Categories
စကားလက်ဆောင်

။ သိပါသည် ။

။ ကျဉ်းမြောင်းတဲ့
ဘဝကို
ဖြတ်သန်းခဲ့။

။ နာကြည်းရတဲ့
နှလုံးသားကို
ခိုကိုး, ကိုးကွယ်ခဲ့ရ။

။ အထင်အမြင်သေး
ခံခဲ့ရတဲ့ဘဝကို
ရုန်းကန်လှုပ်ရှားရ။

။ ဘဝရဲ့ကံအရာ
အားကျစရာရယ်လို့
မရှိခဲ့။

။ ခုတော့
လူတောသူတော
တိုးရတာလည်း
မဝံ့မရဲ။

။ ဒါတွေအားလုံး
ကျွန်တော်သိပါတယ်။
ကျွန်ုပ်နားလည်ပါတယ်။

။ ဒါပေမဲ့
ဘဝရဲ့
ပဋိစ်စသမုပ္ပါဒ်
အကြောင်းစပ်
အကျိုးမရပ်သေးတော့
အကြောင်းမပြတ်
အကျိုးမရပ်နိုင်သေးတော့
ကံကြမ္မာဝဋ်
အတုံ့အပြန်
အတုံ့အလှည့်တော့
အလှည့်ကျ
အလှည့်ပေး
ခံရဦးမှာပါပဲလေ
ဒါတွေကို
ကျွန်ုပ်သိပါတယ်။

။ ကျွန်ုပ်မသိသေးတာက
ကျွန်ပ်သည်
ဘယ်ကလာသလဲ?
ကျွန်ပ်သည်
ဘယ်ကို ပြန်မလဲ?
ကျွန်ပ်ကိုယ်ကို
ကျွန်ုပ်သိပြီလား
ဘယ်လိုဘယ်လို
သိနေသလဲ?
ကျွန်ုပ်ကိုကျွန်ုပ်
မလိမ်ပါ
ကျွန်ုပ်သည်သာ
အခရာပါပဲ။

ကိုရင်ဖိုးနီ ( အညာမြေ )
(၁၉.၁၁.၂၀၂၂)

Loading

Categories
စကားလက်ဆောင် ဗုဒ္ဓဘာသာ ဘာသာရေး

။ တောရခရီး အပြန် ။

။ အေဒီ ၁၉၈၄/၈၅ ခုနှစ်ကာလက တောတောင်တွေမှာ တောရဆောက်တည်သွားလာနေထိုင်ပြီး ၁၉၈၈/၈၉ ခုနှစ်ရောက်သောအခါ တိုင်းပြည်( မြန်မာပြည်) အထွေထွေအကျပ်အတည်းကြောင့် နိုင်ငံခြားသို့ ခရီးမထွက်ခွါမီ အမှတ်တရရိုက်ကူးထားခဲ့တဲ့ပုံပါ။

။ အိမ်နီးနားချင်းတိုင်းပြည်တစ်ခုကိုထွက်ခွာသွားပြီး ဘာသန္တရပညာရပ်သင်ယူခဲ့ပါတယ်။ ခုတော့ အရှင့်ကိုပညာသင်ပေးတော်မူကြတဲ့ ဆရာအရှင်သူမြတ်တွေကလည်း ဘဝနတ်ထံပြန်လွန်တော်မူကြရှာပါပြီ။ ပညာအတူတူ သင်ယူဆည်းပူးတော်မူကြတဲ့ ပညာ့မိတ်ဆွေတော်တွေလည်း အဝေးဝေးမှာ ရောက်ကြလို့ အချို့ချို့လည်း ဒီလောကနဲ့ထွက်ခွာနေကြပြီ။

။ ပင်ပန်းစွာနဲ့ကျန်ရစ်နေသေးတဲ့ ဤအရှင်ကတော့ လောကီသားပီပီ လောကနယ်ထဲမှာ လူးလှိမ့်နေဆဲပါပဲ။ ခန္ဓာသားရဲ့အိုမင်းရင့်ရော်လာမှုကြောင့် အိုခြင်းနှိပ်စက်မှုတွေ အပြင်းအထန်မြင်တွေ့နေရတော့ ပုံမှန်နေ့စဉ်တရားပွားများဖြစ်ပေမယ့် ၊ သမာဓိတည်ငြိမ်မှုကလွဲလို့ အခြားဘာမှ မသိမမြင်ရသေးပါဘူး။

။ သံသရာမှာ ဒီခန္ဓာသာဆက်လက်၍ နှစ်သက်တွယ်တာမိခဲ့ဦးမယ်ဆိုရင်တော့ ဘဝများစွာ ကျင်လည်ကြရနေဦးမယ်။ အမှန်မလွဲပြောရရင် ဒီသံသရာမှာ ခုနှစ်ကြိမ်ထက်မလာချင်တော့ပါဘူး။ ပဋိသန္ဓေနောက်ထပ်တစ်ကြိမ်ပြန်တည်ဖို့ မကြိုးစားချင်တော့ပါဘူး။

။ သတိခါခါ
အောက်မေ့ပါသည်
အေးရာနှလုံးသွင်းတတ်ပြီ။

တောမှီရဟန်း
(၈.၁၁.၂၀၂၂) ရက်နေ့။

Loading

Categories
စကားလက်ဆောင် ပညာရေး

။ မြန်မာ့ရွာသစ် ။

။ မွေးဖွားလာကြလို့ ဘယ်သူက အတတ်ပညာနဲ့အပြီးပါလာကြလို့ပါလဲ။ ဘာမှ ပါမလာကြပါဘူး။ သူသူငါငါအားလုံးပညာကိုသင်ယူကြရတာပါပဲ။ ပညာတတ်ချင်တဲ့သူက ဆရာကောင်းဆရာမြတ်တွေထံဆည်းကပ်ကြလို့ပညာသင်ယူကြရတာပါပဲ။

။ မွေးဖွားလာကြလို့ ဘယ်သူက အတတ်ပညာနဲ့အပြီးပါလာကြလို့ပါလဲ။ ဘာမှ ပါမလာကြပါဘူး။ သူသူငါငါအားလုံးပညာကိုသင်ယူကြရတာပါပဲ။ ပညာတတ်ချင်တဲ့သူက ဆရာကောင်းဆရာမြတ်တွေထံဆည်းကပ်ကြလို့ပညာသင်ယူကြရတာပါပဲ။

။ ပညာဆိုတာလည်း လောကီအတွက်ရပ်တည်နိုင်မယ့်ပညာ၊လောကုတ္တရာအတွက်အထောက်အပံ့ပြုနိုင်မယ့်ပညာတွေပါ။ လောကီအတွက်လောကီအတတ်ပညာမတတ်ရင် ထင်သလိုမအောင်တတ်ပါဘူး။ လောကုတ္တရာပညာလည်း အတူတူပါပဲ။

။ ဒီခေတ်ကြီးမှာ လောကီပညာရပ်တွေဆိုတာလည်း သာမန်နားလည်တတ်ရုံလေးနဲ့ ပညာတတ်သူလို့မဆိုနိုင်ကြပါဘူး။ အဲဒီလိုပါပဲ လောကုတ္တရာအတတ်ပညာလည်း တကယ်မသင်ကြားနိုင်ရင်လည်း တတ်သိနားလည်မှာမဟုတ်ကြပါဘူး။

။ ယနေ့ခေတ်ကာလမှာ ဝိဇ္ဇာအတတ်၊ သိပ္ပံအတတ်ပညာတွေ အမျိုးမျိုးတတ်လာကြတာကြောင့် အတတ်နဲ့မတတ်ကြတဲ့သူတွေ မရှိသလောက်ပါပဲ။ အတတ်ပညာရပ်ကြောင့် ကမ္ဘာကြီးဟာ ကမ္ဘာရွာငယ်လေးတစ်ရွာလိုဖြစ်လာကြတော့ အံဩစရာကြီးလိုလည်း မဖြစ်ကြတော့ တန်ဖိုးခြင်းတွေ ပိုပိုပြီးနည်းလာနေသလားပါပဲ။

။ ပညာကိုအလေးအနက်တန်ဖိုးမထားကြသလို လူလူချင်းတွေမှာလည်းရိုသေလေးစားတန်ဖိုးထားမှုတွေနည်းပါးလာကြနေပြီလားတောင် တွေးမိပါလေရဲ့။ တစ်ခါတစ်လေ မြင်လိုက်ရတဲ့အဖြစ်တွေဟာလည်း အဆန်းတကြယ်ပါပဲ။ ဒီတော့ လူနေကမ္ဘာပေါ်မှာ လူတွေမှာဘာတွေများ လိုအပ်နေသေးသလည်းလို့ တွေးမိကြမှာပါပဲ။

။ ယနေ့ခေတ်ရဲ့ ခေတ်အခြေအနေအရဆိုရင်တော့ လူတွေဟာ လိုပြီးလိုပြန်ဖြစ်တဲ့ပညာရပ်ကို တတ်သိနားလည်တန်ဖိုးထားဖို့လိုအပ်မယ်လို့ပဲမြင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် လူတွေတတ်ထားတဲ့အတတ်ပညာတွေဟာ လူတွေအတွက် မလုံလောက်သေးဘဲရှိနေပါသေးတယ် မဟုတ်လား။

။ အဲဒီတော့ ယနေ့ပညာ၊ နောက်နေ့ပညာနဲ့ မတူတော့တဲ့ ခေတ်သစ်ကြီးမှာ ကမ္ဘာ့ရွာသစ်ထဲက မြန်မာ့ရွာသစ်လေးကို ဘယ်လိုစနစ်များ တည်ဆောက်ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ကြလေမည်လည်းဆိုတာကို စဉ်းစားမိပါလေရဲ့။

။ ” ငါ့ကလေးသာပညာမတတ်ရင်”
” ငါ့ပတ်ဝန်းကျင်မှာ ပညာမတတ်ကြရင်”
” ငါနေတဲ့ရွာမှာ ပညာအဖြာဖြာသာ မတတ်ကြရင်”
” သူတို့တွေ ကုသိုလ်၊အကုသိုလ် သိကြပါတော့မည်လား” လို့ပဲ တွေးနေမိပါလေရဲ့။

တောင်ကလေးဆရာတော် (၂၄.၁၀.၂၀၂၂) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ ဒီနေ့ ပြောဖြစ်ခဲ့တဲ့စကားလုံးများ ။

။ ကဲ့ရဲ့ရှုတ်ချရမှ နေနိုင်တယ်လို့ မဖြစ်နှင့်။
။ ရလာတဲ့လူ့ဘဝကို ရှင်းသန့်ပါစေ။
။ လူတိုင်းအတွက် ဒုက္ခမကင်းဘူး သိပါ။
။ ငါသာငါတတ်နိုင်ကြောင်း မကြွားပါနှင့်။
။ မိဘကို ရို သေ ဖူး သလား။
။ မိသားစုကို စောင့်ရှောက်ခဲ့ကြရဲ့လား။
။ မိမိတာဝန်အရှိဆုံးက ဘာတွေလဲ။
။ ဒီနေ့တော့ အကောင်းဆုံးနေ့ တစ်နေ့ဖြစ်ပါစေ။
။ ကြင်နာတတ်သောသူ ဖြစ်ပါစေ။
။ နေ့ညမပြတ် ဘုရားရှိခိုးမှန်ပါစေပေါ့။

တောင်ကလေးဆရာတော်
(၂၄.၁၀.၂၀၂၂) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

တိတ်ဆိတ်ငြိမ်သက် သည်နံနက် အေးစက်အေးရိပ်သာ။

(၁၉.၁၀.၂၀၂၂) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ သီတင်းကျွတ်လရောက်ပေမယ့် မကျွတ်တတ်တာတွေက အများကြီးပါပဲ ။

၁) အာဇီဝ ပြဿနာ= အသက်မွေးဝမ်းကျောင်းဆိုင်ရာနဲ့ပတ်သက်တဲ့ပြဿနာ။

၂) အသိလောက ပြဿနာ= ကဲ့ရဲ့ပြစ်တင်ခံကြရတဲ့ပြဿနာ။

၃) ပရိသသာရဇ္ဇပြဿနာ= ပရိသတ်တွေကြားမှာ လူရာဝင်အောင်နေထိုင်တတ်ရတဲ့ပြဿနာ။

၄) မရဏ ပြဿနာ=ငြိမ်သက်စွာဘဝရဲ့အဆုံးကိုရင်ဆိုင်နိုင်ဖို့ပြဿနာ။

၅) ဒုဂ္ဂတိပြဿနာ= မိမိဘဝကိုအဆုံးသတ်ပြီးလို့ နောက်ထပ်ဖြစ်လာနိုင်မယ့်ဘဝနဲ့ဆိုင်တဲ့ပြဿနာ။

။ ဒီပြဿနာငါးပါး (၅ မျိုး) ကို —

၁) ပညာစွမ်းအား (ပညာဗလ)။
၂) ကြိုးစားမှု စွမ်းအား (ဝီရိယဗလ)။
၃) ဖြူစင်ရိုးသားမှု စွမ်းအား (အနဝဇ္ဇဗလ )။
၄) စည်းရုံးရေး စွမ်းအား (သင်္ဂါဟကဗလ)။ လေးပါးနဲ့ ချင့်ချိန်တတ်ပြီး နေထိုင်တတ်ရပါတယ် မဟုတ်လား။

။ အဲဒီလိုမှ မသိထားမိရင် သီတင်းကျွတ်ပေါင်းများနေပြီလို့ပဲမဟုတ်လား။ ကျွတ်တမ်းဝင်ထိုက်ပါလျက်နဲ့ အကျွတ်တရားမရကြတဲ့အရှင်တို့တွေဟာ ဘာနဲ့မှကျွတ်ကြ (မလဲ) မည်လည်းပါပဲ။

တောင်ကလေးဆရာတော်
(၁၄.၁၀.၂၀၂၂) ရက်နေ့ညနေခင်း။

Loading

Categories
စကားလက်ဆောင်

။ သဘောပေါက် ။

။ မမြင်ရတာကို ယုံ
မြင်ရတာကို မယုံ,မသိ,နားမလည်
ကိုယ်တွေ့ဖြစ် ယုံ
ကိုယ်တွေ့မဖြစ်ရင် မယုံ
မသိရင် မယုံတာ ပြဿနာမရှိ
မသိဘဲယုံတာက
ဘယ်လိုပါလဲ?။

။ ဒါပေမဲ့
လူတွေဟာ
မသိမမြင်ကြရတာကိုပဲ
ယုံနေကြတယ်မဟုတ်လား!
အဲဒါကို သဘောပေါက်။

အဲးခိုး
(၂၈.၉.၂၀၂၂) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ တရွေ့ရွေ့ တမေ့မေ့ ။

။ မိုးရိပ်တိမ်
မိုးတိတ်တိမ်
ကောင်းကင်တိမ်သားနဲ့တော့
မတူပါဘူး။

။ အရိပ်ကနေပြီး
တိမ်စွဲသွားတဲ့အချိန်ကို
ငြိမ်ပြီးကြည့်မိလိုက်တဲ့အခါ
လေပေါ်မှာမြင်ရတဲ့တိမ်
မိုးပေါ်မှာ မြင်ရတဲ့မိုးတိမ်တွေ
တိမ်ခြေ
တိမ်ခြည်
တိမ်လွှာ
တိမ်လိပ်
တိမ်ခိုးတွေကြား
ရွှေတိန်ညင်းငှက်ငယ်လေးက
တိမ်းညွတ်ညွတ်
လှပပ ပါပဲ။

။ သည်နေ့
တိမ်ရယ်
မိုးရယ်
လေရယ်
ငှက်ငယ်ရယ်
လိုက်ဖက်ပါပေတယ်။

။ နောက်တစ်နေ့
တိမ်လွှာကို
စောင့်ကြည့်ပါဦးမယ်။

ဘုန်းသစ်ထူး
(၂၆.၉.၂၀၂၂) ရက်နေ့ညနေချိန်။

Loading

Categories
စကားလက်ဆောင်

။ ကျေနပ်တယ် ။

။ အပေါင်းအဖော်
တစ်ခဏဖြစ်ရတာလည်း
ကျေနပ်တယ်။

။ မိတ်ဖြစ်ဆွေဖြစ်
တစ်ခဏဖြစ်ရတာလည်း
ကျေနပ်တယ်။

။ တစ်ခဏတာ
ဆုံဆည်းရတာလည်း
ကျေနပ်တယ်။

။ တစ်စက္ကန့်လေးသာ
ချစ်ကြရတာလည်း
ကျေနပ်တယ်။

။ တစ်သက်မှာ
တစ်ခဏလေးသာ
အားကိုးရတာလည်း
ကျေနပ်တယ်။

။ အခေါ်အပြော
မရှိကြတော့ပေမယ့်
ကျေနပ်တယ်။

။ မုန်းသွားလို့
မမြင်ချင်ကြတော့ပေမယ့်လည်း
ကျေနပ်တယ်။

။ စိတ်ဆိုးလို့
တသက်သက်လုံး
ပစ်ထားရက်ပေမယ့်လည်း
ကျေနပ်တယ်။

။ အကျည်းတန်
အကျဉ်းတန်
အမျိုးမျိုးလုပ်သွားခဲ့ပေမယ့်လည်း
ကျေနပ်တယ်။

။ နောက်ပိတ်ဆုံး
ဒီအသက်ပါ
ကွပ်မျက်သွားပေမယ့်လည်း
ကျေနပ်ပါတယ်လို့ပဲ ……။

ဘုန်းသစ်ထူး
(၂၂.၉.၂၀၂၂) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ မေမေအချစ် ဖေဖေအချစ် ။

။ ဆံရစ်ဝိုင်း
ဝိုင်းချစ်ဝိုင်း
ဝိုင်းစက်ဝိုင်းတဲ့
အရိုင်းပန်းလေးတစ်ပွင့်။

။ လမင်းတို့ရဲ့ကြယ်လေး
ကြယ်လေးတို့ရဲ့လမင်း
ကမ္ဘာမှာ
ကြယ်နဲ့လမင်း။

။ မေမေက ကြယ်စင်
ဖေဖေက လမင်း
သားသားက မြေပြင်ပန်းခင်း။

။ ဖေဖေအား
သားအတွက် အားအင်
မေမေအား
သားအတွက် ဂန္ထဝင်
သားရွှေစင်ဖြစ်ရမယ်တဲ့
ကြည်နူးခဲ့ မေမေ့ဘဝင်
​အေးမြတဲ့ ဖေဖေ့ဘဝင်။

။ မေတ္တာရေစင်
ချိုမြအေးကြည်
မိခင်ဖခင်
ကျေးဇူးဂုဏ်အင်ကို
ကြည်လင်အေးအေး
လမင်းလေးလို
ဖြူစင်ဖွေးဖွေး
ကြယ်စင်လေးလို
လေးမြတ်ပူဇေ
ဦးတင်လေ၏
ကြယ်တွေလတွေ သာပါစေ
လတွေကြယ်တွေ ဖြာပါစေ။

။ တမ်းတမ်းတတ
သတိရသည်
လမင်းကြယ်စင် မေမေသို့
ကြယ်စင်လမင်း ဖေဖေသို့
မေမေအချစ် မမေ့ဘူး
ဖေဖေအချစ် မမေ့ဘူး
နေ့စဉ်မပြတ် ဦးတော်ဖူး။

ဘုန်းထူးသစ်
(၁၄.၉.၂၀၂၂) ရက်နေ့ညနေခင်းချိန်။

Loading

Exit mobile version
ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်