြစ်တယ်။ လောကီပညာရပ်တွေကိုမပြောနဲ့၊ ဗုဒ္ဓဘာသာ ပညာရပ်တွေမှာတောင်မှ အတိတ်ကာလထက်ကို ပိုမိုနောကျေစွာ သိရှိနေကြပါပြီ။ (အဆင့်မြင့်ပညာတွေကို ဆည်းပူးထားတဲ့) သူတို့တွေဟာ တရားဓမ္မတွေကို သူတို့တွေ သုတေသနပုံစံနှင့် လေ့လာ၊ သင်ယူခဲ့သလို ပုံစံတွေ၊ စံနှုန်းတွေနဲ့ တိုင်းတာပြီးမှ၊ ဝေဖန်ဆုံးဖြတ် ပြီးမှ လက်ခံကြပါလိမ့်မယ်။
အတိတ်တုန်းက ဘုန်းတော်ကြီးတွေကို ရိုသေ လေးစားမှု၊ ချစ်ကြောက်ရိုသေမှုကြောင့် ဘုန်းတော်ကြီး တွေ ပြောသမျှ ဟောသမျှ တရားဓမ္မတွေကို မေးခွန်း မထုတ်ကြတော့ဘဲ တစ်ခါတည်း လက်ခံခဲ့ကြပေမဲ့ ခုခေတ်မှာတော့ အရင်ကလို ဘုန်းတော်ကြီးတွေ ပြောသမျှကို အသာတကြည်လေး လက်ခံကြတော့မှာ မဟုတ်ဘူး၊ ခေတ်သစ်ပညာရေးစနစ်က သူတို့တွေကို မေးခွန်းတွေ မေးမြန်းဖို့၊ စူးစမ်းလေ့လာဖို့ကို သေသေ ချာချာ လေ့ကျင့်ပေးထားကြတယ်။ ဒါကြောင့် သူတို့တွေ ဟာ ဗုဒ္ဓဘာသာအကြောင်းကို လေ့လာတဲ့အခါမှာ တက္ကသိုလ်ပညာရေးစနစ်အတိုင်း ချဉ်းကပ်ကြပါလိမ့်မယ်။ ဆိုတော့ ရဟန်းတော်တွေ၊ ဘိက္ခုနီ၊ သီလရှင်တွေဟာ အနာဂတ်မျိုးဆက်သစ်တွေ မေးမြန်းလာမည့်၊ စူးစမ်းလာမည့် အမေးတွေ၊ ပြဿနာတွေကို ဖြေနိုင်ဖို့ အဆင်သင့် ပြင်ဆင်ထားရပါလိမ့်မယ်။ ဘုန်းကြီး၊ သီလရှင်တွေအနေနဲ့ လူတွေထံကနေ ကျိုးနွံမှု၊ လေးစားမှုတွေကို အလွယ်တကူ မျှော်လင့်နေလို့မဖြစ်နိုင်ဘူး။ ဒီလို လေးစားမှု၊ ရိုကျိုးမှုတွေကို လူတွေမေးလာမည့် တရားဓမ္မအမေးတွေ ကို ရှင်းရှင်းလင်းလင်း၊ပြတ်ပြတ်သားသား ဖြေရှင်းပေး ခြင်းဖြင့်သာလျှင် ရရှိလာနိုင်ပါလိမ့်မယ်။ ဒါကြောင့် ရဟန်းတော်တွေ၊ သီလရှင်တွေ ကိုယ်တိုင် အဆင့်မြင့် ပညာရေးတွေကို ရရှိအောင် ကြိုးစားဖို့လိုပါလ်ိမ့်မယ်။ အထူးသဖြင့်တော့ ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီးတော့ပေါ့။ ဒါ့အပြင် တရားဓမ္မနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ ခေတ်သစ် အတွေးအခေါ် ဒဿနိကဘာသာရပ် (Modern Philosophy)၊ စိတ်ပညာဘာသာရပ် (Psychology) တွေနှင့် အခြားသော ဘာသာရပ်တွေကိုပါ တတ်ကျွမ်းစွာ လေ့လာထားသင့်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် စောစောကပြောခဲ့တဲ့ လောကီဘာသာရပ်တွေကို ဘုန်းတော်ကြီးသင်ပညာရေး ပြဋ္ဌာန်းစာအုပ်ထဲမှာ ဘယ်လိုပေါင်းစပ်ထည့်သွင်းမလဲဆိုတဲ့ ပြဿနာရဲ့အဖြေ ကို ဘုန်းတော်ကြီးတွေရဲ့ ပညာရေးအတွက် တာ၀န် အရှိဆုံးဖြစ်တဲ့ ဘုန်းတော်ကြီးတွေကိုယ်တိုင်ကပဲ ဖြေရှင်း ရပါလိမ့်မယ်””တဲ့။

(၂)
ဒီလိုသတိပေးစကားကို ဘိက္ခုဗောဓိထက် အစော ကြီးကတည်းက ပြောဆို၊ မိန့်ကြားသွားတဲ့ ဆရာတော် ဘုရားကြီးတစ်ပါးကို ဂုဏ်ယူစွာ တွေ့ရှိရပါသေးတယ်။ (အမှန်တော့ တစ်ပါးမကပါဘူး၊ ကမ္ဘာ့သာသနာပြု ဆရာတ်ာဘုရားကြီး ဦးသေဋ္ဌိလတို့ကဲ့သို့သော ပုဂ်္ဂိုလ်ထူး တွေကလည်း အလုပ်နဲ့ သက်သေပြသွားခဲ့ကြပါတယ်) သူကတော့ အခြားသူမဟုတ်ပါဘူး၊ မြန်မာ့သာသနာ့ လောကရဲ့ ရတနာတစ်ဆူဖြစ်တော်မူတဲ့ တောင်မြို့၊ မဟာ ဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသပဲ ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးက လွန်ခဲ့တဲ့ နှစ်(၅၀-၆၀)လောက်ကတည်းက အနာဂတ်ဘုန်းတော်ကြီးတွေ တွေ့ကြုံရမည့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ကြိုမြင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကိုယ်ကျင့်သီလပိုင်း တွေ ပြုပြင်ပြောင်းလဲဖို့၊ ပညာရေးတွေကို ပြုပြင် ပြောင်းလဲဖို့ သူ့ခေတ်၊ သူ့ကာလကတည်းက အဆို တင်သွင်း၊ လျှောက်ထားတောင်းပန်ခြင်း၊ သတိပေး နှိုးဆော်ခြင်းတွေကို အဆက်မပြတ် ပြုလုပ်ပေးခဲ့ပါ တယ်။ အဲဒီ သတိပေးစကားတွေထဲက တစ်ခုကိုတော့ ““အနာဂတ်သာသနာရေး”” ဆိုတဲ့ စာအုပ်ထဲမှာ အောက်ပါအတိုင်း တွေ့ရှိရပါတယ်။
““အနာဂတ်ကာလ၌ နိုင်ငံနှင့် သာသနာတော်၏ ကျက်သရေကို ဆောင်ကြရမည့် သာသနာ၀င်အရှင် ကောင်းတို့မှာ ယခုလက်ရှိ ရှင်ငယ်၊ ရဟန်းငယ်များပင် ဖြစ်၏။ ထိုသူတို့ကို ယခုနှယ်က အနေအထိုင် ကိုယ်ကျင့်သိက္ခာနှင့် စာပေပညာအမျိုးမျိုးကို တတ်သိအောင် ကြိုးစားပေးဖို့ တာ၀န်ကား ယခုအခါ မိရိုးဖလာ ပို့ချသင်ပြနေခြင်းမျိုးဖြင့် ကျေပွန်ကြမည် မဟုတ်သေး ချေ။ ဘာ့ကြောင့်နည်း။ ယခုသင်နည်းကား ပါဠိကို သင်နေသည်ဟုဆိုလိုပါလျက် ထိုပါဠိကို မပြောတတ်၊ မရေးတတ်ဘဲ ဖတ်တတ်ရုံသာ အဓိပ္ပာယ် သိရုံမျှ ဖြစ်သောကြောင့်တည်း။ အနာဂတ်ကာလ၀ယ် တတ် ဖွယ်, မှတ်ဖွယ်,သိဖွယ်,သာသနာပြုဖွယ်သည်ကား ဧကန် ကျယ်၀န်းလာပေလိမ့်မည်။ ထိုသို့ မချဲ့နိုင်လျှင်လည်း သာသနာ၀င်အရှင်များကို ရှေးခေတ်ကလို လေးစား ကြမည်မဟုတ်၊ လက်ရှိအခြေအနေကိုပင် လေးနက်စွာ စဉ်းစားကြည့်ပါလေ။

(၃)
ဒါတွေကတော့ ပညာရေးလောကမှာ ထင်ရှား ကျော်ကြားတဲ့ ဆရာတော်ဘုရားကြီးနှစ်ပါးရဲ့အနာဂတ် ရဟန်းတော်တွေ၊ သီလရှင်တွေကို စေတနာကြီးစွာနဲ့ သတိပေးစကားပြောကြားထားခြင်းပဲဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကို သေချာစွာ သိရှိ၊ နားလည်၊ သဘော ပေါက်၊ ခန့်မှန်းမိတဲ့ ခေတ်အဆက်ဆက်က မြန်မာ ရဟန်းတော်တွေကလည်း ဘုန်းတော်ကြီးပညာရေးကို နောက်မကျရလေအောင် ညှိယူဖို့ အမျိုးမျိုးကြိုးစားခဲ့ကြ ပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အောင်မြင် သင့်သလောက် မအောင်မြင်ဖြစ်နေခဲ့တယ်။ အကျိုးဆက် အနေနဲ့ကတော့ အနည်းစုကလွဲလို့ အများစုသော မြန်မာ ရဟန်း၊ သာမဏေ၊ သီလရှင်တွေဟာ တဖြည်းဖြည်း အ,အလေးတွေဖြစ်လာကြပါတယ်။ ပါဠိသင်တယ်လို့ လည်းဆိုသေးတယ် ပါဠိလိုမရေးတတ်၊ မပြောတတ်ကြ ဘူး။ တချို့ဆိုလျှင် မြန်မာစာတောင် ဖြောင့်အောင်၊ အဆင့်မီအောင် မရေးနိုင်ကြဘူး။ ပြဋ္ဌာန်းစာလောက်နဲ့ သာ အချိန်ကုန်နေရတဲ့အတွက် အခြားသောပိဋကတ် ကျမ်းစာတွေကိုလည်း မလေ့လာနိုင်ကြဘူး။ ဒီလိုနဲ့ ပိဋကတ်ဗဟုသုတတွေလည်း နည်းပါးလာခဲ့ကြတယ်။ သင်ထားတဲ့ ဗုဒ်္ဓစာပေတွေကို အသုံးချပြီးတော့လည်း သဘာ၀ပတ်၀န်းကျင်ပြဿနာတွေ (Environment Crisis) ၊ လူမှုရေးပြဿနာ (Social Problems) တွေကို ဖြေရှင်းနိုင်မှု အားနည်းခြင်းကြောင့် လူပုဂိ်္ဂုလ်တွေကို ဦးဆောင်နိုင်မှုပါ တဖြည်းဖြည်း လျော့ကျလာပါတယ်။ လောကီစာပေ၊ ဘာသာရပ်တွေနဲ့ ကင်းကွာခဲ့ရတဲ့အတွက် လောကီဘက်မှာလည်း နကန်းတစ်လုံးမျှမသိ ဖြစ်လာခဲ့ကြရှာတယ်။ ဒီလိုနဲ့ ရဟန်း၊ သာမဏေ၊ သီလရှင်တွေဟာ လောကီဘက်ရော၊ လောကုတ္တရာဘက်မှာပါ ဟိုမရောက် ဒီမရောက် မျောက်သစ်ကိုင်းလွတ် ဖြစ်လာခဲ့တော့တယ်။ ပိုဆိုးတာက အချို့ဆိုလျှင် အကျင့်စာရိတ္တပိုင်းတွေပါ ယိုယွင်း ပျက်ပြား လာခဲ့ကြတာပါပဲ။ ဒါတွေကို ခုအချိန်မှာ မပြင်နိုင်ခဲ့ဘူး ဆိုရင် နောင်အချိန်မှာပိုဆိုးတဲ့အနေအထားတွေနဲ့ ရင်ဆိုင်လာရပါလိမ့်မယ်။ ဒီလိုဆိုရင် သာသနာ အတွက်ရော၊ နိုင်ငံအတွက်ပါ အလွန် အန္တရာယ်များ ပါတယ်။
ဆိုတော့ လက်ရှိ သံဃာ့အသိုင်းအဝိုင်းမှာ ဖြစ်ပျက်နေတာတွေကို အကြီးပိုင်းတွေဖြစ်ကြတဲ့ သံဃာ့ ဦးသျှောင် ဆရာတော်ဘုရားကြီးတွေ အောက်ကို ခေါင်းငုံ့ကြည့်သင့်နေပါပြီ။ ဒီအတိုင်း ဆက်ထား လိုက်မယ်ဆိုရင် မြန်မာ့မျိုးဆက်သစ်ရဟန်းငယ်၊ သာမဏေငယ်၊ သီလရှင်ငယ်လေးတွေ လောကီ အတွက်လည်း အသုံးမ၀င်၊ လောကုတ္တရာဘက်မှာ လည်း ဟုတ်တိပတ်တိ မဟုတ်၊ နိုင်ငံတကာနှင့် ယှဉ်ရင်လည်း ရှေ့မတိုးနိုင် ဆက်ဖြစ်နေပါလိမ့်မယ်။ တကယ်တော့ မျိုးဆက်သစ်တွေကသာ အနာဂတ် သံဃာတော်တွေရဲ့ဂုဏ်၊ သာသနာတော်ကြီးရဲ့ဂုဏ်ကို ဆက်လက် စောင့်ထိန်းသွားကြမှာပါ။ ဒီလိုဂုဏ်သိက္ခာ တွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် အနာဂတ် မျိုးဆက်သစ်တွေကို ပညာအမွေ၊ အကျင့်သိက္ခာ အမွေတွေကို ကောင်းကောင်းပေးခဲ့ရပါလိမ့်မယ်။ ခုလက်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင်တွေ ဒီအမွေ တွေကို မရလျှင်တောင်မှ အနာဂတ် မျိုးဆက်သစ်တွေ ဒီအမွေတွေကို ရမည်ဆိုလျှင် ကျေနပ်ရပါပြီ။ ဒါကြောင့် ယခုလက်ရှိ သံဃာ အကြီးအကဲ ဆရာတော်ဘုရားကြီး တွေအနေနဲ့ လက်ရှိ ဘုန်းတော်ကြီးသင်ပညာရေးနဲ့ အကျင့်စာရိတ္တ စည်းကမ်းပိုင်းတွေကို ပြန်လည် သုံးသပ်ပြီး၊ ပြုပြင်သင့်တာတွေကို ပြုပြင်သင့်နေပါပြီ။ ဖြည့်စွက်သင့်တာတွေကို ဖြည့်စွက်သင့်နေပါပြီ။ အထက်မှာ ဆရာတော် ဘိက္ခုဗောဓိ မိန့်ကြားခဲ့သလိုပါပဲ၊ အနာဂတ်ဘုန်းတော်ကြီးတွေရဲ့ ပညာရေးတိုးတက်ဖို့ အတွက် ဘုန်းတော်ကြီးတွေမှာသာ တာ၀န်ရှိပါတယ်၊ ဘုန်းတော်ကြီးတွေအပေါ်မှာပဲ မူတည်နေပါတယ်။ ခုအချိန်မှာ လူပုဂ်္ဂိုလ်တွေက သူတို့တွေရဲ့ လူပညာရေး တွေကို ကောင်းအောင် အမျိုးမျိုးကြိုးစားနေကြတဲ့အချိန် မှာ ဘုန်းတော်ကြီးတွေက ဘုန်းတော်ကြီးပညာရေးကို အဆင့်မြှင့်ဖို့ မကြိုးစားဘဲ အသာလေးငြိမ်မနေသင့်တော့ ပါဘူး။ မှတ်ချက်။ ။ တိပိဋကစာမေးပွဲ၊ သာမဏေကျော်နဲ့ အဘိဝံသစာမေးပွဲတွေဟာ ပိဋကတ်ကို တကယ် နှံ့စပ် ကျွမ်းကျင်တတ်မြောက်စေတဲ့ စာမေးပွဲများပဲ ဖြစ်ပါတယ်။ ဒီစာမေးပွဲတွေဟာ မြန်မာပြည်ရဲ့ အမှတ်အသား လက္ခဏာ (Identity) တစ်ခုပဲ ဖြစ်ပါတယ်။ ဒါတွေ ကိုတော့ သေသေချာချာ ထိန်းသိမ်းစောင့်ရှောက်ထားရမှာ ဖြစ်ပါတယ်။

(၄)
ခေတ်ကြီးက တိုးတက်လာတာနှင့်အမျှ အနာဂတ် သာသနာပြုဖွယ်ကိစ္စတွေကလည်း ကျယ်ပြန့်လာပါ တယ်။ သာသနာ ကျယ်ကျယ်ပြန့်ပြန့် ပြုနိုင်ဖို့အတွက် ဘုန်းတော်ကြီးတွေရဲ့ ပညာရေးဟာ ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ဗုဒ္ဓတရားဓမ္မတွေကို ခေတ်အမြင်နဲ့ ချဉ်းကပ်တတ်ရုံတင်မက၊ အခြားဘာသာစကားတွေ နဲ့ပါ ဟောပြော၊ ပို့ချ၊ သင်ပေးနိုင်အောင် ကြိုးစား ပြင်ဆင်ထားသင့်ပါတယ်။ ဟုတ်ပါတယ်။ အခုခေတ်ကြီးမှာ ဘာသာရေး၊ ပညာရေး၊ စီးပွားရေးတွေ တိုးတက်ဖို့အတွက် ဘာသာစကားတွေ နှစ်ခု၊ သုံးခု တတ်ထားလေ ပိုကောင်းလေပါပဲ။ ဘာသာစကား တစ်ခုတတ်ထားတဲ့သူထက် နှစ်ခု၊ သုံးခုတတ်ထားတဲ့ သူက ပိုပြီးတော့ ထိထိရောက်ရောက် ပညာသင်ယူ နိုင်တာ၊ သာသနာပြုနိုင်တာကို တွေ့ရပါတယ်။ အခြား နိုင်ငံတွေလည်း အခြားသော ဘာသာစကား၊ စာပေတွေ၊ ယဉ်ကျေးမှုတွေကို အကြီးအကျယ် လေ့လာသင်ယူ နေကြပါပြီ။ သိရသလောက်တော့ နာမည်ကြီးတက္ကသိုလ် ကြီးတွေမှာ သက္ကတ၊ ပါဠိနှင့် ဗုဒ္ဓဘာသာဌာနကိုတောင် ထည့်သွင်းနေကြပါပြီ။ နောင်အနာဂတ်မှာတော့ ဒီ့ထက် ပိုမိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမယ်ထင်ပါတယ်။ ဒါ့ကြောင့် မြန်မာရဟန်းတော်၊ သီလရှင်တွေအနေနဲ့ ပါဠိနှင့် ဗုဒ်္ဓဘာသာပညာရပ်တွေသာမက၊ ဘာသန္တရ စာပေပညာတွေကိုပါ ကျွမ်းကျင်စွာ ပြောဆိုနိုင်ဖို့၊ ရေးသားနိုင်ဖို့၊ သင်ကြားပို့ချနိုင်ဖို့ ပိုမိုလိုအပ်နေပါပြီ။ ဝိပဿနာဘက်မှာပါ ပိုကျွမ်းကျင်မည်ဆိုလျှင် သာသနာ ပြုရတာ ပိုမိုလွယ်ကူပါလိမ့်မယ်။ ဒီလို ပညာရေးတွေ ကောင်းအောင်၊ကိုယ်ကျင့်သိက္ခာပိုင်းတွေကောင်းအောင် လုပ်ထားခြင်းဖြင့်သာလျှင် အနာဂတ်မှာ ဖြစ်ပေါ်လာ မည့်၊ တွေ့ကြုံလာမည့် အခက်အခဲ၊ စိန်ခေါ်မှုတွေကို လွယ်လင့်တကူ ဖြေရှင်း ဖြတ်ကျော်နိုင်မှာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ရှေးရိုးစွဲသူအချို့က စိုးရိမ်တကြီး ပြောချင်ပြောကြလိမ့်မယ်။ ဘာသန္တရစာပေတွေ၊ လောကီ စာတွေကို သင်ယူတတ်မြောက်ထားရင် လူစိတ်ပေါက်ပြီး၊ လူထွက်ကုန်ကြလိမ့်မယ်လို့။ တကယ်တော့ လူထွက်တာ၊ မထွက်တာက ပညာတတ်တာ၊ မတတ်တာနဲ့ သိပ်မဆိုင် လှပါဘူး။ သဒ္ဓါတရားရှိခြင်း၊ မရှိခြင်းနဲ့ပဲ ဆိုင်မယ်ထင်ပါ တယ်။ သဒ္ဓါတရား ခိုင်မြဲတဲ့သူတွေကတော့ သာသနာမှာ ဆက်ရှိနေမှာပါ။ သဒ္ဓါတရား နည်းပါးသွားကြတဲ့သူတွေ ကတော့ သာသနာကနေ ပြေးထွက်သွားကြမှာပါ။ ဒါပါပဲ။ ဆိုတော့ လူထွက်တယ်ဆိုတာသိပ်ပြီးတော့ အထူးအဆန်း ကြီးတော့ မဟုတ်ပါဘူး။ ခုလိုခေတ်ကြီးထဲမှာ လူထွက် ကုန်တာ အသာထား၊ သာသနာ တိုးတက်ပါတယ်ဆိုတဲ့ ဘုရင်ခေတ်တွေမှာတောင် သာသနာပိုင်တွေတောင် လူထွက်ကြပါသေးတယ်။ ဘယ်လောက်ပဲ လူထွက်ထွက် သာသနာတော်မှာ မြဲနေပြီး သာသနာတော်တိုးတက်ရာ၊ တိုးတက်ကြောင်းတွေကို အားကြိုးမာန်တက် လုပ်ဆောင် ပေးနေတဲ့ ရဟန်း၊ သာမဏေ၊ သီလရှင်တွေကတော့ ရှိမြဲရှိလျက်ပါပဲ။ ဒါကြောင့် ကျွန်ုပ်အနေနဲ့ကတော့ ““လူထွက်ကုန်တာကို မစိုးရိမ်လှဘူး၊ လူမထွက်တဲ့သူတွေ အရည်အချင်း (ပရိယတ်၊ပဋိပတ်)မပြည့်၀မှာကိုပဲ စိုးရိမ်လှပါတယ်။””
ဒီတော့ မြန်မာရဟန်း၊ သာမဏေ၊ သီလရှင်တွေ အနာဂတ်အတွက် အသင့်ဖြစ်နေအောင် ပညာရေးပိုင်း နဲ့ စည်းကမ်းပိုင်းတွေကို သေသေချာချာ ပြင်ဆင်ပေး ဖို့က အရေးကြီးလှပါတယ်။ ပညာရည်ပြည့်၀ဖို့၊ နိုင်ငံ တကာနှင့် ရင်ဘောင်တန်းနိုင်ဖို့ဆိုရင် ခေတ်သစ်ပညာ ရေးပုံစံတွေကို သင်ပေးရဦးတော့၊ သင်ပေးရပါလိမ့်မယ်။ အကယ်၍ ပညာစုံသွားပြီး မပျော်တော့လို့၊ သဒ္ဓါတရား မရှိတော့လို့ လူထွက်သွားဦးတော့ သူတို့တွေရဲ့ လူထွက် သွားခြင်းဟာ သာသနာတော်အတွက် ဆုံးရှုံးပေမဲ့ နိုင်ငံ အတွက် မဆုံးရှုံးပါဘူး။ တကယ်လို့ သူတို့ကိုသာ သင်ယူ သင့် သင်ယူထိုက်တဲ့ ပညာရပ်တွေကို မသင်ပေးခဲ့လိုက် လျှင် သူတို့တွေ သာသနာတော်မှာ ရှိနေဦးတော့ အပိုကြီး သက်သက်သာ ဖြစ်နေမှာပါ၊ စည်းကမ်းပိုင်း ဆိုင်ရာ အားနည်းတဲ့သူဆိုရင်တော့ သာသနာတော်ကြီး သိက္ခာတောင် ကျသွားနိုင်သေးတယ်။ ဘာမှမတတ်ဘဲ လူထွက်သွားရင်လည်း လူ့လောကမှာ အသုံးသိပ်တည့် လှမှာ မဟုတ်ဘူး။ ဆိုတော့ သာသနာအတွက်ရော နိုင်ငံအတွက်ပါ လူသားအရင်းအမြစ် အကြီးအကျယ် ဆုံးရှုံးနေတာပါ။ ဒါ့ကြောင့် ဘုန်းတော်ကြီးသင်ပညာရေး မှာ သင်နည်းစနစ်တွေကို အနည်းငယ် ပြောင်းဖို့၊ လိုအပ် နေတဲ့ ဘာသာရပ်တွေကို ထပ်ဖြည့်စွက်ဖို့ အချိန်တန် နေပါပြီ။
ဒီလိုလုပ်ပေးမှသာလျှင် မြန်မာရဟန်းတော်တွေ အနာဂတ်မှာ တွေ့ကြုံရမယ့် အခက်အခဲတွေကို ရင်ဆိုင် ကျော်ဖြတ်ဖို့ အဆင်သင့်ဖြစ်နေမှာပါ။
(အတ္တုက္ကံသန၊ ပရ၀မ္ဘန သဘောတွေနဲ့ ရေးသားခြင်း မဟုတ်ပါ။ အားလုံးပျော်ရွှင်ကြပါစေ။)

အရှင်သိရီသုမင်္ဂလသာမိ

Loading

Categories
စကားလက်ဆောင်

။ မြန်မာနှင့်ပတ်သက်၍ သူ့စကား ။

။ မြန်မာပြည်ကို သူရောက်ခဲ့တယ်။ သူ့ရဲ့မိသားစုရာဇဝင်သမိုင်းက အထင်အရှားရှိခဲ့တယ်။ သူရဲ့ဝန်ကြီးချုပ်လုပ်ခဲ့စဉ်က မြန်မာနဲ့သူဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ လူတိုင်းအသိပါပဲ။ ဒါပေမဲ့ နိုင်ငံရေးဟာ ပုဂ္ဂိုလ်ရေး သို့မဟုတ် သင်းဖွဲ့ဂဏရေးနဲ့ပတ်သက်လာရင် အစွဲပြုကြီးကြတဲ့သူတွေက ဒေါသအမျက်တွေ မထိန်းသိမ်းနိုင်ကြတာများပါတယ်။

။ အာဘေးကွယ်လွန်သွားခဲ့ပေမယ့် သူ့ရဲ့ဘဝစက်ဝန်းအိမ်က သမိုင်းအိမ်ကျယ်ထဲမှာ အကြွင်းမဲ့ကျန်ရှိနေမှာပါ။ ပေးဆပ်သူတွေရဲ့ဘဝဟာ အမြတ်ဆုံးကိုပဲ ပေးဆပ်ကြရတာများပါတယ်။ အာဘေးရဲ့ပေးဆပ်မှုဟာ ဂျပန်ပြည်သူပြည်သားအတွက်သက်သက်သာမဟုတ်ဘဲ အာရှသားပြည်သူပြည်သားတွေအတွက်လည်း သင်ခန်းစာသတိပေးနေသလိုပါပဲလို့ မြင်မိပါလေရဲ့။

။ ကမ္ဘာ့နိုင်ငံရေးဟာ အာရှကမ္ဘာအတွက် မကြာမီပြောင်းလဲမှုတွေ ရှိလာကြတော့မည်လားပါ။ အာရှရေးရာလေ့လာသုံးသပ်ကြတဲ့သူတွေ ပိုသိမှာပါ။ ဘာပဲပြောပြော ဂျပန်ပြည်နိုင်ငံရေးဂယက်ဟာ ခုလိုထလာရင် အာရှနဲ့ဖစိဖိတ်ဒေသလုံခြုံရေးစည်းဟာ ပြန်လည်ဆန်းစစ်သင့်နေပါပြီလို့ မြင်မိပါလေရဲ့။

။ ဒီနေ့မနက်တော့ ဤမျှသာပဲ ကျေနပ်ကြပါ။ အရှင်တို့မြန်မာပြည်လည်းပဲ ဘေးကင်းရန်ကွာ စိတ်ချမ်းသာဖို့ အရေးကြီးနေပါပြီ။
(စာနှင့်ဓာတ်ပုံများကို ယူသုံးပါသည်။)

အဲးခိုး
(၉.၇.၂၀၂၂) ရက်နေ့နံနက်။)

Loading

Exit mobile version
ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်